မထူးတဲ့ တနေ့

ကိုယ်အခု စာရေးဖို့ ကြိုးစားနေပါတယ်။ ကျန်တဲ့အချိန်တွေမှာ စိတ်ပါလို့ ရေးချင်ရေး၊ မရေးချင်နေ ကိစ္စမရှိပေမဲ့ အခုတော့ ရေးမှကို ဖြစ်တော့မယ်။ အိုးကလေး ပို့စ်ကို ထိပ်ဆုံးကြီးမှာ ရှိနေတာ အမြန်ပျောက်အောင် လုပ်မှ ဖြစ်တော့မယ်။

ဖြစ်ပုံက ကိုယ်ပြောချင်တာ ဒါ ဆိုရင် လူတွေက တခြားကိစ္စကို နားလည် သွားတတ်ကြလို့ပါ။ ကိုယ်ကပဲ စာရေးမတတ်လို့လား မသိ၊ တကယ်က ကိုယ်ရေးခဲ့တာ ရိုးရိုးပါလေ။ ကိုယ် အိုးလှလှလေးတွေ လက်ဆော့ လုပ်မိတဲ့အကြောင်း ရေးထားတာ မဟုတ်ဘူးလား။

ဒါပေမဲ့ တချို့စာဖတ်သူတွေ နားလည်သွားတာက ကိုယ်က လူဆိုးကြီး လုံးလုံး ဖြစ်နေပါပြီ။ ကိုယ့်အမျိုးသားမှာ သနားစဖွယ် အနိုင်ကျင့်ခံလူသား ဖြစ်နေပါပြီ။ ကွန်မန့်တွေ အီးမေးလ်တွေမှာလဲ ကိုယ်က အိုးပျံ နဲ့ အင်ထရို ၀င်ပြီးသကာလ ကျောက်ခဲပျံတွေပါ လာတော့မယ် ဆိုပြီး သာသာထိုးထိုး ရေနစ်သူ ဝါးကူလို့ ထိုးကြပါတယ်။

တနေ့ကလဲ မိတ်ဆွေ တယောက်နဲ့ ဖုန်းပြောရာမှာ ကိုယ့်လေသံကိုက ထောင်မှူးလေသံ ပေါက်နေတယ်ဆိုပဲ။ ကိုယ်လဲ စကားတောင် ဘယ်လိုပြောရမယ် မသိ။ နှစ်ယောက်ရှိရာမှာ တယောက်က ထောင်မှူးဆိုရင် ကျန်တယောက်က အကျဉ်းသားလေးသာ ဖြစ်တော့မပေါ့။ ကိုယ့်အမျိုးသားကလဲ ပြုံးပြုံး ပြုံးပြုံးနဲ့ သူ့ကို ၀ိုင်းသနားကုန်ကြပြီလို့ ပီတိသံနဲ့ ပြောလေရဲ့။

တကယ်က ကိုယ့်မှာ ခုတ်ရာတခြား ရှရာတခြားဆိုသလို အဖြစ်တွေက ကြံရဖန်များလို့ ရိုးတော့ ရိုးနေပါပြီလေ။ ကိုယ်လဲ တခါတလေတော့ တရက်တလေ တလွဲမလုပ်မိတဲ့နေ့လေး တနေ့တော့ သေသေသပ်သပ်လေး ရှိသွားဖို့ ကြိုးစားမယ် စိတ်ကူးတယ်။

ဒါနဲ့ ကိုယ် ဒီနေ့ စ ကြိုးစားကြည့်ခဲ့ပါတယ်။ မနက်ခင်းကတည်းက နိုးလာကတည်းက အိမ်မှုကိစ္စ၊ ကြောင်မှုကိစ္စ တွေ ပြီးတော့ ရုံးကို ပျော်ပျော်ရွှင်ရွှင် သွားလိုက်တယ်။ ရုံးမှာလဲ မမှားရ၊ မလွဲရအောင် ဂရုစိုက်နေတယ်၊ ပြောတယ်။

