စိတ်မပျော်တော့ လူလဲ နေမကောင်းလို့ ဆေးရုံချည်း သွားလို့ နေရတယ်။ ဆရာဝန်က တိုက်တွန်းတာတွေလဲ နားမဝင်၊ ပေတေလို့ နေမိတယ်။ ကိုယ့်အမျိုးသား ပြောပြောနေသလို ခေါင်းမာလွန်းလို့ လေတိုက်ရင်တောင် ထန် ထန် ထန် နဲ့ မြည်နေသလိုမျိုးပေါ့။ သူများလုပ်ချင်လာအောင် အားပေးမယ်၊ တွဲကူမယ် မစဉ်းစားဘဲ ဒါ လုပ်ရမယ်၊ ဒါ လုပ်သင့်တယ် ဆိုတာတွေ မပြောသင့်ပါဘူးလို့ ဘုတောချင်မိတယ်။
အဖေရှိစဉ်က အဖေအမြဲပြောပြောနေတဲ့ စကားတခွန်းကို အခုတလောမှ ပိုနားလည်လာ သလိုပဲ။ အဖေက ဘာမှ အရေးမကြီးပါဘူး သမီးရယ် တဲ့။ အရင်ကတော့ ဘယ့်နှယ် အရေးမကြီးရမလဲ လို့ ထင်မိတာ။ ကိုယ့်မှာ ကိစ္စတိုင်း အရေးကြီးနေလို့ စိတ်ပင်ပန်းလိုက်တာ။ အသေးစိတ်ကလေးတွေကအစ ပူပန်နေရတာ။ လူလည်း အပူသည်ကြီးကို ဖြစ်လို့။
ဒီရောက်စက ပထမဆုံး စ နေဖြစ်တဲ့ အခန်းလေးကနေ ပြောင်းမယ်ဆိုတော့ ကိုယ်တယောက်တည်း တနေ့လုံး တကုပ်ကုပ်နဲ့ သိမ်းထုပ်နေတာ ပြီး မပြီးနိုင်ဘူး။ အဲဒီမှာ အဖေက ကိုယ့်အနားလာပြီး ပြောတာပါ။
အဲဒါတွေ ဘာမှ အရေးမကြီးပါဘူး သမီးရယ်၊ သမီးကို ကြည့်ရတာ ပင်ပန်းလိုက်တာ တဲ့။ အိမ်ပြောင်းတာများ သီချင်းလေးဆိုပြီး ပျော်ပျော်ရွှင်ရွှင် ပြောင်းတာပေါ့ တဲ့။ ကိုယ်က သီချင်းဆိုပြီး အိမ်ပြောင်းရမယ် ဆိုတာ နားကို မလည်ခဲ့ဘူး။ ဒါဆို ဒီပစ္စည်းတွေ ဘယ်သူ သိမ်းမလဲ အဖေရဲ့ ဆိုပြီး နားမလည်လေခြင်းဆိုပြီး ငိုလိုက်တာ။
အဖေပြောချင်တာက ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်လုပ်စရာတွေကို အေးအေးချမ်းချမ်း လုပ်စေချင်လို့ ပြောတာပါ။ စိတ်ဖိစီးတဲ့ဒဏ်နဲ့ လူ ပင်ပန်းပြီး နွမ်းကြေမှာကို စိတ်သက်သာရာ ရစေချင်လို့ နှစ်သိမ့်တာပါ။ ပူပန်တာတွေကို ကြိုပြီး မောမနေဖို့ သတိပေးတာပါ။
လူရယ်လို့ ဖြစ်လာမှတော့ မော စရာတွေ အနည်းနဲ့အများ ရှိတာပါပဲ။ ကိုယ်လဲ တခါတလေတော့ မောနေတယ်။ အဲဒီအခါ ကိုယ်နိုင်သလောက် လုပ်မယ် ကြိုးစားမယ်၊ မလုပ်နိုင်တာ မဖြစ်နိုင်တာတော့ မဖြစ်လဲ အရေးမကြီးတော့ပါဘူး၊ ပူပန်မနေတော့ပါဘူး လို့ စိတ်ထားတတ်အောင် နေမှ သက်သာရာရတော့မှာပေါ့။ အဲဒါက ပြောတော့သာ လွယ်တယ်၊ တကယ်နားလည် ကျင့်သုံးဖို့ ခက်တာ ကိုယ့်လက်တွေ့။
ကိုယ်တို့ အလုပ်က warehouse ဖက်မှာ အလုပ်သမားတယောက် ရှိတယ်။ သူ့နံမည်ရင်းတော့ ကိုယ်မသိဘူး။ သူ့ကို အလုပ်သမားအချင်းချင်းက ခေါ်တာ loco (လိုကို) တဲ့။ လိုကို ဆိုတာ မက္ကဆီကန်လို အရူး လို့ ပြောတာ။
