တူမလေးများနဲ့ တလတာ..


စာမရေးဖြစ်တာ ၃လလောက်တောင် ရှိပါပြီ။ တကယ်က ဘလော့လေးကို ခဏထားပြီး ကိုယ့်ဘ၀ရဲ့ လိုအပ်ချက်တွေကို လုံးပမ်းနေရတာလဲ ပါတယ်၊ အမတွေ တူမတွေဆီ ခရီးထွက်နေရတာလဲ ပါပါတယ်။ ခရီးမထွက်ခင် အရှိန်ယူနေလို့ စာမရေးတာက တလ၊ ခရီးထွက်တာက တလ၊ ထွက်ပြီး ပြန်လာလို့ အပျော်တွေ ကိုယ်ရှိန်သပ်နေရတာက တလ ဆိုပါတော့..။

ကိုယ် ခရီးသွားတာ မိသားစု ပြန်ဆုံကြတာမို့ အမတွေအပြင် အပိုဆုလေးတွေ ဖြစ်တဲ့ တူမလေးတွေနဲ့ ဆုံခဲ့ ပျော်ခဲ့ရပါတယ်။ သူတို့လေးတွေနဲ့ ဆုံရတော့ ၀မ်းသာ ၀မ်းနည်းပေါ့။ ၀မ်းသာတာကတော့ အခုလို တစုတစည်းတည်း ဆုံဆည်းခွင့်ရတာကို ကြည်နူးမိတာပါ။ ၀မ်းနည်းတာကတော့ သူတို့တွေရဲ့ အခုလို ချစ်စရာအကောင်းဆုံး အရွယ်လေးတွေမှာ အနားမှာနေပြီး သူတို့ တိုးတက်လာတာလေးတွေ၊ အလေ့အကျင့်လေးတွေ စောင့်ကြည့် အကဲခတ်ခွင့် မရတာကိုပါ။

ကလေးတွေက ငယ်ငယ်တုန်းကနဲ့ မတူတော့ပါဘူး။ မယ်တတ်ပ လေးတွေ ဖြစ်နေကြပြီ။ အသက်တွေက ၁၃ နှစ်၊ ၁၀ နှစ် နှစ်ယောက် နဲ့ ၈ နှစ် တို့ပါ။သူတို့မှာ သူတို့ဖာသာ သူတို့ စီစဉ်ချင်တဲ့ အကြံလေးတွေနဲ့..။ လူကြီးတွေလို သီချင်းတွေကိုလဲ ရွေး ကြိုက်တတ်ပြီ။ အ၀တ်အစားဆိုလဲ လှ မလှ ကြည့်တတ်နေပြီ။ ချိုချို ဒီလိုလုပ်ထားတာ လှတယ်၊ ဒါကြီးနဲ့ မလိုက်ဘူး လို့ ပြောတတ်နေပြီ။ သူတို့ ချိုချိုကလဲ မလိုက်တာကြီး ဆွဲဆွဲ ထုတ်လာလို့ အလိုအလျောက် ကြည့်တတ်သွားရတာလဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ မလှတာ မြင်ပါများတော့ အလှကို ပိုခံစားတတ်သွားသလိုပေါ့။





ကိုယ်ကလဲ သူတို့လေးတွေနဲ့ နေရတဲ့အချိန်မှာ ဒိတ်အောက်နေပြီ ဆိုပြီး မပေါင်းသင်းမှာစိုးလို့ သူတို့အုပ်စုနောက် တကောက်ကောက် လိုက်နေပါတယ်။ သုံးယောက်ပေါင်းတော့ လောင်းကျော် လို့ ဆိုကြတာ တူမ၄ယောက်၊ အဒေါ်တယောက် - ၅ယောက်ပေါင်းတော့ ဘာများ ကျော်မလဲ မသိ။

သူတို့ ကြိုက်တဲ့ သီချင်းတွေ လမ်းသွားရင်း ပျော်ပျော်ရွှင်ရွှင် ဆိုကြတော့ ကိုယ့်မှာ လိုက်မဆိုတတ်လို့ ပြုံးနေရတယ်။ လိုက် ယောင်ဝါးဖို့တော့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ အလှမ်းကျယ် လို့ အလယ်မှာ ပြုတ်ကျသွားတယ်။ လေဒီဂါဂါ လို ဆတ်ကနဲ ဆတ်ကနဲ တွန့်သွားတာမျိုး သူတို့သဘောကျကြတာ ကိုယ်က ဘေးကနေ ပါးစပ်ကြီး ဟ ပြီး ငေးရတယ်။ သူတို့ တယ်လီဖုန်း ring tone က ဘေးဘီ ဘေးဘီ (baby baby) ဆိုပြီး ဂျက်စတင်ဘီဘာ အသံ ထည့်ထားပြန်တော့ ကိုယ့်မှာ ဘေးဘီ လှည့်ကြည့်ရသေးတယ်။ ကိုယ့်များ ဘေးကပ်ခိုင်းနေသလား လို့..။

ကိုယ်က ဟောလိဝုဒ် ရှိတဲ့ မြို့မှာ နေတယ်ဆိုတော့ သူတို့က စူးစမ်းချင်တဲ့ မျက်လုံးလေးတွေနဲ့ မေးကြတယ်။ ချိုချို ရုပ်ရှင်မင်းသား ဘယ်သူနဲ့ တွေ့ဖူးသလဲ တဲ့။ ကိုယ်လဲ မနည်း ပြန်စဉ်းစားရတယ်။ ဒီဦးနှောက်ကြီးက စဉ်းစားစမ်း စဉ်းစားစမ်း ဆိုပြီးတော့..။ နောက်တော့ တခါတွေ့ဖူးတဲ့ Wesley Snipes လို့ ပြောလိုက်တော့ မျက်မှောင်လေးတွေ ကုတ်ပြီး စဉ်းစားလိုက်ကြတာ..။ ပြီးမှ အဲဒါ ဘယ်ဒူကြီးလဲ တဲ့..။ ငါ့နှယ် မပြောလိုက်မိရင် အကောင်းသား လို့ ဖြစ်မိတယ်။

