ရိုးမ ရဲ့ ဟိုဖက်မှာ ..

အခုတလော ခရီးထွက်ချင်စိတ် ပြင်းပြနေလို့လား မသိဘူး။ တနေရာရာကို အေးအေးဆေးဆေး သွားနေလိုက်ချင်စိတ်တွေ ဖြစ်နေမိတယ်။ အခုအချိန်မှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်သေးတော့ ဟိုးအရင် ခရီးထွက်ခဲ့တာတွေ ပြန်တွေးမိတာပေါ့။

လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကိုယ့်အမျိုးသားရဲ့ သူငယ်ချင်းတယောက်က သူနဲ့စပ်တူ တနိုင်တပိုင် ရေလုပ်ငန်း လုပ်ရအောင်ဆိုပြီး အဖော်စပ်လို့ နှစ်ယောက်သား ရခိုင်ပြည်နယ်၊ တောင်ကုတ်မှာ ခပ်သေးသေး လုပ်ငန်းလေးတခု တွဲလုပ်ကြတယ်။ တွဲလုပ်တယ်သာဆိုတယ်၊ ကိုယ်တို့က ငွေစိုက်ရုံပဲ။ နားလဲ မလည်တော့ သွားလဲ မသွားမိဘူး။

လုပ်ငန်းတော့ ဘယ်လိုနေလဲ မသိ။ ကိုယ်ကတော့ အဲဒီသူငယ်ချင်း တောင်ကုတ်ကနေ ရန်ကုန်လာရင် ပါလာတတ်တဲ့ ပုဇွန်တုပ်ကြီးတွေ၊ ငါးပတ်ကြီးတွေသာ မျှော်မိတာပဲလေ။ ပါလာရင်တော့ အင်မတန် လတ်ဆတ်တာမို့ ကိုယ်ပေးချင်တဲ့လူတွေလဲ လက်ဆောင်ပေး၊ ကိုယ်လဲ ကောင်းကောင်းချက်စား ပစ်လိုက်တာပေါ့။

တနေ့တော့ တောင်ကုတ်ကို လိုက်လာခဲ့ပါအုံး တဲ့။ သူငယ်ချင်းက လှမ်းမှာတယ်။ အဲဒီအချိန်မှာ ကိုယ့်အမျိုးသားကလဲ ခရီးထွက်နေတော့ ကိုယ်ပဲ လိုက်သွားရမလို ဖြစ်နေတာပေါ့။ တောင်ကုတ်ဆိုတာ တခါမှလဲ မရောက်ဖူး၊ ကြားရုံ ကြားဖူးတာ။ ဒါနဲ့ ကိုယ့်ယောင်းမလေး ယဉ်ယဉ် (ဆုံးသွားတဲ့ ကိုယ့်မောင်လေးရဲ့ အမျိုးသမီး)နဲ့ အိမ်မှာနေတဲ့ ညီမတယောက်ကို အဖော်စပ်ပြီး သုံးယောက်သား တောင်ကုတ်ကို တက်ခဲ့တာပေါ့။

အဲဒီတုန်းက ညနေမှ ထွက်တဲ့ အဲကွန်းဘတ်စ်ကြီးတွေ စီးရတာပါ။ ခရီးထွက်ရတော့မယ်ဆိုပြီး ပျော်နေတဲ့ အပျော်တွေက ဘတ်စ်ကားပေါ်ရောက်တာနဲ့ အားလုံး ပျောက်ကုန်တော့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကားပေါ်မှာ ကြက်သွန်နီ အိတ်တွေနဲ့ ပြည့်နေတာ။ ခုံအောက်တိုင်းမှာ ကြက်သွန်နီအိတ်တွေ ထိုးထားတာမို့ ကုလားထိုင်မှာ ငုတ်တုတ်လေး ထိုင်ရတယ်။ တကားလုံး မွှန်ရတဲ့အထဲ အဲကွန်းဘတ်စ်မို့ တံခါးပိတ်ထားတော့ ကိုယ့်မှာ တလမ်းလုံး မျော့နေအောင် အန်သွားတာ။

လမ်းခရီး ထမင်းဆိုင်ရောက်တော့လဲ စားချင်ရက်နဲ့ မစားနိုင်။ လူက မူးတူး ယိုင်တိုင်။ အုပ်ထိန်းသူတွေ မပါလို့ ပျော်မယ် စားမယ်ဆိုတဲ့ အကြံတွေလဲ ကြက်ပျောက် ငှက်ပျောက်။ ညကလဲ မှောင်လို့ အိပ်ချင်ပြီ။ ကားပေါ်က တီဗီကလဲ ဘာတွေမှန်း မသိ၊ မရပ်မနား ပြနေတာပါ။ ဒီလိုနဲ့ ရခိုင်ရိုးမကို စတက်တော့ လုံးလုံးမှောင်ပြီ။

ကိုယ်တို့လဲ ကားရှေ့ပိုင်းကျတဲ့ ကားသမားနောက်က ထိုင်ခုံမှာ ထိုင်ရတော့ ဘေးဘီဝဲယာက မှောင်ပိန်းနေတာမို့ ရှေ့ကိုပဲ အားစိုက်ကြည့်ရတယ်။ လမ်းဘေးမမြင်ရတာ တော်သေးတာပေါ့။ ကားတစီးစာ သွားသာရုံ တောင်ပတ်လမ်းလေးမှာ ဘေးက ချောက်ကမ်းပါးကြီး။ မျက်နှာချင်းဆိုင်က ကားလာရင် အတက်ကားကို ဦးစားပေးပြီး လမ်းဘေးကပ်ပေးရတာ။