သူ့ကို ကြည့်ရင် အမြဲတမ်း သွား၃၆ချောင်း ပေါ်အောင် ရီလို့။ လူက ကတုံးကေ နဲ့။ ကိုယ်ကာယနဲ့ အလုပ်လုပ်ရသူမို့ ဗလက ခပ်တောင့်တောင့် အရပ်ကပုပု။ တခါတလေများ ပြုံးပြုံး ပြုံးပြုံးနဲ့ မြန်မြန်သွက်သွက် လုပ်နေတာ တကိုယ်လုံး ပေတူးလို့။ ကိုယ်တို့မှာ ချမ်းချမ်းစီးစီး အနွေးထည် အထပ်ထပ် ဝတ်နေချိန်မှာ သူက တီရှပ်လေးတထည်နဲ့ ပြေးလွှားနေတယ်။
သူ့ကို warehouse က လူတိုင်း ချစ်ကြတယ်။ သူ့ကို စ နောက်လဲ စိတ်ဆိုးပုံ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သဘောကောင်းတာကိုးလို့ ကိုယ်က ထင်မိတာ။ နောက်မှ တစေ့တစောင်း သတိထားကြည့်မိတာ သူ့မှာ သူများနဲ့ မတူတဲ့ အရည်အချင်း ရှိတာတွေ့ရတယ်။
လိုကိုကြီး ဒီလာ လုပ်ပါအုံး ဆိုလဲ ပြေးသွားတာပဲ။ သူနိုင်ရင် ကူထမ်းလိုက်တာပဲ၊ သူလဲ လုပ်နိုင်ရက်သားနဲ့ အလုပ်သမားအချင်းချင်း ငါ့ကို ပြန်ခိုင်းနေတယ် လို့လဲ စိတ်ထဲမှာ မရှိ။ လိုကိုရေ ဟိုကို သွား၊ ဒါတွေ ပြီးအောင်လုပ်ပြီးမှ ပြန် နော် ဆိုလဲ ပြုံးဖြီးဖြီးနဲ့ လုပ်တာပါပဲ။ ဒါ သူ့အလုပ်မို့ လုပ်ရမှာပေါ့လို့ ပြောချင်လဲ ပြောနိုင်တာပေါ့။ ဒါပေမဲ့ သူ့အလုပ်မှာကို သူက ပင်ပန်းလှချည့်လို့ သဘောမထားဘဲ ပျော်ပျော်ရွှင်ရွှင် လုပ်နေတာကို ကိုယ်က ပြောချင်တာပါ။
အဲဒီတော့ သူ့ကို ခိုင်းတဲ့လူလဲ စိတ်ချမ်းသာတယ်၊ လုပ်နေတဲ့သူကိုယ်တိုင်လဲ စိတ်ပျော်ရွှင်တယ်။ အလုပ်တာဝန် ၀တ္တရားဆိုတာရဲ့ အထက်မှာ လိုကို က မိန့်မိန့်ကြီး ရှိနေတယ်။ သူ့အလုပ်ကို သူတာဝန်ကျေနေတာ ဘယ်သူ့ကိုမှ ကြေငြာမနေဘူး၊ အနှောင့်အယှက် ပေးမနေဘူး၊ ပင်ပန်းလိုက်တာလို့လဲ မညည်းညူဘူး။
တနေ့က သူ့ရဲ့ supervisor က သူ့ကို နေ့စားမို့ နှစ်ပတ်တခါ သူလုပ်တဲ့ အချိန်ပို လုပ်ခတွေကို ရှင်းပြရင်း ပိုက်ဆံ တွက်ပေးနေတာပါ။ မင်းလုပ်တာက ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ဘယ်လောက်၊ ဘယ်နေ့မှာ ဘယ်လောက် ဆိုတာ အသေအချာ ရှင်းပြနေတာပါ။ သူက သွားတွေပေါ်အောင် ပြုံးလို့။ နားလည်ပုံလဲ မရပါဘူး။
အားလုံး ရှင်းပြပြီးတဲ့အခါ သူ့ကို ပိုက်ဆံပေးလိုက်တော့ သူပိုက်ဆံယူပုံကို ကိုယ့်မှာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားမိတယ်။ သူက ပေးလိုက်တဲ့ ပိုက်ဆံတွေကို သူ့လက်ကြမ်းကြီးနဲ့ ဆုပ်ခြေသလို လုံးပြီး ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တာပါ။ ဘယ်လောက်ရယ်လို့လဲ မရေတွက်၊ လျော့သလား လဲ မစဉ်းစား၊ ကျန်တာတွေ နားမလည်ဘူး။ သူအလုပ်လုပ်တယ် ပိုက်ဆံရတယ်။ ပြီးပြီ။
ကိုယ်လဲ အခုတလော စိတ်ပင်ပန်းနေတုန်း အေးရာ အေးကြောင်း လျှောက်စဉ်းစားမိတာ လိုကို့ ကိုပဲ သွားသွားမြင်နေတယ် ဆိုပါတော့။ တခြားတော့ တောင်တောင်အီအီ မတွေးပါနဲ့လေ။ ခဏလောက် လိုကို ဖြစ်ဖို့ကိုတောင် တော်တော်ခက်ခဲတာ စဉ်းစားနေမိလို့ပါ။
မိုးချိုသင်း