ကိုယ့်အဖြစ်က တခါ ကြားဖူးတဲ့ ဇာတ်လမ်းလေးလို ဖြစ်နေပါပြီ။ ရွာကို သွားလည်တော့ ရွာကလူတွေက ဘယ်မှာနေလဲ မေးတော့ ရန်ကုန် လို့လဲ ဆိုရော ဒါဆို ကျော်ဟိန်းကြီးနဲ့ ခင်မှာပေါ့ တဲ့။ သူတို့က ရန်ကုန်ဆိုတာ ရွာလေးတခုလို တယောက်နဲ့တယောက် သိ၊ ဟင်းတွေ ဖလှယ်စား၊ ကျော်ဟိန်းကြီးနဲ့ ဂွေလှိမ့်ဖက် လောက် ရင်းနှီးတယ် ထင်နေတာလေ..။ အခုလဲ တူမတွေက သူတို့ ကြိုက်တဲ့ အဆိုတော်တွေ ဟိုလူ့ တွေ့ဖူးလား၊ ဒီလူနဲ့ သိလား မေးကြတော့ ကိုယ့်မှာ သင့်သလို ဖြေနေရတယ်။

ခေါင်းညိတ် ခေါင်းခါ လုပ်ရတာလဲ လည်ပင်းလေ့ကျင့်ခန်း လုပ်လိုက်ရသလို ဖြစ်သွားတယ်။ ဥပမာ Hannah Montana ကို တွေ့ဖူးသလား မေးရင် ကိုယ်လဲ ဘာပြန်ဖြေရမယ် မသိလို့ စဉ်းစားနေတုန်း မျက်လုံးလေးတွေ ၀ိုင်းပြီး ကိုယ့်ကို မော့ကြည့်နေကြတာ။ ကိုယ်လဲ တခါတော့ တွေ့ဖူးတယ် လုပ်လိုက်ရင် ဘယ်လိုနေမလဲ တွေးမိတာနဲ့ တွေ့ဖူးတယ် ပြောလိုက်ရင်ပဲ အိုးးး ချိုချို ကံကောင်းလိုက်တာ တဲ့။ ကိုယ့်လည်ပင်းကို သူတို့လက်ကလေးတွေနဲ့ တွဲခိုထားတတ်တယ်။

နောက်တနေ့ကျတော့ ဒီမေးခွန်းကိုပဲ ထပ်မေးကြပြန်ပါရော..။ ကိုယ်လဲ မနေ့က ဖြေထားတာ မေ့သွားပြီ။ ဘယ်တယောက်ကို တွေ့ဖူးထားတယ် ပြောမိပြီး ဘယ်တယောက်တော့ မတွေ့ဖူးဘူး လုပ်ထားမိလဲ မမှတ်မိတော့ဘူး။ “ချိုချိုက Miley Cyrus နဲ့ တွေ့ဖူးတယ်နော်” လာလုပ်တော့ “ဘယ်တယောက်လဲ၊ တွေ့ဖူးဖို့ နေနေသာသာ၊ ကြားတောင် မကြားဖူးပါဘူး” လို့ အတင်း ခံငြင်း နေတာလေ..။ တကယ်က Hannah Montana နဲ့ Miley Cyrus က တယောက်တည်းဆိုတာ ကိုယ်မှ မသိဘဲ။ ကိုယ့်မှာ သူတို့နဲ့ ပေါင်းတာ မှတ်စုကြီးတအုပ်နဲ့ လမ်းသွားရမလို ဖြစ်နေပြီ။

ခရီးသွားရင်း ကားပေါ်မှာ သီချင်းနားထောင်ဖို့ နားကြပ်လေးတဖက်ကို ကိုယ့်နားထဲ လာထည့်၊ တဖက်ကို သူ့နားထဲ ထည့် အတူ နားထောင်ကြတယ်။ ကြိုက်တဲ့ သီချင်းဆိုရင် မျက်လုံးလေးတွေပါ လိုက်ပြုံးပြီး ကောင်းတယ်နော်၊ ကောင်းတယ်နော် .. နဲ့ မေးပြော ပြောကြတယ်။ ချိုချို နားထောင်ဖူးသလား တဲ့၊ ကိုယ့်မှာ နေ့တိုင်း စာမေးပွဲ အစစ်ခံရတဲ့သူလို ဖြစ်နေတော့တာပါ။ အင်း ကြားဖူးတယ် တို့၊ အင်း နားထောင်ဖူးသလိုပဲ တို့ တလှည့်စီ လုပ်နေရတယ်။ တကယ်က ချိုချိုက စန္ဒယားလှထွတ်ရဲ့ ချစ်တဲ့သူငယ်လေ..ကို နားထောင်နေတာဟေ့..။

သူတို့ ရေကူးတော့ ကိုယ်လဲ ရောယောင် ရေထဲ ဆင်းရပြန်တယ်။ တကယ်က ကိုယ်လဲ ခွေးကူးလောက်တော့ ဖြစ်ပါတယ်။ ရေကူးရင်း အသက်မရှူတတ်တာလေး တခုပါပဲ။ အဲဒါကို ဆရာမကြီး လေးယောက်က ၀ိုင်းသင်ပေးကြပါတယ်။ အငယ်ဆုံးလေး မာယာက အသင်ဆုံးပါ။ “ဟိုဖက်ကို ကူး၊ ဒီဖက်ကို ကူး၊ မာယာ့ဆီကို ကူးလာခဲ့” ဆိုပြီး လက်ညှိုးတချောင်း နဲ့ ညွှန်ကြားတာပါ။ “သမီး၊ ချိုချို မောနေပြီ၊ မကူးနိုင်တော့ဘူး” ဆိုတော့ “ဒါဆို ဘေဘီကန်မှာ သွားကူး” တဲ့။ ဒဏ်ပေးပါတယ်။ ဘေဘီကန်ဆိုတာ ကလေး လက်တောက်လောက်လေးတွေ ကူးတဲ့ ကန်ကို ပြောတာပါ။

