Holloween

ဒီနေ့ အောက်တိုဘာလ ၃၁ရက် ဆိုတော့ Halloween နေ့ပေါ့။

သူတို့ပြည် သူတို့ရွာမှာ နေရတဲ့အခိုက် ကြုံလာရတဲ့ ရိုးရာဓလေ့ပွဲတော်လေးတွေမှာ ကိုယ်ကတော့ Halloween အချိန်ကို သဘောအကျဆုံးပဲ။ တအိမ်တက်ဆင်း trick or treat လုပ်ကြ၊ သကြားလုံးလေးတွေ၊ မုန့်လေးတွေ ဝေကြ ၊ပေးကြတာကို ပျော်မိတယ်။ ဒါက ကလေးတွေ ပျော်တဲ့ ပွဲလို ဖြစ်နေတာကိုး။

ကိုယ်တို့လဲ ရောက်စ က နားမလည်ဘူး။ မနက် ရုံးသွားရင်း ဖရီးဝေးပေါ်မှာ ကိုယ့်ရှေ့က ကားက ကားနောက်ဖုံးထဲမှာ သွေးစွန်းနေတဲ့ ခြေတဖက် ထွက်နေတာတွေ့တော့ လန့်လိုက်တာ။ 911 တောင် ဖုန်းခေါ်လိုက်ရမလား စဉ်းစားလိုက်သေး။ တုံးပုံများ ပြောပါတယ်။ နောက်မှ လူခြေထောက်နဲ့ တူအောင်တု ထားတဲ့ အရုပ်ခြေထောက်မှန်း သိတယ်။ အဲဒီတော့မှ သူတို့ပွဲတော်ကြီးက ဘယ့်နှယ့်ဟာကြီးပါလိမ့် ပေါ့။

ညကျတော့ ကလေးတွေ သရဲလို ၀တ်ပြီး လမ်းတလျှောက် ဟိုပြေး ဒီပြေး လုပ်နေလိုက်ကြတာ။ ခြံဝင်းတွေထဲမှာလဲ လူရိုးခြောက်တွေ သစ်ပင်ပေါ်မှာ ကြိုးတန်းလန်းနဲ့ ဖြစ်လိုဖြစ်၊ အိမ်ရှေ့က မြက်ခင်းမှာ အုတ်ဂူတွေ ထားလိုထား၊ ပင်လယ်ဓမြတွေပုံစံ လုပ်လိုလုပ်ပေါ့။ ကိုယ်တို့ မြန်မာအယူအဆဆို နိမိတ်နမာ မရှိ နော်။ မိန်းကလေးတွေကျတော့ စင်ဒရဲလားတို့၊ စနိုးဝှိုက်တို့ပုံစံလေးတွေလဲ ၀တ်ကြလို့ တော်သေးတယ်။

နောက်တနှစ်လောက်နေတော့ ကိုယ်တို့လဲ နည်းနည်းသဘောပေါက်ပြီး trick or treat လာလုပ်ရင် ကျွေးဖို့ သကြားလုံးလေးတွေ ၀ယ်ပြီးစောင့်ကြတာပေါ့။ သရဲလေးတွေ တံခါးလာခေါက်တိုင်း သကြားလုံးတွေ လက်တဆုပ်ကြီး ပေးရတာ ပျော်လိုက်တာ။ တချို့ သရဲလေးတွေများ treat လုပ်ပါ့မယ် ပြောတာတောင် တဟီးဟီးနဲ့ ခြောက်နေသေးတာ။ ကြောက်ပါတယ် ဆိုမှနော်။

တခါကတော့ ကိုယ်တို့နှစ်ယောက် တိုင်ပင်ပြီး ပိုက်ဆံပေးလိုက်ရင် ကောင်းမယ်ဆိုပြီး သရဲလေး နှစ်ကောင်ကို ပိုက်ဆံ ၁ကျပ်စီ ပေးလိုက်တာ အဲဒီသရဲလေးတွေက သူ့ဘော်ဒါတွေ ကို ပိုက်ဆံပေးနေတယ်ဟေ့ လို့ ချက်ချင်း ဆစ်ကနယ်လ် ရိုက်လိုက်တယ် ထင်ပါရဲ့။ သရဲ အကောင်အစိတ်လောက် ပြေးလာလို့ ဟိုက် ဗုဒ္ဓေါ ဖြစ်ရသေး။

