ကျောင်းဖွင့်ချိန် အတွေး

ဇွန်လဆို ကျောင်းဖွင့်ချိန် ရောက်ပြီ။ စိန်ပန်းနီနီတွေလဲ တပင်လုံး ရဲရဲတောက် ပွင့်နေကြပြီ။

ကိုယ်တို့ငယ်ငယ်က ကျောင်းသွားတဲ့ လမ်းကလေးမှာ စိန်ပန်းပွင့်တွေ ကြွေလို့။ မိုးတွေက စွေလို့။ ထီးလေးတွေဆောင်းပြီး အဖြူနဲ့ အစိမ်း ကျောင်းစိမ်းအကျီ င်္လေးတွေဝတ်၊ လွယ်အိတ်လေး လွယ်လို့ ကျောင်းကို သွားရတာ သတိရနေတယ်။

ကိုယ် လေးတန်းရောက်တော့ တီတီစီကနေ စိန့်သြဂတ်စတင်း ကျောင်းကို အဖေတို့ အမေတို့က အမတွေနဲ့ ကျောင်းတူအောင် ပြောင်းလိုက်တယ်။ ကျောင်းက အိမ်နဲ့ နီးနေတော့ လမ်းလျှောက်သွားကြရတာ။ ကျောင်းကို ရောက်ဖို့ ယူတီစီ စစ်တပ်ဝင်းကို ဖြတ်သွားကြရတယ်။ အိမ်ကနေ လမ်းလေးကူး၊ စစ်တပ်ထဲက ဖြတ်၊ ကျောင်းကို ရောက်တယ်။ ကိုယ်တို့ မောင်နှမ နှစ်ယောက်ရယ်၊ ကျောင်းသွား ကျောင်းပြန် အတူတူ သွားတဲ့ သူငယ်ချင်း နှစ်ယောက်ရယ်ပေါ့။

ကိုယ့်မှာ ကျူရှင်က သူငယ်ချင်း၊ ကျောင်းမှာတူတူထိုင်တဲ့ သူငယ်ချင်းလို့ အမျိုးမျိုး ရှိပေမဲ့ ဒီသူငယ်ချင်း နှစ်ယောက်ကတော့ ကျောင်းသွားဖော် သူငယ်ချင်းလို့ ပြောရမယ် ထင်ပါရဲ့။ ကျောင်းမှာတော့ အတန်းချင်း မတူလို့ အတူတူ မထိုင်ရပေမဲ့ ကျောင်းဆင်းတာနဲ့ အိမ်အတူတူပြန်၊ ကျောင်းတက်ဖို့လဲ ကျောင်းကို အတူတူလာတဲ့ သူငယ်ချင်း နှစ်ယောက်ပေါ့။ ခင်မာလာအောင် တဲ့၊ နောက်တယောက်က သန္တာယု တဲ့။

မာလာက ပိန်ပိန်ပါးပါး အသား ဖြူဖြူ ရုပ်ချောချော။ ထမိန်ကို ခပ်ရှည်ရှည် ၀တ်တတ်တယ်။ သန္တာယုကတော့ လွယ်အိတ်ကို အမြဲ စလွယ်သိုင်းလို့။ ယောကျာင်္းလေး ဆန်တယ်။ ဒိုင်ယာနာ ဆံပင်ပုံစံနဲ့။ မဟုတ်မခံ ဇတ်ဇတ်ကြဲ စတိုင်။ မာလာနဲ့ ကိုယ်က သီချင်းဆိုရတာ ၀ါသနာပါလို့ လမ်းတလျှောက် သီချင်းတိုးတိုး အတူတူဆိုရင် သန္တာယုက ဘယ်တော့မှ မပါဘူး။ စကားနည်းနည်း ခပ်အေးအေးပဲ ဘေးကလိုက်တတ်တယ်။

ကျောင်းလွှတ်ချိန်ဆို လူတွေက အများကြီး။ စစ်တပ်ထဲက ဖြတ်သွားကြတဲ့ သူတွေလဲ တပုံကြီး။ ကိုယ့်အုပ်စုလေးတွေနဲ့ကိုယ် အိမ်ပြန်ကြရတာ။ စကားတပြောပြော၊ သူငယ်ချင်းတွေ အကြောင်း၊ ဆရာမတွေအကြောင်း၊ ကျောင်းသင်ခန်းစာတွေ အကြောင်းပေါ့။ အရိုက်ကြမ်းတဲ့ ဆရာ၊ ဆရာမတွေအကြောင်းတော့ အပြောဆုံးပေါ့။

