နောင်လာမဲ့ အနှစ် နှစ်ဆယ်

စာအရေးကောင်းတဲ့ ရွာသားလေးက နောင်လာမဲ့ အနှစ် နှစ်ဆယ် တဲ့။ ရေးပေးဖို့ Tag လာတယ်။

နောက်တမိနစ်၊ နောက် တနာရီ၊ နောက်တနေ့တောင် လူ့လောကမှာ ကိုယ်ရှိမယ် မရှိမယ် မသေချာတာချည်းကို နောင်နှစ်ပေါင်း နှစ်ဆယ်ထိ အတွေးကို ဆန့်ထုတ်ရမယ် ဆိုတော့ ဒီရွာသား တဆိတ်တော့ လွန်ပြီ ထင်ပါရဲ့။ ဒါပေမဲ့လဲ ကိုယ်က စိတ်ကူးယဉ်သမား ဆိုတော့ ဟိုဒီသွားနေတဲ့ စိတ်ကူးတွေနောက် ကောက်ကောက်ပါအောင် လိုက်မိပါတယ်။

တွေးမိတော့လဲ တမျိုးတည်း မဟုတ်၊ နှစ်မျိုးလောက် တွေးမိတယ်။ ဗိုလ်ချုပ်ပြောသလို အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်လဲ ပြင်ဆင်ထားရမှာဆိုတော့ တွေးမိတဲ့အတိုင်း ရေးလိုက်ပါတယ်။ နေရာကတော့ ကိုယ်ချစ်တဲ့ မြေမှာပေါ့။

နောင်လာမဲ့ အနှစ် နှစ်ဆယ် (၁)

မနက်စောစောစီးစီး လမ်းလျှောက်က ပြန်လာတော့ သတင်းစာတစောင် တကျပ်နဲ့ ၀ယ်ခဲ့တယ်။ အိမ်ရှေ့မှာ ကော်ဖီလေးတခွက် သောက်ရင်း သတင်းစာဖတ်နေမိတာ။ ရှေ့ဆုံး စာမျက်နှာကို စိတ်အ၀င်စားဆုံးမို့ ခေါင်းကြီးတွေ အရင် လိုက်ဖတ်နေမိတယ်။

လေးနှစ်တကြိမ် လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီ အနိုင်ရတာ ၅ ကြိမ် ဆက်တိုက် ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလောကက အနားယူတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ခဲ့တယ်။ တပြည်လုံး ပွက်ပွက်ညံသွားတာပေါ့။ သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချလိုက်ကြတာ အခုထိ ဒီအကြောင်းကို ဝေဖန်သုံးသပ်လို့ မပြီးသေးဘူး။

ဒါပေမဲ့ နေ့မအား ညမအား သူတိုင်းပြည်အတွက် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံးလုံး ပင်ပန်းခဲ့ ကြိုးစားလုပ်ခဲ့တာတွေကို ကျေးဇူးတင် ကျေနပ်ပြီး သူ့ကိုယ်ပိုင်အချိန်လေး မပေးသင့်ဘူးလား။ သူချစ်တဲ့ မြန်မာပြည်ကြီးအတွက် သူ ၀ါသနာပါတဲ့ စာရေးစာဖတ်နဲ့သာ အေးအေးချမ်းချမ်း နေတော့မယ် တဲ့။ လူငယ်တွေနဲ့ စာအုပ်စာပေအကြောင်း ဆွေးနွေးပွဲလေးတွေ ရံဖန်ရံခါ လုပ်ပြီး ဘ၀ကို ရိုးရိုးသာ ဖြတ်သန်းတော့မယ် တဲ့။

ပြန်လည်ထူထောင်ရေးကာလတွေမှာ တို့ပြည်သူပြည်သားတွေ စိတ်ရော လူပါ တက်ညီ လက်ညီ ပြုပြင် ကြိုးစားကြလို့ အခုအချိန်မှာ အတော်အတန် တည်ငြိမ်လာခဲ့ရတာပါ။ ကြည့်ပါလား။ သတင်းစာထဲက လူတွေရဲ့ မျက်နှာမှာ ယောက်ယက်ခတ် ပူလောင်တာမျိုး မရှိ၊ အေးအေးချမ်းချမ်း ပြုံးပြုံးရွှင်ရွှင်နဲ့။ ကိုယ်တကယ် စိတ်ပါလို့ ပြုံးတဲ့ အပြုံးချိုချိုတွေနဲ့။

တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက နံပါတ် ၁ ဆိုတဲ့အတိုင်း တက္ကသိုလ်ကျောင်းကြီးတွေ လဲ အဆင့်တန်းမီမီ ဖွင့်နိုင်ပြီ။ ပညာသင်စားရိတ်ကို အခမဲ့ နီးပါး ဈေးချိုချို နဲ့ သင်ကြားနိုင်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ ပညာသင်ခဲ့ကြတဲ့ မြန်မာ ပညာရှင်တွေ အကုန်လုံး ကိုယ့်ပြည်ကို ပြန်လာပြီး စေတနာအပြည့်နဲ့ စာသင်ကြတာလေ။

ဧရာဝတီတိုင်း မုန်တိုင်းသင့်ဒေသတွေကိုလည်း ပြည်တွင်း ပြည်ပ အကူအညီနဲ့ ကျောင်းတွေဆောက်၊ လမ်းတွေပြင်ကြ။ မြန်မာပြည်ရဲ့ ထမင်းအိုးကြီး ထမင်း ပြန်ချက်နေပြီ။ နာဂစ်က မိဘမဲ့ကလေးတွေတောင် အခမဲ့ တက္ကသိုလ်ကြီး မှာ ဘွဲ့လွန် တက်နေကြပြီဲ။

အခုဆို ဆေးရုံတွေမှာ ဆေးတွေ လုံလုံလောက်လောက်၊ ကုတင်နေရာ လုံလုံလောက်လောက် အသုံးပြုနိုင်ပြီတဲ့။ လူတိုင်းလူတိုင်း ကျန်းမာရေးနဲ့ ပတ်သတ်ရင် အာမခံ ရှိတဲ့ ယူကေက ကျန်းမာရေးစနစ်ကို အတုယူပြီး တဆင့်ပြီး တဆင့် ပုံဖော် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားသေးတယ်။

