ကြောင် နဲ့ ငှက်

လူတွေများ စိတ်တွေညစ်ပြီဆိုရင် ဘာလုပ်တတ်ကြသလဲ ကိုယ်တွေးနေမိတယ်။ ကိုယ့်အဖို့မှာတော့ စိတ် မပျော်ရွှင်ရင် ကိုယ့်သားသမီးလို ဖြစ်နေတဲ့ ကြောင်လေးတွေနဲ့သာ ဆော့လိုက် ပွတ်သပ်လိုက် ကစားလိုက် နေမိတာပဲ။

သူတို့နဲ့နေရင် စိတ်ပင်ပန်းတာ စိတ် အခန့်မသင့်တာ အဆင်မပြေတာတွေလဲ ခဏတဖြုတ်တော့ မေ့တယ်။ မပျော်ရွှင်တဲ့ စိတ်တောင် လန်းလန်းဆန်းဆန်း ဖြစ်လာတတ်တယ်။ သူတို့အကြောင်း ပြောမယ် ရေးမယ် ဆိုရင် ပြောမကုန်၊ ရေးမကုန်။ ကြောင်လေးတွေနဲ့ စာရေးဖို့ ဂီယာပြန်နှိုးရသလိုပေါ့။

အရင်က ကြောင်လေးတွေ ခြံထဲမှာ လာပေါက်ရာက တဖြေးဖြေး သိမ်းသွင်းပြီး ကိုင်လို့ရလာတော့ အရင်ပေါက်တဲ့ ၅ကောင်က အိမ်ထဲမှာနေ၊ နောက်ပေါက်တဲ့ ၅ကောင်က ခြံထဲမှာနေလို့ အသီးသီး နယ်နိမိတ် သတ်မှတ်ထားကြတယ်။ နောက်တော့ ဆုံးတဲ့ကလေးက ဆုံး၊ အိမ်ပြောင်းတဲ့ ကောင်က ပြောင်း၊ ကားတိုက်တဲ့ ကလေးက အတိုက်ခံရဆိုတော့ အိမ်မှာ အခုဆို ၄ကောင်ပဲ ကျန်ပါတော့တယ်။ (ဆုံးတဲ့ ကလေးတွေ အကြောင်းတော့ မပြောပါရစေနဲ့တော့။)

ပဲများတဲ့ ပဲထုပ်ကလေး သမီးဖြူရယ်၊ အနက်ကြား အိုဘားမားရယ်၊ အထီးတကောင်တည်း ကျန်တဲ့ အကြီးကောင် ရယ်၊ နောက်တကောင်က စပယ်တင် တဲ့။ နှုတ်ခမ်းမှာ မှဲ့လေးလို ထင်းထင်း အနက်စက်ကလေး ရှိတာမို့ စပယ်တင် လို့ နံမည်ပေးလိုက်တာ။ ကြောင်ထီးထင်ပြီး အိုဘားမားလို့ နံမည် ပေးလိုက်ပြီးမှ အမ ဖြစ်နေသလိုမျိုး စပယ်တင် ပေးပြီးမှ အထီးဖြစ်နေရင် အခက်မို့ သေချာ ကြည့်ပါဟဲ့ လုပ်ရသေးတယ်။

အခု သူတို့အတွက် ခြံထဲမှာ ကိုယ့်အမျိုးသားက ကြောင်အိမ်ကလေး နှစ်လုံး ဆောက်ပေးထားတယ်။ အင်တာနက်ကနေ ကြောင်တွေအတွက် အိမ်ကို သေချာရှာ၊ ဒီဇိုင်း ထုတ်ပြီးမှ သုံးထပ်သားနဲ့ ဆောက်၊ ဆေးတွေသုတ်၊ ကော်ဇော ခင်းပြီး နေချင့်စဖွယ် လုပ်ပေးထားတာပါ။ သူတို့ကလဲ အဲဒီအိမ်လေးထဲမှာပဲ ၀င်အိပ်တယ်၊ နေပါတယ်။

ခြံထဲမှာ နေရပြီဆိုတော့လဲ နဂိုကမှ တောကြောင်စပ်လေးတွေဆိုတော့ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ကျားကျားယားယားတွေ ဖြစ်ကုန်တယ်။ နေ့တိုင်း အစာကျွေးနေတဲ့ ကိုယ်တို့ကိုတောင် စိတ်မထင်ရင် မထင်သလို ခီး ခီး နဲ့ ပြန်ဟောက်တတ်တယ်။ ဒါပေမဲ့ ဘယ်ကိုမှတော့ ထွက် မသွားဘူး။ အထူးအိမ်ခင် တဲ့ ထူးအိမ်ခင်တွေပါ။ ခြံထဲမှာပဲ လှဲလိုက် ဆော့လိုက် နေကြတယ်။

