မီးခိုးကြွက်လျှောက်

ဒီနေ့ စာမရေးခင် သတင်းတွေ ထုံးစံအတိုင်း လျှောက်ဖတ်နေတာ။ ဖတ်ရင်းနဲ့ ဖတ်သမျှသတင်းက အကြောင်းအရာ တခုတည်းပေါ်မှာပဲ အခြေခံတယ်လို့ ထင်လာမိတယ်။ အထဲက အကြောင်းအရာတွေကို အသာထားလို့ ခေါင်းစဉ်လေးတွေကိုပဲ ကြည့်ပါအုံးလေ..

အရှင်ဂမ္ဘီရကို အမှုကြီး ၁၆မှုဖြင့် တရားစွဲထား..တဲ့။ မေတ္တာပို့ လမ်းလျှောက်တဲ့ ဘုန်းဘုန်းကို ဘာကြောင့်များ ဧရာမအမှုကြီးတွေ တပ်ရတာပါလိမ့်..။
လူဆိုးသူဆိုးများကိုသာ ဖမ်းရန်အကြောင်းရှိသည်၊ သတင်းထောက်များကို မဖမ်းပါနှင့်..တဲ့။ အဲဒီသတင်းက သတင်းထောက် တယောက်ကို ဖမ်းတဲ့အကြောင်း ရေးထားတာ..။
အင်တာနက်ကို အမိန့်အာဏာနဲ့ ပိတ်လို့ရမည် မဟုတ်.. တဲ့။ ဒီသတင်းက အင်တာနက်တွေ ပိတ်ဆို့လို့ ထွက်လာရတဲ့ သတင်းတပုဒ်..။

ဒါနဲ့ ဘာရယ်မဟုတ်ဘူး၊ ကိုယ်ငယ်ငယ်က ရေးဖြစ်ခဲ့တဲ့ ၀တ္တုတပုဒ်ကို သတိရတာနဲ့ ပို့စ်တင်ချင်စိတ် ပေါက်လာလို့ တင်ပေးလိုက်ပါတယ်။ ၀တ္ထုနံမည်က မီးခိုးကြွက်လျှောက် တဲ့။ ၁၉၉၃၊ ဇွန်လ၊ မြားနတ်မောင် မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ဆိုင်မဆိုင်တော့ မသိဘူးလေ..။
ဖတ်ကြည့်ကြပါအုံး။ လွန်ခဲ့တဲ့ ၁၅နှစ်က လက်ရာပါ။


မီးခိုးကြွက်လျှောက်

ကျနော်က ဦးဘသာရဲ့ ဒရိုင်ဗာ ကိုစံအေးပါ။ လွန်ခဲ့တဲ့ တနှစ်လောက်က စပြီး ဒီမှာ အလုပ်ဝင်ပါတယ်။ ကျနော် ဒီမှာလုပ်ရတာ ပျော်လား၊ ဟုတ်လား။ အင်း..ဘယ်လို ပြောရမှန်းတောင် ကျနော်မသိဘူး။ ဒါပေမဲ့ ဒီလို အလုပ်ရှင်မျိုး တခါမှ မတွေ့ဖူးတာတော့ အမှန်ပဲဗျ။

ခင်ဗျားတို့သိချင်ရင် ကျနော်ပြောပြဖို့ ၀န်မလေးပါဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး။ သူ လခ ကောင်းကောင်းပေးပါတယ်။ အဲဒီအတွက် ကျနော် စိတ်မဘစ်ပါဘူး။ ကျနော်စိတ်ညစ်ရတာက တခြားဗျ။ အဲ- အဲ..အခုကိစ္စပေါ့လေ။ အခုဖြစ်သွားတဲ့ ကိစ္စကြောင့် စိတ်ညစ်ရတာ။

ပထမဆုံး ကျနော်အလုပ်စ၀င်တဲ့ အကြောင်းလေး ပြောပြမယ်နော်။ တွေ့ဆုံပုံလေးက တကယ်သင်းတယ်။ ကျနော့်ကို ဦးဘသာရဲ့ မိတ်ဆွေ ကျနော့်ဆရာ ဦးထွန်းအေးက တဆင့် ဒီမှာ အလုပ်ဝင်ဖို့ လွှတ်ပေးလိုက်တာပါ။ ဆရာက ဦးဘသာအကြောင်း ဘာမှ ကျနော့်ကို မပြောဘူးဗျ။ သူနဲ့သိပ်ခင်တဲ့ သူငယ်ချင်းမို့ အဆင်ပြေအောင်နေဖို့ပဲ ပြောတယ်။ ဒါနဲ့ ကျနော် ဦးဘသာအိမ် ရောက်သွားတယ် ဆိုပါတော့။

ကျနော် သူ့အိမ်ကို မနက်စောစောပိုင်းမှာ ရောက်သွားသွားချင်း ဦးဘသာလို့ ထင်ရတဲ့သူကို ဧည့်ခန်းမှာ တွေ့ရတယ်။ ကံဆိုးချင်တော့ ဒေါသ အကြီးအကျယ် ပွနေချိန်ဗျ။ တအိမ်လုံး သူ့အသံတသံပဲ ဟိန်းနေတယ်။ အိမ်ဖော်အဒေါ်ကြီးကလဲ အရွယ်နဲ့ မလိုက်အောင် ကြောက်နေတယ်။ ကျန်တဲ့ အလုပ်သမားတွေကလဲ တန်းစီပြီး ခေါင်းငုံ့နေကြတယ်။ တကယ့် ပြဿနာပေါ့။ ပြဿနာဖြစ်တဲ့ မနက်ကြီးမှာမှ ကျနော်က ရောက်သွားမိတာ။

ဟာ ဖြစ်ပါ့မလား။ ကျနော်လဲ ပြန်လှည့်မယ် စိတ်ကူးတော့ ကျနော့် ကုတ်ချောင်းချောင်းပုံကို ဦးဘသာ မြင်သွားတယ် ထင်ပါတယ်။ “ခင်ဗျား ဘယ်သူလဲ၊ ဘယ်သူနဲ့ တွေ့ချင်လို့လဲ” တဲ့။ လှမ်းမေးတယ်။ ကျနော်က ဆရာဦးထွန်းအေးက လွှတ်လိုက်တဲ့အကြောင်း ဒီအိမ်မှာ ဒရိုင်ဗာလုပ်ဖို့ လာတဲ့အကြောင်း တရိုတသေပဲ ပြန်ပြောပြလိုက်ပါတယ်။

ဒီတော့မှ သူက ပြုံးတယ်ဗျ။ သူ့အပြုံးက နှစ်ခါပြန်ကြည့်ဖို့ မပြောနဲ့ တခါတည်းတောင် စိတ်ကုန်ချင်စရာကောင်းတဲ့ စပ်ဖြဲဖြဲ အီလည်လည် အပြုံးမျိုး။ အတော်ပဲ တဲ့။ တခါတည်း ပြောထားရမယ် တဲ့။ ခင်ဗျားက လူသစ်ဆိုတော့သိသေးမှာ မဟုတ်ဘူး တဲ့။ သူတို့ကို ကျနော် ဆူနေတာ ဘာကြောင့်လဲ ခင်ဗျား သိလား တဲ့။

ကျနော်ဘယ်မှာလာပြီး သိနိုင်မှာလဲ ခင်ဗျာလို့ ပြန်ပြောတော့ သူက တခါတည်း ဒေါသတကြီးပုံ ပြန်ဖြစ်သွားပြီး ဟောဒီ မီးခလုတ်ကို ဖွင့်ပြီး လျှောက်သွားနေလို့ တဲ့ဗျ။ အောင်မလေးဗျာ။ သူ့ကိစ္စက တကယ့် ရေးကြီးခွင်ကျယ်ပါလား။ မီးပေါ့ဆရင် အန္တရာယ် ဖြစ်စေမှန်း ကျနော်သိပေမဲ့ ဒီလောက် အချိန်လေးအတွင်းမှာတော့ ဒုက္ခရောက်မသွားနိုင်ဘူး လို့ ကျနော်ထင်ပါတယ်လေ။ အဲဒီကတည်းက ကျနော်ရိပ်မိသွားခဲ့ပါတယ်။ ကျနော်ဟာ ဂွကျကျ ကပ်သီးကပ်သပ် လူတယောက်ဆီမှာ အလုပ်ဝင်ရတော့မှာပါလား လို့ပေါ့။

ဦးဘသာရဲ့ အိမ်က တကယ့်ကို ခမ်းနားကြီးကျယ်ပါတယ်။ အဆောင်ဆောင် အခန်းခန်း တွေနဲ့ပါ။ ရှိုးကေ့စ်ထဲမှာလဲ ကျနော်တခါမှ မမြင်ဖူးတဲ့ ပစ္စည်းပစ္စယတွေ၊ အရုပ်သေးသေးလေးတွေ၊ ပန်းကန်လုံး ဆိုက်ဇ်စုံတွေနဲ့ သိပ်လှတာပဲ။ လှပေ့ဆိုတဲ့ ပန်းချီကားတွေဆိုတာ အခန်းတိုင်းမှာ။ ဒါတွေဟာ သူဆင်ထားတာ မဟုတ်ဘူးလို့ ကျနော် သိရတယ်။ တအိမ်လုံး လှပအောင်၊ အနုပညာဆန်အောင် လူအထင်ကြီးစရာ ဖြစ်အောင် အခကြေးငွေနဲ့ ငှားပြီး ပြင်ဆင်စေတာဆိုပဲ။ တကယ်တော့ သူဟာ ဒီပစ္စည်းတွေနဲ့ အဝေးကြီးမှာ တဲ့။ သူစိတ်ဝင်စားတာ ဒါတွေ မဟုတ်ဘူး တဲ့လေ။ ဘယ်လောက် အံ့သြဖို့ ကောင်းလဲ။

နောက်ပြီး ကျနော့်ကို အိမ်ဖော် ဒေါ်ခင်ကြီး ပြောပြထားတာ ရှိသေးတယ်။ ဦးဘသာဟာ သိပ်ချမ်းသာတာပဲ တဲ့။ ဒါတောင် ဒီတအိမ်တည်း ပိုင်တာ မဟုတ်ဘူး တဲ့။ ချမ်းသာတဲ့သူများ တကယ်ချမ်းသာရင် လိုက်မမီဘူးနော်။ မန္တလေးနဲ့ တောင်ကြီးမှာလည်း အိမ်တွေ ရှိသေးတယ်လို့ ပြောတယ်။ ဘာနဲ့ ဒီလောက်ချမ်းသာနေမှန်း ကျနော် သိဖို့ မလိုသလို ကျနော်ကလဲ မစပ်စုတတ်ပါဘူး။ ဒါပေမဲ့ ကျနော် မစပ်စုဘဲ မနေနိုင်လောက်အောင် ကလိကလိ နဲ့ အသည်းယားရတဲ့ ကိစ္စတခုတော့ရှိတယ်။ အဲဒါကတော့ မီးကြိုးတွေ၊ မီးခလုတ်တွေပါပဲ။

ဒီအိမ်ကြီးမှာ အထူးခြားဆုံးက မီးခလုတ်တွေပဲဗျ။ ဦးဘသာအိမ်က မီးခလုတ်မျိုး နောင်ဘ၀တွေမှာ မဖြစ်ပါရစေနဲ့လို့ ကျနော်တော့ ဆုတောင်းမိပါရဲ့။ တကယ်ပါ။ ခင်ဗျား မြင်ရင် ကျနော်ပြောတာ မလွန်ဘူးဆိုတာ သေချာသွားမယ်။

မီးမလုတ်တွေဟာ တကယ့်ကို မွန်းကြပ်ပြီး ပုံပန်း မကျမန ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပလာစတာတွေနဲ့ အထပ်ထပ်ကိုင်ထားလို့လေ။ မီးခလုတ်တွေတောင် မပီသရှာပါဘူးဗျာ။ အဲဒါ ဘာဖြစ်လို့လဲ ခင်ဗျား သိချင်သေးလား။ ဦးဘသာစကားအတိုင်း ကျနော်ပြောရရင် “ရှော့ခ် ဖြစ်မယ်ဗျ၊ ရှော့ခ် ဖြစ်မယ်။ ခင်ဗျား ဘယ်လောက်နားလည်လို့လဲ” တဲ့လေ။ ဟဲ..ဟဲ။

