ကာတွန်းဆရာကြီး သို့..

ကြယ်တွေ ဘယ်လောက်တောင် ကြွေသွားခဲ့ပြီလဲ။

ကာတွန်းဆရာကြီး ဦးဖေသိန်း ဆုံးပြီလို့ သတင်းကြားတော့ စိတ်ထဲမှာ သူ့ကာတွန်းထဲကပုံအတိုင်း အမြဲပြုံးပြုံး ရွှင်ရွှင် သန့်သန့်ရှင်းရှင်းနဲ့ နားရွက်ကားကား ဆရာကြီးကို ချက်ချင်း မြင်ယောင်လိုက်မိပါတယ်။

ကာတွန်းဆရာလို့ အမည်ခံလိုက်တာနဲ့ သူဟာ လူတွေကို ပြုံးစေတော့မယ်၊ အဲဒါထက်ပိုပြီး လူမှုဘ၀၊ ခေတ် နဲ့ စနစ်ကို ပါးပါးလေး သရော်တော့မယ်၊ ပြီးတော့ သူ့ကာတွန်းရုပ်လေးတွေ ကနေ ဖတ်သူရင်ထဲကို ရသတခု၊ အသိတခု တွေးမိအောင် ချန်ခဲ့မယ် လို့ ကိုယ်တော့ ရိုးရိုးပဲ နားလည်မိတယ်။

အဲဒီမှာ သူပြောချင်တဲ့ အကြောင်းအရာကို သူမြင်တဲ့ထောင့်ကနေ ပုံလေးနဲ့ ကောက်ခြစ်လိုက်တာဟာ စာဖတ်သူရင်ထဲကို စွဲသွားစေတော့တာပါပဲ။ အဲဒီကာတွန်း တကွက်လေးဟာ စာတွေ တမျက်နှာပြီး တမျက်နှာ ဖတ်ရတာထက် ပို ထိရောက်တတ်တယ်။ တကြောင်းဆွဲ ဆွဲလိုက်သလို စာဖတ်သူရဲ့ နှလုံးကို ပစ်မှတ်လို တန်းကနဲ ထိတယ်။

ကာတွန်းဆရာတွေမှာ ထက်မြက်တဲ့အတွေးတွေ၊ လူအများ မမြင်တဲ့ထောင့်ကနေ လောကကို သရော်ပြုံးနဲ့ ကြည့်တတ်တဲ့ ခပ်ထေ့ထေ့ အတွေးလုံးလေးတွေ ရှိနေတတ်တာ ပြောစရာ မလိုတဲ့ အချက်ပါပဲ။ ဒါကြောင့်မို့ ပုံဆွဲတတ်တိုင်း ကာတွန်းဆရာကောင်း မဖြစ်နိုင်ဘူးလို့ ဆိုကြတာ ဖြစ်မှာပါ။ သူတို့မှာ သူများနဲ့ မတူတဲ့ ထူးခြားတဲ့ အရည်အချင်းရှိကြတယ်လေ။

ဆရာကြီး ဦးဖေသိန်းဆိုတာ မြန်မာ့ ကာတွန်းလောကမှာ မီးရှူးတန်ဆောင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တဦးပါ။ ကိုယ်တို့လူငယ်တွေဟာ ဆရာကြီးကာတွန်းတွေနဲ့ ကြီးခဲ့ကြတာပါ။ ဆရာကြီးရဲ့ ပုံပမာ ကာတွန်းတွေဟာ လူကြီးတွေရော ကလေးတွေပါ စွဲလန်းခဲ့ရတာ။ ၃၈ဖြာမင်္ဂလာ ကာတွန်းတွေနဲ့ ကလေးတွေကို အသိဥာဏ် အလိမ္မာတိုး စေခဲ့တာ။

တခု ထူးခြားတာက ဆရာကြီးရဲ့ လက်ရာဟာ ဘယ်သူ့လက်ရာနဲ့မှ မရောထွေးနိုင်အောင် အမြဲ တသီးတသန့် မူပိုင်ဖြစ်ခဲ့တယ်လို့ ကိုယ်ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံတွေကို ကြည့်လိုက်တာနဲ့ ဒါ ဖေသိန်းကာတွန်း လက်ရာပဲ လို့ တန်းပြောနိုင်လောက်အောင် ထင်ရှားပေါ်လွင်ခဲ့တာပါ။