အင်း.. ဂရုစိုက်နေတော့လဲ ဟုတ်နေသားပဲ လို့ ဘ၀င်မြင့်ချင်သလိုလိုတောင် ဖြစ်မိတယ်။ အရင်နေ့တွေမှာလို ရုံးမှာ အခန်းထဲ ဝင်ခါနီး security code ကို နှိပ်ရတဲ့အခါ ရှေ့နဲ့ နောက် မှားနှိပ် မိတာမျိုး မဖြစ်ခဲ့ဘူး၊ အဖုံးလေးဖွင့်ပြီး security key pad လေးကို နှိပ်နေကျမှာ တယောက်ယောက်က အဖုံးကို ဖွင့်ရက် ထားသွားတာကို သတိမထားမိဘဲ key pad ကို အတင်းဆွဲခွာနေတာမျိုး ဒီနေ့ မဖြစ်ခဲ့ဘူး။ ဟုတ်နေပြီ။ ဒါဆို အတော်လေးကို ဟုတ်နေပြီ။

တခါတုန်းက နေ့လည်ဖက်မှာ ဘော့စ် က ကိုယ့်ကို ဧည့်ခန်းမှာ ရောက်နေတဲ့လူကို အကဲသွားခတ်စမ်းပါ ပြောလို့ ကိုယ်က လူကဲခတ်တတ်သူကြီးလုပ်ပြီး သွားအကဲခတ်ခဲ့တာ။ ဥပဓိမကောင်းဘူး လို့ စိတ်ထဲ ထင်တာမို့ ဘော့စ် ကို လက်ခါပြလိုက်တယ်။ ဒီလူ မကောင်းဘူးပေါ့။ နောက်မှ ပြန်သိတာက ကိုယ်သွားကြည့်ခဲ့တာ ဘော့စ် ရဲ့ ညီအရင်း ခေါက်ခေါက်။ ကိုယ်က လူမှားကြည့်ခဲ့တာ။ သူကြည့်ခိုင်းတာက တခြားတယောက်။

ဒီနေ့မှာတော့ အေးဆေးပါ။ ဒီလို အကဲခတ်စရာလဲ လူမလာတော့ ကိုယ့်လုပ်ရပ်လေးတွေ မှန်နေတယ်။ အလုပ်များပေမဲ့ တလွဲမဖြစ်၊ အဆင်ပြေနေတယ် ဆိုပါတော့။ ကိုယ်တောင် တလွဲမလုပ်မိတဲ့ နေ့ အမှတ်တရလေး ဖြစ်သွားအောင် ထီတောင် ထိုးမလား စဉ်းစားနေတယ်။

ဒါနဲ့ အလုပ်ဆင်းတော့ ဆိုင်တဆိုင်မှာ စားစရာ ဝင်ဝယ်ရင်း မိတ်ဆွေ အမျိုးသမီးတယောက်နဲ့ ဆုံတယ်။ အဲဒီအထိ အိုကေသေးတယ်။ သူနဲ့ ဆိုင်မှာ ဟင်းစောင့်ရင်း မိန်းကလေးတွေ ထုံးစံ အစားအသောက်အကြောင်း ပြောမိတာပေါ့။ ပြောရင်း တရုတ်အစားအစာတွေအကြောင်း ရောက်သွားတော့ သူက တရုတ်ပြည်မှာ ဒေသအလိုက် အစားအသောက်တွေက ချက်ပုံ ချက်နည်း ကွဲသွားတယ် တဲ့။

ကိုယ်ကလဲ အလိုက်သင့် ဟုတ်တာပေါ့ ဆိုတာထက် ပိုမပြောဘူး။ စကားနည်းလေ အမှားနည်းလေ မဟုတ်လား။ အဲဒီမှာ သူက တခွန်းပြောလိုက်တယ်။

“ကျမ ယောက္ခမကလဲ ယူးနန်း ကပဲလေ” တဲ့..
“ဘာ!!! ညီမ ယောက္ခမ က ရူးနှမ်းနေတယ် ဟုတ်လား။ ဘယ်လိုဖြစ်ရတာလဲ .. ”
“မဟုတ်ပါဘူး။ ယူးနန်း ဆိုတာ ယူနန် ပြည်နယ်ကို ပြောတာ အမ”
“ဟယ်..အားနာလိုက်တာ ညီမရယ်၊ ဆောရီးနော်..”

