
စာမရေးဖြစ်တာ ၃လလောက်တောင် ရှိပါပြီ။ တကယ်က ဘလော့လေးကို ခဏထားပြီး ကိုယ့်ဘ၀ရဲ့ လိုအပ်ချက်တွေကို လုံးပမ်းနေရတာလဲ ပါတယ်၊ အမတွေ တူမတွေဆီ ခရီးထွက်နေရတာလဲ ပါပါတယ်။ ခရီးမထွက်ခင် အရှိန်ယူနေလို့ စာမရေးတာက တလ၊ ခရီးထွက်တာက တလ၊ ထွက်ပြီး ပြန်လာလို့ အပျော်တွေ ကိုယ်ရှိန်သပ်နေရတာက တလ ဆိုပါတော့..။
ကိုယ် ခရီးသွားတာ မိသားစု ပြန်ဆုံကြတာမို့ အမတွေအပြင် အပိုဆုလေးတွေ ဖြစ်တဲ့ တူမလေးတွေနဲ့ ဆုံခဲ့ ပျော်ခဲ့ရပါတယ်။ သူတို့လေးတွေနဲ့ ဆုံရတော့ ၀မ်းသာ ၀မ်းနည်းပေါ့။ ၀မ်းသာတာကတော့ အခုလို တစုတစည်းတည်း ဆုံဆည်းခွင့်ရတာကို ကြည်နူးမိတာပါ။ ၀မ်းနည်းတာကတော့ သူတို့တွေရဲ့ အခုလို ချစ်စရာအကောင်းဆုံး အရွယ်လေးတွေမှာ အနားမှာနေပြီး သူတို့ တိုးတက်လာတာလေးတွေ၊ အလေ့အကျင့်လေးတွေ စောင့်ကြည့် အကဲခတ်ခွင့် မရတာကိုပါ။
ကလေးတွေက ငယ်ငယ်တုန်းကနဲ့ မတူတော့ပါဘူး။ မယ်တတ်ပ လေးတွေ ဖြစ်နေကြပြီ။ အသက်တွေက ၁၃ နှစ်၊ ၁၀ နှစ် နှစ်ယောက် နဲ့ ၈ နှစ် တို့ပါ။သူတို့မှာ သူတို့ဖာသာ သူတို့ စီစဉ်ချင်တဲ့ အကြံလေးတွေနဲ့..။ လူကြီးတွေလို သီချင်းတွေကိုလဲ ရွေး ကြိုက်တတ်ပြီ။ အ၀တ်အစားဆိုလဲ လှ မလှ ကြည့်တတ်နေပြီ။ ချိုချို ဒီလိုလုပ်ထားတာ လှတယ်၊ ဒါကြီးနဲ့ မလိုက်ဘူး လို့ ပြောတတ်နေပြီ။ သူတို့ ချိုချိုကလဲ မလိုက်တာကြီး ဆွဲဆွဲ ထုတ်လာလို့ အလိုအလျောက် ကြည့်တတ်သွားရတာလဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ မလှတာ မြင်ပါများတော့ အလှကို ပိုခံစားတတ်သွားသလိုပေါ့။
ကိုယ်ကလဲ သူတို့လေးတွေနဲ့ နေရတဲ့အချိန်မှာ ဒိတ်အောက်နေပြီ ဆိုပြီး မပေါင်းသင်းမှာစိုးလို့ သူတို့အုပ်စုနောက် တကောက်ကောက် လိုက်နေပါတယ်။ သုံးယောက်ပေါင်းတော့ လောင်းကျော် လို့ ဆိုကြတာ တူမ၄ယောက်၊ အဒေါ်တယောက် - ၅ယောက်ပေါင်းတော့ ဘာများ ကျော်မလဲ မသိ။
သူတို့ ကြိုက်တဲ့ သီချင်းတွေ လမ်းသွားရင်း ပျော်ပျော်ရွှင်ရွှင် ဆိုကြတော့ ကိုယ့်မှာ လိုက်မဆိုတတ်လို့ ပြုံးနေရတယ်။ လိုက် ယောင်ဝါးဖို့တော့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ အလှမ်းကျယ် လို့ အလယ်မှာ ပြုတ်ကျသွားတယ်။ လေဒီဂါဂါ လို ဆတ်ကနဲ ဆတ်ကနဲ တွန့်သွားတာမျိုး သူတို့သဘောကျကြတာ ကိုယ်က ဘေးကနေ ပါးစပ်ကြီး ဟ ပြီး ငေးရတယ်။ သူတို့ တယ်လီဖုန်း ring tone က ဘေးဘီ ဘေးဘီ (baby baby) ဆိုပြီး ဂျက်စတင်ဘီဘာ အသံ ထည့်ထားပြန်တော့ ကိုယ့်မှာ ဘေးဘီ လှည့်ကြည့်ရသေးတယ်။ ကိုယ့်များ ဘေးကပ်ခိုင်းနေသလား လို့..။
ကိုယ်က ဟောလိဝုဒ် ရှိတဲ့ မြို့မှာ နေတယ်ဆိုတော့ သူတို့က စူးစမ်းချင်တဲ့ မျက်လုံးလေးတွေနဲ့ မေးကြတယ်။ ချိုချို ရုပ်ရှင်မင်းသား ဘယ်သူနဲ့ တွေ့ဖူးသလဲ တဲ့။ ကိုယ်လဲ မနည်း ပြန်စဉ်းစားရတယ်။ ဒီဦးနှောက်ကြီးက စဉ်းစားစမ်း စဉ်းစားစမ်း ဆိုပြီးတော့..။ နောက်တော့ တခါတွေ့ဖူးတဲ့ Wesley Snipes လို့ ပြောလိုက်တော့ မျက်မှောင်လေးတွေ ကုတ်ပြီး စဉ်းစားလိုက်ကြတာ..။ ပြီးမှ အဲဒါ ဘယ်ဒူကြီးလဲ တဲ့..။ ငါ့နှယ် မပြောလိုက်မိရင် အကောင်းသား လို့ ဖြစ်မိတယ်။
ကိုယ့်အဖြစ်က တခါ ကြားဖူးတဲ့ ဇာတ်လမ်းလေးလို ဖြစ်နေပါပြီ။ ရွာကို သွားလည်တော့ ရွာကလူတွေက ဘယ်မှာနေလဲ မေးတော့ ရန်ကုန် လို့လဲ ဆိုရော ဒါဆို ကျော်ဟိန်းကြီးနဲ့ ခင်မှာပေါ့ တဲ့။ သူတို့က ရန်ကုန်ဆိုတာ ရွာလေးတခုလို တယောက်နဲ့တယောက် သိ၊ ဟင်းတွေ ဖလှယ်စား၊ ကျော်ဟိန်းကြီးနဲ့ ဂွေလှိမ့်ဖက် လောက် ရင်းနှီးတယ် ထင်နေတာလေ..။ အခုလဲ တူမတွေက သူတို့ ကြိုက်တဲ့ အဆိုတော်တွေ ဟိုလူ့ တွေ့ဖူးလား၊ ဒီလူနဲ့ သိလား မေးကြတော့ ကိုယ့်မှာ သင့်သလို ဖြေနေရတယ်။
ခေါင်းညိတ် ခေါင်းခါ လုပ်ရတာလဲ လည်ပင်းလေ့ကျင့်ခန်း လုပ်လိုက်ရသလို ဖြစ်သွားတယ်။ ဥပမာ Hannah Montana ကို တွေ့ဖူးသလား မေးရင် ကိုယ်လဲ ဘာပြန်ဖြေရမယ် မသိလို့ စဉ်းစားနေတုန်း မျက်လုံးလေးတွေ ၀ိုင်းပြီး ကိုယ့်ကို မော့ကြည့်နေကြတာ။ ကိုယ်လဲ တခါတော့ တွေ့ဖူးတယ် လုပ်လိုက်ရင် ဘယ်လိုနေမလဲ တွေးမိတာနဲ့ တွေ့ဖူးတယ် ပြောလိုက်ရင်ပဲ အိုးးး ချိုချို ကံကောင်းလိုက်တာ တဲ့။ ကိုယ့်လည်ပင်းကို သူတို့လက်ကလေးတွေနဲ့ တွဲခိုထားတတ်တယ်။
နောက်တနေ့ကျတော့ ဒီမေးခွန်းကိုပဲ ထပ်မေးကြပြန်ပါရော..။ ကိုယ်လဲ မနေ့က ဖြေထားတာ မေ့သွားပြီ။ ဘယ်တယောက်ကို တွေ့ဖူးထားတယ် ပြောမိပြီး ဘယ်တယောက်တော့ မတွေ့ဖူးဘူး လုပ်ထားမိလဲ မမှတ်မိတော့ဘူး။ “ချိုချိုက Miley Cyrus နဲ့ တွေ့ဖူးတယ်နော်” လာလုပ်တော့ “ဘယ်တယောက်လဲ၊ တွေ့ဖူးဖို့ နေနေသာသာ၊ ကြားတောင် မကြားဖူးပါဘူး” လို့ အတင်း ခံငြင်း နေတာလေ..။ တကယ်က Hannah Montana နဲ့ Miley Cyrus က တယောက်တည်းဆိုတာ ကိုယ်မှ မသိဘဲ။ ကိုယ့်မှာ သူတို့နဲ့ ပေါင်းတာ မှတ်စုကြီးတအုပ်နဲ့ လမ်းသွားရမလို ဖြစ်နေပြီ။
ခရီးသွားရင်း ကားပေါ်မှာ သီချင်းနားထောင်ဖို့ နားကြပ်လေးတဖက်ကို ကိုယ့်နားထဲ လာထည့်၊ တဖက်ကို သူ့နားထဲ ထည့် အတူ နားထောင်ကြတယ်။ ကြိုက်တဲ့ သီချင်းဆိုရင် မျက်လုံးလေးတွေပါ လိုက်ပြုံးပြီး ကောင်းတယ်နော်၊ ကောင်းတယ်နော် .. နဲ့ မေးပြော ပြောကြတယ်။ ချိုချို နားထောင်ဖူးသလား တဲ့၊ ကိုယ့်မှာ နေ့တိုင်း စာမေးပွဲ အစစ်ခံရတဲ့သူလို ဖြစ်နေတော့တာပါ။ အင်း ကြားဖူးတယ် တို့၊ အင်း နားထောင်ဖူးသလိုပဲ တို့ တလှည့်စီ လုပ်နေရတယ်။ တကယ်က ချိုချိုက စန္ဒယားလှထွတ်ရဲ့ ချစ်တဲ့သူငယ်လေ..ကို နားထောင်နေတာဟေ့..။
သူတို့ ရေကူးတော့ ကိုယ်လဲ ရောယောင် ရေထဲ ဆင်းရပြန်တယ်။ တကယ်က ကိုယ်လဲ ခွေးကူးလောက်တော့ ဖြစ်ပါတယ်။ ရေကူးရင်း အသက်မရှူတတ်တာလေး တခုပါပဲ။ အဲဒါကို ဆရာမကြီး လေးယောက်က ၀ိုင်းသင်ပေးကြပါတယ်။ အငယ်ဆုံးလေး မာယာက အသင်ဆုံးပါ။ “ဟိုဖက်ကို ကူး၊ ဒီဖက်ကို ကူး၊ မာယာ့ဆီကို ကူးလာခဲ့” ဆိုပြီး လက်ညှိုးတချောင်း နဲ့ ညွှန်ကြားတာပါ။ “သမီး၊ ချိုချို မောနေပြီ၊ မကူးနိုင်တော့ဘူး” ဆိုတော့ “ဒါဆို ဘေဘီကန်မှာ သွားကူး” တဲ့။ ဒဏ်ပေးပါတယ်။ ဘေဘီကန်ဆိုတာ ကလေး လက်တောက်လောက်လေးတွေ ကူးတဲ့ ကန်ကို ပြောတာပါ။
အခုတော့ ငယ်သေးလို့ ထင်ပါရဲ့။ တခြားလဲ စိတ်ဝင်စားစရာ မရှိသေးတော့ စာတွေလဲ လိုက်နိုင်ကြတယ်။ ကျောင်းစာလဲ လုပ်၊ မြန်မာစာလဲ ဖတ်ပေါ့။ ရွှေသွေးတွေ အသံထွက်ပြီး သူတို့ ဖတ်ပြတာကို ဘေးကနေ ဟင်းပွဲပြင်ရင်း နားထောင်ရတယ်။ ညကျရင် လူကြီးတွေကို ရှိခိုးပြီးမှ အိပ်တာကို ကြည့်ပြီး ကြည်နူးရတယ်။ မိုးပွင့်လေးက မြန်မာစာကို ကွန်ပျူတာနဲ့ ရိုက်တတ်အောင် ကြိုးစားပြီး တလုံးချင်း ရိုက်နေတာတွေ့ရင် စိတ်ချမ်းသာမိတယ်။
မအေးရဲ့ သမီးတွေ ဖြစ်တဲ့ မိုးပွင့် နဲ့ မိုးဥက ရောက်တာ မကြာသေးပေမဲ့ အဲဒီ နိုင်ငံသားတွေ ပြောတဲ့ ဒတ်ခ်ျ ဘာသာစကားကို ကလေးဆိုတော့ အတတ်မြန်ကြတယ်။ စန္ဒြာနဲ့ မာယာကလဲ ပြန်သင်ပေးတော့ ပို မြန်တယ်။ မာယာတို့ ညီအမကလဲ မြန်မာလို ပြောတတ်ပေမဲ့ မိုးပွင့်တို့နဲ့ ညီအမချင်း ပြောတော့ ပိုနှုတ်သွက်တာပေါ့။ သူတို့အချင်းချင်းလဲ ဒတ်ခ်ျလို ပြောပြော နေတတ်လို့ ညီအမလေးယောက်ဆုံရင် မြန်မာလိုပဲ ပြောရမယ် လို့ ပြောထားရတယ်။ သူတို့ကသာ ကလေးတွေဆိုတော့ တတ်လွယ်ကြတာ ကိုယ်တို့လူကြီးတွေ အဖို့မှာတော့ အတော်ခက်တာပါ။
လူကြီးတွေ ခက်တယ်ဆိုလို့ အပွင့်နဲ့ ဥ တို့အမေ ကိုယ့်အမ မအေး ရဲ့ ဘာသာစကား လေ့လာ လိုက်စားပုံလေး ပြောပါရစေအုံး။ မအေးက ကိုယ့်လိုပဲ ပျော်ပျော်ရွှင်ရွှင် နေတတ်သူပါ။ သူလဲ ဒီနိုင်ငံ ရောက်လာတော့ ရောက်စ မို့ သူသိသလောက်လေးနဲ့ လူတိုင်းကို ဖော်ဖော်ရွေရွေ အင်မတန် နှုတ်ဆက်ချင်တာ။ ဒတ်ခ်ျတွေက တယောက်နဲ့ တယောက် နှုတ်ဆက်ရင် “ဒါ့” လို့ နှုတ်ဆက်တတ်သတဲ့။ တခါတခါကျရင် “ဟိန်” လို့ နှုတ်ဆက်ပြန်သေးသတဲ့။ တကယ်က “Hey..” ဖြစ်မှာပါ။ ဒတ်ခ်ျ အသံထွက်နဲ့ဆိုတော့ အသံတမျိုး ဖြစ်ပြီး မအေးက ဟိန် လို့ပဲ ကြားသတဲ့။ သူက အဲဒီ ၂ခုတော့ အသေမှတ်ထားတာပါ။
တနေ့တော့ သူက ကလေးတွေ ကျောင်းသွားကြိုရင်း လမ်းမှာ မိုးဥလေး ရဲ့ သူငယ်ချင်းရဲ့ အမေနဲ့ လမ်းမှာ ဆုံတယ် တဲ့။ အမြဲ ကျောင်းကြိုနေကျမို့ တယောက်နဲ့ တယောက် မျက်မှန်းတန်းပြီး မှတ်မိနေတာပေါ့။ ဒါနဲ့ မအေးက ခပ်ဝေးဝေးကတည်းက သူတို့တွေလို “ဒါ့” လို့ နှုတ်ဆက်ပစ်လိုက်မယ် လို့ အားခဲထားသတဲ့။ နှုတ်ကလဲ အစမ်း ရွတ်နေမိတာပေါ့။ အနီးလဲ ရောက်ရော အဲဒီ အမျိုးသမီးက မအေးကို ပြုံးပြီး သူက အရင် “ဟိန်” လို့ နှုတ်ဆက်လိုက်တာ မအေးလဲ ယောင်ပြီး “ဒိန်” လို့ အသံအကျယ်ကြီး ပြန်နှုတ်ဆက်လိုက်မိတာ .. တဲ့။
တကယ်က “ဒါ့” လို့ ပြောမယ် မှန်းထားတာ ဟိုဖက်က “ဟိန်” လိုက်တော့ သူလဲ “ဒိန်” ဖြစ်သွားရတာပါ။ ဒါတောင် ဒိန် ကို ရိုးရိုး မပြောဘဲ ယောင်ပြီး အကျယ်ကြီး ဒိန် မိတော့ ဟိုမိန်းမကြီးလဲ လန့်သွားတယ် ထင်ပါရဲ့ ။ သုတ်သုတ် သုတ်သုတ် နဲ့ လစ်တော့တာပဲ တဲ့။ ဖြစ်မှ ဖြစ်ရလေ၊ ဘယ့်နှယ်ဟာကြီးပါလိမ့် လို့ ထင်ရှာမှာပဲ။
ဒါနဲ့ ကိုယ်လဲ အမလုပ်သူရဲ့ သင်ခန်းစာယူပြီး ဥရောပ ခရီးစဉ်တလျှောက်လုံး ဘယ်သူ့ကိုမှ နှုတ်ဆက်ဖို့ မကြိုးစားတော့ဘူး။ လူတိုင်းကို ပြုံးပြုံး ပြုံးပြုံး နဲ့ မေးလေးထိုး နှုတ်ဆက်လိုက်၊ လက်ကလေး ပြ နှုတ်ဆက်လိုက်သာ အသံတိတ် လုပ်ခဲ့ပါတယ်။
တလတာ ခရီးဆိုပေမဲ့ တသက်တာ မေ့မရအောင် ပျော်ရွှင်ခဲ့ပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အခု ဒီမှာ နွေရာသီ ရောက်လာပြီဆိုတော့ ထုံးစံအတိုင်း ပူ စ ပြုပြီပေါ့။ ပူတော့ နေလို့ ထိုင်လို့ မကောင်းဘူး။ လင်းတော့ လင်းချင်းပါရဲ့၊ ဒါပေမဲ့ အိုက်တယ်။ ကိုယ်က ဒီမှာ နွေဦးရာသီကို သဘောကျတယ်။ ရာသီဥတုလဲ ကောင်း၊ နေရောင်ခြည်လဲ ကောင်းကောင်းရလို့ပါ။ ပန်းတွေလဲ ပွင့်ကြတာမို့ မြင်မြင်သမျှ နှစ်သက်မိတယ်။
ငယ်ငယ်တုန်းက နွေရာသီဆိုရင် ကျောင်းပိတ်တာမို့ ပျော်စရာအကောင်းဆုံးပေါ့။ ကလေးဆိုတော့ နွေရာသီကိုသာ မျှော်မိတာပဲ။ ကျောင်းတက်ရတဲ့အချိန်တွေမှာ မနက်စောစော ကျောင်းတက်ဖို့ နှိုးရသလောက် နွေရာသီ ကျောင်းပိတ်ရက်ကျရင်တော့ အစောကြီး အလိုလို နိုးနေတတ်တယ်။ ဆော့ဖို့ ကစားဖို့ ရယ်ဒီပဲ ဆိုသလိုပေါဲ့။ ဒါကလဲ ၇တန်းလောက်အထိပါပဲ။
၈တန်း ကျောင်းပိတ်ရက်ကစ ပြီး ကိုယ်တို့ အမေ့ကျောင်းကို စ လိုက်ရပါတယ်။ အမေ့ကျောင်းဆိုတာ အမေဖွင့်ထားတဲ့ မူကြိုကျောင်းလေးပါ။ အဲဒီကျောင်းလေးကို အမေနဲ့အတူ လိုက်သွားရပြီး အမေစာသင်တာ ကူလုပ် ကူဝိုင်းပြီး ကလေးတွေကို စာသင်ပေး၊ သီချင်းဆို သင်ပေးရတာ..။ ကလေးတွေက ကျောင်းကြီး မတက်ခင် မူကြိုကလေးတွေ ဆိုတော့ ကူထိန်းရင်း ကိုယ်ပါ ရောဆော့တဲ့အခါလဲ ဆော့ပေါ့။
အမေက မိဘကို ကူလုပ်ရင်း ဘ၀ကိုလဲ နားလည်အောင်၊ လူတွေနဲ့လဲ ဆက်ဆံတတ်အောင်၊ ကျောင်းပိတ်ထားချိန်မှာ စိတ်လဲ မလေအောင် ၈တန်းကျောင်းပိတ်ရက်က စပြီး ကိုယ်တို့ ညီအမတတွေ အမေ့ကျောင်းလိုက်ရတော့တာပဲ။ အစမှာတော့ ပျင်းတယ်။ မလိုက်ချင်ဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့ စာသင်ရတာလဲ စိတ်ဝင်စားပြီး ပျော်လာတယ်။ ကလေးတွေနဲ့ နေရတာ၊ သူတို့ တိုးတက်မှုလေးတွေ စောင့်ကြည့်ရတာ၊ သူတို့ ဖြူစင်မှုလေးတွေ သဘောကျမိတာ အစုံပေါ့။
ကလေးလေးတွေကို ပေါင်ပေါ်မှာ ပွေ့ချီပြီး သူတို့လက်သေးသေးလေးတွေပေါ် ထပ်ကိုင်ရင်း ၀လုံး ၀လုံး လို့ဆိုပြီး ၀ိုင်းဝိုင်း ရေးတတ်အောင် အတူတူ ရေးရတယ်။ အဖေ့ရဲ့ “မမ၀၀ ထထက” ကဗျာသင်ရင် ပုံဖော်စရာမလိုဘဲ ကိုယ့်ကိုကြည့်ကြည့်ပြီး သူတို့ ဆိုကြတယ်။ “နေလုံးနီနီ ညနေစောင်းတော့ အမေ့ကျောင်းကို သွားရမယ်” လို့ ဟန်ပန် အမူအရာလေးနဲ့ ဆိုရတာကို သဘောကျတယ်။ “မနီကလေး ဘာတွေသင်၊ စာရေးစာဖတ်သင်..” ဆိုတာ အဖေက ကိုယ်တို့ ညီအမတတွေကို စပ်ခဲ့တာမို့ အဲဒီကဗျာလေးတွေ ပြန်သင်ပေးရတာ ပျော်တယ်။
ကလေးတွေက မပီကလာ ပီကလာ နဲ့ ခေါ်တာက ဆရာမ မိုးချုပ်သင်း တဲ့။ “ချို” ပါ ဆိုတာ ပြောမရ။ ဘယ့်နှယ် ငါ့နံမည် လှတပတမှာ မိုးကြီးစုန်းစုန်းချုပ် သလို ဖြစ်ရပါလိမ့် လို့..။ တချို့က တရုတ်ကလေးတွေမို့ “သင်း” ကို “တင်း” လုပ်ချင်သေးတယ်။ သူတို့အသံလေး နားထောင်ပြီး ရီရ အမောပြေရတာပေါ့။
သတ်ပုံစစ်လို့ ရရင် ကိုယ်က သူတို့ထက်တောင် ပျော်မိသေးတယ်။ တချို့ကလေးတွေက သူတို့ စာရလို့ ကိုယ်ပျော်တာကို သဘောကျပြီး စာတွေတောင် ကြိုးစားလို့..။ ဂဏန်းတွေများ တွက်လိုက်တာ တကုံးကုံးနဲ့..။ နှပ်ချေးကို လက်ခုံနဲ့ သုတ်လိုက်၊ ကိုယ့်ကို မော့ကြည့်လိုက်၊ တွက်လိုက် နဲ့..။ ကိုယ်ကလဲ အမှန်အရှည်ကြီး ခြစ်ပေးလိုက်တာ..။
ဒါနဲ့ အရှိန်ရပြီး အမေ့ကျောင်းတင်မက၊ အိမ်မှာပါ စာတွေ သင်တော့တယ်။ အိမ်မှာ စာသင်တာကတော့ အိမ်မှာ လာကူတဲ့ ရွာက ညီမတွေကိုပါ။ သူတို့ရွာကို စာရေးရင် အဆုံးသတ်မှာ တော်သေပြီ လို့ ရေးထားတာကို “သေ”မှာ ၀စ္စနှစ်လုံးပေါက် ထည့်မှ မှန်တော့မပေါ့ လို့ မင်နီနဲ့ ဖြည့်ပစ်လိုက်တာမျိုး ဆရာလုပ်တတ်တယ်။ တခါတလေများ စာမရရင် မင်နီနဲ့ ပြင်ပစ်တာ စာအုပ်မှာ ရဲပတောင်းခတ်လို့..။ ပညာစွမ်းပြတယ် ပြောရမှာပေါ့။
ခင်မ ဆိုတဲ့ ညီမတယောက်ကတော့ သတ်ပုံစစ်တော့မယ်ဆိုရင် သူ့လက်မှာ ကူးပြီး မှတ်ထားတယ်။ ကိုယ်က အစက မသိဘူး၊ ခပ်တည်တည်နဲ့ သတ်ပုံခေါ်နေတာ။ မီးရထား စီးလာပါ၊ အလကား မစီးရ တို့ဘာတို့ပေါ့။ သူက ဆံပင်ကွယ်ပြီး လက်ဖ၀ါးက စာတွေကို ခိုးကြည့်ပြီး ရေးနေတာလေ။ မှန်လှချည်လား အောက်မေ့လို့ လက်ဖ၀ါး ပြပါအုံး ဆိုတော့ ရီနေတယ်။ တံတွေးနဲ့ ကြိတ်ဖျက်သေးတယ်။ မမီဘူး။ ဆရာမ မိသွားတာပေါ့။