“ခင်ဗျားတို့ မီးခလုတ်တွေ၊ မီးကြိုးတွေ ငြိမ်နေလို့ အထင်သွားမသေးရဘူး။ သူတို့က အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ သေစေလောက်အောင် မီးခိုးကြွက်လျှောက် ဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေဗျ။ ခင်ဗျားတို့ မီးကြိုးတွေကို ကျုပ်တယောက်တည်း ကြည့်လို့ လုံလောက်ပြီ မထင်နဲ့။ ဒီအိမ်မှာ အလုပ်လုပ်တဲ့ လူတိုင်း မီးခလုတ်တွေကို ဂရုစိုက်ရမယ်။ မီးဖွင့်မယ်ကြံရင် အနားမှာရှိတဲ့ အ၀တ်နဲ့ ကိုင်ဖွင့်၊ အ၀တ်နဲ့ပိတ်၊ ဒါပဲ။ ဒီလိုမှမလုပ်လို့ ဓာတ်လိုက်ပြီး ရှော့ခ်ဖြစ်ရင် တအိမ်လုံး မီးခိုးကြွက်လျှောက် ဒုက္ခရောက်မယ်။ ကျုပ်ပစ္စည်းတွေ ဆုံးရှုံးမယ်။ ပြီးတော့ မီးပေါ့ဆမှုနဲ့ အိမ်ရှင်ဖြစ်တဲ့ ကျုပ်က ထောင်ကျမယ်။ ကဲ ကောင်းကြသေးရဲ့လား။”

သိပ်ကောင်းပါတယ်လို့ ကျနော် ပြန်ပြောချင်စိတ်ကို မနက်တိုင်း ထိန်းချုပ်ရတာ တကယ်ကို ပင်ပန်းပါတယ်ဗျာ။ ဒီလက်ချာဟာ တနေ့လည်း မဟုတ်ဘူး။ နေ့တိုင်း။ နေ့တိုင်းတောင် မနက်တိုင်း မကဘူး။ ရုံးသွားရုံးပြန် အားရင် အားသလို ပွစိပွစိ။

သူ့မှာ ဒီစကားပဲ ပြောစရာ ရှိပုံမျိုးပါ။ တနေ့တနေ့ တအိမ်လုံးရဲ့ မီးကြိုးတွေကို လိုက်စစ်နေရတာ သူ့မှာ အမော။ ဘယ်နေရာမှာ ပေါက်ပြဲနေပြီလဲ။ ဘယ်နေရာမှာ ပလာစတာ ကွာနေပြီလဲ။ ဘယ်ကလာ..ခင်ဗျားကလဲ။ မီးကြိုးတွေက သူ့ဖာသာသူနေတဲ့ ဥစ္စာ။ ဒီအိမ်မှာ လက်ဆော့တဲ့ကလေးလဲ မရှိဘူး။ ကုန်ကုန်ပြောရရင် မီးကြိုးကိုက်မဲ့ ကြွက်တောင် မရှိဘူး။ အလကား သူ့ဖာသာသူ အကြောက်ကြီးနေတာ။ တွေးကြောက်နေတာ။ ဟိုကဖြင့် အနေသာကြီး။

တခါကများ ပြောရရင် ရီချင်တယ်။ ကျနော်က ဦးဘသာကို ရုံးပို့ပြီးအပြန် မီးဖိုချောင်ထဲ တိတ်တိတ်လေး ၀င်လာတော့ ဒေါ်ခင်ကြီးက မိပုကို ပြောနေတယ်။ “ညက တချွတ်ချွတ်နဲ့ အသံကြားတော့ ချက်ချင်း မကြည့်ရဲဘူး။ သူခိုးကပ်တယ် အောက်မေ့တာ။ ဒါနဲ့ ချောင်းဟန့်ကြည့်တော့လဲ တချွတ်ချွတ်အသံက ပျောက်မသွားဘူး။ နောက်ဆုံးတော့ ငါလည်း တံခါးပေါက်က ချောင်းကြည့်လိုက်တော့ လား လား ဘယ်သူထင်သလဲဟေ့ မိပု” (မိပုရော ဒေါ်ခင်ကြီးပါ ကြိုသိထားတဲ့အလား တခွိခွိရယ်နေကြတယ်)

“ဘယ်သူရှိရမလဲ၊ အကြောက်ကြီး လေ။ (ဦးဘသာကို ကွယ်ရာမှာ အလုပ်သမားတွေက ဒီလိုပဲ ခေါ်ကြတယ်။) ဘာလုပ်နေတာလဲ သိလား။ မီးခလုတ်တွေတင် မကဘူး။ အခု မီးကြိုးတွေပါ ညသန်းခေါင် ပလာစတာ လိုက်ကပ်နေတာဟေ့။” သူတို့ပြောမှ ကျနော်လဲ မီးကြိုးတွေ မော့ကြည့်မိတော့ ပလာစတာ အနီအ၀ါလေးတွေနဲ့ တွေ့ရတာကိုး။ သူတို့က အတောမသတ်နိုင်အောင် ရယ်နေကြတော့ ကျနော်လည်း ပုန်းနေရာကနေ ဟိတ် ဆိုပြီး ခြောက်လိုက်တာပေါ့။ နှစ်ယောက်စလုံး အကြောက်ကြီး..အဲလေ..ဦးဘသာထင်လို့ လန့်သွားကြတာ ဒေါ်ခင်ကြီးဆို ကြောက်သေးတောင် ပါချတယ်.. ကဲ။

တကယ်တော့ ကျနော်တို့ အဲဒီကတည်းက ဆရာဝန်တွေ ဘာတွေနဲ့ တိုင်ပင်ဖို့ ကောင်းမှန်း သိပါတယ်ဗျာ။ ဒါပေမဲ့ အခြေအနေက ခင်ဗျားပဲ စဉ်းစားကြည့်လေ။ သူက အိမ်ရှင်၊ အလုပ်ရှင်။ ကျနော်တို့က အလုပ်သမား။ ဖြစ်မလားဗျ။ ကျနောတို့ ကိုယ်တိုင်က သူလို အလုပ်ရှင်အောက်မှာ လုပ်နေရတာ ရှေးဘ၀ ၀ဋ်ကြွေးလို့ပဲ အောက်မေ့လိုက်ပါတယ်လေ။

ကျနော်တို့ အလုပ်မဆင်းရဲပါဘူး။ ဦးဘသာက တယောက်တည်း သမားလေ။ ဒါပေမဲ့ စိတ်ဆင်းရဲရတယ်။ စကားမစပ်သူက အပျော်အပါးတော့ အတော်လေး လိုက်စားတဲ့သူနော်။ ကျနော်က သူ့ဒရိုင်ဗာမို့ တခြားအလုပ်သမားတွေထက် ဒီအကြောင်းပိုသိတယ်။ ဒီလို စည်းစိမ်လေးတွေ လိုချင်လို့လဲ တကိုယ်တည်းနေသလားမှ မသိနိုင်ဘဲ။ နောက်ပြီး ဒီလောက်ချမ်းသာနေတာတောင် မကျေနပ်နိုင်ဘဲ ထပ်ထပ်ကြံဖန်နေတာကတော့ သူ့လောဘ မီးနဲ့ တူပါတယ်ဗျာ။ ကျနော်နဲ့ သိပ်မဆိုင်လှပါဘူး။

ကျနော်လည်း ကျနော့်ဆရာ ဦးထွန်းအေးမျက်နှာနဲ့ ကြိတ်မှိတ်ပြီး နေခဲ့ပါတယ်။ တအိမ်လုံး မီးခလုတ်တွေတင်မကဘဲ မီးကြိုးတွေပါ လူနာတွေလို ပလာစတာနဲ့ ဖြစ်ကုန်တော့ သူအကြောက်ကြီးမှုဟာ ကျနော်တို့အပေါ် တော်တော် ထိခိုက်နေတယ်ဗျာ။ အိမ်ကြီးမှာနေရတာ လူမချမ်းသာ၊ စိတ်လည်း မချမ်းသာနဲ့ပါလား။ သူများလည်း ဒီလိုပဲ နေနေကြတာပဲ။ သာမန်ပေါ့ဗျ။ ဒီလောက် အပြင်းအထန် ရှော့ခ်ဖြစ်မှာ ကြောက်နေဖို့ မလိုဘူးလေ။ သူကပြောတော့..ဘာတဲ့၊ တနေရာက စဖြစ်ရင် အကုန်လုံး မီးခိုးကြွက်လျှောက် တဲ့။ အခုတော့ ရှော့ခ် ဆိုတဲ့စကားကို သူ့စိတ်မလုံခြုံတိုင်း ကျနော်တို့ ကြားနေရတာပဲ။

အခုဖြစ်ပုံက ဒီလိုပါ။ ကျနော်လဲ သူ့အနားမှာ ရှိနေချိန်ပါ။ သူခိုင်းဖို့ ကျနော့်ကို ခေါ်ထားပါတယ်။ သူက ကျနော့်ကို စကားလှမ်းပြောရင်း ဗီဒီယို ခလုတ်ကို သွားဖွင့်လိုက်တယ်ဗျ။ အဲဒီမှာ ပြဿနာက စ တာပဲ။ ဟင့်အင်း..၊ သူစိုးရိမ်နေတဲ့ မီးကြိုးတွေ မီးခလုတ်တွေက မဟုတ်ပါဘူး။ သူဘယ်လိုမှ မျှော်လင့်မထားတဲ့ တီဗီအနောက်ဖက်ကပါ။

ပထမ မီးပွားတွေ ဖြောင်း ဖြောင်းဆိုပြီး နှစ်ချက်ဆင့် ပွင့်ထွက်လာတာ ကျနော်တွေ့လိုက် ရတယ်။ တအိမ်လုံးလည်း မီးတွေ ငြိမ်းသွားတယ်။ ဦးဘသာလည်း ပထမတော့ အံ့အားသင့်နေတယ်။ ပြီးမှ “သွားပြီဗျ၊ သွားပြီ။ ရှော့ခ် ဖြစ်ပြီ၊ ကယ်ကြပါအုံး”လို့ အော်ပြီး ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ပြီး အခန်းထဲ ပတ်ပြေးတော့တာပါပဲ။

ကျနော် ဦးဘသာကို လိုက်ဆွဲပါသေးတယ်။ ဒါပေမဲ့ သူက “မီး-ခိုး-ကြွက်-လျှောက်၊ မီး-ခိုး-ကြွက်-လျှောက်” ဆိုပြီး ပတ်ပြေးနေတော့ တော်တော်နဲ့ ဖမ်းမမိဘူး ဖြစ်နေတာ။ နောက်မှ ဘုန်းကနဲ ဆက်တီပေါ် ပစ်ကျသွားတယ်။ မီးပွားကလဲ ခဏလေးပါ။ တကယ့်ကို သုံး လေးချက်ပါ။ ဒါပေမဲ့ ဦးဘသာကတော့ လုံးဝ သတိမလည်လာတော့ဘူးလေ။ ဒါနဲ့ ကျနော်တို့လည်း ဖုန်းတွေ အကုန်လျှောက်ဆက်ပြီး ဆေးရုံပို့လိုက်ရပါတယ်။

အခုတော့ သူ့ဆွေမျိုးတွေက ဦးဘသာ ရူးသွားတဲ့ကိစ္စမှာ မကျေနပ်ကြဘူးတဲ့လေ။ သွေးရိုး သားရိုးလို့ မထင်ကြဘူးဗျ။ ဘယ်တတ်နိုင်မှာလဲ။ ကျနော်တို့ အလုပ်သမားတွေ အားလုံးကိုလဲ အလုပ်ကဖြုတ်ပစ်လိုက်တယ်။ အကောင်းပကတိကြီးကနေ ခုလို သွက်သွက်ခါအောင် ရူးသွားတော့ သူတို့ မယုံနိုင်ကြဘူး ဖြစ်နေတယ်။

တကယ်တော့ ဒါ ဆန်းမှ မဆန်းဘဲ။ ဦးဘသာ ရူးသွားတာ ရူးသင့်လို့ရူးသွားတာပဲ လို့ သူနဲ့ အနီးကပ်ဆုံး ဖြစ်တဲ့ ကျနော်တို့ အလုပ်သမားတွေက သိနေတယ်။ ဦးဘသာရဲ့ ဘယ်အလုပ်သမားကို မေးမေး၊ အခု ကျနော်ပြောသလိုပဲ ပြောမှာပဲ။

ခင်ဗျားတို့ထင်သလို သွေးရိုးသားရိုးကိစ္စ ဟုတ်ချင်ဟုတ်မယ်၊ မဟုတ်ချင် မဟုတ်ဘူး။ ဒါ ကျနော်မပြောတတ်ဘူး။ သိလည်း မသိဘူး။ သေချာတာ တခုတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုရင် ဦးဘသာတယောက် အကြောက်လွန်ပြီး ရူးသွားတယ် ဆိုတာပါပဲဗျာ။ ။

မိုးချိုသင်း
(အပေါ်က သရုပ်ဖော် ပန်းချီက ပန်းချီဆရာ အောင်အောင်တိတ် ဆွဲတာပါ။ ပွင့်သစ် မဂ္ဂဇင်း အဖုံးအဖြစ် တခါ အသုံးပြုခဲ့ဖူးပါတယ်။)

အပြည့်အစုံဖတ်မယ်...

