တယ်လီဖုန်း

တယ်လီဖုန်းဆိုတာ ဝေးနေတဲ့ ချစ်ခင်သူတွေကို နီးသွားစေတာမျိုး၊ ၀မ်းသာစရာ ၀မ်းနည်းစရာ သတင်းတွေကို အလျင်အမြန်နဲ့ သိသွားစေတာမျိုးဆိုတော့ ခေတ်နဲ့အတူ ပေါ်ပေါက်လာတဲ့ တိုးတက်မှုတွေထဲမှာ သာဓုခေါ်စရာ ကောင်းတဲ့ တီထွင်မှုတခုပေါ့။

ကိုယ်တို့ငယ်ငယ်က တယ်လီဖုန်းတွေ အင်မတန် ရှားသေးတယ်။ အဲဒီတုန်းက တယ်လီဖုန်းတွေက ဒီလို လှလှပပ ပါးပါးလျလျလေးတွေ ဘယ်ဟုတ်ပါ့မလဲ။ အားရပါးရ လူကို ကောက်ထုရင် ခေါင်းကွဲသွားနိုင်လောက်တဲ့ ထုထည်ကြီးတွေနဲ့ အမဲရောင် ဖုန်းကြီးတွေပါ။ ဒါပေမဲ့လည်း အဲဒီလို မဲမဲဖုန်းကြီးတွေနဲ့ပဲ အလှဓာတ်ပုံရိုက်တဲ့ မင်းသမီးပိုစတာပုံတွေ ခေတ်စားသေးတယ်။

ကိုယ်တို့ငယ်ငယ်လေးတုန်းက အိမ်မှာ ဖုန်းမရှိပါဘူး။ ဖုန်းကို ပထမဆုံး မြင်ဖူးတာ တက္ကသိုလ် ဆရာများဆောင်မှာလို့ ထင်တာပဲ။ ကိုယ်တို့ ခြံကနေ ဟိုဖက်ကားလမ်းကူးလိုက်ရင် တက္ကသိုလ် ဆရာများဆောင်ကို ရောက်တယ်။ ဖုန်းဆက်ဖို့ ကိစ္စတခုခု ရှိရင် လမ်းကူးပြီး အမတွေ ဖုန်းဆက်သွားရင် ကိုယ်က ဘေးက လိုက်သွားတတ်တာပါ။ အမတွေ ဖုန်းဆက်နေရင် ကိုယ်က အောက်ကနေ မော့ပြီး ငေးနေတာပါ။

ဆရာဆောင်က ဖုန်းက သစ်သား သေတ္တာလို ပုံးမျိုးနဲ့ တခါတလေ သော့ပိတ် ထားတတ်သေးတယ်။ ကိုယ်တို့ကလေးတွေ ဖုန်းလာဆက်ရင် ဖုန်းဆက်ချင်လို့ပါ လို့ ပြောလိုက်ရုံပါပဲ။ ထမင်းစားခန်းထဲမှာ ရှိနေတဲ့ ဆရာ တယောက်ယောက်က ဆက် ဆက် လို့ ခွင့်ပြုတာပါပဲ။ သော့ခတ်ထားရင်လဲ သော့ပေးလိုက်ပါ လို့ ပြောလိုက်တာပါပဲ။ ဆရာ၊ ဆရာမ သားသမီးတွေမှန်း သိနေတော့လဲ သိပ်ထူးထွေ မမေးပါဘူး။

ကိုယ်တို့လဲ ကလေးပေမဲ့ ကိစ္စရှိမှ ဆက်ရတယ်လို့ နားလည်တယ်။ တယ်လီဖုန်းဆိုတာကြီးက ရှားပါး ပစ္စည်းကြီးမို့ ရိုရိုသေသေ သုံးရတယ်လို့ ထင်နေသလား မပြောတတ်ဘူး။ ကိုယ်တို့ဆက်ရင် များသောအားဖြင့် အမေ့အမ ကြီးကြီးတို့ဆီကို ဆက်တာပါပဲ။ အမေပြောခိုင်းလို့ လူကြီးမှာတာပြော၊ ပြီးတာနဲ့ တန်းချလိုက်တော့တာပဲ။

နောက် နှစ်ရှည်လများ လျှောက်ထားတဲ့ ကိုယ်တို့အိမ်လဲ ဖုန်းရတဲ့ လျှောက်လွှာလေး ကျလာတယ်။ အဲဒီတုန်းကများ အံ့သြလွန်းလို့။ တယ်လီဖုန်းဆိုတာ တော်ရုံတန်ရုံ လူမရဘူးလို့ သိထားတာကိုး။ အဲဒီတုန်းက အဖေက “ဖုန်းလျှောက်ထားတဲ့ ပါမစ်ကျပြီ၊ ရုံးမှာ ငွေလာသွင်းပါ” ဆိုတဲ့ စာရွက်ကို မယုံ့တယုံနဲ့ ဖုန်းရုံးကို ယူသွားမေးရတာ။ အဲဒီတုန်းက ဖုန်းဖိုးရော၊ ကြိုးသွယ်ခရောပါမှ ၁၁၀ကျပ်လား ပေးရတယ်။

