စုံထောက်ကြီး ဖြစ်ချင်တယ်

ငယ်ငယ်တုန်းကတော့ လူကြီးတွေက သမီးကြီးလာရင် ဘာလုပ်မလဲ လို့ အဖေနဲ့ အမေတို့က အမြဲမေးခဲ့ဖူးတယ်။

အဲဒီအချိန်တုန်းက ကိုယ်ကလဲ ကလေးဆိုတော့ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ချင်တာတွေ ပြောလိုက်တာပဲ။ အဖြေတွေက တခါနဲ့ တခါလဲ မတူပြန်ဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ကူးထဲမှာတော့ ကိုယ်ဖြစ်ချင်တာတွေ အမျိုးမျိုး ဖြစ်ခဲ့တာပဲလေ။ အခုအချိန်မှာ ပြန်တွေးတော့ အဲဒါတွေနဲ့ တော်တော်အလှမ်းဝေးတဲ့ နေရာမှာ..။

ကိုယ် အမှတ်မိဆုံးက ငယ်ငယ်က စုံထောက်ဖြစ်ချင်ခဲ့တာပါ။ စုံထောက်တွေက ဥာဏ်ရှိတယ်၊ အကင်းပါးတယ်၊ အမှန်တရားကို ဖော်ထုတ်နိုင်တယ်၊ လူဆိုးတွေက ကြောက်ရတယ် ဆိုတဲ့အချက်တွေက ကိုယ့်ကို ဆွဲဆောင်ခဲ့တယ် ထင်ပါရဲ့။ ကိုယ်က ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန်တဲ့ ဦးစံရှားအမှုတွေကို စာစဖတ်တတ်တဲ့ အရွယ်ကတည်းက အထပ်ထပ် ဖတ်ခဲ့တာ အလွတ်ရတဲ့အထိပဲ။

အဲဒီတုန်းက ကိုယ့်ဖာသာကိုယ် ဦးစံရှားလို့ ထင်နေပြီး ကိုယ့်ကို ထိန်းတဲ့ အမ မခင်ဆင့်ကို ခေါ်တာများ ကိုသိန်းမောင် တဲ့။ ကိုယ်တို့နှစ်ယောက်ပျင်းရင် မခင်ဆင့်က စာအုပ်ကိုင်ပြီး ကိုယ့်ကို စာမေးတယ်။ “မီးရထား မီးအတိုင်း ဆို ဘာမှုလဲ” တဲ့။ အဲဒါဆို ကိုယ်က “ထူးဆန်းသော အိမ်ငှားမှု ပေါ့” လို့ ဖြေလိုက်တာ။ ဇာတ်လမ်းထဲမှာ ပါတဲ့ စာကြောင်းတွေကို ရွတ်ပြရုံနဲ့ ကိုယ်က တမှုလုံး မှတ်မိသွားပြီ။ ကျောင်းစာသာ အဲဒီလောက်မှတ်မိရင် တော်တော် ဟုတ်မှာ။

နောက်တော့ တီဗီမှာ စုံထောက်ဇာတ်လမ်းတွေ လာတော့ ပိုရောဂါသည်း သွားတယ်။ Charlie’s Angels ဇာတ်လမ်းတွဲတွေလာရင် ကိုယ်က တီဗီရှေ့မှာ အောက်မေးပြုတ်တယ်။ ကိုယ့်ကိုယ်ကိုလဲ ဦးစံရှားကနေ ဖာရာဖောဆက် ဖြစ်သွားတယ်။ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ပြုံးနေတော့ ဖာရာဖောဆက်မဟုတ်ပါဘူး၊ အဖာတရာ ဖောက်စက် ပါလို့ သူငယ်ချင်းက စတော့ ဒေါသထွက်လိုက်တာ။ စိတ်ကူးကို ပျက်ရော။

အဲဒီတုန်းက ၉တန်းထင်ပါရဲ့။ မနက်စောစောကြီး မခင်ဆင့်က ကိုယ့်ကို သထုံလမ်းမှာ လူသတ်မှု ဖြစ်လို့ တဲ့၊ သွားကြည့်ရအောင် ဆိုပြီးပြောတော့ ကိုယ်လဲ ဂျင်းဂျာကင်လေး ကောက်ဝတ်ပြီး သူနဲ့ ထွက်ခဲ့တယ်။ ဦးစံရှားတော့ ကိုသိန်းမောင်နဲ့ အမှုလိုက်ဖို့ ထွက်လာပြီပေါ့။