ကိုယ်က ခိုးချလို့ ဆူပူ ကြိမ်းမောင်းလဲ ခင်မ က ရီနေတာပါ။ စိတ်မဆိုးပါဘူး။ လိုက်လဲ လိုက်တဲ့ ဆရာ တပည့်ပဲ။ ကိုယ့်အမတွေကတော့ ကိုယ်တို့ညဖက် စာသင်ဖို့ ပြင်ဆင်နေကြပြီဆိုရင် အိမ်ပေါ်တက်ပြေးကြတယ်။ နားအေးပါးအေး လွတ်ရာပြေးကြတဲ့ သဘောပေါဲ့။ ခိုးချရင် ကိုယ်က ဆူ၊ သူက ရီနဲ့ မုန့်လုံးစက္ကူကပ်နေလို့လေ..။ ဟိုတယောက်ကလဲ စာရတောင် ခိုးတော့ ကူးလိုက်ရမှ.. ဆိုတာမျိုး။
“ခင်မရယ်၊ နင်ကလဲ နင်ပဲ၊ ဘာလို့ သူမကြိုက်တာ ခိုးချရသလဲ၊ မသင်ချင်လဲ မသင်ပါနဲ့တော့” လို့ အမတွေက ပြောကြလဲ ခင်မက သင်ချင်တာပါပဲ။ အင်မတန် ကြိုးစားချင်စိတ်၊ စာတတ်ချင်စိတ် ရှိပါတယ်။ ဒီလိုနဲ့ သူလဲ ရည်းစားစာ ကို သတ်ပုံမှန်မှန်နဲ့ ရေးတတ်သွားပြီး ယောကျာင်္းရသွားမှပဲ ကိုယ်တို့စာသင်တာ တခန်းရပ်တော့တာ..။ သူကြိုးစားနေတာ ဒါကြောင့်ကိုး။
ဒီလိုနဲ့ လုပ်ငန်းခွင်ထဲရောက်၊ ရေခြားမြေခြားရောက်နဲ့ စာသင်ခန်းလေးနဲ့ အလှမ်းကွာသွားတယ်။ ဟိုးတလောက ကိုယ်တို့နေတဲ့မြို့မှာ မြန်မာကလေးလေးတွေကို အခမဲ့ မြန်မာစာ သင်ပေးကြမယ်ဆိုပြီး လူကြီးတွေက စီစဉ်ကြတော့ ကိုယ်တို့လဲ ကိုယ်တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကြတာပေါ့။ ရန်ကုန်မှာ ကျောင်းအုပ်ဆရာမ လုပ်သက်ရင့်ခဲ့တဲ့ မာမားနဲ့ အတူ သားအမိနှစ်ယောက် တနင်္ဂနွေနေ့တိုင်း ကလေးတွေကို မြန်မာစာ သွားသင်ကြပါတယ်။
ဒီမှာက ကလေးတွေက မြန်မာလိုစကားပြောတဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းရတာမဟုတ်တော့ သူတို့ကို ကိုယ့်ဘာသာစကားတခုကို စိတ်ဝင်စားလာအောင်၊ ပြောချင်၊ ရေးချင်လာအောင် ဆရာမတွေအားလုံး တိုင်ပင်ဆွေးနွေးပြီး သင်ကြတာပါ။ ရန်ကုန်မှာ သင်ရတာနဲ့ မတူပါဘူး။ လူကြီးမိဘ ဆရာသမားကို ရိုသေလေးစားဖို့ ဂါရ၀တရားလဲ ပြောပြ သင်ပြရတယ်။ နားထောင်ကျင့် ပြောကျင့်ရအောင် ကဗျာတွေ၊ ပုံပြင်လေးတွေလဲ ဆိုပြ၊ ပြောပြရတယ်။
ကလေးတွေက စိတ်ပါဝင်စားကြပါတယ်။ စကားလဲ နားထောင်တယ်။ အိမ်စာလဲ မှန်မှန် လုပ်လာပြီ။ ဆရာမကို ပြောရင်လဲ မြန်မာလို ကြိုးစားပြီး ပြောကြတယ်။ တချို့မိဘတွေက မြန်မာလို အိမ်မှာ အမြဲပြောနေတဲ့ကလေးများဆိုရင်တော့ စကားပြောရာမှာ သိပ်အခက်အခဲ မရှိဘူး။ ပိုသွက်သွက် ပြောနိုင်တာပေါ့။ ကိုယ်တို့ကလဲ မြန်မာလိုပဲ ပြောပြီး သင်တာပါ။ ဘာသာစကားတခုဆိုတာ တတ်ထားရင် အကျိုးများတာပဲ မဟုတ်လား။
အဲဒီမှာ သင်တာနဲ့ ယူတာ ကွဲလွဲတာလေးတွေကို ပြောပြချင်သေးတယ်။ ပထမဆုံးနေ့မှာပဲ ၀လုံး သင်တယ်။ နောက် ထဆင်ထူး သင်လိုက်တယ်။ အိမ်ပြန်ရောက်တော့ ကိုယ်တို့မိတ်ဆွေ ကလေးအဖေက သူ့ကလေးကို မေးပါသတဲ့။ သားသားဆရာမက ဘာသင်လိုက်သလဲ လို့..။ ကလေးက ပြန်ဖြေတယ်။ နို့ နို့ တဲ့..။ မြတ်စွာဘုရား..။ ကိုယ်သင်လိုက်တာ ထဆင်ထူး သင်လိုက်တာပါ။ ကလေး အမြင် စူးရှလွန်းတယ်။
နောက်တခါတော့ ကလေးတွေကို ယပက်လက် သင်လိုက်ပါရော..။ ကလေးတွေ အဖေကလဲ မေးပြန်ပါရော။ ဒီတခါတော့ ကလေးက မြန်မာလို ဘယ်လို ပြောရမယ် မသိလို့ သူ့တင်ပါးကို ပုတ်ပြီး ပြောပါတယ်။ အဲဒါ ယပက်လက် တဲ့။ ကလေးမိဘတွေနဲ့ မိတ်ဆွေတွေဖြစ်နေလို့ သာပေါ့၊ နို့မို့ဆို ချိုသင်း ဘာတွေ သင်နေပါလိမ့် ဖြစ်မှာ..။ ကလေးတွေက သူတို့အမြင်နဲ့ တွဲမှတ်ထားကြတာပါ။ လန့်လောက်ပါပေတယ်။
သူတို့က အင်္ဂလိပ်စာကို ပိုအားသန်တာမို့ မြန်မာအက္ခရာတွေကို အင်္ဂလိပ်လို တွဲမှတ်သေးတယ်။ ဒဒွေးကို three 3 တဲ့။ “အ”ကို thirty two 32 တဲ့။ င ကို C စီ တဲ့။ ဓ ကို Q တဲ့။ သူတို့မှတ်ထားတာလေးတွေက ချစ်စရာလေး။
နောက်ပြီး သူတို့ကို ကိုယ် မြင်တွေ့နေရတဲ့ နီးစပ်တဲ့ အရာတွေကို မြန်မာလို့ ခေါ်ပုံခေါ်နည်း သင်ရသေးတယ်။ ဥပမာ လက်မ ကိုပြပြီး ဒါကို လက်မ လို့ ခေါ်တယ်၊ လက်ညှိုးကို ထောင်ပြီး ဒါကတော့ လက်ညှိုး ပေါ့။ လက်ခလယ်ကျတော့ ကိုယ်ကလဲ လက်ခလယ်တခုတည်း ထောင်ပြီး ဒါ ဘာလဲ ဆိုတော့ Oh My God!!! တဲ့။ ကလေးတွေ အကုန်လုံး ၀ိုင်းအော်ကြပါရော။ ဆရာမလဲ ကြောက်လန့်ပြီး လက်ကို အမြန်ရုတ်လိုက်ရပါတယ်။ ကိုယ့်ရိုးရိုးကို သူတို့က ဆန်းဆန်း တွေးပစ်လိုက်ကြတာလေ..။
ဒီလိုနဲ့ ကလေးတွေနဲ့ ဆရာမ စခန်းသွားနေကြတာ အတော်တော့ ခရီးပေါက်နေပြီ။ ပျော်စရာလဲ ကောင်းတယ်၊ စိတ်လဲ ချမ်းသာရပါတယ်။ ဒါကြောင့် ကြည်နူးမိတာလေးတွေ ကိုယ့်မှတ်တမ်းမှာ အမှတ်တရ တို့ ထားလိုက်တာပါ။ နောက်လဲ သူတို့အကြောင်းလေးတွေ ရေးဖို့ ကြိုးစားအုံးမယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
မနေ့ညက စိတ်ကူးပေါက်ပြီး ကိုယ့်ရဲ့ facebook စာမျက်နှာမှာ ဒီလို သတင်းစကားလေး တင်လိုက်ပါတယ်။ သူငယ်ချင်းတွေကို တချက် လှမ်းပြီး signal ရိုက်လိုက်တာပါ။
Blog တို့ FB တို့ မပါဘဲ ဘ၀ကို ဖြတ်သန်းကြည့်အုံးမယ် .. လို့။
အဲဒီလိုရေးလိုက်တာနဲ့ ပထမဆုံး တုံ့ပြန်ရေးလိုက်တာ အဝေးက မိတ်ဆွေတယောက်ဖြစ်တဲ့ ကိုကျော် ပေါ့။ သူက ဒီလိုပြန်ရေးတယ်။ ဘယ်နှစ်နာရီလဲ တဲ့။ အဲဒါတွေနဲ့ ဝေးပြီး ဘယ်နှစ်နာရီ နေမှာလဲ လို့ ပြန်မေးလိုက်တာပါ။ အဲဒါကို ကိုယ်ကလဲ စက္ကန့်မခြား ဒီဖက်ကနေ ပြုံးပြီး ဖတ်နေမိတာ..။ ငါ့အကြောင်းတွေ သိကုန်ပြီလို့ ပြုံးစိစိ ဖြစ်နေတာ..။
အစကတော့ ဘာမှ မသိခဲ့ဘူး။ ခေတ်ပေါ် လောကဓာတ်ပညာတွေကို နားလဲ မလည်ဘူး၊ သိလဲ မသိချင်ခဲ့ဘူး။ အဲဒါတွေ လုပ်ကြည့်ရင် မှားသွားမလား၊ မှားရင် ငါလဲ မပြင်တတ်တော့ ဒုက္ခ ဆိုတဲ့ ကြောက်တဲ့ စိတ်အခံကလဲ ရှိနေတယ်။ အခုလဲ သိတယ်လို့ မဆိုနိုင်ပါဘူး။ မျက်မမြင် ဆင်စမ်းတုန်းပါပဲ။ ဆင်မြီးကို မြွေကြီးပါလား ဖြစ်တုန်းပါပဲ။
ဒါပေမဲ့ ကိုယ့်ကို အဓိက ဆွဲဆောင်လိုက်တာက သူငယ်ချင်းတွေပါ။ သူငယ်ချင်းတွေရှိတယ် ဆိုတဲ့ အသိနဲ့ အဲဒီကစားပွဲထဲ ၀င်ဆော့မိတယ်။ သူများ ထုတ်စီးတိုးနေရင် ကိုယ်ကလဲ ထုတ်စီးဝင်တိုး လိုက်ချင်တာကိုး။ သူတို့ ၀ိုင်းကြီးပတ်ပတ်ဆော့နေရင် ကိုယ်ကလဲ သွားလက်တွဲပြီး ၀ိုင်းလိုက်ချင်သေးတာကိုး။ ဒါနဲ့ facebook ကို မနက်တိုင်း ဖွင့်ကြည့်မိပါတယ်။
အတော်အလုပ်များသွားတာတော့ အမှန်ပဲ။ သူငယ်ချင်းတချို့က ဟင်းတွေချက်ပြီး ကိုယ့်ကို တဂ်တယ်။ လာစားပါအုံး တဲ့။ အစားအသောက်ကို ခုံမင်မှန်းသိတော့ လာခေါ်တယ်လေ။ အစားအစာတွေကလဲ ကိုယ့်အကြိုက်ချည်း ဖြစ်နေတယ်။ ပြုံးပြုံး ပြုံးပြုံး နဲ့ သူ့ရဲ့ တံခါးခေါက်၊ သူ့ထမင်းစားပွဲမှာ ၀င်ထိုင်ပြီး စကားတပြောပြောနဲ့ ၀င်စားခဲ့တယ်။ အအေးတွေလုပ် တိုက်ရင်လဲ သောက်၊ ဒါကတော့ အကြိုက်ဆုံးပဲ၊ လုပ်နည်းလေး မျှပါအုံး ဘာညာ ပြောပြီး ပြန်လာခဲ့တယ်။
တချို့မိတ်ဆွေတွေကျတော့လဲ စာကောင်းလေး မြည်းပါအုံး တဲ့။ ကိုယ်ဆို ဒီလိုစာကောင်းတွေ ဖတ်ရဖို့ ဘယ်လိုက်ရှာရမယ်မှန်း မသိ။ အခုလို တခုတ်တရ ကိုယ့်ရှေ့အရောက်ပို့ပေးပြန်တော့ ကျေးဇူးတင်ရတာပေါ့။ ဗဟုသုတလဲ ရတယ်။ အသိဥာဏ်လဲ တိုးတယ်။ စာဖတ်ပြီး ထင်မြင်ချက်တွေ တယောက်တပေါက် ပြောကြပြန်တော့ ထောင့်မျိုးစုံက မြင်ကြည့်လို့ ရပြန်ပါရော..။
တချို့ကျတော့လဲ သူတို့ရဲ့ ကိုယ်ပိုင် အနုပညာတွေ..။ မျှဝေတာတွေ..။ စာတွေ၊ ကဗျာတွေ၊ ပန်းချီ၊ ဒီဇိုင်းတွေ ရင်သပ်ရှုမော မုဒိတာပွားရတယ်။ ၀မ်းနည်းစရာဆို သူငယ်ချင်းနဲ့အတူ ငိုရတယ်။ ပီတိဖြစ်စရာဆို အပြုံးချင်း ဖလှယ်ရတယ်။ နွေးထွေးတဲ့ နှလုံးသားရှိသူချင်း မျက်နှာချင်း ဆုံရတယ်။
တချို့ကျတော့လဲ သတင်းတွေ..။ လတ်တလော ဖြစ်ပျက်သွားတဲ့ သတင်းပူပူနွေးနွေးတွေကို အံ့သြတကြီး ဖတ်ရတတ်တယ်။ နာရေး၊ သာရေး၊ လူမှုရေး အကုန် အစုံပဲ။ နာရေးဆို ဟာ..ကနဲ ဖြစ်ရ။ သာရေးဆို ၀မ်းသာရ။ လူမှုရေးဆို သာဓုခေါ်ရ ပေါ့။ ကမ္ဘာရွာဆိုတာ ဒါ နေမှာ..။
အရင်ကတော့ ရွာက လူ မြို့တက်လာလို့ အိမ်ရောက်မှ ခေါင်းပေါ်က အထုပ်လေးချ၊ ပတ်လာတဲ့ ပုဝါလေး ဖြုတ်ပြီး ယပ်ခတ်ပါစေအုံး စောင့်ရတာ။ အမောပြေမှ ရေလေး တခွက် တိုက်စမ်းပါအုံးအေ လုပ်သေးတာ။ ပြီးမှ ဖြေးဖြေးချင်း ပြောလာတဲ့ သတင်းစကား နားထောင်ရတာမျိုးကိုး။ အဲဒီတော့မှ ကစားဖော်ကစားဖက် အေးသာ ဟိုလူကြီးနဲ့ လိုက်ပြေးသွားပြီ ဆိုတာမျိုး သိရတာကိုး။
အခု ကမ္ဘာရွာဖြစ်ပုံများကတော့ ရွာက ကြီးဒေါ်ကြီးကိုလဲ စောင့်စရာ မလိုဘူး။ လကြတ် နေကြတ်တာက စလို့ မင်းသမီး ပါးရိုက်တာအဆုံး မိနစ်ပိုင်း အတွင်း ခရေစေ့တွင်းကျ သိရတော့တာ..။ ထင်မြင်ချက်အမျိုးမျိုး၊ ဆန္ဒအမျိုးမျိုး ကို ရှုထောင့်မျိုးစုံကနေ ဖတ်ရတယ်။ စကားဝိုင်းလေးတွေ ဟိုနား တစု၊ ဒီနား တစု ဖြစ်သွားတတ်တယ်။ စကားဝိုင်းမှာ ၀င်မဆွေးနွေးဘဲ အနားမှာ ငြိမ်ငြိမ်သက်သက် ၀င်နားထောင် နိုင်တယ်။
တချို့ကျတော့လဲ ဗီဒီယိုလေးတွေ..။
ဟိုတလောက ချစ်ခင်ရတဲ့ ညီမလေးတယောက်က သူ့သားကလေး ချိုပြုံးရွှင်ပုံကို ဗီဒီယိုရိုက်ပြီး တင်တယ်။ ကိုယ်ကလဲ ကလေးချစ်တတ်သူမို့ အဲဒါလေးသွားသွားကြည့်ပြီး ကလေးနဲ့အတူ ရီမောလို့ သဘောကျနေတာ။ နောက်မှ ကိုယ့်အဖြစ်က အံတီမာမာအေးရဲ့ သီချင်းတပုဒ်နဲ့ တူနေတာ သတိရပြီး ကွန်မန့်ရေးခဲ့တယ်။ ပုံ/ကျွဲမ ဆိုပြီးတော့လေ..။
နောက်မှ ပြန်စဉ်းစားတာ ကလေးရူးမအကြောင်းက ကျွဲမ မဟုတ်သေးပါဘူးလို့..။ သီချင်းပြန်ဆိုကြည့်မှ အာယားမ သီချင်း ဖြစ်နေလို့ အာယားမ ရေးရမှာ ကျွဲမ သွားရေးမိတယ် လို့ ပြန်သွားပြောရသေးတယ်။ သူကလဲ ဘာ ကျွဲမ ပါလိမ့် စဉ်းစားနေတာ တဲ့၊ လိုက်မေးအုံးမလို့ တဲ့။ နောက်တော့ ကိုယ်ကလဲ ခပ်ညိုညိုမို့ ကျွဲမလဲ ဟုတ်တော့ ဟုတ်ပါတယ်လေ..လို့ မလုပ်ချင်ဘဲ လုပ်လိုက်ရသေးတယ်။ ကျွဲမ သီချင်းထဲမှာ ထမင်းအိုးဖင် လို့ဆိုထားတော့ တူတော့ မတူချင်ဘူးပေါ့။
တခါတလေ သီချင်းလေးတွေ နားထောင်ရ၊ ရုပ်ရှင်တိုလေးတွေ မျှဝေတာ ကြည့်ရသေးတယ်။ ဒါ ကိုယ်ငယ်ငယ်က သိပ်ကြိုက်ခဲ့တဲ့ သီချင်းပဲ ဆိုပြီး လိုက်များတောင် ဆိုလို့..။ ပျော်ဝင်လွယ်တာများ ပြောပါတယ်။ ရုပ်ရှင်ကျတော့လဲ ကြိုက်ရပြန်ပါပြီ။ ကောလိပ်ဂျင်နေ၀င်းကားဆို ၂ခါလောက်တော့ ကလစ် လိုက်တာပဲ။
တချို့ကျတော့လဲ Virus တဲ့။ မည်သို့မည်ပုံ လုပ်လိုက်သည် မသိ၊ ကိုယ့် facebook wall မှာ ကြိုးလေးတချောင်းတည်း sexy ပုံကြီး လာပေါ်နေတယ်။ ဟ..ဘယ့်နှယ့်ဟာကြီးပါလိမ့် လို့ ဖြစ်ရသေးတယ်။ ပို့တဲ့ မိတ်ဆွေကို မေးကြည့်တော့ သူဖွင့်ရုံ ဖွင့်လိုက်တာပါ တဲ့၊ ကိုယ့်ဆီ အလိုအလျောက် ရောက်သွားတယ် ပြောတယ်။ အဲဒါ Virus တဲ့။ အဲဒီလို Virus တွေလဲ ရှိတယ်လို့ ပြောချင်တာပါ။
ခက်တယ်။ တကယ် ခက်တယ်။ အရင်က ဘလော့ တခုတည်းတောင် အလုပ်က များလှပြီ။ အခု facebook ပါ ဆိုတော့ ကိုယ့်အိမ်ကို လာလည်တဲ့ မိတ်ဆွေများက ဟာ..ရန်ကုန်က အလုံ အမှိုက်ပုံကြီး LA ရွှေ့ထားပါလား ထင်ကြမှာ..။ ဒါတောင် မိတ်ဆွေတယောက် က twitter လုပ်သေးလား တဲ့။ ဒါမျိုး နောက်တခုရှိသေးတာလား ဆိုပြီး ကိုယ့်နဖူးကိုယ် ရိုက်မိတယ်။
မနက် နိုးတာနဲ့ မနက်စာ စားဖို့ ပြေးလုပ်၊ ပြီးရင် ကွန်ပျူတာ ထဲ ခေါင်းဝင်နေတယ်။ ဟင်းချက်နည်း စာအုပ်ထုတ်မလားလဲ စဉ်းစားနေတယ်။ အမြန်စာ၊ ပြီးစလွယ်စာ၊ မနူးမနပ်စာ၊ ကတိုက်ကရိုက်စာ စသဖြင့်ပေါ့။ ဒါမျိုးတွေချည်း အိမ်မှာ ချက်ကျွေးနေမိလို့ပါ။ အစိမ်းမစားရသေးတာ တော်သေးတာပေါ့လို့ အကောင်းဖက်လှည့်တွေးရင်တော့ ဖြစ်ပါတယ်။
ကျောင်းကလဲ တဖက်တက်သေးတော့ ကျောင်းမှာ စာစီစာကုံးရေးရင်း အီးမေးလ်ကို ယောင်ယောင်ပြီး ဖွင့်ကြည့်မိတယ်။ facebook က စာတွေလာတာတွေ့ရင် ဟယ် သူ ဘာများ ရေးပါလိမ့် တဲ့ (ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာ ရေးပြတာပါ)။ ဒါနဲ့ လိုက်သွားကြည့်တော့ မြန်မာစာ ဖတ်လို့မရတဲ့ကွန်ပျူတာ ဖြစ်နေတာမို့ လေးထောင့်တုံးတွေ မြင်ရမှ လက်လျှော့ ပြန်လာတယ်။ ဆရာမက control လုပ်ပြီး သူ့ကွန်ပျူတာကနေ ကျောင်းသားတွေ ဘာလုပ်လဲ ကြည့်နေတာမို့ နောက်တခါ စာလုပ်ချိန် စာမလုပ်ရင် အမှတ်လျှော့မတဲ့။ မျက်နှာလေး ငယ်ပြီး မကြားသလို လုပ်နေရတယ်။
ကိုဇာဂနာ့ ဟာသ လို “ကျန်းမာရေးကလဲ မကောင်း..” လို့ ညည်းမလို့ လုပ်ရင် “ဘယ်ကောင်းမှာလဲ၊ လမ်းလေးဘာလေးလျှောက်၊ လေ့ကျင့်ခန်းလေး ဘာလေးမှ မလုပ်ဘဲကိုး” တဲ့။ “အားတဲ့အချိန် ကွန်ပျူတာပဲ ကြည့်နေတာ” တဲ့။ သနားမလား အောက်မေ့တယ်၊ လက်ပစ်ဗုံးနဲ့ ထုတယ်။
ဆီးချိုကလဲ တရိပ်ရိပ် တက်..။ ဆရာဝန်ပြတော့ အားလပ်ချိန် ဘာလုပ်သလဲ တဲ့။ အချိုရည် သောက်ရင်း ကွန်ပျူတာမှာ စာထိုင်ဖတ်တာပဲ လို့ ပြောရင် လူနာစာရင်းကတောင် ထုတ်လိုက်မဲ့ကိန်း ရှိတယ်။ သူကြားချင်တာက diabetes ပညာပေး သင်တန်း တက်နေပါတယ်တို့ ဘာတို့..။ ဒါပေမဲ့ အိပ်မက်ဟာ တကယ်ဖြစ်မလာ.. ဆိုတာ သူ မသိသေးဘူး။
အခုတော့ Facebook တို့ ဘလော့တို့ မပါဘဲ နေကြည့်မယ်ဆိုတော့ နည်းနည်း လိမ်မာအုံးမယ် လို့ ပြောချင်တဲ့သဘောများလား။ ဒါမှမဟုတ် မိတ်ဆွေ တယောက် ပြောသလို အမူးပြေရင်တော့ ထန်းပင်ကို ပြန်မော့ကြည့်နေမဲ့သူများ ဖြစ်နေမလား။
အကောင်းဆုံးကတော့ ဘ၀မှာ လုပ်ချင်တာနဲ့ လုပ်သင့်တာကို မျှပြီး ဟန်ချက်ညီညီ လုပ်နိုင်ဖို့သာ ကြိုးစားရမှာပဲ။ ဒါမှ တကယ့်ပျော်ရွှင်မှုရမယ်လို့ ထင်မိတာပဲလေ..။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
စာမရေးဖြစ်တာ ကြာပါပြီ။ အဲဒီလို ကြာနေလို့ စာပြန်ရေးတော့မယ် ဆိုရင် ကိုယ်ချစ်တဲ့ ကြောင်လေးတွေအကြောင်း နဲ့ စ ပြီး ပြန်နွှေး ရတာမို့ စာလာဖတ်တဲ့ သူငယ်ချင်းတွေက ကိုယ်ပျောက်သွားရင် ကြောင်အကြောင်း ဖတ်ရပြန်အုံးတော့မယ် လို့ ထင်နေမှာလား မသိ။
တကယ်တော့ ကိုယ်က ကိုယ်စိတ်ပါ တဲ့ ကိုယ်ခံစားရတဲ့ အကြောင်းလေးတွေသာ ရေးချင်မိတာပါ။ အခုတလော အလုပ်ကလဲ များ၊ ကျန်းမာရေးကလဲ မကောင်း ဆိုတော့ စာလဲ ကောင်းကောင်း ရေးချင်စိတ် မရှိဘူး။ အဲဒီလို အေးအေးလူလူ နေနေတုန်း ကိုယ်ချစ်တဲ့ ကြောင်လေးက ပျောက်သွားခဲ့တာ..။ ဒါကြောင့် စာရေးပြီး ပြောအုံးမယ် ဆိုပြီး ကြောင်အကြောင်းပဲ ဆွဲထုတ်လာရပါတယ်။ ကြောင်မချစ်သူများ ခွင့်လွှတ်ကြပါ။