အသက် ဆိုသည်မှာ..

အသက်အကြောင်း မတန်ခူး က ရေးလာတော့ အသက်ကို မကွယ်ဝှက်တတ်သူပီပီ “ကျမ အသက် ၃၈ ၊ ခစ် ခစ် ခစ်” တဲ့။ ပြီးတော့ ကိုယ့်ကိုလဲ သူ့ထက်ကြီးတယ်ထင်ပြီး အမ ခေါ်မိတာ တောင်းပန်နေသေးတယ်။ ကိုယ်ကလဲ မတန်ခူးကို မမြင်ဖူးပေမဲ့ ခင်နေတော့ သူငယ်ချင်းတွေနဲ့သာ အတူသွားရရင် ဘယ်ကိုမဆို လိုက်မယ်ဆိုတဲ့ စိတ်က ရှိပြီးသားမို့ သူဖော် ကိုယ်ဖော်ဆိုပြီး ကိုယ့်အသက်ကိုပါ ကွန်မန့်သွားရေးပစ်လိုက်တယ်။

တကယ်တော့ ကိုယ်က အမထက် ၁နှစ်ပဲ ငယ်တာပါ လို့။ အဲဒီလို ကွန်မန့်မရေးခင်လဲ စဉ်းစားသေးတာ။ အမ သူ့ အသက်အမှန်ကို ရေးထားတာကို ၃ ဂဏန်း မှာ အောက်က အချောင်းလေး သွားဖြုတ်ပြီး ၁ လိုလို သွားလုပ်ထားရ ကောင်းမလားလို့ပါ။ ဒါဆို မတန်ခူးက ၁၈၊ ကိုယ်က တနှစ်ငယ်တယ်ဆိုထားတော့ ၁၇ နှစ် ပေါ့။ ဟန်ကိုကျလို့..၊ စိတ်ကူးထဲမှာ ပြောပါတယ်။

နောက်တော့ သူ့ ပို့စ်ကို ကိုယ်ဝင်ပြင်လို့ မရတာနဲ့ ၁ ပြင်မဲ့ အစီအစဉ် လက်လျှော့ လိုက်ရတယ်။ ရှိပါစေတော့လေ ဆိုပြီး။ လောကကြီးက အစိုးမရတာတွေလဲ ကြာလေ သိလေပဲ ဆိုပါတော့။

အသက်ဆိုတာ သူ့ဖာသာသူနေပေမဲ့ အဒီအသက်ကိုပဲ သွား သွား ခလုတ်တိုက်နေရတယ်။ ဘာကိုမဆို ကိုယ့်အသက်အရွယ်နဲ့ သင့်တင့်လျောက်ပတ်တာ မလုပ်ရင်၊ မပြောရင်၊ မနေထိုင်ရင် သူများ ပြောစရာ ဖြစ်မှာမို့ ဆင်ခြင်ရတာတွေ ရှိတယ်။ သူများတော့ မသိဘူး၊ ကိုယ်တော့ အဲဒီလို အဖြစ်အပျက်မျိုးတွေ ကြုံဖူးတယ်။

ပထမဆုံး အသက်အကြောင်း စဉ်းစားမိတာ မှတ်မိသလောက် ဆယ်တန်းရောက်မှ ထင်တာပဲ။ အိမ်မှာတော့ အငယ်ဆုံးမို့ ငယ်ငယ်က တအိမ်လုံးက မီးမီးလေး၊ မီးချိုလေး နဲ့ ချစ်စနိုးခေါ်ကြတာ။ ကိုယ်က ချူချာသူမို့ ၀ိုင်းပြီး ဂရုစိုက်ကြတာလဲ ပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို မီးမီးက..လို့ ပြောတာ အကျင့်ပါသွားတယ်။

ဆယ်တန်းရောက်တော့ တနေ့ အဖေ့ကို စကားပြောရင်း မီးမီးက မီးမီးက နဲ့ ပြောနေတော့ အဖေက ပြောပါတယ်။ သမီး၊ မီးမီးလို့ ကိုယ့်ကိုယ်ကို မပြောနဲ့တော့ တဲ့၊ သမီးလဲ အရွယ်ရပြီ၊ သူများတွေနဲ့ စကားပြောရင် နံမည်ဖြစ်ဖြစ် တပ်ပြောလေ..တဲ့။ အဲဒီမှာ အရင်က ကိုယ့်ကိုယ်ကို သတိမထားမိတာ ချက်ချင်း ဂရုပြုမိသွားတယ်။ ကိုယ်မထင်တဲ့ အပြုအမူက ကလေးဆန်သလို ဖြစ်နေတာကိုး။ အဲဒီကစလို့ အသက် ဆိုတာကို ထည့်တွက်ရမှာပါလား လို့ နည်းနည်းရိပ်မိလာတယ် ထင်တာပဲ။

နောက်တော့ အဖေပြောတာ မှန်တယ်ဆိုတာ သိလာတယ်။ တခါက အသက် ၅၀ကျော် အမျိုးသမီးတယောက်ရယ်၊ သူ့သမီးလေး တယောက်ရယ် အဖေနဲ့ စကားပြောနေကြတာ ဘေးကနားထောင်နေတုန်း မီးကလေ မီးကလေ နဲ့ ပြောနေတော့ သူ့သမီးကို ပြောနေတယ် မှတ်တာ၊ ဘယ့်နှယ်ဟုတ်ရမှာလဲ၊ သူ့ကိုယ်သူ မီးကလေ လို့ ပြောနေတာ။ အဲဒါနဲ့ နားထောင်ရတာ မသင့်တော်မှန်း သိလို့ ငါ ဒီလိုမဖြစ်တာ တော်ပါသေးရဲ့ ဖြစ်ရတယ်။

အသက်ကို ကြည့်လို့ အခေါ်အဝေါ်ကလဲ အရေးကြီးသေးတယ်။ ကိုယ်ထက် သိပ်မကြီးရင် အကို၊ အမ၊ မမ ပေါ့။ ငယ်ရင်တော့ ညီမ၊ မောင်လေး၊ သိပ်ငယ်ရင် သမီး၊ သားလို့လဲ အခုအရွယ်မှာ ခေါ်နေရပါပြီ။ ရန်ကုန်မှာနေတုန်းက ကိုယ်တို့အိမ်မှာ လာနေ၊ အလုပ်လုပ်တဲ့ ကောင်မလေးက ကိုယ့်ထက် ၅ နှစ်လောက်ပဲ ငယ်ပေမဲ့ ကိုယ့်ကို ခေါ်တာ အံတီ တဲ့။ တော်တော် အောင့်သွားတာ။ အော်..ငါတော်တော် ရင့်ကျက်နေပုံပေါက်တယ်လို့ ကြံဖန် ဖြေလိုက်ရတယ်။

တချို့ကျတော့လဲ အသက်သိပ်မကွာဘူးထင်လို့ မေးကြည့်တော့ ကိုယ့်ထက်တောင် ၃ နှစ်လောက် ကြီးနေသေးတယ်။ အော် ဒါဆို ချိုသင်းက တို့ထက်တောင် ငယ်နေတာပေါ့နော် တဲ့။ ပြီးတော့လဲ ဆက်ပြီး ခုနကခေါ်သလို အမ ပဲ ဆက်ခေါ်တာပဲလေ။ တကယ်တော့ အဲဒီတုန်းက တို့ဘယ်လို နားလည်ရမလဲ တွေဘာတွေ လုပ်လိုက်ရမှာ။

နောက်တခါ ကြုံဖူးတာက ကိုယ့်အမအလတ် မအေး နဲ့ ကိုယ်နဲ့က ရုပ်ချင်းက အတော်ဆင်တယ်။ သူနဲ့က ရီဖော်ရီဖက်မို့ တတွဲတွဲ သွားလာတတ်သလို၊ တခါတလေ အကျီ င်္ တွေဘာတွေ ဆင်တူ ၀တ်တတ်သေးတယ်။ တခါက အကျီ င်္ ဆင်တူဝတ်ပြီး လမ်းလျှောက်လာတော့ နောက်ကနေ ပြောသံကြားတယ်။ အမွှာထင်တယ် တဲ့။ ကောင်လေး နှစ်ယောက် စက်ဘီးစီးလာရင်း ပြောနေသံပါ။ ရှေ့ကို သွားကြည့်ရအောင် တဲ့။ ဒါနဲ့ ကိုယ်တို့လဲ မျက်နှာကြည့်မိရင်တော့ မဟုတ်ဘူးလို့ ကွဲသွားလောက်တယ် ထင်တာပေါ့လေ။ သူတို့လဲ ကိုယ်တို့ကို ကျော်တက်ပြီး မျက်နှာကို သမင်လည်ပြန်ကြည့်ပြီးမှ မှတ်ချက်ချတယ်။ ဟုတ်တယ်ကွ၊ အမွှာပဲ တဲ့။

ကိုယ်တို့လဲ သူတို့မှတ်ချက်ကို ကြားတော့ မနေနိုင်အောင် ပြုံးစိစိ ဖြစ်သွားရတယ်။ ဒါပေမဲ့ သေချာ ပြန်စဉ်းစားလိုက်တော့ မအေးက ကိုယ့်ထက် ၆နှစ်ကြီးတာမို့ အမွှာထင်တာ ကိုယ့်အတွက် ၀မ်းသာစရာ မဟုတ်။ ကိုယ်က ၆နှစ်ကြီးတဲ့ ရုပ်ထွက်နေတာလား၊ သူက ၆နှစ် ငယ်တဲ့ ရုပ်ဖြစ်နေတာလား..။ တွေးရင်တော့ ကိုယ့်ဖက်က ၀မ်းနည်းစရာချည်းပါ။

အဲဒီတော့ ကိုယ်လဲ မသိစိတ်မှာ ငယ်ချင်သလား မသိ။ ဈေးဝယ်ရင် တခါတလေ junior တန်းဖက် သွားပြီး အကျီ င်္လေးတွေ ကိုယ်မှာ ကပ်ကြည့်ဘာညာ လုပ်မိသေးတယ်။ အဲဒီတော့ ကိုယ့်မောင်တော်က မေးတယ်။ တူမတွေအတွက် ၀ယ်ပေးမလို့လား တဲ့။ အဲဒါတွေ ခက်တာပဲ။ ဒီက ကိုယ့်အတွက် စဉ်းစားနေတဲ့ဟာကို..။

ဒါက သူများတွေ အသက်မခန့်မှန်းတတ်တာကို ပြောပြနေတာပါ။ ကိုယ်ကိုယ်တိုင်ကလဲ အသက်ကို မခန့်မှန်းတတ်လို့ အားနာရဖူးပါတယ်။ အဖေ့မိတ်ဆွေ အံတီတယောက်က ကိုယ်တို့ငယ်ငယ် ရန်ကုန်မှာကတည်းက ခင်ခဲ့သူမို့ ဒီရောက်တော့လဲ ကိုယ့်ကို ဖုန်းအမြဲဆက် စကားပြောဖြစ်နေတယ်။ နေတဲ့နေရာချင်းကလဲ မတူတော့ မတွေ့ဖြစ်ကြဘူးပေါ့။

တနေ့တော့ အိမ်ကို ပါဆယ်ထုပ်ကြီး တထုပ်ရောက်လာလို့ ဖွင့်ကြည့်လိုက်တော့ ဒီမှာ ရှားပါးတဲ့ ဗမာအစားအစာတွေကို အမျိုးမျိုးအစုံစုံ ပို့လိုက်တာပါ။ သူ ဗမာဆိုင်ရောက်တုန်း ငါ့တူမလေး စားချင်ရှာမှာပဲ တွေးမိလို့ တဲ့။ နည်းတာမှ မဟုတ်ဘဲ။ အဲဒီတော့ ကိုယ်လဲ အားနာပြီး ဘာများ သူ့ကို ပြန်ပေးရင်ကောင်းမလဲလို့ တွေးရတာပေါ့။