ကိုယ်အရင်က သွားသွားနေခဲ့ရတဲ့ စာပေစိစစ်ရေးရုံးကြီးကို စာပေကင်ပေတိုင်ရုံးဆိုပြီး ပြတိုက် လုပ်လိုက်သတဲ့။ စာပေမလွတ်လပ်ခဲ့ရတဲ့ ကန္တာရနှစ်တွေကို အမှတ်ရပြီး ကိုယ်ရနေတဲ့ စာပေလွတ်လပ်ခွင့်ကို တန်ဖိုးထား လေးစားအောင်လို့ တဲ့။ အခုတော့ စာပေစိစစ်ရေး မရှိတော့လို့ လူတိုင်း လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ရေးသားဖော်ထုတ် နိုင်ကြတယ်လေ။ ပန်းတိုင်းပွင့်ကြပြီပေါ့။

လမ်းထောင့်တိုင်းမှာလဲ စာအုပ်ဆိုင်လေးတွေနဲ့လေ။ အင်တာနက် ကဖေးလေးတွေ ရှိပေမဲ့ လူတိုင်းအိမ်တိုင်းစေ့ အင်တာနက် ရှိနေပြီဆိုတော့ အပန်းဖြေချင်သူ၊ စကားပြောချင်သူ၊ ကော်ဖီသပ်သပ် သောက်ချင်သူများသာ ရှိနေတယ်။ မြို့နယ်တိုင်းမှာလဲ စာကြည့်တိုက်လေးတွေ ရှိသေးတယ်။ စာအုပ်အဟောင်းလေးတွေကို သပ်သပ်ရပ်ရပ် စနစ်တကျ ငှားဖတ်နိုင်ပါတယ်။ သမိုင်းအချက်အလက်ကို စာအနေနဲ့ရော၊ ရုပ်သံအနေနဲ့ရော ရှာလို့ရသေးတာ။

နောင်လာမဲ့ အနှစ် နှစ်ဆယ် (၂)

ရန်ကုန်တမြို့လုံး ဖုံလုံးကြီး ထ နေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထောက်လှမ်းရေးတွေ စွမ်းအားရှင်တွေရဲ့ ဆိုင်ကယ်တွေကထွက်တဲ့ ညစ်ညမ်းလေထု ကြောင့်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ် လူပင်လယ်ကြီးရဲ့ မျက်နှာအားလုံးက တကယ်တော့ အတူတူပဲ။ အားလုံး တမျက်နှာတည်း။

မျှော်လင့်ချက်မဲ့ စိတ်ပျက် ၀မ်းဟာ ဒေါသထွက်။ လူတွေရဲ့ မျက်လုံးတွေက မွဲ၊ ပါးစပ်တွေ ပိတ်၊ ဆံပင် နီကြောင်လန် နဲ့။ ဒီနေ့ ရုံးမှာ မလောက်ငတဲ့ မိသားစု ၀မ်းရေးအတွက် အေးဓမြ တိုက်ခဲ့တဲ့ ငွေလေးကို ခါးပိုက်နှိုက်မှာစိုးလို့ တစမ်းတည်း စမ်းနေရတယ်။ ဘေးကကောင်ကိုလဲ မယုံရ၊ အားလုံးမှာ သံသယ အကြည့်တွေနဲ့။

တိုင်းပြည်မှာ လူငယ်ဆိုတာလဲ ကုန်ပြီ။ တနေ့တနေ့ ပတ်စ်ပို့ရုံးမှာ အလှူပေးနေသလား အောက်မေ့ရအောင် ပြည်ပထွက်ဖို့ တိုးဝှေ့နေကြတယ်။ ဘယ်လိုနည်းနဲ့ ထွက်ရ ထွက်ရ၊ တောင်းသမျှကို ခြစ်ခြစ်ချုပ်ချုပ်ပေမဲ့ မျက်စိမှိတ် ပေးပစ်လိုက်ကြတယ်။ ကျောင်းတွေကလဲ ပိတ်ထားတော့ ပညာရေး မလောက်မငနဲ့မို့ ပြည်ပမှာလဲ ရရာအလုပ် လုပ်ရအုံးမယ်။ ကူလီမျိုးဟေ့ တို့ဗမာ ဆိုသလိုပေါ့။

လမ်းထောင့်တိုင်းမှာလဲ အနှိပ်ခန်းတွေ မှိုလိုပေါက်နေတယ်။ ဟိုး ဆိုင်းဘုတ်ဒ် အကြီးကြီးပေါ်က မြှူဆွယ်နေတဲ့ အနှိပ်ခန်းကြော်ငြာတဲ့ ကလေးမဟာ အ၀တ် ဆင်းရဲလွန်းတယ်။ တမြို့လုံး အဲဒီလို ဆိုင်းဘုတ်ဒ်တွေနဲ့ ပြည့်နေတယ်။

လက်ဖက်ရည်ဆိုင်တွေအစား ဘီယာဆိုင်တွေ ညော်နံ့တလူလူနဲ့။ လောင်းကစား ဒိုင်ကြီးတွေဆိုတာ ခမ်းနားပါပေ့။ သူ့ဒိုင်မှာ လာလောင်းရင် စကဒ်တိုတိုနဲ့ ကောင်မလေးက ဘီယာတလုံး အလကား တိုက်သေးတယ်။

ချဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘော်လုံးပွဲ ကြိုက်တာလောင်းလို့ရတယ်။ မနက်ဖန် မိုးရွာမလား မရွာဘူးလားဆိုတာတောင် လောင်းလို့ရသေး။ ဒိုင်တွေက အကောင်ကြီးကြီးတွေရဲ့ သားတွေ ဖွင့်ထားတာမို့ ဖမ်းမှာ မပူရဘူး။ တရားဝင် လိုင်စင်ချထားတာလေ။

