အိမ်နီးချင်းများ

ကိုယ်တို့ မြန်မာပြည်ကို အမျိုးမျိုး အဖုံဖုံ လွမ်းကြတဲ့အထဲမှာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မရနိုင် မတွေ့နိုင်တဲ့ မြန်မာ့ ရှေးဟောင်း အမွေအနှစ်တွေဖြစ်တဲ့ ရွှေတိဂုံဘုရားကြီးရယ် ပုဂံရယ်၊ မြန်မာပြည်ရဲ့ အသက်သွေးကြော ဧရာဝတီ မြစ်တို့ကိုတော့ လူတိုင်းလိုလို လွမ်းကြမှာပါပဲ။

အဲဒါတွေအပြင် ကိုယ်ကတော့ မြန်မာ့စိတ်ရင်းနဲ့ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းရင်းနှီးကြတဲ့ အိမ်နီးချင်း မိတ်ဆွေတွေကိုလဲ လွမ်းမိပါတယ်။

ကိုယ်ငယ်ငယ် သိတတ်စ အရွယ်မှာ အိမ်နီးချင်းဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းသိခဲ့ပြီ။ ဆော့ဖော်ဆော့ဖက် သူငယ်ချင်းတွေဆိုတာ တခါတလေ စိတ်မလိုရင် ရန်ဖြစ် စိတ်ကောက်ကြပေမဲ့ လူကြီးတွေကတော့ ရန်မဖြစ်ဘူးကိုး။ သူ့ကလေးကို ကိုယ့်ကလေးလို ဂရုစိုက်၊ သူသားသမီးဟာ ကိုယ့်သားသမီးလို နေခဲ့ကြတယ်။

ကိုယ်တို့နေတဲ့ ခြံဝင်းလေးက တက္ကသိုလ်ဆရာ၊ ဆရာမတွေသာ နေတဲ့ အသိုင်းအ၀ိုင်းလေးမို့ ချစ်စရာကောင်းတာလဲ ပါမှာပါပဲ။ ကလေးတိုင်းကို ဆရာ၊ ဆရာမစိတ်နဲ့သာ ပြုစု ချစ်ခင်တတ်ကြတာကိုး။ ဘယ်သူမှလဲ မတရား ချမ်းသာကြွယ်ဝတယ်ရယ်လို့ မရှိ၊ ပညာနဲ့သာ အေးအေးချမ်းချမ်း နေချင်ကြပုံရပါတယ်။

အိမ်မှာ တခုခုလိုပြီဆိုရင်လဲ ဟိုဖက်အိမ်ပြေးပြီး နည်းနည်းပေးစမ်းပါ သွားတောင်းလိုက် တာပါပဲ။ နေ့လည်နေ့ခင်း လက်ဖက်နဲ့ ထမင်းစားချင်လို့ ထမင်းကုန်နေရင် ဟိုဖက်အိမ်ပြေးပြီး ထမင်းကြမ်း တခဲလောက် တဲ့။ အန်တီဒေါ်စိန်ရွှေကလဲ “နောက်ဖေးက အိုးထဲမှာ ရှိသလောက်သာ ခူးခပ်ယူသွားပေတော့အေ” တဲ့။

သူတို့အိမ်က ဆန်၊ ဆား လိုလဲ ကိုယ့်ဆီက တဆုပ် နှစ်ဆုပ် နှိုက်သွားရုံပဲ။ ပြန်ပေးစရာလဲ မလို။ အိမ်မှာ ဟင်းလေးကောင်းရင်လဲ တခွက်တလေ ဘေးအိမ်တွေ မျှရသေးတာ။ ဟင်းထည့်လာတဲ့ ပန်းကန်မှာ ကိုယ့်အိမ်က ဘာလေးညာလေး ပြန်ထည့်ပေးလိုက်သေးတာ။ ရှိတာလေး ဆွဲသွားပါအုံး ပေါ့။ လက်ချည်းပြန်ရတယ်လို့ မရှိသလောက်ပဲ။

ကိုယ်တို့ ကျောင်းစ တက်တော့ ကလေးတအုပ်လုံး တီတီစီမှာ ကျောင်းတက်ကြတာပါ။ ကိုယ်တို့အိမ်နီးနားချင်း တီတီစီက ဒုတိယကျောင်းအုပ်ဆရာမ မာမီဌေးက ခြံထဲက ကလေးတွေ အကုန်လုံးကို ထိန်းကျောင်း ခေါ်သွားတာပဲ။ ဘယ်မိဘမှ လိုက်ပို့စရာ မလိုပါဘူး။ “ချိုသင်း၊ ဥာဏ်မိုး၊ လေးနိုင်၊ မိသက်၊ သီရိ၊ သိဂီ င်္ ကျောင်းသွားကြမယ်ဟေ့ ”တဲ့။

အဲဒီအခါဆို ကိုယ့်မောင်လေး ဥာဏ်မိုးက ထွန့်ထွန့်လူး ငိုတော့တာ။ ကျောင်းမတက်ချင်လို့ ကုတင်အောက်မှာ ၀င်ပုန်းနေသေးတယ်။ အဖေက ပေတံတချောင်းနဲ့ ထိတောင် ထိတာ မဟုတ်ဘဲနဲ့ ရိုက်မယ် တကဲကဲ။ မာမီဌေးက ဥာဏ်မိုးကို ပွေ့ထားပြီး ကျမသားလေးက လိမ်မာပါတယ်ရှင်၊ မရိုက်ပါနဲ့ တဲ့။