ဒါနဲ့ ရှိသမျှ သကြားလုံးတွေ ထုတ်ပေး၊ နောက်ထပ် ထပ်ရောက်လာ၊ သကြားလုံး ကုန်တော့ ကိုယ်စားနေတဲ့ မရွေးထုပ်တွေ ပေး၊ နောက်ထပ် ထပ်ရောက်လာ၊ နောက်တော့ အိမ်နားက ဆိုင်မှာ သကြားလုံး အမြန်ပြေးဝယ်ပါဟေ့ ဆိုပြီး သွားဝယ်တုန်း ထပ်ရောက်လာတဲ့ သရဲလေးတွေကို အိမ်မှာရှိတဲ့ ခေါက်ဆွဲထုပ်တွေပါ ဝေရတော့တာ။ သရဲလေးတွေလဲ ဘယ့်နှယ် treat ကြီးပါလိမ့်လို့ အံ့သြပြီး ပါးစပ်အဟောင်းသားနဲ့။ ခြောက်တောင် မခြောက်နိုင်တော့ဘူး။

အဲဒီနှစ်တွေတုန်းက အဖေကလဲ ကိုယ်သကြားလုံးဝေရင် တပြုံးပြုံးနဲ့ ဘေးမှာ ရှိတာ၊ နောက်တော့ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး။ အဖေလဲ trick or treat သွားလုပ်ရင် ကောင်းမယ် ထင်တယ် တဲ့။ ကိုယ်က လက်တဆုပ်ကြီး ပေးနေတာဆိုတော့ ကလေးတွေကို ဘယ်လောက်ပေးပေး မလောက်နိုင်တာမို့ ဘဲစား ဘဲခြေ ဖြစ်အောင် အဖေက သွားတောင်းလာပြီး ကိုယ့်ကို ပြန်ပေး၊ ကိုယ်က ပြန်ဝေ အဲဒီ့ သဘောမျိုး ထင်ပါရဲ့။ ကိုယ်လဲ မနည်း တားလိုက်ရတယ်။

ဒီလိုသွားရင် ကလေးတွေနောက် အဖေ၊ အမေတွေ၊ ဦးလေးတွေကလဲ လိုက်ကြရတာ။ မုန့်ယူရင် ကျေးဇူးတင်ပါတယ် ပြောလေ ဆိုပြီး ဘေးကနေ သင်ကြတာ။ ကလေးတွေကို လိုက်စောင့်ရှောက်ကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တချို့ မြို့နယ်မှာ ခပ်ရူးရူး လူတွေက သကြားလုံးတွေကို အဆိပ်သုတ်လိုသုတ်၊ မုန့်ထဲ ကွတ်ကီးထဲ ဖန်ကွဲစတွေတောင် ထည့်သတဲ့။ တချို့ကတော့ ကလေးတွေကို မုန့်ကျွေးမယ်ဆိုပြီး အခန်းထဲခေါ်သွားတတ်သေးတယ်။

အဲဒီလိုမျိုး ကြားတော့ အံ့သြလိုက်တာ။ အပြစ်ကင်းကင်း ပျော်နေတဲ့ ကလေးလေးတွေကို ဘာလို့များ ထိခိုက်စေရတာလဲ မသိ။ ကိုယ်မပါဝင် မပျော်ရွှင်ချင်ရင် မီးမှိတ် တံခါးပိတ် နေလိုက်လဲ ရရဲ့သားနဲ့။

ဒါပေမဲ့ ကိုယ်တို့လမ်းမှာတော့ ညနေ ၅နာရီလောက်ကတည်းက မျက်နှာမှာ အမျိုးမျိုး ခြယ်သကြပြီး ကလေးတွေ လူကြီးတွေ အုပ်စုလိုက် ထွက်ကြတာ ည၉နာရီလောက်မှ လူစုကွဲတယ်။ အဲဒီအချိန်ကျရင်တော့ ကလေးသရဲလေးတွေလဲ အမေတွေရဲ့ ပုခုံးမှာ ငိုက်ပြီး အိမ်ပြန်ကြတယ်။ တညနေလုံး တအိမ်တက်ဆင်း တံခါးတွေခေါက်၊ သကြားလုံးတောင်းရတာ မောပြီး အိပ်ပြီလေ။


ဒီနှစ်တော့ ကိုယ်တို့မှာ လူ သားသမီးက မရှိပေမဲ့ ကြောင် သားသမီးတွေက ရှိသေးတာမို့ သူများတွေကို အားကျပြီး ကိုယ်လဲ ကြောင်ကလေးပိုက်လို့ trick or treat လိုက်လုပ်ရကောင်းမလား စဉ်းစားသေးတယ်။ ကိုယ့်အမျိုးသားကတော့ ပြောပါတယ်။ ဒီသားအမိ သွားရင်တော့ ၀တ်စုံဝယ်စရာ မလိုဘူးတဲ့၊ Original Halloween costume နဲ့ ဆိုပဲ။