ဒါနဲ့ သွားနေကျလမ်းတောင် ကောင်းကောင်းမသွားဘူး။ ခြေရာတွေဘာတွေ ကောက်လို့။ ညက မိုးကလေး တဖွဲဖွဲကျထားတော့ ခြေရာတော့ မပျက်လောက်သေးဘူး ထင်ရတာပဲ ကိုသိန်းမောင်ရေ လို့ ပြောလိုက်သေး။ ကိုယ့်စိတ်ကူးထဲမှာတော့ အမှုလိုက်ဖို့ ထွက်လာခဲ့တာပါပဲ။ တခါမှလဲ လူသတ်မှုဆိုတာ အပြင်မှာ မကြုံဖူး မကြားဖူးတော့ ပထမဆုံး အတွေ့အကြုံလဲ ဖြစ်နေတယ်။

ကိုယ်တို့နေတဲ့နေရာနဲ့ သထုံလမ်းက နီးပါတယ်။ လမ်းထဲဝင်လိုက်တာနဲ့ လူအုပ်ကြီး ကို တန်းတွေ့ရတာပါ။ ဟိုက်..ကိုအုန်းဖေတို့တော့ နွားအုပ်မောင်းသွင်းထားတာမှ တော်လိမ့်အုံးမယ် ဖြစ်သွားတယ်။ သဲလွန်စတွေ ပျောက်ကုန်မှာကိုး။ လူတွေကလဲ တိုးတိုးကြိတ်ကြိတ်ပဲ ၀ိုင်းအုံနေကြတယ်။ ဦးစံရှားလာလို့လဲ ဖယ်ပေးရကောင်းမှန်းလဲ မသိ။

ဒါနဲ့ ဦးစံရှားလဲ လူအုပ်ကြားထဲက မနည်းတိုးပြီး ကြည့်လိုက်တာ လူငယ်တယောက် မှောက်ခုံကြီး လဲနေတာ တွေ့တာကိုး။ သူက မြောင်းထဲမှာ။ ဖိနပ်လဲ မပါ၊ အသက်လုပြီး ပြေးခဲ့ရပုံပါပဲ။ မြောင်းထဲ ခြေချော်ကျသွားတုန်း သူ့ကို လိုက်တဲ့လူတွေက မိသွားသလား မသိ။ ဓားနဲ့ အချက်ပေါင်းများစွာ ထိုးထားတယ် တဲ့။ တော်တော်ရန်ငြိုးကြီးပုံပါ။

ကိုယ်လဲ ကျောထဲက စိမ့်လာတာနဲ့ မျက်နှာလွှဲထားလိုက်ရတယ်။ သတ္တိကောင်းတယ် ခေါ်ရမှာပေါ့။ ဖြစ်တဲ့နေရာက သထုံလမ်းက တက္ကသိုလ်ရေကူးကန်နဲ့ ဘောလုံးကွင်းကြား ထဲမှာပါ။ မြောင်းဘေးမှာလဲ မြက်ပင်တွေ လဲပြိုနေတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ထားပုံပဲ။ ခြေချော်ကျသွားပုံရတဲ့ စွတ်ကြောင်းကြီး တခုလဲ တွေ့တယ်။ သူ ကျွတ်ကျန်ခဲ့ပုံရတဲ့ ဖိနပ်တဖက်လည်း ဘောလုံးကွင်း ဟိုဖက်ထိပ်မှာ တွေ့သတဲ့။

ဘာကြောင့် ဒီလိုများ အဖြစ်ဆိုးပါလိမ့်။ အသက်က ငယ်ငယ်၊ ၂၀လောက်တောင် ရှိပါအုံးမလား ထင်မိတယ်။ သူ့မိဘတွေတော့ ရင်ကွဲရှာမှာပဲ။ မူးယစ်ဆေး၊ လောင်းကစားတွေနဲ့များ ပတ်သက်နေမလား၊ အပေါင်းအသင်းမှားလေသလား။ ဒီအရွယ်လေးတွေ ရည်းစားလု ကြတာများလား။