ကိုယ်တို့လဲ ကြည်နူးနေတာပေါ့။ သူတို့ သဘာဝအတိုင်း ဆော့ကြ၊ ကစားကြ၊ သစ်ပင်ပေါ် ပြေးတက်လိုက်ကြ နဲ့ဆိုတော့ စိတ်ချမ်းသာမိတာပေါ့။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုက သိပ်မကြာလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက ပုတ်သင်ညိုတွေ ဖမ်း ဆော့၊ ကင်းလိပ်လျှောလို အကောင်မျိုးလေးတွေ ဖမ်းလာ၊ တခါကတော့ သူတို့လက်နဲ့ ဖိထားတဲ့ ခပ်လှုပ်လှုပ်ဟာလေး ကြည့်လိုက်တာ ငှက်ပေါက်စလေး ဖြစ်နေတာကိုး။

ငှက်ကလေးရဲ့ ခေါင်းကလေးကို အိုဘားမားက လက်နဲ့ ဖိထားတယ်။ ခဏနေတော့ လွှတ်လိုက်တယ်။ ငှက်က ကမူးရှူးထိုး ခုန်ဆွပြီး ပြေးတော့ တလှမ်း နှစ်လှမ်းလောက် လှမ်းပြီး ပြန်ဖိထားတယ်။ ပုံစံကတော့ တကယ့်အချဉ်ပဲ။ ဆော့တဲ့အရွယ်တွေဆိုတော့ မျောက်မူးလဲ တို့ လျှပ်စီးလက်တို့ နံမည် ပေးရမဲ့ အပေါက်။ ငှက်ပေါက်စလေးကို ၄ကောင်သား ဆော့လိုက်ကြတာ ဗြောင်းဆန်နေပါရောလား။

စားချင်လို့တော့ မဟုတ်တာ သေချာတယ်။ စားတာလဲ တခါမှ မတွေ့ဘူးလေ။ အစာလဲ ၀ နေတော့ ဆော့ရုံ ဆော့တာပါ။ ဒါပေမဲ့ “ကြောင် ကျီစားရာ ငှက်မခံသာ” ဆိုသလို ငှက်ပေါက်စလေးတွေလဲ သေကုန်သလား မသိ။ နောက်တနေ့ကစပြီး သူတို့ရဲ့ မဟာရန်သူ ပေါ်လာတော့တယ်။

ငှက်မကြီးလို့ ကိုယ်ထင်တာပဲ။ မနက်မိုးလင်းကတည်းက တံခါးဝမှာ စောင့်နေတယ်။ ခေါင်မိုးစွန်းမှာ နားပြီး အသံကုန် ခြစ် အော်နေတာပါ။ speaker corner များ ထင်နေသလား မသိ။ သူ့ရင်တွင်းခံစားချက်တွေ အကုန် ပေါက်ကွဲ၊ အော်ဟစ်။ ငါ့ကလေးတွေ ပြန်ပေး လို့ ကြောင်တွေကို အော်ဟစ် တောင်းဆိုလိုက်တယ်။

ကြောင်တွေကလဲ ခပ်တည်တည်ပဲ။ ပြန်ပေးစရာလဲ မရှိတော့။ ငှက်ကလေးတွေလဲ ဆော့တာ သေကုန်ပြီ။ ဒါနဲ့ မကြားချင်ယောာင် ဆောင်နေပုံပဲ။ ရုပ်တည်ကြီးနဲ့ အိုဘားမားဆိုရင် ငုတ်တုတ်ထိုင်နေတယ်။ အကြီးကောင်ကလဲ သူ မလုပ်သလိုလို။ အဖြူမကလဲ ငှက်ခေါင်းကလေး ငုံမိရုံပါဆိုတဲ့ အထာနဲ့။

ကိုယ်တို့ရဲ့ နောက်ဖေးထွက်တဲ့ အပေါက်ဝနားမှာ သူတို့ ကြောင်အိမ်ကလေးတွေ ရှိတာပါ။ အစာကျွေးရင်လဲ အဲဒီနောက်ဖေးပေါက်ကနေပဲ ထွက်ကျွေးတာ။ ငှက်ကလဲ အပီအပြင်ကို အပေါက်ဝမှာ လာစောင့်နေတာပါ။ လာစားရဲ စားကြည့်စမ်း၊ ထိုးသုတ်ပစ်မယ် လို့ ကြိမ်းဝါးနေပုံပါပဲ။ တကယ်လဲ လုပ်ရဲတဲ့ ငှက်မ ဆိုတာ ကြာတော့ ကိုယ်တို့လဲ သိလာရတယ်။