ဆရာကြီး ရဲ့ စုတ်ချက်တွေဟာ သူ့စိတ်လိုပဲ ပြတ်သား ထင်ရှားတယ်။ ဘယ်တော့မှ မတွေဝေဘူး။ အင်မတန် ရဲရင့်ပြီး အားမာန်ရှိတယ်လို့ အမြဲခံစားရတယ်။ သူ့လက်ရာတွေဟာ ဘယ်လောက်အသက်ကြီးသွားသွား နုပျိုလျက်ပဲ။

ကိုယ် အမှတ်မိဆုံး သူ့လက်ရာက ၁၉၈၈ခုက မဂ္ဂဇင်းတခုမှာ ပါခဲ့တာပါ။ ဘယ်မဂ္ဂဇင်းမှာလဲလို့တော့ ကိုယ်မမှတ်မိတော့ဘူး။ ကာတွန်းက သံကွင်းကြိုးတွေလို လုပ်ပြီး 8888 ၈လေးလုံးကို ပုံဖော်ထားတဲ့ ကာတွန်း။ အဲဒီကာတွန်းပုံကို တွေ့ပြီးကတည်းက ဆရာကြီးကို လေးစားချစ်ခင်စိတ် အမြင့်ဆုံးကို တိုး သွားစေခဲ့တာ အမှန်ပေါ့။

သတင်းကာတွန်းဆရာ တဲ့။ ပြည်သူကို သူပေးချင်တဲ့ အချက်အလက် အပြည့်အ၀ ပေးလိုက်တယ်။ သူယုံကြည်တာကို အာဏာရမင်းများ မျက်နှာမကြည့် ၊ ပြည်သူ့မျက်နှာကိုပဲ ကြည့်ပြီး ပြတ်ပြတ်သားသား ထောက်ခံခဲ့တယ်။ အရေးတော်ပုံကို ယုံကြည်ကြောင်း ကလောင်နဲ့ တိုက်ပွဲဝင်ခဲ့တယ်။

စာပေစိစစ်ရေးက Black List ကာတွန်းဆရာထဲမှာ ဟောဒီ ဖေသိန်းဆိုတာ ထိပ်ဆုံးက ရဲရဲကြီး နေခဲ့သူပေါ့။ သူ့ကာတွန်းရုပ်လေးတွေကို ကြောက်လို့၊ သူ ကလော်မဲ့ သူ့ဦးနှောက်ကို ကြောက်လွန်းလို့ မဂ္ဂဇင်းတွေပေါ်မှာ သူ့ကာတွန်းတွေ မဖော်ပြရ လို့ ပိတ်ပင်ခဲ့တာပါ။ ဆရာကြီးကတော့ ကြည်ကြည်လင်လင် ပြုံးနေမှာပါပဲ။

စာပေအနုပညာသမားဆိုတာ ပိုက်ဆံရှိ လူတန်းစား မဟုတ်ကြပါဘူး။ အခွင့်ထူးခံ လူတန်းစားလဲ မဟုတ်ဘူး။ ကိုယ်ဖန်တီးတဲ့ အနုပညာနဲ့ ပျော်မွေ့ ကျေနပ်နေတတ်သူ။ သူတို့ ယုံကြည်ချက်ကို ဘာနဲ့မှ လဲ မစားတတ်သူ။ အနုပညာ မာန ကို ရိုသေ တန်ဖိုးထားတတ်သူ။ အမှန်တရားအတွက်ဆိုရင် အာဏာရှင်ကိုလဲ ရင်ကော့ ရင်ဆိုင် ကလောင်နဲ့ တိုက်ပွဲဝင်မဲ့သူ။

ကိုယ် အဲဒီလို စိတ်ဓာတ်ရှိတဲ့ အနုပညာရှင်အားလုံးကို ချစ်တယ်။ သူတို့ကို လေးစား ရိုကျိုးပြီး တန်ဖိုးထားတယ်။ ရွှေထုပ်တဲ့ မြပုဝါလို့ ထင်တယ်။ သူတို့အားလုံးကို ကိုယ့်နှလုံးသားထဲက ကမ္ဗည်းမှာ ကိုယ့်နှလုံးသွေးနဲ့ မှတ်တမ်းတင် ပူဇော်မယ်။ ဒီလိုပဲ သူတို့ သမိုင်းဟာ အမြဲတမ်း တောက်ပြောင်နေလိမ့်မှာ အမှန်ပဲ။