ခလုတ်လေးတွေနဲ့ ဖုန်း။ ဒိုင်ခွက် လှည့်ရတာမျိုး မဟုတ်ဘူး။ တနေ့လုံး ကြည့်မ၀ဘူး။ ဖုန်းစာအုပ်သေးသေးလေးတွေဝယ်၊ သူငယ်ချင်း ဖုန်းနံပါတ်တွေလဲ တကုပ်ကုပ်နဲ့ မှတ်ရသေးတာ။ ဖုန်းကို ဖုန်တက်မှာစိုးလို့ သိုးမွှေးချည်လေးတွေနဲ့ ထိုးထားတဲ့ အဖုံးလေးနဲ့ လဲ အုပ်ထားရသေးတာ။

ဖုန်းရှိတော့ တာဝန်လဲ ကျေတယ်။ သာရေး နာရေး မေးတာ သွားတာ ပိုလွယ်ကူသွားတယ်။ သူများတွေရဲ့ လိုအပ်နေတာတွေလဲ ကူခွင့်ရတယ်။ ကိစ္စရှိရင် ဘယ်သူမဆို တခြံလုံး ဆက်ကြတာပဲ။ အဖေတို့ အမေတို့ကလဲ ဘယ်သူ ဘယ်လောက်ဆက်ဆက် ငြိုငြင်တယ် မတွေ့ဖူးဘူး။

အဲဒါကတော့ ငယ်ငယ်က ကိုယ် တယ်လီဖုန်းနဲ့ စ ရင်းနှီးခဲ့ရတဲ့အကြောင်းပါ။ ကိုယ့်အဖေ ဖုန်းစ ကိုင်ဖူးတဲ့အကြောင်းလဲ ပြောချင်သေးတယ်။

အဖေ တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်လာလည်တော့ ရှုမ၀တိုက်မှာ အဖေ ထိုင်နေတုန်း အဖေ့ဆီ ဖုန်းလာပါသတဲ့။ အဖေကလဲ တကယ့်တောသား ဆိုတော့ ဖုန်းကိုင်ရမှာ လန့်နေတယ်။ ဒါပေမဲ့ စာရေးလေးက ဆရာ ဖုန်းလာတယ်လို့ ပြောတော့ သူ မပြောတတ်ပါဘူး ဆိုမှ ဖုန်းဆက်လာတဲ့ သူငယ်ချင်းကိုလဲ စိတ်ထဲက စိတ်တို လိုက်သေးသတဲ့။

ဒါနဲ့ ဖုန်းသွားကိုင် သူငယ်ချင်း အချင်းချင်းတောင် ဖုန်းအရှိန်နဲ့ ရိုရိုသေသေ ပြောနေတုန်း စာရေးလေးက ဘေးနားကနေ အသာရောက်လာပြီး ရှက်သွားမှာစိုးလို့ ဘာမှ မပြောဘဲ ဖုန်းခွက်ကို လှည့်ပေးလိုက်သတဲ့။ တကယ်က အဖေက ဖုန်းပြောတာ နားထောင်ခွက်ကို ပြောထည့်နေတာပါ။ အသံတိုးလှချည့်လို့ ထင်တော့ ထင်သား တဲ့။ အဖေလဲ ရှက်လိုက်တာ မပြောပါနဲ့တော့ တဲ့။

နောက်တော့ ခေတ်ကလဲ တိုးတက်လာ၊ ကိုယ်တို့လဲ ပြည်ပမှာ အလုပ်လုပ်ကြတဲ့အခါ ဖုန်းဆိုတာ မထူးဆန်းတော့ဘူး။ ရန်ကုန်မှာသာ ဖုန်းတွေက ဈေးကြီးနေတာ၊ ပြည်ပမှာက လူတန်းစားမရွေး ကလေးကအစ ဖုန်းကိုင်ကြတာမျိုး။ အဲဒီလို ဖုန်းတွေ ပေါ နေပြီဆိုမှတော့ ကိုယ်တို့သားအဖမှာလဲ လက်ကိုင်ဖုန်း ကိုယ်စီ ရှိကြရပြီပေါ့။

ကိုယ်တို့ သားအဖ ဖုံးနှစ်ခုကို အကောင့်တခုတည်းမှာ လင့်ခ်လုပ်ထားတာမို့ ကြိုက်သလောက်သာ ပြော၊ ပိုက်ဆံ မပေးရဘူး လို့ အိမ်က ဆရာကြီးက ပြောတာပါပဲ။ ဒါနဲ့ ကိုယ်အလုပ်သွားလဲ အချင်းချင်းဆို ပိုက်ဆံမပေးရဘူးဆိုပြီး အဖေက ဖုန်း စမ်း ခေါ်ကြည့်နေ တော့တာပါ။ ဖုန်းရတဲ့နေ့ကတော့ သားအဖ နှစ်ယောက် မိတ်ဆွေတွေ နံပါတ်တွေ သွင်းလိုက်ကြတာ တတီတီနဲ့ နားတောင် မနားရပါဘူး။