ငှက်က တကောင်တည်း၊ ကြောင်က ၄ကောင်။ ဒါပေမဲ့ ကြောင်လေးကောင်စလုံး စားကောင်းခြင်း မစားရ၊ ဆော့ကောင်းခြင်း မဆော့ရ။ အစာကျွေးချိန်ဆို စားမယ်ကြံရင် ကျောကုန်းကို ငှက်က ထိုးသုတ်လိုက်တယ်။ တခါ ငုံ့စားနေပြန်တော့ ကျောက အမွှေးတဆုပ် ငှက်လက်ကြားထဲ ပါသွားပြန်ပါရော။ ရေကလေး သောက်မယ်ကြံရင် နားရွက်ကို ဖြတ်သုတ် လိုက်လို့ နားစုတ်သွားပြန်ပါပေါ့။

အရင်ကလို ခြံထဲမှာ လှဲပြု ဘယ်နေနိုင်ပါတော့မလဲ။ ငှက်က မျက်စိထောက်ဒေါက် ကြည့်နေတော့တာကိုး။ ကြောင်ဆိုတာကလဲ လေးဖက်ထောက် သွားတဲ့ သတ္တ၀ါဆိုတော့ လမ်းလျှောက်နေတုန်း ငှက်ပျံလာတာကို မမြင်ရဘူးလေ။ ငှက်ကလဲ သူ့ကလေးတွေ သေထားတာဆိုတော့ မကျေနပ်နိုင်ဘူး။ သူသေ ကိုယ်သေ၊ ၄ကောင် တကောင်ချင်း ချမယ်လို့ ဆုံးဖြတ်ထားပုံရတယ်။

ကိုယ်တို့မှာတော့ “ငှက်ကလေးတွေ စိုးစီ စိုးစီ” လို့လဲ ကဗျာ မရွတ်နိုင်။ သံကုန်ခြစ် အော်နေတာ ဘယ်မှာ စိုးစီ ဖြစ်မှာတုန်း။ ငိုကြွေးနေတဲ့အသံဟာ လူစကား မဟုတ်တဲ့ ငှက်သံတောင် နားထောင်လို့ သာယာနာပျော်ဖွယ် မဖြစ်ဘူး။ သနားစရာ ကောင်းပါဘိ။

“တိရိစ္ဆာန်တွေဟာ အချိန်ကြာရှည် မမှတ်မိတတ်ဘူး၊ short term memory ပဲ ”ဆိုတာ ဘယ်မှာ မှန်လို့တုန်း။ ဒီငှက်က ကောက်ရိုးမီး ဟုတ်ပုံမရဘူး။ ကိုယ်တို့အိမ်မှာတော့ ကြောင် နဲ့ ငှက် စစ်ပွဲဟာ အခုဆို တပတ်ကျော် ကြာနေပြီ။ ကြောင်တွေကလဲ ဒီ ငှက်ကို အပြတ်ခုတ်လိုက်ဖို့ ကြံစည်နေတယ်၊ သစ်ပင်ပေါ်ကနေ လှမ်း ခုန်အုပ်တယ်၊ ကြောင်သာ ခြေကားယား လက်ကားယားနဲ့ မြေပေါ်ကျရတာ။ ငှက်ကတော့ ရွှတ်ကနဲ တချက်ခုန်ပျံသွားတယ်လေ။

ကြောင်တွေရဲ့ ကျောကို ပွတ်သပ်လိုက်ရင်လဲ အရင်လို မချောမွေ့တော့ဘူး။ ငှက်ကုတ်ရာ ဗလပွ နဲ့။ အမွှေးတွေလဲ တဆုပ် တဆုပ်နဲ့ နည်းတာ မဟုတ်။ လမ်းတောင် ဖြောင့်ဖြောင့် မလျှောက်ရဲ။ အစားတောင် ကောင်းကောင်း မစားရဲ။ ဘယ်အချိန်များ ငှက် လာကုတ်လေမလဲ တထိတ်ထိတ်နဲ့။ အိမ်ထဲမှာပဲ ပုန်းပြီး နေရတယ်။

မနေ့ကတော့ ကိုယ်လဲ ငါ့ကောင်တွေ ဘယ်လိုများ နေကြသလဲ လို့ ပြူတင်းပေါက်က လှမ်း အကဲခတ်လိုက်တာ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်လိုက်ရတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိုဘားမားက ပက်လက်ကြီးလန်ပြီး မြက်ခင်းပေါ် လှဲနေရတော့တာကိုး။ ကိုယ်လဲ မွေးကတည်းက ကြောင်တွေ မွေးလာပေါင်း များပြီ။ တခါမှ ကြောင်တွေ မအိပ်ဘဲ ပက်လက်ကြီး လန်နေတာ မတွေ့ဖူးဘူး။