မနက်က ဈေးသွားတော့ ကန်စွန်းရွက်တစည်း တသောင်းဆိုလို့ မဆိုးဘူးဆိုပြီး ကိုင်ကြည့်တာ နွမ်းဖတ်နေပါရောလား။ ပိုက်ဆံကလဲ ထောင်တန်က အနိမ့်ဆုံး အရွက်ပဲ။ ငါးထောင်တန် တသောင်းတန် ကိုင်သုံးနေရပြီ။ သိန်းချီကိုင်မှ တနေ့ဈေးဖိုး ရမယ်။ တက်စီတခါ စီးလိုက်တာ ဟိုနား ဒီနား ၃သိန်း ဆိုပဲ။ ဘတ်စ်ကားခက ငါးသောင်းဆိုတော့ လူတွေ လှိမ့်တိုးနေတာပေါ့။

ဈေးတွေက ရော့ကက်လို တက်သလို ထောင်ဒဏ်တွေလဲ သူနဲ့အတူ လိုက်တက်တယ်။ ဒီမနက် သတင်းစာထဲမှာ နိုင်ငံတော်ကို အကြည်အညိုပျက်အောင် လုပ်မှုဆိုပြီး နဂါးနီ သီချင်းဖွင့်တဲ့လူကို ထောင်ချလိုက်တာ ၁၀၅ နှစ်တဲ့။ ဒါ ဘာဟုတ်သေးလို့လဲ။

၈လေးလုံး အနှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့တုန်းက အကျီ င်္အနက် ၀တ်လာမိတဲ့ အဒေါ်ကြီး တယောက်ကို စွမ်းအားရှင်တွေ ၀ိုင်းရိုက်လိုက်တာ မျော့မျော့ပဲ ကျန်သတဲ့။ သူ့မိသားစုပါ အကုန် ထောင်ချလိုက်တာ နှစ် ၁၃၀ စီတဲ့။ ထောင်တွေလဲ တိုးချဲ့ဆောက်လိုက်ကြတာ ရန်ကုန်တက္ကသိုလ်ရဲ့ တကသ အဆောက်အဦတောင် ထောင်လုပ်ထားရတယ်လေ။

လက်နက်တွေ ဗြောင် ရောင်းဝယ်လုပ်နေတဲ့ လူကြီးလဲ အခု ဘိန်းစက်ရုံပါ ရွှေပြည်သာ မှာ ထောင်လိုက်ပြီ။ မိန်းကလေးချည်းသာ အလုပ်ခန့်မည်လို့ ကြော်ငြာတာလဲ တွေ့လိုက်တယ်။ မန္တလေးနဲ့ တောင်ကြီးတွေမှာပါ စက်ရုံခွဲထောင်မယ် ဆိုပဲ။ စက်ရုံထောင်ခါစက ယူအန် နဲ့ ပြည်ပနိုင်ငံတွေက ကန့်ကွက်ကြောင်း ကြေငြာချက်တွေ ရေဒီယိုမှာ ကြားလိုက်သေးတယ်။

ဟိုတလောကတော့ အနှစ် လေးဆယ်ကျော် အုပ်ချုပ်လာတဲ့ အဖိုးကြီးလဲ အစားများလို့ ဗိုက်ပေါက်ထွက် သေသွားပြီ။ အစိုးရရုံးတိုင်း အလံ တိုင်တ၀က်မဟုတ်ဘဲ အောက်ထိ ချရမယ် ဆိုလို့ မြန်မာပြည်အလံတွေ မြေပေါ်ပုံနေတာ တွေ့ခဲ့ရသေးတယ်။

ဒါပေမဲ့ ဘာမှတော့ ထူးမသွားပါဘူးလေ။ လှုပ်ရှားတက်ကြွသူတွေကို ထောင်တွေချဲ့ပြီး ထည့်ထားတာ အပြင်မှာ လူမှ မကျန်ဘဲ။ တိုင်းပြည် အုပ်ချုပ်ဖို့ အဖိုးကြီး မြေးက ချက်ချင်းပဲ အာဏာလွှဲယူလိုက်တယ်။ ဆွေစဉ်မျိုးဆက် ဘုရင်တွေလို့ ဆိုတာကိုး။ သူတက်ပြီး နောက်တနေ့မှာပဲ သတင်းစာမှာ အမိန့်ကြေငြာချက် ပါလာတယ်။ သူတို့နဲ့စကားပြောရင် ဘုရား ထူးရမယ် ဆိုပဲလေ။

ကဲ ကိုယ်တွေးမိတဲ့ နောင်လာမဲ့ အနှစ် နှစ်ဆယ်တော့ ဗားရှင်း နှစ်မျိုး နဲ့ ရေးပြီးပါပြီ။ ပထမအပိုင်းကို မျှော်လင့်သူများအတွက်တော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့ ဘယ်သူမပြု မိမိမှု လို့ ဆိုရမည်သာ။


မိုးချိုသင်း

71 comments:

MrDBA said...

အမရယ် စိတ်ကူးကလဲကောင်းပ။

MrDBA said...

ကျွန်တော်တော့ Option 1 ကိုဘဲ မျှော်လင့်နေပါ့မယ်ခင်ဗျ။

Su said...

hit right on the head

Anonymous said...

ရေးပေးတာ ကျေးဇူး ဒီဘက်လှည့်လာရင် ၀က်သားပေါင်းရယ် ၀က်ခြေထောက်ရယ် ၀က်သားလုံးကြော်ရယ် ၀က်သားနှပ်ရယ် ၀က်...၀က်တွေ ၀ယ်ကျွေးမယ် တကယ်။ အမြည်း - အရှေ့ဖက်ကမ်းခြေက ၀က်ခြေထောက် လွှတ်မိုက်တာဗျ။

သတိပေးချက်-အမကေလို တိတ်တိတ်ပြန်သွားရင်တော့ ရွာသားအပြစ်မပါဘူးနော်

သတင်းစာတစ်စောင် တစ်ကျပ်တဲ့ ရွာသားနေ့တိုင်းဝယ်ဖတ်မှာနဲ့တော့ အတော်ပဲ။

စာအရေးကောင်းတယ်တဲ့ ကြည့်လည်းလုပ်ပါ အရမ်း(ဘာမှန်းမသိပဲ စွတ်ရွတ်ပြီးလေ) ရေးနေတာပါဗျ

မူရင်းက အနှစ်သုံးဆယ်ခင်ဗျ။ ကျနော်တောင် ရှိနေဦးမှာ မသေချာလို့ ဈေးဆစ်ထားတာ နှစ်ဆယ်ထားလို့။ တော်သေးတယ် အခုအချိန်ထိတော့ မောင်ရိုး ဈေးဆစ်သလို မလုပ်မိသေးလို့။

P.Ti said...