ကြောင်ကလေး ပိညှက်က တကိုယ်လုံး နက်ကြုပ်ကလေး ဖြစ်နေတဲ့အပြင် အသက်ရှူကြပ်တဲ့ ရောဂါလေးနဲ့ဆိုတော့ ဂီး ဂီး လို့ နေရင်းထိုင်ရင်း မြည်နေတာမို့ သရဲခြောက်သလိုတောင် ဖြစ်နေအုံးမှာ။ သူ့အမေကလည်း……..။

အင်း..၊ သကြားလုံးတော့ တော်တော်ရအုံးမှာပါ။

မိုးချိုသင်း

(ဓာတ်ပုံထဲက ကလေးလေးက မိတ်ဆွေ ကိုမိုးကျော်နဲ့ မအိရဲ့ သမီးလေးပါ။ နယ်လီ တဲ့)

28 comments:

MANORHARY said...

တို့သကြားလုံး(ဆီးချိုသမားတွေစားလို့ရတဲ့သကြားလုံး)နဲ့
စောင့်နေမယ်သိလား..း)

Life is for Success said...

ma moe,
do not take too much sweets, later ur sugar rate will be high. please control your diet. within your family u r the only one left to enjoying about writing.

with rgrds

ဇနိ said...

အမချိုသင်းနဲ့ ကိုကြီးကျော်တို့အိမ်ကို နိနိသရဲလေး လာခြောက်တယ်။ သကြားလုံးပေးပါဗျို့။ ခေါက်ဆွဲခြောက်ထုပ်ဆိုလည်း ရပါတယ်ဗျို့။ ၁ ကျပ်ပေးလည်း စိတ်မဆိုးဘူးနော်။ သရဲလေးတွေပေးမည့် သကြားလုံးတွေ အမစားမနေနဲ့အုံးနော်။
နိနိ

Anonymous said...

မမိုးချိုရေ ရှင်မင်းလဲညနေက သကြားလုံးတွေသွားဝယ်ပြီး
ကလေးတွေကိုစောင့်နေတာ.... တစ်ယောက်မှမလာဘူ :-(
အခုပြောင်းနေတဲ့ apartment ကပေါ်ထပ်မှာဖြစ်နေလို့နဲ့တူပါရဲ့..... မနက်ဖန်မှ ဝယ်ထားတဲ့ သကြားလုံးတွေ ဆိုင်မှာသွားပြန်ပေးရမယ်.. ဟီး

စူး said...

ပိုတဲ့ သကြားလုံးတွေ ဒီကိုလှမ်းပို့ပါ..
ကုန်သွားလဲ ပိုက်ပိုက်ပေးရင် စိတ်မဆိုးတတ်ပါ

ဒီရောက်မှ အားလုံးက ချိုနေတာနဲ့ သကြားလုံးဝယ်ဖို့ မေ့မေ့နေလို့

ဗေဒါရီ said...

ဒေါက်ဒေါက် .. ))))
သကြားလုံးပေးပါအုံး အမရေ ...

tututha said...

အမရေ ... ဓာတ်ပုံထဲက ကလေးလေးအိပ်နေတာ ချစ်စရာလေးနော်

JulyDream said...

သကြားလုံးတွေ အများကြီး စားပြီး အဖွားကြီး မဖြစ်ခင် သွားကျိုးနေမှ တကယ့်ကို သရဲနဲ့ ပိုတူသွားမယ်။ ဟဟ... :P

kay said...

ကိုကျော်ဝဏ္ဏပြောတဲ့
Original Halloween costume ဆိုတာ..သဘောအကျ ဆုံးပဲ။ ဟိ-

Anonymous said...

ဟင့်အင်း ချစ်စရာကောင်းနေကြမှာလို့ ယုံကြည်လျှက်

nu-san said...

မရေ.. ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေး.. အိပ်နေတာများ..အသည်းယားတယ်..
အမတို့ဆီမှာတော့ Holloween ဆိုပျော်စရာကြီးနော်.. ဒီမှာတော့ သိပ်ပြီး ခေတ်မစားဘူးရယ်.. trick or treat လည်း မလုပ်ကြဘူး.. ကိုယ်မသိတာလည်း ဖြစ်မယ်ထင်တယ်..

လင်း said...

trick or treat?? ၀ူးထွားထွား

P.Ti said...

ချိုချဉ်ပေးပါဗျို့... treat ပဲလုပ်...

ATN said...

Holloween မှာ ခေါက်ဆွဲခြောက် treat က
ဒါ ပထမဆုံးပဲဖြစ်မယ်း)

ThuHninSee said...