ကျောင်းသွားတဲ့ လမ်းကလေးကလဲ သာယာတယ်။ ယူကလစ်ပင်မြင့်မြင့်တွေက တက္ကသိုလ် ဘောလုံးကွင်းတွေဖက်က တိုက်လာတဲ့ လေတွေကို ဆီးကာပေးထားတယ်။ ယူကလစ်ရွက်တွေကို လေတိုးသံ တရွှီးရွှီးနဲ့။ နွယ်ပင်လို တိုက်ပန်းပွင့် အဆုပ်ဆုပ်တွေကလဲ လေယူရာ ယိမ်းလို့။

ကိုယ်တို့ ကျောင်းသွား ကျောင်းပြန် ဖြတ်သွားရတဲ့ စစ်တပ်ဆိုတာကလဲ ဘာမှ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မဟုတ်ပါဘူး။ မရွှင်တဲ့ မျက်လုံးနဲ့ စစ်သားပိန်ပိန်လေး တယောက် ကင်းတဲလေးမှာ စောင့်လို့။ ကားအ၀င်အထွက် စစ်တဲ့ ဂိတ်တားကြီး ဘေးမှာ ဒီလိုပဲ ထိုင်နေတာပါပဲ။ ကားအ၀င်အထွက်လဲ တွေ့တာ ရှားပါတယ်။

တက္ကသိုလ်ကျောင်းသားတွေကို လေ့ကျင့်ပေးတဲ့ တပ်မို့လို့လား မသိ။ ဘယ် ညာ၊ ဘယ် ညာ ဆိုတဲ့ လေ့ကျင့်သံကို တနှစ်လုံးနေမှ ၂ခါလောက် တွေ့ဖူးတာပါ။ ကြည့်လိုက်ရင် စစ်သား မိသားစုတွေ ကလေးတွေ တို့လို့တွဲလောင်းချီလို့သာ တွေ့ရတတ်တယ်။ ကလေးလေးတွေကလဲ သနပ်ခါးဘဲကြားလေးတွေနဲ့ ခါးထစ်ခွင်ထဲကနေ ကိုယ်တို့ ကျောင်းသူ ကျောင်းသားတွေကို ငေးနေတတ်တယ်။

သူတို့ ဇနီးမယားတွေကိုတော့ ကျောင်းရှေ့က တပ်ဝင်းထဲမှာ အအေး ရောင်းလို့တမျိုး ပြောင်းဖူးရောင်းလို့ တဖုံ တွေ့ရတတ်သေးတယ်။ တပ်တွင်းမှာ ကြက်တွေ ၀က်တွေလဲ မွေးပါသေးတယ်။ တခါတလေ ၀က်တွေ ပြေးလာလို့ ရှောင်ရ ရှားရတာမျိုး ကြုံဖူးတယ်။

အများအားဖြင့် ရိုးရိုးသားသားနေကြ၊ လခနဲ့ မလောက်ငလို့ ကိုယ့်ဝမ်းကိုယ့်ကျောင်း မွေးမြူရေး လုပ်ကြနဲ့ နေပုံပါပဲ။ ဘာမှလဲ ကိန်းခမ်း မရှိတာမို့ ကိုယ်တို့ ကလေးတွေ အဖို့မှာ စစ်တပ်ကို ကြောက်စရာရယ်လို့ မမြင်။ ဘာသိဘာသာ အေးအေးချမ်းချမ်းပဲ သွားလာနေခဲ့တာပါ။ ဒါက အခြေခံလူတန်းစား စစ်တပ်လေးမို့ ဖြစ်မှာပေါ့။

ကိုယ်တို့ ကြီးပြင်းလာတော့ သူငယ်ချင်းတွေလဲ တကွဲတပြားစီ ဖြစ်ကုန်ကြပြီ။ သူတို့လဲ ဘွဲ့တွေရ၊ အိမ်ထောင်တွေကျ ကုန်ပြီထင်ပါရဲ့။ ကိုယ်တို့လဲ ဆယ်တန်းပြီးလို့ အိမ်ပြောင်းလာကတည်းက ကျောင်းသွားဖော် သူငယ်ချင်းလေးတွေနဲ့ ဝေးသွားတာ ခုထိပဲ။ တခါမှကို ပြန်မတွေ့တော့ဘူး။