နှစ်ဆယ် (၁)ကို မျှော်လင့်နေပေမယ့် နှစ်ဆယ် (၂)အတိုင်းတော့ ဖြစ်နေတာပဲလေ...

ညီမလေး said...

အမရယ် ..
ရွှေပြည်တော် မျှော်တိုင်းဝေးဆိုသလိုများ ဖြစ်နေပြီလားမသိပါဘူးနော်...

yehtutnaung said...

နောင်လာမယ့် အနှစ် နှစ်ဆယ် (၁) ကိုပဲ ကျွန်တော်လဲ မျှော်လင့်နေပါတယ်ဗျာ....

Sein Lyan said...

စိတ်ကူးလေးတွေယဉ်တဲ့အတိုင်းပေါ့ဗျာ
စိတ်ကူး (၂)ခုလုံးကောင်းပါတယ်
မကြီးချိုသင်း အိမ်မလာဘူးနော်
ဘယ်လိုဖြစ်လို့ စိမ်းကားနေတာလဲ
ဒါပေမယ့်
သဘောကျလို့ ရယ်လိုက်တယ်လို့
မြင်တော့ ကျေနပ်သွားတယ်
မကြီးချိုသင်း
ကျမ်းမာပျော်ရွှင်ပါစေ
ဖိုးစိန်

မိုးခါး said...

နံပါတ် ၂ ဖြစ်မှာကိုတကယ်ပဲ တွေးကြောက်မိတယ် ..း(

tg.nwai said...

ချိုသင်းရေ.. လမ်းဆုံရောက်နေပြီပေါ့.. နောင်အနှစ်နှစ်ဆယ်အတွက် ကိုယ်လျှောက်ချင်တဲ့ လမ်း ကိုယ်ရွေးကြစတမ်းပေါ့လေ..။ အပိုင်း တစ်မှာ်ဆုံကြတာပေါ့ ချိုသင်းရေ..။ သံသယကင်းကင်းနဲ့ ယုံကြည်ခြင်းအပြည့် တည်ဆောက်ထားတဲ့ တိုင်းပြည်လေးမှာ...။

Taungoo said...

တစ်ကိုဖတ်ပြီး ကြက်သီးထတယ်။
နှစ်ကိုဖတ်ပြီး ကြက်သီးပြန်ဝင်သွားတယ်။
း)

မမသီရိ said...

အာ..
ဒုတိယ အတွေးတော့ totally ကန့်ကွက်တယ်ကွာ
ရှိကို မရှိနေစေရဘူး
း(

JulyDream said...

နောင် အနှစ် ၂၀ ကို ပြုံးပြုံးလေးနေပြီ ကြည့်နေလိုက်ပါတယ်...

Anonymous said...

နှောင်လာမဲ့ အနှစ် (၂၀)
(၁)ပဲမျှော်လင့်မိတယ်

စုချစ် said...

နံပါတ်၁ကို ဖတ်ပြီး ပြုံးနေမိရာက နံပါတ်၂ကို ဖတ်ပြီး ငိုင်တွေမိတယ် မချိုသင်းရယ်...

MrDBA said...

နောက်တစ်ခေါက်ထပ်လာတယ်။ Option 1 ကို ကျွန်တော်တို့ လုပ်ယူလို့ ရနိုင်တာဘဲနော်။ လူညီဖို့ဘဲလိုတာ။

Unknown said...

လာဖတ်ပါတယ် အစ်မရေ
အပိုင်းတစ်လိုတော့ အားလုံးဖြစ်စေချင်ကြတာပေါ့ဗျာ
ဒါပေမယ့်
အပိုင်း၂ လိုကတော့ အခုလည်း အဲဒီလောက်နီးနီးဆိုတော့ အင်း ခံနိုင်ရည် ပြည့်ဝနေတဲ့ ကျွန်တော်တို. အတွက်တော့ အင်းသိ

နွေးနေခြည် said...

option 1 ဖြစ်ရမယ်လို့မတွေးရဲပေမယ့် option 2 ဖြစ်မှာတော့ကြောက်လိုက်တာ (ဖြစ်တောင်ဖြစ်နေပြီ)..

မင်းအိမ်ဖြူ Minn Eain Phyu said...

ရောက်တယ်အစ်မရေ
နံပါတ်၁ ကိုတော့ အားလုံးမျှော်လင့်နေကြတာပေါ့ဗျာ
နံပါတ်၂ ကတော့ အခုလည်းနီးနီးဖြစ်နေတာဆိုတော့ အင်း သည်းခံခြင်းပါရမီ ပြည့်စုံလေသော ကျွန်တော်တို. အားလုံး ထူးပြီးလည်း ခံစားရတော့ မယ် ထင်ပါဘူးဗျာ

အားလုံးကတော့ ကောင်းဖို.မျှောလင့်နေကြပါတယ်

:P said...

မမရေ... (၁ )ဖတ်ပြီး ပြုံးနေမိတာ (၂) ဖတ်ပြီး တုန်လှုပ်သွားတယ်...။

Sein Lyan said...

စိတ်ကူးနှစ်ခုလုံးကောင်းပါတယ်ဆိုတာ...
ဖြစ်နိုင်ချေကို စဉ်းစားတတ်တဲ့ မကြီးချိုသင်းရဲ့ ဖြစ်နိုင်ချေ စိတ်ကူးကိုပြောတာနော်
လိုချင်တာကတော့ (၁)ပေါ့လေ..