မနှစ်က..သူများအိမ်အလည်သွားနေလို့ အိမ်ကို ကလေးတွေလာတာ မကြုံလိုက်ဘူး။
ဒီနှစ်တော့ သကြားလုံးပေးမယ်ဆိုပြီး ကိုယ်လဲတံခါးအဖွင့်... သူတို့တောင် ပြန်လန့်သွားတဲ့ပုံပဲ။ ဟိဟိ။

သစ်နက်ဆူး said...

Halloween night ကို အကြောင်းပြပြီး...
သားက တော့ကျနော့်ကို အချဉ်ဖမ်းသွားတယ်..မမိုး..။
halloween ညမှာဝတ်ဘို့ ဆိုပြီး စတားဝါးထဲက ၀တ်စုံပူဆာလို့ ဝယ်ပေးရတယ်..။
မနေ့ ညက ၀တ်စုံပြည့်ဝတ်ပြီး ညနေ ၅နာရိ အိမ်က ထွက်သွားတယ်...အိမ်ရှေ့ က ဂျပန်မအိမ်တစ်အိမ်ဘဲသွားပြီး ပြန်ဝင်လာတာ...
ဘာလို့ ဆက်မသွားတာလဲမေးတော့...
သားက ၀တ်စုံဘဲ လိုချင်တာ...တဲ့ ဗျာ...။
ကျနော် တစ်ကွက်ထိသွားတာ...။
သူ လည်တယ်...။

Unknown said...

Santamonica Blvd., ကိုလာတာမဟုတ်ဘူး။ အရမ်းမိုက်တယ်။ ပျော်စရာလည်းကောင်းတယ်။
ကျွန်တော်တောင် မနက်မှပြန်ရောက်တယ်...ဟားးးဟားးး
စိတ်ပြေလက်ပျောက် သွားလိုက်တာ လူပါပျောက်တော့မယ်...ဟီ...ဟိ.....

pandora said...

ညကတော့ ဆယ်ကျော်သက်ကလေးတွေ တဖွဲ့လာကြတယ်.. အိမ်တံခါးလာခေါက်တာပေါ့
သကြားလုံးတွေပေးလိုက်ပါတယ်. သူတို့ကိုကြည့်ရတာ ပျော်စရာပဲ

Anonymous said...

ကလေးလေး တစ်ယောက် သရဲ လာခြောက်တာ ပိုးဥက သဘောကျလို့  ရီနေတာ။ သူက ပြောသွားတယ် ကြောက်လည်း မကြောက်ဘူး တဲ့ :D
အပြစ်ကင်းတဲ့ ကလေးလေး တွေက သိပ်ချစ်ဖို့  ကောင်းတာပဲ။

မီယာ said...

ပိုတဲ့သကြားလုံးတွေအမအကုန်မစားလိုက်နဲ့ဦးနော်

:P said...

ဒီပို့စ်က ဖတ်ပြီးတာကြာပြီ..Sunday မို့ အသစ်များတွေ့မလားလို့ လာချောင်းတာ ဆရာမ

ဟန်လင်းထွန်း said...

ဟဟ အမ သကြားလုံးရရင်ကျနော့်ကို ပါ ပေးနော်

ကလူသစ် said...

ဘာအတွက်လုပ်တဲ့အထိမ်းအမှတ်မှန်းကို မသိဘူးဗျ။ သမိုင်းကြောင်းလေးသိရင် လုပ်ပါအုန်း

Anonymous said...

အဟိ .. ကြောင်ပိုက်ပြီး အမက Halloween ထွက်မယ်ရေးထားတာ ဖတ်ပီး မျက်စိထဲ တမ်းမြင်မိတယ် ။ ရယ်လိုက်ရတား)

ဒါနဲ့ အမ သူငယ်ချင်းရဲ့ သမီးလေးက ချစ်စရာလေး ။

Anonymous said...

http://nyeinlay.blogspot.com/

လူသစ် အတွက်
အဲဒီမှာ အကျဉ်းချူပ်တော့ ရှင်းပြထားတယ်။ သွားဖတ်ကြည့်ပေါ့း)

khin oo may said...

တခွီးခွီး မြည်နေတဲ့ ကြောင်ကလေး မဲကျူတ်ကလေးကို ပိုက်ထားတဲ့ ကြောင် အမေ မအီမလည် ဖြစ်နေတာကို မြင်ယောင် ကြည့်မိတယ်။ :P

khin oo may said...

နယ်လီလေးက ချစ်စရာ ကောင်းလိုက်တာကွယ်။

khin oo may said...

ဂျစ်တူးနဲ့ တို့ အတွေးချင်းတူနေပါလား။