သူ့အမေကတော့ ညက သားပြန်မလာလို့ မျှော်နေရှာမယ်။ ညက မိုးတွေကလဲ တစိမ့်စိမ့်နဲ့။ ကိုယ်တို့က မိဘအရိပ်အငွေ့အောက်မှာ စောင်လေးခြုံ၊ စာအုပ်လေးဖတ်နေတုန်း ကိုယ်တို့နဲ့ မတိမ်း မယိမ်း လူငယ်လေးတယောက်ကတော့ဖြင့် အသက်လုပြီး ပြေးနေရှာတယ်။ သူ့နောက်ကလိုက်တဲ့လူမှာလဲ ဘယ်လို ဒေါသ မောဟတွေနဲ့များ လူတယောက်လုံး သတ်ပစ်ချင်လောက်အောင် အဲဒီစိတ်တွေ ဖြစ်ပေါ်နေရတာပါလိမ့်။

ကိုယ်က လူအုပ်ရဲ့ရှေ့ဆုံးမှာ အဲဒီလို ဝေဖန် စပ်စု တွေးနေမိတုန်း ကိုယ့်ကို မှုခင်းလိုက်တဲ့ ရဲတွေက အတင်းနောက်ဆုတ်ခိုင်းတယ်။ ဖယ်၊ ဖယ် အလောင်းထုတ်မယ် တဲ့။ ဒီလူတွေ ဦးစံရှားမှန်း မသိသေးဘူးထင်တယ် လို့ နံဘေးက ကိုသိန်းမောင်ကို ရယ်ရယ်မောမော ပြောလိုက်မိပြီး မခင်ဆင့်နဲ့ နှစ်ယောက်သား လမ်းလျှောက်ပြီး ပြန်ခဲ့ကြတယ်။

အဲဒါ ပထမဆုံး ကြုံရတဲ့ ရာဇ၀တ်မှု အတွေ့အကြုံပါပဲ။ တရားခံကို ဖမ်းမိသွားသလားလဲ မမေးမြန်းမိတော့ဘူး။ ဒီလို အဖြစ်အပျက်တွေရဲ့ နောက်ကြောင်းတွေ၊ ဖြစ်ပေါ်စေတဲ့ စိတ်အခြေခံတွေကိုပဲ ပိုစဉ်းစားမိတယ်။ အဲဒီလို ငြိမ်ငြိမ်သက်သက် တွေးနေရတာကိုပဲ ကျေနပ်လိုက်တယ် ထင်ပါရဲ့လေ။

အခုထိလဲ တီဗီမှာလာတဲ့ စုံထောက်ကားတွေ ကြည့်တုန်းပါပဲ။ CSI Miami ဆိုရင် အမြဲကြည့်ဖြစ်တာပေါ့။ ကြည့်တုန်းမှာတော့ ဥပဒေနဲ့ မညီတဲ့ ရာဇ၀တ်မှုတွေ ပြေးမလွတ်တာကို ၀မ်းသာပြီး စိတ်အာသာပြေ ကြည့်နေမိသလား မပြောတတ်ဘူး။ အပြင်မှာ လွတ်မြောက်နေတဲ့ လူဆိုးတွေကို အားမလို အားမရ ဖြစ်နေတာကိုး။

အင်း..အဲဒီလူဆိုးတွေကိုတော့ ဘယ်သူများ ဖမ်းပါ့မယ်လို့လဲ တွေးမိသေးတယ်။

မိုးချိုသင်း

31 comments:

မီယာ said...

စုံထောက်ဘ၀ကစိတ်လှုပ်ရှားရတာများတယ်၊ စာပဲရေးပါအမရယ်။

M.Y. said...

အဖာတရာဖောက်စက် ရှံစား ရဲ့  အံ့မခန်း CSI အစွမ်း တွေလာရောက် လေ့လာသွားပါတယ်။

လွတ်မြောက်နေတဲ့လူဆိုးများကိုဖမ်းဖို့ ဥပဒေ အစစ်အမှန် အရင်ရှာရပေဦးမည်။

ဗေဒါရီ said...