နောက်တော့ စဉ်းစားမိတာက အယ်လ်အေမှာ ပဲကြော်က နံမည်ကြီးလေ။ အိမ်ရှင်မတွေ အကြိုက် မုန့်ဟင်းခါးထဲပဲ ထည့်ထည့်၊ အသုပ်ပဲ သုတ်စားစား လတ်လတ်ဆတ်ဆတ် ပဲကြော်လေးတွေ ကြိုက်တတ်တာမို့ ပုံးကြီးနဲ့ တပုံး ပဲကြော်တွေ ၀ယ်ပြီး ပို့ပစ်လိုက်တယ်။ အံတီက အပျိုကြီးမို့ တယောက်တည်းပဲ၊ စားပါလေ့။

ပို့ပြီးနောက်ပိုင်း ဖုန်းပြောတော့ ကိုယ်လဲ မမေးဘဲ ဒီအတိုင်း တခြားအကြောင်းပဲ ပြောနေတယ်။ သူ့ဆီ မရောက်သေးလို့ မသိသေးတာနေမှာ။ နောက်တခါ ဖုန်းဆက်တော့လဲ သူက စ ပြီး မပြောပြန်ဘူး၊ ပဲကြော်တွေ ပို့လိုက်တာ ရပြီသမီးရေ၊ ဒါနဲ့ ရရချင်းကို မုန့်ဟင်းခါးလေး ချက်စားလိုက်တာ ဘာညာ ပြောမယ်ထင်တာ။ ဒီတခေါက်လဲ မပြောပြန်ဘူး။

နောက်တော့ စဉ်းစားရတယ်။ ငါပို့လိုက်တာ အမြန် နဲ့ပို့တာပါ။ ပဲကြော်ပုံး ရောက်သင့်ပါပြီပေါ့။ ဒါနဲ့ နောက်တခါ ဖုန်းဆက်တော့ မေးကြည့်လိုက်တယ်။ အံတီ သမီး ပဲကြော်တွေပို့တာ ရောက်ပြီလား ပေါ့။ အံတီ့အသံက အေးတိအေးစက်ပဲ၊ ၀မ်းသာတဲ့အသံလဲ မဟုတ်ဘူး။ အေး၊ ရပါပြီ သမီး တဲ့။ အော် ချိုသင်းက လမ်းမှာများ ပျောက်သလားလို့။ ဒီမှာတော့ အဲဒီ ပဲကြော်လိုချင်ရင် ကြိုတောင် မှာရတာ၊ နံမည်ကြီးပဲကြော်မို့ အံတီ စားစေချင်လို့ပါ ပေါ့။

အဲဒီတော့ အံတီက ပြန်ပြောတယ်။ အံတီ သူငယ်ချင်းတွေကို ဝေလိုက်ပါတယ်ကွယ်။ အံတီကတော့ သွားတွေ မရှိတော့လို့ ပဲကြော် မစားတာ ကြာပါပြီ တဲ့။ ကောင်းပါရောရှင်။ အော်..အသက်..အသက်..၊ လုပ်ပေါက်က လူကို လာမသတ်သွားတာပဲ ကံကောင်းတယ် ပြောရမလိုပါပဲလေ။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

အိယောင်ဝါး

အခုတလော စာမရေးဖြစ်ဘူး။ စာမရေးဖြစ်တာလား စာမရေးချင်တာလား စာရေးမလိုလို လုပ်နေတာလား ဘယ်ဟာမှန်းကို ကိုယ့်ကိုယ်ကို မသိဘူး။ အဲဒီလို ကိုယ့်ကိုယ်ကို ဘာမှန်းမသိ ဖြစ်နေတာကို သိအောင်ပဲ ကြိုးစားနေသလိုလို အလိုက်သင့်ပဲ နေသလိုလို အကုန်လုံး လိုလိုလေးတွေပဲ လုပ်ထားတယ်။

ကိုယ်က ဒီလို ငယ်ငယ်ကတည်းက လုပ်တတ်လို့လားတော့ မသိဘူး။ အမေနဲ့ အမတွေက ကိုယ့်ကို ပြောကြတာ ခဏခဏ ကြားဖူးတယ်။ မိချို အိယောင်ဝါး လုပ်မနေနဲ့နော်၊ လုပ်စရာရှိတာ မြန်မြန်လုပ် တဲ့။ အဲဒီတုန်းက ကလေးဆိုတော့ အိယောင်ဝါးဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်သိမှာလဲ။ ဒါပေမဲ့ ငါ့ရဲ့ ဟိုလိုလို ဒီလိုလို မျောနေတာလေးကို ပြောတာ ဖြစ်မှာပဲ လို့ မသိစိတ်က လက်ခံထားတယ်။

ခုထိလဲ အိယောင်ဝါးဆိုတဲ့ စကားလုံးကို အဘိဓာန်တွေဘာတွေမှာ ရှာကြည့်ဖို့ မစဉ်းစားပါဘူးလေ။ အဘိဓာန်ထဲမှာ ရှိသလား မရှိသလားတောင် ရဲရဲ မသိချင်ပါဘူး ဆိုနေ။ ငါလုပ်တတ်တဲ့ အကျင့်က အိယောင်ဝါးဆိုတာလောက် သိရရင် တော်ပြီပေါ့။ ဘာလို့များ ဒီလောက်တောင် ပညာ ဆည်းပူးနေမလဲ..။ အေးဆေးပါ။

တကယ်တော့ ပြောရရင် အခုအချိန်မှာ အိမ်ထောင်ကျနေတာတောင် ကံကောင်းသလိုလို ဖြစ်နေတယ်။ ကိုယ် အိယောင်ဝါးလုပ်နေရင် ပြောမဲ့သူက ကိုယ့်အမျိုးသားတယောက်ပဲ ရှိတော့ကာ အုပ်ထိန်းသူ တယောက်လောက်ပဲ ရှိတဲ့သဘောမှာ ရှိတယ်။ ငယ်ငယ်ကတော့ အဖေ၊ အမေ၊ အမ ၃ယောက်၊ မောင်လေးက ၁ယောက် (သူကလဲ အကြီး အင်မတန် လုပ်ချင်တာ)၊ နောက် ကိုယ့်ကို ပြန်တိုင်မဲ့ အိမ်မှာ အလုပ်လုပ်တဲ့ အမတွေကလဲ ရှိသေးတယ်။ “ဒေါ်လေး၊ ဒေါ်လေးသမီးက နေ့လည်က စာကျက်မလိုလိုနဲ့ မကျက်ဘူး၊ သီချင်းနားထောင်သလိုလို၊ စာအုပ်ဖတ်နေသလိုလို လုပ်နေတယ်” လို့ အမေ ညနေပြန်လာရင် ဆီး တိုင်မဲ့သူတွေက ရှိသေးတာ။ ထောက်လှမ်းရေးတွေ ဆိုပါတော့။

ဟိုတလောက မခင်မင်းဇော် က tag လိုက်တော့ အဲဒီညက စာရေးဖို့ မလိုဘူး ဖြစ်သွားတယ်။ မေးခွန်းလေးတွေ ဖြေရမှာဆိုတော့ ကြည့်လိုက်တော့ ကိုယ်ဖြေနိုင်လောက်တဲ့ မေးခွန်းတွေ ဖြစ်နေတယ်။ စာမေးပွဲခန်းထဲမှာလို ချွေးမပြန်ဘူးပေါ့။ ဒါနဲ့ ဒီနေ့တော့ ဒါလေးပဲ တင်လိုက်မယ်လေ လို့ ကိုယ့်ဖာသာကိုယ် ပြောသလိုလိုနဲ့ သူကြားအောင် ပြောလိုက်တယ်။ သဘောက ဒီနေ့ညတော့ စာမရေးဘူးဟေ့.. အဲဒီလို။

သူကလဲ ဒါမျိုးတွေ ရိုးနေတော့ အကင်းပါးတယ်။ tag တပုဒ်တင်၊ စာတပုဒ် တင်ပေါ့ တဲ့။ ချော့သလိုလိုနဲ့ လာပြောတယ်။ အားပါးပါး..စာရေးတာ စက်နဲ့ လှည့်ထုတ်တယ်များ ထင်နေသလား..။ ကိုယ်က ရေးချင်သလိုရေးနေတာကို အကိုးအကားတွေ ရှာပြီး စာတမ်းတစောင် ပြုနေရသလောက် ခက်ခဲသယောင် ပြန်ပြောလိုက်တယ်။ အဟက်ဟက်..။ (ဒီစာကို ယောင်လို့များ သူမဖတ်မိပါစေနဲ့..ကျော်သွားပါစေ။)

နောက်တော့ ကိုယ့်ဘလော့ဂ်ကို ပို့စ်တင်ပုံတင်နည်း ပြပေးနေတဲ့ ကိုမိုးဆီ အီးမေးလ်တစောင် လှမ်းပို့လိုက်တယ်။ ကိုမိုးရေ သူများဘလော့ဂ်တွေမှာ တင်ထားတဲ့ current status ဆိုတဲ့ window လေး လုပ်ပေးပါအုံး။ ဒါမှ ကိုယ့်စာလာဖတ်သူတွေကို သတင်းပေးလို့ ကောင်းမှာ။ ဥပမာ “ဒီနေ့ နေမကောင်း..” ။ ဒီလောက်ဆို အိုကေပြီ။ ဖတ်တဲ့လူတွေက လူကိုမမြင်ရတော့ သနားလို့..။ အော် ဘာများ ဖြစ်ပါလိမ့်မလဲ၊ နေမကောင်းဘူးဆိုတော့..။ ဆီးချိုတွေများ သိပ်တက်သွားသလား၊ ဘာညာပေါ့။ စဉ်းစားပစေ.. စဉ်းစားပစေ..။

နောက်ထပ် ဥပမာက.. စာမေးပွဲ ရှိလို့ စာကျက်နေရသည် ..။ ဒီလိုဆိုလဲ မဆိုးဘူး။ ဒါဆို စာမေးပွဲပြီးရင် သူစာပြန်ရေးလိမ့်မယ်လေ ဆိုပြီး မျှော်..လို့။ ၄-၅ ရက်ကြာတော့ ကိုယ်က စာပြန်ရေးရော။ အဲဒါဆိုတော့ စာမေးပွဲဖြေနိုင်လားတွေ ဘာတွေ လာမေးကြအုံးမှာ။ ကိုယ်ကလဲ ဒီဖက်ကနေ ပြုံးပြုံးကြီးနဲ့ ဖြေနိုင်ပါတယ်တွေ ဘာတွေ လုပ်အုံးမှာ။

နောက်တခါကျရင်တော့ အဲဒီ window လေးမှာ BUSY ဆိုပြီး ဒါလေးပဲ ပြ ထားလိုက်မယ်။ အဲဒါဆိုရင်တော့ အကြောင်းပြချက်တွေက သိပ်များသွားပြီ။ ကိုယ့်အကြိုက်ပဲ။ အိမ်ကို ရပ်ဝေးက ဧည့်သည်လာလို့ busy ဖြစ်တာလဲ ဖြစ်နိုင်တယ်၊ အလုပ်က အချိန်ပိုတွေ ရှိလို့ busy တာလဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ့်အိမ်မှာ အစည်းအဝေးလုပ်ကြမှာမို့ ဧည့်ခံရ၊ ချက်ပြုတ်ရမှာတွေအတွက် busy ဖြစ်တာလဲ ဖြစ်နိုင်တယ်။ တွေးစမ်းပါလေ့..။

ဒါပေမဲ့ ကိုယ့်အမျိုးသားက အိမ်ထောင်သက်ကလဲ ၁၂ နှစ်ကျော်ပြီဆိုတော့ တော်တော် သဘောပေါက်နေပြီ ပြောရမယ်။ သူကလဲ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေတာလဲ ပါတယ်။ အရင်က ကိုယ်က စာရေးနေရာက သူနဲ့လဲ အိမ်ထောင်ပြုရော တိကနဲ စာရေးတာ ရပ်လိုက်တော့ လူတွေက သူ မရေးခိုင်းလို့ချည်း ထင်ကြတာ။ ကိုယ့်ရဲ့ အိယောင်ဝါးကို မမြင်ကြဘူး ဆိုပါတော့။ ကိုယ်ကပဲ အချုပ်ချယ်ခံနေရသလိုလို..ကိုယ့်ကို သနားကြတာ၊ သနားကြတာ..။