ဝယ်ပေးထားတဲ့ ဖုန်းက ဓာတ်ပုံရိုက်လို့ရတဲ့ ကင်မရာပါ ပါသေးတယ်။ တကယ်က ကိုယ်က ဖုန်းဆိုရင် ဖုန်းပဲ ပီပီသသ သုံးချင်တာ။ သုံးချင်တာထက် သုံးတတ်တာ ဆိုရင် ပိုမှန်မယ်။ ကိုယ်တို့လို ခေတ်ပေါ်နည်းပညာတွေနဲ့ လားလားမှ မဆိုင်သူအဖို့ ဘယ်လောက် function များများ လုပ်မှ မလုပ်တတ်ဘဲ။

သားအဖနှစ်ယောက် ဖုန်းကင်မရာနဲ့ ဘောင်ထဲဝင်အောင် ခေါင်းအတင်း ထိုး၊ တိုးဝှေ့ ရိုက်ထားတဲ့ပုံကို အဖေဖုန်းမှာရော ကိုယ့်ဖုန်းမှာပါ wall paper တင်လိုက်ပြီးရင် ကိုယ်တို့ လုပ်တတ်သမျှ ကုန်သွားပါပြီ။ ဖုန်းကို ကိုယ်နဲ့မကွာ စောင့်ရှောက် ထိမ်းသိမ်းရတဲ့ ၀တ္တရားတခုကို ရင်ဝယ်ပိုက်ထားလိုက်ရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းပြုတ်ကျလို့ လဲရတာ ခဏခဏ။ ဘယ်နေရာမှန်း မသိ ကျန်ခဲ့တာက ခဏခဏ မို့ပါ။

ဒါပေမဲ့ အခုလို ရပ်ဝေးမှာ နေရတဲ့သူအဖို့ အထီးကျန်သမျှ ဒီဖုန်းလေးက အတော်အသုံးဝင် ပါတယ်။ အဖေဆိုရင် ဖုန်းက သူ့အဖော်မို့ ဆေးလိပ်နီးပါး စွဲရှာတာ။ အဖေ့အသည်းလေး လို့ ကိုယ်တို့က နံမည်ပေးထားရတာ။ အဖေ့သူငယ်ချင်းတွေ၊ မိတ်ဆွေ တပည့်တပန်းတွေ နဲ့ ပြောနေတော့တာ တနေ့လုံး။

တခါကတော့ ညဖက် အဖေ အိပ်တုန်း ၀ူးဝူးဝါးဝါး ထ ယောင်လို့ အလန့်တကြား ဖြစ်ရသေးတယ်။ ကိုယ့်ကို နိုးလာတာနဲ့ မေးတာက “သမီး စုန်းမကို မိလိုက်သလား၊ မိလိုက်တယ် မဟုတ်လား” တဲ့။ ဘယ်က စုန်းမလဲ လို့ မေးတော့ အဖေ့ဖုန်းကို စုန်းမတယောက် လု ပြေးတယ် တဲ့။ ကိုယ့်မလဲ ရီတောင် မရီရက်ပါဘူးလေ။

တခါကတော့ အဖေက စိတ်မကောင်းဖြစ်ပါသေးတယ်။ အဖေ့မိတ်ဆွေတချို့က ဆရာ့ကို ဖုန်းခေါ်တာ မရဘူး၊ မက်ဆေ့ခ်ျထားခဲ့တာလဲ မပြန်ဘူး ဘာညာ ပြောကြတော့ အဖေက ဖုန်းလွတ်သွားမှာ သိပ်စိုးရိမ်တယ်။ ဒါနဲ့ ကိုယ်လဲ အကြံထုတ်ရတယ်။ “အခု ပြောနေတာ ဦးတင်မိုးဖုန်းကပါ၊ မက်ဆေ့ခ်ျ မသွင်းခဲ့ပါနဲ့ရှင်။ အဖေ ပြန်မခေါ်တတ်ပါဘူး” လို့ ဖုန်းထဲမှာ အသံ သွင်းထားလိုက်မှ ကိစ္စအေး သွားပါတော့တယ်။ အဖေနဲ့သမီးကတော့ ဟုတ်နေတာပါပဲ။

ကိုယ်ကသာ အဖေ့အကြောင်း ပြောနေတာ တကယ်က ကိုယ်လဲ သိပ်တော့ မထူးပါဘူးလေ။ တလောကတော့ ည ၈နာရီခွဲလောက် Zumba Class က ပြန်လာတယ်။ ညကလဲ မှောင်နေပြီ။ အိမ်နဲ့ကလဲ လမ်းလျှောက်ရင် ၃မိနစ်ဆိုတော့ လာမကြိုခိုင်းဘဲ တယောက်တည်းပဲ ပြန်လာတယ်။

ဒီညမှပဲ မှောင်တာ အတော်စောတယ်။ ကိုယ့်မှာက အက်ရှင်ကားတွေ ကြည့်ပြီး ညဖက် ကားပါကင်ထဲ တယောက်တည်း မသွားရဲတာတို့ ညဖက် လမ်းအကွေ့တွေ မသွားရဲတာတို့ စိတ်အခံက ရှိနေတယ်။ အခုလဲ မိုးကချုပ်၊ တယောက်တည်း ပြန်လာရတော့ သတ္တိက ပြလာတယ်။ ဒါနဲ့ အိတ်ကလေး လွယ်ပြီး ခပ်သုတ်သုတ်ပဲ လမ်းလျှောက်လာတယ်။