အခုတော့ ကြောင်လဲ ကျောစုတ်ပါများတော့ ငှက်ကုတ်မှာစိုးလို့ ပက်လက်ကို လန်ပြီး မျက်လုံးပြူး ကြည့်နေရတဲ့ အဖြစ်ကို ရောက်ပါလေရော။ ဒါမှ ငှက်လာကုတ်ရင် လက်နဲ့ ခြောက်ရမှာကိုး။ အဲဒါကိုကြည့်ပြီး ကိုယ်လဲ ရီမိတော့တာပေါ့။

တကယ်တော့ ကြောင်နဲ့ ငှက်ဆိုရင် ဘယ်သူအားသာသလဲ မေးစရာ မလို၊ သူငယ်တန်း ကလေးတောင် သိပါရဲ့။ ပြီးတော့လဲ ကြောင်က လေးကောင်၊ ငှက်က တကောင်။ အင်အားချင်းကလဲ မမျှ။ ဒါပေမဲ့ ငှက်ကလေးရဲ့ ဇွဲနဲ့ တစိုက်မတ်မတ်လုပ်ရပ်က အင်အားကြီးပါတယ်ဆိုတဲ့ ကြောင်တောင် ကြောက်ပြီး ပက်လက်လန်ရတဲ့ ဘ၀ ရောက်ရတာကိုး။

ကိုယ်လဲ ပြူတင်းပေါက် ဘောင်ပေါ်မှာ မေးတင်ပြီး မရပ်မနား လူးလာခေါက်ပြန် ပျံရင်းကြံနေတဲ့ ငှက်ကလေးကို ကြည့်ရင်း တွေးမိတဲ့ အတွေးတစကို စာရေးပြီး မှတ်တမ်းတင်လိုက်မိပါတော့တယ်။

မိုးချိုသင်း

51 comments:

khine said...

first!

khine said...

မမ Blog ကိုဖတ်တာကြာပေါ့... အခုမှပဲမန့်ရတယ်..မန့်ရတော့လည်းပထမမို့ပျော်တယ်..:)

Myat said...

Very nice idea and writing.
I love cats too
MTZ

နွေးနေခြည် said...

ငှက်ကလေးရဲ့ မိခင်မေတ္တာပါလား...
ငှက်ရဲ့ ဇွဲကြောင့် အိုဘားမားတောင် ပက်လက်လန်သွားတယ်နော်း)
ဖတ်လို့ကောင်းတယ် အမရေ

Ko Paw said...

ဇွဲရှိပေမယ့်လည်း ငှက်မကြီးက အပြင်မှာ ရှိနေဦးမှ။ ငှက်မကြီးပါ လှောင့်ချိုင့်ထဲ ထည့်ထားရင် ကြောင်ပြုသမျှ နုရတဲ့အခါလည်း ရှိတယ်။ အဲသည်အခါမျိုးမှာတော့ Tweety bird အော်သလို "I tawt I taw a puddy tat!" လို့ အိမ်ရှင်အဖွားကြီးကြားအောင် အော်ရတော့တာပေါ့။

မြူးသျှရီ said...

einmatမရေးးးးးးးးးးးးးးးးးးးးး
လာဖတ်တယ်နော်
အရမ်းကောင်းတယ်
ဇွဲမလျှော့ဘူး

ရွာသားလေးဝိုင်တီယူ said...

ပန်လန်လက် ပက်လက်လန်စေ မယ့်အရေးတွေးသွားမိတယ်။ ထူးအိမ်ခင်ရယ် ငှက်ခေါင်းကလေး ငုံရုံလေးတင်ပါ ဆိုတာလေးတွေ သဘောကျမိတယ်။
ရဲလိုက်တဲ့ငှက်လို့ ချီးကျူးမိတယ်

ZT said...

အစ်မကြောင်တွေကို အင်္ကျင်္ီ ဝတ်ပေးထားပါ့လား။ :D

မွန် said...

အမရေ မွန်လဲဝါးလုံးကွဲရယ်မိရော
အိုဘားမားကိုမျက်စိထဲမြင်ယောင်မိလို့ ဟီးးးးးးးးးး
ဒါပေမယ့် အမကလေးတွေ မျက်လုံးတွေဘာတွေ ငှက်ကုတ်မယ် သတိထားဦးနော်အမ
ပြီးတော့ ဟိုချောင်းဆိုးနေတဲ့အကောင်လေး ဘယ်ရောက်သွားလဲဟင်

April said...