ကျောင်းကားက ကိုယ်တို့ခြံဝင်းလေးထဲက အံကယ် ဦးအောင်နိုင်၊ (မော်ကွန်းထိန်း) အံတီ ဒေါ်သိန်းတို့ကား။ သူတို့သားကြီး ကိုလင်းနိုင်က မောင်းပို့ပေးတယ်။ ဖယ်မလီယာ အဖြူလေး ပေါ့။ ကိုလင်းနိုင်ကလဲ ကိုယ်တို့ကလေးတွေအားလုံးကို သိပ်သည်းခံတယ်။ ကျောင်းသွားတဲ့ လမ်းတလျှောက် ဥာဏ်မိုး ကန်ကျောက် သွားတာကို ထိန်းရင်းတဖက် ကားကို မြန်မြန် မောင်းရရှာတယ်။ ဒါတောင် ဥာဏ်မိုးက ကျောင်းကိုပို့ရပါ့မလားဆိုပြီး တခါတလေ ခုန်အုပ်သေးတာ။ ကိုယ်တို့ကလေးတွေကလဲ ၀ိုင်းမကူတဲ့အပြင် တခွိခွိနဲ့။

ကျောင်းပေါက်ဝကို ရောက်တာနဲ့ ဥာဏ်မိုးက တိကနဲ အငိုတိတ်၊ ခြင်းတောင်းနဲ့ လွယ်အိတ်ဆွဲပြီး ကားပေါ်က ဆင်း ကျောင်းခန်းထဲ ၀င်သွားတာများ ဖြောင့်လို့။ ခုနက ငိုတာ ကန်တာ သူမဟုတ်တဲ့အတိုင်း။ ကားပေါ်မှာ မောလို့ ပက်လက် ကျန်ခဲ့တာက မာမီဌေးပဲ။ ကန်ကျောက်တာကို ဖက်ထားတာမို့ အကျီ င်္တွေ ကြေမွ တွန့်လိပ်လို့၊ အသာသပ်၊ ပြန့်အောင်ဆွဲချပြီး ဖတ်သီ ဖတ်သီနဲ့ ကျောင်းခန်းထဲ ၀င်ရတယ်လေ။

တခါကျတော့ ကိုလင်းနိုင်တို့ ကားမှန် သူခိုး အခိုးခံရတယ်။ ကားရှေ့မှန်ကြီးခိုးခံရတော့ မှန်လဲတပ်ဖို့ ဆိုင်မှာ မှာထားတုန်း ကားရှေ့မှာ ပလပ်စတစ်ကြီးနဲ့ကာပြီး ကျောင်းလာကြိုတယ်။ အဲဒါကို ကိုယ်တို့ကလေးတွေက လာမကြိုရဘူးဆိုပြီး ၀ိုင်းဂျီတိုက်ကြတာ။ ကျောင်းရှေ့မှာ ကားမရပ်ပါနဲ့၊ ပလပ်စတစ်ကြီးကာထားလို့ ရှက်တယ်တဲ့။ ဆိုးလိုက်တဲ့ ကလေးတွေနော်။ အဲဒါကို အကိုက အလိုလိုက်ပြီး ကားကို ကျောင်းနဲ့ ဟိုးအဝေးကြီးမှာ သွားရပ်ပြီး မိုးရွာထဲမှာ ထီးတချောင်းနဲ့ ကလေးတယောက်ချင်းစီ ခေါက်တုံ့ခေါက်ပြန် ကြိုရှာတယ်။ အဲဒီလို သည်းခံ အလိုလိုက်တဲ့ အိမ်နီးချင်း အကိုကြီးပါ။

ဒီလို အိမ်နီးချင်းတွေနဲ့ ကြီးပြင်းလာခဲ့ပြီးတဲ့နောက် ကိုယ်တို့ အင်းစိန်ကို ပြောင်းလာခဲ့ပြန်တယ်။ အင်းစိန်ရောက်တော့ အရွယ်လဲ ရောက်လာပြီမို့ ဆော့ကစားတဲ့အရွယ်လဲ မဟုတ်တော့ အိမ်ထဲမှာပဲ စာဖတ်နေမိတယ်။ အိမ်ချင်းကပ်ရပ်က စာအုပ်ငှားတဲ့ ဆိုင်လေးဆိုတော့ သိပ်ဟန်ကျတာပဲ။ ဒီလို အိမ်နီးချင်းမျိုး ဆိုတော့ ၀မ်းသာမိတာပေါ့။

စာအုပ်ဆိုင်က အမက မတူးမာ တဲ့။ စာအုပ်ဆိုင်လေးဖွင့်ပြီး ရတဲ့ ပိုက်ဆံလေးနဲ့ သုံးတယ်၊ ကျောင်းတက်တယ်။ မိဘက တတ်နိုင်ပေမဲ့ ကိုယ့်ဖာသာကိုယ် ရှာတဲ့ ပိုက်ဆံလေးနဲ့ပဲ သုံးချင်လို့ လေ။ ကိုယ်သွားငှားတိုင်း ကိုယ်ဖတ်နေကျ မဂ္ဂဇင်းတွေကို အမြဲ သပ်သပ် ချန်ထားပေးတာ။

