ကိုယ်က ပြုပြုပြင်ပြင် မရှိ၊ မနေတတ်တာ သူကံကောင်းတာလား မသိဘူး။ မိန်းကလေးများ ပြုပြင်ရင် ကုန်မဆုံးတာမို့ သူကံကောင်းတာလို့ ပြောရတာပါ။ ဒါပေမဲ့ တခြား မိန်းကလေးတွေ ပြင်ပြင်ဆင်ဆင်နေရင်တော့ သဘောကျတာ အရမ်းပဲ။ ကိုယ်ကိုယ်တိုင်သာ မလုပ်ဖြစ်တာရှိမယ်၊ သူများပြင်ရင်တော့ သဘောကျလို့ တပြုံးပြုံးနဲ့နေတယ်။
ရုံးမှာလဲ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ လှလှပပ ပြင်ဆင်ဝတ်စားထားရင် ကိုယ်က သတိထားမိတော့ ချီးကျူးစကားပြောမိတယ်။ သူတို့ကလဲ ကျေနပ်လို့။ ယောကျာင်္းလေး တယောက်က လှတယ် ပြောတာထက် မိန်းကလေးအချင်းချင်း လှတယ် ပြောတာကို ပိုတန်ဖိုးထားတယ် ဆိုပဲ။ နောက်တော့ တခုခု အသစ်အဆန်းလေး ပြင်ဆင်လာတိုင်း ကိုယ့်အခန်းထဲ ၀င်လာပြီး ပြရတာအမော။
ကိုယ်ကတော့ ပုံတုံးပါ။ မတုံးခံနိုင်ရိုးလား။ အခုလို ဆံပင်ညှပ်တာတောင် သူ့ဆံပင်ရှည်နေလို့ ညှပ်ဖြစ်တာ။ ကိုယ်ပြောတာ ရှုပ်သွားပြီလား မသိဘူး။ ကိုယ်တို့နှစ်ယောက်က ဆံပင်ညှပ်လဲ သူနဲ့အတူတူ သူညှပ်တဲ့ဆိုင် ကိုယ်လိုက်ညှပ်လိုက်တာပါ။ ထူးထွေ ပြင်နေတာ မဟုတ်ပါဘူး။
ကိုယ် ဆံပင်ညှပ်ဆိုင်ကို သွားတဲ့အချိန်က သူဆံပင်ရှည်တဲ့အချိန်လို့သာ မှတ်ထားလိုက်တာပါပဲ။ ညှပ်ပြီဆိုလဲ ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ ဘာပုံညှပ်မလဲဆိုရင်လဲ လိုက်မဲ့ပုံသာ ညှပ်ပေးပါ ပဲ။ သိပ်ပြီး ပုံဆိုးပန်းဆိုး ဖြစ်မသွားရင် တော်ပါပြီ။ ဒါပေမဲ့ တခါတလေကျရင် နာဇီအကျဉ်းစခန်းက ထွက်လာတဲ့ သူလို ဆံပင်တွေ မညီမညာ ဟိုထိုးဒီထောင် ဖြစ်လာတတ်သေးတယ်။ အဲဒီအခါကျတော့လဲ ရှိစေတော့ ပေါ့။
ငယ်ငယ်တုန်းကတော့ ကိုယ်က ဆံပင်အရှည်နဲ့ပါ။ မရှိမဲ့ ရှိမဲ့ ဆံပင်လေးကို စုလိုက်၊ ထုံးလိုက် ကံ့ကော်ပန်းလေး ပန်လိုက် လုပ်တတ်သေးတယ်။ ကြီးလာတော့ စိတ်မရှည်တော့ဘူး။ မလေးရှားမှာ တခါ ဆံပင်သွားညှပ်မယ် ဆိုတော့ အိုက်လဲ အိုက်နေတာမို့ ဆံပင်ညှပ်လိုက်ရင် ကောင်းမလား မသိဘူးဆိုပြီး မေးပြောပြောမိတော့ ကတုံးတုံးပြီး ဘေးကြောင်းလေးတွေ ဖော်လိုက်ပါလား တဲ့။ ဒါနဲ့ သူလဲ သဘောတူသားပဲ ဆိုပြီး တိုတိုလေး ညှပ်ခိုင်းလိုက်တယ်။
အပြင်မှာ သူငယ်ချင်းနဲ့ စောင့်နေတဲ့သူက ကိုယ်ညှပ်နေတာကို တချက်လှမ်းကြည့်လိုက်တော့ ကတ်ကြေးထဲမှာ ဆံပင် အရှည်ကြီး ပါသွားပြီ။ ချက်ချင်း ဆိုင်ထဲ ပြေးဝင်လာပြီး ဟာ..တကယ်ညှပ်လိုက်တာလား တဲ့။ သူ့စကားနားထောင်ပြီး ကတုံးတုံးမယ်ထင်လို့ လန့်သွားတယ်။ ဘေးကကို မခွာတော့ဘူး။