အခု ကိုယ် စာလဲ ပြန်ရေးရော သူလဲ တိမ်ကင်းစင်တဲ့ လ လို ဖြစ်သွားတယ်။ သူ့ကြောင့် မဟုတ်ဘူး ဆိုတာ ရှင်းပြီးသား ဖြစ်သွားတယ်။ အဲဒါကြောင့် ကိုယ်စာရေးတော့မယ်ဆိုရင် သူ့မှာ အရမ်း ၀မ်းတွေသာနေတယ်။ အဲဒီအချိန် သူဘာလုပ်လုပ် တိုးတိုးတိတ်တိတ်ပဲ။ သိပ်ငြင်သာတယ်၊ အသံကျယ်သွားရင် ကိုယ်စာရေး ပျက်သွားမစိုးလို့॥။ ဖုန်းလာလို့ ဖုန်းပြောရင်တောင် ခပ်ဝေးဝေးသွားပြောတယ်။ ကိုယ့် အိယောင်ဝါး မလုပ်ဖြစ်အောင် အသည်းအသန် ကြိုးပမ်းနေတာလေ။

ကိုယ်စာရေးတဲ့ စားပွဲလေးက ဧည့်ခန်းနဲ့ ကပ်နေတာမို့ သူက ဧည့်ခန်းမှာ တီဗီကြည့်နေသလိုလို နဲ့ ကိုယ့်ကို တချက်တချက် လှမ်း ချက်ခ် တယ်။ ဘလော့ဂ်တွေ လျှောက်လည်နေတာလား၊ စာရေးနေတာလား ပေါ့။ ကိုယ် ကွန်ပျူတာ ကို စိုက်ကြည့်ပြီး ပြုံးနေရင် သေချာတယ်၊ ဘလော့ဂ်တွေလျှောက်လည်နေပြီ။ စာရေးဖို့ မ စ ရသေးဘူး။ ဒါဆို စာရေးဖို့ အိယောင်ဝါး လုပ်နေတဲ့သဘော။ အဲဒီအချိန်ဆို နည်းနည်း လှမ်းပြောလိုက်တယ်။ ၁၂ နာရီအိပ်ရမယ်နော်၊ မနက်ကျရင် အလုပ်သွားရအုံးမှာ တဲ့။

အဲဒါဆို ကိုယ်ကလဲ ချက်ချင်း ပြန်ပြောလိုက်တယ်၊ တီဗီသံကြီး ဆူနေတော့ ဘယ်မှာစာရေးလို့ ရမှာလဲ ပေါ့။ အင်း.. အကြောင်းပြတာ၊ အကြောင်းပြတာ။ တခါတလေကျတော့လဲ ဒီလိုပြောတယ်။ အိုက်လွန်းလို့ စာရေးလို့ မရပါဘူး တဲ့။ တခါတလေကျတော့လဲ သူကျတော့ ရုပ်ရှင်တွေ ကြည့်နေပြီး ချိုသင်းကျတော့ မကြည့်ဘဲ စာရေးနေရတာ မတရားဘူး တဲ့။ တခါတလေတော့လဲ သိပ်ပြင်းပြင်းထန်ထန် ပြောလိုက်တာမျိုး ရှိသေးတယ်။ ဘာတဲ့.. အသက်လေး ရှူပါရစေအုံး တဲ့လေ။ တိုင်းပြည် အုပ်ချုပ်နေရလို့ အလုပ်များနေရတဲ့ အပေါက်မျိုးပေါ့။

သိတဲ့အတိုင်း အိယောင်ဝါးလုပ်တတ်တဲ့သူတွေက အမြဲတမ်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြောင်းပြချက် တခုခုတော့ ရှာထားရတာ။ သူများမပြောခင် ကြို ကန် ထားရတာ။ ဒီလောက် အကြောင်းပြချက်တွေ ရှာထားရတာတောင် ပျော်ပျော်ပါးပါး အိယောင်ဝါး လုပ်ရတာ မဟုတ်ဘူး။ စိတ်မဖြောင့်ဘဲ တထင့်ထင့်နဲ့ ပတ်ကွေ့နေရတာ။

တကယ်ပဲ ဒုက္ခကြီးပါတယ်လေ။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

သူများမေးတဲ့ ကိုယ့်အကြောင်း

အမ မခင်မင်းဇော်က ကိုယ့်ရဲ့အကြောင်း မေးခွန်းလေးတွေနဲ့ မေးတာကို ဖြေပေးဖို့ TAG လုပ်ထားပါတယ်။ TAG လုပ်တယ်ဆိုတာ အစက ဘာမှန်းမသိပေမဲ့ ဘလော့ဂ်လောကမှာ ဒီလို သူငယ်ချင်းတွေ အချင်းချင်း tag လုပ်ရင် သူပြောတဲ့ ခေါင်းစဉ်အောက်မှာ သူလုပ်ခိုင်းသလို ကိုယ့်အယူအဆ၊ ခံစားချက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေးရတာပါ တဲ့။ ဒီလို tag ရင် ဘော်ဒါစိတ်နဲ့ ရေးကြရတယ် တဲ့။ ဒီလို ရေး ဆိုရင်လဲ ရေးရတာပေါ့။

ကဲ အမရေ.. အသက်ကြီးလို့ စာမေးပွဲတွေနဲ့ ဝေးသွားပြီ ထင်တာ၊ အခုတော့ မေးခွန်းတွေ တလှေကြီးနဲ့ လာတိုးနေပါပေါ့လား။ မှန်း… ဖြေကြည့်လိုက်စမ်းမယ်..။

ကိုယ့်ရဲ့ နံမည် - မိုးချိုသင်း
ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ချိုသင်း၊ မိုးချို၊ xxx xxx xxx
ကိုယ်ဒီမှာ နေတယ် - CA – 91706
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဖုန်း ဆိုလို့ ခုမှ သတိရတယ်၊ တနေရာရာမှာ ကျန်ခဲ့ပြီ ထင်တယ်

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အဖြူ (မိတ်ဆွေတယောက်ကပြောတယ်၊ အဖြူရောင်ဆိုတာ ကိုယ့်အသည်းနှလုံး ရဲ့ အရောင် တဲ့၊ ဒါဆို သူ့ heart က ဖြူဖတ်ဖြူရော်ကြီးပေါ့ :))
အ၀တ်အစားဆိုရင် - လှပြီး ရိုးရင် ကြိုက်တာပဲ
အစားအစာဆိုရင် - အကုန်ကြိုက်နေတော့ ရွေးရခက်တယ်..
ပစ္စည်းဆိုရင် - fancy နားကပ်လှလှလေးတွေ..(၀ယ်ပြီး အလှကြည့်တာ၊ သိပ်မ၀တ်ဘူး)
သီချင်းဆိုရင် - သိပ်အော်နေတဲ့ သီချင်းတွေကလွဲရင် အကုန်ကြိုက် ။
(အရမ်းအော်နေရင် ကိုယ့်ကို ဆူတယ်ထင်လို့ မကြိုက်)
စာရေးဆရာ - ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ အနုပညာပါရင် သဘောကျပါတယ်။
စာအုပ် - အရွယ်နဲ့လိုက်ပြီး အကြိုက်ပြောင်းတတ်သလားလို့..
Life style - ရောင့်ရဲပြီး အေးအေးချမ်းချမ်းပဲ နေချင်တယ်

ကိုယ့်ရဲ့ ၀ါသနာ - စာဖတ် သီချင်းနားထောင် ရုပ်ရှင်ကြည့်
အလိုချင်ဆုံး လက်ဆောင် - ဘယ်သူ့ဆီကလဲ ?
ကိုယ့်ရဲ့ အချစ်ဆုံးသူက - မိဘ
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဒေါ်အောင်ဆန်းစုကြည်
ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - ဘ၀လက်တွဲဖော် မောင်ကြီး
ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက - အထက်ပါအတိုင်း
ကိုယ့်ရဲ့ အမုန်းဆုံးသူက - မိုက်ခဲတို့ အုပ်စု

ရင်အခုန်ဆုံး အချိန် - ရိုလာကိုစတာ စီးတဲ့အချိန်
အကြောက်ဆုံး အချိန် - ကိုယ်ချစ်ခင်သူတွေ ဆုံးတဲ့အချိန်
အပျော်ဆုံး အချိန် - တာဝန်ကျေတယ်လို့ ထင်တဲ့အချိန်
အမှတ်တရနေ့ - အများကြီးပဲ
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - တရားသဖြင့်သာ ဖြစ်ရ၊ နေရ ပါလို၏

အချစ် ဆိုတာ - စိတ်ထဲမှာ ကြည်နူး အေးချမ်းတာ..
အမုန်း ဆိုတာ - မရှိရင် ကောင်းတာပေါ့
အလွမ်း ဆိုတာ - တော်တော်ခံရခက်တဲ့ ဝေဒနာ
သံယောဇဉ် ဆိုတာ - ကိုယ်ကပဲ ဖြည့်ဆည်းပေးချင်တာ
ဘ၀ ဆိုတာ - အမလေး.. ၂ လုံး တည်းမို့ပဲ..
သူငယ်ချင်း ဆိုတာ - ကိုယ်နဲ့အတူ ပျော်၊ ကိုယ်နဲ့ အတူ ငို..
ချစ်သူ ဆိုတာ - မေတ္တာနဲ့ အပြန်အလှန် နားလည်ယုံကြည်တတ်သူ

ကိုယ့်ကိုယ်ကို ဒီလို ထင်တယ် - သူများတွေ ပြောဖို့ ထားလိုက်မယ်
ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - ရိုးသားမှုသာ ချစ်စရာ

အပြောချင်ဆုံး စကားတခွန်း - ပြောချင်တာတွေ ပြောပစ်လိုက်ပြီးပြီ။ ဘာမှ ချန်မထားဘူး။

ကဲ ဒီလောက်ပါပဲ။ ကိုယ့်စိတ်ထဲရှိတာ အရိုးသားဆုံး ဖြေထားပါတယ်။ အမ ကျေနပ်မယ် ထင်ပါရဲ့။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

မေ့မရတဲ့ သူငယ်ချင်းတယောက်

ငယ်ငယ်တုန်းက သူငယ်ချင်းတယောက် ရှိခဲ့တယ်။ ဆယ်တန်းတုန်းက သိပ်ခင်ရတဲ့ သူငယ်ချင်းမလေးပါ။ အသားက ညိုညို၊ မျက်နှာက ချိုချို၊ ဆံပင်က တိုတို နဲ့။ နံမည်က တိုးတိုး တဲ့။

အဲဒီတုန်းက ဆယ်တန်းဆိုတော့ ၁၉၈၇ ခုနှစ်လောက်ကပေါ့။ ကိုယ့်အိမ်မှာ စာ စု သင်ကြ၊ ကျက်ကြတော့ အသိတယောက်က တဆင့် သူပါ ပါလာတယ်။ အဖေကလဲ ကိုယ်တို့ကို မြန်မာစာ သင်ပေးတယ်။ ကိုယ်တို့ နှစ်ယောက်လဲ တွေ့တွေ့ချင်း ခင်သွားလိုက်ကြတာ ညီအမတွေလိုကို ဖြစ်သွားပါလေရော။

သူက အေးလဲအေး၊ သဘောလဲ ကောင်း၊ စာရှင်းပြတာလဲ တော်တယ်။ ဆယ်တန်း တနှစ်လုံး ကိုယ်တို့နှစ်ယောက်က အမြဲတတွဲတွဲပဲ။ သူနားမလည်တာ ကိုယ်ရှင်းပြ၊ ကိုယ်နားမလည်တာ သူရှင်းပြ ပေါ့။ မှားရင်လဲ နှစ်ယောက်အတူတူ ဆရာအဆူခံကြရတယ်။ အဲဒီအချိန်ဆို မျက်ရည်လေး ၀ဲတဲ ၀ဲတဲနဲ့ တယောက်နဲ့တယောက် ကြည့်ရင်း ပြုံးပြီး အားပေးရတယ်။ ၀မ်းနည်းလွယ်တဲ့နေရာမှာလဲ တူကြတယ်လေ။

သူနေတာက မင်္ဂလာဒုံ အရာရှိရိပ်သာမှာ။ ကိုယ်နေတာက တက္ကသိုလ် ၀င်းထဲမှာ။ ကိုယ်တို့အိမ်မှာ စာသင်ပြီးရင် မင်္ဂလာဒုံကို အဝေးကြီး ညတိုင်း ပြန်ရတယ်။ ဒါပေမဲ့ သူက တရက်မှ စာအလာသင် မပျက်ဘူး။ နေမကောင်းတောင် အနွေးထည်လေးနဲ့ လာတာပဲ။