ဖတ်လို့ကောင်းတယ်။ အမ..ရဲ့ စာကို ဖတ်ရတိုင်း အမြဲ ပြုံးချင်စရာတော့ပါတယ်..

ပျော်ရွှင်ပါစေ..
မိုးနေ

sin dan lar said...

မမ.. အိုဘားမားလည်း ပက်လက်ကြီး လန်သွားပြီနော်....။
ဇက်တီပြောသလို အကျီင်္ဝတ်ပေးထားရင် အမွေးကုန် သက်သာမယ်.. နားကတော့ စုတ်မှာပဲနော်..။

MrDBA said...

ကြိုက်တယ် သိပ်ကြိုက်တယ်၊ အရမ်းကြိုက်တယ်။ အကျိုးနဲကြိုက်တယ်။

khin oo may said...

တို့ကတော့ဆင်ဆင်ခြင်ခြင်ဘဲကြိုက်ပါတယ်။

khin oo may said...

ကိုကိုဒီဘီလိုကမူးရှူးဒိုး မဟုတ်ဘူး။

MyowinZaw said...

အာဂငှက် ..

MANORHARY said...

ငှက်မြင်ရင် ဘဝအဆက်ဆက်က ရန်သူမြင်သလိုဖြစ်နေ တဲ့အိမ်က ကြောင်ကိုတောင်ပြေးမြင်မိတယ်။ ငှက်ကြောင့်
ပုန်းနေရတဲ့ကြောင်ဆိုတာလေးကိုဖတ်ရတော့ အတွေး တွေများရပြန်ပါတယ်။

တူးတူး said...

စစ်သလိုလို ကြောင်တွေ ကြောင်စစ်စစ်တွေ ကြောင်ယောင်ယောင်တွေ ယောင်တောင်တောင်ကြောင်တွေ
သတိထား။

ငှက်စာဖြစ်မယ် ဒါပေမဲ့ လဒစာ။

ငုံရုံငုံတာ ဆိုသူတွေ ဆွံချင်ယောင်ဆောင်သူတွေ ရူးချင်ယောင်ဆောင်သူတွေ သာကူးတွေ ဖော်လံဖားတွေ ကိုယ့်မထိလို့ မနာကြသူတွေ ကိုယ်ချင်းစာစိတ်မဲ့သူတွေ စားရလို့ ငြိမ်နေသူတွေ ကြောက်ရွံသူတွေ လည်း ဆက်နေရင် လဒစာဖြစ်မယ်။


တူးတူး

သက်ဝေ said...

ချိုသင်းလက်ရာနဲ့ အတွေးလေးကို သဘောကျလိုက်တာ...
တိရိစ္ဆာန်တွေဟာ short term memory ပဲ ဆိုတာ လုံးဝမဟုတ်ဖူး.. အိမ်က ရွှေငါးပိစိလေးတွေဆို ကိုယ်တို့ ညနေရုံးကပြန်လာပြီး အိမ်တံခါးဖွင့်လိုက်တာနဲ့ အစာ ကျွေးတော့မယ်၊ သူတို့ စားရတော့မယ် ဆိုတာသိပြီး သူတို့အနားကို ချက်ချင်းမရောက်နိုင်သေးရင် ရေထဲမှာ လူးလာခေါက်ပြန်နဲ့ အသံမထွက် ထွက်အောင် လုပ်ကြတော့တာပဲ...

Upendi said...

ကြောင်ကလေးတွေနဲ့ သူတို့ရဲ့ ကြောင်အိမ်ကို ကြည့်ချင်တယ်။း)

kiki said...

အင်း ..မဟုတ်မှ လွဲရော ( မလွဲရင်တော့ သေချာတယ် ဟုတ်လို့ )
အဲဒီ ငှက်က ငှက်တို့  ဘုရင် သိမ်းငှက် မျိုး ဖြစ်ရမယ် ။
အဟက် ကြောင် ၄ ကောင် ဆိုတာလည်း သူတို့ နဲ့ ကျ မှ တိုက်တိုက် ဆိုင်ဆိုင် ။
သိမ်း ငှက် က ရဲရင့်တယ် ။ မကြောက်ရွံ့ ဘူး ။
စူးရှတဲ့ အကြည့် နဲ့ တွေးခေါ်ပြီး ဒီကြောင် ၄ ကောင် ကို အသေခံ ပြီး ပြန်ချ မှာ ..ဆုံးရှုံး ခဲ့ ရတဲ့  သူ့ သားသမီးတွေ အတွက် ဇွဲ မလျှော့ဘဲ ပြန်ချမှာ

မမသီရိ said...