ကိုယ်လဲ ရိုးမကို စ ကျော်တာနဲ့ ကားသမား အိပ်ငိုက်မှာ စိုးရိမ်လိုက်ရတာ။ သူတို့ငိုက်သလား၊ မငိုက်သလား ကြည့်နေမိတော့ ကားအကူကလဲ နောက်လှည့်ပြီး လှမ်းလှမ်း ပြုံးပြသေးတာ။ ရှေ့ကို ကြည့်ပါဆို နောက်ကို လှည့်နေတော့ အော်..ချောက်ထဲများ ကားထိုးကျသွားရင် ခက်ရချည်ရဲ့။

တညလုံး သူတို့ သီချင်းဖွင့်တယ်။ ရိုးမပေါ်တက်တာနဲ့ အဲကွန်းပိတ်၊ တီဗီပိတ်၊ သီချင်း စ ဖွင့်တယ်။ အမြူးသီချင်းတွေချည်း ဖွင့်တာပါ။ ကားသမားတွေ အိပ်မငိုက်အောင် ထင်တာပဲ။ သူတို့ တလမ်းလုံး အော်ဆို သွားတာ။ အိပ်ချင်တဲ့လူက သီချင်းသံကြားမှာ ရအောင် အိပ်ပေတော့ ပဲ။

ဒီလိုနဲ့ ရိုးမ တနေရာမှာ ကားရပ်တယ်။ အားလုံး ဆင်းကြပါ ခင်ဗျား တဲ့။ မှတ်ပုံတင် စစ်မယ် ဆိုပဲ။ ကားသမားတွေလဲ ၁၅မိနစ်လောက်လဲ နားအုံးမယ်တဲ့။ ကိုယ်တို့လဲ ဆင်းကြရတာပေါ့။ နေရာက မိုးထိတောင် တဲ့။ ရိုးမတောင်ထိပ်ကြီး ရောက်နေတယ်ဆိုတဲ့အသိနဲ့ ပျော်သွားတာ။ ဒါပေမဲ့ ကားပေါ်က ဆင်းလိုက်တာနဲ့ အေးလိုက်တာ။ နှင်းမိုးလေးတွေ ရွာနေသလိုလို။ မှောင်မဲမဲထဲမှာ ဆိုင်တန်းလေးတွေဆီ စိုစိုစိစိ သွားရတယ်။

ဆတ်သားကြော်၊ ဂျီသားကြော်၊ ဆီထမင်း နဲ့ ကောက်ညှင်းပေါင်း ရမယ်တဲ့။ မနက် ၁နာရီလောက် ရှိပြီ ထင်တယ်။ ဒါနဲ့ အဆာပြေ ဆတ်သားကြော်နဲ့ ဆီထမင်း စားကြတယ်။ တသက်မမေ့နိုင်တဲ့ မနက်စာပေါ့။ ရင်ထဲမှာ နွေးပြီး စားလို့ကောင်းလိုက်တာ မပြောပါနဲ့တော့။ ရေနွေးကြမ်းလေး တငုံသောက်၊ ဆတ်သားကြော်လေး တဖဲ့နဲ့။

ကားပေါ်တက်ရတော့မယ်ဆိုတော့ မှတ်ပုံတင်နဲ့ နံမည်ခေါ်မှ တဦးချင်းစီ တက်ရတာ။ ကားပေါ်မှာ လူစုံပြန်တော့ ကားက မထွက်သေးဘူး။ ကားသမားတွေက ကာရာအိုကေဆိုင်မှာ သီချင်းတပုဒ်လောက် ဟဲနေလို့ တဲ့။ အော်..ရိုးမပေါ်မှာလဲ ကာရာအိုကေဆိုင် ရှိသေးသကိုးလို့ မှတ်ချက်ပြုရတယ်။

ကိုယ့်အထင် ရခိုင်ရိုးမကိုသွားမဲ့ ဘတ်စ်ကားကြီးတွေက တစီးနဲ့တစီး အချိန်သိပ်ခွာပြီး မထွက်ဘူး။ အားလုံး ညနေစောင်းပဲ ထွက်ကြတယ်။ ဒါမှ ကားတစီးစီးပျက်ခဲ့ရင် တစီးနဲ့ တစီး ကူနိုင်အောင်လို့ လို့ ထင်မိတယ်။ လမ်းမှာ ကားတစီးပျက်တာတွေ့ရင် ကျန်တဲ့ကားတွေ အကုန် ဆင်းပြင်ပေးကြ၊ လိုတာပေးကြနဲ့ အင်မတန် ရိုင်းပင်းတာ တွေ့ခဲ့ရလို့လေ။

မနက် ဝေလီဝေလင်းမှာ ရိုးမပေါ်က ဆင်းပြီ။ မြေကြီးနီနီနဲ့ စိုက်ခင်းစိမ်းစိမ်း အိမ်ပုပုလေးတွေ စ တွေ့ရပြီ။ ရခိုင်ရိုးမကြီးရဲ့ တဖက်မှာ ဒီလိုအိမ်လေးတွေ ရွာလေးတွေ ရှိနေသေးတာ တွေ့ရတော့ အံ့သြမိသလို ကြည်လဲ ကြည်နူးမိတယ်။ ကိုယ်တို့ သွေးသားညီအကိုတွေပဲပေါ့။ စကားကို ရှင်းရှင်းပြတ်ပြတ် ပြောကြပေမဲ့ စိတ်ရင်းကောင်းလို့ ခင်မင်စရာ။

တောင်ကုတ်ရောက်တော့ မိုးစင်စင်လင်းပြီ။ တည်းခိုဖို့ အိမ်က အဖေ့မိတ်ဆွေအိမ်။ ဦးကျောက်တောင် တဲ့။ ဦးက ရန်ကုန် ရောက်နေတာမို့ ဦးရဲ့ ညီမတွေက လိုလေသေးမရှိ လုပ်ကိုင်ချက်ပြုတ်ကျွေးမွေးကြတာပါ။ သူငယ်ချင်းက လာတွေ့၊ လုပ်စရာရှိတာတွေ လုပ်ပြီးတော့ ညီအမတတွေ တောင်ကုတ်ဈေးလေးလဲ ပတ်ကြသေးတယ်။ ရခိုင်မုန့်တီလဲ ရှူးရှူးရှဲရှဲ သောက်ကြသေးတယ်။