ကိုယ်တို့မှာ သမီးလေးတကောင် ရှိပါတယ်။ နံမည်ကတော့ အမျိုးစုံပါပဲ။ လက်နှီးစုတ်လို အဖြူညစ်ရောင်လေးမို့ သမီးဖြူလို့ ခေါ်သလို သူ့အဖေကတော့ ချစ်သမီး တဲ့။ တခါ တခါ မီးမီးညောင် တဲ့။ ပဲများလို့ ပဲထုပ်ကလေး တဲ့။ ကြောင်လဲ သူ့နံမည်ကို မှတ်မိပုံတောင် မရတော့ပါဘူး။ နံမည် အမျိုးမျိုးခေါ်နေတော့ ငါ့ ခေါ်သလား၊ သူ့မိန်းမပဲ သူ ပြန်ခေါ်နေသလား ဇဝေဇ၀ါ ဖြစ်နေပုံပဲ။
ရူပကာကို ဇာချဲ့ရရင် တကိုယ်လုံး အဖြူမှာ မျက်နှာလေး တခုပဲ ကွက်မဲ နေတယ်။ ဒါနဲ့ ကိုယ်က စိတ်ပေါက်ရင် ဟေ့.. ပေါင်ချိန့်သမီးလေး လို့ ခေါ်တတ်တယ်။ မျက်နှာမည်းပေါင်ချိန် ဇာတ်လမ်းတွဲတွေ ကြည့်ဖူးထားတာကိုး။ မျက်လုံးက ပြာပြာမှာ လမ်းလျှောက်ရင် ငိုက်စိုက် ငိုက်စိုက်နဲ့..။ မျက်နှာကို အမြဲလိုလို စူထား ရှုံ့ ထား တတ်တယ်။ ကြောင်က မျက်နှာစူတာ ဘယ်လို ဖြစ်နိုင်မှာလဲ မထင်ပါနဲ့..။ တကယ့်ကို ခံစားချက်ကို ဖော်ပြနိုင်တဲ့ မျက်နှာပိုင်ရှင်ပါ။
ကိုယ်ကလဲ သားအမိ အေးအေးချမ်းချမ်း ရှိတဲ့ အချိန်ဆိုရင် သမီးကို ဘေးထားပြီး ဆုံးမစကား ပြောရပါတယ်။ "အမေက ကိုယ့်သားသမီးကိုဆို မျက်နှာချိုချိုလေး မြင်ချင်တာ..၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းမှပေါ့ သမီးရဲ့၊ ဘယ့်နှယ်၊ သမီးအဖေနဲ့တူလို့ မျက်နှာတည် သလား" ဘာညာ စောင်းချိတ် ဆုံးမရတာပေါ့လေ..။
သမီးကလဲ ဘယ်လို ဆုံးမ ဆုံးမ၊ နားပေါက် မပါပါဘူး။ အမြဲ သုန်သုန် မှုန်မှုန်ပါပဲ။ သူ မြူးတဲ့ အချိန် တချိန်တော့ ရှိပါတယ်။ အဲဒါကတော့ လူအိပ်ချိန်ပါ။ တနေ့ခင်းလုံး ကုလားသေ ကုလားမော ဇက်ကျိုးအောင် အိပ်လေတော့ ညဆို လန်းဆန်းပြီး မျက်လုံးက အရောင်တောက် နေတယ်။ နည်းနည်းလေး မလှုပ်နဲ့ ဒိုင်ဗင်ပစ်ပြီး ဆော့မယ် ပဲ။
အဲဒီအချိန်မှာ မိဘလုပ်တဲ့ ကိုယ်တို့နှစ်ယောက်က တနေ့လုံး အလုပ်လုပ်ရတော့ ပင်ပန်းပြီး အိပ်ချင်နေပြီ။ သူက ဆော့မယ် ဆိုပြီး မျက်စပစ် ခေါ်နေတော့ အလိုလိုက်တဲ့ အဖေလုပ်သူက လိုက်ဆော့ပေးပါတယ်။ သူတို့ တူတူပုန်းတမ်း ဆော့ကြတယ်။ အများအားဖြင့် အဖေလုပ်သူက သမီးပုန်းတာ လိုက်ရှာရတာပါ။ လိုက်ကာနောက်မှာ သမီး ၀င်ပုန်းတာ တကိုယ်လုံး ကွယ်နေပေမဲ့ အမြီးကြီးက ထွက်နေသေးတာပါ။ ဒါကိုလဲ မမြင်ယောင်ဆောင်၊ လိုက်ရှာသလို လုပ်ရပါတယ်။
ဆော့ပြီးလို့ မောရင် သူက သူ့ကိုယ်သူ တကိုယ်လုံး လျှာနဲ့ လျက်ပါတယ်။ သူ့ဖာသာသူ လျက်တာ ကိစ္စ မရှိ၊ အဖေတွေ အမေတွေကိုလဲ လျက်ပေးပါတယ်။ ကိုယ်ကတော့ သူ့လျှာကြမ်းကြီးနဲ့ လျက်တာ မခံနိုင်လို့ မလုပ်ခိုင်းပေမဲ့ ထုံးစံအတိုင်း သူ့အဖေကတော့ လက်တချောင်းလုံး ပေးထားတယ်။ တဖက်က ကွန်ပျူတာကြည့်၊ စာဖတ် လုပ်နေပေမဲ့ လက်တဖက်က သူ့သမီးကို လျက်ပါစေ ဆိုပြီး ပေးထားတာပါ။ ဟိုတကောင်ကလဲ လက်တခုလုံး စိမ်ပြေနပြေ လျက်ပေးတာပါ။ ပြီးမှ လက်ကြီးတခုလုံး ဘရပ်ရှ်တိုက်ထားသလို ထုံနေတယ်လို့ သူက ဆိုသေးတယ်။
ညအိပ်တော့လဲ ၂ယောက် နဲ့ တပိုင်း အတူအိပ်ကြတယ်။ ညဦးပိုင်းမှာတော့ သမီးက ကုတင်အောက်ကို ကုန်းကုန်း ကုန်းကုန်းနဲ့ ၀င်သွားပြီး အိပ်တာပါ။ ညလယ်ရောက်လို့ ကိုယ်တို့လဲ အရမ်းကို အိပ်မောကျပြီး အိပ်မက်တွေဘာတွေ မက်နေချိန်ကျမှ ကုတင်ပေါ်တက်လာပြီး ကိုယ်ပေါ်မှာ ခေါင်းအစ ခြေအဆုံး သူ လမ်းတက် လျှောက်တယ်။
မြူးပြီး Purring လို့ ခေါ်တဲ့ သူတို့ ကျေနပ်ရင် ထွက်တဲ့ ဂူးဂူး ဆိုတဲ့ အသံမျိုးကို အကျယ်ကြီး မြည်ပြီး ခေါက်တုံ့ ခေါက်ပြန် ကိုယ်ပေါ်မှာ လမ်းလျှောက် နေတာပါ။ တခါတလေ သူ့လက်ကလေးနဲ့ စောင်ပေါ်ကနေ ကိုယ့်ကို နှိပ်ပေးသေးတယ်။ အော်..ငါ့သမီးလေးက သိတတ်လို့ နှိပ်ပေးတာ အိပ်ကောင်းနေတဲ့ ညလယ်ခေါင်ကြီးမှာဆိုတော့.. ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မိသိန်းကြည်ပေါ့။
တခါတလေ ဘေးစောင်းအိပ်နေတုန်း ပုခုံးပေါ်ကနေ မျက်နှာကို မိုးပြီး ကြည့်နေတယ်။ အော်..အမေတို့များ အိပ်နေလိုက်တာ ဆိုတဲ့ အပေါက်။ တရေးနိုးမှာ နှုတ်ခမ်းမွှေးကားကား နဲ့ မျက်လုံးပြူးပြီး ကြည့်နေတာ မြင်ရရင် ဘယ်လိုနေမလဲ စဉ်းစားသာ ကြည့်ပါတော့..။ သူ အပြင်ထွက်ချင်လို့ အခန်းတံခါး ဖွင့်ပေးစေချင်ရင်တော့ နားထဲကို သူ့နှာခေါင်းလေး လာထည့်ထားတတ်တယ်။ သူ့ ဂူးဂူး မြည်သံက ကိုယ်တို့ မနိုးချင်လို့လဲ မရတော့ဘူးလေ..။
တလောကတော့ ကိုယ်တို့မြို့မှာ ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ လုပ်တော့ အိမ်မှာ ရပ်ဝေးက ဧည့်သည်တွေ ပွဲတက်ဖို့ လာတည်းကြပါတယ်။ ဧည့်သည်တွေကို ကျွေးမွေးဖို့ ပြင်ရ ဆင်ရ နဲ့ ဆိုတော့ ကိုယ်တို့လဲ သမီးကို အရင်လို အာရုံမစိုက်နိုင်ခဲ့ဘူး။ ဒါ့အပြင် ညအိပ်ညနေ လာအိပ်တဲ့ ဧည့်သည်ထဲမှာလဲ ရုပ်ဆိုးဆိုး တယောက် နှစ်ယောက်ပါလေတော့ သမီးလဲ လန့်သွားပုံရပါတယ်၊ ပျောက်သွားတော့တာပါပဲ။
မွေးကတည်းက တခါမှ ခွဲမအိပ်ဖူးဘူး။ သူ ဒုက္ခဖြစ်နေလို့သာ အိမ်ပြန်မလာတာပဲ ဆိုပြီး ပူလိုက်ရတာ..။ ဘာများဖြစ်နေမလဲ၊ ခွေးများ ကိုက်သလား၊ ကားများ တိုက်သလား၊ လမ်းများ ပျောက်သလား ပေါ့။ အဖေလုပ်သူက မနက် ၃နာရီထိ သမီးရေ ..သမီးရေ ..နဲ့ ခြံထဲမှာ လိုက်ရှာပါတယ်။ အရိပ်အရောင်တောင် မမြင်ရပါဘူး။
နောက်တနေ့ မနက်စောစောမှာ ကိုယ်တို့နှစ်ယောက် ကင်မရာကိုင်ပြီး သမီးပျောက် ရှာကြတယ်။ ပထမဆုံး သူ သွားလေ့ရှိတဲ့ အိမ်ဘေးက အိမ်ကို သွားမေးပါတယ်။ ငါတို့ ကြောင်လေး ပျောက်သွားတာ တွေ့မိသလား ပေါ့။ သူက မတွေ့မိဘူး တဲ့၊ ဒါနဲ့ ကင်မရာထဲက သမီးပုံကို ပြတော့ သူက ချက်ချင်းသိတယ်။ ပုံကိုတွေ့တာနဲ့ သူ့မျက်လုံးတွေကအစ ပြုံးသွားပြီး သူ့ကို ငါတို့ ခေါ်တာ ကွီနီ တဲ့၊ ငါတို့အိမ်မှာ သူ လာလာ စားတတ်တယ် တဲ့။ ဒီမနက်တော့ သူမလာဘူး တဲ့။ အော်.. သမီးက အိမ် နှစ်အိမ် ခွတုပ်နေတာ အခုမှ ပေါ်တယ် လို့ ၀မ်းနည်းတဲ့ ကြားက တွေးမိသေးတယ်။
နောက်တော့ ကိုယ်တို့မြို့မှာ ရှိတဲ့ Animal Shelter ကို သွားမေးတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ စိတ်ပင်ပန်း လူပင်ပန်း ညှိုးချုံးနေတဲ့ ပုံကို မြင်ရတာ Officer တိုင်း စိတ်မကောင်းကြလို့ sorry ချင်း ထပ်နေအောင် ပြောကြတယ်။ သူတို့ရဲ့ Lost & Found Website မှာ အမြဲကြည့်ဖို့ မှာတယ်။ ဒီမနက် ဖမ်းမိလာတဲ့ ကြောင်လေး ၅ကောင်ကိုလဲ လိုက်ပြတယ်။ လှောင်အိမ်ထဲမှာ ကြောင်လေးတွေ တွေ့ရတာ စိတ်ဆင်းရဲလိုက်တာ..။ သိပ်ကြောက်နေပုံပဲ။ နေ့တိုင်း လာကြည့်၊ လာမေးပေါ့ တဲ့။ ဒါနဲ့ ခေါင်းငိုက်စိုက် ပြန်ခဲ့ကြတယ်။
နောက်တနေ့နဲ့ တညမှာလဲ လုံးလုံး ပေါ်မလာပါဘူး။ ညဆိုရင် သူ့ ဂူးဂူး အသံပဲ ကြားနေတယ်။ အော် သေသွားပြီ ထင်ပါရဲ့ လို့ မတွေးရဲ တွေးရဲ တွေးတယ်။ နောက်များ ဘာကြောင်၊ ဘာခွေးမှ မမွေးဘူး လို့ နှစ်ယောက်သား ၀မ်းပမ်းတနည်း ပြောတယ်။ လိမ်မာလိုက်တဲ့ ငါ့သမီးလေး နောင်ဘ၀ လူဖြစ်ပါစေ လို့ ဆုတောင်းတယ်။ သူဆိုးတာတွေ၊ လက်ကို ကိုက်ပြီး ပြေးတာတွေ မေ့..၊ သူ ကိုယ့်ကိုယ်ပေါ်မှာ ကျေနပ်ပြီး အိပ်နေတာလေးပဲ မြင်တယ်။
မိတ်ဆွေတွေကလဲ အကြံပေးကြပါတယ်။ သမီးပုံလေးတွေ ဓာတ်တိုင်တွေမှာ လိုက်ကပ်ပြီး ကြောင်ပျောက် ကြော်ငြာ လုပ်ပါ တဲ့။ ကိုယ်တို့မာမား သမီး ဖွားဖွားကြီးကလဲ စိတ်မကောင်းဘူး။ သံယောဇဉ်များ တယ်ခက်တာပဲ သမီးတို့ သားတို့ရယ် တဲ့။ အဖေလုပ်သူကတော့ အသံကို မထွက်တော့ပါဘူး။ ကိုယ်ကတော့ အမြဲကို ငိုချင်နေတော့တာပါ။ လက်နဲ့ လာထိရင်တောင် အကြောင်းရှာ ငိုလိုက်တော့မှာ..။
သမီးပျောက်လို့ ၂ရက်မြောက်နေ့ကျတော့ မနက်အစောကြီး ကိုယ်ကျောင်းသွားရတယ်။ ကျောင်းတက်နေတုန်း ဖုန်းမြည်လာလို့ ဆရာမ အဆူ ခံလိုက်ရသေးတယ်။ ကိုယ်လဲ စိတ်တွေ လွတ်ပြီး စာသင်ချိန် ဖုန်းပိတ်ဖို့ မေ့သွားတာ။ အိမ်က ဆက်တာပါ။ သမီး ပြန်လာပြီ တဲ့။ မျက်နှာလေး ရှုံ့ ပြီး တံခါးဝမှာ လာထိုင်နေသတဲ့။ ၀မ်းသာလိုက်တာလေ..။ ကိုယ့်မှာ စာသင်နေတာတောင် ပြုံးပြုံးကြီးးး..။
အိမ်ပြန်ရောက်ရင် အဖေနဲ့ သမီး သည်းသည်းလှုပ်တာတွေ တွေ့ရ၊ အမြင်ကပ်ရပြန်အုံးမယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အသက်ကလေးက ရလာတော့ ဘာရယ်မဟုတ်၊ ဟိုတွေး ဒီတွေးနဲ့ တွေးနေမိတတ်ပြီ။ အရှိန်နဲ့ လိမ့်နေတဲ့ ဘ၀ယန္တရားကြီးကို ခဏ နား၊ နောက်ပြန် လှည့်ကြည့်၊ ဘ၀မှန်ကူကွက်တွေကို အစီအရီ စီကာ စဉ်ကာ နေမိတတ်တယ်။
ငယ်ငယ်က အကြောင်းတွေ ပြန်တွေးရမှာ ဘယ်တော့မှ မပျင်းခဲ့။ အမေက ၀လုံးလေးတွေ ၀ိုင်းဝိုင်းရေးတတ်အောင် သင်ပေးတယ်။ အဖေက ကဗျာလေးတွေကို မပီကလာ ပီကလာ ဖြစ်ပေမဲ့ အသံသာသာ နဲ့ ဆိုတတ်အောင် သင်ပေးတယ်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက မတ်မတ်ရပ်ဖို့ ကြိုးစားနေတဲ့ ကိုယ့်ကို ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ လို့ လက်ခုပ်တီးပြီး အားပေးခဲ့ကြတယ်။
ဒီလိုနဲ့ ကိုယ့်ရဲ့ နှေးပေမဲ့ တိုးတက်လာတဲ့ သေးသေးကွေးကွေးလေးတွေအတွက် မိဘကို ဦးဆုံး ကျေးဇူးတင်မိပါတယ်။ ပြီးတော့ သူတထူးကို ကျေးဇူးတင်တတ်တဲ့စိတ်ကို မိဘက အမွေပေးခဲ့တယ်။ တခုခုကို ကိုယ်ရတိုင်း သမီးရေ..ကျေးဇူးတင်ပါတယ် လို့ ပြောလေ.. တဲ့။ ကျေးဇူးတင်ပါတယ် မမ၊ ကျေးဇူးတင်ပါတယ် ကိုကို..၊ ..ဦးဦး၊..ဒေါ်ဒေါ် စသဖြင့်..။
စာသင်ခန်းထဲရောက်တော့ ကိုယ်တို့ရဲ့ မြန်မာစာပေဆိုတာကိုက ကျေးဇူးတရားသိတတ်ခြင်း ဆိုတာက စ ခဲ့တာကို သိလာတယ်။ ရာဇကုမာရ်ကျောက်စာ ဆိုတာ မိဘကို ကျေးဇူးတရား သိတတ်ခြင်း ရဲ့ အထင်အရှား သမိုင်း မှတ်တမ်းတခု။
ဒါနဲ့ ကောင်းခြင်းတခုခုကို လက်ခံရရှိတိုင်း ကျေးဇူးတင်ရမယ် ဆိုတာ သိတတ်လာတယ်။ ကျေးဇူးတင်ဖို့ မမေ့လျော့အောင် ကြိုးစားမိလာတယ်။ နောက်တော့ နားလည်လာတာက ကိုယ်လိုချင်တဲ့ ပစ္စည်းဥစ္စာတခုခု ရလိုက်မှ မဟုတ်ဘဲ စိတ်ချမ်းမြေ့မှုတခု၊ စိတ်ကြည်နူးစရာတခု သူ့ကြောင့် ကိုယ်ရရှိလိုက်ရင်လဲ ကျေးဇူးတင်ရမှာပဲ။
အဲဒီအခါ ကျေးဇူးတရားက ပိုကျယ်ပြန့်သွားပြီ။
ပို့စကဒ်ထဲက စာကြောင်းတကြောင်းကလဲ အများကြီး စကားပြောသွားတတ်တယ်။ ကိုယ်ထိုင်ဖို့ သူ ထ ပေးလိုက်တဲ့ အပြုအမူကလဲ ကျေးဇူးပဲ။ သူကြည့်ဖို့ မျှပြီး သူ့ဖက် ပိုရွှေ့ ပေးလိုက်တဲ့ ဖတ်စာအုပ်လေးကြောင့်လဲ အနီးကြီးနီးသွားခဲ့ပြီ။ မိုးထဲမှာ ကိုယ့်ဖက်ကို တိုးပေးလိုက်တဲ့ ထီးစောင်းစောင်းလေးတချောင်းဟာလဲ ကျေးဇူးတရားကို မှတ်တမ်းပြုတတ်ပါသေးတယ်။
တခါတလေတော့ ဟင်းလေးတမယ်၊ လက်ဖက်လေးတပွဲ၊ ကိတ်မုန့်လေး တချပ်၊ ရေခဲမုန့်လေး တခု.. အဲဒါလေးတွေကို သတိတရ ရိုက်ပြီး ပို့တဲ့ဓာတ်ပုံလေးကိုက တဖက်လူရဲ့ သဒ္ဓါတရား ခေါင်းလောင်းမြည်သံကို ကြည်ကြည်နူးနူး ကြားလိုက်ရတတ်တယ်။
သူ့ဖာသာသူ စပ်လိုက်တဲ့ ကဗျာလေးတပုဒ်ကလဲ ကိုယ့်စိတ်ကို ကြည်နူးသွားစေလို့ ကျေးဇူးတင်မိတာပဲ။ ကိုယ့်ကို ဘာတခွန်းမှ မပြောဘဲ ငဲ့ညှာလိုက်တဲ့ အပြုအမူလေးတခုကလဲ ကိုယ့်ရင်ကို ကျေးဇူးတရားတွေနဲ့ လှုပ်ခါစေခဲ့ပြီ။
နောက်ထပ် တဆင့်တိုးပြီး ကိုယ်စဉ်းစားမိတယ်။ ကိုယ့်ကို တိုက်ရိုက် မဟုတ်ဘဲ ကိုယ်ချစ်ခင်သူတွေကို စိတ်ချမ်းသာစေတာကိုလဲ ကျေးဇူးတင်ရမှာပါပဲ။ ကိုယ့်မိဘကို ဂရုစိုက်တဲ့အတွက် ကိုယ့်မောင်နှမသားချင်းတွေကို ကျေးဇူးတင်တယ်။ သူတို့ရဲ့ မိတ်ဆွေအပေါင်းအသင်း၊ တပည့်တပန်းတွေကို ကျေးဇူးတင်တယ်။ ကိုယ့်အမ၊ ညီမ၊ သူငယ်ချင်းတွေကို ကြင်နာတဲ့အတွက် သူတို့ချစ်သူတွေကို ကိုယ်ကျေးဇူးတင်တယ်။ ကိုယ့် တူ၊ တူမလေးတွေ ပျော်ရွှင်တဲ့အတွက် သူတို့မိဘတွေကို ကိုယ်ကျေးဇူးတင်တယ်။
နောက်တော့ ဒိထက် ပိုပြီး ကျေးဇူးစက်ဝန်းကို ပိုချဲ့ထွင်ခဲ့ကြတယ်။ ကိုယ့်မိသားစု သေးသေးလေး ကနေ တဆင့် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်ချစ်တဲ့ ကိုယ့် တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်နေတဲ့သူတွေကို ကိုယ်တို့က ပိုလို့တောင် ကျေးဇူးတင်သင့်တာပေါ့။ သူတို့က လူတဦးချင်းစီရဲ့ လိုအပ်ချက်တွေကို စိတ်စေတနာ သဒ္ဓါတရားထက်ထက်သန်သန် နဲ့ မိမိကိုယ်ကျိုး လုံးလုံးမပါဘဲ ကိုယ်တတ်စွမ်းရာ နေရာကနေ အကျိုးပြုနေကြတာမဟုတ်လား။
တချို့ဆိုရင် ကန့်သတ်ချက်၊ ဘောင်တွေ မတရားစည်းမျဉ်းတွေကြားကနေ စေတနာ သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ အလုပ်လုပ်ကြတယ်။ မနိုင်ဝန်ကို မျှထမ်းကြတယ်။ ဘ၀မှာ အေးအေးဆေးဆေးနေနိုင်ပါလျက် မငြိမ်းချမ်းနိုင်ဘဲ သူ့အပူ ကိုယ်မျှယူလို့ လူမှုရေး လုပ်ကြတယ်။ အတိုက်အခံလုပ်ပြီး တချို့ ထောင်ကျ တန်းကျ လူမှုရေး လုပ်ကြရတယ်။ ဘာဖြစ်လို့လဲ။
လိုအပ်ချက်တွေကို မျက်နှာမလွှဲပစ်နိုင်တဲ့ စိတ်ကောင်းလေးတခုကြောင့်သာ ဖြစ်မှာပဲ လို့ ရိုးရိုးလေး တွေးမိပါတယ်။ ကောင်းတဲ့လူက ကောင်းတဲ့အလုပ်ကို လုပ်တာ ဘာဖြစ်လို့ ကိုယ်တို့က appreciate မလုပ်နိုင်ရမှာလဲ။ ကောင်းတဲ့ လုပ်ငန်းတွေ လုပ်နေတာကို အားပေးတာတောင်မှ ရာဇ၀တ်မှုလုပ်နေရသလို သိုသိုသိပ်သိပ် မလုပ်ချင်ပါဘူး။ တိုးတိုးတိတ်တိတ် မလှူဒါန်းချင်ပါဘူး။ သူတို့တွေကို ကျေးဇူးတင်ပါတယ်ဆိုတာ ရဲရဲဝံ့ဝံ့ မပြောပြသင့်ဘူးလား။
အခု ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေက ပြည်တွင်းမှာ လူမှုရေးလုပ်နေတဲ့ ပုဂ္ဂိုလ်ထူး တွေကို ကျေးဇူးတင်ကြောင်း ပြောတဲ့ ပွဲလေးတခု လုပ်ကြမယ် တဲ့။ အမေရိကားမှာ ရှိတဲ့ မြို့ကြီး ၁၄မြို့မှာ ရှိတဲ့ မြန်မာတွေ ပေါင်းပြီး လုပ်ကြမှာပါ။ ပြည်တွင်း ပြည်ပ မည်သူမဆို ပါဝင်လို့ရတယ် လို့ ဖိတ်ခေါ်ထားပါတယ်။