အဲဒီ ငှက်မလေးတော့ လေးစားတယ်
တကယ်
ဇွဲ ဆုပေးချင် လိုက်တာ
(ချိုသင်းရဲ့ ကြောင်တွေကို မနာလိုလို့ ပြောတာ ဟုတ်ဖူးနော်.. အမှန်က မမ လဲ ကြောင်ချစ်သူပါ)
ဒါပေမဲ့.. ဒီတခါတော့...
ကဲ .. ငှက်က ဇွဲ ကောင်းတော့
ကြောင်ပက်လက်လန်ရပြီ....း)
..
တွေးသွားတယ်...

မယ်ကိုး said...

ကြောင်လေးတွေကိုလည်း ချစ်တယ်။ ငှက်မလေးကိုလည်း သနားတယ်။
မ ဘာရေးရေး ရသ အရမ်းပေါ်လို့  အမြဲတွေးစရာ ခံစားစရာလေးတွေ ဖြစ်မိပါတယ်။..

ကိုရင်နော်ခင်လေးငယ် said...

“တကယ်တော့ ကြောင်နဲ့ ငှက်ဆိုရင် ဘယ်သူအားသာသလဲ မေးစရာ မလို၊ သူငယ်တန်း ကလေးတောင် သိပါရဲ့။ ပြီးတော့လဲ ကြောင်က လေးကောင်၊ ငှက်က တကောင်။ အင်အားချင်းကလဲ မမျှ။ ဒါပေမဲ့ ငှက်ကလေးရဲ့ ဇွဲနဲ့ တစိုက်မတ်မတ်လုပ်ရပ်က အင်အားကြီးပါတယ်ဆိုတဲ့ ကြောင်တောင် ကြောက်ပြီး ပက်လက်လန်ရတဲ့ ဘ၀ ရောက်ရတာကိုး” တဲ့

ဒီအပိုဒ်လေးကို သေချာဖတ်ပြီး သေချာတွေးနေမိတယ်..

ဘာတွေ ဖြစ်သွားလဲ ဆိုတာ သိချင်သေးတယ် အစ်မရေ..း)

အိန္ဒြာ said...

မမချိုသင်းရေ..

ငှက်မ ရင်ထဲက မီးတောက်တွေ လာဟတ်လိုက်သလိုပဲ..

ဘယ်လောက်မထိ ကြေကွဲနာကြင်နေရမလဲ...

ဘယ်လောက်များဆောက်တည်ရမရဖြစ်နေမလဲ..

ငှက်ပေမယ့်..

သူ့သွေးသားတွေ ဆုံးရှုံးသွားတာအတွက်

အဆင်မသင့်ရင် သူပါသေသွားနိုင်တယ်ဆိုတာ သိသိချည်း...

ရဲရဲတောက် လက်စားချေ တန်ပြန်တိုက်ခိုက်နေခဲ့ ရှာတာ....

တန်ခူး said...

စာရေးဆရာကောင်းပီသလိုက်တာ ချိုသင်းရေ… မြင်တွေ့ နေရတဲ့ အဖြစ်လေးပေါ်မှာ အတွေးလေးတွေဆန့် ပြီး ဆွဲသွားလိုက်တာ အရမ်းလှတယ်… လေးစားအားကျမိပါတယ်…

Rita said...

မျက်စေ့ထဲတောင် တရေးရေး မြင်လာပါတယ် မမရေ။
ကြောင်တွေဟာ ရီရတယ်နော်။ ကာတွန်းကားလေးတောင် ရိုက်ချင်တယ်။

မြစ်ကျိုးအင်း said...

ရေးထားတာ ဖတ်ရင်းနဲ့ တိရိစ္ဆာန် အကြောင်းလို့တောင်
မထင်မိဘူး....။ဖတ်လို့ကောင်းပါ့ဗျာ...
အမပဲ ကြားထဲက စစ်ပြေငြိမ်းရေး စာချုပ် လုပ်ပေး လိုက်ပါဗျာ...ဘယ်လို အဆုံးသတ်သွားလဲတော့
ထပ်ပြောအုံးနော်

PAUK said...

ကြောင်ကိုနဂိုကတည်းကမှ မချစ်တာ..
နောက်အတွေးတစ်ခုအနေနဲ့ ပိုလို့တောင်
မချစ်တော့ဘူး..
စကားစပ်မိလို့ ပြောရဦးမယ်..
ကျနော့်အိမ်ရှင် ကြောင်လေး၂ကောင် ၀ယ်လာပြီး
မွေးထားတာပါ..
အဲ့ဒါ ကျနော် အတွက် အလွန်ကသိကအောင့်
ဖြစ်ရပါတယ်။။
အ၀ါရောင်ကြောင်မလေးက အတော်ဆိုးပါတယ်..
တွေ့ကရာဆွဲကုပ်တတ်တာ သည်းညည်းမခံနိုင်ဆုံး...
မီးခိုးကြားလေးက လူတွေရင် ပတ်ပုန်းနေတော့
တော်သေးတယ်ပြောရမယ်..
ဘယ်လိုပဲဖြစ်ဖြစ်..အိမ်ရှင်ရဲ့ အောက်ထပ်ကနေသွားရင် ချန်းကို
အရင်ရှေ့ပြေးလွတ်ရပါတယ်..