အဲဒီမှာ လှေနဲ့ဖမ်းလာတဲ့ ငါးပုဇွန်တွေကို ကမ်းစပ်နားမှာပဲ လတ်လတ်ဆတ်ဆတ် ချရောင်းနေတာလဲ ရှိတယ်၊ ဟင်းသီးဟင်းရွက်တွေကလဲ မြိုင်ဆိုင်နေတာ။ ငရုတ်သီးပုံကြီး တွေ့တာနဲ့ အံ့သြမိသေးတယ်။ အဲဒီကလူတွေက ငရုတ်သီးကို ပြည်တောင်းနဲ့ ၀ယ်ကြ၊ ရောင်းကြတာတဲ့။ တပြည်ကို ၃ရက်ပဲစားတယ်ဆိုလား၊ အားပါးပါး ကြားတာနဲ့ စပ်သွားတယ်။

လေဘေးအထည်တွေ ရောင်းကြ ၀ယ်ကြတာလဲ တွေ့ခဲ့ရသေးတယ်။ ဒါပေမဲ့ ရန်ကုန်လို နေရာမျိုးကို ပို့ဖို့ထင်တယ်။ ဘေထုပ်လိုက် ရောင်းကြ ၀ယ်ကြတယ်။ ပါကင်ဖောက်တာ မတွေ့မိဘူး။ ကိုယ်ကတော့ ရခိုင်ရိုးရာလေးတွေ ၀ယ်ဖို့ လျှောက်ကြည့်တော့ ခရုဆွဲကြိုးလေးတွေ၊ ခရုလေးတွေနဲ့ လုပ်ထားတဲ့ သမင်ပုံလေးတွေပဲ ၀ယ်ခဲ့တယ်။ ရခိုင်လုံချည်လေးတွေလဲ တထည် နှစ်ထည် ၀ယ်ခဲ့သေးတယ်။

တရက် နှစ်ရက်နေတော့ ငပလီကို ချီတက်ကြတာပေါ့။ ငပလီကို သွားတဲ့လမ်းကို သဘောအကျဆုံး။ အုန်းပင်တွေ တောင်တွေကြားက ပင်လယ်ကြီးကို တချက်တချက် ဖျတ်ကနဲ မြင်လိုက်ရတာ သဘောကျတယ်။ ပြာနေတဲ့ ပင်လယ်ကြီးကို လှိုင်းဖွေးဖွေးတွေက အနားသတ်ထားသလိုမျိုး။ ကိုယ်သာ ပန်းချီဆွဲတတ်ရင် အရောင်စိုစိုတွေကို ဆွဲမိမှာ။

မနက်တိုင်း ညနေတိုင်း ညီအမတတွေ ရေကူး၊ ရွာလေးတွေထဲ လျှောက်လည် ငါးခြောက်တွေ ဒေသထွက် အစားအစာတွေ ၀ယ်၊ ညနေဆို အုန်းရေသောက်ရင်း ပင်လယ်လှမ်းမြင်ရတဲ့ ကမ်းစပ်မှာ နေ၀င်တာကြည့်ရင်း ညစာစားကြတယ်။ အသားတွေလဲ မဲချိတ်လို့။ ဒါပေမဲ့ ပျော်နေတာပဲ။

ဒီလိုနဲ့ ပြန်ချိန်တန်တော့ တောင်ကုတ်ကတဆင့် ခရီးကြမ်းကြီး နှင်ရပြန်တယ်။ ရိုးမရဲ့ တဖက်မှာ သိပ်လှတဲ့ ရှုခင်းတွေ ရှိနေတာ၊ သိပ်ရိုးသားပြီး ခင်မင်စရာကောင်းတဲ့ လူတွေ ရှိနေတာ ဘာလို့ အရင်က မသိခဲ့၊ မရောက်ခဲ့ပါလိမ့်။ လမ်းခရီးတွေ ချောမွေ့ပြီး ကူးသန်းသွားလာရ လွယ်ကူရင် ဘယ်လောက် ကောင်းလိုက်မလဲ လို့ အပြန်လမ်းမှာ တွေးနေမိတယ်။

ငပလီကိုတော့ လေယာဉ်နဲ့သွားရင် ရတာ သိတာပေါ့။ ကုန်းလမ်းခရီးကိုလဲ ချောမွေ့စေချင်တာပါ။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ရောက်ခဲ့တာဆိုတော့ အခုအချိန်မှာ ဘယ်လိုနေမယ် မသိတော့ဘူး။ ပိုကောင်းနေပြီလား၊ လမ်းတွေ ပိုဆိုးသွားပလား မပြောတတ်တော့ဘူး။

ရေခြားမြေခြားမှာ ခရီးတွေ ထွက်ပေမဲ့ ဒီလို ရှုခင်းမျိုးတွေ၊ ဒီလို အပြုံးမျက်နှာနဲ့ နှလုံးသားဖြူစင်သူတွေ ကိုယ် ရှာမတွေ့တော့ပါဘူးလေ။ ငပလီကနေ တောင်ကုတ်အပြန် လမ်းက စိုက်ခင်းလေးတွေထဲမှာ လက်ပြနေတဲ့ ကလေးလေးတွေ အရင်လိုပဲ ပြုံးနေနိုင်သေးရဲ့လားလို့ တွေးမိနေတာပါပဲ။


မိုးချိုသင်း

51 comments:

ဖိုးစိန် said...

မြင်တာနဲ့နံပတ် ၁ ပြေးယူထားတယ်

ဖိုးစိန် said...