(၂)ဖြစ်လို့ကတော့...ဘုရားထူးမယ်ထင်သလား
သွားမဖြဲပဲ ဓားဆွဲလိုက်မယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

မယ့်ကိုး said...

မ အနုစိတ်စဉ်းစားထားတာ အရမ်းကောင်းပါတယ်။
ပထမအပိုင်းကို မျှော်လင့်သူများအတွက်တော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့ ဘယ်သူမပြု မိမိမှု...တဲ့လား။
မြားချက်ပြင်းပေမယ့် စလှမ်းမယ့်သူကိုပဲ အားလုံးကို မျှော်လင့်နေကြတော့... :(

လင်းဒီပ said...

ပထမဗားရှင်း ဖြစ်ရပါလို၏....။
ပထမဗားရှင်း ဖြစ်ရပါလို၏....။
ပထမဗားရှင်း ဖြစ်ရပါလို၏....။

ကိုရင်နော်ခင်လေးငယ် said...

အစ်မရယ်...
(၁) ဖတ်ပြီး ကြည်နူးနေတာ (၂) ဖတ် လိုက်တာ ညှစ်သတ်လိုက်သလိုပါပဲ..း)

Anonymous said...

အခြေအနေအမှန်က ၁နဲ့၂ကြား၊ တ၀က်နဲ့ ၁ကြားမှာ ရှိမယ်ထင်တယ် အမ။ လက်ရှိကနေ ၁ရောက်ဖို့ နှစ်၂၀နဲ့မရဘူးလို့ ထင်တာပဲ။

mr.si said...

တော်လှန်ရေး၏ နိဂုံးဟာ ဒီမိုကရေစီပါ. နောင် လာမယ့်
အနှစ်နှစ်ဆယ်မှာ နိဂုံးချုပ်ပြီးသားကို မျှော်လင့်နေပါတယ်.(ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေသော united stete of myanmar )

Myo Win Zaw said...

option 1 ကိုမြန်မြန်ဖြစ်စေခြင်ပြီ ဖြစ်အောင် လုပ်နေသူတွေကို စိတ်ရောကိုယ်ပါ ပံ့ပိုးကြစို့

ဖိုးသင်္ကြန် said...

ဒီတခါComment ပေးဖို့ တော်တော်စဉ်းစားလိုက်ရတယ်။

သေချာတာကတော့ လိပ်ပြာတစ်ကောင်တည်း တောင်ပံခတ်တာနဲ့ မုန်တိုင်းတွေ ဖြစ်မလားနိုင်လောက်ဖူးထင်တယ် အမ။ ကျွန်တော်ဆိုလိုတာ ပထမအနာဂတ်အတွက်ရော၊ ဒုတိယအနာဂတ်အတွက်ရောပါ။

နောင်အနှစ်နှစ်ဆယ်ကျရင်
ဒီစာကို ကျွန်တော်ပြန်လာဖတ်ပြီး ပျော်ချင်ပါသေးတယ်။
:)

ဂျူနို said...

၁က နောက်ဖြစ်မှာ။
ကင်ပေတိုင်ရုံးတွေကတော့ အများကြီးပဲ။
ကင်ပေတိုင်း ပြတိုက်ဆိုပြီး ပြထားမှာ။ နိုင်ငံတကာက ခု သဲကုန်းဆရာတော် လှည့်လေ့လာသလို လေ့လာကြလိမ့်မယ်။
၂ကတော့ ခုဖြစ်နေတာပါ။ အဖိုးကြီးကို ဘာလို့ အဲ့တော့မှ ပေးသေတာလဲ။

မည်သူမပြူ မိမိမူ့ တဲ့။
ကြိုက်တာကိုရွေးကိုယ့်လူတို့ လား။
ကြိုက်ကြိုက် အားလုံးကြိုက် မျိုးတင့်ဆွေကို အားလုံးကြိုက် အဲလေ နံပတ်၁ ကို အားလုံးကြိုက်။

ရီလိုက်ရတာနော်။

ကိုလူထွေး said...

ကျွန်တော်တို့ ရှေ့က မျိုးဆက်တွေ တာဝန်မကျေခဲ့သေးသမျှ ကျွန်တော်တို့လက်ရှိဘဝမှာ အခုလို အာဏာရှင် စနစ်ဆိုးနဲ့ ရင်ဆိုင်နေရတာပေါ့...

ဒီနေ့ ကျွန်တော်တို့ခေတ်မှာလဲ ဒီတာဝန်တွေကို ဟိုလူ့ ပုံချ... ဒီလူ့ အပြစ်တင်ပြီး ကိုယ်တိုင်ကျတော့ ခေါင်းရှောင်နေကြဦးမယ်ဆိုရင် နောင်အနှစ်နှစ်ဆယ် မပြောနဲ့ ၄၀၊ ၅၀ နှစ် ၁၀၀ အထိလဲ လွတ်လပ်မှာ မဟုတ်ဘူး။

မချိုသင်းချပြလိုက်တဲ့ ဒုတိယ ဗားရှင်းက ပိုအဓိပ္ပာယ်ရှိပြီး ပိုထိရောက်တယ်...

စိတ်ကူးယဉ်တယ်ဆိုတာ လူတိုင်းယဉ်လို့ရပါတယ်...

ဒါပေမယ့် ကိုယ့်စိတ်ကူးလေးထဲမှာပဲ ယစ်မူးမနေဘဲနဲ့ နောင်တစ်နေ့ ရောက်လာမယ့် အနာဂတ်...

ကျွန်တော်တို့ မွေးလာမယ့် ရင်သွေးတွေရဲ့ အနာဂတ်ကို ကျွန်တော်တို့လက်ထက်မှာ မလျှော်ဖွတ်ပေးရင် ဒီအညစ် ဒီအဆိုးတွေက ဘယ်တော့မှာများ အဆုံးသတ်တော့မှာလဲ...

လူဆိုတာ တစ်နေ့တော့ သေရမှာပဲ... သေတဲ့အခါ ဘာမှ ပါသွားမှာမဟုတ်ဘူး။ မသေခင် ကိုယ်က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်... အနည်းဆုံး ကိုယ်မွေးလာမယ့် သားသမီးတွေရဲ့ လူမှုဘဝ အနာဂတ်အတွက် ဘာလုပ်ခဲ့ပြီးပြီလဲ...