ဒါနဲ့ ဟင်းရရချင်း ကမန်းကတန်း နှုတ်ဆက်၊ ကားပေါ်ပြေးတက်ခဲ့ရတယ်။ သူက ယူနန်ကို ဘိုဆန်ပြီး ယူးနန်းလို့ ပြောတာကို ဘုန်းကြီးကျောင်းအသံထွက်နဲ့ ကိုယ်က ရူးနှမ်းတယ် ထင်ပြီး သွားမေးမိတာလေ။ ဒီတခွန်းလေးပဲ လွတ်ထွက်သွားတာ..။

တော်ပြီ၊ တော်ပြီ။ ဒီနေ့လဲ တလွဲလုပ်မိပြန်ပြီ။


မိုးချိုသင်း

43 comments:

kagyikhakway said...

လွဲလွဲလေး....ဘဲကောင်းပါတယ် :)

MANORHARY said...

ချိုသင်း နေကောင်းတယ်နော်
ဒါကတော့သေချာတယ်
လွဲစရာမရှိ..ဟိ

Sein Lyan Tun said...

ဒါမျိုးတွေလဲဖြစ်တတ်ပါတယ်..
ကျနော်ဆို ဒါထက်တောင်ဆိုးသေးဗျာ..
တခါတလေ အလွဲလေးတွေက
ပျော်စရာကောင်းပါတယ်..
အဟေး..ဟေးး
သဘောကျသွားတယ်

kay said...

အလွဲလေးတွေက..မချိုသင်းရဲ့ မူပိုင်ပေါ့။ နောင်ဆို..ကတွတ်ပီ တို့လို..မောင်ရိုးတို့လို စီးရီးစ် အတွဲလိုက် ထုတ်လို့ရပြီ။ ဟိ - ( ကျမ ထုတ်ဝေမယ်..ဦးထားပီ)

kay said...

အော်- ဟိုနေ့က.. ဦးဘကြည်ကာတွန်းအကြောင်း သေချာ လာရှင်းပြထားတာ ကျေးဇူးပဲနော်။ လိုအပ်ရင်..အဲဒီ အချက်ကလေး အသုံးပြုမယ်နော်။ ခုထဲက ခွင့်တောင်းထားပြီ။

Phyo Maw said...

အင်း...
ယူနန်နဲ့
ရူးနှမ်း ဖတ်ပြီးပြီးချင်း ဘာပြောရမှန်းကို မသိဖြစ်သွားတာ။

ဘာပြောရမှန်းမသိတာကိုပဲ မန့် သွားလိုက်တော့တယ်။ ခုထိတော့ တွေးမိတိုင်း ပြုံးမိသေးတယ်။ :D

Unknown said...

Mama Moe

:D

ZT said...

နည်းနည်းလေးတော့ လွဲနေတယ်။
လွဲလွဲလေးပဲ ကောင်းပါတယ်။
စိတ်ကျေနပ်ရင် ပြီးတာပဲ။
နေတတ်ရင် အေးဆေးပဲ။

tg.nwai said...

ပုံမှန်လေးပဲ အဆင်ပြေပါတယ် ချိုသင်းရယ်..။
:)

ဇနိ said...

အမက နောက်ဆုံးပိတ်ကျမှ ..
အချီကြီးဆော်ထည့်လိုက်တာပဲ... တနေ့စာကို တလုံးတည်းနဲ့ ကာမိအောင် လုပ်လိုက်တာ ဖြစ်မယ်
း)

Anonymous said...

ဒီတစ်ခါတော့ မန့် သွားပြီ။

Anonymous said...