ဖာရာစံရှား မမမိုးချိုသင်း ရေ ... :)
လွတ်မြောက်နေတဲ့ လူဆိုးတွေအတွက် စိတ်မပူပါနဲ့ ... ။
ရာဇ၀တ်ဘေး ပြေးမလွတ်ပါဘူး။ လောလောဆယ် လွတ်မြောက်နေတယ်လို့ ထင်ရပေမဲ့ သံသရာမှာ အဖန်ဖန်အခါခါ ခံရဦးမှာပါ။ အဲဒီဝဋ်ကတော့ လွတ်ကို လွတ်မှာ မဟုတ်ဘူး စိတ်ချ။

Anonymous said...

မမိုးချိုက ဦးစံရှားဆိုတာအခုမှ သိလို့ရီလိုက်ရတာ...
အဲဒီရွှေဥဒေါင်း ရဲ့ စုံထောက်ဦးစံရှားက အရမ်းကြိုက်ခဲ့တဲ့
စာအုပ်တအုပ်ပါ....
လွတ်နေပြီး တိုင်းပြည်အုပ်ချုပ်နေတဲ့ လူဆိုးတွေကိုတော့ ဖမ်းမဲ့ ဦးစံရှားတော့ တွေ့သေးဘူးရယ်....

နိုင်ငံရေးငြင်းခုန်မှုများ ၊ အနုပညာမှော်များနှင့် စိတ်ကူးဝတ်မှုန် said...

ဒီတောင်ကိုမကျော်နိုင်တဲ့သူကစုံထောက်လုပ်မယ်ဆို
ိုတော့... အင်း...ရာဇဝတ်မှုလုပ်တော့မယ်ဆိုရင်..
တောင်ပေါ်မှာသွားလုပ်တာကောင်းမယ်ထင်တယ်။
Cold Mountain မှာ“နီကိုကစ်မင်း”ကိုတွေ့ကောင်းရဲ့

အောင်မိုးဝင်း

ThuHninSee said...

cold caseကိုရော သဘောမကျဘူးလားဟင်။
ဟိုးအရင်က အမှုတွေပါ တူးဖော်လေ။ စုံထောက်ကြီးအားမှာတောင် မဟုတ်ဘူးနော်။

Anonymous said...

စုံထောက်ကြီး အမချိုသင်း ...း)

ညီမလည်း ဆားပုလင်းနှင်းမောင် ဇာတ်လမ်းမျိုးဆို သိပ်ကြိုက် ။ စပိုင်ရော မလုပ်ချင်ဖူးလားဟင် အဟိ ။ CSI, Alias အကုန်ကြိုက် ။ စူပါပါဝါလည်း လိုချင်သေး .. ဒါကြောင့် Heroes ဆိုလည်း ကြိုက်း)

ညီမတို့ ဘလောဂါ့တွေ စုရေးဖူးတဲ့ စပိုင်ဘလောဂါ့ဝတ္တု ဖတ်ကြည့်ပါဦးး)
http://gyittu.blogspot.com/2007/05/blog-post_2264.html

:P said...

ဆရာမ..
ရှေ့ပိုင်းကပြုံးစရာနဲ့ နောက်ပိုင်းကတွေးစရာလေးတွေ..
အပေါ်ကလူတွေရဲ့ ကောမန့်ကိုဖတ်မိတော့
"မြို့ မြစ်တာခံယူတဲ့ သားပါဗျ.."ဆိုတဲ့ ဇာတ်သီချင်းလေးကို
သတိရတယ်..လွတ်မြောက်နေတဲ့လူဆိုးတွေကတော့
ပြည်သူ့မြစ်တာ ခံယူနေကြတုံးပဲ...

ဇနိ said...

စုံထောက်ကြီးအမချိုသင်း သထုံလမ်းကအမှုအဖြေလေး ပေးပါအုံးဗျ။ ဘယ်လိုများ အမှုကွင်းဆက်ကို ဖော်ထုတ်လိုက်သလဲဗျာ။ ငြိမ်ငြိမ်သက်သက်လေးတွေးပြန်လာတာနဲ့ အဖြေရလာတာ အံ့မခန်းဖြစ်ရပါတယ်။

ပုံရိပ် / Pon Yate said...