မြန်မာပြည်သူ ပြည်သားတွေရဲ့ အကျိုးကို စေတနာ့ဝန်ထမ်း သယ်ပိုးတဲ့အတွက် ဒီလူရှိခြင်း ဟာဖြင့် မြန်မာပြည်အတွက် ဂုဏ်ယူစရာ တရပ်ပါပဲ လို့ လူသိရှင်ကြား အသိအမှတ်ပြုတဲ့ပွဲပါ တဲ့။ မြန်မာပြည်သူတွေရဲ့ ဂုဏ်ကို ဆောင်လို့ “ပြည့်သူ့ဂုဏ်ရည် (Citizen of Burma Award)” ပေးချင်တာပါ တဲ့။ အဲဒီ website ကို ဒီ link လေးကနေ သွားနိုင်ပါတယ်။
ကိုယ်လဲ တတ်အားသ၍ လှူလဲ လှူတယ်၊ ကူလဲ ကူတယ်။ vote လုပ်ပြီး မဲလဲ ထည့်ပါတယ်။ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုလဲ ဒီဝက်ဆိုက်ကို သွားလေ့လာပြီး vote လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်တိုတွင်းမှာ လုပ်ရတဲ့ ပထမဆုံးနှစ်ဖြစ်တဲ့အတွက် လိုအပ်တာတွေ ရှိပါတယ်။ သတင်းအချက်အလက်တွေ နောက်နှစ်တွေမှာ ပိုပြည့်စုံနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
ကိုယ်တို့ လှူနိုင်တဲ့ အလှူငွေအင်အားက သူတို့ရဲ့ လုပ်ရပ်တွေနဲ့စာရင် မပြောပ လောက်တာ အမှန်ပေါ့။ ဒါပေမဲ့ ဒီဂုဏ်ပြု အလှူငွေဟာ ဘယ်အစိုးရရဲ့ ထောက်ပံ့ကြေးမှ မဟုတ်ဘူး၊ ငွေကြေးရှင်ကြီးတွေရဲ့ အခွန်ကင်းလွတ် သဒ္ဓါကြေးတွေ မဟုတ်ဘူး။ ပြည်ပက ပင်ပင်ပန်းပန်း အလုပ်လုပ်သူတွေရဲ့ stressful life တွေကြားက ရလာတဲ့ ချွေးနည်းစာတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ကျေးဇူးတင် ဂုဏ်ပြုပ၀ါလေး နဲ့ အသေအချာ ထုပ်ပိုးထားတဲ့ ဖြူစင်တဲ့ သာဓုခေါ်မှုသာ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာပြည်မှာ လူမှုရေးလုပ်နေတဲ့သူတွေ အင်မတန်ကို များပြားလှတယ်။ မြန်မာတွေရဲ့ စိတ်ရင်းကိုက ကူညီချင်စိတ်က အရင်းခံတဲ့အပြင် တိုင်းပြည်ကလဲ အစစအရာရာမှာ လိုအပ်နေလေတော့ တယောက်တလက် တွဲထူကြရတာ..။
အဓိက က ဒီလူတွေဟာ လူသားပီသစွာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ လူမှုဘ၀မြှင့်တင်ရေး အတွက် တထောင့်တနေရာကနေ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး စွမ်းစွမ်းတမံ လုပ်နေပါလား၊ ဒါဟာ ငါတို့ မြန်မာပြည်သားတွေ ဂုဏ်ယူထိုက်တဲ့ လူတွေပါလား လို့ အများသိပြီး သာဓုခေါ် ကြည်နူးပီတိ မျှဝေချင်တာ..။
နိုင်ငံရပ်ခြားမှာ နိုင်ငံခြားအဖွဲ့အစည်းတွေက လူ့တန်ဖိုးကို လိုက်ပြီး လူ့အခွင့်အရေးဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ၊ စာပေနဲ့ အနုပညာဆိုင်ရာ ဆုတွေ ရှိကြပါတယ်။ အဲဒီထဲက ဆုတချို့တွေကို မြန်မာပြည်က ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ လူပုဂ္ဂိုလ်တွေ ရကြတယ်ဆိုတာ မုဒိတာပွားစရာ သိဖူး မှတ်ဖူးပါတယ်။
ဒါပေမဲ့ မြန်မာပြည်သားကို မြန်မာပြည်သူ ပြည်သားတွေကိုယ်တိုင်က appreciate လုပ်၊ အသိအမှတ်ပြု ဆု ချီးမြှင့်တာတော့ ကြားခဲလှပါတယ်။ ကိုယ့်အဖို့မှာတော့ ကိုယ့်လူမျိုးတယောက်ရဲ့ လုပ်ရပ် ကို ကိုယ့်ပြည်သူ ပြည်သားက ချီးမြှင့်ဂုဏ်ပြုတယ်ဆိုတာကို ပိုတန်ဖိုးထား အလေးအနက်ပြုမိပါတယ်။ နောင်တချိန် လွတ်လပ် မျှတ တဲ့ လူ့ဘောင်သစ်တခုမှာ တိုင်းပြည်က တင့်တင့်တယ်တယ် အသိအမှတ်ပြု ဂုဏ်ပြုရမှာပါ။
ရိုးရိုးလေးပါပဲ။ ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်နေသူများကို ကျမ ကျေးဇူးတင်ပါတယ် လို့ သေသေချာချာ ပြောပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဘာလိုလိုနဲ့ အတာကူးတဲ့ နှစ်ဦးသင်္ကြန်ကိုတောင် ရောက်ပါပြီ။
ကိုယ်ငယ်ငယ် လူမှန်းသိတတ်စ အရွယ်ကတည်းက သင်္ကြန်ဆိုတဲ့ အသံကြားရင်၊ သင်္ကြန်သီချင်းသံ မြူးမြူးကြွကြွအသံကြားရင် ရင်ထဲမှာ ပျော်ပြီး တလှပ်လှပ် နဲ့ နေတတ်တယ်။ သင်္ကြန်ရေ ဘယ်လောက်စိုစို ဘယ်တော့မှ မဖျားဘူး။ အတာရေဟာ လူကိုကျန်းမာစေသတဲ့။ အတာရေအေးနဲ့ ကိုယ်၊ စိတ် မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောရသတဲ့။
အခုတော့ တူးပို့ တူးပို့သံ မကြားရတဲ့ အရပ်မှာ ပိတောက်ပန်းရနံ့လေးကို လွမ်းမိတယ်။ ရေစိုစိုမှာ မျောလာတဲ့ ပိတောက်ကြွေလေးတွေကို သတိရတယ်။ ခွက်စုတ်ကလေးနဲ့ ရေကြွက်မြီးတန်းလေးကို ခံပြီး ပက်ရတာကို ပျော်ခဲ့တယ်။ ရေစိုစိုမှာ ထမိန်တုပ်တုပ်နဲ့ လမ်းလျှောက်ခဲ့ရတာကို ပြန်ခံစားမိတယ်။
မြနန္ဒာ ဆိုတဲ့ အသံကြားရင် တိတ်တိတ်ကလေး လက်လေးတွေ ချိုးပြီး က နေမိတတ်တာကို ဘယ်လိုလုပ် မေ့မလဲ။ သင်္ကြန် သံချပ်တွေ နားထောင်ရင်း ပြုံးပျော် ရယ်မောခဲ့ရတဲ့ လွတ်လပ်မှုလေး ပြန်လိုချင်သေးတယ်။ ကျနော် ရေလောင်းမယ်နော် လို့ ခပ်တိုးတိုး ခွင့်တောင်းတာကိုလဲ ခေါင်းအသာညိတ် ခွင့်ပြုလိုက်ချင်သေးတယ်။
ဒီလိုနဲ့ ခပ်ဝေးဝေးက ချောင်းကြည့်နေခဲ့ရတဲ့ သင်္ကြန်လေးတွေဟာ အလွမ်းတွေ တစိုစို နဲ့ ရင့်ကျက်ခဲ့ရပါပြီ။ အခု ဘယ်လို သင်္ကြန်မျိုးများလဲ လို့ ငေးမော တွေးတော..။ ပိတောက်ပွင့်ကြွေလေးတွေနဲ့အတူ ဘီယာတွေ စီးနေတဲ့ သင်္ကြန်လား၊ ပိတောက်ပန်းနံ့တွေကို ဖုံးလွှမ်းနေတဲ့ အကင်နံ့တွေနဲ့ သင်္ကြန်လား၊ မိန်းကလေးတွေ ပိုပိုလှလာတဲ့ သင်္ကြန်လား။ ခွက်ကလေးတွေနဲ့ ရေပက်တမ်း ဆော့နေကြမဲ့ ကလေးသူငယ်လေးတွေက ဘီယာ စီးကရက် လိုက်ရောင်းစီးပွားရှာနေတဲ့ သင်္ကြန်လား။ မီးစက်သံတွေ ကြွက်ကြွက်ညံနေတဲ့ သင်္ကြန်လား။
ဘာပဲပြောပြော သင်္ကြန်ဟာ ခေတ်ကို ပေါ်ပေါ်ထင်ထင် လှစ်ဟ ပြနေမှာပါပဲ။ သင်္ကြန်ခံစားမှုတွေ အမျိုးမျိုး ဘယ်လိုပဲ ပြောင်းသွားသွား သင်္ကြန်ကိုတော့ ချစ်နေမိမှာပါပဲ။ ဒါကြောင့်မို့ အဝေးက သင်္ကြန်ကို စူးစမ်းချင်စိတ်တ၀က်နဲ့ အဖေ့ ကဗျာလေးတပုဒ်ကို အမှတ်တရ တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
အချစ်ရေ နဲ့ အချစ် သင်္ကြန်
မြန်မာနိုင်ငံ၌
သင်္ကြန် ကျပြီ။
အကတွေ အခုန်အပျံ
ဗုံသံတွေ အတောမသတ်
မမောတတ်နိုင်အောင် သင်္ကြန်ပွဲ
ဆင်နွှဲနေကြရော့မလား။
ကြည်း ရေ လေတပ်တွေကြောင့်
မီးရေလေပြတ်ပြီး
သမီးတွေ အပ်ရတဲ့ ကိန်း ဆိုက်နေပြီလား။
အဝေးက မှန်းပြီး
ဆွေးသမျှ လွမ်းရတဲ့
အေးမြတဲ့ သင်္ကြန်ပန်းကလေးပါ။
နှစ်တွေသာပြောင်း
ခေတ်တွေ စနစ်တွေက မပြောင်းသေးတော့
အချစ်ရေတကောင်းနဲ့ မလောင်းနိုင်ဘူးကွယ်။
တင်မိုး
၁၃၊ ၄၊ ၂၀၀၅
မြန်မာပြည်က ပိတောက်ဖူးတခက်ကို ကိုယ်တိုင်ချိုးပြီး ပန်ခွင့်ရတဲ့ သင်္ကြန်တော့ ကြုံရ ဆုံရအုံးမှာပါ လို့ အားတင်းနေမိပါသေးတယ်။
မြန်မာနှစ်ဦးမှာ မြန်မာပြည်သူ ပြည်သား အပေါင်း အန္တရာယ်ကင်းပြီး ငြိမ်းချမ်း ပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
လူကြီးသူမတွေ ပြောတာ ကြားဖူးတယ်။ နေ့နံနဲ့ လိုက်လို့ လူတွေက စိတ်သဘောထားတွေ ပြောင်းတတ်တယ် တဲ့။
ဟုတ်မဟုတ်တော့ ကိုယ်လဲ သေချာ မသိပါဘူး။ ကြားဖူးနားဝ ရှိတာကို ပြောပြတာပါ။ “သူက စိတ်ကြီးမှာပေါ့ စနေသမီးကိုး” ဆိုတာမျိုး၊ “ကလေးက အေးတယ်၊ ကြာသပတေးသမီးလေ..” ဆိုတာမျိုး၊ “သောကြာသားမို့ စကားကတော့ များသလား မမေးနဲ့” ဆိုတာမျိုးတွေပေါ့။
အနောက်နိုင်ငံတွေမှာတော့ မွေးတဲ့ နေ့အလိုက် အစွဲအလန်းတွေ သိပ်မကြားမိတတ်ဘူး။ သူတို့ကတော့ ရာသီခွင်နဲ့ လူတွေရဲ့ အတွင်းစိတ်ကို ပိုစိတ်ဝင်စားတတ်ကြတာပါ။ အဲဒီရာသီခွင်တွေကလဲ အများအားဖြင့် မှန်တတ်၊ တိုက်ဆိုင်တတ်လေတော့ စိတ်ဝင်စားစရာပါပဲ။
တိရိစ္ဆာန်အကောင်တွေနဲ့လဲ မွေးနှစ်တွေကို ပိုင်းခြား သတ်မှတ်ထားတာမျိုး ရှိသေးတာ..။ တခါက အသိတယောက်က ကိုယ့်ကို ဘာအကောင်လဲ မေးလို့ အတော် အူကြောင်ကျား ဖြစ်သွားသေးတယ်။ ငါက မြင်းလေ..ဒါကြောင့် တချိန်လုံး ပြေးနေရတာ ဆိုပဲ။
နင်ကတော့ ၀က် တဲ့..၊ သူ အဲဒီလို ပြောတော့ ၀မ်းနည်းလိုက်တာ..။ ကိုယ့်ကို တယ်နှိမ်ပါလား ထင်မိသေးတယ်။ တကယ်က မွေးတဲ့ ရာသီခွင် အကောင်ကို သူက ရည်ညွှန်းချင်တာ..။ ကိုယ့် ခန္ဓာကိုယ်ကို စောင်းပြောတာ မဟုတ်ရှာပါဘူး။ တိုက်ဆိုင်မှုရှိပေမဲ့ ခွင့်လွှတ်လိုက်ရပါတယ်။
နေ့နံနဲ့ ပတ်သက်တာ ပြန်ကောက်ရရင် ကိုယ်ကတော့ ကျားပါ။ တနလာင်္ ကျား၊ နတ်ပြည်သွား..လို့ ငယ်ငယ်က ပျော်ပျော်ရွှင်ရွှင် ဆိုခဲ့တဲ့ ကျားပေါ့။ တခြား တနလာင်္တွေ ဘယ်လို စိတ်မျိုးရှိတယ် မသိတတ်ပေမဲ့ ကိုယ်ကတော့ တခါတခါ စိတ်ကြီးတတ်တာကလွဲရင် သဘောကောင်းတဲ့ ကျားလေးပါ။ (တီဗီမှာတင်မဟုတ်၊ ဘလော့မှာလဲ အဲဒီလို ကြော်ငြာ ဖြတ်ဝင်တာတွေ ရှိတတ်တယ်။)
တနေ့တော့ ကျားနဲ့ ဆင် RC 2 မှာ တွေ့ကြတယ်။ သူက ဗုဒ္ဓဟူး လေ..။ ရှေးအဆိုအရ ဆိုရင်တော့ ခန္ဓာကိုယ် အင်အားကြီးသူချင်း တွေ့ရင် ချကြတယ်လို့ ဆိုလိုချင်သလားမသိ။ ပုံပြင်ထဲမှာ ရန်ဖက် ပေမဲ့ ကိုယ်တို့နှစ်ယောက်ကတော့ အိမ်ထောင်ဖက် ဖြစ်ခဲ့ကြတယ်။ ကိုက်တော့ ကိုက်ကြပါတယ်။ ကြာကြာ တခါ၊ မကြာ မကြာ တခါ ပေါ့။
ကျားလေးက music ကြိုက်တယ်။ အားရင် ဇိမ်လေးနဲ့ စာအုပ်လေးဖတ်၊ သီချင်းလေး နားထောင်ပြီး အမြီးလေးတလှုပ်လှုပ် နေချင်တယ်။ တခါတလေ ရုပ်ရှင်ကိုသွား၊ ကြော်ငြာဘုတ်ဒ် တွေကို ငေးမောပြီး ပေါက်ပေါက်ဆုပ်လေး မြုံ့ရင်း မျက်လုံးပြူးပြီး ပိတ်ကားကို စိုက်ကြည့်နေရတာ အရသာ လို့ ထင်တယ်။
ကျားမှာ သူငယ်ချင်းတွေကလဲ အကောင်ပလောင်စုံလို့ အများကြီးး။ သူငယ်ချင်းတွေက ဒါကို ၀ါသနာပါရင် ကျားကလဲ အလွယ်တကူ ပျော်ဝင်လိုက်ဖို့ ၀န်မလေးဘူး။ သူတို့က ဒါ ဆို ကျားကလဲ ဒါ၊ သူတို့က ဟိုဟာဆို ကျားကလဲ ဟိုဟာ..။ အပြင်းအထန်ကြီးတွေ ကျားက မကြိုက်ဘူး။ အေးရာအေးကြောင်း ကျား။
အဲဒီကျားလေးရဲ့ အဖော် ဆင်ကတော့ တမျိုး။ သူကတော့ အေးအေးဆေးဆေးပဲ နေမယ်။ တခုခု ကို စွဲစွဲမြဲမြဲ လုပ်တတ်တယ်။ ရှေ့ကိုတိုးမယ်ဆိုရင်တောင် ရှေ့နောက် စဉ်းစားတယ်၊ ကျားလို ၀ူးဝူးဝါးဝါး ပြေးမသွားဘူး။ မစဉ်းစားလို့ မရဘူးလေ..။ ကျားတလွဲလုပ်သမျှ ဆင်က ဖြေရှင်းရတာကိုး။ ကျားက လုပ်ချင်တာတွေ လုပ်ပြီးလို့ မျက်စိသူငယ်နဲ့ ခေါင်းငိုက်စိုက်ချနေရင် ဆင်က ၀င်ကူရတာပဲ။ အဲဒီလိုကူရပေါင်းလဲ များပြီ။
တခုခုဆို ကျားနဲ့ဆင် ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြတယ်။ ကိစ္စအကုန်လုံးကို နှစ်ယောက်စလုံးရဲ့ ရင်ထဲက အသည်းနှလုံးကို ဗဟိုပြုပြီးမှ စဉ်းစားဆုံးဖြတ်ကြတာများတယ်။ လွဲတဲ့အခါတွေလဲ ရှိတာပေါ့။ တခါတလေ တောင်အကြီးကြီးပေါ် တက်ရတဲ့အခါတွေ ရှိတယ်။ ချောက်အနက်ကြီးကို ဖြတ်ကူးရတဲ့အခါတွေ ရှိတယ်။ ပင်လယ်ကြီးနဲ့ ရင်ဆိုင်တိုးရတာတွေလဲ ရှိသေးတယ်။ အဲဒီအခါဆို ကျားက အသံမျှင်းမျှင်းလေးပဲ ထွက်တော့တာ။ အမြီးလေးသိမ်းပြီး ခွေနေတာ..။
အဲဒီအခါဆို ဆင်က မတ်မတ်ရပ်မှ ဖြစ်တော့မယ်။ ကျားလေးကို ထ ထ ဆိုပြီး ဆွဲထူရတယ်။ ကျားလေးပါမှ ဆင်ကြီး ဖြောင့်ဖြောင့်သွားနိုင်မယ် လို့ ပြောတယ်။ ဒါဆို ကျားလေးက ပြန်လန်းပြီး ဆင်ကြီးနောက်က ဆတ်တောက် ဆတ်တောက် လိုက်လာတယ်။ ဒီလိုနဲ့ လမ်းလေးကျဉ်းကျဉ်းကို အတူတူ သွားကြပြန်ပါရော..။
အခုတော့ ဒီကျားနဲ့ ဒီဆင်မှာ ကလေးလေးတကောင်ရှိပြီ။ လူလေးတော့ မဟုတ်ဘူး။ အမေနဲ့ နည်းနည်းဆင်တဲ့ အမြီးလေးနဲ့ ကြောင်အဖြူလေးပေါ့။ သမီးက အဖေကို ချစ်တယ်၊ အမေကို နိုင်တယ်။ ကြောင်လေးရှိတဲ့အတွက် ကျားရော ဆင်ရော ဘ၀မှာ ချမ်းမြေ့တယ် လို့ ထင်ကြတယ်။ ပင်ပန်းသမျှ သမီးမျက်နှာမြင်တာနဲ့ အကုန်ပျောက်တယ်။ တနေ့တနေ့ သမီးမျက်နှာတကွက်စာကို ငုံ့ငုံ့နမ်းရတာအမော..။
ညညဆို သားအမိ သားအဖ ၃ယောက် အတူတူအိပ်ကြတယ်။ ခူး ခလော ဂူး အသံတွေ စုံနေတာပေါ့။ တခါတလေ ဖေဖေဆင်ကြီးက သမီးကြောင်လေးကို ပွေ့ရင်း အိပ်တယ်။ သမီးကြောင်လေးက တဂူးဂူးနဲ့ ကျေနပ်နေတာ..။ မေမေကျားက သူတို့ကို ကြည့်ပြီး ကြည်နူးရင်း အိပ်တယ်။ ညလယ်ကျရင်လဲ သမီးကလေး ဘယ်လိုအိပ်သလဲလို့ အဖေတွေ အမေတွေက ထ ထကြည့်ရတယ်။ သမီးကလေး ကံကောင်းတယ်။
နောက်ပြန်လှည့်ကြည့်ရင် ခြေရာလေးတွေ တွေ့ရမယ်။ ဒါက ပျော်ပျော်သွက်သွက် အတူ လျှောက်ခဲ့တာ..။ ဒါကတော့ ကျားလေး နေမကောင်းလို့ တရွတ်ဆွဲ လိုက်ရတာ..။ ဆင်ကြီးက ပုခုံးပေါ်တင်ပြီး ထမ်းခေါ်ရတာ..။ ဒါကတော့ ကျားက ကပ်ဖဲ့လုပ်ပြီး ဟိုလျှောက် ဒီလျှောက် လျှောက်နေတာ..။ ဒီ လမ်းဆုံမှာတော့ နှစ်ယောက်သား ရပ်နေပုံပဲ။ ခေါင်းချင်းဆိုင် တိုင်ပင်နေသလား။ နှစ်ယောက်သား လမ်းလေးတကွေ့ အတူကွေ့လိုက်ပြန်ပေါ့။
ဘာလိုလိုနဲ့ အတူလျှောက်ခဲ့တာ ၁၄နှစ် ရှိခဲ့ပြီ။ ကဗျာထဲကလို ခယောင်းတောကို ပန်းကော်ဇောအဖြစ် ပြောင်းမပစ်နိုင်တောင် လမ်းကလေး ပြာပြာမှောင်၊ သာယာအောင်တော့ ဖန်တီးနိုင်ခဲ့ပါတယ်။
မိုးချိုသင်း
(မတ်လ ၁ရက်နေ့ အမှတ်တရ)
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီနေ့ ဆိုင်ကပြန်လာတော့ လမ်းတလျှောက်မှာ အရေးပေါ်ကားတွေ အသံစုံမြည်ပြီး ဘေးကနေ တစီးပြီး တစီး ကျော်တက်သွားကြတာ။ ဘယ်နေရာမှာ ကားတိုက်မှု ဖြစ်ပြန်သလဲ မသိ။ ဒီနေ့တနေ့လုံး မုန်တိုင်းကြောင့် မိုးကလဲ စွေနေလေတော့ ကားမောင်းတာ သိပ်သတိထားရတယ်။
လူကလဲ အဲဒီ ပီးပေါ် ပီးပေါ် အသံကြားရင် အလိုလို လန့်နေတာ..။ တယောက်ယောက်ကများ 911 ခေါ်လိုက်ရင် ရဲကား၊ မီးသတ်ကား၊ လူနာတင်ကား စီတန်းပြီး သွားတော့တာကိုး။ သူတို့ အရေးတကြီးသွားတာတွေ့ရင် ကားကို လမ်းဘေး ကပ်ရပ်၊ လူနာ အသက်မီပါစေ လို့ ဆုတောင်းပေးမိတတ်တယ်။ အဖေ့တုန်းက အသက်မမီတာလေးကို တွေးမိလို့ပါ။
အရင်ကတော့ ကိုယ်က လူနာတင်ကားတွေ့ရင် Mr. Bean လို နောက်က ကပ်လိုက်သွားရရင် ကောင်းမှာ လို့ နောက်တီးနောက်တောက် တွေးတတ်တယ်။ ဒါဆို မီးပွိုင့်လဲ မနီ၊ ရှေ့ကားလဲ မစောင့်ရ၊ ဇိမ်ပဲ။ စိတ်ကူးထဲမှာ လုပ်တာပါ၊ အပြင်မှာ မလုပ်ပါဘူး။
အခုတလော ကိုယ်က ကားပြန်မောင်းကျင့် နေပါတယ်။ တကယ်တော့ ခုလို ကိုယ့်အားကိုယ်ကိုးပြီး သွားသင့် လုပ်သင့်နေတာ ကြာပါပြီ။ ခုမှသာ မသွားမဖြစ် သွားရမဲ့ နေရာတွေ၊ မလုပ်မဖြစ် လူခွဲလုပ်ရမဲ့ အလုပ်တွေနဲ့မို့ သူ့ကို ပုံပြီး အားကိုးနေတာတွေ ဒီဂရီနည်းနည်း လျှော့ထားတယ်။ ကိုယ်တိုင် သွားနိုင်အောင် လုပ်နိုင်အောင် ကြိုးစား လုပ်ကြည့်နေတယ်။
