ကျောင်းသူ ကျောင်းသားဘဝ ပျော်စရာကောင်းတာတွေ ရေးမိတော့ တခြားသတိရမိလာတာ လေးတွေ ရေးချင်လာလို့ ဆက်ရေးပါရစေအုံး။
ကိုယ်က ဆယ်တန်းစာမေးပွဲ ဖြေပြီး ကျောင်းကြီးပိတ်တော့ အားအားရှိ အိမ်ရဲ့ ချောင်တချောင်ချောင်မှာ စာအုပ်တအုပ်ဖတ်ပြီး နေတာကိုး။ အဖေ့ကို လက်ဆောင် ပေးထားတဲ့ ရှုမဝ မဂ္ဂဇင်းတွေ၊ ပေဖူးလွှာ မဂ္ဂဇင်းတွေရယ် အမအကြီးဆုံး မစံ က တက္ကသိုလ် စာကြည့်တိုက်က အမြဲငှားလာပေးတဲ့ ဝတ္ထုတို ရှည်တွေ ဖတ်ပြီး စာရေးကြည့်ချင်စိတ် ဖြစ်လာလို့ ဟိုတစ ဒီတစ စာစ ရေးစ ပြုနေတဲ့ အချိန်ပေါ့လေ။
အဖေ့မိတ်ဆွေတွေလာရင် စာရေးတဲ့သမီးလေးက ဘယ်သူလေးတုန်း ပြပါအုံးဆရာ ဘာညာ ပြောရင် ကိုယ်က ချောင်ထဲမှာ ခွေခေါက်နေရာက ထွက်ထွက်ပြီး ပြုံးပြရတာ။ ချောင်တိုးထားလို့ စကပ်မှာလဲ ဖုံတွေလူးလို့။ အော် သမီးလေးက အမေတူလေးပဲ၊ အချောလေးပါလား (ဒါကတော့ ကိုယ့်ဖာသာကိုယ် ဖြည့်ထည့်လိုက်တာပါ) ဆိုရင် ကိုယ့်မှာ ကြည်နူးလို့။
အဲဒီတော့ တက္ကသိုလ် တတိယနှစ်ရောက်တဲ့အချိန်မှာ ကိုယ်က စာရေးတဲ့ အသိုင်းအဝိုင်းနဲ့ ခင်ခင်မင်မင် ဖြစ်နေပြီ။ စာရေးဆရာမ ဆိုသူတွေနဲ့ သူငယ်ချင်းဖြစ်နေပြီ။ တနေ့တော့ ပရယ်တီကယ်လုပ်ဖို့ Main ထဲအလာမှာ စာရေးတဲ့ အမလိုခင်နေတဲ့ မခက်မာနဲ့ တွေ့တယ်။
အမက ချိုသင်းကိုတွေ့တာနဲ့ အတော်ပဲ တဲ့။ မိတ်ဆက်ပေးချင်လို့ တဲ့။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေချည်း စုပြီး မဂ္ဂဇင်းတအုပ်လုပ်မလို့ တဲ့။ (အဲဒီနှစ်က ရန်ကုန် နှစ်လည် မဂ္ဂဇင်း လုပ်ခွင့် ပိတ်ထားတယ်လေ)။ စာအုပ် နံမည်က ကံ့ကော်လှိုင်း တဲ့။ အဲဒီစာအုပ်လုပ်မဲ့အကိုကြီးတွေက ချိုသင်းဆီက စာမူတောင်းချင်လို့ ပြောနေတာ တဲ့။
ဒါနဲ့ ကိုယ်ရယ်၊ မိချောရယ်၊ နိုင်နိုင်ရယ်၊ စဝတရယ် မခက်မာ ခေါ်တဲ့ တောင်ငူဆောင် ရှေ့က တောင်ပိန္နဲပင်အောက်က ကင်တင်း ကို လိုက်သွားကြတယ်။ ထိုင်နေကြတာက မိန်းကလေး တဝိုင်း၊ ယောကျာင်္းလေး တဝိုင်း။ ကိုယ်တို့လာတော့ ခုံတွေ ဆွဲယူပြီး ယောင်္ကျားလေးဝိုင်းမှာ ဖြည့်ထိုင်ကြရတယ်။