P.Ti said...

ငှက်ကလေးတွေ သနားပါတယ်။ ငှက်တစ်ကောင်ထဲနဲ့ သတ္တိ ရှိရှိနဲ့ လုပ်ရဲတာကလည်း ချီးကျူးစရာပဲ။ အမရေးထားတာက ကောင်းတော့ ဖတ်ရတာ မျက်စိထဲတကယ်ကို မြင်လာတာပဲ...

Glamour Girl said...

အ၇မ်းဖတ်လို့ကောင်းတယ်။ ရေးတတ်ချင်လိုက်တာ။
ထပ်ေ၇းပါအုန်းနော်။

မီးမီးချစ် said...

ငှက်လောက် သတ္တိ ရှိရင် ကောင်းမယ်...
ပြန်ချချင်လို့ 

Heartmuseum said...

အဖြစ်မှန်ပေါ် အခြေခံတာမို့ ဖတ်ရတာ ကောင်းတယ်ဗျာ။
အတွေးကလဲကောင်း အရေးကလဲကောင်းမို့ စာဖတ်သူကိုပါ တွေးစရာတွေ ပေးထားတယ်။ ထူးအိမ်ခင် ဆိုတဲ့ စကားလေး ကြိုက်တယ်တယ်... ရီလိုက်ရတာ.... :D

ဂျူနို said...

အိုဘားမားတဲ့လား ချိုသင်းရယ်
မအယ်ဆို မြန်မာဆန်ဆန်ပေးပါတယ်။ ငရွှေလို့ ။

ThuHninSee said...
This comment has been removed by the author.
မီယာ said...

မချိုသင်း ရေးတာ ကောင်းလွန်းလို့ ၂ခါ ပြန်ဖတ်တယ်။ ငှက်အမေကြီးကိုတော့ အားမလျော့ပါနဲ့လို့။ အမရဲ့ ကြောင်တွေကို အင်္ကျီထူထူသာ ၀တ်ထားပေးပေတော့။

ကောင်းကင်ပြာ said...

အမ ချိုသင်းရေ၊ ရေးလိုက်ရင် ၂ခေါက် ၃ခေါက်ကို ပြန်ဖတ်နေမိတယ်

ကိုလူထွေး said...

ကိုလူထွေးက နေ့လည်တုန်းက အလုပ်ထဲမှာ... ကြောင်နဲ့ငှက်ကို winword ထဲကိုကူး ဇော်ဂျီပြောင်းပြီး ထုတ်ဖတ်ခဲ့တာ...

အခုမှ ကော်မင့်ပေးရတော့မယ်...

"ကြိုက်စ်စ်စ်စ်စ်စ်စ်စ်စ်စ်".....

ကြောင်ကလေးတွေကို မပြတ်စောင့်ကြည့်ပြီး ရီပို့လုပ်ပေးပါ မချိုသင်းရေ...

ခြေလှမ်းသစ် said...

စာတွေလာဖတ်ပါတယ်ဗျာ

G said...

သြော်..လွတ်လပ်စွာ commentပေးချင်လိုက်တာ...
ကိုယ့်ဒုက်ခကိုယ်ရှာသူရဲ့ အပြစ်ပါလေ။
စိတ်ညစ်တဲ့အချိန်မှာ ကြောင်လေးတွေနဲ့တော့
ဆော့လို့ဖြစ်မယ်မထင်ဘူးလေ။

Taungoo said...

တိုက်ပွဲတွေ ပြင်းထန်နေပါ့လား။
နှစ်ဖက်အခြေအနေကို ထပ်မံသတင်းပို့ပါ။
အဆက်သွယ်မပြတ်ပါစေနဲ့။
မရှင်းတာရှိပါသလား။
ရှင်းရင်ဆက်လုပ်ပါ။
း)

Hmway said...

ဟုတ်ပ အမရယ်...မြန်မာဆန်ဆန် ငရွှေ လို့ပေးရော ပေါ့....သရုပ်ဖေါ်အဖွဲ့ အရမ်းကောင်းတော့ ရီရတာအူ ကိုနာနေတာပဲ...:-D

ညီဇေ said...