ကျနော်လဲအဲဒီလိုခရီးမျိုးလေးတွေသွားချင်တာ
မြန်မာပြည်မှာတုန်းကရန်ကုန်ကျော်ပြီးဘယ်မှမရောက်ဘူး..
အောက်မြန်မာပြည်ဆိုလို့ခရီးထွက်ရင်ကျိုက်ထီးရိုးပဲတစ်နှစ်တစ်ခေါက်မရိုးအောင်
ရောက်ဖြစ်တာ..
မကြီးချိုသင်းခရီးထွက်ချင်စိတ်ပြင်းပြနေရင်
ဆိုက်ပရပ်စ်ကိုလာလည်လေ
အခုချိန်ကနွေဆိုတော့
နားကောင်းကောင်းနားရမယ်လေ
ကြိုဆိုပါတယ်ဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ဂျူနို said...

ခုတော့လည်း လွမ်းစရာတွေပေါ့။ တောင်တက်ကားတွေက အားလုံးအတူတူပဲထင်တယ်။
ခြေမြောက်မြောက်နဲ့ လိုက်ရလို့ စိန်မြောက်မြောက်ကားလို့  ကိုယ်က နာမည်ပေးထားတယ်။
လိပ်ဥကော မစားခဲ့ဘူးလား။
လေဘေးထုတ်တွေက နိင်ငံတစ်ကာက ရခိုင်လေဘေးကိုပေးတဲ့ ကြက်ခြေနီအလှူ။

ခုနေသာ ချိုသင်းဗမာပြည်မှာဆိုရင် ချိုသင်း ခရီးသွားနေသည်လို့ အခွေထုတ်လို့ ရတယ်။
ရေးထားတာ ကိုယ်လည်းကားကြီးနဲ့ လိုက်တက်ရသလိုပဲ။
တော်သေးတယ် လိုက်မအန်မိလို့ ။

ဂျူနို said...

ဖိုးစိန်ဆီရောက်ရင် မအယ်ကို အကြောင်းကြားလိုက်။ လိုက်လာမယ်။
ပြီးရင် ကိုယ်တို့ ဆီ ခရီးဆက်ကြမယ်။

sin dan lar said...

မမရေ....
ရန်ကုန်-ပြည်-တောင်ကုတ် ကားနဲ့ သွားဖူးတယ်ဂျ၊ တောင်ကုတ်ကနေ ငပလီသွားပြီး သံတွဲက ရန်ကုန်ကို အမ်းတောင်ကြားလမ်း (ထင်တာ) အတိုင်း ဧရာဝတီတိုင်းဖက်က ပတ်ပြန်လာဖူးတယ်...။
ဦးကျောက်တောင်နာမည်ကို အရမ်းရင်းနှီးတယ်၊ မြို့မိမြိုဖ မို့။ မမနဲ့ ငပလီမှာ တွေ့ရရင်ကောင်းမှာနော်...။

ကိုဒီဘီ့ ချစ်ချစ်က တောင်ကုတ်သူ သိလားမမ။ (ဖွသွားသည်။)

P.Ti said...

မြန်မာပြည်မှာ ပြောရင် သွားချင်စရာနေရာတွေအများကြီးပဲ... တနေ့ကပဲ အမေပို့လိုက်လို့ လွင်မိုး ချင်းပြည်ကိုသွားတဲ့ စာအုပ် ကိုဖတ်ပြီး လွမ်းလိုက်တာ... လှလည်းလှ ဗဟုသုတလည်းရ ကိုယ့်တိုင်းရင်းသားအကြောင်းတွေလည်းသိ။ လမ်းပန်းဆက်သွယ်ရေးကတော့ ခက်နေသေးတာပဲနော်။

ကျွန်တော်လည်း ခရီးသွားချင်နေတာ...

Thant said...

ကိုယ့်နိုင်ငံက ရှုခင်းပုံကောင်းကောင်းတွေတွေ့ရင်သူများတွေကို ကြွားရတာအမော ။ သွားရေး လာရေးသာလွယ်ကူရင် ငါတို့နိုင်ငံတော့ ဆိုပြီးတွေးတာလဲ ခဏခဏ ။ ဟင်း...

ZT said...

ရှေ့ကပြင် နောက်ကပျက်။ နောက်ကပြင် ရှေ့ကပျက်။ လမ်းကို ကြည့်တာနဲ့တင် အနိစ္စကို မြင်ပြီး တောထွက်ချင်လောက်ပါရဲ့။ :D

ဇနိ said...

အမချိုသင်းပြောတဲ့ ရိုးမရဲ့ဟိုဖက်ကို မရောက်ဖူးဘူး။ အညာသူဆိုတော့ ပိုလို့ အဲဒီဖက်တွေကို စိမ်းတယ်။ ရောက်လည်းရောက်ဖူးချင်တယ်။ ငပလီကိုလည်း သွားချင်တယ်။ နွေးထွေးဖြူစင်မှုတွေကို ကိုယ့်ဆီမှာမှ တွေ့နိုင်တယ်ထင်တယ် အမရဲ့။ ကြက်သွန်ကားတွေများစီးရရင် နိနိလည်းအန်တယ်။ နိနိတို့မြို့ကနေ ယောနယ်ဖက်ကိုထွက်တဲ့ကားတွေလည်း ဘေးမှာချောက်ကမ်းပါးတွေနဲ့ ကြက်သွန်အိတ်တွေအပြည့်အမောက်နဲ့ စီးရတာ။ ဒီလို ကူးလူးနေရတဲ့အခြေအနေတွေ ပြောင်းလဲသေးမှာ မဟုတ်ပါဘူး။ ခရီးဝေးကားတွေက သီချင်းလေးကို အဖော်ပြုသွားရလို့ ထင်ပါ့။ ကားပေါ်မှာ ရှမ်းသီချင်းတွေလည်း ဖွင့်ကြတယ်နော်။ လွမ်းစရာလိုလို ဘာလိုလိုပဲ။
အမချိုသင်းရေ ခရီးသွားချင်နေရင် ဒီဖက်ကို မျက်စပစ်လိုက်ပါ့လား ဟင်။ ဖိုးစိန်ဆီမသွားနဲ့နော် အမ။ နိနိဆီကို လာပါ။
နိနိ

MrDBA said...