အစ်မလည်း..လွဲတတ်တာပဲ ပြန်ပြောပြရင်ရယ်စရာကောင်းပေမယ့် အဲ့လိုလွဲတဲ့အခါတွေကျရင်တော့ တော်တော်အခက်တွေ့တယ်ဗျ ။ ယူနန်..ရှူးနမ်း)

Phyo Evergreen said...

အဟဲ အန်တီချိုတို့ကတော့လွဲကိုလွဲရမယ်..။ လူကဲခတ်သင်တန်းဘယ်တော့စမလဲဗျာ.. စာရင်းပေးထားချင်လို့ပါ။

လင်း said...

ဟီးဟီး ရူးနှမ်းနေတယ် ။ တနေ့ လုံး ဟုတ်နေပြီးမှ မမရယ်။
လင်းနဲ့ အတူတူနေရင်တော့ တစ်ယောက်တလှည့်လွဲနေတာနဲ့ ၊ ပါးစပ်ကို ပိတ်ရမယ်မထင်

လင်းဒီပ said...

:D

အိန္ဒြာ said...

အစ်မရေ

အိုးပိုစ်မြန်မြန်ဆင်းအောင်တင်တင်...ဘာတင်တင်
အသစ်ဖတ်ရလို့ပျော်တယ်..

ရီလိုက်ရလို့ တစ်နေကုန်..ညစ်နေတာတွေပျောက်သွားတယ်...
ကျေးဇူး..

အစ်မ များများလွဲ..(ဟုတ်ပေါင်.)အလွဲမများပါစေနဲ့လို့

ချစ်တဲ့

:P said...

အဲလိုလွဲမှာစိုးလို့ တမင်ဘိုဆန်ဆန်မပြောတာ....ဟိ
(တို့ကတော့ ငပိသံအစစ်)

မမသီရိ said...

အဲဒီနေ့က အလွဲ က
အဲသလောက်နဲ့ ပြီးသွားတာပဲ လား..
မမ တို့ ညီမလေး တော်လာပြီ....း)...

ATN said...

နောက်ဆုံးပိတ် အိပ်နဲ့လွယ်တာပေါ့လေ...း)

Unknown said...

မမိုးချိုသင်းရယ်.. ထောင်မှုးမြဟုတ်ရပါဘူး။ အမြတ်တနိုးလုပ်ပေးထားတဲ့ အိုးနဲ့ပေါက်လိုက်ရတယ် ဆိုကတည်းက
ကိုအကျော် ဘယ်လောက်ဆိုးနေလဲမှ မသိဘာနော်။
မိအေးအော်တာပဲ မြင်တယ် ဂဏန်းညှပ်တာမမြင်လို့နေမှာပါ။
ပေါက်ပစ်.. ပေါက်ပစ်။

RePublic said...

အစ်မ MCT ကြီးကလုပ်ပြန်ပါပီ ၊၊ ကောင်းပါတယ် ၊ လုပ်ပါ ၊၊ :)

Ko Boyz said...

လှထုံက လှထုံပဲ ကောင်းပါတယ်။ မယ်ဖေါ့ အတင်းသွားဖြစ်ချင်နေရင် ပင်ပန်းတယ် ငါ့အစ်မရာ...။
ပွဲသိမ်းလက်သီးလေး လှတယ်ကွယ်...။

PAUK said...

ကျနော်လည်း..
ရူးနန်း ပါပဲ မလှထုံ..
ညစ်နေတဲ့စိတ်တွေတောင်..တစ်ဝက်လောက်ပျောက်သွား
တယ်...
ဟီးး

khin oo may said...

မောင်ကောင်းထက် ဟာသလေးပြောပရစေ.ဒီတစ်ခါတော့မတားနဲ့တော့

မြို့တက်မဲ့ယောက်ျကိားကို မိန်းမ ကသေချာမှာတယ။် စိတ်ချစမ်းပါကွ။ ငါဒီလောက် မအပါဘူးလို့ ဖြေတယ်

အိမ်ပြန်လာတော့ပိုက်ဆံအိတ်က ခါးပိုက်နှိုက်ဆီပါသွားပြီ. မိန်းမကဆူတော့ ဒါတောင် ဟိုကောင်တွေ တစ်နေကုန် ချောင်းနေတာကွ.။ ညနေကျမှ ပါသွားတာပါလို့ ကိုယ်ရည်သွေးပါသေးသတဲ့

ပုံပြင်လေးကတော့ဒါပါဘဲကွယ်

မီယာ said...