ကိုယ်ကလဲ သူချန်ထားတဲ့ မဂ္ဂဇင်း သုံးလေးအုပ် ငှားလာပြီး ခေါင်းအုံးအောက်မှာ ထိုးထည့်ပြီး အဖတ်ချင်ဆုံး တအုပ်ကို ရွေးဖတ်နေတယ်။ အိမ်က အမတွေက ကိုယ့်နားမှာ ရစ်သီရစ်သီနဲ့၊ စာအုပ်ဖတ်ချင်လို့။ နင်ပြီးရင် ငါ့ကို ပေးနော် တဲ့။ ကိုယ်ကလဲ အဖတ်မပျက် အေး၊ အေး တဲ့။ ကိုယ် ကုန်အောင်ဖတ်လို့ပြီးတော့မှ အနားမှာရှိတဲ့ အမကို ပေးလိုက်တယ်၊ ပြီးတော့ ခေါင်းအုံးအောက်က တအုပ်ကို ဆွဲထုတ်ပြီး ဖတ်တယ်။

ကိုယ့်အမတွေက အံ့သြလွန်းလို့။ သူ့မှာ တအုပ်ကျန်သေးတာ မပြောဘူးတော့ တဲ့။ သူဖတ်နေတုန်းများ ငါတို့တအုပ် ပေးဖတ်တာ မဟုတ်ဘူး တဲ့။ ကိုယ်ကလဲ ကျန်တာသာ မနှမြောတတ်တာ၊ စာအုပ်ဆို လောဘကြီး လို့ ဘာမှ ပြန်မပြောဘဲ ပြုံးပြုံးကြီး ဖတ်နေတာ။ စိတ်ပုတ်တယ် ခေါ်ရမှာပေါ့လေ။

နောက် အင်းစိန်မှာ ဟင်းချက် ကောင်းတဲ့ အိမ်နီးချင်းလဲ ရှိသေးတာ။ အဲဒါကတော့ စာရေးဆရာ ဆရာကြီးသော်တာဆွေ ပေါ့။ ဆရာကြီးနဲ့ သူ့ရဲ့ မိတ်ဆွေ ကိုပိုက်က မနက်ဆို ခြင်းကလေးဆွဲ ဈေးဝယ်ထွက်ကြတယ်။ ကိုယ်တို့ အိမ်ရှေ့ ကုန်းကလေးပေါ်က ကရင်ဈေးလေးမှာပေါ့။ လတ်လတ်ဆတ်ဆတ် ယုန်သား၊ ဂျီသား၊ ငါးရှဉ့် လိုမျိုး ရလာရင် ဟင်းတခွက် လာပို့အုံးမယ်လို့ ဈေးပြန်မှာ ၀ယ်ပြောသွားတာပါ။ ပြီးရင် မွှေးပြီး အရသာအရမ်းရှိတဲ့ ဟင်းလေးတခွက် ရောက်လာတတ်တယ်။

နောက် အရေးအခင်းတွေ ဖြစ်လို့ အမေလဲ ဆုံး၊ အဖေလဲ အထိန်းသိမ်းခံရတော့ ကိုယ်တို့ မောင်နှမ ၅ယောက်ပဲ ဒီအင်းစိန်အိမ်လေးမှာ နေခဲ့ရတာပါ။ မိဘမရှိဘဲ ရုန်းကန်နေခဲ့ရတဲ့ ခက်ခဲတဲ့ အဲဒီအချိန်တွေမှာ ဘေးပတ်ဝန်းကျင် မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေက အနှောင့်အယှက်မပေးလို့ အေးအေးချမ်းချမ်း နေခဲ့ရတယ်။ ၀ိုင်းစောင့်ရှောက်ကြတယ် လို့တောင် စိတ်ထဲမှာ ခံစားမိခဲ့တယ်။

နောက်တော့ အိမ်ထောင်ကျ၊ ရေကြည်ရာ မြက်နုရာ ပြောင်းလာတော့ ဒီကို ရောက်လာတယ် ဆိုပါတော့။ ဟိုတလောက ကိုယ်ရေးခဲ့တဲ့ မြို့ကလေးမှာ နေနေဆဲပါပဲ။ ဒီမှာနေတော့ မြန်မာပြည်ကို လွမ်းတဲ့ အထဲမှာ ကိုယ့်အရင်က အိမ်နီးချင်းတွေကိုလဲ အတော်လေး သတိရမိတာပေါ့။

ဒီမှာက မိုးလင်းတာနဲ့ အလုပ်သွားရ၊ ပြန်လာတာနဲ့ ဗာဟီရ အိမ်မှုကိစ္စတွေနဲ့ လုံးပန်းရ။ အိမ်ဘေးကအိမ်ဆိုတာလဲ အိမ်ရှေ့မှာ ရေလောင်းချိန်လောက်သာ လက်ပြ နှုတ်ဆက် ဖြစ်တာကိုး။ ကားအ၀င်အထွက် ဆုံတုန်းခဏသာ ပြုံးပြ နှုတ်ဆက်ရုံကိုး။ Hey.. Hi လောက်နဲ့ ပြီးတာဆိုတော့ တခုခု လိုအပ်နေသလို ခံစားနေမိတာပေါ့။