ကိုယ်အိမ်ထောင်ကျအပြီး တခါလှည်းတန်းဈေးမှာ ကိုယ်တို့နှစ်ယောက် လမ်းလျှောက်လာတုန်း သန္တာယု အကို ကိုကျော်မင်းယု နဲ့ တွေ့တယ်။ ကိုယ့်အမျိုးသားနဲ့ သူကလဲ ကျောင်းနေဖက် သူငယ်ချင်းတွေ တဲ့။ သူတို့ ဖက်လှဲတကင်း နှုတ်ဆက်ကြတော့ ကိုယ့်သူငယ်ချင်းလေးကို မေးမိသေးတယ်။

အချိန်တွေကြာချင် ကြာပေမဲ့ ဘယ်မေ့နိုင်ပါ့မလဲ။ မတရားအဖမ်းခံရတဲ့သူတွေလဲ ခုထိ မလွတ်သေးဘူး။ မိသားစုတွေ တကွဲတပြား။ ကျောင်းသားတွေနဲ့ ကျောင်းနဲ့က တနေရာစီ။ ကျောင်းတွေလဲ မြို့ပြင်ရောက်။ ငယ်ဘ၀တွေမှာ စစ်တပ်ထဲက ဖြတ်ပြီး နေ့စဉ်နေ့တိုင်း ကျောင်းသွားခဲ့ရကြတဲ့ ကျောင်းသူ ကျောင်းသားတွေက အခုတော့ စစ်ခေါင်းဆောင်တွေရဲ့ ထောင်သွင်း အကျဉ်းချခံနေရတယ်။ နောက်ထပ်လဲ မတရားအမှုတွေဆင်ဖို့ တပြင်ပြင်လုပ်နေတယ်။

ရန်ကုန်မှာ ရှိတုန်း ကိုယ်တို့ ကျောင်းလေးနား ဖြတ်သွားစဉ်က ကျောင်းသွားနေကျ လမ်းကလေးဘေး စစ်တပ်ကလေးကတော့ ဒုံရင်း ဒုံရင်းပါပဲ။ ဘာမှလဲ တိုးတက် မဖွံ့ဖြိုးလာ၊ ကြက်တွေ ၀က်တွေ မွေးပြီး ကျားကန်နေရဆဲပါပဲ။ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေကတော့ ပြည့်သူ ဘဏ္ဍာတွေနဲ့ အကြွယ်ဝကြီး ကြွယ်ဝပြီး အာဏာရူးတုန်း စစ်သွေးဆာတုန်းပါပဲ။

သန္တာယု အကို ကိုကျော်မင်းယု (ကိုဂျင်မီ)က ၆၅ နှစ်၊ သူ့အမျိုးသမီး မနီလာသိန်းက ၆၅နှစ်။ အဖေရော အမေရော ထောင်ထဲမှာဆိုတော့ အိမ်မှာကျန်နေတဲ့ လသားအရွယ် သမီးငယ်လေးကို ကလေး မိဘအစား ကိုယ့်သူငယ်ချင်း အဒေါ်လုပ်သူက ကမ္ဘာမကြေ သီချင်းဆိုပြီး သိပ်နေရလေသလား။

ဘာရယ် မဟုတ်ပါဘူး။ ကျောင်းဖွင့်ချိန်ရောက်လို့ ကျောင်းသွားဖော် သူငယ်ချင်းလေးတွေကို သတိရမိတာလေးတွေပါ။
မိုးချိုသင်း

40 comments:

ZT said...

အစ်မလည်း Augustine ကပဲကိုး။ ကျောင်းရှေ့က စစ်တပ်ကွင်းက ကျွန်တော်တို့တွေ ဘောလုံးကန်တဲ့ ကွင်းပေါ့။ အဲဒီကွင်းထဲကနေဖြတ် ပြည်လမ်းဘက်ကို ထွက်တာ Augustine ကျောင်းသားတွေ ကျောင်းပြေးတဲ့ လမ်းပေါ့။ ကျွန်တော်လည်း တစ်ခါတော့ ပြေးဖူးတယ်။ :D

ရွာသားလေးဝိုင်တီယူ said...

ကျောင်းဖွင့်ချိန်ရောက်ပြန်ပြီကိုး....

PAUK said...

မနေ့ကကျောင်းဖွင့်တာပေါ့နော်..
ဇွန် ၁ရက်နေ့..
ကျောင်းစဖွင့်တိုင်း လွယ်အိတ်အသစ်လွယ်ချင်တာ...
၅တန်းလောက်ကစပြီး စက်ဘီးနဲ့တက်ဖြစ်ပါတယ်..
ကျောင်းလွှတ်ချိန် စက်ဘီးစီးရင်..
လက်တစ်ဖက်လွတ်စီး..လက်နှစ်ဖက်လွတ်စီးပြီး
ပြိုင်ကြပါတယ်..
နောက် အစီးမြန်ပြိုင်ကြပါတယ်..
သြော်...
ကျောင်းဖွင့်ပြီ..