အခုတော့ ငယ်သေးလို့ ထင်ပါရဲ့။ တခြားလဲ စိတ်ဝင်စားစရာ မရှိသေးတော့ စာတွေလဲ လိုက်နိုင်ကြတယ်။ ကျောင်းစာလဲ လုပ်၊ မြန်မာစာလဲ ဖတ်ပေါ့။ ရွှေသွေးတွေ အသံထွက်ပြီး သူတို့ ဖတ်ပြတာကို ဘေးကနေ ဟင်းပွဲပြင်ရင်း နားထောင်ရတယ်။ ညကျရင် လူကြီးတွေကို ရှိခိုးပြီးမှ အိပ်တာကို ကြည့်ပြီး ကြည်နူးရတယ်။ မိုးပွင့်လေးက မြန်မာစာကို ကွန်ပျူတာနဲ့ ရိုက်တတ်အောင် ကြိုးစားပြီး တလုံးချင်း ရိုက်နေတာတွေ့ရင် စိတ်ချမ်းသာမိတယ်။

မအေးရဲ့ သမီးတွေ ဖြစ်တဲ့ မိုးပွင့် နဲ့ မိုးဥက ရောက်တာ မကြာသေးပေမဲ့ အဲဒီ နိုင်ငံသားတွေ ပြောတဲ့ ဒတ်ခ်ျ ဘာသာစကားကို ကလေးဆိုတော့ အတတ်မြန်ကြတယ်။ စန္ဒြာနဲ့ မာယာကလဲ ပြန်သင်ပေးတော့ ပို မြန်တယ်။ မာယာတို့ ညီအမကလဲ မြန်မာလို ပြောတတ်ပေမဲ့ မိုးပွင့်တို့နဲ့ ညီအမချင်း ပြောတော့ ပိုနှုတ်သွက်တာပေါ့။ သူတို့အချင်းချင်းလဲ ဒတ်ခ်ျလို ပြောပြော နေတတ်လို့ ညီအမလေးယောက်ဆုံရင် မြန်မာလိုပဲ ပြောရမယ် လို့ ပြောထားရတယ်။ သူတို့ကသာ ကလေးတွေဆိုတော့ တတ်လွယ်ကြတာ ကိုယ်တို့လူကြီးတွေ အဖို့မှာတော့ အတော်ခက်တာပါ။

လူကြီးတွေ ခက်တယ်ဆိုလို့ အပွင့်နဲ့ ဥ တို့အမေ ကိုယ့်အမ မအေး ရဲ့ ဘာသာစကား လေ့လာ လိုက်စားပုံလေး ပြောပါရစေအုံး။ မအေးက ကိုယ့်လိုပဲ ပျော်ပျော်ရွှင်ရွှင် နေတတ်သူပါ။ သူလဲ ဒီနိုင်ငံ ရောက်လာတော့ ရောက်စ မို့ သူသိသလောက်လေးနဲ့ လူတိုင်းကို ဖော်ဖော်ရွေရွေ အင်မတန် နှုတ်ဆက်ချင်တာ။ ဒတ်ခ်ျတွေက တယောက်နဲ့ တယောက် နှုတ်ဆက်ရင် “ဒါ့” လို့ နှုတ်ဆက်တတ်သတဲ့။ တခါတခါကျရင် “ဟိန်” လို့ နှုတ်ဆက်ပြန်သေးသတဲ့။ တကယ်က “Hey..” ဖြစ်မှာပါ။ ဒတ်ခ်ျ အသံထွက်နဲ့ဆိုတော့ အသံတမျိုး ဖြစ်ပြီး မအေးက ဟိန် လို့ပဲ ကြားသတဲ့။ သူက အဲဒီ ၂ခုတော့ အသေမှတ်ထားတာပါ။

တနေ့တော့ သူက ကလေးတွေ ကျောင်းသွားကြိုရင်း လမ်းမှာ မိုးဥလေး ရဲ့ သူငယ်ချင်းရဲ့ အမေနဲ့ လမ်းမှာ ဆုံတယ် တဲ့။ အမြဲ ကျောင်းကြိုနေကျမို့ တယောက်နဲ့ တယောက် မျက်မှန်းတန်းပြီး မှတ်မိနေတာပေါ့။ ဒါနဲ့ မအေးက ခပ်ဝေးဝေးကတည်းက သူတို့တွေလို “ဒါ့” လို့ နှုတ်ဆက်ပစ်လိုက်မယ် လို့ အားခဲထားသတဲ့။ နှုတ်ကလဲ အစမ်း ရွတ်နေမိတာပေါ့။ အနီးလဲ ရောက်ရော အဲဒီ အမျိုးသမီးက မအေးကို ပြုံးပြီး သူက အရင် “ဟိန်” လို့ နှုတ်ဆက်လိုက်တာ မအေးလဲ ယောင်ပြီး “ဒိန်” လို့ အသံအကျယ်ကြီး ပြန်နှုတ်ဆက်လိုက်မိတာ .. တဲ့။