အခုဆိုရင် ကိုယ့်ကို လမ်းပေါ်မှာ တုန်တုန် တုန်တုန် တွေ့ရမှာပါ။ ဘာကြောင့် တုန် ရသလဲ ဆိုရင် ကိုယ်က မြို့တွင်းလမ်းလေးတွေကနေ မသွားဘဲ ရာရာစစ ဖရီးဝေးပေါ် တက် မောင်းနေလို့ပါ။ အရင်က ဖရီးဝေး မမောင်းဘူးလေ..။ ကြောက်ကြောက်နဲ့ ဖရီးဝေးပေါ် တက်ရတာမို့ လူက တုန်နေသလို ကားကပါ လိုက်တုန်နေတယ် လို့ ကိုယ်က ထင်တယ်။
ဖရီးဝေးပေါ် တက်မောင်းနေပြီဆိုလို့ တိုးတက်နေပြီလို့ အထင်မကြီးပါနဲ့အုံး။ ကိုယ့်ပုံစံက လူအများ ခေါ်ချင် ပြောချင်ပုံ အင်မတန်ပေါက်ပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကားကို ကျော်တက်ပြီး အတော်ကို စိတ်ဆိုးမာန်ဆိုးနဲ့ တစောင်းကြီး စွေစောင်းကြည့်သွားတာကို ခဏခဏ ပြုံးပြရဖူးတယ် (ကိုယ်နှေးနေလို့)။
တခါတလေ ပြူတင်းပေါက်မှန်ကိုချ အော်ဟစ် နှုတ်ဆက်သွားတာမျိုး ကြုံဖူးတယ် (တကယ်က ဆဲသွားတာနေမှာ)။ တချို့ကတော့ ကိုယ်က ပြန် ကြည့်လိုက်ပါမှ လက်ထောင် ပြတယ်၊ အစက လက်ပြ နှုတ်ဆက်တယ် ထင်မိတာ။ ငါ့အသိလဲ မဟုတ်ပါဘူး လို့ စိုက်တောင် ကြည့်လိုက်သေး။ ပြန်တော့ ပြုံးပြလိုက်ပါတယ်လေ..။ သူလဲ အတော် ကြောင် အ သွားပုံပဲ။
တကယ်က ကိုယ်က ခဲမှန်ဖူးတဲ့ စာသူငယ် ဖြစ်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပရောက်မှ ကား ၂ကြိမ် တိုက်ဖူးပါတယ်။ တခါက စင်ကာပူမှာ၊ နောက်တခါက အခု LA မှာ။ အဲဒီအကြောင်းလဲ ကြုံတုန်း ပြောပြပါရစေအုံး။
စင်ကာပူမှာ တိုက်တုန်းက ကိုယ်က နေမကောင်းဖြစ်နေချိန်။ အရမ်းဖျားပြီး ဆက်တိုက် အန်နေတယ်။ ဒါနဲ့ ဆေးခန်းကို နှစ်ယောက်သား ပြေးကြတာပေါ့။ ကိုယ်က ဆေးခန်းအသွား လမ်းမှာလည်း အန်တုန်းပဲ။ ဒါနဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ အန်ရတယ်။ ကိုယ်က အန်ရင် ပါးစပ်ကို တစ်ရှူးနဲ့ သုတ်လိုက်၊ တစ်ရှူးကို ကြွပ်ကြွပ်အိတ်ထဲ ပစ်ထည့်လိုက်၊ ဆက်အန်လိုက် နဲ့။
တော်တော်ကြာတော့ ကိုယ်အန်နေတဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ သွေးတုံးကြီး သွားတွေ့တာ..။ ကိုယ်လဲ လန့်ပြီး “အကိုရေ ချိုသင်း သွေးတွေ အန်နေပြီ” လို့ သူ့ကို လှမ်းပြောမိတယ်။ သူကလဲ ပျာပြီး ဟေ..ဟုတ်လား တဲ့။ ကားမောင်းရင်းတဖက် ကိုယ်အန်နေတဲ့ အိတ်ထဲ လာငုံ့ကြည့်လိုက်တာ ရှေ့က ကားကို ဂျိမ်းလိုက်ပါလေရော..။
တကယ်က ကိုယ်မှားတာ..။ ကိုယ်သုတ်နေတဲ့ တစ်ရှူးက ပန်းရောင်ဆိုတော့ ကြွပ်ကြွပ်အိတ်ထဲရောက်သွားတဲ့အခါ အရည်စိုပြီး အနီရောင်ဖြစ်သွားတာကို ကိုယ်က သွေးတုံး ထင်သွားတာလေ..။
ကားတိုက်ပြီလို့ သိလိုက်တော့ ထူပူသွားတယ်။ ကိုယ်က နောက်က သွားဆောင့်တာကိုး။ ကိုယ့်အမှားပေါ့။ ရှေ့ကကားကလဲ ရပ်ပြီး လူ၀၀ကြီးတယောက် ဆင်းလာတယ်။ အဲဒီအချိန်မှာ ကိုယ်က တံခါးဖွင့်ပြီး ကြွပ်ကြွပ်အိတ်ကြီးကိုင်ပြီး ပြေးဆင်းသွားတယ်။ ပြီးတော့ ဘာမပြော ညာမပြောနဲ့ ကြွပ်ကြွပ်အိတ်ကို အတင်းထိုးပြတာပါ။
ဟိုလူလဲ အတော်စကားပြောရမယ် မှတ်တာ၊ ကြွပ်ကြွပ်အိတ်ကြီး လာပြတော့ သူလဲ အိတ်ထဲ ငုံ့ကြည့်မိတယ်။ အန်ဖတ်တွေ တွေ့တော့ စိတ်အရမ်းလေ သွားပုံပဲ။ ဒါပေမဲ့ ကိုယ့်ရင်ထဲက စကားတွေ သူနားလည်သွားပြီ။ ဆေးခန်းအရင် ပြပြီးမှ ၀ပ်ရှော့ကို လိုက်ခဲ့ပါ တဲ့။ ဒီကားက သူပိုင်ကား မဟုတ်၊ ရုံးကားမို့ ကားတော့ ပြင်ပေးပါ တဲ့။ ဒီလောက် သဘောကောင်းတဲ့ စင်ကာပူသား မတွေ့ဖူးဘူး။ အန်ဖတ်တန်ခိုး ထင်တယ်။
နောက်တခါကတော့ LA မှာ ဖြစ်တာပါ။ ဒီတခါတော့ ကိုယ် မအန်တော့ဘူး။ ကိုယ်တို့ အမှားလဲ မဟုတ်ဘူး။ ဖရီးဝေးပေါ်မှာ ရှေ့ကားက ဘရိတ်ဆောင့်အုပ် ရပ်လိုက်တော့ ကိုယ်တို့လဲ လိုက်ရပ်လိုက်တယ်။ ကိုယ်တို့ရှေ့မှာ safety distance ရှိလို့ ကားမတိုက်မိဘူး။ ဒါပေမဲ့ နောက်က ကားကတော့ အရှိန်မထိန်းနိုင်လို့ အရှိန်နဲ့ ကိုယ်တို့ကားနောက်ကို ၀င်ကြုံးတာပါ။
တိုက်တဲ့ကားပေါ်မှာ ကလေး ၃ယောက် နဲ့ ကလေးအမေ ပါတယ်။ အမေက ကလေးတွေကို ထိန်းရင်း မောင်းတော့ ရှေ့ကား ရပ်လိုက်တာကို သတိမပြုမိဘဲ ဖြစ်သွားတယ်။
အဲဒီနေရာမှာ ကားတိုက်တာနဲ့ မဆိုင်တာလေး ပြောချင်သေးတယ်။ ကား နောက်ကြည့်မှန် ကနေ အရှိန်နဲ့လာနေတဲ့ ကားကိုလဲ မြင်ရော ကိုယ့်အမျိုးသားက စတီယာရင်ကို လက်လွှတ်ပြီး ကိုယ့်ကို လှမ်းဖက် ထိန်းလိုက်တာပါ။ နောက်ကနေ အရှိန် နဲ့ တိုက်တော့မယ် လို့ သူက မြင်ရတယ်လေ။ ကိုယ် ရှေ့က dashboard နဲ့ ဆောင့်မိမှာ စိုးလို့လေ..။
အဲဒီအချိန်လေးက လျှပ်တပြက် ခဏတွင်း ဖြစ်သွားတာလေးပဲ။ ဒါပေမဲ့ တကယ့်အရေးအကြောင်းမှာ ကိုယ်ကလဲ ခါးပတ် ပတ်ထားပါလျက်နဲ့ စိတ်ပူဖော် ရလို့ ကိုယ်က ပြန်တွေးတိုင်း ကြည်နူးနေမိတာ..။ အမှန်ခြစ် အကြီးကြီး တမှတ် ဆိုပါတော့..။
ခုတော့ လမ်းတွေလဲ နည်းနည်း သိလာပါပြီ။ အိမ်နဲ့ ဆိုင် သွားတဲ့ လမ်းကိုတော့ ကောင်းကောင်း သိပြီ (မသိခံနိုင်ရိုးလား၊ အသွားအပြန် တနေ့ ၂ခေါက်လေ..)။ တပတ်စာ ဈေးဝယ်မယ်ဆိုရင် ဈေးဆိုင်ကို ၂ခေါက်လောက် လမ်းမှားပြီးရင် ဆိုင်ကို တန်းကနဲ ရောက်ပါပြီ။ မဆိုးဘူး ခေါ်ရမှာပေါ့။
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်တည်ဆောက်နေတဲ့ ကာလ လို့ ပြောရမယ် ထင်တယ်။ သီချင်းလဲ ကိုယ်မောင်းရင် စိတ်များမှာစိုးလို့ မဖွင့်ဘဲထားတာ ခုတော့ တဖြည်းဖြည်း အသံ တိုးတိုးလေးကနေ ကျယ်လာပြီး လိုက်ဆိုရဲတဲ့ အဆင့်တောင် ရောက်နေပြီ။
တနေ့ကတော့ ကျောင်းကအပြန် သီချင်းလေးဆို ပြီး တယောက်တည်း မောင်းပြန်လာတယ်။ ဖွင့်ထားတာ စိတ်ကြိုက် ရွေးသွင်းထားတဲ့ အခွေထဲက တင်ဇာမော် သီချင်း ထင်ပါရဲ့။ “မင်းရင်ထဲကို မေးကြည့်လိုက်ပါ ဒါ အချစ်စစ် လား” လို့ ဆိုပြီး လမ်းကြားလေးထဲ ကွေ့လိုက်တာ အရှိန်နဲ့ ကားကြီး တစင်းပေါ် တက်သွားပါရောလား။
ပြည်နယ် တခုကနေ တခုကို ကားလေးတွေကို စီတင်ပြီး ကားတွေ သယ်ပို့တဲ့ (car carrier truck) ထရပ်ကားအရှည်ကြီးတွေ ဟိုင်းဝေးလမ်းမကြီးတွေမှာ တွေ့ဖူးမှာပေါ့။ အခုလဲ အဲဒီကားကြီးက loading လုပ်ဖို့ ကားတက်လမ်းလေးကို မြေကြီးပေါ် ချထားတာ..။ သူရပ်ထားတာကလဲ လမ်းအကွေ့ထိပ် ဆိုတော့ ကိုယ်ကလဲ မမြင်ဘဲ ကွေ့ပြီး ကားကြီးပေါ် တခါတည်း တက်လမ်းလေးကနေ တန်းတက်သွားတော့တာလေ..။
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိပြီး မေးကြည့်လိုက်စမ်းပါ ဘာညာ နဲ့ သီချင်းအဆို ကောင်းလိုက်တာ တခါတည်း မမေးလိုက်ရဘဲ တခြား စတိတ် ပါသွားတော့မလို့..။ ဟ..ဘယ့်နှာကြီးပေါ် တက်သွားပါလိမ့်၊ နောက်ပြန်ဆုတ်ပါဟ၊ ဆင်းပါဟ နဲ့ အတော် ချွေးပျံသွားတယ်။
နောင် ဆင်ခြင်စရာတွေ တိုးရပြန်တာပေါ့လေ..။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အလုပ်များနေတာရော၊ ဒီလို လ မျိုးမှာ အလုပ်များနေ အလုပ်ရှုပ်နေအောင် ကြိုးစားပြီး နေနေမိတာရောကြောင့် ဘလော့လေးကို လှည့်မကြည့်ဖြစ်တာ ကြာပါပြီ။ ဒီလိုလတွေဆို ရာသီဥတုက အေးအေး၊ လူ့ခံစားချက်က ခပ်ဆွေးဆွေးမို့ အသံတိတ်လို့သာ ကြိတ်မှိတ်နေချင်မိတာပါလေ..။
ဒါပေမဲ့ ဒီနေ့တော့ အဖေ့ ကဗျာလေး တပုဒ် တင်ချင်မိတယ်။ ကဗျာ နံမည်က အဖိုးကြီး စစ်တမ်း တဲ့။ ဖတ်ကြည့်ပါအုံး..။
အဖိုးကြီး စစ်တမ်း
အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက် အောက် စကားတွေ တပြောပြောနဲ့
တသောသောနေ
အမောဖြေတတ်တဲ့ အဖိုးကြီး။
သေရိပ်နီးခါမှ
စိပ်ပုတီး နာနာကိုင်
မဟာမြိုင် တောရမှီးပေမဲ့
ဒေါသကလဲ ကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။
ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့
ငါဟယ် မင်းဟယ်
ငြင်းမယ် လို့ မကြံနဲ့
မင်းတို့က မမှန်
ငါသာလျှင် အမှန် လို့၊ ငါ မာန်တွေ တက်
ငါ အရိုးမျက်နေတဲ့၊ လက်တို အခက်ပို အမျက်သို နေတဲ့ အဖိုးကြီး။
ဒီလို အဖိုးကြီးမျိုးတော့ ဆောရီး..ဆောရီး
မဖြစ်ချင်ပေါင်။
ကြွေခါနီးတဲ့ သစ်သီးလို
အသက်ကြီးတော့လဲ အဖိုးကြီး ဖြစ်မှာပေါ့လေ..
ဒါပေမဲ့ ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ် ကိုယ်ဆင်း၊ ကိုယ့်ယာခင်း ကိုယ်စိုက်
လျှာအလိုမလိုက်၊ ဘာကိုမှ မကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေ
စာပေလဲ မပြတ်၊ ကဗျာတွေလဲ ဖတ်
ရပ်သူ ရွာသားတွေနဲ့
ထပ်တူမခြား နေတတ်တဲ့
ဇရပ်ငုံးတို တာတမံ ခရိုး အနီးက
မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးပဲ ဖြစ်ချင်တယ်။
တင်မိုး
၁၄၊၉၊၂၀၀၃
ဒီနေ့တနေ့လုံး ဟင်းတွေ ချက်ပြီး မနက်ဖန်မှာ ဆွမ်းကပ်ဖို့ ချက်ပြုတ် ပြင်ဆင်နေပါတယ်။
အရင်က ကိုယ်ဟင်းချက်ရင် နံဘေးက စားပွဲလေးမှာ စာရေးရင်း စကားပြော အဖော်လုပ်ပေးတတ်တဲ့၊ သမီးဘာချက်ချက် ကောင်းတာပဲ ပြောတတ်တဲ့၊ မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးကို လွမ်းဆွတ်မိပါရဲ့..။
အလွမ်းခရီး ၃နှစ် ပြည့်ခဲ့ပြီလေ..။
ပြုသမျှ ကုသိုလ်အစုစု ကို ရောက်ရာဘ၀က သာဓု ခေါ်ပါ အဖေ..။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီနေ့ဆို မြန်မာပြည်မှာ လွတ်လပ်ရေးနေ့ပေါ့။
ကိုယ်တို့ငယ်ငယ်က လွတ်လပ်ရေးနေ့ဆို သိပ်ပျော်တာပါ။ အဲဒီတုန်းက ပျော်တာက သူ့ကျွန်ဘ၀က လွတ်မြောက်ခဲ့ရတဲ့ ကိုယ်တို့ဘ၀တွေကို သဘောပေါက် ခံစားပြီး တန်ဖိုးထား နားလည် လို့တော့ မဟုတ်သေးဘူး၊ ကလေးဆိုတော့ ကိုယ်တို့ ပျော်ပုံက တမျိုး။
လွတ်လပ်ရေးနေ့ဆို ကျောင်းတွေက ပိတ်တယ်၊ ကျောင်းစာတွေကနေ ခဏ လွတ်လပ်ရေး ရတဲ့သဘောပေါ့။ ကလေးဆိုတော့လဲ ကျောင်းပိတ်ရက်တွေသာ လက်ချိုး ရေတွက်ခဲ့ရတာပါလေ..။ နောက် ရပ်ကွက်တွေ မြို့နယ်တွေမှာ ပြေးပွဲ ပြိုင်ပွဲ ကစားပွဲတွေ လုပ်ကြတယ်။ ဒီကျောင်းပိတ်ရက်က ရိုးရိုးပိတ်ရက် မဟုတ်ဘူးလေ၊ ကစားပွဲတွေ မြိုင်တဲ့ ကျောင်းပိတ်ရက်ဆိုတော့ ပိုပျော်မိတာပေါ့။
ဇန်န၀ါရီ ရဲ့ မြူတွေ ဝေနေတဲ့မနက်ခင်း၊ နှစ်သစ်တခုရဲ့ စောစောစီးစီး မနက်ခင်းလေးမှာ လူတွေအားလုံး လန်းဆတ် တက်ကြွနေသလိုပဲ။ အိမ်ရှေ့မှာ မီးပုံလေး ဖိုပြီး၊ မီးထဲကို ထန်းပင်မြစ်လေးတွေ ထည့်စားပြီး ကိုယ်လဲ မီးပုံဘေးမှာ ကလေးဘာဝ ခုန်ပေါက် ဆော့ကစား နေမိတာ..။ ကိုယ်တို့ ငယ်ငယ်ကနေခဲ့တဲ့ ဆရာ ဆရာမတွေ နေတဲ့ ခြံဝင်းလေးမှာလည်း တခြားလမ်းကလူတွေနဲ့ စုပြီး ကစားပွဲလေးတွေ လုပ်ခဲ့ကြပါတယ်။
ညဖက်ကတည်းက လူကြီးတွေက မီးတွေထွန်းပြီး ပြိုင်ပွဲအတွက် ပြင်ဆင်နေကြပြီ။ ကားလမ်းတွေ ပိတ်ပြီး လမ်းပေါ်မှာ မျဉ်းအဖြူတွေ ဆွဲပြီး ထုပ်ဆီးတိုး တမ်း တို့ ဖန်ခုန်တမ်းတို့ ကစားကြ ပြိုင်ကြတယ်။ အနိုင်ရသူကို ဆုပေးဖို့ ဆုတွေ ထုပ်ကြ ပိုးကြတယ်။ ဆုတွေကလဲ ကြီးကြီးမားမား များများစားစား မဟုတ်ပေမဲ့ ဒါတွေကိုပဲ ခိုးကြည့်ပြီး ရင်ခုန်ခဲ့ရတာ..။
ကိုယ်လဲ ဘယ်နေမလဲ။ ကစားပြိုင်ပွဲတွေမှာ ကိုယ်တို့မောင်နှမ နှစ်ယောက် ၀င်ပြိုင်ခဲ့သေးတာပါ။ ဆုကတော့ ၅ပွဲလောက် ကစားမှ တခု လား ရဖူးတာပါ။ ဒါတောင် ဒုတိယ ဆုပါ။ ပြေးပွဲတွေမှာ ကလန်ကလားနဲ့ နောက်ဆုံးက ကျားကုတ်ကျားခဲ ပြေးနေတာမျိုး ကိုယ့်ကို မြင်ရမှာ..။ ဒါပေမဲ့ ပျော်တာကိုတော့ တားမရဘူး။ ဆုမရလဲ ကိစ္စ မရှိ၊ ကစားရရင် ကျေနပ်ပြီ။ သူငယ်ချင်းတွေနဲ့ ဟိုပြေး ဒီပြေးလုပ်နေရရင်ကိုပဲ ပျော်နေပြီ။
လွတ်လပ်ရေးနေ့တိုင်း အမေက အိမ်မှာ ကောက်ညှင်းပေါင်း ပေါင်းတတ်သေးတယ်။ ကောက်ညှင်းပေါင်း ကို အိုးအကြီးကြီးနဲ့ ပေါင်းတယ်။ ငချိတ် တဖက်၊ ကောက်ညှင်းဖြူ တဖက် ပန်းကန်ပြား အကြီးကြီးထဲ ထည့်ပြီး အုန်းခြစ်ဖြူဖြူဖွေးဖွေးလေးတွေ ဖြူးထားရင် မွှေးနေတာပဲ။ ငါးရံ့ခြောက်လေး၊ ပဲပြုတ် ဆီဆမ်းလေးကို ဘေးမှာ ပုံထားရင် ကိုယ်က တစွတ်စွတ် လက်နဲ့ဆုပ်ပြီး အလုံးလေးတွေ လုပ်၊ စားတတ်တယ်။
လွတ်လပ်ရေးနေ့တိုင်း အဖေ့မိတ်ဆွေတွေ အိမ်မှာ ကောက်ညှင်းပေါင်း လာစားကြတယ်။ အိမ်ရှေ့မှာ ၀ိုင်းထိုင်ပြီး ကောက်ညှင်းပေါင်းလေးနဲ့ ရေနွေးပူပူလေး မှုတ်ပြီး စကားတပြောပြော စားကြတယ်။ ကဗျာတွေ သူတို့ ရွတ်ကြတယ်။ ရီသံတွေ တသောသော ကြားရတယ်။ အဖေ့ကို ပြုံးပြုံး ပြုံးပြုံး နဲ့ လူအုပ်ကြားထဲကနေ မြင်ရတတ်တယ်။ အမေ့ကိုလည်း ကြည်ကြည်နူးနူး လုပ်ကိုင်ပေးနေတာ တွေ့ရတတ်တယ်။
ဒါက ကိုယ့်ငယ်ဘ၀ မိစုံ ဖစုံ နဲ့ ဖြတ်သန်းခဲ့ရတဲ့ လွတ်လပ်ရေးနေ့တွေပေါ့။
နောက်တော့ အရွယ်တွေရောက်လို့ လွတ်လပ်ရေးနေ့ အဓိပ္ပါယ်ကို စာအုပ်တွေထဲမှာ ရှာဖွေ ကြည့်မိတတ်ပြီ။ ၁၉၉၀မှာ အမေ ဆုံးပါးသွားတော့ လွတ်လပ်ရေးနေ့တွေမှာ ကောက်ညှင်းပေါင်း ပေါင်းကျွေးမဲ့သူလဲ မရှိတော့။ နောက်..အဖေ့ကို ညဉ့်ငှက်ဆိုးတွေ သုတ်သွားတဲ့ ည..။ လွတ်လပ်ရေးနေ့တွေကို ကိုယ်တို့ မောင်နှမတွေချည်း တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းခဲ့ကြတယ်။
ကန္တာရ နှစ်တွေ ဖြတ်အပြီး အဖေ လွတ်လာတဲ့နောက် သားအဖ အတူနေခဲ့တဲ့ အချိန်တွေမှာ စကားတွေ ပြောဖြစ်ကြတယ်။ ရောက်တတ်ရာရာ ကြုံရာကျပမ်းပေါ့။ တခါကတော့ ကိုယ်က မေးခွန်းတခု မေးမိတယ် ထင်ပါရဲ့။ “အဖေ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မနေရတဲ့၊ အထဲက အချိန်တွေမှာ မှတ်မှတ်ရရ ဘယ်အချိန်ကို စိတ် အထိခိုက်မိဆုံးလဲ” လို့..။
“အဲဒီနေ့က မနက်အစောကြီး အဖေ့ကို သူတို့ လာနှိုးတယ်။ မနက် ၅နာရီလောက် ဖြစ်မယ် ထင်တယ်။ အဖေကလဲ အဖေ့ကို လွှတ်တော့မှာမို့ လာခေါ်တယ် ထင်မိတာ။ ကပျာကသီပဲ ထ လိုက်လာခဲ့တာ။ နောက်မှ အချုပ်ပြောင်းတာမှန်း သိရတယ်။”