ဟိုက် ရှာလပါတ်ရည် .. ဆင်မ ဝင်ဖွသွားပါလား။
ငြိမ်နေလို့မရတော့ဘူး။ ဝင်ပြောရပေတော့မယ်။ (အဟိ)
လမ်းခရီးကတော့ ခုလဲအရင်အတိုင်းပါဘဲလေ။ မနှစ်ကတောင် ရောက်ခဲ့သေးတယ်။ ဆတ်သားခြောက်နဲ့ ဆီထမင်းကတော့ ကျွန်တော်လဲ သိပ်ကြိုက်။ သူမနဲ့ အကြောင်းမပါခင်က ဆွေပြမျိုးပြ မျက်နှာသွားပြတုန်းက စွန့်စားခန်းလေးတွေ ရေးဖို့စိတ်ကူးရှိသေးတယ်။ ဟီးဟီး။

MANORHARY said...

ချိုသင်းတစ်ယောက် ခရီးသွားဖို့ကြံစည်နေတယ်ဆို
စိတ်ကူးမလွဲနဲ့နော် ဒီမှာ သူငယ်ချင်းနှစ်ယောက်
ရှိတယ်း)
ရိုးမရဲ့ ဟိုဖက်ကိုသွားလည်ဖို့
ကျုပ်ပြန်ဦးမယ် လိုက်မလားး)

nanwarwarmg said...

မချိုသင်းရေ..
စာလာဖတ်သွားပါတယ်...
မဇနိပြောသလိုပဲ.... ၀ါဝါ့တို့ဆီလာလည်လေ....
ဖိတ်ခေါ်ပါတယ်နော်.. မနော်ပါ အတူခေါ်လာခဲ့လေ.
ဒီမှာ အခုရာသီဥတု ကောင်းနေပြီး..မချမ်းတော့ဘူးလေ.
ရိုးမဘက်ကို မရောက်ဖူးဘူး မချိုသင်းရေ...

အဲ့ ဆင်ဆင် ကနေရာတကာလျှောက်ဖွနေတာပဲ. :P
( ထပ်ဖွသည်.)

mainnmainn said...

အမ နဲ့ တူတူ တောင်ကုတ်သွားတဲ့ကားကြီးစီးလိုက်တာ
နဲနဲတောင် ပင်ပန်းသွားတယ်း)
တွေးကြည့်ရင်တော့ လွမ်းစရာတွေချည်းပဲအမရယ်..
အမရဲ့ အရေးအသားတွေက သရုပ်ပေါ်
လွန်းလို့ ပိုပြီးလွမ်းစေတာပေါ့..

Craton said...

dunno what to say about this post.. very touching and amazing one which consists of lots of souvenir and enjoyment!!!

tg.nwai said...

မရောက်ဖူးသေးဘူး ချိုသင်းရဲ့..ငပလီကို လေယာဉ်နဲ့သွားတာလောက်ပဲ..ရှုခင်းတွေတော့ လှမယ်နော်...ချိုသင်းစာဖတ်ရတာနဲ့ပဲ ခရီးသွားချင်စိတ်တွေ ထကြွသောင်းကျန်းလာပြန်ပြီ.. ဒါပေမယ့် အခြေအနေမပေးသေးတော့ နောင်များမှပဲ မရောက်ဖူးသေးတဲ့ နေရာတွေ သွားဦးမှ..။

JulyDream said...

ငပလီကိုတောင် လွမ်းသွားတယ်။ သွားရလာရတာ ခရီးပန်းပေမယ့် နောက်ထပ်တခါ ထပ်သွားချင်မိတယ်။

Steve Evergreen said...

ရခိုင်လဲမရောက်ဖူး။ ငပလီ လဲမရောက်ဖူးဘူး။ ဖတ်ပြီးရင်ထဲမောကျန်ခဲ့တယ်။ တကယ်ပြောတာ

pandora said...

အစ်မရေးထားတာ မျက်စိထဲမှာ မြင်လာတယ်

ငပလီကိုတော့ တစ်ခေါက် ရောက်ဖူးပါတယ်
ရခိုင်ပြည်နယ်မှာ တခြားနေရာတွေတော့ မရောက်ဖူးဘူး
မြောက်ဦးကို သွားချင်တယ်

Rita said...

ခရီးထွက်ချင်လာတယ် မမရေ။
ခရီးတော့ မပန်းချင်ဘူး။

cohtet said...

တောင်ကုတ်လမ်းတော့
ငယ်ငယ်တုန်းက တစ်ခေါက်သွားဖူးတယ်
တီအီး ၁၁ ကြီးနဲ့ လမ်းမှာ ၂ ည အိပ်ရတယ်။
ဘိလပ်မြေအိပ်တွေပေါ်ထိုင်ပြီးလိုက်တော့
အစာကကျေ စားလို့ကောင်းမှကောင်း
မိုးထိမှာ တိမ်တွေ မကိုင်ခဲ့ရဘူးလား ..

ငထက်

JuneOne said...

တစ်ခါမှမရောက်ဖူးဘူး။သွားချင်လိုက်တာ။

PAUK said...