တကယ်က “ဒါ့” လို့ ပြောမယ် မှန်းထားတာ ဟိုဖက်က “ဟိန်” လိုက်တော့ သူလဲ “ဒိန်” ဖြစ်သွားရတာပါ။ ဒါတောင် ဒိန် ကို ရိုးရိုး မပြောဘဲ ယောင်ပြီး အကျယ်ကြီး ဒိန် မိတော့ ဟိုမိန်းမကြီးလဲ လန့်သွားတယ် ထင်ပါရဲ့ ။ သုတ်သုတ် သုတ်သုတ် နဲ့ လစ်တော့တာပဲ တဲ့။ ဖြစ်မှ ဖြစ်ရလေ၊ ဘယ့်နှယ်ဟာကြီးပါလိမ့် လို့ ထင်ရှာမှာပဲ။

ဒါနဲ့ ကိုယ်လဲ အမလုပ်သူရဲ့ သင်ခန်းစာယူပြီး ဥရောပ ခရီးစဉ်တလျှောက်လုံး ဘယ်သူ့ကိုမှ နှုတ်ဆက်ဖို့ မကြိုးစားတော့ဘူး။ လူတိုင်းကို ပြုံးပြုံး ပြုံးပြုံး နဲ့ မေးလေးထိုး နှုတ်ဆက်လိုက်၊ လက်ကလေး ပြ နှုတ်ဆက်လိုက်သာ အသံတိတ် လုပ်ခဲ့ပါတယ်။

တလတာ ခရီးဆိုပေမဲ့ တသက်တာ မေ့မရအောင် ပျော်ရွှင်ခဲ့ပါတယ်။

မိုးချိုသင်း

67 comments:

P.Ti said...

အမရေးတာ မဖတ်ရတာ တော်တော်ကြာနေပြီနော်... :P
ပျော်စရာကြီး ...

PAUK said...

ဒိန်!!!

ကျနော်လဲတူတူပဲ..မချိုသင်း
Hannah Montana သီချင်းတွေ ယူကျုမှာရှာပေးရတယ်..။
ဂျစ်စတင်းဘီဘာရဲ့ ဘေးဘီကိုလဲ မရိုးနိုင်အောင်နားထောင်ရတယ်..။
၂၀၀၀နှစ်မွေးပဲ..။
အပြင်သွားရင်နားကျပ်တယောက်တဖက်စီ
နားထောင်တတ်တာလည်းတူတယ်..။
သီချင်းလုရတယ်..။
သူနားထောင်ချင်တာနဲ့..ကိုယ်နားထောင်ချင်တာမတူဘူးလေ.။
ခခက ကျနော့်ကို အလျှော့ပေးရတာများပါတယ်.။
ဟီးး..ဟီးး

တူမလေးတွေ ချစ်စရာလေးတွေ..။
၎ယောက်ဆို ပိုပျော်ဖို့ကောင်း.။
ခခက အဖော်မဲ့နေတယ်..။

မအေးသိပ်ရယ်ရတယ်..

Mon Petit Avatar said...

Thanks for sharing your blissful time with your beloved ones.

စန္ဒကူး said...

မမရေ.. ကူးတော့အသက်ငယ်တဲ့သူတွေနဲ့ မပေါင်းတတ်သေးဘူး။ အကြီးဆုံးတူလေးက ၄ နှစ် သူအိမ်လာရင် ကူးအိမ်ထဲဝင်ပုန်းနေတာဘဲ..
သူ့ကိုကြည့်ရင်ခေါင်းမူးလို့.. ဟီးဟီးး

မိုးယံ said...

တူမတွေနဲ့ ခရီးသွားရတာ ပျော်စရာကြီးပေါ့လေ။

ဒိန်

ဒါနဲ့ အစ်မချို ရဲ့ နှုတ်ဆက်နည်းလေး မှတ်ထားပါတယ်။

Vista said...

ဒိန် !
ဟိဟိ ..မဖတ်ရတာကြလို့ ဖတ်ကောင်းထှာ

သက်ဝေ said...

ဖတ်ရတာတောင် ဒီလောက် ပျော်စရာကောင်းနေတော့ ချိုသင်း ဘယ်လောက်ပျော်ခဲ့မယ်ဆိုတာ မှန်းလို့ရနေတယ်...
ကလေးတွေအကြောင်း ဆက်ရေးပါအုံးနော်...

Unknown said...

အမ ကျွန်တော်တို့ဖက် ဆိုင်လာဖွင့်... အကုန်မြင်ရမယ်။ ဒါပေမယ့်လဲ မထူးပါဘူး အမရာ မြင်ရလဲ ရုပ်ရှင် ကြည့်နေကျ မဟုတ်လို့ ဘယ်သူတွေမှန်း မသိပါဘူး။ နှစ်ဆန်းပိုင်းက ဂျက်ကီချန်း ဆိုင်ထဲ ဝင်နေတာကို ဘယ်သူမှန်းမသိ :P
မအေး အကြောင်း ပြောပြတာ မိုက်တယ်... တော်တော် ရီရတယ်။

အင်ကြင်းသန့် said...

မမ....မရေးတာအတော်ကြာနေပေမယ့် ပြန်ရေးပြန်တော့လည်း ထုံးစံအတိုင်းဖတ်လို့ကောင်းနေတာပါပဲ။ တပြုံးပြုံးနဲ့ဖတ်သွားတယ်။ ကြည်နူးမှုတွေပါ ကူးစက်သွားတယ်။ တူမလေးတွေရဲ့ ပုံလေးတွေကိုကြည့်ရတာလည်းပျော်စရာကြီး။း)

Sonata Cantata said...

အညိုရောင် ဂျာကင်ဝတ်ထားတဲ့ တူမလေးက ချိုသင်းနဲ့ တူသလိုပဲ

မေဇင် said...

အစ်မ ပိုစ့် လေးတွေကို မျှော်နေတာ။
ဖတ်ရတာ ကြည်နူး ပျော်စရာကောင်းတယ်။ အစ်မ ရဲ့ အစ်မ နှုတ်ဆက်တာကိုလဲ မြင်ယောင် ကြားယောင်ပြီး ရီနေရတယ်။း)

:P said...