အိမ်က ရောက်တော့မယ်။ အဲဒီအချိန်မှာ ဘယ်က ကားနက်ကြီးမှန်း မသိ ကိုယ့်ဘေးကနေ ကွေ့ပြီး ပေါ်လာတာ။ ရုပ်ရှင်တွေထဲကလို လူဆိုးတွေ ဆင်းလာ၊ ဖမ်းတင်သွားတတ်တဲ့ ကားမျိုး။ ကိုယ်လဲ လေအေးလို့မဟုတ်ဘဲ ကျောက စိမ့်ပြီး လက်ဖျားတွေတောင် အေးလာတယ်။ အဲဒီအချိန်မှာ ခလောက် ဆိုပြီး အသံကြားလိုက်ရတာပဲ။

ကိုယ့်အထင်တော့ ကိုယ့်ကို ရေသန့်ဗူးနဲ့ ပေါက်လိုက်ပြီလို့ ထင်မိတာ။ လမ်းသရဲတွေ ဖြစ်မယ်၊ ပြေးမှ ဆိုပြီး အိမ်ကို တချိုးတည်း ပြေးတာ တန်းနေတာပါ။

အိမ်အ၀င်ကျတော့ ချက်ချင်း အိနြေ္ဒဆယ်တယ်။ သတ္တိမရှိဘူး အပြောခံရမှာစိုးလို့ ခပ်တည်တည်ပဲ အိမ်ထဲ ၀င်ခဲ့တယ်။ အိမ်မှာ အလ္လာပသလ္လာပ ပြောပြီး ဘလော့ဖတ်နေတဲ့ထိ မသိသေးဘူး။ နောက်တော့ အိမ်ကို ဖုန်းလာတာနဲ့ ကိုင်လိုက်တာ ညီမတယောက် ဖြစ်နေတယ်။ အမ ဖုန်းကို ခေါ်တာ ခေါ်လို့ကို မရဘူး တဲ့။ ဒါနဲ့ ကိုယ်လဲ ငါဖုန်းဖွင့်ထားပါတယ်ဆိုပြီး ရှာလိုက်တာ ဒေါင်းတောက်ပါရောလား။

နောက်မှ ခုနက အိမ်အပြန် ကားနက်ကြီးအနားအရောက် ခလောက်လို့ ကြားလိုက်တာ ကိုယ့်ဖုန်း ပြုတ်ကျတဲ့အသံ ဖြစ်နေတာကိုး။ ကိုယ်က ရေသန့်ဗူးနဲ့ ပေါက်တယ်ထင်ပြီး လှည့်မကြည့်ဘဲ တချိုးတည်း ပြေးလာတာလေ။ ဒါနဲ့ နှစ်ယောက်သား လက်နှိပ်ဓာတ်မီးကိုင်ပြီး လမ်းတလျှောက် ညကြီး မင်းကြီး ဖုန်း လိုက်ရှာကြသေးတယ်။ မတွေ့တော့ပါဘူး။

အခုတော့ ကိုယ် ဖုန်း အသစ် ကိုင်ထားရတယ်။ ဖုန်းကိုလဲ ရှေ့ရေး မျှော်တွေးပြီး warranty ၀ယ်ထားလိုက် ရတယ်။ Zumba သွားရင် အသွားရော အပြန်ရော လမ်းမလျှောက်စေဘဲ ကားနဲ့ သူ လာကြိုပေး ပို့ပေးရတယ်။
ဒီလိုဆိုတော့လဲ သူ့ကုသိုလ်နဲ့သူ ဖြစ်လာတာ ဘယ်တတ်နိုင်ပါ့မလဲ။


မိုးချိုသင်း

54 comments:

nguzar said...

First !!!

nguzar said...

Nice Post Ma Ma !!I am one of ur reader .I always come to ur place but never leave the comment .This is the my first time comment !!I was growth with Saya Gyee Tin Moe's poems so when i read ur post , i feel friendly with u even we don't know each other !!

မြူးသျှရီ said...

လာဖတ်သွားပြိ မေ၇
နောက်မှတခေါက်လာမယ်
ခုအိပ်မလို့ လေ
း)

nyimuyar said...

fantastic and I see and feel telephone from you post.

ရွာသားလေးဝိုင်တီယူ said...

လာရီသွားပါတယ် အဟဲ။
ရုံးမှာဖုံးခဏခဏပျောက် တဲ့ အမကြီးကို အကြံပေးဖူးတယ် လည်ပင်းသာဆွဲထားလိုက်ပါလို့။
တစ်အားမေ့တတ်ရင်တော့ ကျနော့အဖွားလို မျက်မှန်သုံးလက်သာဝယ်ထားပါတော့ဗျာ

ck said...

ကျွန်တော်တော့ ဖုန်း သက်သက်ပဲ သုံးချင်လို့ ဒါကိုသုံးပါတယ်။ ဘာ အပို ဖန်ရှင်မှ မပါပါ။
http://www.sparkfun.com/commerce/product_info.php?products_id=286

မမသီရိ said...

မမကိုယ်တိုင် ဒီဇိုင်းထုတ်တဲ့ ဖုန်းထည့်ပြီး
လည်ပင်းမှာ လွယ်တဲ့အိတ်လေးတွေ ရှိတယ်
ပို့ပေးရမလား..း)

Thant said...