မှတ်မှတ်ရရ ကိုယ်က သူ့ကို ၀ါးယပ်တောင်လေးတချောင်း ပေးဖူးတယ်။ ယပ်တောင်ရွက်ကလေးတွေပေါ်မှာ ကိုယ်က လက်ရေးဝိုင်းဝိုင်းကြီးကြီး တွေနဲ့ နင် စိတ်မအိုက်နေစေဖို့ တဲ့၊ ကိုယ်ရေးတာကို သူက သဘောကျလွန်းလို့ ပြောမဆုံးဘူး။

ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်တော့ သူနဲ့ ကိုယ် မေဂျာ ကွဲသွားတယ်လေ။ သူက ဓာတုဗေဒ၊ ကိုယ်က ဘူမိဗေဒ။ ဒါပေမဲ့ ကိုယ်ကအတန်းအားတာနဲ့ လှစ်ကနဲဆို သူ့ဆီရောက်သွားပြီ။ သူကလဲ အားတာနဲ့ ကိုယ်တို့ဖက် ကူးလာပြီ။ ညဆိုရင်လဲ ဖုန်းဆက်ပြီး ကျောင်းကအကြောင်းတွေ ပြောကြတာပေါ့။

နောက်တော့ အရေးအခင်းဖြစ်လို့ ကျောင်းပိတ်ကြတော့ ကျောင်းမှာ မတွေ့ရတော့ဘူး။ ဖုန်းနဲ့ပဲ စကားပြောကြ၊ အဆက်အသွယ်လုပ်ကြတယ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲ မသိဘူး၊ သူနဲ့ ကိုယ်နဲ့ ဝေး သွားသလိုပဲ ခံစားရတယ်။ ကိုယ်ကလဲ နေ့စဉ်ရက်ဆက် ဆန္ဒပြတဲ့အထဲရောက်လို့။ သူကလဲ အဲဒီအချိန်မှာ အိမ်ထဲက အိမ်ပြင်တောင် မထွက်ဖြစ်ဘူး တဲ့။ အဲဒါတွေနဲ့ ခပ်ကင်းကင်းမှာ နေသတဲ့။

အဲဒီကတည်းက စကားတွေ ပြောကြရင် သူပြောတာလဲ ကိုယ်မခံစားနိုင်၊ ကိုယ်တို့ ခံစားချက်ကိုလဲ သူ နားမလည်နိုင်၊ သူ အထင်ကြီးတာလဲ ကိုယ်က အထင်မကြီး ဖြစ်နေတယ်။ ဒါနဲ့ ဖုန်းလဲမဆက်ဖြစ်၊ အရင်လို ဖက်လှဲတကင်းလဲ စကား မပြောဖြစ်တော့ဘူး။ ရန်ဖြစ်ကြတာလဲ မဟုတ်ဘဲနဲ့လေ။

နောက်တော့ ကိုယ့်အဖေ အထဲ ရောက်သွားတယ်။ အဖေ့ကို သူက ဆရာတယောက်အနေနဲ့ အင်မတန်ချစ်တာမို့ အဲဒီတုန်းက သူ ဖုန်းဆက်လာတယ်။ အဲဒါ သူနဲ့ နောက်ဆုံး ဖုန်းဆက်ဖြစ်တာ ထင်တာပဲ။

ဘာဖြစ်လို့ ဆရာ့ကို ဖမ်းကြတာလဲ တဲ့။ ကိုယ်လဲ အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်တယ်။ နင်လဲ အဖေ့အကြောင်း သိနေတာပဲလေ။ အဖေက ကဗျာဆရာ၊ ကျောင်းဆရာတယောက်ပဲ။ ကဗျာဆရာ.. ကဗျာရေးလို့ ဖမ်းတယ် တဲ့၊ ကျောင်းဆရာ..ကျောင်းသားတွေနဲ့ အတူရှိလို့ ဖမ်းတယ် တဲ့။ ခုထိ ငါတို့ အဖေ့သတင်း မရသေးဘူး။ ၈လကျော်ပြီ..။

သူလဲ အသံတိတ်သွားတာမှ အကြာကြီး။ ချိုသင်း.. ငါ စိတ်မကောင်းပါဘူး တဲ့။

အဲဒီတုန်းက သူလဲ ဖုန်းကိုင်ရင်းတွေး၊ ကိုယ်လဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ တွေးနေလိုက်တာ။ အဲဒီတုန်းက သူဘာတွေ စဉ်းစားနေလဲ လို့ အခုအချိန်မှာ သိချင်မိတယ်။ သိပ်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အတွေးမှာ အမုန်းတွေတော့ မပါဘူး ထင်တာပဲ။

ကျောင်းတွေပြီးကြတော့ ကိုယ်လဲ အလုပ်နဲ့ မအား၊ သူလဲ ကျောင်းမှာ ဆရာမ ပြန်လုပ်နေတာ သိရတယ်။ တခါကတော့ ကျောင်းထဲကို ကိစ္စတခုရှိလို့ သွားတော့ တောင်ငူဆောင် ကင်တင်းမှာ သူနဲ့ ဆုံသေးတယ်။ နှစ်ယောက်သား ပြန်တွေ့ရလို့ ၀မ်းသာတာ မဖုံးဖိနိုင်ဘူး။ သူက ပြောသေးတယ်။ တနေ့ကတောင် ငါ နင့်ကို အိပ်မက်မက်သေးတယ် တဲ့။ ဒီလိုပဲ သူအမြဲ ပြောနေကျ။ ကိုယ်လဲ အမြဲသတိရတာတွေကိုတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါတယ်။

နောက် ၄နှစ်ကြာတော့ အဖေလဲ ပြန်လွတ်လာတယ်။ အဖေထွက်လာပြီးမှ ကိုယ်လဲ အိမ်ထောင်ပြုပြီး ရေကြည်ရာ မြက်နုရာမှာ အလုပ်သွားလုပ်တယ်။ သူ့အကြောင်းတော့ နီးစပ်ရာ အမြဲမေးမိလို့ သူ စစ်တပ်က ဗိုလ်ကြီး တယောက်နဲ့ အိမ်ထောင်ပြုသွားတာ ကြားပါတယ်။ ကိုယ့်မင်္ဂလာဆောင်လဲ မဖိတ်မိ၊ သူ့ မင်္ဂလာဆောင်လဲ မသွားဖြစ်ဘူး ထင်ပါရဲ့။

ချစ်သူခင်သူတွေ ဝေးသွားကြတာတွေက အကြောင်းအမျိုးမျိုးတော့ ရှိကြတာပဲ။ ဘယ်လိုပဲ ဝေးဝေး ဝေးကြပြီဆိုရင် စိတ်တော့ ထိခိုက်ကြရတာပါပဲလေ။

ကိုယ့်မှာ သူငယ်ချင်းတယောက်ကို ခင်မိပြီဆိုရင် တိုးပြီး ခင်ဖို့သာ ရှိခဲ့တာ။ သူငယ်ချင်းတွေ အများကြီးထဲက ဒီသူငယ်ချင်းလေးတယောက်ကတော့ ချစ်စ လေးတောင် ပြတ်သလိုလို ဖြစ်ရတာမို့ ၀မ်းနည်းမိပါတယ် သူငယ်ချင်းရယ်။ တကယ်တော့ ကိုယ်ကလဲ ဘာမှ မဟုတ်၊ မင်းကို မုန်းလို့လဲ မဟုတ်၊ စနစ်ဆိုးတခုကို မရှိခိုးနိုင်တာပါပဲ။

ဂဏန်းတွဲတွေနဲ့ ပတ်သက်ရင် ကိုယ်က မှတ်ဥာဏ်သိပ်ကောင်းတာမဟုတ်ပေမဲ့ သူ့ဖုန်းနံပါတ်ကိုတော့ ခုထိ မှတ်မိနေတုန်းပဲ။ အသုံးမပြုတာ နှစ် နှစ်ဆယ်ကျော် ကြာနေတဲ့ ဖုန်းနံပါတ်လေးတခုပေါ့လေ။

တို့ပြည် တို့ရွာ လငပုပ်ဖမ်းတာက လွတ်တဲ့ တနေ့ကျရင် ကိုယ်လဲ ကိုယ့်ပြည်ကို ပြန်နိုင်ပြီး မင်းအိမ်ကို လာလည်ခွင့်ရမယ် ထင်ပါရဲ့ သူငယ်ချင်းရယ်။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

မိုးပွင့်တို့ ညီအမတတွေ..


လူလေးနဲ့ ဘုံဘုံအကြောင်း ရေးပြီးတော့ မိုးပွင့်တို့ ညီအမတွေအကြောင်း ရေးရအုံးမယ်။ ရှေ့မှာ ပြောခဲ့သလိုပဲ ကိုယ့်အမအလတ်က မွေးတဲ့ မိုးပွင့်နဲ့ မိုးဥ ဆိုတဲ့ သမီးလေး နှစ်ယောက်ရယ်၊ အမအငယ်က မွေးတဲ့ စန္ဒရာနဲ့ မာယာဆိုတဲ့ သမီးလေး နှစ်ယောက်ရယ် ရှိသေးတယ်။

နံမည်တွေက အတိုကောက်ခေါ်လိုက်တာပါ။ တကယ်တော့ သူတို့ နံမည်တွေက အရှည်ကြီးတွေ။ အဒေါ်ကိုယ်တိုင် ခေါ်ရတာ မောလွန်းလို့ အပြည့်အစုံသာ ခေါ်ရရင် ရေသောက်ပြီး ခေါ်ရမယ်။ သီရိမိုးပွင့်မူယာစိုး တဲ့၊ ရွှေစင်မိုးဥ တဲ့၊ စန္ဒရာမိုးမြင့်ကလေး တဲ့၊ မာယာမိုးမြင့်ကလေး တဲ့။ အမလေး ငါ့ကို ရေပေးစမ်းပါအုံး၊ ယပ်ခတ်ပေးကြပါအုံး ပြောရမဲ့ အပေါက်ပါ။

သူတို့လေးတွေ မွေးတော့ သူတို့အဖိုး၊ ကိုယ်တို့အဖေက အားလုံးကို အမေ ၀င်စားတယ်ချည်း ထင်တာ။ ကိုယ်တို့အမေက ခပ်ငယ်ငယ်က ဆုံးသွားလေတော့ အမေ က သမီးတွေ ကိုယ်ဝန်ရှိတဲ့အခါ ၀င်စားပြီး အဖေ့ဆီပြန်လာတယ်ပဲ အဖေက ထင်တယ်။ မဟုတ်လဲ ဇွတ်ပဲ ထင်တယ်။ ကလေးက ဘာလေးလုပ်လိုက်လုပ်လိုက်၊ အမေနဲ့တူတယ်ပဲ ထင်တာကိုး။

မိုးပွင့်လေး သုံးနှစ်ကျော်ကျော်လောက်ရှိတုန်းက စကားကလဲ တတ်၊ ချစ်စရာကလဲ အင်မတန်ကောင်းတော့ အဖေက သူ့ဧည့်သည်တွေလာရင် သူ့မြေးကို အမြဲ ထုတ်ကြွားတယ်။ မြေးကလေးရေ၊ ဖိုးဖိုးဆီ လာပါအုံးကွယ်။ (မိုးပွင့်ကလေးက တောက်တောက် တောက်တောက်နဲ့ ပြေးလာတယ်) ကဲ ဖြေလိုက်ပါအုံး၊ သမီးက ဘယ်သူလဲ တဲ့ (ဧည့်သည်က မမေးရပါဘဲ အဖေက ၀င်မေးတာပါ)။ ဧည့်သည်ကလဲ ပြုံးပြီး ကြည့်နေရတာပေါ့။

အဲဒီတော့ မိုးပွင့်က ‘သမီးက ဖွားဖွားမြင့်မြင့်စန်းပါ’ တဲ့။ ဧည့်သည်ကလဲ ဟာ ကနဲ ဖြစ်သွားတယ်။ ကြည့်စမ်း၊ ဆရာ့အမျိုးသမီး ပြန်ဝင်စားတာ၊ ကလေးကတောင် ပြောနေပြီပေါ့။ အဖေကလဲ အရမ်းကျေနပ်တဲ့မျက်နှာနဲ့ ပြုံးပြီး ဧည့်သည်ကို ပြန်ကြည့်တယ်။ တွေ့လား.. ဆိုတဲ့သဘော။ အဲဒီလို အဓိပ္ပါယ်ပါပါ ကြည့်နေကြတုန်း ကလေးက ဆက်ပြောလိုက်တယ်။ “အဲဒါ ဖိုးဖိုးသင်ပေးတာ” တဲ့လေ။ ပြီးပါလေရော။