စာမဖတ်ရတာကြာလို့ လွမ်းနေတာ...


:)

Aye Win said...

ဆက်ရေးပါဦး။ နောက်တခါ ကလေးတွေက ဟောလီးဝုဒ်မှာ ဘယ်မင်းသား တွေ့ဖူးသလဲမေးရင် a y e w i n တွေ့ဖူးတယ်ပြော။ သမီးတို့ အဖိုး g y a n နဲ့ လည်း ခင်တယ်ပြော။

Sint Si said...

Hi! :-)

Rita said...

အညိုရောင်လေးကို မမချိုထင်နေတာ။

Shinlay said...

Dag, Hey...!!
မချိုသင်း.. အမျိုးတွေနဲ့ တွေရတာ ပျော်စရာကောင်းလိုက်တာ။ ကလေးတွေကိုနှုတ်ဆက်ပေးပါနော်။
Daag!!

ချစ်ကြည်အေး said...

ဟေးးးးးး ချိုသင်းရေးးးးးး နေကောင်းရဲ့လားးးး အကျယ်ကြီး အော်လိုက်တယ်နော်.... တော်တော်ပျော်ခဲ့မှာပဲ ဆိုတာ သိပါ့တော်....
ဗီဒီယိုဖိုင်လေးများ တင်ပေးဖို့ မရှိဘူးလားဟင်၊ ကလေးတွေနဲ့အတူ အဒေါ်ပါ ခုန်ပေါက်နေတာကို ကြည့်ချင်လို့....:)

Unknown said...

ဘာအကြောင်းပဲ ရေးရေး ဖတ်လို့ ကောင်းပါတယ် …
Justin Bieber ရဲ့ ဘေးဘီ ဘေးဘီ ကတော့ ကျွန်မရဲ့ သမီး ၄ နှစ်၃လ နဲ့  သား ၁ နှစ် ၅ လ တို့ လဲ အလွန်ကြိုက်ပဲ … သားဆိုရင်ထမင်းစားချိန်တိုင်းဖွင့်ပေးရတယ်…

မယ့်ကိုး said...

မမ စာပြန်ရေးတာ အရမ်းဝမ်းသာတာပဲ။ ပျော်လိုက်တာ တကယ်။ ရယ်လိုက်ရတာ :D

tin min htet said...

ချိုသင်းပျောက်နေတာ အလုပ်များနေတယ် မှတ်နေတာ။ ခုတော့ အလုပ်များတာလည်း တပိုင်း၊ အပျော်ကြီး ပျော်နေတာလည်း တပိုင်းဖြစ်နေတာကိုး။

သမီးတကောင် သားတကောင်ဆိုတော့ ခုခေတ်ပေါ် အဆိုတော်တွေကို ချိုသင်းထက်တော့ ပိုသိတာ အမှန်ပဲ။

သားတော်မောင်ဆို လူကသာ လက်တောက်လောက် I'm not afraid ဆိုတာက ပါးစပ်က မချဘူး။ ဆိုရင်းနဲ့ စာသားမသိတော့ရင် သူသိတာကို သံစဉ်ပြောင်းပြီး ဆိုတော့တာပဲ။

I'm not afraid
humpty dumpty
humpty dumpty
I'm not afraid :P

ရွှေရတုမှတ်တမ်း said...

ဟား..ဟားးး
အကိုတော့ တူမတွေအကြောင်းကို ၃ခေါက်တောင် ပြုံးပြုံးကြီး ဖတ်လိုက်တာ..ငါ့နှမရော ကျမ်းမာရေး ဂရုစိုက်နော်.. ကလေးတွေ viedo ကို face book မှာဖြစ်ဖြစ် တင်ထားပါဦး

အကို

ကိုအောင် said...

အမ တူမလေးတွေနဲ့ တော်တော်
ပျော်ခဲ့ပုံရတယ်၊ ကျော်ဟိန်းကြီးနဲ့
ရင်းနှီးတဲ့သူတွေပဲလို့ နောက်တခါ
မေးရင် ပြောပြလိုက်ပါ။

သစ်နက်ဆူး said...

သြ................
စာတွေမရေးတာကြာလို့ နေများမကောင်းလို့ လားးးး
ဆိုင်မှာဘဲ အလုပ်တွေရှုပ်နေလို့ လား..
ဘာများဖြစ်နေလို့ လဲ..နဲ့ 
မောင်နှမစိတ်နဲ့ စိတ်တွေပူလိုက်ရတာ..
သူက ကလေးတွေနဲ့ ဟော့ရှော့လုပ်နေတာကိုးးးးးး။
ကိုယ်က ဒါလေးတွေနဲ့ အပေါင်းအသင်းလုပ်မယ်ဆိုလဲ..
ကြိုတင်လေ့လာမှုမရှိ...
ခေတ်ကိုလဲ အမှီမလိုက်နိုင်...
ရေလဲမကူးတတ်...
သက်လုံကလဲ မကောင်း...
ဟင်းးးးးးးးးးးးးးးးးးးးးး ခက်ပါသေးတယ်..။
မအေးကလဲ တော်ပါသေးရဲ့ ..
ဟိုက ဒတ်ခ်ျ အမျိုးသမီးဆိုတော့...
ဒတ်ခ်ျလို ဟိန်...ပြောပြီးနုတ်ဆက်တာကို..ဒိန် လို့ ပြော
လို့ ..ဂျပန်လိုများ “ဟိုင်း” ဆိုရင်တော့
မအေးကလဲ “ ဒိုင်း” ကနဲဘဲ..။
တော်ကြာနုတ်ဆက်တဲ့ သူလဲ ၈ျပန်သတင်းထောက်လို
ကင်မရာလေးကိုင်ပြီး စန့် နေမှာ..။း)
မအေးနဲ့ တွေ့ ၇င် သတိထားနုတ်ဆက်လေမှ..။

htet said...