ကြိုးလှလှလေးဝယ်ပြီးတော့ လည်ပင်းမှာဆွဲထားလိုက်လေ အစ်မ ။ ဖတ်ပြီးတော့ ပြုံးသွားတယ် ။ ဟုတ်ပ ။ သူ့ကုသိုလ်နဲ့သူ ဖြစ်လာတာ ဘယ်တတ်နိုင်ပါ့မလဲ ။ :) :)

kiki said...

မချိုသင်းရေ
kiss phone လေး တလုံး ပို့ ပေးလိုက်မယ်နော် ။
ဖုန်းကလေး ကို ဖုံးဖုံးဖိဖိ လေး ထားပေးလေ ။

ဟုတ်ပ မရှိ မဖြစ်လို့သာ သုံးနေရတယ်နော် ။
ခုခေတ်ဖုန်းတွေက ဘာတွေမှန်းမသိ ရှုပ်ရှက်ခပ်နေတာ။

ခင်မင်လျှက်
ကိကီ

tin min htet said...

ဟန်းဖုန်းဆိုတာလည်း ..
မပေါင်းလည်းခက် ပေါင်းလည်းခက် :P

Mae said...

ရေးထားတာလေးက ကြည်နူးဖို့ကောင်းပါတယ်၊ အိမ်က ဖေဖေကိုလဲ လွမ်းလိုက်တာ၊

အဘွားအိမ်က ဂျောက်ဂျောက်နဲ့ လှည့်ရတဲ့ အမဲရောင် ဖုန်းကြီးရောပဲ၊ ဒီတခါ အိမ်ပြန်ရင် အဘွားကို ကပ်ချွဲပြီး တောင်းကြည့်ဦးမယ်၊ အခု ဖုန်းလေးတွေ ကိုင်ရတာ ပေါ့ရွှတ်ရွှတ်နဲ့၊ အဲ့ဒါကြီးကို အားရတယ်၊ ဟဟ...

ခင်ဖူးတဲ့ ကလေးလေးက ဖုန်းပျောက်တော့ ဆရာလုပ်တယ်၊ ခေါင်းလောင်းဆွဲထားပါလား တဲ့

မီးမီးချစ် said...

အေးလေ မချိုသင်းက လမ်းလျှောက်ချင်တဲ့ ဟာကို အကိုကြီးက အလိုက်မသိဘူး.. အတင်းလိုက်ပို့  လိုက်ကြိုနေတာပဲနော်..း))

may zin said...

အစ်မ ရေ... လမ်းလျှောက်ပြီး လာကြိုခိုင်းပါလား ...အဲ့ဒါဆို..အဖော်လဲ ရှိ..လမ်းလဲ လျှောက်ဖြစ်တာပေါ့..း)

Mr.Pu said...

Pearl ကထုတ်တဲ့ RX-80 PICO လည်း ဖုန်းပြောတာနဲ့ message ပို့တာပဲရတယ်။ သေးသေးလေး။ ၄၀ ဂရမ်းပဲလေးတယ်။

မယ်ကိုး said...

မကို ချစ်ခင်သူတွေက လမ်းလျှောက်ခိုင်းနေကြတယ်နော်
;D
ကျွန်မ ကတော့ ပြောတတ်ပါဘူး။ :)
တစ်ခုပဲ မရေ...ဆရာကြီးဦးတင်မိုးနဲ့  ကျွန်မ ဖုန်းသုံနည်း သိပ်မကွာဘူး။ :D

myo said...

မချိုသင်းရေးတဲ့စာတွေက အမြဲတမ်းမျက်စိထဲမှာ ပုံပေါ်တယ်..
မချိုသင်းဖေဖေ ဖုန်းပြောတာကိုဖတ်ပြီး ဟာသတပုဒ်သွားသတိရတယ်..

"တောကဘကြီးတယောက် မြို့ကိုအလည်လာတုန်း သူ့ဆီဖုန်းလာတယ်တဲ့.. သူဖုန်းထူးနေတာကို ဘကြီးရဲ့ တူလေးကတွေ့တော့ ဘကြီးဖုန်းပြောတာ ပြောင်းပြန်ဖြစ်နေတယ် လို့ပြောတော့ ဘကြီးက ဟယ်လို ဟယ်လိုလို့ ထူးနေတာကနေ လိုဟယ် လိုဟယ်လို့ ပြောင်းထူးတယ်တဲ့..."း)

sin dan lar said...

မမ.. ညီမ ငယ်ငယ်က ဖုန်း စပြောရမယ်ဆိုတော့ ခေါင်းထဲမှာ အသေမှတ်ထားတာက ကြိုးတွဲလောင်း ကျတဲ့ဖက်သည် ပါးစပ်မှာ တပ်ရမယ့်ဖက်၊ ဒါဆို ပြီးပြီ...။

Rita said...

:))))
မပြုံးဘဲ မနေနိုင်အောင် မမရယ်။
နောက်ဆုံးစာကြောင်း သဘောအကျဆုံး။

အပြုံးပန်း said...

အမလည်း အပြုံးပန်းလို ကြော်ငြာဝင်တယ်နော်။
နောက်ဆုံးစာကြောင်းနှစ်ကြောင်းကို ပြောတာ။ :P

ကိုကိုသုန် said...