မိုးဥလေးမွေးတော့ အဖေ ဗမာပြည်မှာ မရှိတော့ဘူး။ မိုးဥကို သူ့အဖိုး မမြင်ဖူးလိုက်ရဘူး။ မိုးဥကတော့ အသားက တော်တော်ညိုလေတော့ သူ့အမေ မအေးက ငါ သူ့ကိုယ်ဝန်ကြီးနဲ့ ပုဂံသွားလို့ နေပူလျှပ်သွားတယ် ထင်တယ် တဲ့။ သူ့ရုပ်က ကိုယ်ငယ်ငယ်ကနဲ့ ချွတ်စွပ်တူတာမို့ မချောရှာပါဘူး။ ဆံပင်ကလဲ ပလူမွှေးပလူတောင်ပဲလေ။ ရုပ်တင်မကဘူး၊ စိတ်ကပါ အဒေါ်နဲ့တူတယ်လို့ ပြောရမလိုပါပဲ။ သူမလုပ်ချင်တာဆို ဘယ်သူခိုင်းခိုင်းမလုပ်ဘူး၊ ခေါင်းတော်တော်မာပါတယ်။

သူငယ်ငယ်က ကြက်ဥခြင်းကြီးတင်ထားတဲ့ စင်ကို မှီနေလို့ ကိုယ်က သမီးရေ၊ စင် လဲပြီး ကြက်ဥ တွေကွဲကုန်မယ်၊ မမှီနဲ့ လို့ပြောတာ သူက နားမထောင်ပါဘူး။ ပြောလိုက်မှ လူကိုကြည့်ပြီး စင်ကို လက်နှစ်ဖက်နဲ့ ကိုင်တောင် လှုပ်လိုက်သေးတာပါ။ ဟဲ့ ဒီကလေး၊ မလုပ်ပါနဲ့ဆို လို့ ပြောတော့ ပိုတောင် လှုပ်လိုက်သေး။ ဒါပေမဲ့ အဲဒါလေးကိုပဲ ပြောပြောပြီး ချစ်နေရပြန်ပါရော။

မနှင်းကမွေးတဲ့ အကြီးမလေးကတော့ စန္ဒရာ တဲ့။ စန္ဒရာကတော့ အေးတယ်။ သူ့ဖာသာသူ ပုံဆွဲ၊ စာလုပ်ပဲ နေတယ်။ စာလဲ တော်တယ်။ သူတို့ကတော့ မြန်မာပြည်မှာ မွေးတာမဟုတ်လို့ ကိုယ့်အမက ဗမာစာကို အရေးအဖတ်အဆို အမြဲသင်ပေးတယ်။ အသက်က ၇နှစ်မှာ ကိုယ့်ဆီကို ဗမာလို စာရေးတာများ ချော လို့။ တနေ့က ဖုန်းဆက်တော့ ကမ္ဘာမကြေ လဲ အလွတ်ရပြီတဲ့။ အဖေ့ကဗျာလေးတွေလဲ အကုန်ဆိုတတ်ကြတယ်။

စန္ဒရာက ကိုယ်တို့ညီအမတွေ ၀ိုင်းဖွဲ့စကားပြောကြရင် သူ့အဖေ နားမလည်မှာစိုးလို့ သူတို့အဖေ ဘာသာစကားနဲ့ ကိုယ်တို့တခွန်းပြော၊ သူက တခွန်းဘာသာပြန် ပြောပြနေတာ။ ကိုယ်တို့စကားဝိုင်းနားမှာ အရုပ်ကလေးတွေနဲ့ ဆော့ရင်းနားထောင်ပြီး ပြန်ပြောနေတာလေ။ အဖေ့သမီးလေးပေါ့။

အငယ်မလေး မာယာကတော့ သူ့အဖိုးနဲ့အတူဆုံးကလေးပဲ။ လူတွေကို ဘယ်လို ခင်မှန်းမသိ၊ အားလုံးနဲ့ တည့်အောင် ခင်အောင်ပေါင်းတတ်တယ်။ အငယ်ဆုံး ဖြစ်ပေမဲ့ လူတိုင်းကို အလျှော့ပေး ပေါင်းတတ်တယ်။ မာယာဆိုတဲ့အတိုင်း မူယာမာယာကလဲ များပါဘိ။ ရုပ်ကလေးက သူ့အမလို မချောပေမဲ့ ချစ်စရာလေးမို့ တွေ့တဲ့လူတိုင်းက ချစ်ကြတယ်လေ။

သူ့ကိုလဲ အဖေက အမေ၀င်စားတယ် ထင်ပြန်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မာယာတို့ငယ်ငယ် အဖေ သွားနေတုန်းက အဖေ့ကိုပဲ တချိန်လုံး လိုက်ကြည့်နေတာ တဲ့။ တချိန်လုံး ဟိုနားက ချောင်းကြည့်လိုက်၊ ဒီနားက ချောင်းကြည့်လိုက်နဲ့ တဲ့။ ကလေးလေးတယောက်က တချိန်လုံး ချောင်းကြည့်နေတော့ နေရတာတောင် မလွတ်မလပ်ဖြစ်ရတယ် တဲ့။ အမေ့လိုလဲ သီချင်းလေး တအေးအေးနဲ့ နေတတ်သေးတယ်။

တခါကတော့ အဖေက မာယာ့အကြောင်းချည်း ပြောနေတော့ မာယာက တော်တော်စကား တတ်နေပြီလား လို့ မေးကြည့်မိတယ်။ အဖေက တတ်လိုက်တာမှ သမီးရယ်၊ သူ့ဖာသာသူ သီချင်းတွေတောင် ဆိုနေတာ တဲ့။ အဲဒါနဲ့ အံ့သြပြီး “ဘာသီချင်းတွေ ဆိုနေတာလဲ အဖေ” ဆိုတော့ နဂါးနီ ကို ညည်းနေတာဆိုပဲ။ သူ့မြေးကို ချစ်လွန်းတော့ သူ့ဖာသာသူ သံစဉ်ညည်းတာတောင် နဂါးနီ ဆိုနေတယ် ထင်နေတာလေ။

မာယာက စာကျတော့ နည်းနည်း ပျင်းချင်တယ်။ အဲဒါနဲ့ သူ့အမေက ကကြီးခခွေးသင်တာ မရတော့ ဗမာပီပီ လက်ကို ခပ်စပ်စပ်လေး ရိုက်လိုက်တယ်တဲ့။ အဲဒီတော့ အသားလေးက နီသွားတာပေါ့။ အဲဒါကို မာယာက သူ့ကျောင်းက ဆရာမကို သွားပြတာပါ။ ဒဏ်ရာကို ပြပြီး “မေမေ ကကြီးခခွေး” ဆိုပြီး သွားတိုင်တာပါ။ ဆရာမကလဲ သူ့အမေကို ကကြီးခခွေးဆိုတာ ဘာအဓိပ္ပါယ်လဲ မေးပါသတဲ့။ သူ့အမေလဲ ငါ့ကိုတော့ တိုင်ကုန်ပြီဟ ဆိုပြီး မီးပူနဲ့ တိုက်မိတာကို ပြောတာပါလို့ ဖြေလိုက်ရသတဲ့။ တော်တော်လာတဲ့ကလေးတွေ ပါ။

တနေ့ကလဲ ကိုယ်က ဖုန်းဆက်တော့ မာယာကဖုန်းကိုလာကိုင်ပြီး “ချိုချို၊ မီးလုံး မီးသီး၊ မီးလုံး မီးသီး” နဲ့ လာပြောနေပါတယ်။ ကိုယ်လဲ နားမလည်တာနဲ့ ဘာပြောတာလဲ မီးလုံး မီးသီးဆိုတာ ဆိုပြီး သူ့အမေကို မေးမိတယ်။ အဲဒီတော့ မနှင်းက ငါ မီးလုံးမီးသီးကို သတ်ပုံစစ်တာ မရလို့ မီးလုံးမီးသီးကို လက်ညှိုးထိုးပြီး အခေါက် ၁၀၀ ဆိုခိုင်းလို့ နင့်ကို လာတိုင်တာ နေမှာ တဲ့။ အဲဒါနဲ့ ဗမာစာ ကြောက်ကုန်ပါ့မယ် သိပ်မကြမ်းပါနဲ့ လို့ တားလိုက်ရတယ်။

သူတို့ကလဲ သူတို့အဖိုးကို တော်တော် ချစ်ကြ၊ နောက်လဲ နောက်ကြတယ်။ အဖေ အရမ်းဈာန်ဝင်ပြီး စာရေးရင်း စဉ်းစားနေတုန်း ဗြုန်းကနဲ ဘောလ်ပင်ကို ဆွဲယူသွားလို့ အော်..ဒီကလေးနှယ် ဆိုပြီး အတွေးပျက်ရတာလဲ ခဏခဏ။ တရေးတမော အိပ်ရင်လဲ ကိုယ်ပေါ်ခွတက်ပြီး မျက်လုံးဖြဲကြည့်ကြသေးတာ။ အိပ်မအိပ် စစ်တာလေ။

အခု သူတို့ ညီအမ လေးယောက်က ကိုယ်တို့ ညီအမ လေးယောက်လိုပဲ တတွဲတွဲ လုံးနေကြပြီ။ အရွယ်လေးတွေက သိပ်အကွာကြီးမဟုတ်တော့ ဆော့ဖော်ဆော့ဖက်၊ ကျောင်းသွားဖော် ကျောင်းသွားဖက် အဖော်ရနေတာပေါ့။

တနေ့ကတော့ မာယာကပြောတယ်တဲ့။ မာယာ့ရင်ထဲမှာ ဖိုးဖိုး အမြဲ ရှိတယ် တဲ့။ ကိုယ်လဲ သူတို့လေးတွေ ကြီးလာချိန်မှာ သူတို့အဖိုးကို အနားမှာ ရှိစေချင်လိုက်တာ။ အဖိုးရဲ့ အဆုံးအမနဲ့ ကြီးပြင်းစေချင်လိုက်တာလို့ စိတ်ထဲမှာ ဖြစ်မိပါတယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

လူလေး နဲ့ ဘုံဘုံ

ကိုယ့်မှာ တူ၊ တူမ ၆ ယောက်တောင် ရှိတယ်။ ကိုယ်တို့မှာ သားသမီးကလဲ မရှိတော့ ဒီကလေးတွေကိုပဲ ချစ်လိုက်ရတာ။ နှစ်ယောက်စလုံးက ကလေးဆို သိပ်ချစ်တော့ တနေ့တနေ့ သူတို့အကြောင်းလေးတွေပဲ ပြောပြီး အငွေ့ရှူနေရတယ်။ ကလေးတွေက သူတို့ မိဘတွေနဲ့အတူနေကြတာဆိုတော့ သူတို့လာလည်တဲ့အခါ၊ ကိုယ်သွားလည်တဲ့အခါလောက်ပဲ တွေ့ရတာလေ။

သူ့အမက နှစ်ယောက်မွေးထားတယ်၊ လူလေးနဲ့ ဘုံဘုံ တဲ့။ ကိုယ့်အမအလတ် မအေးက နှစ်ယောက် မွေးတယ်။ မိုးပွင့် နဲ့ မိုးဥ တဲ့။ အမအငယ် မနှင်းက နှစ်ယောက် မွေးတယ်။ စန္ဒရာ နဲ့ မာယာ တဲ့။

တူ၊ တူမတွေရှိတော့မှ ငယ်ငယ်က အမေ ပြောတဲ့စကား တယ်မှန်ပါလား လို့ ပြန်စဉ်းစားမိတယ်။ ငယ်ငယ်ကတော့ အမေ့ကို နေ့တိုင်းလောက် မေးရတာ။ အမေ သားသမီးထဲမှာ ဘယ်သူ့အချစ်ဆုံးလဲ လို့။ အမေကလဲ အမြဲတမ်း ဒီအဖြေပဲ ဖြေတယ်။ အော် သမီးရယ်၊ တယောက်တမျိုးစီ ချစ်ရတာပေါ့၊ ဘယ်သူ့ကိုမှ ပိုတယ် မရှိပါဘူး တဲ့။

ကိုယ်ကလဲ အမေ ဘယ်အချိန်များ ယောင်မှားပြီး ကိုယ့်ကို အချစ်ဆုံးပေါ့ လို့များ ဖြေလိုက်မလဲ လို့ နေ့တိုင်း မေးတာ။ အမေကလဲ တခါမှ ယောင်လို့ မဖြေဘူး။ တကယ်တော့ အဲဒါအမှန်ပဲ ဆိုတာ အခု ကိုယ့်မှာ တူ တူမတွေ ရှိတော့ သိပြီလေ။