ကြည်နူဖွယ်ရာ စာလေးတွေ ဖတ်ရတာကျေးဇူးတင်ပါတယ် အမရာ
ခုတလော Blog တွေဖတ်ရတာ သိုင်းဝတ္ထုတွေလို ခုတ်တာထစ်တာတွေပဲ ဖတ်နေရလို့။

သူကြီးမင်း (တုံးဖလား) said...

အမက ခရီးရှည်ကြီးထွက်နေတာကိုး။ အလွန်ပျော်ခဲ့တယ်ဆိုလို့ အပျော်တွေ ကူးစက်သွားပါတယ်။ ဆက်လက်ပြီးလဲ ပျော်ရွှင်နိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

phyoaung said...

ပိုစ့်အသစ်ကို မျှော်နေတာကြာပြီ အမမိုးချိုရေ...ဒိန် အကြောင်းဖတ်ပြီး အီးမေးလ်လိပ်စာတောင်းတာ ပတ်စ်ဝါ့ဒ်ပါ အတင်းပေးတဲ့ ကိစ္စသွားသတိယပြီး ပြုံးမိသွားတယ်။

PN said...

မယွန်းဆီမှာပေးခဲ့တဲ့မှတ်ချက်ပါ။ မချိုသင်းရဲ့ တူမလေးတွေ အကြောင်းပြောမိလို့ ကော်ပီလာပေးတာပါ။
http://shweyaon.blogspot.com/2010/09/blog-post.html

ပြင်ပရောက်နေတဲ့ လူတွေက ကိုယ့်ကလေးကိုယ် ဗမာစကားတတ်စေချင်တယ်။ သင်ပေးဖို့ကြိုးစားတယ်ဆိုတာ တကယ်အမြော်အမြင်ရှိတဲ့ လူတွေပါ၊ ကိုယ့်ကလေးကိုယ် ဘိုလိုပြောတာ ကျေနပ်နေကြတဲ့ သူတွေကတော့ မပြည့်တဲ့အိုးတွေလို ခံယူထားပါတယ်။ ဒါပေမယ့် ပြည်တွင်းကလူတွေ ဗမာလိုမပြောတတ်ပါဘူး ဆိုတာမျိုးကတော့ ဘယ်လိုလူစားမျိုးလို့တောငှ်မပြောတတ်တော့ဘူး။ တလောက လျှပ်တပြက်ဂျာနယ်မှာ မေသန်းနုသား မင်းသန့်မောင်မောင်ဖြေထားတာမျိုးပေါ့။ သားက ကျောင်းမှာလဲ ဘိုလိုပဲပြောတော့ ဘိုလိုပဲအားသန်တယ်။ ဗမာလိုဆို သိပ်တောင်မပြောတတ်၊ နားမလည်တော့ဘူးတဲ့။ အဲဒီ အင်တာဗျူးကိုပြန်ဖြေတာကျတော့ ဗမာလိုကြီး။ သူ့အမေနဲ့လဲ အိမ်မှာ အင်္ဂလိပ်လိုပဲပြောနေကြလားတော့မသိဘူး။ ဖတ်ရင်းနဲ့တောင် စိတ်မကောင်းဘူး။ ဗမာပြည်တွင်းမှာ ပိုက်ဆံလေးနည်းနည်းတတ်နိုင်တာနဲ့ အပြင်ကျောင်းထားကြ ဗမာလိုမပြောနိုင်တော့ဘူးလို့ ပြောကြနဲ့။ ကျွန်မကတော့ ကလေးတွေရရင် မချိုသင်း တူမလေးတွေလို ပြောတတ်ရုံတင်မဟုတ် စာပါဖတ်နိုင်အောင် ကြိုးစားသင်ပေးချင်ပါတယ်။

ယွန်း said...

တူမလေးတွေက အချောလေးတွေနော်..
သူတို့ နဲ့ နေရတာ ပျော်စရာကြီးနေမှာ ..
(မမရေ ..လာလည်တဲ့ ကျေးဇူးတင်ပါတယ်နော်)

ခင်တဲ့
ယွန်း

khin oo may said...

ကျော်ဟိန်းကြီးနဲ့ ခင်မှာပေါ့ ဟီးဟီး. တို့ကို မိတ်ဆက်ပေး

khin oo may said...

“ဒိန်”

khin oo may said...

အကျယ်ကြီးနှုတ်ဆက်ပလိုက်တယ်။ ရှက်ထှာ

khin oo may said...

ဟိုရောက်ဖြစ်ရင် အဲသလိုနှူတ်ဆက်ပလိုက်ဦးမယ။်

SHWE ZIN U said...

ဟားဟား မိုးချိုသင်း ရေ

ပျော်စရာကြီး ပျော်စရာကောင်းအောင် ရေးတတ်တယ်


ခင်တဲ့
ရွှေစင်ဦး

nu-san said...

မမ တူမလေးတွေက အားလုံးချစ်စရာလေးတွေနော်.. အရွယ်လေးတွေကလည်း သိပ်မကွာတော့ ပျော်စရာကြီးပဲ.. အမစာဖတ်ပြီး ကျနော်တို့တောင် ပျော်တယ်..:))

T T Sweet said...

" ဟိန် " ကတည်းက ဒီက ရယ်ချင်နေပြီ။ " ဒိန် " ဆိုတော့ ပြီးရော ... ပတ်တုတ်မရတော့ဘူး။ ရယ်လိုက်ရတာ ...

တို့လဲ အညိုလေးကို မချိုသင်း ထင်နေတာ ... တူမလေးတွေက ချစ်စရာ ...

ညိမ်းနိုင် said...