မချိုသင်းရေ.. ရုံးမှာ ဖတ်နေရင်းနဲ့ ရီလိုက်ရတာ အနားက လူတွေတောင် ကြည့်ခံရတယ်။ မန့်ချင်တာ အိမ်ရောက်မှ ပြန်မန့်နေရတယ်... အခုလည်း ပြန်ပြောပြရင်း ရီနေပြန်ပြီ.. စိတ်ညစ်တာတွေ ခဏပျောက်သွားလို့ ကျေးဇူးတင်ပါတယ် အမရေ.. စိတ်ကူးယဉ်ကြည့်လိုက်တာ မချိုသင်းရယ် မမ KOM ရယ် နှစ်ယောက်များ ပေါင်းမိရင် ပါးစပ်ကို ပိတ်ရမှာ မဟုတ်ဘူးလို့... မမရဲ့... bottleneck post ကို သတိရတယ်။ :D

သစ်နက်ဆူး said...

ပုံမှန်စိတ်လေးနဲ့ နေတာက ပိုကောင်းမယ်ထင်တယ် မမိုး...
ပိုသတိထားရင် ပိုမှားနေမယ်..
ဆရာဆွေမင်း(ဓနုဖြူ) စကားလေးလိုပေါ့..
မရှောင်ရင် လွတ်တယ်...။
ပုံမှန်နေရင် ဒီိလောက်ကြီးတော့ မမှားနိုင်တော့ဘူး...
ပြောသာ ပြောရတာပါလေ...
သိပ်တော့ အားရှိလှတယ် မဟုတ်ပါဘူး...
ဒီနေ့ လဲ ယူနန်သူရဲ့ ချွေးမ မျက်နှာသိပ်မကောင်းဘူး...
း)

ပုံရိပ် / Pon Yate said...

မချိုသင်းကို လူဆိုးကြီးလို့ မထင်မိပါဘူး။ အစ်မရေးလိုက်တာ ကျောက်ခဲလေးတွေနဲ့ ဆုံးသွားလို့ ဖတ်သူတွေ စိတ်ထဲ အဲဒါကျန်ခဲ့တာ ထင်ပါတယ်။ :D

Anonymous said...

ဟုတ်တယ် တို့အမက တကယ့်သနားစရာ။ အမဘက်ကပါပေးမယ် အားငယ်ပါနဲ့။

အမ ဇာတ်သိမ်းသွားပါပြီခင်ဗျာ။ စောင့်နေရတဲ့အတွက် ဆောရီးပါခင်ဗျာ

သက်ဝေ said...

ထွက်ခတ် ခတ်တယ်ဆိုတာ ဒါမျိုးနေမယ်...

ဘော့စ် ရဲ့ ညီအရင်း ခေါက်ခေါက်ကို လက်ခါပြလိုက်တာ မြင်ယောင်မိပြီး ရယ်ချင်မဆုံး...

khin oo may said...

ကွန်မက်တွေ လာဖတ်သွား၏

ဇနိ said...

ကိုကျော့်ကို သနားတယ်ဆိုတာ အလကား အလကားပြေတာ။ အမချိုသင်းကမှ တကယ်သနားစရာလေးပါ။ တနေကုန်မလွဲတာ နောက်ဆုံးပိတ် လွဲချလိုက်သပေါ့လေ။
နိနိ

Unknown said...

Dear Moe Cho Thin

I am your reader. You are so cute. I love you everything. I saw you on the photo of monestery in US that you are helping something with your hubby.

Whatever you write, it is so cute and interesting.

Thida Aung

JulyDream said...