ကိုယ့်အိမ်မှာ မုန့်လုပ်၊ ဆွမ်းကျွေးတော့လဲ ကိုယ့်အိမ်နီးချင်းတွေကို မဖိတ်ဖြစ်၊ သူ့အိမ်မှာ ပါတီပေး ပျော်ပွဲဆင်တော့လဲ ကိုယ်မသွား။ ကိုယ့်ပျော်ရွှင်မှုနဲ့ကိုယ်၊ ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုယ်ဆိုတော့ သူ့ပြည်မှာ သူ့ပုံစံနဲ့ မနွေးထွေးသလို ဖြစ်နေတာမို့ တခါတလေ အားငယ်နေမိတယ်။ ကိုယ်ခရီးသွားတာ သူဂရုပြုမိရင်ပဲ မဆိုးဘူး ပြောရမှာကိုးနော်။

တနေ့တော့ ကိုယ်လဲ အိမ်ထဲမှာ ပန်းကန်ဆေးရင်း အိမ်နောက်ဖက်က ခြံလေးထဲမှာ ပြေးလွှားဆော့နေတဲ့ ကြောင်သားအမိကို ပြူတင်းပေါက်ကနေ လှမ်းကြည့်ရင်း ကြည်နူးနေမိတာ။ ကြောင်အမေကြီးက မြက်ခင်းပေါ်လှဲပြီး နေပူဆာလှုံလို့။ ကလေးတွေက ပိစိညှောက်တောက်လေးတွေမို့ ပြေးလိုက်ကြ၊ ခုန်လိုက်ကြ၊ ဆော့လိုက်ကြနဲ့။

အဲဒီမြင်ကွင်းလေး လှမ်းကြည့်နေတုန်း ဗြုန်းဆို ဘယ်က ၀င်လာမှန်း မသိတဲ့ ခွေးဘီလူးကြီး နှစ်ကောင် ကားကား ကားကားနဲ့ ပြေးဝင်လာပြီး ကြောင်အသေးလေးတွေကို ၀င်ဆွဲတော့မလို့။ ကိုယ်လဲ မြင်မြင်ချင်း လန့်လိုက်တာ မပြောပါနဲ့တော့။ ကိုယ့်မျက်စိရှေ့မှာ ခွေးပါးစပ်ထဲ ပါတော့မဲ့ ကြောင်လေးတွေကို မကြည့်ရက်တော့ဘူး။

ဒါနဲ့ ကိုယ်လဲ တအားကြောက်ပြီး လန့်လန့်နဲ့ မျက်စိမှိတ်ပြီး အသံကုန်ခြစ် အော်လိုက်တာ ဘယ်လောက်တောင် အော်မိမှန်း မသိ။ ခွေးကြီးတွေက အသံကြားရာ ကိုယ့်ဖက်ကို ပြေးလာကြပြီး ကြောင်လေးတွေဖက် မသွားတော့ဘူး ဖြစ်သွားတယ်။ သူတို့လဲ ကိုယ့်အသံကို လန့်သွားပုံပဲ။ ခွေးဘီလူးနှစ်ကောင် ပြေးလိုက်ကြတာ တန်းလို့။

ကိုယ်မျက်စိဖွင့်လိုက်တော့ ပထမဆုံး မြင်ရတာ လူးဝစ်စ် ကိုပါ။ ဘေးအိမ်က အိမ်နီးချင်း လူကြီးပါ။ သူက သူတို့အိမ်နဲ့ ကိုယ်တို့အိမ်ကို ကာထားတဲ့ လူတရပ်ကျော်ကျော်မြင့်တဲ့ ခြံစည်းရိုး အုတ်တံတိုင်းမှာ ခွရက်ကြီး။ ကိုယ့်အသံကြားလို့ စိတ်ပူပြီး ခုန်တက်လိုက်တာ တဲ့။ အိုကေရဲ့လား၊ ဘာဖြစ်တာလဲ တဲ့။

ကိုယ်လဲ အသံတုန်တုန်နဲ့ ခွေးတွေ ခွေးတွေ..ဆိုပြီး ရှင်းပြလိုက်မှ သူလဲ သဘောပေါက်သွားတယ်။ သူက မင်းအသံကြားတော့ စိတ်ပူသွားတာ တဲ့။ ပြီးမှ သူလဲ အုတ်တံတိုင်းပေါ်က ဖြေးဖြေးချင်း ဆင်းရရှာတယ်။ ရန်ကုန်မှာလို အုတ်တံတိုင်းပေါ်မှာ ပုလင်းကွဲတွေ သံချွန်တွေ တပ်မိရင် အခက်။

အဲဒီညက ကိုယ်က တွေးတွေးပြီး သဘောကျနေတာ။ မြန်မာပြည်က ကိုယ့်အရင် အိမ်နီးချင်းတွေကို သတိရပြီး အားငယ်နေတဲ့စိတ်တွေလဲ နည်းနည်းလုံခြုံသွား သလိုပဲ။ အရေးအကြောင်း ရှိတော့လဲ အားကိုးရသားပဲလေ လို့ တွေးမိရင်း ကျေနပ်သွားမိတဲ့အကြောင်း ကြုံရင်တော့ ကိုယ့်အိမ်နီးချင်းကို ပြောပြချင်ပါသေးတယ်။

မိုးချိုသင်း

48 comments:

Rita said...

ကောင်းလိုက်တာ မမရယ်။ ဒါပဲ ပြောတတ်တော့တယ်။
:)

ဂျူနို said...

ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းပေါ့ ချိုသင်းရယ်။ နိုင်ငံခြားသားနဲ့ ကတော့ စရိုက်မတူ အကြိုက်မတူတာရှိပေမဲ့ တချို့ ကတော့ ကူညီစရာရှိရင် ကူညီတတ်ပါတယ်။

amayarko said...

စာရေးကောင်းလိုက်တဲ့အမ ချစ်ဖို.သိပ်ကောင်းအောင်ရေးတတ်တာပ.ဲ.။

ကိုလူထွေး said...

ဒီလိုဆိုတော့လဲ အိမ်နီးချင်းတွေက အားကိုးရသားပဲ...လူးဝစ်ကလဲ ခင်ဖို့ ကောင်းသား...

မချိုသင်းကလဲ ခွေးဘီလူးတွေတောင် လန့် ပြေးရသူပါလား ဗျာ...

အရင်တုန်းကတော့ ဦးသော်တာဆွေက ကိုလူထွေးတို့ အိမ်နီးချင်းလို့  အဖိုးအဖွားတွေ ပြောဖူးတယ်...

"...မောင်နှမ ၅ယောက်ပဲ ဒီအင်းစိန်အိမ်လေးမှာ နေခဲ့ရတာပါ..." ဆိုလိုက်တော့ စိတ်ထဲမှာ တမျိုးကြီးပဲ...

MrDBA said...

အိမ်နီးချင်းကောင်းတွေနဲ့ နေရတာ ဝမ်းသာရပါတယ်

khin oo may said...

ခင်မှာပါလေ. မြန်မာလိုမပြောတတ်လို့နေမှာပါ။ ကျေးဇူးလို့ပြောလိုက်တယ်မဟုတ်လား။

နေညိုရင့် said...

အမရေ.. ဒီက အိမ်နီးနားချင်းတွေလဲ အဲလိုပဲဗျ။ မြန်မာပြည်မှာလို တခုခုလို သွားတောင်း၊ ညနေလမ်းလျှောက်အတူတူထွက်၊ အားရင် စကားလာပြော အဲလိုမျိုး မိသားစုလို ရင်းနှီးနွေးထွေးတာ မဟုတ်ပေမယ့် အကူအညီလိုရင်တော့ အချိန်မရွေး ကူညီရိုင်းပင်း ကြတဲ့သူတွေပါပဲ။ ဘာပဲဖြစ်ဖြစ် အမေပြောသလို "အားငယ်နေတဲ့စိတ်တွေလဲ နည်းနည်းလုံခြုံသွား သလိုပဲ " အဲလို ခံစားရပါတယ်။

mainnmainn said...

မြန်မာပြည်ကို လွမ်းတယ်အမရယ်..
အမထပ်ရေးမဲ့အိမ်နီးချင်းတွေအကြောင်းက
ိုစောင့်မျှော်နေပါတယ်အမရေ...

မီးမီးချစ် said...

ဒါဆို မမတို့ဆီကမှ ပိုနွေးထွေးပါသေးတယ်..
မမစာတွေ ဖတ်ပြီးလာ တောင်လည်ချင်တယ်..
meemeechit.blogspot.com

မဆုမွန် said...

ဟုတ်တယ် အရင်က သူဘာသာသူနေ ကိုယ့်ဘာသာကိုယ်နေ နေကြပေမယ့် အခု လက်သိုင်းကြိုးဆွဲထားတော့ သူတို့က မျက်စိလေးတွေ ပြုးပြီး စပိုင်ဒီးမိုင်း..(နေကောင်းလားပေါ့).တဲ့။ ချူပ်ဒီ နော်..(ကံကောင်းပါစေနော်) တဲ့.
ကိုယ်ကလဲ နာနေတာဆိုတော့ မိုက်ဒီး(မကောင်းဘူးလို့) ပြန်ပြောလိုက်တယ် ဗမာသံကို ထိုင်းလိုထွက်တာလေ ဟီးဟီး ချူပ်ဒီဆိုမှ ခပ်ပွန်းခါးးးးလို့ အော်လိုက်တယ်။။
တစ်ခါတစ်လေတော့ ချစ်ဖို့တော့ ကောင်းပုံရတယ် ယပလက်တွေကလေ။။။

MANORHARY said...

ကျောင်းဝန်းထဲက ဆရာဆရာမတွေနေရတဲ့အိမ်လေး
တွေက သိပ်ပြီးမခန်းနားပေမယ့် ပျော်စရာသိပ်ကောင်း
တယ်လို့ခံစားရတယ် ကိုယ်ကိုယ်တိုင်လည်း နေခဲ့ဖူးတာ
ကိုး အင်း အဓိပတိလမ်းမပေါ်က အိမ်တွေကိုတော့
ငေးရင်း ငေးရင်း နဲ့ ခုထိငေးတုန်း ...း)
ရေစက်တွေဘောင်ဘင်မခတ်တဲ့ တိုင်းပြည်လေးကို
လွမ်းတယ်...ခုတော့လည်း...

မယ်ကိုး said...

ဟင်းချက်ကောင်းတဲ့ ဆရာကြီးသော်တာဆွေရဲ့ လက်ရာစားရတာ မ ကံအကောင်းဆုံးပဲနော်။
အများသူတွေကတော့ စာထဲမှာပဲ ဖတ်ဖူးပြီး သားရည်ကျရုံသာ။:)

မြစ်ကျိုးအင်း said...