၂ခါသွားဖူးတယ်..
တစ်ခါက ငယ်ငယ်က ရတန်းထင်တယ်..
ဒတ်ဆန်းကားနဲ့.. အမေ့မိတ်ဆွေတွေနဲ့
သင်္ကြန်ဘုရားဖူးဆိုပြီး သွားတာ..
ရီရတာက သွားတဲ့သူအားလုံး
ဘာသာခြားချည်းပဲ..ဒရိုင်ဗာနဲ့ စပယ်ယာက လွှဲလို့
တောင်ကုတ်ရောက်တော့ အသ်မိတ်ဆွေမရှိပါဘူး
ဘုန်းကြီးကျောင်းမှာတည်းတာ..မေမြို့က ပါလာတဲ့ ငှက်သိုက်မလိုင်မုန့်တွေကပ်လှူခဲ့သေးတယ်
အသွားရောအပြန်ပါ အဲ့ဘုန်းကြီးကျောင်းပဲ..
နောက်တခေါက်က..ကျနော်တို့ လူငယ်အသင်းနဲ့
မှန်လုံကား အပြတ်ငှားပြီး..လူငယ်အသင်းဝင်၂၅ယောက်သွားတယ်..
အိမ်က အမေက ဒယ်အိုးတွေ ကြာညို့တွေ..ဆား..တရုတ်မဆလာတွေ ထည့်ပေးလိုက်တယ်...ငပလီရောက်တော့ ထမင်းအလှည့်ကျချက်စားတယ်..
ကျနော်မချက်တတ်တော့..ကျနော့်အောက်က မောင်ကူချက်ပေးတယ်..ဟီးး
သံတွဲမြို့က ချစ်ကောင်းဆိုတဲ့..စားသောက်ဆိုင်
ကို အမှတ်ယတယ်..
အဟဲ..လေရှည်သွားပြီ..

ကြည်ဖြူပိုင် said...

မမချိုသင်းရေ…ပျော်စရာကြီး ။ အနော်တောင်ကားနဲ့ သွားချင်လာပြီ။ ကားနဲ့ မရောက်ဖူးသေးဘူး။ တော်သေးတယ် မမရဲ့ ဘလော့ဂ်ကို လာချောင်းတာ အသစ်တင်လို့
မတင်လို့ကတော့ အိပ်မက်တောင်ထည့်မက်တော့မလို့။ အသစ်ဖတ်ချင်လို့အော်ငိုနေတယ်ဆိုပြီး…ဟဲဟဲ

ကိုလူထွေး said...

အခုဒီနေ့ ဒီပိုစ့်မှာ လာရေးသွားတဲ့သူတွေနဲ့ အတူတူ ကားကြီးတစ်စီးငှားပြီး ခရီးထွက်ရရင် ကောင်းမယ်နော်...

ကားပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် စကာတွေပြောကြ...

တစ်ယောက်က ပြောသွားတာကို နောက်တစ်ယောက်က ကွန်မင့်တွေ့ ပေးကြ...

ဘလော့လည်သလို တစ်ယောက်တစ်လှည့်စီ ခုံတွေကို ရွှေ့ ထိုင်ကြ

ဘယ်သွားရင်ကောင်းမလဲ...

khin oo may said...

ကြိုစာရင်ပေးသွားသည် ကိုလူထွေး

May said...

ဒို့ လည်းလိုက်မယ် ချန်မထားနဲ့ .... မြန်မာပြည်ကိုပြန်ကြမယ်လေ...။မကောင်းဘူးလား...။
မိပ။

ရွာသားလေးဝိုင်တီယူ said...

ဂိုက်ကလေ ဒူရင်းသီးရွေးနည်းနဲ့ စားနည်း သင်ပေးလိုက်တယ်အမ..

ဂျူနို said...

ကိုလူထွင်း အကြံကောင်းတယ်။ ဒဏ္ဍရီလိုလေ။ ကားကြီးနဲ့ သွားကြမယ်။

ဂျစ်ဂျစ်ကိုကော ခေါ်ခဲ့လို့ ရတယ်မလား။

ဂျူနို said...

ဟာ ရှုတ်ပါတယ် ချိုသင်းရာ။ လက်ပစ်ကူး သွားကြမယ်။ ဘလောဂါတွေရဲ့ အိမ်မှာ အစောင့်တွေရှိတာမှ မဟုတ်တာ။ သူများတွေ စစ်သား ၄သိန်းဝိုင်းထားတာတောင် လက်ပစ်ကူး ၀င်နိုင်သေးတာ။

မလိခ said...

မမ ရေးတာဖတ်ပြီး ရိုးမဖက်ကို ကားစီးပြီးသွားချင်လာပြီ...။ သွားဖို့အရင်က ကြံဖူးတယ်..ဦးလေးတစ်ယောက်သွားတာ ကားပျက်ပြီး နာရီ ၃၀လောက်ကြာသွားတယ်ဆိုတာနဲ့ လန့်ပြီး မသွားဖြစ်တော့တာ...။

Thet Oo said...

Comment ရေးမလားလို့.. ကြည့်လိုက်တော့ ကိုယ်ရေးချင်တာတွေ တချို့က ရေးသားပြီး ဖြစ်နေတာ တွေ့ရတယ်။ မြန်မာပြည်မှာ မဆလ ခေတ်တုံးက လူတွေ တနေရာကနေ တနေရာ သိပ်မရောက်ဖူးကြဘူး။ ဆင်းရဲလို့လေ။ အခု စစ်အုပ်ချုပ်ရေးခေတ်မှာတော့ ပိုဆိုးတာပေါ့။

may htaik said...

အန်တီချိုသင်းရေးထားတာ ဖေဖေတာဝန်ကျလို့ (၇)နှစ် နေခဲ့ရတဲ့ သံတွဲကို လွှမ်းလိုက်တာ။ အခုအထိလည်း ကလေးတွေ လက်ပြတုန်းပဲပြ။ ကားပေါ်ကနေ သကြားလုံးပေးရင်း ၀ိုင်းကောက်လိုက်ကြတာများ အလုအယက်။
အင်း... ငပလီကတော့ အလှဆုံးပါပဲ။ အခုဆို ဘန်ဂလိုတွေ၊ ဟော်တယ်တွေ (နိုင်ငံခြားရင်းနှီးမြှပ်နှံမှု) အရမ်းလန်းနေတာ။ အဲဒါတွေဆောက်ဖို့ အုန်းခင်းအသိမ်းခံရတဲ့ လူတွေတော့ လျော်ကြေးမှရရဲ့လားမသိ။
ဒီတစ်ခေါက် ရွာပြန်ဖြစ်မှ မေးကြည့်လိုက်အုန်းမယ် ဖေဖေ့ကို။ ငပလီကိုလည်း သွားဖြစ်အောင်ထက်သွားလိုက် အုန်းမယ်။ အဲဒီ့က ရခိုက်ကြက်သောက်စမ်းဆို ကောင်းမှကောင်း။ ရှလွှတ်။

may htaik said...