ထိုင်နေတဲ့ ဝိုင်းထဲမှာ ဆံပင်အရှည်ကြီး စည်းထားပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ထိုင်နေတာ ကိုဝေလ တဲ့။ မျက်မှန်အကြီးကြီးနဲ့ ဆံပင် အရှည် ကောက်ကောက် နဲ့တယောက်က ကိုမောင်မောင်ထွေး တဲ့။ အရပ်ကြီးက မိုးထိုးနေတဲ့ ပုဆိုးတိုတို တက်ဝတ်ထားတဲ့ တယောက်က ကိုသက်ဇင် တဲ့။ နောက်တယောက် က ပိန်ပိန်ပါးပါး အသားဖြူဖြူ၊ သူက ကိုကျော်ဝဏ္ဏ တဲ့။ သူ့ကိုတော့ နောင်ကျရင် တသက်လုံး 24/7 (၂၄နာရီ ၇ ရက်) တွေ့ရမဲ့သူလို့ ဘယ်သိခဲ့ပါ့မလဲ။
သူတို့က စာအုပ်လုပ်ဖို့ ကြိုးစားနေတဲ့သူတွေပေါ့။ သူတို့မှာ ရှိတဲ့ ပိုက်ဆံလေးတွေ အော မှာ တဲ့။ ဘယ်သူ့ဆီကစာမူတွေတော့ ရပြီ၊ ဘယ်သူတွေက ပုံဆွဲမယ် ဆိုတာတွေ ပြောသေးတယ်။ ဆေးကျောင်းက သူတို့သူငယ်ချင်းတွေလဲ စာအုပ်လုပ်ကြတာ ဆရာဦးတင်မိုး ကဗျာတောင် စိစစ်ရေးက အဆုတ်ခံရသေးတယ် လို့ သူ့သူငယ်ချင်းတွေက ပြောတယ် တဲ့။
ဒါနဲ့ ကိုယ်လဲ စဉ်းစားတယ်။ အဖေ မဂ္ဂဇင်းတွေကို ကဗျာပေးရင် ကိုယ်က လက်ရေးလှတော့ ကိုယ်ပဲ စာအုပ်ထဲက အဖေပေးချင်တဲ့ ကဗျာကို ကူးပေးလိုက်ရတာပါ။ ဒါကြောင့် ဘယ်ကဗျာ ဘယ်သူ့ကို ပေးတယ်ဆိုတာ ကိုယ်သိနေတာ။ အခု ဆေးကျောင်းကို ဒီနှစ်အတွက် ကဗျာ မပေးရသေးဘူး။ အခု ဟိုပိန်ပိန်နဲ့တယောက်ကပြောနေတာ အဖေ့ ကဗျာ အဆုတ်ခံရတယ် ဆိုပါလား။ တခုခုတော့ မှားနေပြီထင်တယ်ပေါ့။
ကိုယ်လဲ မခက်မာကို သူတို့ ချိုသင်းကို အဖေ့သမီးမှန်း မသိဘူးထင်တယ်နော် အမ။ အဖေ့ ကဗျာ အဆုတ်မခံရပါဘူးလို့ တိုးတိုး ပြောလိုက်တယ်။ မခက်မာကလဲ သူ့သူငယ်ချင်းတွေ လျှောက်ပြောနေကြတာ လွန်ကုန်မှာစိုးလို့ ထင်ပါရဲ့။ ချိုသင်းက ဆရာတင်မိုး သမီးနော် ဆိုပြီး သတိပေးသလိုလိုနဲ့ တုံးတိကြီး ပြောချလိုက်တယ်။ သမီးရှေ့မှာ အဖေ့အကြောင်းတွေ လာရွှီးလို့ မရဘူးလေ။
တကယ်တော့ သူတို့က မိုးချိုသင်းဆိုတာလဲ မသိဘူး။ ဖတ်လဲ မဖတ်ဖူးဘူး။ ကြားဖူးသလိုလိုတော့ ရှိတာမို့ အသက် ၄၀တန်း အမျိုးသမီးတယောက်လို့ အစက ထင်တာတဲ့။ အခု တွေ့လိုက်တော့ ချွတ်တားလေး။ ရုပ်က ခွေးစုတ်ဖွားလေးလိုလို ဖြစ်နေလို့ အံ့သြနေတာ တဲ့။ နောက်မှ ပြန်ပြောပြတယ်။ ပုံဖော်ပုံကလဲ ခွေးစုတ်ဖွားဆိုတော့ သိပ်တော့ မနိပ်လှဘူး။ ဒါပေမဲ့ ကိုယ်ကလဲ ခွေးလေးတွေ ချစ်တော့ ရှိစေတော့ ပေါ့။