ဇွန်လ ၁၉ရက် ၂၀၀၉ မှာ ဆရာကြီး ဦးဖေသိန်း (၈၅)နှစ် ဘ၀ တပါးကို ကူးပြောင်းခဲ့ပြီ။ ဆရာကြီးရဲ့ ဖြူစင်မွန်မြတ်တဲ့ အနုပညာကုသိုလ်ကြောင့် ဆရာကြီး ကောင်းရာသုဂတိ လားမှာ အမှန်ပဲ။



မိုးချိုသင်း



ကိုယ်တို့ မင်္ဂလာဆောင်အတွက် ဆရာကြီး ဆွဲပေးလိုက်တဲ့ လက်ဖွဲ့ပါ။

37 comments:

G said...

:)

Rita said...

မမပြောဖူးတဲ့ ၀လုံးလေးတွေ ဆိုတာ ပြန်သတိရမိတယ်။ ဆရာ အော်ပီကျယ်ရဲ့ ၀လုံးက တမျိုး၊ ဆရာကြီးရဲ့ ၀လုံးက တမျိုးပေါ့။

Shinlay said...

မချိုသင်းရေ ကျမလည်း ဆရာကြီးဆုံးတဲ့သတင်းကြား
လို့ စိတ်မကောင်းဖြစ်ရတယ်။
ငယ်ငယ်တုန်းက သူ့ ကာတွန်းတွေနဲ့ ပဲ ကြီးခဲ့ရတာ။
မဇွန်ပွင့်တို့  ၊ကိုဖေမောင်သိန်းတို့ ကိုလည်း သတိရ မိတယ်။

သက်ဝေ said...

ဟုတ်တယ်... နေမကောင်းဖြစ်နေတာ ကြာပြီတဲ့...
တနေ့နေ့တော့ ကြားလာရမှာပဲလို့ မျှော်လင့်ထားကြတဲ့ သတင်းတခုပေမယ့် တကယ်ကြားရတော့ စိတ်မကောင်းဘူး...
ချိုသင်းရဲ့ အမှတ်တရ ပိုစ့်လေးအတွက် ကျေးဇူးပါ...

khin oo may said...

စိတ်မကောင်းပါ။

khin oo may said...

၉၆ တုံးက လက်ဖွဲ့ကို ဘယ်လိုသိမ်းထားလဲ မပျောက်ပျက်အောင်။ ချစ်စရာကောင်းလိုက်တာ။ သတို့သမီးလေးက အဲဒီကတည်းက နဲနဲလေးဝတယ်နော်။

ကိုလူထွေး said...

"ရွှေထုပ်တဲ့ မြပုဝါ" ဆိုတဲ့ အသုံးက အမှန်တရားအတွက် ယုံကြည်ချက်နဲ့ ရင်ဆိုင်နေကြတဲ့ အနုပညာရှင်တွေ အားလုံးရဲ့ တန်ဖိုးကို ကွက်ကွက်ကွင်းကွင်းပေါ်လွင်စေပါတယ်...

ထမင်းအငတ်ခံပြီး black list ထဲ အပါခံဖို့ တော်ရုံ စိတ်ဓာတ်စေတနာနဲ့တင် လိုက်မလုပ်နိုင်ပါဘူး...

ကာတွန်းဦးဖေသိန်းဆိုတာ လူသေပေမယ့် ဘယ်တော့မှ နာမည်မသေမယ့် လူစားမျိုးဆိုတာ ကိုလူထွေး ရဲရဲကြီး ယုံကြည်ပါတယ်...

အောင်သာငယ် said...

ကြယ်တွေဆိုတာကိုက ကြွေဖို့ပဲလား...
စိတ်မကောင်း ဖြစ်ရတာတွေလည်း များနေပြီ ညီမရေ့...

Maung Aye Win said...

ကာတွန်းကလေးကို ရုတ်တရက် ကြည့်ပြီး ကာတွန်းဝဏ္ဏဆွဲတဲ့ သမိန်ပေါသွပ် တို့ စုံတွဲ အောက်မေ့လို့ ဟီဟီဟိ

Maung Aye Win said...

မခင်ဦးမေပြောသလိုပါပဲ

သီဟသစ် said...