Eek! အန်တီချိုသင်းလိုက်မိတယ်. မသိလို့
Craton မန့်ထားတာ အဲလိုခေါ်ရင်အကြိုက်ဝူးတဲ့။
ဟီးဟီး.. ဆောရီး။ နောက်မခေါ်တော့ဝူး ရှေ့ပဲ... :D

htike said...

မမိုးရေ ကျနော်လည်းခရီးသွားရတာကို ကြိုက်တယ်..
ကျနော်တို့က Geology သမားတွေဆိုတော့ ခရီးပဲသွားချင်းနေကြတယ်နော.. ခရီးသွားရင်ဓါတ်ပုံရိုက်မှတ်တမ်းယူရတာကို ပိုပြီးသဘောကျတယ်....

Mae said...

မမိုးချိုသင်း ရေးထားတာ ပျော်စရာကြီး (ကြက်သွန်အိပ် မပါရင်).. ရခိုင်ဘက် တခါမှ မရောက်ဖူးဘူး၊ ပုဇွန်ထုပ် ဆီထမင်း ဆတ်သားကြော်.. အကုန်စားချင်တယ် :(

T T Sweet said...

လာဖတ်သွားပါတယ် မချိုသင်းရေ။ ကိုယ်တိုင်ခရီးသွားလိုက်ရသလိုပါပဲ။ အစ်မလဲ ကားကြီးတွေနဲ့ ခရီးသွားရတာကြိုက်တယ်။ လမ်းမှာကြုံတာဝင်စား။ လမ်းခရီးဆို စားလို့ သောက်လို့ ဘယ်လိုကောင်းမှန်းမသိဘူး။သိလား။ အဲလိုတောင်တက်လမ်းတော့ ကြောက်တယ်။

ကိုလူထွေး said...

အမြဲတမ်း လာပြီး အားပေးတတ်တဲ့ မချိုသင်းရေ... အဲဒီအတွက် အရင်ဦးဆုံး ကျေးဇူးတင်ကြောင်း ပြောပါရစေ

ခရီးထွက်ဖို့ အတွက် အဆင်သင့်ဖြစ်ရင် လာအကြောင်းကြားပါ့မယ်။ မချိုသင်းတို့ မောင်နှံအတွက် စပါယ်ရှယ် seat ဦးပေးထားမယ်လေ...

Ko Htike said...

ဟုတ်တယ်မမိုးရေ ကျနော်က Geology ကပဲ..
ဆယ်တန်း၂၀၀၁ အောင်တယ်..မော်လမြိုင်တက္ကသိုလ်
ကပါ..ကျနော်တို့Field ဆင်းခဲ့တဲ့အကြောင်းတွေကို ကျနော့်ရဲ့ နောက်ထပ်ဘလော့တခုဖြစ်တဲ့ ခဏလေးများ မှာတင်ထားတယ်...လာလည်ပါအုံး ..ကျောင်းသားဘ၀ကိုပြန်လွမ်းသွားမယ်..သေချာတယ်
http://khanalaymyar.blogspot.com

မမသီရိ said...

ညီမရေ..
ရိုးပေါ်မှာ မှတ်ပုံတင်စစ်ခံရတဲ့နေရာ
ဆတ်သားခြောက်တွေ ရတဲ့နေရာက.. ရေပေါ်ကြီး စခန်း လို့ ခေါ်တယ်
.....
တောင်ကုတ်မှာ ဦးကျောက်တောင်နဲ့ စီးပွားရေးလုပ်ခဲ့တာဆိုတော့
လုပ်ငန်းလေးတော့ မဟုတ်လောက်ဖူး.. နော်..း)..
သူကဒီလောက်နံမည်ကြီးတဲ့ ဟာ..

ငပလီ ကတော့ လှဆဲပါပဲ..
ခုတခေါက် မမ ရောက်ခဲ့တယ်လေ..

ပြန်ဆုံတဲ့ခါ တို့ တွေ ထပ်သွားကြတာပေါ့..
ရိုးမရဲ့ ဟို တဖက်က ဒီအတိုင်းပါပဲကွယ်..
ဒီတဖက်လဲ သိပ်မထူးပါဘူး ညီမရယ်..
ချမ်းသာသူတွေက ပိုပြီး ချမ်းသာ သွားကြပေမဲ့
ဆင်းရဲတဲ့သူတွေကတော့.. ဆင်းရဲတွင်း က ပို နက် နေတာပါပဲ

သက်ဝေ said...

တကယ်တော့ ခရီးသွားကြမယ်ဆိုရင် ကိုယ့်တိုင်းပြည်ထဲမှာတင် သွားချင်စရာ ပျော်စရာ စိတ်ဝင်စားစရာနေရာတွေ အများကြီးရယ်...

လမ်းက စိုက်ခင်းလေးတွေထဲမှာ လက်ပြနေတဲ့ ကလေးလေးတွေ အရင်လိုပဲ ပြုံးနေကြသေးလား တကယ်ပဲသိချင်ပါဘိ ချိုသင်းရေ...။

ဒါနဲ့ ဘလော့လည်သလို တစ်ယောက်တစ်လှည့်စီ ခုံတွေကို ရွှေ့ ထိုင်ကြရင်း သွားကြမယ့် ခရီးအတွက် စာရင်းက ဘယ်သူ့ဆီမှာ ပေးထားရမှာလဲ...
ညီမဆီမှာလား.. ကိုလူထွေးဆီမှာလား...