ကျနော်တို့မြို့မှာလဲ စစ်တပ်များတော့..
မွေးမြုရေးလုပ်တဲ့မိသားစုတွေ..
တပ်ထဲကနေ နို့ဆီသကြားကောက်ပြီး
အပြင်မှာသွားသွင်းတဲ့သူတွေ အစုံတွေ့ရပါတယ်..

ကလေးလေး သနားပါတယ်..

MyowinZaw said...

ကျောင်းဖွင့်ပြီလား
မေ့နေတာကြာပြီ

Mae said...

အင်းနော်.. သမီးလေးသနားပါတယ်၊ မနီလာသိန်းအကြောင်းတော့ ကြားနေတာပါ၊

မမရေးတော့ ကျောင်းသွားအတူတူ ကစားအတူတူ ကျူရှင်တူတူ အချစ်ဆုံးသူငယ်ချင်းကို လွမ်းလိုက်တာ၊ သူကတော့ အိမ်ထောင်ကျ ကလေးတွေနဲ့ ကိုယ့်ကို တခါတလေမှ သတိရမယ်ထင်တယ်

ဂျူနို said...

စစ်သားတွေ ရဲဘော်တွေ မွေးမြူရေးလုပ်တယ် ဟုတ်တယ်။
သူတို့ ဗိုလ်ချုပ်တွေအတွက် မပိုင်ဝက်မွေးမြူရေး။

များစွာသော ဘေဘီနီလာသိန်းတွေ အတွက် လူတွေ ဘယ်လောက် အသဲမာနိုင်ကြအုန်းမှာပါလိမ့်။

kiki said...

ဟိုက်... တကျောင်းထဲထွက်တွေပါလား မမမိုးချိုသင်းရေ ။
၆၄ အင်းယားလမ်း ။ဘေးချင်းကပ်ရက် က church ထဲမှာ မင်္ဂလာဆောင်တဲ့ အတွဲတွေ လိုက်ချောင်းဖူးတယ် ။တီချယ် ဒေါ်မြင့်မြင့်စိန် နဲ့ အက သင်တာ ..ဟိဟိ ဆရာမ တောင် လက်ဖျားခါသွားတယ် .. ဘယ်လိုသင်သင် မတတ်လို့လေ ..တီချယ် ဒက်ဖနီ နဲ့ မှီလိုက်သေးလားဟင်၊ ခုတော့ ကျောင်းသားဟောင်းတွေရဲ့ အာစရိယ ပူဇော်ပွဲ တွေ လုပ်သေးတယ် ။ ဒီဇင်ဘာ ဆို လုပ်တာများတယ် ။
ခင်မင်လေးစားလျှက်....
ကိကီ ။

Mad Computerist said...

I also miss the high school days when I've read your post. :)
Those days were really nice comparing to the university days.

Shinlay said...

မချိုသင်းရေ...တီတီစီ၊Augustine တို့ နဲ့ အတူ
ပုဂံလမ်း၊သထုံလမ်း နဲ့  ခရေပန်းတွေ ကိုသတိရသလို၊ ကျော်မင်းယု ကိုလည်း သတိရ မိတယ်။

ကိုလူထွေး said...

ဘာမှ မသိသေးတဲ့ ကလေးဘဝတုန်းကတော့ တကယ့်ကို ပျော်စရာကြီးပေါ့ဗျာ...

အရွယ်လေးနဲနဲရလာတော့မှ ဆရာတွေ မဟုတ်တာလုပ်တာ... လူကြီးတွေ မတရားတာလုပ်တာတွေ မြင်ပြီး... အန်ချင်စရာကြီးပါဗျာ...

သိနေတာထက်စာရင် တခါတခါ မသိတာပဲ ကောင်းဦးမလားလို့...

မချိုသင်းနဲ့တော့ သူငယ်ချင်းမဖြစ်လိုက်ရတာ နာတာပဲ...

မဟုတ်ရင်တော့ ကိုzt တို့ kiki တို့နဲ့ ချိန်းပြီး ဘောလုံးသွားကန်လို့ရတယ်

းဝ)

khin oo may said...

ဖတ်သွားပါတယ။်

TNS said...