အစ်မချိုသင်းရေ

ဆရာကြီး ဦးဖေသိန်းကောင်းရာ သုဂတိလားမှာပါဗျာ
သူဆွဲခဲ့တဲ့ ငါးရာ့ငါးဆယ်နိပါတ်လိုဟာမျိုးကာတွန်းကို ၀ယ်သိမ်းထားသေးတယ်။ ကာတွန်းပုံလေးတွေက တစ်ခါတည်း သရုပ်ပေါ်တယ်။

ကိုလူထွေး said...

ကိုအေးဝင်းတို့ကတော့ လုပ်ချလိုက်ပြန်ပြီ...

CONTACT said...

နှမျောတသမိသလို...ချိုသင်းတို့ စုံတွဲပုံကို တူအောင်ဆွဲ ပေးခဲ့လို့ ပြုံးမိပါတယ်။ KM

မမသီရိ said...

ငယ်ငယ်တုန်းက ဦးလေးတွေလစဉ် ယူတဲ့
မြ၀တီ နဲ့ငွေတာရီ မှာ ဆရာကြီးရဲ့ ကာတွန်းတွေ လစဉ်ပါနေကျ.. ပေါ့
သူ့လက်ရာက ဘယ်သူနဲ့ မှ မတူဘူး
အဲဒီတုန်းက နှစ်သက်ခဲ့ရတာ
အတွေးအခေါ်ရော ပီပြင်တဲ့သရုပ်ဖေါ်ပုံတွေရော
လူကြီးတွေ တင်မက
ကလေးတွေပါ နားလည် နိုင်ခဲ့တယ်
..
ကြယ်တပွင့် ကြွေလွင့်ပြန်ပြိ ပေါ့ ညီမ ရေ
သင်္ခါရတရားတွေပေမဲ့ ၀မ်းနည်းရတယ်
ဆရာကြီး ကောင်းရာသုဂတိ လားပါစေ..

ချမ်းမြေ့ရင် said...

ဆရာကြီး ဦးဖေသိန်း ကောင်းရာ သုဂတိလားပါစေ၊ဒါနဲ့ ကာတွန်းထဲက သတိုးသမီးက ရှင်ဂွမ်းဂွီ နဲ့ တူတယ်နော်။

mainnmainn said...

စာပေအနုပညာသမားဆိုတာ ပိုက်ဆံရှိ လူတန်းစား မဟုတ်ကြပါဘူး။ အခွင့်ထူးခံ လူတန်းစားလဲ မဟုတ်ဘူး။ ကိုယ်ဖန်တီးတဲ့ အနုပညာနဲ့ ပျော်မွေ့ ကျေနပ်နေတတ်သူ။ သူတို့ ယုံကြည်ချက်ကို ဘာနဲ့မှ လဲ မစားတတ်သူ။ အနုပညာ မာန ကို ရိုသေ တန်ဖိုးထားတတ်သူ။ အမှန်တရားအတွက်ဆိုရင် အာဏာရှင်ကိုလဲ ရင်ကော့ ရင်ဆိုင် ကလောင်နဲ့ တိုက်ပွဲဝင်မဲ့သူ...တဲ့

ဟုတ်တယ်နော်..ခက်နေတာက စုလတ်တို့တိုင်းပြည်ကြီးမှာ သူတို့တွေကို နေရာမပေးရဲပဲ ဦးနှောက်ကို ထောင်ချချင်တဲ့ လူတွေရှိနေတာပဲ..

mainnmainn said...

ခွင့်တောင်းချင်ပါတယ် အမ..
စုလတ်ကို အမရဲ့ ၀တ္တုတိုတွေကို တခြားသူငယ်ချင်းတွေကို ပြန်လည်မျှဝေခွင့်ပြုမလားရှင့်..
အမရဲ့ ခွင့်ပြုချက်ရမှ စုလတ်မျှဝေမှာပါ။
ကျေးဇူးပြုပြီး ပြန်ဖြေပေးပါနော်။

ဂျူနို said...

ချိုသင်းရေ
မအယ်တို့ တိုင်းပြည်မှာ ကြယ်ကြီးတွေကော ကြယ်လေးတွေကော ကြွေပေါင်းများပြီ။

လူမသိသူမသိကြွေတဲ့ ကြယ်တွေကော မမြင်ရတဲ့ ကြယ်တွေကော ဘယ်လောက်ကြွေကုန်ပြီ မသိပါဘူး။

ကြယ်တွေကတော့ သူတို့ တာဝန်သူတို့ ကျေခဲ့ကြတယ်။

မြူးသျှရီ said...