ဒီမေးခွန်းကို လူတိုင်းကိုယ့်ကိုကိုယ် ပြန်မေးစေချင်တယ်...

ခင်တဲ့
ကိုလူထွေး

May Sithu Aung said...

option 1 ကို မျှော်လင့်မနေဘဲ အားလုံး ကိုယ်တတ်နိုင်တဲ့ဘက်က ကြိုးစားရင် နောင်လာမယ့် အနှစ် ၂၀ တော့ မဖြစ်နိုင်သေးပေမယ့် အနှစ် ၅၀ လောက်ဆို ရင်တော့ ဖြစ်လာမှာပါ။
ထင်တာလေ....။
ဒါပေမယ့် အဲဒီအချိန်လောက်ဆို... ကမ္ဘာကြီးတခုလုံး option 2 များဖြစ်နေမလား..............
မိပ။

Unknown said...

အစ်မရေ...ဒီလို ရေးလိုက်တော့ ... အရမ်းကိုလန့် သွားတယ်..အပိုင်း 2 ကိုရင်ဆိုင်ရမှာကိုပေါ့..။ အပိုင်း 1 အတိုင်းလေး..ပဲ ဖြစ်စေချင်တယ် အစ်မရယ်..။ ဖြစ်အာင် လုပ်ရမယ် အစ်မ ရယ်..။

Su Nandar Nge said...

ပြောထားပြီးသားပဲလေ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လဲ ပြင်ဆင်ထားရမယ်လို့။ ဒါပေမယ့် အကောင်းဆုံးတွေပဲ ဖြစ်ချင်တာ သဘာသ၀ပဲမို့...... ဟင်းးးးးးးးးး

HNINSIPHUU said...

အမရေ

အမရဲ့ အရေးအသားတွေက ကောင်းလွန်းပါတယ်...option 1 ဖြစ်လာမယ့်ရက်ကို မျှော်လင့်နေပါတယ်..

November said...

Very nice Idea. Let's struggle for freedom of Myanmar.

November said...

Let's struggle for freedom of Myanmar.

သီဟသစ် said...

အစ်မချိုသင်းရေ..

နှစ်ဆယ် ၂ က ခုကတည်းကတိုင် ဖြစ်နေတာမို့..
နှစ်ဆယ် ၁ ကိုသာမျှော်လင့်မိပါကြောင်း...

ခင်မင်စွာဖြင့်
သီဟသစ်

thwe thwe said...

မမရေ

သမီးကတော့ စိတ်ကူးတွေကို ပုံဖော်ရတာကြိုက်တယ်။

လုပ်ကြည့်တာပေါ့ မရလည်း အရင်းပဲ။ ဒီအတိုင်းနေလည်း သေမှာပဲ။ လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံခတ်သံဟာ မုန်တိုင်းဖြစ်မလာနိုင်ပေမဲ့။ လိပ်ပြာတစ်ကောင်ဟာ လူဆိုးရဲ့ နားစည်ကို ဒုက္ခပေးနိုင်ရင် လူဆိုးကို အနိုင်ရမှာပါ။ ကြွက်ကလေးမှာလည်း အစွမ်းအစရှိပါတယ်။

ညီစေနော် ဒို့ ရဲဘော်။

မဆုမွန် said...

ို့ မြန်မာပြည်အလံတွေ မြေပေါ်ပုံနေပြီး ခွေးကို လူက ဘုရားထူးရမယ့် အဖြစ်မျိုးနဲ့ မကြုံပါရစေနဲ့ အစ်မရယ်..ငိုချင်သွားတယ်..

ခင်မင်းဇော် said...

ဘယ်သူမပြု မိမိမှုတဲ့လားးးး
လူတိုင်းမှာ တာဝန်ကိုယ်စီ ရှိပါတယ်။

Phoe Pyae Lone said...

လူလိမ္မာ သား သမီးတွေက တော့ဦးနှောက် ရှိတယ်။ ပညာတတ် မိဘများကသွန်သင်ဆုံးမ
ထားတော့ စဉ်းစားဥာဏ်ရှိတယ်။ ကဗျာဆရာ
ကြီး ရဲ့ရင်သွေးဆိုတော့ အနုပညာခံစားချက်
ရှိတယ်။ လူမိုက်ကြီးတွေကတော့ တိုင်းပြည် အုပ်ချုပ်နေတာ အနှစ်နှစ်ဆယ် ရှိပြီ။ သူ(လူမိုက်ကြီး)သေသွားလျှင် ဒယ်အိုးကို ချက်ချင်းမရောက်ဘူးခင်ဗျာ။ ခဏဆိုင်းပြီး ပြိတ္တာဘုံမှာထားဦးမှာ ပြီးတော့မှပို့မှာသူတို့
အတွက် ဒယ်အိုးကရှယ်မှာထားတာ
ကုန်သွယ်ရေးမှာထုတ်သွင်းလိုင်စင် စောင့်နေလို့ မရောက်သေးဘူးတဲ့။
(နှစ် နှစ်ဆယ် ၂ အတွက်အားဖြည့်ပါသည်။)

Ko Kyaw said...

ကောင်းတယ်ဗျာ။
ဗားရှင်း ၁ ကို အမျှော်လင့်ဆုံးပဲ။
၂ ကတော့ အခုလည်း တ၀က်လောက်မှန်နေပြီ။

CONTACT said...

ချိုသင်းရေ
ဖအေတူသမီးလို့  မှတ်ချက်ချလို့ ရသွားပြီ။
အမှန်တရားအတွက်၊ တိုင်းပြည်နဲ့ လူမျိုးအတွက်
ကိုယ်ပိုင်တဲ့ ကလောင်နဲ့  အလုပ်အကျွေးပြုခွင့်ရတာ
အရမ်းကို မွန်မြတ်လှပါတယ်။
KM

မီယာ said...