မချိုသင်းက တကယ့် ဦးစံရှား ပရိတ်သတ်ပဲ။ ပုံရိပ်လဲ အရမ်းစွဲခဲ့တာပဲ။ ဒါပေမယ့် အစ်မလိုတော့ အလွတ်မရဘူး ဟဲ။ မဂျစ်တို့ ရေးတဲ့ စပိုင် ၀တ္ထု အရမ်းကောင်းတယ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက် အစ်မ။ (၀င်ကြော်ငြာ ပေးသည်။)

လင်း said...

ဝါသနာတူတွေတွေ့ ပြီ။ လင်းကတော့ အရင်တုန်းက လုပ်စရာမရှိ တနေ့ တနေ့ ရည်းစားကို တချိန်လုံး ရှဲဒိုးလိုက်နေတာ။ ကိုယ့်ကွယ်ရာမှာ ဘာများလုပ်မလဲလို့ လေ။ ဟိဟိ

P.Ti said...

စုံထောက်ကြီး မိုးရှံစား ခင်ဗျား လွတ်မြောက်နေတဲ့ လူဆိုးတွေကို တရားဥပဒေနဲ့ အရေးယူလို့မရရင် ဂျိမ်းဘွန်းကို မတရားဝင်တိုက်ပစ်လိုက်ရင် ရမယ်ထင်ပါတယ်.. :D

Maung Aye Win said...

ဘယ့်နှယ် ဦးစံရှား ဖြစ်ရမှာလဲ။ ဦးရှံစားနဲ့ ဦးဒိန်းဒေါင်ပါ။ ဥိးသိမ်းမောင်လဲ မဟုတ်ပါဘူး။
ဒီကလေးတွေနှယ်၊ တယ်လဲ စိတ်ကူးယဉ်တာကိုး။
ဖြူဖြူကပြောတယ် စိတ်ကူးယဉ်သွားလို့ပါ....တဲ့။
မော်ဒန်ကာတွန်းတွေ များများဖတ်ဖတ်။

tututha said...

အမရေ တူးကတော့ငယ်ငယ်က ဦးစံရှားနဲ့ ရှားလော့ဟုမ်းတွေဖတ်ပြီးရင် စုံထောက်ဝတ္ထုရေးချင်တာ။ ဒါပေမယ့် တခါမှ မအောင်မြင်ဘူး :P နောက်ပြီး ချာလီအိန်ဂျယ်ထဲမှာ တူးက ကိတ်ဂျက်ဆင် . .. ဟဲဟဲ။ အိုင်ဆေးကိုသိန်းမောင်ရေ ဆိုတဲ့ အပြောလေးကို အလွန်သဘောကျပေါ့။ တူးအဖေ လူပျိုတုန်းကခဲတဲ့ ဆေးတံဟောင်းကြီးကိုက်ပြီး မှန်ဘီလူးအဝိုင်းလေးကိုင်၊ လယ်ပင်းမှာ မာဖလာလေးပတ်လို့ ဦးရှံစား (ဦးစံရှားဟုတ်ဘူးနော်) လုပ်တမ်း ကစားခဲ့တာ သတိရတယ်။ အမရေ … မှားတဲ့အခါလည်း များပေမပေါ့။

Anonymous said...

ဝါသနာ လာတူနေပြန်ပြီ။

တန်ခူး said...

ချိုစံရှားတို့ ကတော့ လုပ်ပြီ… တကယ့်ပါးပါးလေးပဲ… တော်ပ့ါ…

Nu Thwe said...

မချိုသင်းရေ.....ကျွန်မလည်း ခရီးထွက်နေဆဲမို့ မဖတ်ဖြစ်ခဲ့တာတွေ ခုမှ အမြန် အပြေးအလွှား လာကြည့်သွားပါတယ်။ စာတွေက ကောင်းတော့ ခရီးဆုံး အိမ်ပြန်ရောက်မှ သေသေချာချာ ပြန်ဖတ်ပြီး အတွေးချဲ့ရဦးမယ်။ အရင်တပတ်က မချိုသင်းတို့မြို့ကြီးဖက် ရောက်သေးတယ်။ ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ မတွေ့ခဲ့ရဘူး။ နောက်တစ်ခါပေါ့။ ယူကေဖက် ရောက်မယ်ဆိုရင် ပြောပါနော။
ခင်မင်လျက်- နုသွဲ့

khin oo may said...