ဝမ်းနည်းနေပါတယ်
ပို့စ်လေးတွက်ကျေးဇူးပါ

ဖိုးစိန် said...

ကာတွန်းဆရာကြီးအတွက် ဆုတောင်းပေးသွားပါတယ်
ကောင်းတဲ့သူက ကောင်းရာဘုံဘဝကိုပဲသွားမှာပါ...

ကာတွန်းလေးက ချစ်ရာလေး

မကြီးချိုသင်းနဲ့တူတယ်လား...
သတို့သားကြီးကပြုံးနေလိုက်တား)ပျော်နေပုံပဲနော်..

ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

MANORHARY said...

ကောင်းရာသုဂတိလားပါစေ....

kiki said...

ဆရာကြီး ဦးဖေသိန်း ကောင်းရာ ဘုံဘဝရောက်မှာပါ။
တရုပ် တွေ အယူအဆ အရတော့ ကြယ်ကြွေချိန်မှာ ဆုတောင်းရင် တောင်းတဲ့ဆု ပြည့်ဝ သတဲ့လေ ။
ဒါပေမဲ့  ခက်တာက လူတွေဟာ ကြွေသွားတဲ့  ကြယ်လေးတွေ အတွက် ဆုတောင်းပေးကြတာ မဟုတ်ဘဲ
ကိုယ့်အတွက် ကိုယ်ဆုတောင်းနေကြတာ ဖြစ်တယ် ။
အဲလို ဆုတောင်းမျိုးကြတော့ရော..
ဝမ်းနည်းပါသည်... ပေါ့ ။

မယ်ကိုး said...

ဆရာကြီး ဦးဖေသိန်း ကာတွန်းပုံလေးတွေကို ငယ်ငယ်လေးထဲကချစ်တာ အခုထိ မ ရေ...
စိတ်မကောင်းရတဲ့အကြား ဒီလို ဖြောင့်မတ်စွာရပ်တည်ခဲ့တာ သိရတော့ ပိုလို့ လေးစားဝမ်းနည်းရပါတယ်။

sin dan lar said...

မနေ့က မိုးမခမှာသတင်းတွေ့လိုက်တော့ စိတ်မကောင်းဘူး။
ဆရာကြီးရဲ့ လက်မှတ်ကို "ကာတွန်းဖေသီး" လို့ စိတ်ထဲက အမြဲဖတ်ခဲ့မိတာ သတိရတယ်...။
လက်မှတ်ကို "သိန်း"လို့ထိုးတာ "သီး" လို့ မျက်စိထဲ မြင်နေတာလေ...။

P.Ti said...

ကျွန်တော်တို့လည်း ဆရာကြီးကာတွန်းတွေနဲ့ကြီးလာ ခဲ့ရတာ။ ကာတွန်းဆရာကြီးတွေကို သံယောဇဉ်ရှိတယ်။
ဆရာကြီး ဆုံးသွားတာ ၀မ်းနည်းမိပေမယ့် ဆရာကြီးက တာဝန်ကျေပါတယ်။
အမပြောတဲ့ ကာတွန်ကို ကျွန်တော်လည်း မှတ်မိနေသေးတယ်။
ဆရာကြီး ကောင်းရာသုဂတိလားပါစေ။

JulyDream said...

အစ်မတို့ လင်မယား ကာတွန်းပုံလေးကို သဘောကျမိတယ်။

ဆရာ့ရဲ့ ကာတွန်း လက်ရာကတော့ ကလေးဘ၀ကတည်းက အခုချိန်ထိ လက်မလွတ်နိုင်သေးပါဘူးဗျာ။

tututha said...

အစ်မရေ ကာတွန်းဆရာတွေက တူးအမျိုးတွေပါ .. ဆရာကြီးက တူးရဲ့ ဘဘပေါ့ .. ဆရာကြီးအရွယ်က ကွယ်လွန်သင့်တဲ့အရွယ် ထိုက်တန်တယ်လို့ ပြောလို့ရပေမယ့် တကယ်ဆို ဒီမိုကရေစီရပြီးမှ ကွယ်လွန်သင့်တယ် ထင်တယ်နော် ..

TNS said...