အစ်မရေ ဖုန်းသရဲရောမလာဘူးလား။ ဖုန်းခဏခဏ ပျောက်ရင်တော့ အကောင်းဆုံးက ဟမ်းဆက်ကောင်းကောင်း မကိုင်နဲ့ဗျာ။ ကျွန်တော်လည်း ခဏခဏ ပြုန်ကျတတ်တယ် အစ်မ ဒါကြောင့် ဖုန်းမှာဆို ကြောင်ခြစ် ရာလေးတွေနဲ့ပေါ့။

Shinlay said...

လာဖတ်သွားပါတယ်။

သီဟသစ် said...

အစ်မချိုသင်းရေ

ဟေမာနေ၀င်းသီချင်းလေးတောင် သတိရသွားပြီ။ ကားနက်ကြီးပေါ်လာတာ ဖတ်ရတဲ့သူတောင် လန့်သွားတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

reenoemann said...

အမရေ ဟုတ်တယ် ကျနော် ဖုန်းဆို ခဏခဏ ကျလွန်းလို့ ဖုန်းရုပ်တောင်း မပေါ်တော့ဘူး။

အမရေးထားကိုဖတ်ပြီး ရယ်လိုက်မိတယ်နော်။

ခုတော့ ကားနက်ကြီး ကို ကြောက်စရာမလိုတော့ဘူးပေါ့နော်


ရီနို

Mandalay Inn said...

Dear Ama Moe Cho Thinn,,

I still remember uncle U Tin Moe Last visit in Siem Reap....We do had nice chat... I have learned a lot from him during a shot conversation..
Umm...seems like yesterday..

Maung Maung

PAUK said...

ဖုန်းစုတ်နေလို့ လဲနေချင်တာ..
မချိုသင်းက တယ်လီဖုန်းဆိုတော့..
ပိုလဲ ချင်နေပြီ..
ကျနော်လဲ ဖုန်းခဏ ခဏ ပြုတ်ကျတတ်တယ်..
ပျောက်တော့ မပျောက်ဖူးသေးဘူး..

tg.nwai said...

ချိုသင်းရေးတာဖတ်ပြီး ဟိုးအရင်ကဖုန်းတွေကိုလဲပြန်သတိရလို့..။ ဆရာကြီးကိုလည်း ချစ်..ဆရာ့သမီးလေးကိုလည်း ချစ်လိုက်တာ..ရိုးသားဖြူစင်ကြလွန်းလို့..။

တို့တွေလည်း ဖုန်းကအိမ်မှာတင် ပျောက်ပျောက်နေတတ်တာ..အပြန်သွားခါနီးမှ အိမ်ဖုန်းနဲ့ ပြန်ခေါ်ကြည့်ရတယ်..နှိုးစက်လည်းလုပ်၊ သီချင်းလည်းနားထောင်၊ ဂိမ်းလည်းဆော့ဆိုတော့ တခါတလေ ဘယ်နားချမိမှန်းကို မသိ..:)။ အပြင်သွားရင်တော့ ဖုန်းထည့်ဖို့ ဘေးအိတ်ပါတဲ့ ပိုက်ဆံအိတ်ပဲသုံးတော့ အပြင်မှာပျောက်ဖို့တော့သိပ်မပူရဘူးပေါ့..။ အဲဒါကလည်း တခါလောက် လမ်းမှာပြုတ်ကျကျန်ခဲ့ပြီးမှလေ..ဟဲဟဲ

Talkii said...

သူလဲ memory stick လိုပဲ :) နည်းပညာတိုးတက်လာတို့ ဖုန်းက သေးသေးသွားတယ်။ ကျွန်တော်ကတော့ မကြိုက်ဘူး။ ဘယ်နားထားမိမှန်းမသိလို့။ ဖုန်းအကြီးကြီးတွေ ကိုင်ပေါ့။

khin oo may said...

ခင်ဖုန်းကြည်လာဖတ်သွားပါသည်။

Heartmuseum said...

ရီလိုက်ရတာ အမရယ်.........
“အခု ပြောနေတာ ဦးတင်မိုးဖုန်းကပါ၊ မက်ဆေ့ခ်ျ မသွင်းခဲ့ပါနဲ့ရှင်။ အဖေ ပြန်မခေါ်တတ်ပါဘူး”
......ရီသာရီနေတယ်...... ကျွန်တော့်အမေလဲ ထိုနည်းတူပါပဲ..... အခုတော့ အကြံရပြီ။ အမအတိုင်း Message သွင်း ပေးလိုက်မယ်။ :D :P

ဂျူနို said...

ခုဖုန်းအကြောင်းပြ လူဆိုးတွေပဲလိုက်ခံရသလိုလို အကြောင်းပြပြီး လာကြိုခိုင်း လာပို့ ခိုင်းတယ်။
နောက်တခါဆို သင်တန်းမှာ ဘာညာ အကြောင်းပြပြီး
ကိုဝဏ္ဏပါ zumba တက်ခိုင်းမှာ မြင်ယောင်တယ်။

မအယ်

ဂျူနို said...

ဟလို .... မကြားရဘူး။
ကျယ်ကျယ်ပြောပါ။
အိတ်ချိန်းကလား ဟုတ် ရန်ကုန်နဲ့ ပြောမယ်။
ဟလို ဟလို ဟလို ဟာ လိုင်းကျသွားပြီ။

ကိုလူထွေး said...