တို့ကတော့အင်ဂျင်နီယာဖြစ်ချင်ခဲ့တယ်။

thwe thwe said...

မမရေ ပျင်းလို့ ကိုမာယာကို စကားနိုင်လုလိုက်အုံးမယ်။
ဦးစံရှား နဲ့ ဦးသိမ်းမောင်က မူလ၀တ္ထုဇာတ်လိုက်နာမည်
ဦးရှံစား နဲ့ ဦးဒိန်းဒေါင်က အထက်က ၀တ္ထုဇာတ်လိုက် တွေကို ပြောင်တဲ့ ကာတွန်းဇာတ်လိုက်နာမည် လို့ သိထားပါတယ်။
ဒါကြောင့်လည်း အဲဒီနာမည်လေးလုံးဟာ အမြဲမှားနေတတ်ပါတယ် များသောအားဖြင့် ဦးရှံစား ကာတွန်းကို ဖတ်နေပေမဲ့ ဘာဖတ်နေလဲလို့ သူများမေးရင် ဦးစံရှားလို့ ဖြေမိတတ်ပါတယ်။ အမှတ်တမဲ့ အလွဲများပါ ဆရာမာယာ။ :))

သစ်နက်ဆူး said...

ဒါနဲ့ .....
မေးပါရစေဦး...စုံထောက်ကြီးရဲ့ ...
ကျုပ်တို့ ကလဲ လူရိုးကြီးတွေဆိုတော့..
မသိလို့ မေးတာပါ...
သထုံလမ်း လူသတ်မှုကို သွားကြည့်ပြီးတဲ့နောက်....
ည ဘက်ရောက်တော့... အိပ်ပျော်ရဲ့ လား...။
ဆေးတွေ ဘာတွေသောက်ပြီး ဘေးမှာ အဖေါ် ခေါ်အိပ်ရသေးလား သိချင်တာပါ...။
ဟီ...။

စူး said...

စုံထောက်ကြီး ချိုစံရှား

မြတ်နိုး ဆီမှာ အမှူ တခုရှိပါတယ်။ အဟီး
ဒါပေမဲ့ ..သိနေတယ်..

မှားတဲ့အခါလဲ မှားပေမပေါ့..တဲ့

အမ အောက်ဆုံးက အမှူ ကိုဖြေရှင်းပေးပါ။ အလုပ်အပ်လိုက်ပီနော်..။

ကလိုစေးထူး said...

အခုတလောကလဲ သတင်းတွေ ဖတ်လိုက်ရင် ဘယ်နားမှာတော့ လူသတ်သွားပြန်ပြီ၊ ပစ္စည်းတွေတော့ ဘယ်လို လုသွားပြန်ပြီနဲ့၊ ဒါတွေပဲ ဖတ်နေရတာ များတော့ အမတယောက် စုံထောက်ဖြစ်ချင်လာတယ်နဲ့ တူတယ်။ :)

MGLUAYE said...

စုံထောက်ကြီး အကြောင်း ဖတ်သွားပါတယ်။ ဒါနဲ့ အစ်မ..
အစ်မရဲ့ ညီမ ဒေါက်တာ တစ်ယောက် ရှိပါတယ်... ဖန်မီးအိမ် ဆေးခန်းဖွင့်တဲ့ အစ်မလေ... ခု သူရော ရန်ကုန်မှာပဲလား...

Moe Cho Thinn said...

ကို မောင်လူအေး သို့
ဖန်မီးအိမ် ဆေးခန်းဖွင့်တဲ့ အမ က မနှင်းပါ။ မိုးမိုးနှင်း ပါ။ သူက ကျမအထက်က အမအငယ်ပါ။ သူက အခု Belgium မှာ နေနေပါတယ်။ မနှင်း သူငယ်ချင်းလား။

Unknown said...

ဟိုက်.... စုံထောက်ဆိုပါလား
မှန်း ကိုဝဏ္ဏကြီးကို ဘယ်လိုစစ်တုန်း
ဗိုက်ကြောလိမ်ပြီးစစ်တာလား... အသာချော့မေးပြီးစစ်တာလား......
ဒါမှမဟုတ်... ပွဲကြမ်းပြီး စစ်တာလား..
ဟီ..ဟိ ပြောမရဘူး...ဘူမိဆင်းဆိုတော့ ကြောက်ရတယ်။

ယောနသံစင်ရော် said...