မမိုး...
ဆရာကြီးသတင်းကိုဖတ်ရတာ စိတ်မကောင်းပါဘူးဗျာ...
ငယ်စဉ်က အတုယူလေ့ကျင့်ခဲ့ ရတဲ့  မြင်ဆရာတွေပါ..။
ဆရာကြီးကောင်းရာသုကတိလားပါစေ...။

Heartmuseum said...

ဆရာကြီးရေးဆွဲတဲ့ ပုံပြင်စာအုပ်တွေနဲ့ ကြီးပြင်းလာသူမို့ ဒီသတင်းကြားရတာ တကယ် စိတ်မကောင်းဘူးဗျာ။

ဒေါင်းတမာန် said...

အမ မချိုသင်းရဲ့ (ကာတွန်းဆရာကြီးသို့ ) ကိုကူးယူခွင့်ပြုပါ၊ အမကြီးရဲ့ ရေးသာမှုကို အမြဲလေးစားစွာဖတ်ရှုလျက်။

eaindraomtt said...

မမရေ ..

ဆရာကြီးရဲ့ကာတွန်းတွေနဲ့ကြီးပြင်းခဲ့ရသူတစ်ယောက်ပဲမို့
ထပ်တူထပ်မှ နှမျောဝမ်းနည်းသွားပါတယ်..။

ချစ်တဲ့

အိန္ဒြာ

Moe Cho Thinn said...

ညီမ mainnmainn
link ကနေ သွားတာ မရလို့ ဒီမှာပဲ အကြောင်းပြန်လိုက်ပါတယ်။ သူငယ်ချင်းတွေကို စာတွေ မျှဖတ်ပေးချင်တာ ခွင့်ပြုပါတယ်။
ဒေါင်းတမာန်ကိုလဲ ကူးယူဖော်ပြခွင့်ပြုပါတယ်။ ကျေးဇူးတင်ပါတယ်။
စာလာဖတ်သူများအားလုံးကို ကျေးဇူးတင် ခင်မင်လျက်ပါ။

D Soe said...

သံကြိုးတွေနဲ့ 8888 ကိုပုံဖေါ်ထားတဲ့ ကာတွန်းပါတဲ့ မဂ္ဂဇင်းက ချယ်ရီ မဂ္ဂဇင်း နဲ့တူတယ်...အဲ့ ကာတွန်းကို ကျွန်မ ကောင်းကောင်းမှတ်မိတယ်...။
ဆရာကြီး ကောင်းရာ သုဂတိလားပါစေ...။

mainnmainn said...

ကျေးဇူးပါအမ.. ပြန်လည်မျှဝေခွင့်ပေးတဲ့အတွက်..
Link ကသွားလို့မရတာက စုလတ်ကဘာblogမှမရှိလို့ပါအမး)
register လုပ်တဲ့အချိန်မှာ အလွယ်တကူ အိမ်နာမည်နဲ့ဘဲလုပ်လိုက်မိတာ B ဆိုတဲ့ သင်္ကေတကိုလဲ ပြီးမှ သတိထားလိုက်မိတာ..
အမနားမှာ ဒီနာမည်နဲ့ပဲ ကွန်မန့်တွေ စရေးတာမို့ မပြင်တော့တာအမ..
စိတ်ရှုပ်သွားအောင်လုပ်မိရင် ဆော်ရီးနော်အမ.း)

ဆောင်းယွန်းလ said...

မချိုသင်းနဲ့အတူ ဆရာကြီးအတွက်ဝိုင်းဝန်းဆုတောင်းပေးသွားပါတယ်..
ဆရာကြီးကောင်းရာသုဂတိလားပါစေ

တန်ခူး said...

ချိုသင်းရေ… ဆရာကြီးရဲ့ကာတွန်းတွေကို ဘယ်မှာတွေ့ တွေ့ မဖတ်ပဲ မနေနိုင်ပါဘူး… ဆုံးသွားပြီဆိုတာ သိရတော့ နှမျောလိုက်တာ… ချိုသင်းတို့ မင်္ဂလာဆောင်ပုံလေးက ချစ်စရာကောင်းလိုက်တာနော်… အဲဒီလို လက်ဖွဲ့ လေးက တကယ်တန်ဖိုးရှိတဲ့ရှားပါးလက်ဖွဲ့ လေးပါ…

Su said...

http://www.facebook.com/photo.php?pid=1771869&id=663346569&ref=nf#/photo.php?pid=2466877&id=572861496&ref=nf