လိုက်ကြို့... လိုက်ပိုလုပ်ပေးအောင် ...

တမင်တကာ ဖုန်းကို လွှင့်ပစ်ခဲ့တာမဟုတ်လား...

သိနေဒယ်နော်... သိနေဒယ်...


းဝ)
စုံထောက်ကြီး ကိုလူထွေး

TNS said...

“ဟလို...မမိုးချိုလားးးးး
ဘာဖြစ်လို့  ဒီိလောက်တောင် စာရေးတတ်တာလဲးးးးး”
..........
..........ဟလို...ဟလို.....
“ လူကြီးမင်းခေါ်ဆိုနေသောဖုန်းမှာ...
ကြောက်လန့် တစ်ကြားပြေးလွှားနေပါသဖြင့် ခေါ်ဆိုရွေ့ မရနိုင်ပါရှင်...ရှင့်”

ဖိုးစိန် said...

ကျနော်ကတော့ ဖုန်းကိုလုံးဝမ မကြိုက်ဘူး
ဖုန်းထဲမှာ စကားပြောနေတာထက် လူကိုပြေးတွေ့ချင်တဲ့စိတ်ပဲပေါက်တယ်

ဖုန်းသံကြားရင် အလိုလိုဒေါသထွက်လာတယ်လေ

ခေါ်တဲ့သူက အလုပ်ရှင်ပဲရှိတာကိုး....


ဒီကမြန်မာတွေကို သိပ်ဖုန်းနဲ့ စကားမပြောတော့ သူတို့လဲ မဆက်ကြပါဘူး ဆက်လဲ အင်းအား အဲ နဲ့ ပီးနေတာပဲ...

ဖုန်းနဲ့ ကျနော်က သူတခြားကိုယ်တခြား

လမ်းသွားရင်တော့ ပါတယ်




မကြီးချိုသင်း အားပေးစကားများအတွက် ဝမ်းသာပါတယ်ဗျာ...

ကျေးဇူးတင်သလို ဝမ်းနည်းဝမ်းသာပေါ့...

အခုတော့ အနည်ထိုင်နေပါပြီး ကျောက်ချဉ် စိမ်လိုက်ပြီးလေ...း)


မကြီးချိုသင်း ကျမ်းမာပျော်ရွှင်ပါစေဗျာ....

ဖုန်းအသစ်ကို လှမ်းခေါ်နေတယ်နော်...း)

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

mainnmainn said...

ဟုတ်တယ်နော် အမ..
ဖုန်းက တကယ်ပဲ သာဓုခေါ်ချင်စရာကောင်းတဲ့ တီထွင်မှုတခုနော်..
ခုဆို ရုပ်ကိုကြည့်ရင်းပြောလို့ရတဲ့ ဖုန်းတွေတောင် ပေါ်လာပြီဆိုတော့ ချစ်ခင်သူတွေကို နီးသွားစေတာပေါ့နော်...
အမကရေးတတ်လွန်းတော့ သက်မဲ့ဖြစ်တဲ့ဖုန်းတောင် အသက်ဝင်လာတယ်အမရယ် အမြဲတမ်း အားပေးနေတယ်အမ
များများသာရေးနော်းဝ)

Su said...

i always put my phone in my jeans back pocket. and washed it about 3 times :)
Par Gyi is using my old phone and he thinks its key pad is too small for his fingers so he nvr text me :D

မင်းအိမ်ဖြူ said...

ဖုန်းအကြောင်းလေးလာဖတ်သွားပါတယ် ၊၊ ငယ်ငယ်တုန်းက သိုးမွေးလက်ကိုင်ပ၀ါလေးနဲ့ အုပ်တယ်ဆိုတာလေးတွေ့တော့ ကျွန်တော်တို့ နိုင်ငံမှာ ဒီစနစ်တော်တော် ထွန်းကားခဲ့ပါလားမှတ်ရ
ဖုန်ထုတာကိုး အစ်မရဲ့ ဟာဟ

ပျော်ရွှင်ပါစေ ၊
မင်းအိမ်ဖြူ

အစ်မဘလော့လေးကို လင့်လည်းထားပါတယ်နော် ၊၊ အသိပေးတာပါ အစ်မရေ၊၊

နဒီမိုးညို said...

ဖုန်း.ကို..ငယ်ငယ်လေးကတည်းကကြိုက်တာ
ခုအသက်ကြီးတဲ့အထိကြိုက်နေတုန်းပဲ..မမေ၇

MANORHARY said...

interesting post !!

Orange said...

Ma Moe Cho Thin yay,
I read your Blog usually, but haven't write comment yet.
Ah ma yay dae sar lay twe yaw, ah phyit ah pyat lay twe ka par, chit sayar lay twe ah myay phit nay dae naw. Ma pyaw pae ma nay ng top lo par :)
Sate tha ball htar phyu lite kya dar naw ...
By: Orange Chit Thu

ကောင်းကင်ပြာ said...

အမ ချိုသင်း ရေးထားတာလေး ဖတ်ကောင်းလိုက်တာ၊:)

မေ့သမီး said...

အမ အခုတော့ဖုန်းကမရှိမဖြစ်နော်။ မပျောက်အောင်သူများတွေပြောသလို လည်ပင်းလွယ်သွားလေ။ :P

puluque said...