မင်္ဂလာပါ မမိုးချို…။

မမိုးချို..စာကိုဖတ်ပြီး ညီမတို့မောင်နှမတွေငယ်ငယ်တုန်းက
တီဗီကလာတဲ့ ကိုလံဘိုစုံထောက်ဇာတ်လမ်းတွဲထဲက
ကိုလံဘိုကြီးလုပ်တမ်းကစားတာကို ပြန်သတိရမိတယ်။
ဘကြီးရဲ့ ..ကုတ်အကျီကိုဝတ်..
ဘိုးဘိုးကြီးရဲ့..မာဖလာ နဲ့ ဆေးလိပ်တို..
ဖေဖေရဲ့ ဦးထုပ်ကိုဟန်ပါပါဆောင်း…
ခက်တာကလူတိုင်းက ကိုလံဘိုဇာတ်လိုက်ပဲလုပ်ချင်တယ်
လူဆိုးကျတော့ မလုပ်ချင်ကျလို့
ဗြောင်တောင်တောင် ဗေဗေဂျိလုပ်ပြီး
လူဆိုးကို အလှည့်ကျနဲ့ရွေးရတယ်….။

lovelessguiter said...

စုံထောက်ကြီးအကြောင်းဖတ်သွားတယ်ဗျ.။

ဆောင်း said...

ဖာတရာဖောက်စက်ရယ် ကြက်ကလေးစမစ်ရယ်ကို သဘောကျတယ် စုံထောက်ကြီးမိုးစံရှားကို အမှု့အပ်မယ် နော် ယူကေမှာ ဖီးကြမ်းငှက်ပျောသီး ပျောက်ကွယ် နေတာ ကို စစ်ပေး။

(ဖီးကြမ်းစားချင်လို့ အဟိ၊ ဒီမှာ ဆင်စွယ် ဘဲရတယ် အဲလေ.. ရခိုင်ငှက်ပျောသီးဘဲ ရတယ်)

thwe thwe said...

မမရေ

OBAMA ကတော့ စိတ်ပုပ်တဲ့ အမေရိကန်ပြည်မှာ လူဖြူ လူမဲ မခွဲပဲ ပြည်သူတွေ ရွေးတဲ့အတိုင်း အနိုင်ပေးလို့  အာဏာရသွားတာလေ။
သမီးတို့ ရဲ့ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ အာဏာရ ပုဂ္ဂိုလ်ကြီးတွေကတော့-------

သခင်မျိုးဟေ့ တို့ စရာ
အရေးတော်ပုံ ငံပြာရည် ကို စိန်စီသော ပန်းကန်မှာ ထဲ့ပြီး ညနေစာ စားနေတယ်။

ATN said...

စုံထောက်ကြီးရေ့ အလုပ်ရှုပ်နေတာနဲ့ အိမ်မလည်ဖြစ်လို့ ခုမှ ရောက်တယ်။
columbo ဇာတ်လမ်းတွဲတွေရော မကြိုက်ဘူးလား..

ချစ်ကြည်အေး said...

ချိုသင်းရေ....ပို့စ်အဟောင်းလေးတွေ လာဖတ်ရင်းနဲ့ ဒီပို့စ်ရောက်တော့ မမန့်ရင် မနေနိုင်တာကလွဲလို့...ဖြစ်သွားတယ်...။ အမရဲ့ ယမမင်း ပို့စ်ထဲက ပေးမယ် ဆိုပြီး မပေးတဲ့ ရူးချင်ယောင်ဆောင်သူတွေရယ် ၊ သူခိုးဖမ်းခြင်း ပို့စ်ထဲက လွတ် လွတ် နေတဲ့ မျက်ပြူးလို သူခိုးအကြီးစား ကြီးတွေရယ်...၊ ချိုသင်းရဲ့ ဒီ ပို့စ်ထဲက လူဆိုးကြီးတွေရယ်...၊ တူများနေလား သိဘူး နော်....။