အမစာလေးတွေဖတ်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ။
တူမလေးတွေနဲ့ ပျော်စရာကြီးဗျာ...။

ဆူးသစ် said...

စာဖတ်ရင်းပြုံမိပါသည်။

ဇွန်မိုးစက် said...

အလုပ်တွေများနေလို့ ခုမှရောက်ဖြစ်တယ် အစ်မ။

အစ်မရေးထားတာဖတ်ပြီး ကြည်နူးမှုတွေပါ ကူးစက်သွားတယ်။

ဥရောပအတွေ့အကြုံနဲ့ ဓလေ့တွေကို မျှဝေပေးပါဦးနော်။

မမချိုရော မမအေးလို ဘာတွေလွဲခဲ့သေးသလဲလို့ တွေးလိုက်သေးတယ်။ :P

pannadhaja98 said...

ဟိုရောက်ရင် " ဒိန် " ကို မှတ်ထားပြီး ပြောပစ်မှာ ...
စာဖတ်ရတာ ပျော်စရာ ..
ကျေးဇူး အများကြီးတင်ပါတယ် ..
နောက်လည်း အများကြီး ရေးနိုင်ပါစေ ..

T T Sweet said...

မချိုသင်းပို့်စ်နောက်ဆုံးနားကို သမီးကို ဖတ်ပြတာ ရယ်လိုက်တာ။
ခုအိမ်မှာ ကစားစရာ အသစ်တိုးတယ်။ အစ်မက" ဒါ့ " လို့ နှုတ်ဆက်ရင် ... သူက " ဟိန် " လို့ ပြန် နှူတ်ဆက်ရတယ်။ အစ်မက " ဟိန်" ဆိုရင်တော့ မချိုသင်းအစ်မလို သူက " ဒိန် " ဆို အော်ရတာ။ အစ်မက နောက်ပြီး "ဂိန် " ဆိုပြီး ပြန်အော်တော့ အရမ်း ရယ်နေကြတာ။ ကစားနည်းက ဒတ်ခ်ျလို နှုတ်ဆက်နည်း။ အိမ်မှာတော့ ဂျူဂျူတို့ အဲလိုကစားရင်းနဲ့ စာကြည့်ရင်း ရယ်နေရတော့ အရင်ကလို မျက်နှာကြီးသိပ်စူပုတ်မနေတော့ဘူး။ မချိုသင်းကို ကျေးဇူးတင်ရမယ်။

မင်္ဂလာပါ .... said...

အစ်မ မိုးချိုသင်းရေ...

ဖတ်လို့ကောင်းလိုက်တားD
ပျော်စရာကောင်းတဲ့ ခရီးရှည်ကြီးပဲနော်
အစ်မ စာတွေအများကြီးဆက်ရေးနိုင်ပါစေ

နှင်းဟေမာ
www.hninhaymar.com

Libra said...

စိတ်ချမ်းသာလိုက်တာ ပျော်စရာကြီး မမမိုးချို အလွမ်းပြေသွားပြီ :)

Crystal said...

ချစ်တဲ့ အစ်မရေ message ရရချင်း ၀င်ဖတ်ပြီးသွားပြီ … အဲနေ့က ကွန်မန့်မရလို့ ဒီနေ့မှပြန်လာရေးတာ… မမအေးက အရမ်းကိုရီရတာပဲ.. အဲလိုပဲ သတိထားရင်ဖြစ်တတ်တယ် တခါတုန်းက ရုံးရဲ့ ကုန်စည်ပြပွဲမှာလေ ဘုန်းဘုန်းတပါးကို ပစည်းအကြောင်းရှင်းပြနေတာပြီးပြီးချင်းပဲ ရုံးချုပ်က CEO လာတယ်ပေါ့ သတိအနေအထားနဲ့ တက်ကြွနေတာ သူကဘာမေးရင် ငါက ဘယ်လိုဖြေမယ်ပေါ့ အဲလိုတွေးနေတုန်း CEO က သမီးက ရန်ကုန် branch ကလားတဲ့ လှမ်းမေးတာ နဂိုထဲကသတိထားနေတာဆိုတော့ သွက်သွက်လက်လက်နဲ့ ပြုံးပြီးဖြေလိုက်မိတယ် တင်ပါ့ဘုရား လို့ အဲဒီထဲ က အဖိုးကြီးလဲ ဘာမှဆက်မမေးတော့ဘူး ညီမလဲ ရုံးမှာနံမည်ကြီးသွားတာပေါ့ အစ်မရယ် .. ချစ်တဲ့ နေကြည်

Unknown said...

" ဒိန် " ဆိုလို. ရယ်လိုက်ရတာအမရယ်...
အမစာပြန်ရေးတာ ဝမ်းသာတယ်..
အမစာတွေဖတ်ရတာ ပျော်စရာကောင်းလို. ....
ဒိန်....ပါအမရေ... :)

Sunny said...

အစ်မစာလေးတွေ ဖတ်ရရင် အမြဲ စိတ်ချမ်းသာတယ်.. ပြုံးပျော်သွက်လက်နေသလိုပဲ..

ZT said...

အင်း။ ကျွန်တော်လည်း အရင်က ဂွတ်ဒမော်ဂန် ခဏခဏ လုပ်ဖူးတယ်။ :P

blueskyforest said...

မိုးမိုးလေးကို...အားပေးကြပါတယ်..။

Unknown said...

မမိုးချိုသင်းရေ အိမ်က ၂ နှစ် ၅ လ သမီးလေးက သူသိတဲ့ PBS 39 က သီချင်းတွေဆိုရင် အမက လိုက်ဝါးပေးနေရတယ် သီချင်းကိုမရလို့လေ။ ချိုသင်းကို ကိုယ်ချင်းစာမိတယ်၊ ဒါပေမဲ့ တစ်ခါတစ်ခါတော့လည်း သူခိုးမိသွားတာတွေရှိတယ်နော်၊

mks said...