မချိုသင်းရယ် (၁)ဖတ်ပြီး ပြုံးနေတာ (၂)လည်းရောက်ရော ကျောချမ်းလိုက်တာ။ ကလောင်ကစွမ်းပါ့။ ကစွန်းရွက်ကြိုက်လွန်းလို့ ၁စီး ၁သောင်းတော့ မလုပ်ပါနဲ့။ ရန်ကုန်ပြန်မှ ကစွန်းရွက် အ၀စားရတာမို့ပါ။

ကိုလူထွေး said...

မချိုသင်းရေ...

ကြိုက်လို့ အစအဆုံးကူးပြီး ကိုလူထွေးဆီမှာ တင်ထားလိုက်တယ်...

ခွင့်ပြုမယ်မဟုတ်လား...

မန့်လိုက လာမန့်နိုင်သည်...

ခင်တဲ့
ကိုလူထွေး

Anonymous said...

မမချိုသင်းရေးးး
မြူးလဲမမရဲ့ ..နှောင်လာမဲ့..အနှစ်နှစ်ဆယ်ကို
ကူးပြီးမြူးဘလောဂ့်လေးမှာတင်ချင်လို့ ပါရှင့်
ရလားဟင်???ရရင်အကြောင်းပြန်ပေးနော်...မမ
ခင်တဲ့
မြူးလေး

ခြေလှမ်းသစ် said...

အမမိုးချိုသင်းရဲ့  ပိုစ့်လေးကို အရမ်းလေးစားမိပါတယ် အရမ်းကြိုက်လို့ ကူးယူပြီး တင်ဖို့ လာတောင်းတာပါ ခွင့်ပြုမှု မရခင် အမြန်တင်လိုက်ပါမယ် ဘာဖြစ်လို့လဲဆိုတော့ ရန်သူ့လူတွေကို အမြန်ဆုံးနည်းနဲ့ ပြချင်လို့ပါ အမြန်ဆုံးပျံ့ နှံချင်လို့ပါ
ကိုဇော်

တန်ခူး said...

ချိုသင်းရေ… လမ်း၂ခုကို ကွက်ကွက်ကွင်းကွင်း ချပြသွားတတ်လိုက်တာ…
ဘယ်သူမပြုမိမိမှုတဲ့... ထို့ ကြောင့် မိုးချိုသင်းဟုခေါ်ပါသည်…

တူးတူး said...

ကျနော်လည်း တင်ချင်ပါတယ်။
ခွင့်ပြုပါ ခင်ဗျား။



လေးစားလျှက်
တူးတူး

mikozan said...

၁ ကိုလို ချင် မြန်မြန်ကြံ
၂ ကိုလို ချင် ငြိမ်သာခံ

သက်ဝေ said...

ချိုသင်းရေ...
ဟိုးတနေ့ထဲက လာဖတ်ပြီးသားပါ
အချိန်မရလို့ Comment မရေးခဲ့ရတာ...
ကိုယ်ကတော့ လူသားပီပီ ကောင်းတာလေးကိုပဲ နှစ်သက်မိတာပေါ့...
သို့သော် တော်တော်တော့ ကြိုးစားကြရလိမ့်အုံးမယ် ထင်တယ်နော်...။

kiki said...

မချိုသင်းရေ ..
ဖြစ်စေချင်တာတွေ . ဖြစ်သင့်တာတွေ . ဖြစ်နေတာတွေ ..ဖြစ်လာမှာတွေ ..
ကဲ ..ကဲ ..ပြောနေတာ ကြာတယ် ။
ကိုလူထွင်းကြီး နဲ့ မြူးတို့ နောက်လိုက်
လုပ်ပါရစေနော် ။
ခုခေတ်က ကော်ပီခေတ်လေ ။
ခွင့်ပြုချက်လေးတခုတော့ တောင်းလိုက်ပါတယ် ။
ပြန်လည် ဖေါ်ပြခွင့် ပြုပါလို့ ။
ကျေးဇူး ...

ခင်မင်လျှက်
ဖွားကိ ။

ကိုလူထွေး said...

မချိုသင်းရေ..
ကိုလူထွေးဆီရောက်လာတဲ့ ကော်မင့်တစ်ခုကို မူရင်းစာရေးသူကို ပြန်လည် မျှဝေပါတယ်ခင်ဗျာ...


သုဒြေ္န said...
ကိုထွေးေ၇ကျေးဇူးပါလို့ပြောပါရစေ ကျနော်လေဒီပို့ စ လေးကို မမိုးချိုသင်းရေးထဲကမန့့်ချင်နေတာမန့် လို့ မ၇တော့စိတ်မကောင်းဖြစ်မိတယ်ခုကိုလူထွေးတင်မှဘဲမန့် ရတော့ တယ်ဒီလိုဗျာကျနော့ မန့် လေးကမျော်လင့် ခြင်းများစွာနဲ့ဘားရှင်းတစ်ကို ကျ့ နော်တို့ မျှဝေခံစားချင်ပါတယ်ရိုးရှင်းလွန်းတဲဆန္ဒတခုပါဒီဆန္ဒသည်မှန်ကန်ပါ၏ထိုမှန်သောသစ္စာကြောင်ကျနော်တိ့မခံစားရ သည့်တိုင့်ကျနော်တိ့သားစဉ်မြေးဆက်ခံစားရပါစေသားမူရင်းစာရေးသူအပါင်အားလုံးကိုခင်မင်လေးစားသော သုဒြေ္န

08/06/09 17:27


သုဒြေ္န said...
ထိုမှန်ကန်သောသစ္စာကြောင့် ကျနော်တို့ မခံစားရသည့် တိုင်ကျနော်တို့ သားစဉ်မြေးဆက်ခံစားရပါစေသား မူရင်းစာရေးသူအပါဝင်အားလုံးကိုခင်မင်လေးစားသော သုဒြေ္န

08/06/09 17:33

ဂျူနို said...

ကော့မန့် တွေ လာဖတ်တာ။
ပျော်လို့ ။
ရဲဘော် ၅ကျိတ်ကျော်နေပြီနော်။

Sein Lyan said...