အစ်မရဲ့ အရေးအသားနောက်မှာ မျောသွားတယ်...။ အစ်မလို ဖွဖွလေး ရေးတတ်ချင်မိတယ်...။ ငှက်နဲ့ကြောင်ရဲ့ အားပြိုင်မှုနောက်ကွယ်က အဓိပ္ပါယ်တွေကလည်း များလွန်းပါတယ်...။ ဘာပဲဖြစ်ဖြစ် အစ်မရဲ့ အတွေး..၊ အစ်မရဲ့ အရေးကို လေးစားမိပါတယ်...။

TNS said...

မမိုး..
အိုဘားမားကြီးကျောမလုံကျောချမ်းဖြစ်ပြီး
မြက်ခင်းပေါ်ပက်လက်လှန်နေတာဖတ်ရတော့...
မောင်သန်းရွှေကြီးကိုမျက်စေ့ထဲ မြင်မိတယ်...။
သူ့ ခမျာ ကြောင်တောင်တောင်နဲ့ ပက်လက်ကြီး..
ဟတ်ကော့ကြီးဖြစ်နေတာလေ..။

ဖိုးစိန် said...

အခုတော့ ကြောင်တွေ ပလက်လန်နေပြီးလားး...
ငှက်ကတော့ တေးဆိုတုန်းပေါ့လေ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

အပြုံးပန်း said...

မြင်ကွင်းတွေကို မြင်ယောင်ပြီး
ရသတွေ အမျိုးမျိုးရသွားစေလိုက်တာ၊
ငှက်ရဲ့စိတ်ကို လေးစားသလို
ကြောင်တွေကိုလည်း ဂရုဏာဖြစ်မိတယ်၊ ဆော့ချင်တာကိုး၊ သူတို့အပြစ်အတွက် စိုးတထိတ်ထိတ်နေနေရတာနော်၊ လူတွေလို ပြန်တောင်းပန်လို့လဲမရတော့ဘူး။ တိုက်ပွဲလေး ဘယ်တော့ ပြီးမလဲနော်။

mainnmainn said...

အိုဘားမားကိုတောင် ပက်လက်လန်စေတဲ့ ငှက်ကလေးရဲ့ ဇွဲနဲ့သတ္တိကတော့ ချီးကျူးစရာပဲနော်...
ပြီးတော့ ထုံးစံအတိုင်း အမရဲ့ အတွေးနဲ့ အရေးကိုလဲ ချီးကျူးပါတယ်အမရယ်..

Pyae Wut Hmone said...

အစ်မ blog ကို အမြဲလိုလို ဖတ်ဖြစ်ပေမယ့် မမန့်ဖြစ်ဘူး... link ထားချင်လို့ ခွင့်ပြုပါနော်

မဆုမွန် said...

ညီမလေးအိမ်မှာ ကြောင် ၁၇ကောင်ရှိတယ် ကြောင်တွေကလဲ ဘယ်လောက် လူယဉ်သလဲဆို ကြွက်လဲ ကြောက် တယ် ဌက်လဲကြောက်တယ် ညီမလေး ကြောင်ချစ်တယ်သာဆိုတယ် အိမ်လဲ မကပ်နိုင်တော့ အဖေကြီးနဲ့ အမေက ကြောင်တွေကို ဒိုင်ခံပြုစုတာ အခု အိမ်နဲ့ စကားပြောရင် ပိစိက ဘယ်လို ၀မ်လင်မကြီးကတော့ ဘယ်ချမ်းသာ အဖြူလေးကတော့ ဘယ်လို အပျိုလုပ်တယ် စသဖြင့် ပြောနေတာ ဘေးလူကတောင် အမြင်ကပ်လို့တဲ့ ဟီးဟီး မမကြောင်လေးတွေအကြောင်းရေးထားတာ အလွမ်းပြေ ဖတ်သွာတးယ်

ကြည်ဖြူပိုင် said...

မမချိုသင်းရေ.....ငှက်အမေလေးလဲသနားပါတယ်။ ကြောင်လေးတွေလဲ ကမောက်ကမဖြစ်လို့ သနားပါတယ်။ ရီဖို့လဲကောင်းတယ်

kokothone said...

အစ်မရေ ကြောင်လေးတွေကို ZT ပြောသလို အင်္ကျီ ၀တ်ပေးထားလိုက်နော်။
ဒါမှမဟုတ် သူတို့ကို ဘော်ဒီဂတ် ခေါ်ထားပေးလိုက်ပေါ့။

Orange said...

Ah Ma yay,
"Cat House" lay nat "Cat Photo" lay twe yike p tin pay par lar hin? Kyi chin lo :)
Cat House lay ka lae chit sayar lay nay mhar...naw
Orange Chit Thu