ရေနစ်သူကို ၀ါးထိုးကူတာ မဟုတ်ရပေါင်ဗျာ...
ဘာပဲဖြစ်ဖြစ် လူအကဲခတ် တော်တာကို မှတ်ထားလိုက်မယ်။ ကြည့်ရတာ သူဌေးညီကို အားရပါးရ အကဲခတ်ခဲ့ပုံပဲ။ ဥပဓိရုပ် မကောင်းဘူးတဲ့။ အဟီး... ဟုတ်နေတာပဲနော်။

May Sithu Aung said...

ဟားဟား ဟားဟား
ဘုရားရေ.........ရီလိုက်ရတာ မောတောင်မောတယ်။
ဒါမျိုးကလဲဖြစ်တတ်ပါတယ်..
ဟုတ်ပါပြီလေ..ဒီတနေ့ လဲမထူးပါဘူး.....လွဲသာဆက်လွဲပေတော့။
ဟီဟိ။
မိပ။

မေငြိမ်း said...

ဘယ်ဟုတ်ရမလဲ ချိုသင်းရယ်.. အဲဒါကမှ ပုံမှန်..
ဆရာမက စဉ်းစားနေတာ .. ဘာမှမဖြစ်ရင် ချိုသင်းတော့ ပုံမှန်မဟုတ်တော့ဘူး.. ဒုက္ခလို့ ..
ဟီဟိ :P

ဆောင်းယွန်းလ said...

အင်း..ဒီတခါတော့ မချိုသင်းလွဲတာမဖြစ်နိုင်ဘူး..ဘိုသံဝဲအောင်ပြောလိုက်တဲ့ ကောင်မလေးလွဲတာပဲဖြစ်၇မယ်...ကျနော်တွေးတာ လွဲသွားလားမသိဘူးနော်..
ဘာပဲဖြစ်ဖြစ် မချိုသင်းပို့စ်တွေကိုဖတ်ရတိုင်း ပြုံးပြုံးကြီးဖြစ်ဖြစ်သွားရတာတော့ မလွဲဘူးဗျ....

သက်ပိုင်သူ said...

မမရေ...
ဒီမှာ အော်ခဲ့မယ်နော်
Creative Common License ကျွန်တော့် ဘလော့လေးအတွက် လုပ်ချင်လို့ပါ။ ဘယ်လိုလုပ်ရသလဲ သိရင်ပြောပြပါဗျာ။

lone lone said...

That is funny. My feeling is down today. I think I feel better now. I miss you cho thin.

M.Y. said...

အရေးကောင်းလွန်းတယ်ထပ်မပြောတော့ဘူး။ မြှောက်တယ်ဖြစ်နေမယ်။ နောက်ထပ် အလွဲတွေ ထပ်လွဲ ပါဦး..

HAPPY CLOUD said...

ဘာပြောရလဲ... ဘာပြောရမလဲ... နောက်မှလာဖတ်တော့ ကိုယ်ပြောချင်တာ အပေါ်ကဘော်ဒါတွေ အကုန်မွှေနှောက်ပြောပြီးသား ဖြစ်နေတယ်။

သေချာတာ တစ်ခုကတော့ မခင်ဦးမေနဲ့ မချိုသင်းသာ ဆုံပြီး အငြိမ့်ကရင်.. လူရွှင်တော် လာလုပ်မယ်ဗျာ..နော်..:D
ကြည့်တဲ့ပရိတ်သတ်တွေ အကုန်ထွက်ကျကုန်မယ်ထင်တယ်..း)

ခင်မင်လျက်...
မိုးမောင်

Sein Lyan Tun said...

လာပြန်ဖတ်ပါတယ်..ခဏတာအလွဲများကို
နေကောင်းပါစေဗျာ..

Unknown said...

ဟီးးးးးးတော်ပါသေးတယ်...
အနော်က ရူးနှမ်းမဟုတ်လို့....

ဂျူနို said...

သိတ် ဘိုဆန် ချင်တာကိုး။ ချိုသင်းမ မှားဘူး