တကယ်တော့ ဆံပင်ညှပ်တာ အနုပညာတမျိုးပဲ လို့ ကိုယ်က ထင်မိတယ်။ ဆံပင်ညှပ်မဲ့သူက သူ့ကို ခေါင်းအပ်လိုက်ပြီဆိုတာနဲ့ လှအောင် ပုံဖော်ပေတော့။ တချို့တွေလဲ သပ်သပ်ရပ်ရပ်လေး ဖြစ်သွားပြီး ပိုလှသွားတယ်။ တချို့ကျတော့လဲ ပိုဆိုးသွားတာ အမှန်ပဲ။ ထိုင်နေရင် အကောင်းသား၊ ဆံပင်ညှပ်ဆိုင်သွားမှ လူမိုက်လိုလို ဘာလိုလို ဖြစ်သွားတယ်။
တချို့ကျတော့လဲ စက်ကတ်ကြေးနဲ့ ကတုံးလို ပြောင်အောင် ထိုးလိုက်တာပဲ။ ထိပ်မှာသာ ဆံပင်ရေးရေးလေး ကျန်တယ်။ အဲဒါကိုပဲ သူ့မှာ ဟိုဖက်လှည့်ကြည့်၊ ဒီဖက်လှည့်ကြည့်နဲ့ ကြည့်မပြီးဘူး။ ကတုံးလိုလိုမှာ ဘယ်က အစ ထွက်မှာမို့ မှန်ကွဲအောင်ထိ ကြည့်နေသလဲ မသိ။ ပြီးမှ ကျေနပ်ပြီး tips များများပေးလိုက်တယ်။
တချို့ကျတော့လဲ ဆံပင်ထူထူပုံစံ ဖြစ်အောင် ညှပ်ပေးပါ တဲ့။ ကြည့်လိုက်တော့ နှစ်မွှေးလား ရှိတယ်။ ညှပ်တဲ့လူကလဲ ဒီနှစ်မွှေးကို ဘယ်လိုထူထူ ညှပ်မလဲ ကိုယ်က စိတ်ဝင်စားနေတယ်။ ဆံပင်ကို အသာလေး လက်နဲ့ ဆွဲပြီး ဘီးနဲ့ သုံးလေးခါ ဖီးတယ်။ ဟိုဖက်ကို ဆွဲပြီး နည်းနည်း တိတယ်၊ နောက်ကို နည်းနည်းယူပြီး အသာလေး တိတယ်။ ၅မိနစ်လောက်နေတော့ ခပ်ထူထူပုံ ဖြစ်သွားပြီဆိုတဲ့သဘော လက်ကို ချထားလိုက်တော့တယ်။ ပြီးသွားပြီလို့ ဆိုလိုချင်တာများလား။ ဒါမှမဟုတ် လက်လျှော့သွားတာလဲ ဖြစ်နိုင်တယ်။
အဖေကျတော့ တမျိုးပါ။ ကိုယ်က ယောကျာင်္းလေးဆို ရိုးရိုးဘိုကေမှာ ဆံပင်တိုတိုညှပ်ထားရင် ချစ်စရာကောင်းတယ် ထင်တတ်သူ။ ဒါကြောင့် အဖေ့ကို ဆံပင်တိုတိုပဲ ညှပ်စေချင်တာ။ အဖေကတော့ ဆံပင်ညှပ်ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ ငြိမ်ငြိမ်နေရတော့ ချက်ချင်း အိပ်ပျော်သွားတာပါ။ အိပ်တာတောင် ပြုံးပြုံးကြီး အိပ်ရင်း အညှပ်ခံနေတာ။
ညှပ်တဲ့သူက ခုံကို လှည့်ပတ် မွှေ့ပြီး ညှပ်နေလဲ အိပ်နေတုန်း။ ညှပ်တဲ့သူက သဘောကျပြီး ကိုယ့်ကို လှမ်းပြသေးတာ၊ တွေ့လား မင့်အဖေ အိပ်နေပြီ ဆိုသလိုမျိုး။ ဆိုင်ရှင်ကလဲ ကိုယ်တို့ကို ခင်နေပြီ။ ကိုယ့်အမျိုးသားက အဖေ့ကို ဆံပင်ညှပ်တဲ့သူကို အမြဲတမ်း tips များများ ပေးတော့ လူများလို့ အဖေ မစောင့်နိုင်ရင်တောင် ဆိုင်ရှင်က လိုက်ခေါ်တာပါ။ ထွက်လာတော့လဲ ဒီပုံ ဒီပုံပါပဲ။