အဲဒီကစ လို့ ကိုယ်လဲ သင်နေတဲ့ Geology အပြင် လူငယ်တွေ ပြောပြောနေတဲ့ “သူနဲ့တော့ chemistry ရှိတယ်”ဆိုတာလို Chemistry ပါ ရောသင်လိုက်တော့တာပါပဲလေ။
သူ့ကို ဘူမိက ကိုယ့်ဆရာ ဆရာမတွေက ကိုယ့်ကို ချစ်ခင်သလိုပဲ ခင်ကြတယ်။ နောက်ဆုံးနှစ် Field ဆင်းတော့ ရန်ကုန်ဘူတာကြီးကို သူက လိုက်ပို့ချင်တာ ကိုယ့်အမက ဘူတာထိ လိုက်ပို့မယ်ဆိုတော့ သူလဲ သိသာသိစေ၊ မမြင်စေနဲ့ ဆိုသလို ကြံရတယ်။ ဒါနဲ့ မနက်အစောကြီးထ သူ့သူငယ်ချင်း ကိုဝေလနဲ့ ပဲခူးကို သွားပြီး ကိုယ်တို့ ရထားကြီးအလာ ပဲခူးဘူတာမှာ စောင့်ရတယ်။
ဝတ္ထုတွေထဲမှာလို နှင်းတွေ ဝေနေတုန်း ရထားကြီးအလာ မျှော်ရတာတွေဘာတွေ မဟုတ်ပါဘူး။ Field ဆင်းတဲ့အချိန် နွေခေါင်ခေါင် April ဆိုတော့ ပူလိုက် အိုက်လိုက်တာ လွန်ပါရော ဆိုသလိုပါ။ ဖြစ်ချင်းဖြစ် မြေကြီးကနေတောင် အပူခိုးတွေ ထ နေသလိုပဲ။
ပဲခူး ဘူတာဆိုက်တာ အလွန်ဆုံး ၁၀မိနစ်ပေါ့။ ကိုယ်က ရထားပေါ်က ပြူတင်းပေါက်ဘေးမှာ။ သူက ရထားအောက်က။ ပြုံးရင်း စကားပြောကြတာပါ။ သူ့အနောက်မှာ ကိုယ်တို့အတန်းက ယောကျာင်္းလေး သူငယ်ချင်းတွေက သူမသိအောင် တန်းစီပြီး အလေးပြုကြသေးတယ်။ ရန်ကုန်ကနေ ပဲခူးထိ လိုက်နှုတ်ဆက်လို့ တဲ့။
သူက မုန့်တွေ အအေးတွေ စားစရာတွေ အများကြီး ဝယ်ပြီး ပေးလိုက်တာ။ သူငယ်ချင်းတွေပါ စားဖို့ ဆိုပြီးတော့လေ။ တကယ်လဲ ကိုယ်စကားငုံ့ပြောနေတုန်း သူငယ်ချင်းတွေက နောက်ကနေ အထုပ်ထဲက စားစရာဟင်းတွေ အကုန် နှိုက်ထားလိုက်တယ်။ Field ထဲရောက်တော့ ဟင်းမကောင်းတိုင်း သူတို့ ပါလာ ဝယ်လာတဲ့ စားစရာတွေ ကိုယ့်ကို မျှကျွေးသလိုလိုနဲ့ ကျွေးတော့ ကိုယ့်မှာ ကျေးဇူးတွေများ တင်လို့။ ခရီးကပြန်လာမှ ကိုယ့်ပစ္စည်းနဲ့ ကိုယ့်ကို ပြန်ကျွေးနေမှန်း သိတယ်။
Field ဆင်းတဲ့ ၂၃ရက်တာကာလမှာ ကိုယ့်ဆီကို စာအစောင် ၂၁စောင် သူ့ဆီက လာတာလဲ ထည့် မှတ်တမ်းတင်ရမှာပေါ့လေ။ အဲဒီတုန်းကတော့ သူက တနေ့တစောင် ရေးတာပါ။ စာကလဲ ချစ်ကြောင်း ကြိုက်ကြောင်းမပါ ရိုးရိုးပါ။ ရန်ကုန်သင်္ကြန်မှာ သူတို့သူငယ်ချင်းတွေ ကားစုတ်ကြီးကို ဆေးမှုတ်ပြီး ရေပက်ခံထွက်ဖို့ ကြံစည်ကြတာတွေ ရေးထားတာ။