ဂျူနို said...

လိုက်စေ လိုက်စေ ချိုသင်းရေ။
ထိပ်ဆုံးကကို လိုက်စေ။

ဖိုးစိန် said...

မကြီးချိုသင်းက ကျနော့်ကိုကျတော့တစ်ယောက်တည်းလာခဲ့ပေါ့လေ
မတရားဘူးး

စိတ်တောင်မကောင်းဘူးး
ထမင်းစားမဝင်ဘူးဒီည မအယ်တို့စီဘုံးမှာဝင်ဖတ်ခဲ့တာ
ဆန်ပြုတ်စားလို့ပါ
အဟီးးး
မခေါ်လို့ကတော့ မချိုသင်းထမိန်ခိုင်ခိုင်သာဝတ်ထားဗျို့
စတာနော်မကြီးချိုသင်း
စိတ်ဆိုးနဲ့
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Steve Evergreen said...

visited again

ပိုင်ဖြိုးကို said...

မချိုသင်းပြောတဲ့ နေရာတွေကို ရောက်ဖူးချင်တယ်ဗျာ :)

TNS said...

မမိုး
အဲဒီ စိတ်ခံစားမှုမျိုးခံစားဘူးတယ်...
မိုးထိတောင်မှာ သိပ်ပျော်စရာကောင်းတာ..
ချေ( ဂျီ)သားဟင်းနဲ့ ထမင်းစားခဲ့ဘူးတယ်..
တိမ်တွေထဲမှာ ကားစီးရတာ..။
ဟိုတုန်းက အဲယားကွန်းဘတ်စ် တွေမရှိသေးဘူး..ကုန်အပြည့်တင်ထားတဲ့ ကုန်ကားကြီးအမိုးပေါ်က စီးရတာ..
တိမ်တွေက ကိုယ့်ဘေးက ..
ကိုယ့်အောက်က...
ဘ၀င်တောင်မြင့်ချင်သွားတယ်..
ကိုယ့်ကိုကိုယ် နတ်သားလိုလို ဘာလိုလို..း)

ဖိုးစိန် said...

ဘာတွေလုပ်နေလဲမကြီးချိုသင်း
ခရီးထွက်ဖို့အထုတ်ပြင်နေပြီးလားဗျ

မြစ်ကျိုးအင်း said...

ဟုတ်တယ် ကျွန်တော်တို့ မြန်မာပြည်မှာ တကယ်လှတဲ့ နေရာတွေ အများကြီး ရှိသေးတယ်..။တိုင်းရင်းသားတွေက ရိုးသားတယ် ဖော်ရွေတယ်..။
အမှတ်တရ ပစ္စည်းလေးတွေ ပေးရင်း သွားလည်ချင်သေးတယ်..။
...ခင်မင်သောအားဖြင့်...

Khin Lay said...

Thanks a lot because Taung Goke is my native town. I lived near U kyaut Taung's house and his wife is my cousin sister.But I can't go back for 15 years. I miss too much.

thapyaynyo said...

While reading your article, it reminds me my events of travelling to Kachin State. I really really miss my country ,Myanmar( beautiful Myanmar). I also love travelling especially in Myanmar.ဒီမှာတော့မပျော်ဘူး။

khin said...

အော်ဆရာမရေ့၊အရင်က၊ကျတော့ဂျီတော့မှာ၊(သည်တွင် ရွှေမြို့၊သည်သို့စေတီ)ဆိုတာရေးထားတယ်။အခုကျတော် တယောက်တည်း၊နေတာတနှစ်လောက်ရှိပြီ၊တော်သေးတာ ပေါ့၊အရင်က၊အထဲမှာ၈နှစ်လောက်နေခဲ့တဲ့အကျင့်လေး ရှိခဲ့လို့၊ခုနပဲ၊အသိလေးတယောက်က၊သူ့ဂျီတော့မှာ (ပိတောက်တွေရွှေရည်လူးခဲ့ပေါ့)တဲ့၊သူလည်းသင်္ကြန်ကို သတိယပြီးရေးးထားတာ၊အဲလိုပဲမြန်မာပြည်ကိုသတိအမြဲရ နေတာ၊အခုဆရာမရဲ့ခရီးသွားဆောင်းပါးလေးဖတ်ရ တော့၊ဘယ်လိုသတိရမှန်းမသိအောင်ပါပဲဗျာ၊
ချက်ချင်းတောင်ပြန်ပြေးလိုက်ချင်တယ်၊ ဟိုတုံးက၊ ရောက်ခဲ့ဘူးတဲ့နေရာတွေ၊နေခဲ့တဲ့နေရာတွေ၊ခရီးသွားခဲ့ တာတွေအားလုံးပြန်သတိယလိုက်တာဗျာ။
အခုကျတော်တို့ရောက်နေတဲ့၊နေရာ၊နဲ့အားလုံးကွာခြား လေတော့၊ပြည်ပရောက်နေတဲ့ကျတော်တို့လူမျိုးတွေက ကိုယ့်လူမျိုးကိုယ်၊(ရွှေ)လို့နာမည်ပေးတာလည်း ပေးထိုက်ပါလားလို့အောင့်မေ့မိတယ်ဗျာ။မြေကြီးကအစ အားလုံးဟာ၊အသုံ့းဝင်၊အားလုံးဟာလည်းလတ်လတ် ဆတ်ဆတ်စားရသောက်ရတာတွေချည်းပါပဲ။

Raymond.Kyaw Minn Naing said...

ကျွန်တော်တို့သူငယ်ချင်းတွေ ၂၀၀၈ ကသွားကြတာ အဲဒီအတိုင်းပဲအမ၊ မပြောင်းလဲသေးဘူး။ ဟုတ်တယ်..သူတို့အစပ်အရမ်းစားနိုင်ကြတယ်။အမရေးထားတာကောင်းတယ်။