အိမ်နီးချင်းကောင်းရှိတာ ပျော်ဘို့ ကောင်းပါတယ်..
ကိုယ့်အမအနေနဲ့ အကြံပေးတာပါ...သူတို့က ဘာပဲဖြစ်ဖြစ် ကိုယ်တွေက တတ်နိင်သလောက် နွေးနွေး ထွေးထွေး ဆက်ဆံပေးပါ.ကိုယ့်ကို အထင်သေးစရာ မရှိပါဘူး..ဘာကြောင့်ဆိုတော့ မြန်မာ လူမျိုးတွေရဲ့ စိတ်ထားက ကမ္ဘာကျော် ပြီးသားလေ
....ခင်မင်သောအားဖြင့်....

မီယာ said...

အမချိုသင်းတို့ ငယ်ငယ်က ပျော်စရာကြီးနော်။ တီတီစီမှာ နေခဲ့တာ မသိဘူး။ ဘယ်အတန်းထိလည်း အမ။ ဒုကျောင်းအုပ် မာမီဌေးဆိုတာ မြန်မာစာ သင်တဲ့ ဒေါ်တင်တင်ဌေးလား။ သဒ္ဒါချိန်မှာ စာအုပ်မေ့ ကျန်ခဲ့ဖူးလို့ ညည်းတော့ စကော့ဈေးမှာ ယောကျာ်းကို မေ့ထားခဲ့မှာ မြင်ယောင်သေးလို့ ဆူခံရတယ်။

Shinlay said...

မချိုသင်းရေ...မာမီဌေးနဲ့  TTC အကြောင်းဖတ်မိတာ နဲ့ ကျောင်းနဲ့ ပုဂံခြံဝင်းကိုသတိရတယ်။ မာမီဌေးက အခု ကြံခင်းမှာ။
မချိုသင်း ဖေဖေဆီမှာ မြန်မာစာသင်ခဲ့ တာလည်း သတိရတယ်။
မချိုသင်း တို့ ရဲ့ အင်းစိန်က အိမ်လေးမှာ ဆရာ့ကို လာ
တွေ့ တာကိုလည်း သတိရမိတယ်။

Steve Evergreen said...

Feature post agian
BTW, here is a few photos of my cats.

ဖိုးစိန် said...

မကြီးအသံဘယ်လောက်ကျယ်သွားမလဲဆိုတာခန့်မှန်းမိပါတယ်
ဘာပြောပြော
မရှိမဖြစ်ထဲမှာ အိမ်နီးချင်းလဲပါတယ်နော့်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

tg.nwai said...

ပျော်စရာကောင်းတဲ့ ငယ်ဘ၀လေးနဲ့ အိမ်နီးချင်းတွေကို ပိုင်ဆိုင်ခဲ့တာပဲနော်... ချိုသင်းတို့နေတဲ့ မြို့လေးက နွေးနွေးထွေးထွေးလေးဆိုတော့ လူတွေလည်း သဘောကောင်းကြမှာပါ..ခဏ ခဏတော့ မအော်နဲ့ပေါ့လေ..နော်..ဟဲဟဲ..

Shinlay said...

စားကောင်းရဲ့ လား...လာလည်တာကျေးဖူးပဲနော်။
ဒီနေ့ တောင် တီချယ်ဒေါ်မြစိန်နဲ့ ဖုန်းပြောဖြစ်တယ်။
လူချင်းဝေးနေကြပေမဲ့ ဖုန်းထဲမှာအသံလေးကြားရလို့ 
တော်ပါသေးရဲ့ နော်။အလွမ်းတော့နဲနဲပြေတာပေါ့လေ။

ကြည်ဖြူပိုင် said...

မမချိုသင်းကအင်းစိန်ဘယ်မှာနေလဲမေးတော့ အဖြေမပေးခဲ့ပေမယ့် ခန့်မှန်ရသလောက်တော့ တောင်သူကုန်းလား။ ဘို့ကုန်းလား။ ဟိုက်ပတ်လား တစ်ခုခုပဲ

အရမ်းစာရေးသားတာတော်ပြီးချစ်ဖို့ကောင်းတဲ့မမရေ။ ဒီပို့စ်လေးကလဲအ၇မ်းကိုကောင်းပါတယ်

Steve Evergreen said...

A very nice and lovely house on Min Gyi Road, Taung Thu Gone, Insein Ywar Ma :)

Everybody knows. No secret, no puzzle at all

Ko said...

Now Lay Naing becomes very fat and looks like a really man. He is nolonger thin and tall as younger.

thitkaungeain said...

ဒေါ်ဝထုံ
ခွေးလီလူးကြီးနှစ်ကောင်လည်း တော်တော်လန့်သွားမှာပဲနော်
ဟားဟား

ဆောင်းယွန်းလ said...

ဟုတ်တယ်ဗျာ
အမိမြေပေါ်က အိမ်နီးချင်းတွေကိုတောင် သတိရသွားမိပါရဲ့ မချိုသင်းရေ

JulyDream said...

အိမ်နီးချင်းဆိုတဲ့ အရသာက မြန်မာပြည်မှာပဲ ရှိမယ် ထင်တယ်နော်။ အပြင်ရောက်လာရင် ဒါမျိုး မခံစားရတော့ဘူး။

T T Sweet said...