ရိုးရိုးရှင်းရှင်းနဲ့ ဖတ်လို့ကောင်းလို့ ကိုယ့်သူငယ်ချင်းတွေလဲ ယူဖတ်ကြတယ်။ ကိုယ်တို့ နေရတာ တောထဲ တောင်ထဲမှာဆိုတော့ မြို့အငွေ့အသက်လေးတွေကို လွမ်းတာလဲ ပါမှာပေါ့။ ကိုယ့်သူငယ်ချင်း စဝတကတော့ ညညဆိုရင် ကိုကျော်ဝဏ္ဏစာတွေ ဖတ်ရင်း မျက်နှာပေါ် စာလေးတင်ပြီး အိပ်တတ်တယ်။ ကိုယ်လုပ်ရမှာတွေ သူတို့ချည်း လုပ်နေကြတာပါလေ။
ဒါနဲ့ ကျောင်းပြီးလို့ ရေကြည်ရာ မြက်နုရာ အလုပ်သွားလုပ်တော့ ခွဲနေကြရသေးတယ်။ မင်္ဂလာဆောင်ဖို့ သူပိုက်ဆံစုတယ်။ နောက်မှ လူကြီးတွေထံ ခွင့်တောင်းပြီး လက်ထပ်ကြတယ်။ မင်္ဂလာဆောင်မယ်ဆိုတော့ ကိုယ်က မင်္ဂလာဦးအလှူလုပ်ချင်တာမို့ စကားဝါလမ်းက မင်းကွန်း တိပိဋက မှာ ဆွမ်းကျွေးတယ်။
ဖိတ်စာမှာ အဖေက ကဗျာစပ်၊ ကိုအော်ပီကျယ်က ကာတွန်းဆွဲပြီး ကိုစိုးဝင်းငြိမ်းက ဒီဇိုင်းလုပ်တယ်။ အဖေ့မိတ်ဆွေတွေရော ကိုယ်တို့ မိတ်ဆွေတွေရော လျှောက်ဖိတ်လိုက်တာ လာတဲ့မိတ်ဆွေပေါင်း ၁၇၀၀ ကျော်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ရှိရှိသမျှ အခန်းတွေ အကုန်ဖွင့်ပြီး လူတွေကို ဧည့်ခံထားရတယ်။ ဘုန်းကြီးကျောင်းလဲ တခါတည်း လက်လန် သွားတယ်။ ဆရာတော်ကြီးက အဖေ့ငယ်သူငယ်ချင်း ဖြစ်နေလို့ တော်သေးတာပေါ့။
ဧည့်ခံတဲ့ ထောပတ်ထမင်းလဲ မလောက်ငတော့ သူငယ်ချင်းတွေ ဒံပေါက်တွေ ပြေးဝယ်ကြ၊ ရေခဲမုန့်တွေ ကုန်သွားတော့ မြို့ထဲပြေး ပုံးလိုက်ဆွဲလာကြ။ တချို့လဲ လာသာလာရ၊ လက်သာဖွဲ့ရ၊ ဘာမှ မစားသွားရတဲ့သူလဲ ရှိသေးတာ။ သူ့သူငယ်ချင်းတချို့ကတော့ ကူလုပ်ရတာ ဖတ်ဖတ်မောပြီး ဘာမှကို မစားလိုက်ရလို့ လမ်းဘေးဖြတ်သွားတဲ့ ရေခဲချောင်းသည်ကို ဝယ်ပြီး ရေခဲချောင်းစုပ်နေကြတယ်။
အဲဒီကတည်းက နှစ်ယောက် တဘဝ ထူထောင်လိုက်တာ ဒီနေ့ဆို ၁၃နှစ် ပြည့်ပြီလေ။ တနှစ်ပြည့်တိုင်း မိတ်ဆွေတွေကို သူက သူ့သည်းခံနိုင်စွမ်းကို မှတ်ကျောက်တင် နေသလိုလို ပြောနေတာပါ။ တကယ်က ကိုယ်ကလဲ နံမည်ပြောင်းဖို့ စဉ်းစားနေတာပါ။ ကိုယ့်ကို ဘလော့ဂ် သူငယ်ချင်းတွေပေးထားတဲ့ လှထုံ ဆိုတဲ့ နံမည်မှာ ခန္တီလှထုံ လို့ တိုးမှည့်မလို့ပါလေ။

(မတ်လ ၁ရက် မင်္ဂလာ ၁၃နှစ်ပြည့် အမှတ်တရ)
မိုးချိုသင်း