“အဖေ့ကို ချုပ်ထားတာ ကျောက်တံတား ရဲစခန်းမှာလေ..။ သူတို့က အဖေ့ကို လူတွေ မနိုးခင် အချုပ်ပြောင်းတာ။ နံမည်ကြီးလူဆိုးတွေကို ထားတဲ့ ဘားလမ်းက စတီးဝပ်အချုပ်ကို ပို့တာ။ ကဗျာဆရာကို ကဗျာရေးလို့ ထောင်ချမယ်လို့ တရားစွဲပြီး အင်းစိန်ထောင်ကို ပို့ဖို့ပေါ့။ ရမန်ယူဖို့ ဘားလမ်းအချုပ်ကို ပြောင်းထားတာပဲ။”
“အဖေ့ကို ခေါ်ဖို့ ကားက အဆင်မပြေဘူးထင်ပါရဲ့။ လမ်းလျှောက်ပဲ ခေါ်သွားတော့ကွာ တဲ့။ အဖေရယ်၊ နောက်ထပ် အချုပ်သားနှစ်ယောက်ရယ်၊ ရဲသား နှစ်ယောက်ရယ်။ ကျောက်တံတား ရဲစခန်းကနေ ဘားလမ်းကို လမ်းလျှောက်သွားရတယ်။”
“လမ်းပေါ်မှာ လူတွေကလဲ ရှင်းလို့..။ ကားတွေလဲ ရှင်းနေတာပဲ။ အဖေ့လက်ကို သူတို့ ကြိုးတွေ တုပ်ချည်ထားကြတယ်။ မနက်က စောစောစီးစီး၊ အေးက အေးသနဲ့။ အဖေတို့ ခပ်ဖြေးဖြေးပဲ လျှောက်သွားကြတယ်။ အဲဒီအချိန်မှာ ဆူးလေဘုရားဘေးက အဖေတို့ ဖြတ်သွားရတာ သမီး။”
“ဆူးလေဘုရားကြီးက မီးတွေ ထိန်ထိန်ညီးနေတာ သပ္ပါယ်လိုက်တာ သမီးရယ်။ မြတ်စွာဘုရားကို ကြိုးတွေ တုပ်ထားတဲ့ လက်နှစ်ဖက်နဲ့ အဖေ လမ်းလျှောက်ရင်း ရှိခိုးလိုက်ပါတယ်။ အဲဒီအချိန်မှာ အဖေ သတိရလိုက်တာက ဒီနေ့ဟာ လွတ်လပ်ရေးနေ့ ဆိုတာပါပဲ။ အဖေ က ကဗျာဆရာ၊ ကျောင်းဆရာ ပါ သမီး။ အဖေ မျက်ရည်ကျမိတယ်။ အော်..မြန်မာပြည်ကြီး လွတ်လပ်ရေးရတဲ့ နှစ်ပတ်လည်နေ့မှာ ငါ မလွတ်လပ်ပါလား လို့..။ အထဲမှာ နေရတဲ့ အချိန်တွေထဲမှာ အဲဒီအချိန်လေးဟာ အဖေ စိတ်အထိခိုက်ဆုံး အချိန်ပါပဲ” တဲ့။
ကိုယ်လဲ နားထောင်ရင်း မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလို့..။ အဖေ့ကိုယ်၀၀ကြီးကို ဖက်ထားမိတယ်။ ကိုယ်တို့မိသားစုတွေ မပါဘဲ အဖေတယောက်တည်း ဖြတ်သန်းလိုက်ရတဲ့ လွတ်လပ်ရေးနေ့ကို ရင်ထဲမှာ ဆို့မိလို့..။
ကိုယ့်ဘ၀မှာ အဖေ မျက်ရည်ကျတာ မမြင်ဖူးဘူး။ အဖေက အနုပညာသမားမို့ ခံစားလွယ်၊ ထိခိုက်လွယ်တတ်လို့ စိတ်ပျော့ပြောင်းသူဆိုတာ မှန်ပေမဲ့ အဖေ့ မျက်ရည်ကိုတော့ ကိုယ် မမြင်ဖူးခဲ့ဘူး။ အဖေ မျက်ရည်ကျတယ်ဆိုတာ ဒါ ပထမဆုံး အဖေ ပြောဖူးတာပါပဲ။ ပြန်ပြောတဲ့အချိန်မှာလဲ မျက်နှာက မှုန်မှိုင်းနေပေမဲ့ မျက်ရည် မကျခဲ့ပါဘူး။ အဖေ့ရင်ထဲမှာတော့ ကိုယ် မသိတတ်နိုင်ဘူးလေ..။
ဘာရယ်မဟုတ်၊ လွတ်လပ်ရေးနေ့မှာ လွမ်းမိ တွေးမိတာလေးတွေ ရေးကြည့်တာပါ။ ဆူးလေ ဘုရားလမ်းပေါ်မှာ ကျခဲ့တဲ့ မျက်ရည်တွေ ခြောက်သေးရဲ့လား လို့တော့ ကိုယ် ဆက် မတွေးချင်တော့ပါဘူးလေ..။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဘလော့လေးကို နှစ်သစ်ကြိုတဲ့အနေနဲ့ အကျီ င်္လှလှလေး ၀တ်ပေးလိုက်ပါတယ်။ အပြောင်းအလဲလေးလဲ ဖြစ်၊ ကောင်းမွန် လှပတဲ့ ရှေ့ရေးကိုလဲ မျှော်လင့်မိလို့ပါပဲ။
ကိုယ်က ကံ့ကော်တောမှာ မွေးခဲ့သူမို့ ကံ့ကော်ပန်းလေးနဲ့ အလှဆင်ချင်မိတယ်။ အဲဒါကို စိတ်ရှည်ရှည်နဲ့ လိုချင်တဲ့ပုံစံအတိုင်း ဒီဇိုင်းရေး၊ စာလုံးလေးတွေ ပြောင်းထည့် အလှဆင်ပေးတဲ့သူများက ကာတွန်း ကိုဝင်းထွန်း နဲ့ ကိုမင်းကျော် တို့ပါ။ သူတို့က ကွန်ပျူတာနဲ့ web page ပညာ ကျွမ်းကျင်သူတွေပေါ့။ သူတို့ကို ဒီနေရာကနေ ကျေးဇူး မှတ်တမ်းပြုပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ နှစ်သစ်ကို ကြည်ကြည်နူးနူး ရွှင်ရွှင်လန်းလန်း ကြိုလိုက်ပါပြီ။ နှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားတွေ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ လွတ်လပ်ပြီး တရားမျှတတဲ့ လူ့ဘောင်သစ်တခုကိုလဲ အတူ ၀ိုင်းပြီး တည်ဆောက်နိုင်ပါစေလို့ မျှော်လင့် ဆုတောင်းမိပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
စနေ တနင်္ဂနွေ မနက်တွေဆိုရင် ဆိုင်လေးမှာ လူရှင်းတုန်း ကိုယ်ဘာတွေ လုပ်သလဲ ပြောပြချင်မိတယ်။
ဆိုင်ရောက်တာနဲ့ ကွန်ပျူတာဖွင့်၊ VZO သုံးတော့တာပါ။ ကိုယ်ခေါ်လိုက်တဲ့သူတွေက ကိုယ့်ရဲ့ အဝေးက ချစ်တူမတွေဆီကိုပါ။ ကိုယ်တို့ဆီမှာ နေ့လည်ဆို သူတို့ဥရောပမှာ ညဖက်ပေါ့။ ကွန်ပျူတာ ဖန်သားပြင်ကနေ ခေါင်းလေးတွေ တိုးဝှေ့ပြီး အလုအယက် စကားပြောကြတဲ့ ကိုယ့်တူမလေးတွေနဲ့ စကားပြောကြတာ။
တူမလေးက ၄ယောက်။ မိုးပွင့်၊ မိုးဥ၊ စန္ဒြာ၊ မာယာ တဲ့။ မိုးပွင့်က အကြီးဆုံး၊ အသက်က ၁၂ နှစ်။ ပြီးတော့ စန္ဒြာ၊ ပြီးတော့ မိုးဥ၊ အငယ်ဆုံးလေးက မာယာပေါ့။ အများအားဖြင့် မိုးပွင့်လေး နဲ့ စကားပြောတာပါပဲ။ ကျန်တဲ့ကလေးတွေကတော့ ပြေးလာ ပြောလိုက်၊ ဆော့လိုက်ပေါ့။
ကိုယ်က မိုးပွင့်ကို အပွင့်လေး လို့ ခေါ်တယ်။ အပွင့်လေးက ၁၂ နှစ်သာဆိုတယ်၊ အတော်လေး ထွားတယ်။ အရပ်မြင့်မြင့်၊ အဒေါ်လို ၀၀ တုတ်တုတ်လေး၊ မျက်နှာကြီးကြီး နဲ့။ လူကောင်ထွားပေမဲ့ မျက်နှာက တကယ့် ကလေးလေး။ အဲဒါပေါ့ ချိုချိုရယ်.. ၊ သူကလေ အဲဒီလိုပြောတာ ဆိုပြီး စီကာပတ်ကုံး သူ့သူငယ်ချင်းတွေ အကြောင်း ပြောတတ်တယ်။
သူက သူ့ကျောင်းအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း၊ သူတို့အတန်းပိုင် ဆရာအကြောင်း တွေကို ရီစရာတွေ လုပ်ပြီး အမူအယာတွေနဲ့ ပြောပြတာ ကိုယ့်မှာ အူနာအောင် ရီရတယ်။ သူ့အမေ ကိုယ့်အမက သူ့ဘေးမှာ ထိုင်ပြီး ကိုယ်တို့ညီအမက သူ ပြောသမျှ ထိုင်ရီကြတာ။
ကိုယ်က သူ့ကို မြန်မာစာ မမေ့စေချင်လို့ စာရေးဖို့ ပြောတော့ ရေးပို့ပါရဲ့၊ ၀တ္ထုတို ဆိုပဲ။ မျက်လုံးပြူးရသေးတယ်။ သူ့သူငယ်ချင်း မိဘတွေ အဆင်မပြေလို့ စိတ်ဆင်းရဲရတဲ့အကြောင်း ကလေးတယောက် အတွေးနဲ့ သူငယ်ချင်းကိုယ်စား ခံစားပြီး ရေးထားတာ။ ဖတ်လို့တော့ ကောင်းနေတာပဲ။ ဒါနဲ့ ကိုယ်က ချိုချို လာမှ ကွန်ပျူတာနဲ့ မြန်မာလို စာရိုက်တာ သင်ပေးမယ် ပြောရတယ်။
သူက အကြီးဆိုတော့ သူ့ထက်အငယ် ညီမတွေကိုလည်း သူက ဆော့ပေးရသေးတာပါ။ သူတို့လေးယောက် ကစားကြပုံကိုလဲ ပြောပြချင်သေးတယ်။ မိုးပွင့်က အရုပ်ကဒ်လေးတွေကို ကိုင်ပြီး မေးခွန်းထုတ်တမ်း ကစားနေတာပါ။ ကိုယ်က ဒီဖက်ကနေ ဘယ်လို ကစားကြသလဲ ပြုံးပြီး ကြည့်နေတာ။
မိုးပွင့်က ကဒ်လေးတွေကိုင်ပြီး ကိုယ်တို့ ဆွေမျိုး မောင်နှမတွေ နံမည် မေးနေတာ။ အဖြေမှန်ရင် အရုပ်လှလှလေးပုံပါတဲ့ ကဒ် တကဒ် ပေးလိုက်တာကိုး။ ကိုယ်က ဒီကစားနည်း မကြုံဖူးလို့ ကြည့်နေတယ်။ ဥပမာ ဒီလို ဆိုပါတော့..။
“ဘိုးဘိုး နံမည် ဘယ်သူလဲ သိကြလား” လို့ မိုးပွင့်က မေးလိုက်ရင် ကျန်ကလေး ၃ယောက်က ၀ိုင်းအော် ဖြေကြတယ်။
“ဘိုးဘိုးနံမည် ဘိုးဘိုး ပေါ့” ဒါက အငယ်ဆုံးလေး မာယာ ဖြေတာ။
“ဘိုးဘိုးနံမည်က ဦးတင်မိုး” ဒါက စန္ဒြာ နဲ့ မိုးဥ ဖြေတာ။
“မဟုတ်သေးဘူး၊ ဘိုးဘိုး စာရေးတဲ့ နံမည် မဟုတ်ဘူး၊ ဘိုးဘိုး နံမည် အရင်းကို ပြောနေတာ”
“ဘိုးဘိုးကြီး မဟုတ်လား”
“တင်မိုးဦး၊ မိုးဦးတင်၊ ဦးဥာဏ်မိုး၊ ဦးသန်းညွှန့်၊ လေးလေး.” ဒါမျိုးတွေလဲ ရှိသမျှ အမျိုးတွေထဲက ယောကျာင်္းနံမည်တွေ ပြောင် ပြီး ဖြေကြသေးတယ်။
“မဟုတ်ဘူး၊ အားလုံး မှားတယ်၊ ဘိုးဘိုးနံမည်က ဦးဘဂျမ်း”
အဲဒါဆို အကုန်လုံး ဦးဘဂျမ်း ဦးဘဂျမ်းလို့ ၀ိုင်းအော်ပြီး ပတ်ပြေးလိုက်ကြသေးတာပါ။ ပြီးမှ မိုးပွင့်နား ပြန်လာစု ပြန်ရော။
“ကဲ၊ နောက်တခု မေးမယ်။ ဦးဦးကျော် နံမည်ရော ဘယ်သူလဲ”
“ဦးဦးကျော် နံမည်က ကျော် လေ..” အဲဒါကတော့ မိုးဥ က ဖြေတာပါ။ သူက ငယ်ငယ်ကတည်းက ကိုယ့်အမျိုးသားကို ကျော် လို့ပဲ ခေါ်တာပါ။ ဘယ်လိုသင်သင် ဦးဦး မထည့်ပါဘူး။
“ဦးကျော် နံမည် ဦးကျော်ဝဏ္ဏ၊ ချိုချို့ နံမည် မိုးချိုသင်း” တဲ့။
အဲဒါ စန္ဒြာ က ဖြေလိုက်တာ။ သူ့အဖြေလေးကို နားထောင်ပြီး ကိုယ့်မှာ ပီတိဖြစ်လိုက်ရတာ။ ကိုယ့်တူမလေးတွေကိုလဲ ချစ်လိုက်ရတာ။ ကိုယ်တို့နံမည်တွေကိုလဲ မြန်မာလို စာလုံးပေါင်း ပြသေးတယ်။ မနှင်းသင်ထားတာတွေလေ။
အားလုံးထဲမှာ စန္ဒြာက ကဒ် အများဆုံး ရတယ်။ သူက သူနဲ့ တ၀မ်းကွဲတွေ ဖြစ်တဲ့ ရွာက အမတွေရဲ့ ကလေးတွေ နံမည်တွေလဲ အကုန် မှတ်မိတယ်။ ကိုကို့ နံမည် ဖိုးစွမ်း တဲ့။ မမ နံမည် စန္ဒီမ တဲ့။ မမအကြီးဆုံးက မမ အိမွန်ကို တဲ့။ မာယာလေးကတော့ အကြီးတွေကို ကြည့်ပြီး လိုက်ဝါး ဖြေတတ်တယ်။ တခါတခါကျရင် ခေါင်းရှုပ်ပြီး မာယာ သိတော့ဘူးကွာ၊ မာယာ ဖြေတတ်ဘူးကွာ နဲ့။
မာယာလုပ်တတ်တာကတော့ သီချင်း ကောင်းကောင်း ဆိုတတ်တာပါပဲ။ သူက ဂီတကို အတော်ဝါသနာပါပုံရတယ်။ အမြဲတမ်း သီချင်းလေး တအေးအေးနဲ့ နေတတ်တယ်။ စကားမပြောတတ်ခင်ကတည်းက သံစဉ်လေးတွေ ညည်းနေတတ်လို့ သူ့ဘိုးဘိုးက မာယာလေးကို သိပ်ကို အေးချမ်းတဲ့ ကလေး၊ ကြီးလာရင် အဆိုတော်ကြီး ဖြစ်မှာ လို့ အထင်ကြီးရှာတယ်။
မာယာကလည်း အဘိုး နဲ့ အတူဆုံးကလေးပဲ။ လူတွေကို သိပ်ခင်တယ်၊ လူတိုင်းနဲ့ တည့်တယ်။ အပေါင်းအသင်း ခင်တယ်။ သီချင်းသံကြားရင် ကြားတဲ့နေရာက ပြေးလာပြီး ဆိုတော့တာပဲ။ စကားပြောရမှာ ရှက်သလောက် သီချင်းဆိုဖို့တော့ ပါးစပ်ကြီး ဖွင့်ပြီး အော်ဆိုတော့တာပဲ။
တခါကတော့ သူတို့၎ယောက်စလုံး အခုလက်ရှိ အကြိုက်ဆုံး ဖြစ်ပုံရတဲ့ သီချင်းလေးကို ဖွင့်ပြီး လေးယောက်သား ကိုယ့်ကို ဆိုပြကြတယ်။ အဲဒီသီချင်းက သူတို့လေးတွေ အရွယ် ဖြစ်တဲ့ ဆယ်နှစ်သမီးလေး Laura က Belgium နိုင်ငံ ကိုယ်စားပြုပြီး ဥရောပတခွင် ၀င်ပြိုင်လို့ရတဲ့ Junior Eurovision 2009 မှာ ပြိုင်ပွဲဝင်တဲ့ သီချင်းလေးပါ။
သီချင်းက မြူးလဲ မြူး၊ ဆိုတဲ့ကလေးက ဆိုလဲ ဆိုတတ်တဲ့အပြင် yodeling ဆိုနည်းလေးကိုပါ သီချင်းထဲမှာ ညှပ်ပြီး ထည့်ဆိုတာမို့ အဒေါ်လုပ်သူကပါ သဘောအကျကြီးကျပြီး သူ့ပရိသတ် ဖြစ်ရတာပါ။ သူတို့ တနိုင်ငံလုံး ဆယ်ကျော်သက်တွေ အသည်းစွဲ သီချင်းလေး ထင်ပါရဲ့။
တခါက စူပါမားကက် အကြီးကြီးတခုကို သွားကြတော့ အဲဒီမှာ အဲဒီသီချင်းလဲ ဖွင့်လိုက်ရော ကလေးတွေ အကုန် နီးရာ ခုံ အမြင့်တွေပေါ် တက်ပြီး က ကြ လိုက်ဆိုကြသတဲ့။ ကျန်တဲ့ ကိုယ့်တူမတွေကတော့ မက ရဲလို့ မက ကြပေမဲ့ မာယာကတော့ ဖင်လေးလှုပ်ပြီး ၀င် က ပါသတဲ့။ yodeling လို လုပ်တာလဲ မာယာက ကောင်းကောင်း လိုက်လုပ်တတ်ပါတယ်။
အဲဒီသီချင်း အဓိပ္ပါယ် သမီးတို့ နားလည်လား၊ ချိုချို့ကို ရှင်းပြပါအုံး ဆိုတော့ အလုအယက် ၀ိုင်းရှင်းပြကြသေးတယ်။ ကျောင်းမှာ ပေါ်ပြူလာ ဖြစ်တဲ့ ကောင်လေးကို ကောင်မလေးက စိတ်ဝင်စားမိတဲ့ အကြောင်းပါ တဲ့။ ကိုယ့်မှာ ဆယ်နှစ်ကလေးက စပ်တဲ့သီချင်းဆိုတော့ အံ့သြပြီး ပြုံးရသေးတယ်။
ပြိုင်ပွဲအပြီး အင်တာဗျူးမှာ အဲဒီသီချင်းထဲက ကောင်လေး တကယ်ရှိသလား မေးတာကို Laura က တကယ်ရှိပါတယ်၊ သူ့ boyfriend ဖြစ်နေပါပြီ လို့ ဖြေပါသတဲ့ (ဘုရား..ဘုရား)။ ပြိုင်ပွဲမှာ အဲဒီကလေးမက တတိယဆုပဲ ချိတ်ပါတယ်။ ပထမဆုကို ခြေထောက်နဲ့ စည်းချက်လိုက်တဲ့ tap dancing အကပါတဲ့ နယ်သာလန်က ကောင်လေးက ရသွားတာပါ။
ကိုယ်ကလဲ သူတို့ ကလေးတွေနဲ့ ပေါင်းချင်တော့ကာ သူတို့ စိတ်ဝင်စားတာလေးတွေ လိုက်စိတ်ဝင်စားရ၊ သူတို့ကြိုက်တာလေးတွေ လိုက် နားထောင်ရတာ။ အမြဲတမ်း ခေတ်မီနေမှ တော်ကာကျမယ်ဆိုပြီး အဒေါ်က တရွတ်တိုက် လိုက်နေရတာပေါ့လေ။
အဲဒီတော့ VZO ဖွင့်ရင် ဟိုဖက်က သီချင်းလေး ဖွင့်လိုက်၊ ဒီဖက်ကို လင့်ခ်လေး ပို့ပေးလိုက်၊ နားထောင်လိုက်၊ သဘောကျပြီး ဒီဖက်က တခါ ပြန်လိုက်ဖွင့်တော့ တူမတွေ လိုက်ဆိုကြတာ ကြည်နူးလိုက်နဲ့ပေါ့။ သူတို့တွေ dutch လို ပြောကြ ဆိုကြတာ ကိုယ်က တလုံးမှ နားမလည်ပေမဲ့ တပြုံးပြုံးနဲ့ အမီလိုက်နေတာ။
စာဖတ်သူတွေလဲ နားထောင်ကြည့်ပါအုံး။ ကိုယ်သဘောကျလို့ အောက်မှာ လင့်ခ်လေး ရေးပေးလိုက်ပါမယ်။ သီချင်းလေးနားထောင်ပြီး ပျော်ရွှင် ချမ်းမြေ့ကြစေဖို့ ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အခုလို ဆောင်းတွင်းအေးအေး မှာ မိုးစောစောချုပ်တာမို့ ပတ်ဝန်းကျင်တခုလုံး မှောင်မဲ လို့..။ ရောင်စုံမီးလေးတွေနဲ့ အလှဆင်ထားတဲ့ သစ်ပင်ကြီးတွေက ခန့်ခန့်ကြီး မားမားမတ်မတ် ရပ်လို့..။ ညဖက် အိမ်အပြန်လမ်းတွေမှာ ကိုယ်တို့နှစ်ယောက် အမြဲပဲ သုတ်သုတ် သုတ်သုတ်နဲ့ ကိုယ့်အိမ်လေးဆီကို အပြေးပြန်လာတတ်ကြတယ်။
အိမ်အပြန် လမ်းတလျှောက် ကားပေါ်ကနေ အပြင်ကို ကြည့်လိုက်ရင် အိမ်ပုပုလေးတွေကို နွေးနွေးထွေးထွေး တွေ့ရတတ်တာ။ မှန်ပြူတင်းပေါက် အကွက်လေးတွေကြားကနေ အိမ်တွင်း အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်လေးတွေကို ရိပ်ကနဲ ရိပ်ကနဲ မြင်ရတတ်တယ်။ ဒါမှမဟုတ် မိသားစု ထမင်းဝိုင်း…။ စားပွဲဝိုင်းဘေးမှာ ဆော့နေတဲ့ ကလေးလေး ရီသံတောင် ကြားလိုက်ရသလို ထင်မိတယ်။
ကိုယ်တို့ငယ်ငယ်ကလဲ မိသားစု ထမင်းဝိုင်းတွေဟာ ပျော်စရာ ကောင်းခဲ့ပါတယ်။ အဖေရယ် အမေရယ် ကိုယ်တို့ မောင်နှမ ၅ယောက်ရယ် အမြဲ ထမင်းလက်ဆုံစားတတ်ကြတယ်။ အထူးသဖြင့် ညစာ ပေါ့။ မိသားစုဝင်တယောက်ယောက် နောက်ကျရင်လဲ အမေက စောင့်ပြီး စားစေတာ၊ နောက်ကျသူကလဲ ညစာအမီ ပြန်လာတာပါပဲ။
ထမင်းဟင်းတွေက အမြဲ ပူပူနွေးနွေး ပဲ။ ဟင်းကတော့ အမယ် မများဘူး။ အသားတခွက်၊ အရွက်ကြော် တမျိုး နဲ့ ချဉ်ရည် တခွက် ပါလေ့ရှိတယ်။ ဟင်းခွက်က လက်လည်တယ် မရှိဘူး။ တယောက်လက် တယောက် ကမ်းလိုက်၊ ထည့်လိုက်ကြတာပဲ။ အသုတ်တမျိုးမျိုးပါရင် ခဏလေးနဲ့ ပန်းကန်က ပြောင်သွားပြီ။ ပြီးမှ ထည့်တာများသွားတဲ့သူဆီ ငါ့နည်းနည်းပေး တောင်းရတယ်။
ပြီးရင် မောင်နှမတွေ ဆူဆူညံညံ နဲ့ ပန်းကန်တွေ ဆေးကြတာ။ ကိုယ့်အမအကြီးတွေ ဖြစ်တဲ့ မစံ နဲ့ မအေးက အားလုံးရဲ့ ပန်းကန်တွေ အမြဲတမ်း ဒိုင်ခံ ဆေးလေ့ရှိတာ။ ကိုယ်တို့အငယ်တွေက စားပြီးရင် ကိုယ့်ပန်းကန်လေးကိုင်ပြီး လက်ဆေးကန်နားမှာ ရပ်စောင့်လို့။ အမတွေက ထားခဲ့ ထားခဲ့ ငါ ဆေးလိုက်မယ် လို့ ပြောရင် ၀မ်းသာသွားတာ။
လက်ကလေး မြန်မြန်ဆေးပြီး အိပ်ယာပေါ်လှဲ ဇိမ်နဲ့ စာသွားဖတ်တာ။ ဒါမှမဟုတ် မိသားစု စကားဝိုင်းထဲ ဟိုတိုး ဒီခွေ့နဲ့ နားထောင်။ ဒါမှမဟုတ် ရေဒီယိုက ညဖက်လာတဲ့ ဇာတ်လမ်းတွေ၊ သီချင်းတွေကို စောင်ကြီးခြုံပြီး ၀ိုင်းနားထောင်ကြတယ်။ တီဗီပေါ်လာတော့ တီဗီရှေ့ ကို စောင်တွေ ခေါင်းအုံးတွေ ယူသွားပြီး သွားမော့တာပေါ့။