ဖတ်လို့ကောင်းလို့ ကောက်ကောက်ပါအောင် လိုက်ဖတ်မိပါသည်။ Chicken soup of the day. အိမ်နားက စလုံးတရုတ်၊အန်းမားကြီး အကြောငးသတိရလို့ နောက်ကြုံ၇င် ရေးပါမည်။

ကြည်ဖြူပိုင် said...

မမချိုသင်းရေ..... ခုလိုသိချင်တာဖြေပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင့်....ဟုတ်သားနော်။ အင်းစိန်မှာနေတုန်းက မခင်ခဲ့ရဘူး။အမကသိပ်ချစ်သိပ်ခင်ဖို့ကောင်းတော့ အင်းစိန်တည်းက ခင်ခဲ့ရရင်သိပ်ပျော်ဖို့ကောင်းမှာနော်။ ခုလိုခင်မင်ခွင့်ရတာလည်းအရမ်းကို ပျော်ပါတယ်။ မမက အရေးသားကောင်းတော့ အမြဲလာပေးတယ်မမရဲ့

ဇနိ said...

အမချိုသင်း အဝေးမှာတောင် အိမ်နီးချင်းကောင်းရထားတာပဲ။ သူတော်တော်စိတ်ပူသွားတာဖြစ်မယ်။ တံတိုင်းပေါ်ကားယားကြီးတဲ့။ အမချိုသင်းအော်လိုက်တာလည်း အတော်ကျယ်ပုံပေါက်။ ခင်မင်စရာ အိမ်နီးချင်းကောင်းရတာ သိပ်ကံကောင်းတယ်နော် အမ။ အမေတို့ပြောတာရှိတယ် အိမ်နီးချင်းကောင်းရင် ဆွေမျိုးထက်တောင်ကောင်းတာတွေ ရှိသတဲ့။ ညီမတို့အိမ်နီးချင်းတွေလည်း အချင်းချင်း ကူညီစောင့်ရှောက်တယ်။ ငယ်ငယ်ကဆို အမေအပြင်သွားရင် အိမ်နီးချင်းဆီမှာ ကလေးရော အိမ်သော့ပါ အပ်ခဲ့တာ။ အိမ်နီးချင်းလက်ပေါ်မှာ နေခဲ့ရတာ အမရေ။
နိနိ

Tin Zar said...

အစ်မရေ ... အစ်မ ... ဆရာကြီး သော်တာဆွေ အကြောင်းလေး တွေ မှတ်မိ သလောက် ပြောပြပါဦး ..။ သူ့ ကို အရမ်းချစ်တာဘဲ .. တကယ် ... ကျွန်တော်က သော်တာဆွေ ခရေဇီ ... အစ်မရဲ့  ... ရေးပါနော် .. နော် ... ။ :D

Lin said...

Ma Moe Cho Thin, Your poem really makes me to recall all my memories of childhood. It's a real nice poem. Uncle U Ba Gyan (Saya U Tin Moe) must be very happy with your talent. Where are all your brother & sisters? Hope they all are doing well. Ko Lin Naing (naing61@gmail.com)(Brunei)

htike said...

လာလည်ပါတယ်အမရေ..

Craton said...

အန်တီချိုသင်း... အန်တီချိုသင်း .. ဟိ.. မကြိုက်ဘူးဆိုလို့လားမသိ.. ခေါ်လို့ကောင်းမှကောင်း.. အဲ.. ခေါ်တော့ပါဘူးလေ.. စိတ်ဆိုးနေမှဖြင့်..

Craton said...

yes, neighbourhood is essential!

P.Ti said...

အညာက အိမ်နီးနားချင်းတွေ စပ်စုပေမယ့် အားကိုးရတတ်တယ်။ ဒီမှာကတော့ ဘေးကအိမ် မလေးတွေ ကလေးတွေအများကြီးဆိုတာပဲသိတယ်...

Su said...

ဟီး
တူလိုက်တာ
ငယ်ငယ်တုံးက လဆန်းရက်ပါးကြီးစာအုပ်တွေမဂ္ဂဇင်းတွေဝယ်လာပြီဆို
အကုန်လုံးသိမ်းပီး အခန်းထဲယူသွားတာ
ဘယ်သူ့မှမဝေပေးဘူး
စိတ်ပုတ်တာဟုတ်ပါဘူး
စာပေချစ်စိတ်ပြင်းတာပါ

မိုးခါး said...

း)
ကိုယ့်လူမျိုးချင်းလိုလောက်တော့ မနွေးထွေးဘူးပေါ့နော်
ဒါပေမယ့် မဆိုးပါဘူး
ဒီလောက်လေး ကူညီချင်စိတ်ရှိတာ တော်သေးပါတယ်
အမကယ်လိုက်ပေလို့ ကြောင်လေးတွေ ချမ်းသာရာရရှိတယ်
မဟုတ်ရင် သနားစရာ

လင်း said...

ပြန်ရောက်လာပြီဖြစ်ကြောင်း သတင်းပို့ ရင်း စာတွေ အများကြီး ဖတ်သွားပါသည်။

လင်းထုံ

ဒူကဘာ said...