ဖုန်းအကြောင်းကို ဖုန်းဖုန်းဖိဖိ ဖတ်သွားတယ်နော်..(ဆိုဒ်ထဲကနေ ဖတ်နေတာ..လူကြီးသိသွားမှာဆိုလို့ဗျ)

မီယာ said...

မချိုသင်းပြေးတဲ့ပုံ မြင်ယောင်ပြီး ရီလိုက်ရတာ (ကန်တော့ပါနော် အမရေးတာ အသက်ဝင်လွန်းလို့ပါ)
ရုပ်ရှင်တွေက တကယ် ထိရောက်တယ်နော် x file ထဲကလိုတွေ ဖြစ်မှာ သိပ်ကြောက်တာပဲ။

မေလေး said...

မမရေ မေလေးလဲ ဖုန်းအကြောင်းဖုန်းဖုန်းဖိဖိ ဖတ်သွားပါတယ်။ လက်တဘက်က မောက်လ်ကို အသင့်ကိုင်ထားတယ်။လူလာရင် ပိတ်လို့ရအောင်။ရုံးကနေ ခိုးဖတ်နေတာမမရေ။ မေလေးလဲ ဒီရောက်မှ ဟန်းဖုန်းကိုင်ဖူးတာမမရေ ။ ပြုတ်ကျတာတော့ အခါပေါင်း မနဲဘူး။လူသာဆိုဆေးရုံကတောင်ဆင်းရမှာ ဟုတ်ဘူး။
မမကိုချစ်တဲ့
မေလေး
(တကယ်ကြီးချစ်တာနော်။ ဟိုတလောကကွယ်ကွယ်လေးထိုင်နေတဲ့ပုံလေ။အဲဒီပုံမြင်ပြီးထဲက ပိုချစ်သွားတာ တကယ် သိလား)

ကောင်းကင်ကို said...

ကျနော်လည်း ဒီဘက်ရောက်လာမှ ဖုန်းနဲ့ ကံနဲ့ ။ :D

Republic said...

အစ်မ MCT အရေးအသားလေးတွေ သဘောကျကျနေမိတယ် ၊၊ ဂရေဟမ်ဘဲလ် မှာကျေးဇူးရှိတယ် ၊၊ ဆပ်လိုက်အုံးနော် ၊၊ :-)

nadine said...

ကတုံး ကတုံးတယ်လီဇုန်း ရန်ကုန်မြို့ကိုဆက်ပါဦး
သမီးနဲ့ လူကြီးမင်းနဲ့ပဲ တိုးနေတော့ ...ညစ်ရတယ် မချိုရေ.....

Steve Evergreen said...

ဖုံးရာဇဝင် ကိုဖတ် ရတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ မြန်မာပြည်တုန်းကတော့ ညဆို ဖုံး ကြိုးကိုဖြုတ်ထားတယ်။ အချိန်မတော်ခေါ်ကြလွန်းလို့။ ဒီမှာတော့ မှာအချိန်ပြေ့ silent mode ထားတယ်။

mobile phone (cell phone: USA, hand phone: Burma) လဲ ခါးကနေပြုတ်ကျဘူးတယ်။ Tesco ထဲ မှာ။ လူတွေကအော်ပြီးလိုက်ပြောကြတာ လန့်တောင်သွားတယ်။ လူကိုများ idiot ကျနေတာပဲ။ အဲလို အော်မဲ့အစား မသိသလိုနေကြရင်တောင်ခပ်ကောင်းကောင်း။ phone ကဘာမှမတန်ပါဘူး။ အမြဲအစုပ်ပဲကိုင်တာ။

ourstream said...

သတ္တိကတော့ မသေးဘူးနော့.......။

သက်ဝေ said...

ဘာအကြောင်းရေးရေး အစဉ်အမြဲ ချစ်စရာတွေကောင်းနေတော့တာပါပဲ...
အဖေနဲ့ သမီး... ခေါင်းချင်းတိုးဝှေ့ပြီး ဖုန်း ကင်မရာနဲ့ ဓါတ်ပုံရိုက်နေကြတဲ့ပုံ... ဖုန်းထဲမှာ Wall Paper အဖြစ်တင်ထားတဲ့ပုံ ကို တွေးမြင်ကြည့်နေမိတယ်...

အခု ချိုသင်းက ဖုန်းအသစ်နဲ့ပေါ့... ဟဲဟဲ

ခြေလှမ်းသစ် said...

ုဖုံးဖုံးဖိဖိနဲ့ ဖုန်းလာဖတ်သွားတယ် အမရေ ဘယ်လိုပဲရေး ရေး ဖတ်ချင်စရာကို ဖြစ်လို့
ကိုဇော်

မြူးသျှရီ said...

မရေ.....

မြူးလေးလာပါပြီ
ဟင်းချက်ကျွေးမလို့ဆို
လာစားတာနော်
ဘာကျွေးကျွေးစားမှာပါရှင့်

ခင်တဲ့
မြူးလေး

********* said...

ဟားဟားဟား......
(မျက်စိထဲမှာ..ချိုသင်းရဲ့ ပုံစံကိုမြင်ပြီး ရီချင်နေတယ်)