မကြီးရေ...
မကြီးရဲ့ ပိုစ့်ကို ကျနော်အိမ်မှာ ပြန်တင်ချင်တယ်
ခွင့်ပြုမယ်ဆိုရင် တနည်းနည်းနဲ့ အကြောင်းပြန်စေချင်ပါတယ်ဗျာ...
ခွင့်ပြုမယ်ထင်ပါတယ်
မကြီးကို ချစ်ခင်လေးစားတဲ့
ဖိုးစိန်

CONTACT said...

ချိသင်းရေ
ကောမန့်  ၅၀ ကျော်သွားတဲ့ "အနှစ်နှစ်ဆယ်" မို့  စာဖတ်သူတွေ ဘာလိုချင်နေလဲဆိုတာ သိအောင် လက်တို့ လိုက်တယ်နော်။ ရင်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ရေးဖို့ အချိန်တန်ပြီနော်။ KM

ဝသန်မိုး said...

အမ မမိုးချိုသင်းရေ
ကျွန်တော်လည်း အမပို့ စ် ကို တင်ချင်ပါတယ်
ဖြစ်ချင်တာတွေနဲ့ ဖြစ်နေတာတွေ
လိုချင်ပေမယ့် လိုအင်မပြည့်တာတွေ
အမ ချပြပေးလိုက်သလို ပါပဲ ။
အမနာမည်နဲ့ ပဲ ပြန်လည်ဖော်ပြပါမယ်
တင်ခွင့်ပြုပါလို့ တောင်းဆိုပါတယ်ခင်ဗျား
ခင်မင်လေးစားစွာဖြင့်
ဝသန်

anex said...

ကောင်ပါတယ်..မ.. မ

သစ်နက်ဆူး said...

မမိုး...
နောင် အနှစ်၂၀ ပို့ စ်ကိုဖတ်လိုက်ရတာ...
နတ်ပြည်နဲ့  ငရဲပြည် နံရံ ၂ခုကြားရောက်သွားသလိုဘဲဗျာ...
မွန်းကျပ်သွားတယ်...။
ချပြတဲ့ စိတ်ကူးအမြင်လေးကတော့ ကောင်းပါတယ်...။
ကျနော်အပါအ၀င် မြန်မာပြည်သားတွေ ကိုယ်တိုင်ကပြကြမယ့်....
ကိုယ်တိုင်ရေး ဇာတ်ညွှန်းကြီးပေါ့...။

ဂျူနို said...

ချိုသင်းရေ
မအယ်မ သွားပြီ။

ck said...

if we all keep on doing as we did so far, the option 2 will come true for dead sure. it is already almost there.

Ree Noe Mann said...

အမရေ တကယ်ကိုကောင်းတဲ့ စိတ်ကူးပါ။

၁) အနေနဲ့ ဘယ်သူတက်တက်ပါ ပြည်သူတွေအတွက်စဉ်းစားပေးရင်တော်ပါပြီ။

၂) ကတော့ ကမ္ဘာမှာ မြန်မာကတော့ ရာဇဝင်တွင်းဦမှာပေါ့ဗျာ။ ဘယ်ရောက်ရောက် မြန်မာဆိုတာ ခေါင်းတောင် မဖေါ်ရဲအောင်ကိုဖြစ်အုံးမှာပါ။

၁ လေး အတိုင်းပဲဖြစ်ပါစေဗျာ။

မောင်လေးရီနို

Unknown said...

မမိုးချိုရေ..သူ့မြေးတက်ပြီးနောက်ပိုင်း မြန်မာပြည်ကြီးကို
အုတ်တံတိုင်းခက်လိုက်တာပါ ထည့်ရေးလိုက်လေဗျာ ။

မေလေး said...

မမချိုသင်း
မေလေး စီဘောက်မတွေ့လို့ တွေ့ တဲ့ထဲအော်သွားပါတယ် ...မမမေလေးဆီ ကော့မန့်လာရေးတာ မေလေး အရမ်းကို ပျော်သွားတာ ..တကယ်ပြောတာ..မေလေး ဘလော့ စဖတ်ထဲက လေးစား၇တဲ့ ထဲမှာ မမလဲ ရှေ့ဆုံးကပါတယ် သိလား..မမ မယုံရင် မေလေးအရင်ကရေးထားတဲ့..“မြူး ဇော် ပါးလုံးနဲ့ ဘလော့ ကာအကို အမများအားလုံးသိုပ ကျေးဇူးတင်ရှိခြင်း” ကို လာဖတ်ကြည့်ပါနော်..
မမကို ချစ်တဲ့
မေလေး

Kaung Kin Ko said...

နှစ်ဆယ်(၁) အတိုင်းဖြစ်ပါစေ အမရေ။

Unknown said...

အမရဲ့ (၁)ကိုဖတ်ပြီးအသက်ရှူတာခဏရပ်
သွားတယ်...
(၂) ကိုဖတ်ပြီးဒေါသထွက်ရတယ်...

ဂရေစ့် said...
This comment has been removed by the author.
ဂရေစ့် said...

အမရေ...
စိတ်ကူးကကောင်းလွန်းလို့....ဆိုးလွန်းလို့....မတွေးဝံ့လောက်အောင်ပါပဲ နောင်လာမဲ့အနှစ်၂၀ရယ်...

Unknown said...

တား ကျောက်တယ် ဂျ။

ဆုမြတ်မိုး said...

မချိုသင်းဘလော့ကို ပြန်လာဖတ်တာ ဒါနဲ့ဆို အစအဆုံး ၃ ကြိမ်ရှိပြီ ။ ဒီပိုစ့်လေးကဟာလေးတွေက နှစ်ခုရောပြီးဖြစ်နေတယ် ။

တစ်သောင်းတန်တွေသုံးနေရသလို ၀ိုင်ဖိုင်တွေလည်းရနေပြီ ။

သတိရနေပါတယ်ရှင့်
ချစ်ခင်လျက်
ဆုမြတ်

ဆုမြတ်မိုး said...

မမချိုသင်းရယ်..
သတိရလို့ နောက်တစ်ခေါက်ပြန်လာလည်တယ်နော်

ချစ်ခင်လျက်
ဆုမြတ်