ရေးသားကျမို့ ပြောစရာမရှိပါ၊ ရွာကိုတောင် လွမ်း လွမ်းသွားသေး၊ အခုလဲ မချိုသင်းနဲ့ ဒူကဘာတို့ က ပြည်နယ်ချင်းကပ် အိမ်နီးချင်းတွေပဲလေ

မေ့သမီး said...

အမရေ အိမ်နီးချင်းကောင်းတွေနဲ့ ညီမလည်း နေခဲ့ဖူးတော့ အမကိုကိုယ်ချင်းစာပါတယ်။ အခုအထိတောင်အမေ VZO လာပြောရင် အိမ်နားကလူတွေကပါ လွမ်းလို့ဆိုပြီး တခါတလေ လိုက်တာတတ်တာ။

Thet Oo said...

ကျနော်က အင်းစိန်မှာနေပေမယ့် ဘုန်းကြီးလမ်းတို့၊ စပယ်ရုံလမ်းတို့ဖက် သိပ်မရောက်ဘူး။ အင်းစိန်မြို့နယ်က ရပ်ကွက်တွေလဲများတယ်လေ။ နောက် ကျနော်နေတာက အောင်ဆန်းဖက်မှာဆိုတော့ အစွန်လည်းကျတယ်။ အရင်ကပါ။ ခုတော့ ရွှေပြည်သာ ပေါ်လာတော့ အောင်ဆန်းလည်း အစွန်မကျတော့ပါဘူး။ ပို့စ်တွေကို အားပေးလျှက်ပါ၊ မချိုသင်း။

အပြုံးပန်း said...

အမကို မသိခင်ကတည်းက
အင်းစိန်က တံတားလေးနဲ့ အိမ်ကို
ဗိသုကာဆရာ ဦးရွှေက ပြောပြလို့ “ကဗျာဆရာ(ဦး) တင်မိုးရဲ့ အိမ်” လို့ပုံထဲမှာ သိခဲ့တယ်။
အင်းစိန်လမ်းကို ဖြတ်ရင် အမြဲကြည့်ဖြစ်တဲ့ အိမ်ပါ။

သက်ဝေ said...

အင်း.. ဖတ်လို့ကောင်းလိုက်တာ...
ဒီမှာလဲ အခန်းနီးချင်းတွေက ဖာသိဖာသာပဲ နေတတ်တယ်.. ပြုံးပြတာ အလွန်ဆုံးပဲ..။ တခါတခါ စားစရာလေး ဘာလေး Share လုပ်ချင်ပေမယ့် ကြိုက်ပါ့မလား ဆိုတဲ့စိတ်နဲ့ လက်တွေ့မှာ မလုပ်ဖြစ်ဖူး။ ဒီတော့ ရင်းနှီးမှုလဲ နဲတာပေါ့လေ...။

အရေးအကြောင်းဆို သူတို့ ကို အားကိုးရမလား အားမကိုးရဘူးလား သိချင်လို့ ချိုသင်း လုပ်သလို အသံနဲနဲ ကျယ်ကျယ်ထုတ်အော်ပြီး စမ်းကြည့်ရရင် ကောင်းမလားလို့ ကိုကြီးကို တိုင်ပင်ကြည့်အုံးမယ်... (အောင်မြင်ရင် လာပြောပါမည်...)

Manitai said...

Ma Moe Cho,

May I have your email address? This is AKM from Bangkok. I will be in your city in a week time.
See you soon!

ကိုလူထွေး said...

လန့် အောင်လုပ်လိုက်တာမဟုတ်ပါဘူး..
တအားကြီး မအော်လိုက်နဲ့ ဦးနော်..းဝ)

ဘယ်သူတွေဘာတွေ ရေးသွားလဲ
လိုက်ကြည့်နေရင်းနဲ့ ... တွေ့ လိုက်လို့ ...
ရှိများရှိနေဦးမလားဆိုပြီး
စာတစ်ကြောင်း တို့ ကြည့်လိုက်တာ...

အားပေးစကားများအတွက် ကျေးဇူး... မလာရင်တောင် လာပင့်ဦးမလို့  လုပ်နေသေးတာ...းဝ)

mama said...

အမ

အိမ်နီးခြင်းတွေအကြောင်းဖတ်ပြီး ရန်ကုန်ကို ရူးလောက်အောင်လွမ်းတယ်။ကျမဒီကအိမ်နီးခြင်းတွေ
အကြောင်းရေးရမယ်ဆို ကျမအရေးအသားနဲ့ ရိုက်ပေါက်ကြီးပဲ မလို့ စိတ်လျော့ထားရတယ် အမကျန်းမာစွာ စာတွေအများကြီးရေးနိုင်ပါစေ

မမ

Thet Oo said...

ဘန်ကောက် က AKM ဆိုတာ.. အောင်ခင်မြင့် လားမသိဘူး။

Luthar said...

No.. Not Aung Khin Myint....
It is Aye Kyi Ma.....
Why?

HNINSIPHUU said...

အမရေ...

ညီမလေးတို့ငယ်ငယ်ကျောင်းသွားတိုင်းငေးရတဲ့ အိမ်လေးမှာ အမနေခဲ့တာကို ...အဲအချိန်တုန်းက အရမ်းပျော်ခဲ့မှာပဲနော်..
ညီမလေးတို့က ဆရာဦးသော်တာဆွေတို့ အိမ်နားမှာ နေခဲ့ဖူးတယ်အမရေ...