မိသားစု အပန်းဖြေချိန်လေး ပေါ့။
နောက်တော့ မိသားစု ထမင်းဝိုင်းလေးက လူနည်းနည်းလာ..။ ကိုယ်ချစ်တဲ့သူနောက် လိုက်ပြီး ကိုယ့်မိသားစု ကိုယ်ထူထောင်ကြတော့ မိသားစု ၀ိုင်း အကြီးကြီးကနေ မိသားစုဝိုင်း သေးသေးလေးတွေ ဖြစ်ကုန်တာပေါ့။ အဲဒီအခါကျတော့လဲ တမျိုးတဖုံ ပျော်စရာကောင်းတာ မှန်ပေမဲ့ အရင်က မိသားစု ထမင်းဝိုင်းကြီးကို လွမ်းမိတတ်တာပဲ။
အခုတလော မိသားစု ထမင်းဝိုင်းတွေကို သတိရနေမိတာမို့ နှစ်ကိုယ်တူ ဘ၀ ထူထောင်တော့ ထမင်းလက်ဆုံစားခဲ့တာလေးတွေလဲ သွားသတိရမိသေးတယ်။ ကိုယ်တို့နှစ်ယောက် ချစ်စ က ထမင်း ပထမဆုံး လက်ဆုံစားဖူးတာ လှည်းတန်းက ဓနုဖြူ ဒေါ်စောရီ ထမင်းဆိုင်မှာပါ။
အဲဒီတုန်းက နှစ်ယောက်စလုံး မိဘဆီ မုန့်ဖိုး လက်ဖြန့်တောင်းနေရတုန်းအရွယ်ပေါ့။ တက္ကသိုလ် ကျောင်းသူ ကျောင်းသားဘ၀ပေါ့။ တနေ့တော့ လှည်းတန်းသွားရင်း ဒေါ်စောရီဆိုင်မှာပဲ ထမင်းစားလိုက်ကြရအောင် တဲ့။ ကိုယ်လဲ ကောင်းသားပဲ ဆိုပြီး ၀င်စားကြတယ်။
ဆိုင်ရောက်တော့ သူက မှာချင်တာ မှာစား တဲ့။ ကိုယ့်ကို ခွင့်ပေးတယ်။ ကိုယ်လဲ သူ ခွင့်ပေးတယ် ဆိုတော့ ရိုးရိုးပဲတွေးပြီး စားချင်တာ မှာ လိုက်တာပေါ့။ ကိုယ်မှာလိုက်တာ ပုဇွန်တုပ်ကြီးဟင်းပါ။ ညှာညှာတာတာ မှာဖို့ အဲဒီတုန်းက တကယ် မစဉ်းစားမိဘူး။
နောက်မှ သူပြန်ပြောပြတာက သူက ကိုယ်အားရပါးရစားနေတာကို ငေးကြည့်နေတာ တချိန်လုံး တဲ့။ ကိုယ်ကြိုက်တယ်ဆိုလို့လဲ ၀မ်းသာတယ်၊ ဒါပေမဲ့ bill လာရင် ပိုက်ဆံ မလောက်ရင် ဒုက္ခ ဆိုပြီး ပူပန်မိနေလို့ ကိုယ့်ထမင်း ကိုယ် မစားနိုင်ဘဲ အိပ်ကပ် တစမ်းစမ်း ဖြစ်နေတာ တဲ့။ ကိုယ်ကတော့ အပူအပန်မရှိ ပျော်ပျော်ရွှင်ရွှင် ကြိတ်သလေ..။
နောက် ပိုက်ဆံရှင်းမှ ပါလာတဲ့ ပိုက်ဆံ နဲ့ လောက်င လို့ သူ ဟင်းချနိုင်ပါတယ် တဲ့။ တကယ်က ပုဇွန်တုပ်ကြီးဟင်းက အတော် ဈေးများတာပါ။ ကိုယ်ကလဲ ရိုးရိုးပဲတွေးမိတာ၊ မှာချင်တာ မှာ၊ ပုဇွန်တုပ်ကြီးတော့ မပါစေနဲ့ လို့မှ မပြောဘဲ။ အဲဒါ ပထမဆုံး လက်ဆုံစားခြင်းပေါ့။
နောက်တော့ ကိုယ်နဲ့ နေ့စဉ်နေ့တိုင်း ထမင်းအတူ စားဖို့ သူ့ကိုပဲ ရွေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ထမင်းစားရင် သိတတ်သူမို့ပါ။ သူ့ပန်းကန်ထဲက အသားတွေကို ကိုယ့်ပန်းကန်ထဲ ထည့်ပေးတတ်သူလေ (တကယ်က သူက အသားထက် အရွက်ပိုကြိုက်လို့ပါ)။
သူနဲ့အတူတူ မိုးရွာတုန်း လမ်းဘေးဆိုင်လေးထဲ ပြေးဝင်ပြီး ထမင်းသုတ်လေးကို ငရုတ်သီးတောင့်လေးကိုက်ပြီး ညစာလုပ် အတူစားဖူးတယ်။ အိမ်မှာ လက်ဖက်သုတ်လေး နဲ့လဲ ထမင်းမြိန်ခဲ့တယ်။ ကြက်ဥကြော် နဲ့လဲ နှစ်ပါးသွားဖူးတယ်။ ခမ်းခမ်းနားနားနေရာတွေလဲ အတူသွားစားခဲ့ဖူးပါတယ်။ တခါတလေတော့ လေ ထဲမှာ…။ ခရီးအတူသွားရင်း လေယာဉ်ပျံပေါ်မှာ ညစာစားရတာကို ပြောတာပါ။
တခါကတော့ နှစ်သစ်ကူးညတညမှာ နယ်စပ်မြို့လေးတမြို့ရဲ့ ဟိုတယ် အခန်းလေးထဲမှာ ဖယောင်းတိုင်မီးလေး နဲ့ အတူထမင်းစား ဖူးသေးတယ်။ အဲဒီတုန်းက တာချီလိတ်မှာ ညနေ ၆နာရီထိပဲ မီးပေးတယ် ထင်တာပဲ။ ဟိုတယ်အခန်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်း၊ ထမင်းစားရင်း ဟိုဖက်ကမ်းက မီးထိန်ထိန် ကို နှစ်ယောက်သား ငေးကြည့်မိခဲ့လို့ အမှတ်တရ ဖြစ်ခဲ့တာ။ အဲဒီအချိန်လေးကလဲ ကိုယ်မမေ့နိုင်တဲ့ အချိန်လေး တခုပဲ။
ကိုယ်က သူ့ကို ပြောခဲ့တယ်။ ကိုယ်တို့အတူ ရင်ဆိုင်ရမဲ့ ဘ၀တွေ နိမ့်ပါစေ၊ မြင့်ပါစေ၊ ဘ၀ရဲ့ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် စိတ်ထဲမှာ သန့်သန့်ရှင်းရှင်း ကြည်ကြည်နူးနူး နဲ့သာ ထမင်းလက်ဆုံစားချင်ပါတယ် လို့..။
ကိုယ်က ကဗျာဆရာ၊ ကျောင်းဆရာမ ရဲ့ သမီးပါ၊ မွေးကတည်းက ဟင်းတွေ အလျှံပယ် ပေါများ တဲ့ ထမင်းဝိုင်းမျိုးနဲ့ အမြဲစားလာတာမဟုတ်လို့ ဘာနဲ့မဆို စားတတ်ပါတယ်၊ လိပ်ပြာသန့်သန့် ပျော်ပျော်ရွှင်ရွှင် နဲ့သာ ဖြစ်ပစေ၊ တနေ့ ထမင်း ၂ နပ် ပါပဲ လို့ သူ့ကို အားပေးဖူးပါတယ်။
အဲဒီတော့ သူက အသေအချာစဉ်းစားပြီး ပြန်ပြောပါတယ်။
“ထမင်း ၂ နပ်??? ….၊ က မယ် မထင်ပါဘူး” တဲ့။
သူပြောတာ ခပ်တိုးတိုးပါပဲ။ ဒါပေမဲ့ ကိုယ် အကျယ်ကြီး ကြားလိုက်ရတယ်။
အော်.. အကြောင်းသိကုန်ပြီကိုးလေ…။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
နိုဝင်ဘာ ဆိုတာ တအုံနွေးနွေး ရင်ခုန်ဆွေး တဲ့ လ လို့ အဖေက ကဗျာစပ်ဖူးတယ်။ သူများတွေအတွက်တော့ မသိ၊ ကိုယ်တို့ မိသားစု အဖို့မှာတော့ နိုဝင်ဘာဆိုရင် ချမ်းချမ်း မှုန်မှုန်နဲ့ ဆွေးဆွေး ငိုင်ငိုင် ဖြစ်မိရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာလထဲမှာ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေကို ခွဲခွာရတာမို့ပါ။
အဖေကလဲ နိုဝင်ဘာ အလွမ်းကဗျာတွေ အများကြီး ဖွဲ့ခဲ့တယ်။ နိုဝင်ဘာမှာ ကိုယ်တို့ အမေ ဆုံးတယ်။ အမေဆုံးတာ ၁၇ရက်၊ အဖေ့မွေးနေ့က ၁၉ရက်ဆိုတော့ တခုသော အဖေ့မွေးနေ့မှာ အမေ့ကို ဂူသွင်းသဂြိုဟ် ရတာမို့ပဲ။ နောက် ကိုယ့်မောင်လေးလဲ နိုဝင်ဘာထဲပဲ ဆုံးပြန်တယ်။
အမေ့အကြောင်း စဉ်းစားမိရင် အေးအေးချမ်းချမ်း အပြုံးတွေ၊ စပယ်ပွင့်လေးတွေ၊ သနပ်ခါးနံ့သင်းသင်းလေး အပြင် ကြောင်လေးတွေကိုပါ တွဲမြင်မိတတ်တယ်။ အမေ့ဆီက ကြောင်လေးတွေ ချစ်တတ်တဲ့ စိတ်ကို အမွေအဖြစ် ကိုယ်က ကျေကျေနပ်နပ်ကြီး ယူခဲ့ပါတယ်။ ကိုယ်တို့မောင်နှမတွေ အားလုံးလဲ တိရိစ္ဆာန်လေးတွေကို ချစ်ကြတယ်။
အမေရှိတုန်းက ညနေ အမေ ကျောင်းက ပြန်အလာ ညနေခင်း အချိန်တွေမှာ ကိုယ်က ကြောင်လေးတွေအကြောင်း ပြောနေတတ်တာ..။ ဒီနေ့မှာ အမေ့ကို သတိရလို့ ကိုယ်က လွမ်းတာတွေ ခဏထားပြီး စာလာဖတ်သူတွေကို ကြောင်လေးတွေအကြောင်း ပြောပြမယ် လို့ စဉ်းစားတာ..။ ကြောင်မချစ်သူများ ဖတ်နေတာကို ဒီတင် ရပ်ကြပါ။
ဒီ တိုင်းပြည်ကိုရောက်လာတော့ တခြားအိမ်က ကြောင်လေးတွေ ခြံထဲ လာမွေးနေတာ ကိုယ်တို့က ကျွေးမွေးထားရင်း အိမ်မှာ ကြောင်အုပ်မကြီး ဖြစ်နေတာ ရေးဖူးပါတယ်။ အဲဒီကလေးတွေက ခြံထဲမှာ နေကြ၊ စားတဲ့အချိန် လာကြနဲ့ အများစုက လူ အကိုင် မခံဘူး။ ချီလို့မရသေးဘူး။ အဝေးကနေ ကြည့် ချစ်နေရတာမျိုး။
ကြောင်လေးတွေ အိမ်မှာရှိတယ်ဆိုတော့ အိမ်လေးက အိမ်နဲ့တူပြီး သာသာယာယာ ရှိတယ် ထင်မိတာ..။ အဝေးက ကိုယ့်ရဲ့ တူမတွေကလဲ ကြောင်လေးတွေ မွေးထားတယ်ဆိုတော့ သဘောတွေကျလို့။ အဒေါ်တွေအားလုံးထဲမှာ ဘယ်သူ့အချစ်ဆုံးလဲ မေးရင် ချိုချို့ ကိုသာ အချစ်ဆုံး တဲ့။ ကြောင်တွေကြောင့် မျက်နှာပွင့်နေတာလေ။
အိမ်ကို လာလည်တဲ့ မိတ်ဆွေများရဲ့ ကလေးတွေဆိုရင်လဲ ကိုယ်တို့အိမ် လာလည်ရမှာ ပျော်ကြတယ် ဆိုတယ်။ ကြောင်တွေကို အစာကျွေးလိုက်၊ လိုက်ဖမ်းလိုက်နဲ့ ဆော့ရတာကိုး။ ကိုယ့်ကိုလဲ ခေါ်တာ ကြောင်အန်တီ တဲ့ (အဲဒါတော့ မနိပ်သေးဘူး)။ တကယ်က ကြောင်လေးတွေရှိတဲ့ အိမ်က အန်တီ လို့ ဆိုလိုချင်ပုံပါ။ ကိုယ့်ဖာသာကိုယ် ဘာသာပြန်ယူ လိုက်ရတာပါ။ ကြောင်နေသော အန်တီ လို့ အဖြစ်မခံနိုင်လို့ပါ။
ဒီလိုနဲ့ ကြောင်လေးတွေ မွေးလာတာ အကိုင်မခံတော့ သားကြော ဖြတ်ဖို့ ဖမ်းမရ၊ ဖမ်းမရတော့ သားအုပ်က ပွားစီးလာ..။ ကိုယ်တို့နှစ်ယောက်လဲ ဒေ၀ါလီခံရမဲ့ အပေါက် ဖြစ်လာတော့ တိရိစ္ဆာန်ထိန်းသိမ်းရေးစခန်း ကို ပို့လိုက်ပါ တဲ့၊ မိတ်ဆွေများက အကြံပေးပါတယ်။ သားကြောဖြတ်ပြီးမှ ပြန်ခေါ်မွေးပေါ့ တဲ့။ ဒါနဲ့ စုံစမ်းကြည့်မယ် ဆိုပြီး ဖုန်းဆက်မိပါတယ်။
“ဟဲလို တိရိစ္ဆာန် ထိန်းသိမ်းရေး စခန်းကပါလားရှင်”
“ဟုတ်ပါတယ်၊ ဘာများ ကူညီရပါမလဲ”
“ကျမ အိမ်မှာ တခြားက ကြောင်လေးတွေ ရောက်လာနေပါတယ်။ အဲဒါ ကလေးတွေမွေးပြီး ပွားလာလို့ ဘယ်လိုလုပ်ရမလဲ”
“ဘယ်နှစ်ကောင်ပါလိမ့်..”
“၁၀ ကောင်လောက်ပါ”
“ခင်ဗျားက ဘယ်မြို့နယ်မှာ နေတာလဲ”
ကိုယ်လဲ ကြောင်လေးတွေ လာယူဖို့ အကောင်းမေးတယ် ထင်ပြီး ..
“ XXX မြို့မှာ နေတာပါ”
“အခုကိုပဲ ခင်ဗျားကို ဖမ်းပြီး အရေးယူလို့ ရနေပြီ။ ခင်ဗျားနေတဲ့ မြို့မှာ တအိမ်ထောင်ကို ၂ကောင်ပဲ မွေးခွင့်ရှိပါတယ်” (ဟိုက်.. ပလုတ်တုပ်၊ ငါ့ကို ဖမ်းမယ် ဆိုပါ့လား.. အမြန်ဖြေရှင်းမှ..)
“တကယ်က ကျမ မွေးထားတာ မဟုတ်ရပါဘူး။ သူများအိမ်က လာနေကြတာပါရှင်။ ကျမက ချစ်လို့ ကျွေးထားတာပါ”
“ခင်ဗျားကျွေးထားတာ ဘယ်နှစ်ရက် ရှိပြီလဲဗျ”
“၃လ လောက်ပဲ ရှိပါသေးတယ်ရှင်” (တကယ်က ၁၀ လ ကျော်ပါပြီ။ ဖမ်းမှာစိုးလို့ လျှော့ပြောလိုက်တာပါ)
“၂ပတ် ကျွေးထားတယ် ဆိုရင်ပဲ ကျနော်တို့က ခင်ဗျားပိုင် ကြောင် လို့ သတ်မှတ်ပါတယ်” တဲ့။
ဒါနဲ့ ကိုယ်လဲ ဘွာ ခတ်ပြီး ဖုန်းကို ကမန်းကတန်း ချလိုက်ရပါတယ်။ ထိုင်နေရင် အကောင်းသား၊ ဖုန်းဆက်မိမှ လက်ထိပ်စော်နံ သွားတယ်။
ဒီလိုနဲ့ ကိုယ်တို့ နှစ်ယောက်လဲ ကြောင်လေးတွေကို ဖမ်းပြီး သားကြောဖြတ်ဖို့ ကြိုးစားရပါတယ်။ ပထမဆုံး ရင်းနှီးနေတဲ့ သမီးဖြူ နဲ့ အိုဘားမားကို fix လုပ်ဖို့ ဆေးရုံ ပို့ရပါတယ်။ ဆေးရုံရောက်လို့ register လုပ်ဖို့ နံမည် စာရင်းသွင်းတော့ ဒုက္ခ ရောက်ပြန်ပါရော။
ကြောင် အဖြူလေး နံမည်ကို အရင်မေးတော့ သမီး လို့ ပြောလိုက်တာ ကိစ္စမရှိပေမဲ့ သားကြောလာဖြတ်တဲ့ နောက် ကြောင်မလေး နံမည်က အိုဘားမား ဆိုတော့ ခက်ကုန်ပြီ။ အမေရိကန် သမ္မတကြီး သားအိမ်ထုတ်သည် ဆိုပြီး သတင်းဖြစ်သွားလဲ မတတ်နိုင်တော့ဘူးလေ။ ဟို မျက်မှောင်ကြီး ကုတ်ပြီး ကြည့်နေတဲ့ ၀န်ထမ်းဟာ ဒီမိုကရက်လား မသိ။ ကိုယ့်မှာ အားနာပါးနာ လှမ်းလှမ်း ပြုံးပြရတာ အမော။
ဒါနဲ့ ကြောင်မလေး ၂ကောင် ကိစ္စ ပြီးသွားတော့ နောက်ကြောင်မလေးတကောင်က နှုတ်ခမ်းမှာ မှဲ့လေးနဲ့မို့ စပယ်တင် တဲ့။ စပယ်တင်က လုံးလုံး ဖမ်းလို့ မရတာမို့ သူ့ကို သားကြော ဖြတ်လို့ မရဘဲ ဒီအတိုင်းထားထားရတယ်။ အသက်က ၄လ ဆိုတော့ ငယ်ပါသေးတယ်ဆိုပြီး ကြည့်နေမိတာလဲ ပါတယ်။
စပယ်တင်လေးကို သမီးဖြူနဲ့ အိုဘားမားက လုံးဝ ကြည့်မရဘဲ ရန်လုပ်လို့ သူ့မှာ အနက်ရောင်ကြောင်ထီးကြီး ဖြစ်တဲ့ အကြီးကောင်နဲ့ပဲ အဖော်လုပ် နေရရှာတယ်။ အကြီးကောင်ကလဲ ကလေးချစ်တတ်ပုံရတယ်။ စပယ်တင်လေးကို လျှာလေးနဲ့ လျက်ပေး၊ နေပူထဲမှာ တူတူ နေဆာလှုံဆိုတော့ ကိုယ်တို့ကလဲ ညီမလေးကို ဂရုစိုက်နော် သားကြီး ဆိုပြီး ပြောနေရတာ။
တော်ကြာနေတော့ စပယ်တင်လေးက ကိုယ်ဝန်ကြီး တကားကား နဲ့ ဖြစ်လာပါလေရော။ အကြီးကောင်တို့များ ကလေးချစ်တတ်တာ တဆိတ် လွန်လွန်းတယ်။
အချိန်ကျတော့ စပယ်တင်က ကလေးပိစိလေး နှစ်ကောင် မွေးပြန်တယ်။ ၄လ ကျော်ကျော်သာ ရှိသေးတဲ့ ကြောင်ကလေးက မွေးမယ်ဆိုတော့ ကလေးက ကလေးမွေးသလို ဖြစ်နေတာမို့ ကိုယ်တို့က ရှင်မယ်တောင် မထင်ဘူး။ မွေးစက ကြောင်အသေးလေးတွေက လက်သန်းလောက်သာ အရွယ်ရှိတယ်။ ဒါပေမဲ့ စပယ်တင်လေးက သူ့ကလေးတွေကို ဂရုစိုက်လိုက်တာ။ သေချာ ဂရုစိုက်တော့ နှစ်ကောင်လုံး ရှင်ကြပြန်တယ်။
အဖြူနဲ့ အနက်ကြားလေးတွေ..။ ကိုယ်တို့လဲ ကြောင်အမေကြီး မရှိတုန်း တိတ်တိတ် ခိုးကြည့်တာ တကောင်က နှာခေါင်းမှာ အနက်စက်လေး ၂စက် နဲ့။ ဒါနဲ့ family name လဲပါအောင် ကိုယ်က မိုးစက် လို့ နံမည်ပေးလိုက်တယ်။ နောက်တကောင်က မေးစေ့တခုလုံး နက်နေတော့ ကာရန်လဲ လိုက်သွားအောင် မုတ်ဆိတ် လို့ နံမည်ပေးလိုက်တယ်။ မိုးစက် နဲ့ မုတ်ဆိတ် ပေါ့။ အဲဒီ မုတ်ဆိတ်လဲ ကြောင် အမ လေးပဲ။
အမေသာရှိရင် ကိုယ့်ကို ဘယ်လို ပြန်ပြောမယ် မသိ။
မိုးစက်တို့ မုတ်ဆိတ်တို့အဖွား ကို သနပ်ခါးပါးပါး နဲ့ ကြောင်လေးတွေကို ပေါင်ပေါ်တင်ရင်း စာဖတ်နေတာများ အိမ်မှာ မြင်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ လို့ စိတ်ကူးယဉ်မိပါသေးတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီလက အဖေ့ မွေးလမို့ အဖေ့ကို သတိတရနဲ့ အဖေ့ကဗျာလေးတွေ ဖတ်ဖြစ်နေတာမို့ ဒီကဗျာလေးတပုဒ်ကို သွားဖတ်မိတာပါ။ နိုဝင်ဘာ ၂၀၀၃ က ရေးထားတာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပေါ့လေ။
ဘ၀ဆိုတာ အမျိုးမျိုး ကြုံရ တွေ့ရတာပဲ။ အခုတလော ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို နောက်ပြန်လှည့်ကြည့်မိတဲ့ အချိန်တွေ ရှိတတ်တာမို့ အခု ခံစားရတာတွေနဲ့ တိုက်ဆိုင်သလိုရှိတဲ့ အဖေ့ကဗျာလေးတပုဒ်ကို မျှဝေချင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။
ဝလုံးလေးက စ ခဲ့တယ်
ဝလုံးလေးက စ ခဲ့တယ်။
ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ်။
ဝင်ခဲ့တဲ့ဘ၀ ထွေပြားစွ။
ည ည အခင်း ပပ၀င်း
လမင်းနဲ့လဲ ဆုံခဲ့တယ်။
ညအခါ
လ မသာ လ ပျောက်
ဍ္ဍ ရင်ကောက် ဎ ရေမှုတ်
အရုပ်ဆိုးဆိုးတွေလဲ တွေ့ခဲ့တယ်။
ကကြီး ခခွေး ငွေသူဌေး
စလုံး ဆလိမ် သုခမိန်
ချင့်ချင့်ချိန်ချိန် ရှိပါတယ်။
ဆူဆူပူပူ တ၀မ်းပူတွေလဲ အများကြီး။
ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ်။ ။
တင်မိုး
၁၊ ၁၁၊ ၂၀၀၃
အားလုံးကို ထားလို့ သွားရမဲ့ အချိန် မရောက်သေးသမျှတော့ ခရီးဆက်ရအုံးမှာပေါ့။
ခရီးလမ်း ကြမ်းသည်ဖြစ်စေ၊ ချောသည် ဖြစ်စေ တုံ့လှဲ့မေတ္တာနဲ့သာ အားပြုပြီး သွားချင်သူပါလေ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီမနက် အီးမေးလ်ဖွင့်ကြည့်တော့ အရင် သင့်ဘ၀မဂ္ဂဇင်းက အယ်ဒီတာ ဆရာမောင်သစ်ဆင်းဆီက နီကိုရဲအကြောင်း ရေးထားတဲ့ အီးမေးလ်တစောင် ရောက်နေပါတယ်။ စာထဲမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ပါတာမို့ ဆရာ့ကို ခွင့်တောင်းပြီး စာလာဖတ်သူများကို ပြန် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
ချိုသင်းရေ..