ကိုယ့်အမေကျတော့ ဆံပင်ညှပ်တဲ့ပေါ်မှာ ယူဆပုံ တမျိုးပါ။ ဆံပင်က လူ့ရုပ်ကို ပြောင်းစေတာမို့ လက်ရာ ကောင်းကောင်းဆိုင်မှာသာ ညှပ်စေချင်တာပါ။ တခါတလေမှ ဆံပင်ညှပ်တာကိုလဲ ဘယ်တော့မှ မနှမြောတတ်ပါဘူး။ တန်ဖိုးသိတယ်လို့ ပြောရမလားဘဲ။
ကိုယ်တို့ ငယ်ငယ်လေးတုန်းက အမေက ကိုယ်တို့ညီအမတွေကို ခေါ်သွားပြီး ဗိုလ်ချုပ်ဈေးက နံမည်ကြီး ဆံပင်ညှပ်ဆိုင်မှာ အမြဲ လိုက်ညှပ်ပေးခဲ့တာ မှတ်မိနေပါတယ်။ ကလေးတွေမို့ ဖြစ်လေရာ ညှပ်လိုက်မယ် သဘောမထားခဲ့ဘူး။ ကိုယ်ကတော့ ဆံပင်ညှပ်ရမယ်ဆိုရင် ပျော်နေတာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ဈေးက ဆိုင်တွေမှာ မုန့်အ၀ စားရလို့ပါပဲ။
နည်းနည်းလေးကြီးလာတော့ အမေလိုက်ပို့စရာ မလိုတော့ဘူး။ ညီအမတတွေ ကိုယ့်ဖာသာကိုယ် ကြိုက်တဲ့ဆိုင်မှာ သွားညှပ်ကြတယ်။ အဲဒီအချိန်တုန်းက အခုလို ဆံပင်ညှပ်ဆိုင်တွေ သိပ်မများသေးဘူး။ ကိုယ်တို့ အမြဲညှပ်နေကျဆိုင်က ကုက္ကိုင်းက ဂျပန်အမျိုးသမီးတယောက် ဖွင့်ထားတဲ့ အိမ်ဆိုင်လေးပါ။ ကြည်အေး ကိတ်မုန့်တိုက်ဘေးက လမ်းလေးထဲ ၀င်သွားရင်ရောက်တဲ့ သူ့အိမ်မှာ ညှပ်ပေးတာပါ။
အဲဒီတုန်းက ၅ကျပ်ဆိုရင် ဆံပင်ကောင်းကောင်းညှပ်လို့ ရနေတဲ့အချိန်မှာ သူက ၁၅ကျပ် ပေးရတယ်။ လူများလွန်းလို့ ဆံပင် တခါညှပ်ဖို့အရေး နေ့တ၀က်လောက် စောင့်ရတာမျိုး။ ကိုယ်ကတော့ စိတ်မရှည်လို့ တညည်းညည်း တညူညူ နဲ့ပေါ့။ ကိုယ့်အမတွေကတော့ သဘောကျတာမို့ စွဲစွဲမြဲမြဲ အဲဒီမှာပဲ စောင့်ညှပ်ကြတယ်။
တခါကတော့ သူငယ်ချင်းတယောက်ရဲ့ အမက ဆံပင်ဘယ်မှာညှပ်သလဲ မေးတာနဲ့ အဲဒီဆိုင်ကို ညွှန်လိုက်မိတယ်။ သူလဲ ဆိုက်ဆိုက်မြိုက်မြိုက် သွားညှပ်တယ်။ ဆံပင်ညှပ်တယ်ဆိုတာ ခဏပဲ ထင်တော့ သူ့အဖေကလဲ ခြံထဲမှာ ကားထိုးပြီး စောင့်နေတယ်။ ခဏနေရင် သူ့သမီး ပြန်ထွက်လာမယ်ပဲ ထင်တာပေါ့။
တနာရီလဲ မပေါ်လာ၊ နှစ်နာရီလဲ မပေါ်လာ။ အိမ်ထဲလဲ လိုက်မသွားချင်။ ကားထဲမှာလဲ ပူတော့ ခြံထဲ ဆင်းလျှောက်နေပြန်တယ်။ လျှောက်ရတာလဲ ခြေတိုပြီ။ ခုထိလဲ သမီးက ထွက်မလာသေး။ နောက်ဆုံးတော့ အဖေလုပ်သူလဲ မစောင့်နိုင်တော့လို့ အကျယ်ကြီး လှမ်းအော်လိုက်ပါသတဲ့။
“သမီး စန္ဒာရေ၊ နင့်ကို ထမင်းများ ကျွေးနေသလားဟဲ့ ” တဲ့..။
ထမင်းများ ကျွေးရင်တော့ ကိုယ်လဲ အမြဲလိုလို သွားညှပ်နေမှာမို့ ဆံပင်လဲ ငုတ်စိပဲ ရှိတော့မှာ မြင်ယောင်ပါသေးတယ်။ ဘာရယ်မဟုတ်၊ ဆံပင်ညှပ်ရင်း လျှောက်တွေးမိတာလေးတွေပါ။
မိုးချိုသင်း