FB မှာ ကျနော့ ညီမ မချိုသင်းတူမ ၂ယောက် နဲ့ တွဲ ရိုတ်ထားတဲ့ ပုံ တွေ့လိုက်တယ်။ အချိန် သိပ်မကွာဘူး။ ဒိန်

စန္ဒကူး said...

တူမလေးတွေနဲ့တွေ့ပြီး ပျောက်နေလို့ တံခါးလာခေါက်ပါတယ်။

Unknown said...

့ဟိန်....နဲ့.....ဒိန်
ဖတ်ပြီးရယ်ရတယ်။

SKY said...

မမိုးချို ရဲ. ဒိန် ကို နေကြည် ရဲ. တင်ပါ.ဘုရား က ပိုပြီး အရှိန်တက်စေတယ်။

မန်းကိုကို said...

မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)

မေသိမ့်သိမ့် ကျော် said...

"ဒါ့!!!" "ဟိန်!!!" "ဒိန်!!!" ပေါ့နော်။း)
လာလည်သွားတယ်မမရေ။ လင့်ခ်လေး ယူသွားမယ်နော်။

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်

ÁLVARO BÓMEZ CASTRO said...

Hi, Greetings from Santa Marta, Colombia. Congratulations on your blog. I am an educator and I have a blog magazine about literature, film and philosophy. If you want to visit, the address is:
http://alvarogomezcastro.over-blog.es

မီယာ said...

အမရေ လွမ်းလိုက်တာ... facebook မှာ မတန်ခူးရေးတာ တခု တွေ့လို့ အမဆီလည်း ရောက်လာတာ...

မီယာ said...

အမရေ လွမ်းလိုက်တာ... မရောက်တာ ကြာလှမို့ ခွင့်လွှတ်ပါ

နှောင်းလူ said...

"၀မ်းနည်းတာကတော့ သူတို့တွေရဲ့ အခုလို ချစ်စရာအကောင်းဆုံး အရွယ်လေးတွေမှာ အနားမှာနေပြီး သူတို့ တိုးတက်လာတာလေးတွေ၊ အလေ့အကျင့်လေးတွေ စောင့်ကြည့် အကဲခတ်ခွင့် မရတာကိုပါ။ "...
...ဆိုတဲ့ ဆရာမရဲ့ သဘောထားကို
အပြည်ရအ၀ ထောက်ခံပါတယ်...
ကိုယ်ချင်းစာမိလို့ပါ ...
အဖြစ်သနစ်တွေက ခေတ်စနစ်ကြောင့်...
ရေကြည်မြက်နု ရာတွေ ရွေ့လျားနေကြရတဲ့ မိသးစုတွေရဲ့ ဘ၀ပုံရိပ် တွေထဲက ပေးဆပ်လိုက်ရတာ တစ်မျိုးကို ဆွဲထုတ်ပြလိုက်တာပါပဲ ... ချမ်းမြေ့ပါစေ ...

Maung Maung Kyaw Win said...

Just come to check whether you are back to your blog. Best Wishes.

photo pyeaye said...

လာဖတ်သွားပါတယ်

Jian Jun Oo

ဝေ(စီးပွားရေးတက္ကသိုလ်) said...

ဒိန်...လို့ နှုတ်ဆက်မိတာလေးက ချစ်စရာ...
ဖတ်ရင်း ကျေကျေနပ်နပ်ကြီး ရယ်သွားပါတယ်ရှင်...

Григорий Кубатьян said...

Hello!

I am looking for Myanmar bloggers to make a reportage about them for Russian press.

Could you recommend me the most interesting and popular bloggers? Or may be you will agree to give an interview about your experience?

My address is sejaha@yandex.ru

Sincerely Yours,
Grigory Kubatyan

Unknown said...

ဖတ်ရတာ အရမ်းသဘောကျတာပဲ အမချိုသင်းရေ
ခုမှလာလည်ဖြစ်ပေမယ့် စာလေးတွေ နောက်ထပ်လည်း လာဖတ်မယ်နော်.. :)

ခင်မင်လျက်
ဂျွန်မိုး

တန်ခူး said...

ချိုသင်းရေ. ဒီနေ့ ပိုလွမ်းလို့ လာလည်ပါတယ်. ချိုသင်းချစ်ခင်ပွန်းအတွက်ကောင်းသောမွေးနေ့ ဖြစ်ပါစေလို့ 

သီရိရတနာ said...

Sending you wishes for a happy year filled with health, prosperity, love and loads of fun!

Happy New Year to Ma Moe Cho Thin!


¸☆´.•´
.•´✶`*.
*.*¸v . ¸•´ ¸´,•*´¨¸ Ձ๏13
¸✶.•´¸.•*´✶
☆´¸.•★´ ¸.✶* ☆★
╱◥◣
│∩ │◥███◣ ╱◥███◣
╱◥◣ ◥████◣▓∩▓│∩
│╱◥█◣║∩∩∩ ║◥█▓ ▓█
๑۩๑๑۩๑๑۩๑๑۩๑๑۩๑๑۩๑๑۩
۩๑ ӇƛƤƤƳ ƝЄƜ ƳЄƛƦ!﹗๑۩

George said...

Hello,Wondered if you know the Lord Jesus as your personal Saviour and Lord God. He came to die for sinners on the cross, to be buried, and to rise from the dead the third day,was seen of men, and went back up to heaven.And will save all sinners who will repent and believe the gospel in their hearts.This is found in the word of God, the Holy Bible in John and Romans. And find church that believes it and listen in to FBNRadio.com also for good Christian music and preaching and teaching. God bless you as you do.

Burman Managers,Engineers and Scientists said...

http://www.myatpannwe.com/