နီကိုရဲ ဆုံးတဲ့အကြောင်း နင့်ဆီက အီးမေး ရမှ သိရတယ်၊ သိရတာကလည်း မနေ့မနက် အိပ်ယာက အထ၊ အီးမေးဖွင့်ကြည့်မှ သိရတာပါ၊ နီကိုရဲ ဆုံးပြီလို့ ဖတ်လိုက်ရတာနဲ့ ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရ ပါတယ်၊ ဖြစ်လို့သာ ဖြစ်တာပါဟယ်၊ တကယ်တော့ ကြိုတင်စိုးရိမ်မိ ပြီးသားပါ၊ တာရာမင်းဝေ ဆုံးပြီ ဆိုကတည်းက နီကိုရဲ ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်၊ မအောင်မြင်ခဲ့ပါဘူး၊ သူ ဖုန်းမကိုင်ဘူး။
ဟုတ်ပါတယ်၊ သူဆုံးရတာ အရက်ကြောင့်ဖြစ်ဖို့ ပိုများပါတယ်၊ အဲဒါကြောင့်ပဲ ငါ့မှာ အပြစ်ရှိသလို ခံစားရတာပါ၊ ဘာကြောင့်လည်းဆိုတော့ သူ အရက်စသောက်ဖြစ်အောင် ဖန်တီးသူတွေထဲမှာ ကိုယ်က ပထမဖြစ်ခဲ့တယ်လို့ ခံစားမိလို့ပါ။
နင်ရဲ့ ဘလော့ထဲမှာလည်း ဖတ်ရပါတယ်၊ အယ်ဒီတာတွေကို ခင်မင်အောင် လဘက်ရည်တိုက်၊ အရက်တိုက်ခဲ့ပြီးပေါင်းခဲ့တယ် လို့ သူပြောခဲ့တယ်ဆိုတာ။ တခြား အယ်ဒီတာတွေတော့ မပြောတတ် ပါဘူးဟယ်။ အဲဒီတုန်းက ( နီကိုရဲ စာရေးခါစက ) ဟန်သစ်အယ်ဒီတာ ကိုတင်ကိုအောင် ကပဲ အမြဲလိုလို ညနေပိုင်း ဒကာတော် ဖြစ်လေ့ရှိခဲ့ပါတယ်။ တခါတခါတော့ ကိုခင်ဇော် ( ဆရာချစ်ဦးညိုရဲ့ ညီ ) ပေါ့၊ အဲဒီတုန်းက နီကိုရဲ က အမြည်းစားသူများ စာရင်းမှာ ပါခဲ့တာပေါ့၊ သူအရက် မသောက်တတ်သေးဘူး ချိုသင်းရ။
မောင်သစ်ဆင်းကလည်း အဲဒီတုန်းက အိမ်ထောင်ကျခါစ ရန်ကုန်ရောက်လာပြီး ဟန်သစ်မှာ ဝင်ကူ နေတုန်းပေါ့၊ ဝင်ကူတယ်ဆိုတာကလည်း စာမူဖတ်ရုံ၊ ထိန်းရုံ၊ စာပေစိစစ်ရေးက လဘက်ရည်သောက် ဖိတ်ကြား (ခေါ်ငေါက်တယ်ဆိုတာ နင်သိပြီးသားပါ) တဲ့အခါ ကိုခင်ဇော်နဲ့အတူ ခန့်ခန့်ကြီး သွား ရောက်ပြီး သူတို့ ဒါနမြောက်အောင်ကူညီခဲ့တဲ့ အဆင့်ပဲရှိပါတယ်။
အဲသလို ကူညီနေရင်းနဲ့ တစ်နေ့တော့ တာမွေလမ်းကျယ် ၁၃၅ လမ်းက ဟန်သစ်မဂ္ဂဇင်းရဲ့ ဘူတ နေရာ မဂ္ဂဇင်းတိုက်ကို ပုဂ္ဂိုလ်ကလေး တစ်ယောက်ရောက်ရှိလို့ လာပါတယ်။ ( နေဦး- ဘူတနေရာ လို့ပြောရတာက မူလနေရာမဟုတ်လို့ပါ၊ အဲဒီတုန်းက ဟန်သစ်မဂ္ဂဇင်းရဲ့ မူလနေရာဟာ ဘားလမ်း မွတ်စလင်ဆေးရုံအောက်က လဘက်ရည်ဆိုင်ဘေး လှေကားထစ်တွေပါပဲ။ အဲဒီနေရာမှာပဲ ညနေပိုင်း အချိန်တွေမှာ စာပေးစာယူ၊ သတင်းပေးသတင်းယူ၊ သရုပ်ဖေါ်ပုံအပေးအယူ စတဲ့ မဂ္ဂဇင်းတို့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ကြရတာပေါ့၊ ဒါ ဟန်သစ် တစ်ခုတည်းမဟုတ်ပါဘူး။ အဲဒီတုန်းက မဂ္ဂဇင်း အတော်များများ ဒီလိုပဲလုပ်ကိုင်ခဲ့ကြရတာ မဟုတ်လား၊ အခုတော့ မပြောတတ်ဘူးပေါ့ဟယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီဘားလမ်းက လှေကားထစ်တွေကို အခုထိ လွမ်းသေးသဟဲ့ ၊ တို့ နောက်ဆုံးလုပ်ခဲ့တဲ့ သင့်ဘဝမဂ္ဂဇင်းတောင် အဲဒီနေရာနဲ့ လွတ်ကင်းခဲ့တာမှ မဟုတ်ဘဲ နော )
အင်း --မြန်မာပြည်အကြောင်းပြောရင် ကွင်းစ ကွင်းပိတ်တွေနဲ့ ပြောနေရတော့တာပဲနော်။ ထားပါတော့ဟယ်၊ ဟန်သစ်ရဲ့ ဘူတနေရာကို အဲဒီသူငယ်ကလေး ရောက်လာတာက သူ့စာမူတွေ အခြေအနေ လာရောက်စုံစမ်းတာပါ။ ကလောင်နာမည်က နီကိုရဲ ဆိုပဲ၊ ငါလည်းတစ်ခါမှ မကြားဖူးဘူး။ ဟန်သစ်ကို သူပို့ခဲ့တဲ့ စာမူတွေက ငါ ဟန်သစ်ကို မရောက်ခင်ကတည်းက ဆိုပါတော့၊ ဒါနဲ့ စာမူအဟောင်းပုံတွေ ရှာဖွေ လှန်လှောကြည့်ပြန်တော့လည်း သူ့စာမူတွေကို မတွေ့မိဘူးဟဲ့ ၊ (အမှန်က ကိုတင်အောင်ဆီ ရောက်နေပြီး မသုံးသေးတာ) ဒါနဲ့ သူ့ကို နီးရာ လဘက်ရည်ဆိုင် ခေါ် သွားပြီး ( အချိန်တွေကလည်း များနေသဗျ - အဲဒီတုန်းက) အာရိုက်ရတာပေါ့လေ၊ အာရိုက်ရင်း နဲ့ ဒီသူငယ်ဟာ အတော်လေး အာဝဇွန်းကောင်းတယ်ဆိုတာ သတိပြုမိတယ်၊ နိစ္စဓူဝအကြောင်း လေးတွေကိုပဲ သူက စိတ်ဝင်စားအောင်ပြောတတ်တယ်၊
အဲဒီနောက် ကိုတင်ကိုအောင်နဲ့ စကားစပ်မိရင်း နီကိုရဲ အကြောင်းမေးမိတော့ သူက နီကိုရဲ ရဲ့ စာမူ တွေ ထုတ်ပြပါတယ်၊ ငါ ဖတ်ကြည့်တော့ ပြောပလောက်အောင်မဟုတ်ပါ (ငါ့အထင်)။ ဟိုတုန်းက ရှုမဝ (ချစ်ကိုယ်တွေ့) တွေမျိုးလောက်ပဲ ခံစားရပါတယ်၊ ဒါပေမဲ့ သူ့မှာရှိတဲ့ အရည်အချင်းက ဒိထက် မကဘူးလို့ ငါထင်နေတယ်။
တစ်နေ့တော့ ငါတို့ နိစ္စဓူဝ အပန်းဖြေရာ တာမွေက စခန်းတစ်နေရာကို သူ လိုက်လာပါတယ်။ လိုက်လာပေမဲ့ အရက်မသောက်ပါ။ ( မသောက်တတ်ရှာသေးပါ သို့မဟုတ် မသောက်သေးပါ။ ရှိသမျှ အမြည်းတွေ သူတစ်ယောက်တည်း ကုန်အောင်စားတဲ့အခါ ကိုတင်ကိုအောင်က ပြုံးပါတယ်။ ကိုခင်ဇော်က မျက်လုံးပြူးပါတယ်၊ ငါ ကတော့ ဒီသူငယ်ကို ဘယ်လိုရင့်ကျက်အောင်လုပ်ရပါ့မလဲ စဉ်းစားပါတယ် ( အမှန်က ကိုယ့်ထက် သူက လောကရေးရာမှာ ရင့်ကျက်နေပြီးမှန်း မသိခဲ့ပါ။ သူက အဲဒီအချိန်မှာ သင်္ကန်းကျွန်း မဝတ မှာ ရုံးစာရေးလုပ်နေပြီး တောင်ဒဂုံ အပြောင်းအရွှေ့ ကဏ္ဍရဲ့ ထိတ်လန့် သည်းဖို နဲ့ရင်နင့်စရာ အတွေ့အကြုံတွေကို လက်တွေ့မျက်တွေ့ ရင်ဆိုင်ခဲ့ရပြီးပြီ။ အဲဒါတွေချရေးထားဖို့ ပြောခဲ့ဖူးပါ တယ်၊ ရေးမယ်လို့ သူကတိပြုခဲ့ပါတယ်၊ ရေးပြီးမပြီးမသိပါ) အဲသလို သူလိုက်လိုက်လာရင်း နဲ့ သူက သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးကို ဖွင့်ဖွင့်ပြတတ်ပါတယ်၊ ထွန်းအိန္ဒြာဗို့ အရင် ရှစ်နှစ် လောက် စောပြီး ထုတ်လွှင့်ခဲ့တာပါ၊ သူရဲ့ ‘ရည်းစားဦး’ စီးရီး က အတော်ရယ်ရတယ်၊ သူက လွမ်းလွမ်းဆွေးဆွေးပြောနေလေလေ ရယ်ရလေလေပါပဲ။ တချို့ဟာတွေကတော့ သူ့ကိုယ်ပိုင် ထိုးဇာတ်တွေဖြစ်ဖို့များပါတယ်။
ချိုသင်းရေ.. ဒီနေရာမှာတစ်ခုဖြတ်ပြောပါရစေ၊ နိုင်ငံတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ ဆိုင်ရာ စစ်ဆေးချက်တွေအပြင် အက်ဆေး အနည်းဆုံးတစ်ပုဒ် တင်ရတယ်မဟုတ်လား။ အက်ဆေး သို့မဟုတ် ငါတို့သိကြတဲ့ စာစီစာကုံး ဆိုတာ သူတို့ဆီမှာကတော့ ရေးသူရဲ့ ပင်ကိုယ်ဗီဇအရည်အသွးကို အကဲဖြတ်တဲ့ အရာပါပဲ။ ဥပမာ ချိုသင်းက ကြောင်မလေးမိဖြူ အကြောင်း အက်ဆေးရေးတယ် ဆိုပါစို့၊ မြန်မာ ကျောင်းသားကျောင်းသူအများစု ရေးရိုးထုံးစံအရ ဆိုရင်တော့ - ကျမတွင် ကြောင်မလေး တစ်ကောင်ရှိပါသည်၊ သူ့အမည်မှာ မိဖြူဖြစ်ပါသည်၊ မိဖြူသည် ငါးကြော်ကို အလွန်ကြိုက်ပါသည်၊ ထို့ပြင် သူသည် ကြွက်ခုတ်ခြင်းဖြင့် ကျမတို့ မိသားစုကို ကူညီပါသည်၊ ကျမသည် မိဖြူကို အလွန် ချစ်ပါသည် --- စသည်ဖြင့် ရေးလေ့ရေးထ ရှိကြတယ် မဟုတ်လား၊ ဒီလိုအက်ဆေးဆိုတာတွေမျိုးမှာ ရေးသူရဲ့ ပုံရိပ်၊ ရေးသူရဲ့ ရှုထောင့်၊ ရေးသူရဲ့  အမြင်တွေကို မတွေ့ရသလောက်ပါ။
ဒါပေမဲ့ နိုင်ငံတကာ မှာကတော့ အက်ဆေးဆိုတာ ရေးသူကို ရှာဖွေကြည့်ရှုတာဖြစ်ပါတယ်။ ကြောင်မလေးမိဖြူအကြောင်း ရေးတယ်ဆိုရင် မိဖြူအကြောင်းထက် ရေးသူအကြောင်းကို ပိုပြီး စိတ်ဝင်စားတာပါ၊ ချိုသင်းရေးတဲ့ ကြောင်မလေးမိဖြူအကြောင်းကတဆင့် ချိုသင်းကို ကြည့်တာပါ၊ ချိုသင်းရဲ့ ရေးပုံရေးနည်း၊ တွေးထောင့်၊ မြင်ထောင့် က အစ စကားလုံး အသုံးအနှုန်း၊ ဝါကျဖွဲ့ပုံ တင်ပြပုံတွေကနေ ချိုသင်းရဲ့အဆင့်ကို လေ့လာ အကဲဖြတ်တာ ဖြစ်ပါတယ်။
ကိုယ်တို့စခန်းချတဲ့နေရာတွေကို ( ဒီလိုအသုံးအနှုန်းတွေအပေါ် နောက်လူငယ်များ အထင် မကြီးကြစေလိုပါ။ အလကားဟာတွေပါ လူငယ်တို့..။ မင်းတို့ရှေ့က လူတချို့ရဲ့ အမှားတွေပါ။ ဒီကနေ့ လူငယ်တွေ အထင်ကြီးလိမ့်မယ်ရယ်လို့လည်း မယူဆပါ ) နီကိုရဲ လိုက်ပါလာတတ်တဲ့အခါ သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးတွေ ဖွင့်ဖွင်ပြတဲ့အခါ သူ့ရဲ့ စီးရီးတွေထဲကနေ သူ့ကို လှမ်းလှမ်းမြင်ရလေ့ရှိပါတယ်။
တစ်နေ့တော့ အိပ်တန်း ပြန်ရောက်ကျတဲ့ ညတညမှာ ကိုတင်ကိုအောင်က ငါ့ကိုမေးတယ်၊ နီကိုရဲ ကို ဘယ်လိုမြင်သလဲပေါ့၊ တောက်မဲ့မီးခဲ တရဲရဲပါပဲ လို့ပဲ ချက်ချင်းပြောလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆရာက စာရေးတဲ့နေရာမှာသာမက တခြားနေရာတွေမှာပါ ရဲနေတော့တာကိုး။ ပထမ အရက် နည်းနည်းပါးပါး လိုက်သောက်လာတယ်၊ ကိုယ်တို့က မသောက်တတ်ဘဲနဲ့ လိုက်သောက်နေစရာ မလိုကြောင်း တားမြစ်ခဲ့ကြပေမဲ့ အရက်ဝိုင်းတို့ရဲ့ ထုံးစံအတိုင်း ဒီစကား အရာမထင်ခဲ့ပါ၊ နောက်ဆုံးမတော့ သူ့ကို တယောက်တည်း အရက်သောက်နည်းတောင် ငါက သူ့ကိုသင်ပေးမိခဲ့သဟဲ့ ချိုသင်းရဲ့..။
ရေးဖေါ်ရေးဖက်ချင်းအနေနဲ့ရော အယ်ဒီတာ ( ဒီဝေါဟာရ နဲ့ ငါနဲ့ ထိုက်တန်တယ်လို့ကို အခုထိ မထင်မိပါ) တစ်ယောက်အနေနဲ့ပါ နီကိုရဲ ကို ငါအများကြီး မျှော်လင့်ခဲ့ဖူးပါတယ်။ အနုပညာမှာ ဟာသရသ ဟာ သိပ်ခက်တယ် မဟုတ်လား၊ ဟာသစာရေးဆရာဆိုတာ တခေတ်တယောက် ပေါ်ပေါက်ဖို့ မလွယ်ပါ၊ အဲဒီထဲမှာမှ ခေတ်စနစ်ရဲ့ အခြေအနေကို သရော်လှောင်ပြောင်တတ်ဖို့က ပိုခက်ပါတယ်၊ အခက်ဆုံးကတော့ လူ့ရဲ့စရိုက်တွေ၊ သဘော သဘာဝတွေကို သရော်လှောင်ပြောင်နိုင်တဲ့ ဟာသအရေးအသားဟာ အခက်ခဲဆုံးပါ၊ နီကိုရဲ ကို အဲသလောက်အထိ မျှော်လင့်ခဲ့ဖူးပါတယ်၊ ဒါကိုလည်း သူ သဘောပေါက်တယ် ထင်ပါတယ်၊ သူ့ရဲ့နောက်ပိုင်းအရေးအသားတွေမှာ အဲဒီဘက်ကို တိမ်းညွတ် လာသလားပဲ။
နီကိုရဲအတွက် နင့်ရဲ့လွမ်းစာ၊ ဆရာမ မေငြိမ်းရဲ့ လွမ်းစာတွေ ဖတ်ရပါတယ်။ နင်တို့နဲ့အတူ ကြေကွဲရပါတယ်။ ငါကတော့ လွမ်းစာတွေ မရေးချင်ဘူးဟယ်။ တမ်းစာ တွေပဲ ရေးချင်ပါတယ်။ သွားလေသူ ဆရာ့ဆရာတွေရဲ့ အရည်အသွေးတွေ၊ တန်ဖိုးတွေကို စနစ်တကျ ဖေါ်ကျူးတဲ့ တမ်းစာမျိုးတွေပေါ့။ ဒါပေမဲ့ အဲသလို တမ်းစာ မျိုး ပီပီပြင်ပြင် ရေးနိုင်လောက်အောင်ကလည်း ကိုယ့်မှာ ဝမ်းစာ က မရှိဘူးဟဲ့၊ ဒီတော့ နင့်ဆီကိုပဲ နီကိုရဲ နဲ့ ပတ်သက်ပြီး ကွမ်းစာ ရေးလိုက်ရပါတယ်။ ကွမ်းစာ ဆိုတဲ့အတိုင်း ကွမ်းဝါးပြီးပြောတာ ဆိုတော့ ဗလုံးဗထွေးပေါ့ ဟယ်။ ငါလည်း အခုတော့ ကွမ်းဝါးနေပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ကွမ်းက ဈေးကြီး သဟဲ့။
သိပ်မကြာခင်မှာ ကာတွန်းအော်ပီကျယ်၊ ဝင်းအောင်၊ ဇော်မောင်၊ စောမင်းဝေ၊ စိုးသော်တာ တို့အတွက် လွမ်းစာတွေ မရေးပါရစေနဲ့လို့ ဆုတောင်းရမှာပဲ။
ဘာပဲဖြစ်ဖြစ် မြန်မာဟာသစာပေမှာ နီကိုရဲဟာ အချိန်တိုတောင်းသော်ငြားလည်း တစုံတရာသော မှတ်တိုင်တခုကိုတော့ စိုက်နိုင်ခဲ့တယ်လို့ ငါတော့ထင်တာပဲ။ ခက်ခဲလှတဲ့ ဟာသအနုပညာကို ရေးဖွဲ့ခဲ့ကြတဲ့ မြန်မာဟာသစာရေးဆရာကြီးတွေကို ပူဇော်ချင်ပါတယ်။
မြန်မာမှာ ပူဇော်ခြင်း (၃)မျိုးရှိပါတယ်။ ဝေယျာဝစဏနဲ့ပူဇော်တာ၊ ဆုတောင်းပူဇော်တာ၊ အလုပ်နဲ့ ပူဇော် တာတဲ့၊ ငါတော့ မြန်မာဟာသစာပေကို လေ့လာခြင်းဆိုတဲ့ အလုပ်နဲ့ ပူဇော်ချင်ပါတယ်။
ဒါပေမဲ့ ချိုသင်းရေ.. ဟာသကိုခံစားတဲ့အခါ အူနှိပ်နေရအောင် ရယ်မောရတတ်ပေမဲ့ ဟာသကို လေ့လာတဲ့အခါမတော့ မရယ်ရတော့ဘူးဟဲ့၊ ဒီတော့ အရယ်သန်လှတဲ့ ချိုသင်းကြိုက်မှာ မဟုတ်တဲ့အတွက် ငါလည်း မပူဇော်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတာဝန်ကို ကိုအော်ပီကျယ်က ဆက်လက် တာဝန်ယူမယ်လို့ လွန်ခဲ့တဲ့ ၁ဝ နှစ်က တာမွေအဝိုင်းမှာ တရားဝင်ပြောကြားခဲ့ပါတယ်။ ဒီတော့ နီကိုရဲ ရဲ့ ဦးခေါင်း (အဲ ယောင်လို့) ဂမ္ဘီရ လက်ချောင်းတွေကို ကိုအော်ပီကျယ် ဆီကိုသာ လွှဲလိုက်ပါတော့ ချိုသင်း နဲ့ ဆရာမမေငြိမ်းတို့ရေ..။
မောင်သစ်ဆင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
နီကိုရဲရေ..
နင်ဆုံးပြီ တဲ့။ အံ့သြလိုက်တာ။ နောက်ပြီး စိတ်မကောင်းလိုက်တာ။
ဟုတ်မှ ဟုတ်ရဲ့လား၊ ဟုတ်လို့လား လို့ တတွတ်တွတ် ရွတ်နေမိတယ်။
ဟိုတနေ့ကပဲ သူငယ်ချင်း ကိုလူထွေး ပို့ပေးလို့ နင်ရေးတဲ့ ဈေးသည် အလွဲများ e book လေး ဖတ်နေမိ သေးတယ်။ အဲဒီမှာ နင့်စတိုင်အတိုင်း ရေးထားတာ ဖတ်ပြီး တချိန်လုံး ပြုံးနေမိတာ။
ဟိုးအရင်က နင်နဲ့ စ သိခဲ့တဲ့ ၁၉၉၀ ကျော် နေ့တွေကို သတိရသွားတယ်။ နင့်ကို စာပေလောကထဲမှာ တွေ့တွေ့ဖူးနေတာ ကြာပြီ။ မိန်းကလေးတွေကြားထဲ စကားပြော၊ ခင်မင်နေလို့ သိနေတာ။ ဒါပေမဲ့ နင်က အဲဒီတုန်းက ဟာသတွေ မရေးသေးဘူး။ အတည်ပေါက်ကြီးတွေ ရေးနေတာ။ တနေ့ ဟန်သစ်မှာ နီကိုရဲ ရဲ့ အခန်းဆက်ဝတ္ထုတွေ ရီရလွန်းလို့ ငါ့ဆရာ ဆရာမောင်သစ်ဆင်းကို နီကိုရဲဆိုတာ ဘယ်သူလဲ လို့ မေးမိတယ်။ ဆရာက ငါ့ကို “နင်သူ့ကို သိပါတယ်” တဲ့။ ဘားလမ်း လက်ဖက်ရည်ဆိုင်မှာ၊ လေထန်ကုန်းမှာ အမြဲတွေ့နေတဲ့ တယောက်ဟာလေ တဲ့။ ငါက နင့်ကို လူနဲ့ နံမည်နဲ့ မတွဲမိဘူး။
တနေ့တော့ ဘားလမ်းမှာ နင့်ကို တွေ့တယ်။ ထုံးစံအတိုင်း လူကောင်သေးသေးမှာ အကျီ င်္ကြီးက အကြီးကြီး၊ ဖရိုဖရဲ။ လွယ်အိတ်အကြီးကြီးကိုလဲ ထုံးထားသေးတယ်။ ပုဆိုးက တိုတိုနဲ့။ ငါနဲ့ နင်နဲ့ စကားပြော နှုတ်ဆက်နေတော့ ဆရာက ငါ့ကို “အဲဒါ နီကိုရဲ ပဲလေ” တဲ့။ ငါ့မှာ အံ့သြလိုက်တာ၊ “နင်က နီကိုရဲ ဟုတ်လား၊ နင်က နီကိုရဲ ဆိုတာ တကယ်ပဲလား” ငါ အဲဒီလို ပြောပြောပြီး ရီတော့ နင်က “အေးလေ၊ ငါ နီကိုရဲ လေ၊ နင်နဲ့သိနေတာပဲ ဒီလောက်ကြာပြီ၊ နင်က ငါ့နံမည် မသိဘူးလား” တဲ့။ ငါ့မှာ ရီလိုက်ရတာ။ ပြီးတော့ ပြောခဲ့တယ်။ “နင့် ဟာသ ၀တ္ထုတွေ ငါ သိပ်ကြိုက်တယ်”လို့။ နင်ပြုံးနေတာ အကြာကြီး။
အဲဒီတုန်းက နင်က ဟာသလိုင်းဖက် ရေးဖြစ်သွားရတဲ့ တရားခံကို ငါ့ကို ပြောပြတယ်လေ။ အဲဒီတုန်းက နင်က နင့်စာမူလေးတွေ ပို့ဖို့ ကြိုးစားနေတာ တဲ့၊ (အခုလို လျှမ်းလျှမ်းမတောက်သေးဘူးပေါ့ဟယ်။) အယ်ဒီတာမင်းများကို (နင့်စကားအတိုင်း ပြန်ပြောရရင်) အရက်တိုက်၊ လက်ဖက်ရည်တိုက် နဲ့ ခင်အောင် လုပ်နေတာ တဲ့။ အဲဒီနေ့ ညနေက ဟန်သစ်က ကိုတင်ကိုအောင် ရယ် ဆရာ မောင်သစ်ဆင်းရယ် နင်ရယ် ၀ိုင်းကြတော့ နင်က နင်နဲ့ မကြည်ပြာ (အဲဒီတုန်းကတော့ တခြားနံမည်ပါ) အကြောင်းတွေ ပြောပြတာ သူတို့လဲ ရီရလွန်းလို့ အရက်မူးတွေ ပြေကုန်တယ် တဲ့။ ဒါနဲ့ အဲဒီအကြောင်းတွေ ရေးပေတော့၊ အဲဒါရေးမှသာ စာမူထည့်မယ်လို့ နင့်ကို အကြပ်ကိုင်လို့ ညတွင်းချင်းရေးပြီး ဟန်သစ်ကို နင် စာမူပို့ခဲ့တယ် လို့ ပြောပြတယ်။
အဲဒီ အယ်ဒီတာမင်းများဟာ နင့်ရဲ့ အားသာချက်ကို တကယ်ပဲ ဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ငါတို့ နင့်စာတွေကြောင့် ပျော်ရွှင်ရယ်မောနိုင်ခဲ့တာပေါ့။ အဲဒီအတွက် ကျေးဇူးပဲ သူငယ်ချင်း။
နောက်တော့ နင့်ဝတ္ထုတွေ ရုပ်ရှင် ရိုက်တာ၊ နင် ဇာတ်ညွှန်းတွေ ရေးတာ၊ နင် အိမ်ထောင်ကျတာတွေကို ငါ အဝေးကနေပဲ ကြားတယ်။ ငါတို့ အခင်မင် အရင်းနှီးဆုံးတွေ မဟုတ်ခဲ့ပေမဲ့ ငါ နင့်ကို မမေ့နိုင်ပါဘူး။ အထူးသဖြင့် ဒန့်ဒလွန်သီးတွေ တွေ့ရင် ဒန့်ဒလွန်သီးလို နင့်လက်ချောင်းညိုပုတ်ပုတ်တွေကို ငါ သတိရမိတယ်။ လူက လူဖလံလေး၊ လက်က ဒန့်ဒလွန်သီးလက်လို ဖောင်းကား ညိုပုပ်နေတာ ဘာဖြစ်လို့လဲ လို့ တအံ့တသြ ငါ မေးမိတော့ ငါ့ နှလုံး မကောင်းဘူးဟ တဲ့။ နင်က ပေါ့ပေါ့ပဲ ပြောပြလိုက်တာ။ ငါ့စိတ်ထဲ စိတ်မကောင်းလိုက်တာ။
အခု ဘာကြောင့် ဆုံးမှန်း ငါ မသိရသေးပေမဲ့ အခုလောက် မြန်လိမ့်မယ် လို့ မထင်မိဘူးဟာ။ ဒီစာကို ငါ သတင်းဖတ်ပြီးပြီးချင်း ရေးလိုက်တာပါ။ စိတ်မကောင်းဘူး ဆိုတာကလွဲရင် ဘာပြောရမယ်မှန်း မသိတော့လို့ပါ။ ငါ အခုကြားတဲ့သတင်း မှားပါစေ၊ ထုံးစံလိုပဲ အလွဲတွေ ကြုံနေကျ နင့်မှာ သေမင်းနဲ့လဲ လွဲပါစေလို့ ငါ ဆုတောင်းမိပါတယ် သူငယ်ချင်းရယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...