လူလေးကတော့ ကိုယ့်ကို အင်မတန်ကပ်တယ်။ ရန်ကုန်မှာနေတုန်းကဆို ကျောင်းဆင်းလို့ အိမ်မှာ လွယ်အိတ်ချပြီးတာနဲ့ ကိုယ်တို့အိမ်ဖက် ကူးလာပြီး အိမ်မှာပဲ နေတော့တာ။ ည မိုးချုပ်မှ သူ့အိမ်ပြန်တယ်။ အဲဒီတုန်းက သူက ၅နှစ်၊ ၆နှစ်သားလောက် ရှိသေးတာ။ သူ့အတွက် ဘာမှ အထူးအထွေ လုပ်ပေးစရာ မလိုဘူး။ သူက စာဖတ် ၀ါသနာပါတော့ အိပ်ယာထဲမှာ သူက ရွှေသွေးပေါင်းချုပ်ဖတ်၊ ကိုယ်ကလဲ စာအုပ်တအုပ်ဖတ်ပြီး နေကြတာပဲ။

ရန်ကုန်မှာတုန်းက ကိုယ်နဲ့လူလေးကို အမြဲတတွဲတွဲတွေ့ရတတ်တယ်။ သူ့တူလေးဆိုတော့ ရုပ်ကလဲ သူနဲ့ဆင်နေတယ်၊ အဲဒီတော့ တချို့ မိတ်ဆွေတွေက ကိုယ့်ကလေးပဲ ထင်ကြတယ်။ ကိုယ်ကလဲ လူလေးကို ကိုယ့်သား အထင်ခံရလဲ မနည်းဘူးဆိုပြီး မဟုတ်ဘူး ဘာညာ မရှင်းဘူး။ သူကလဲ ကိုယ်သွားလေရာ တကောက်ကောက် လိုက်တာပဲလေ။

သူ တာဇံ တီဗီဂိမ်း ကစားရင် ကိုယ်က ဘေးမှာ ထိုင်ပြီး ဝေဖန်တာပါ။ ကစားနည်းက တာဇံသွားတဲ့လမ်းမှာ မျောက်တွေထွက်လာပြီး နှောင့်ယှက်တတ်လို့ ခြောက်ထုတ်၊ အုန်းသီးနဲ့ ပေါက် အဲလိုလုပ်ရတယ်။ နို့မို့ဆို မျောက်က ကိုက်ရင် အမှတ်လျော့တယ် ဆိုပါတော့။ အဲဒါဆို ကိုယ်က ဘေးကနေကြည့်နေတယ်၊ လူလေးက မျောက်ကို အုန်းသီးနဲ့ သုံးခါပေါက်လို့ မျောက်က ပျောက်သွားပြီဆိုရင် ကိုယ်က ထ ပြောပြီ။ သားရယ်၊ မျောက်ကလေး သနားပါတယ်၊ အဲဒီလို လုပ်တာ အံတီချို မကြိုက်ဘူးနော်၊ မျောက်ကလေးကို မပေါက်နဲ့နော်။

ဟာ အံတီချိုကလဲ၊ သား မပေါက်ရင် သား တာဇံ သေသွားမှာပေါ့။ သူက ကိုက်တယ်ဗျ တဲ့။ ကိုယ်ကလဲ စ ချင်တာနဲ့ အတည်ယူပြီး လူလေးရယ်၊ မျောက်ကလေး သနားပါတယ် လို့ ဘေးကနေ တချိန်လုံး ထိုင်လုပ်နေတာ။ နောက်တော့ သူ စိတ်ညစ်လာတယ်။ ဒါ ကစားနေတာ အံတီချိုရ။ ကဲ ကဲ သား မျောက်ကို ရှောင်သွားပြီနော်၊ မသတ်တော့ဘူးနော်။ ဒါပေမဲ့ အချိန်တွေကြာကုန်လို့ အမှတ်တွေတော့ လျော့ကုန်ပါပြီ တဲ့။

သူ့ညီမလေးကတော့ ဘုံဘုံတဲ့။ ဘုံဘုံလေးကတော့ အရမ်း အကင်းပါးတာပါ။ သူ့စိတ်ထဲမှာ လူလေးကို ကိုယ်တို့နှစ်ယောက်က ပိုချစ်တယ်များ ထင်နေသလား မသိ၊ ကိုယ်တို့လာရင် သူ့မှာ လုပ်ပေးကိုင်ပေးချင်တာ ပျာလို့။ စာကလဲ တော်လိုက်တာ ပြောစရာ မရှိ။ အိမ်ပြန်ရောက်တာနဲ့ ဘယ်သူကမှ မပြောရဘဲ စာတွေ လုပ်တော့တာပဲ။ စာပြီးမှ ကစားတယ်။

ဒါပေမဲ့ ကိုယ်တို့လာပြီလို့ အသံကြားတာနဲ့ သူရေးနေတာ၊ လုပ်နေတာတွေ အကုန်ချ၊ ပြေးပြီး ရေသွားခပ်ရတာ။ အံတီချို သောက်ပါအုံး တဲ့။ ကိုယ်အပြင်သွားမယ်ဆိုရင်လဲ သူ့အိမ်က နှင်းဆီတွေ၊ စပယ်တွေခူးပြီး ကိုယ်ပန်ဖို့ ပေးရတာ အမော။ သူလဲ သူ့နည်းသူ့ဟန် နဲ့ သူ့ကို ချစ်အောင် လုပ်ရတာပေါ့လေ။

ဘုံဘုံလေးက အလှအပလည်း ကြိုက်တတ်တော့ ကိုယ့်ရဲ့ ဆွဲကြိုးလေးတွေ၊ ကလစ်လေးတွေ လိုချင်တယ်။ ဒါပေမဲ့ သူက သူ့အမေ ဆူမှာလဲ စိုးတယ်။ အဲဒီတော့ ကိုယ်က ပြောရတယ်။ သမီးလေး၊ အံတီချိုတို့မှာ သားသမီးလဲ မရှိတော့ တူ၊ တူမလေးတွေ အတွက်ပဲပေါ့။ သမီးတို့မှ မယူရင် ဘယ်သူယူမလဲ ပေါ့။ အဲဒါနဲ့ သူလဲ ကိုယ့်အဖြေကို ကျေနပ်ပြီး ယူတယ်။ နောက်တော့ သူ့အမေက သိသွားလို့ သူ့ကို ဆူတော့ ဘုံဘုံက ဘာပြန်ပြောသလဲဆိုရင် အံတီချို့ဆီမှာ သားသမီးမှ မရှိတာ ယူရမှာပဲ တဲ့။ အခု အံတီချိုလဲ နေမကောင်းဖြစ်နေပြီ၊ ဒီတော့ ယူကို ယူရမှာပဲ တဲ့။ သူက သူယူမိတာ ပိုခိုင်မာအောင်လို့ ဖြည့်ပြောလိုက်တာလေ။ ကိုယ်တို့မှာ ရီ လိုက်ရတာ။

သူတို့မောင်နှမ နှစ်ယောက်က ခဏခဏ နောင်ဂျိန်ပလေးတတ်တော့ ကိုယ်က ကစားနည်း တခု လုပ်ထားရတယ်။ သည်းခံတမ်း ကစားတာလေ။ တယောက်ကို တယောက်က သည်းခံလိုက်ရင် သည်းခံလိုက်တဲ့လူကို အမှတ် ၁မှတ် ပေးတယ်ပေါ့။ အမှတ်များတဲ့သူကို ကိုယ်က သူတို့တောင်းဆိုတာ ၀ယ်ပေးမယ်ပေါ့။ အဲဒီလို စည်းကမ်းလုပ်ထားတယ်။

တနေ့ကျတော့ လူလေးနဲ့ဘုံဘုံက ကိုယ့်ကို ဥာဏ်စမ်းစာအုပ်တအုပ်ကိုင်ပြီး ၀ိုင်းမေးခွန်းထုတ်ကြတယ်။ ကိုယ်ကလဲ ဥာဏ်စမ်းဆိုရင် ခပ်တုံးတုံးမို့ လုံးဝ မစဉ်းစားချင်ဘူး။ သူတို့နှစ်ယောက်ကလဲ ညှိထားတယ်၊ အဖြေမပြောကြေးပေါ့။

ဒါနဲ့ စ မေးတယ်၊ အံတီချို ကမ္ဘာပေါ်မှာ ဘယ်အရာက အလေးဆုံး လဲ တဲ့။
ကိုယ်။ ။ ဒါလေးများ...၊ ကျောက်တုံးကြီးပေါ့..
လူလေးနဲ့ ဘုံဘုံ ။ ။ မဟုတ်ဘူး..
ကိုယ်။ ။ ဒါဆို ဘာဖြစ်ပါလိမ့်မလဲ..ကဲ အံတီချိုလဲ မသိတော့ဘူးကွာ၊
ဘုံဘုံ။ ။ (သူက အဲဒီဥာဏ်စမ်းစာအုပ်ကို အကုန်ဖတ်ပြီး မှတ်မိနေတော့ အရမ်းပြောချင်ဇောနဲ့) အော်၊ အံတီချိုကလဲ ဒါလေးက လွယ်လွယ်လေး..။ မျက်ခွံပေါ့ အံတီချိုရဲ့၊ သူက အိပ်ချင်ပြီဆိုရင် လေးလွန်းလို့ ဘယ်လိုမှ တွန်းလို့ မရတော့ဘူးလေ။
လူလေး။ ။ (အသံအကျယ်ကြီးနဲ့) ဘုံဘုံ!!! နင်ပြောလိုက်ပြန်ပြီလား။ ငါဒေါသထွက်လာပြီနော်။ အေးလေ.. သည်းခံလိုက်ပါမယ်လေ၊ အံတီချို သား သည်းခံလိုက်တယ်နော်၊ တမှတ်နော်။

နောက် ဆက်မေးကြပြန်ရော..
လူလေးနဲ့ဘုံဘုံ။ ။ လူတယောက်က အမြင့်ကြီးပေါ်က ခုန်ချတာ ဘာမှ မဖြစ်ဘူး တဲ့၊ အဲဒါ ဘာဖြစ်လို့လဲ။
ကိုယ်။ ။ အိပ်မက်ထဲမှာမို့လို့ ဖြစ်မှာပေါ့၊ ဟုတ်တယ် မဟုတ်လား။
ဘုံဘုံ။ ။ (ကြားဖြတ်ပြီး) မဟုတ်ဘူးလေ အံတီချိုရဲ့။ သူက ရေထဲခုန်ချတော့ ဘာမှ မဖြစ်ဘူးပေါ့။
လူလေး။ ။ ဘုံဘုံ!!! နင်ပြောလိုက်ပြန်ပြီလား။ မပြောပါနဲ့ဆိုမှ..။
အေးလေ.. သည်းခံလိုက်ပါတယ်လေ၊ အံတီချို သားသည်းခံလိုက်တယ်နော်။

ဒီလိုနဲ့ သူတို့နှစ်ယောက် စာအုပ်တအုပ်လုံး ကုန်အောင် မေးခွန်းတွေ မေးလိုက်ကြ၊ ကိုယ်က မဖြေနိုင်တော့ စဉ်းစားလိုက်၊ ဘုံဘုံက မနေနိုင်လို့ အဖြေ ၀င်ပြောလိုက်၊ လူလေးက ဘုံဘုံ လို့ အော်ပြီး ဒေါသဖြစ်လိုက်၊ နောက် သည်းခံလိုက်ပါတယ်လေ ဆိုပြီး တမှတ်ယူလိုက်။

စာအုပ်လဲ ကုန်ရော လူလေးလဲ သည်းခံရတဲ့အမှတ်တွေ တော်တော်ရသွားပြီ။ ဘုံဘုံလဲ မနေနိုင်လို့ အဖြေ၀င်ပြောမိတာ နောက်ဆုံးကျတော့ သူ့အကိုက အမှတ်တွေရပြီး သူ့မှာ မျက်နှာကောင်းလဲ မရ။ အိပ်ယာပေါ်သွားမှောက်ပြီး တအိအိနဲ့ ငိုပါလေရော။
ကိုယ်လဲ အဲဒီ သည်းခံတမ်း ကစားတာလေးကို ခုထိမမေ့နိုင်ဘူး ဖြစ်သွားတော့တာပါပဲလေ။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...