မမိုး...
ဘယ်လိုဘဲ လူမသိအောင် သက်ပြင်းခိုးချပေမယ့်..
ဝင်သက်ထွက်သက်တိုင်းကတော့
နာကျင်ကျင် အလွမ်းတွေချည်းပါဘဲ။။

ဖိုးစိန် said...

စိတ်မကောင်းစရာပါလားနော်
ခင်မင်လေးစားစွာဖြင့်
မကြီးချိုသင်းနေကောင်းလို့ပျော်ရွှင်ပါစေဗျာ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

မြူးသျှရီ said...

မရေးးးးးးးးးးးးး
စာလာဖတ်တယ်နော်
မမနီလာသိန်းကတော့မြူးရဲ့ 
သူရဲကောင်းမေမေထဲကတယောက်ပါ
သူတို့ တွေကိုအရမ်းလေးစားတယ်
အရမ်းချစ်တယ် အမြဲးတမ်းဂုဏ်ယူတယ်
အမှားပါရင်ခွင့်လွတ်နော်....မ
လင့်ခ်လိုက်ပြီနော်

လင်းဒီပ said...

ဒဏ်ရာတွေနဲ့ မြေ...။

JuneOne said...

အမ ဟိုတလောက မမ kom စီဘောက်မှာ ကျောင်းဖွင့်ချိန် စိန်ပန်းပွင့်တာလို့ပြောတာကို သူတို့က ပိတ်ချိန်မှပွင့်တာလို့ ငြင်းတယ်။မမဆီလာမေးရအကောင်းသား။

shan said...

ကျောင်းဖွင့် ချိန်တောင် ရောက်ပြီနော်...ကျောင်းနဲ့ဝေးနေထဲက ကျောင်းဖွင့်ချိန် ကျောင်းပိတ်ချိန်တွေကို.. သတိမထားမိတာကြာခဲ့ပြီ... ။ နောင့် တို့ရွာမှာ ကျောင်းတတ်ရတဲ့ ကလေးတွေ ကျောင်းဖွင့်ချိန်ဆို သနားတယ်...။ ဘာမှ ပြည့်စုံမှုမရှိပဲ.. 2 မိုင်လောက် အကွာအဝေးကို လမ်းလျှောက်ပြီး သွားရတယ်..။ ဒီနှစ်လဲ ရွာမှာ ကျောင်းမအပ် နိုင်လို့ ကျောင်း မတတ်နိုင်တဲ့ ကလေး တွေ အများကြီးပဲတဲ့.. ။ ကိုယ့် တစ်နိုင်လေး တော့ (7)ယောက်စာ အတွက် ကျောင်း ထားပေးလိုက်ပါတယ်..။ ကျန်တဲ့ ကလေး တွေကို တော့ သနားရင်း..နဲ့ပဲ..
အစ်မ ရေ ရွှေပြည်ဌာန က ဘယ်တော့ သာပါ့ မလဲ ဟင် ..။

နွေးနေခြည် said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ...

တန်ခူး said...

ချိုသင်းရေ… တို့ အမျိုးသားလဲ အော်ဂတ်စတင်းထွက်ပဲ… ဒါပေမယ့် သူက ၉ တန်းနဲ့ ၁၀ တန်း ၂နှစ်ထဲ အော်ဂတ်စတင်းမှာ တက်လိုက်ရတာပါ… ချိုသင်းတို့ နဲ့  တနှစ်တော့မှီလိုက်လိမ့်မယ်… ဟိုတလောက မလေးရှားသွားတုန်းက စိန်ပန်းနီတွေတွေ့ တော့ ကျောင်းဖွင့်ချိန်ကို လွမ်းမိသေးတယ်… ချိုသင်းကျောင်းသွားဖော်ရဲ့တူမလေး ပျော်ရွင်စွာ မိသားစုလေးနဲ့ အတူနေရပါစေလို့ …

မင်းအိမ်ဖြူ said...

အစ်မရေ လာ၏ ဖတ်၏
ခံစား၏
ဒီအနာတွေ တစ်နေ.တော့ ကင်းစင်မယ်လို. ယုံကြည်နေ
ဆဲပါ
လွန်ခဲ့တဲ့လက ၂၇ ရက်နေ.ကိုမျှော်မိတယ်
အခုတစ်ခါ သောကြာနေ. သတင်းကို စောင့်မျှော်ရပြန်ပါ ပြီ
အားလုံးအတွက် Good Friday ဖြစ်ပါစေလို.ဆုတောင်း နေပါတယ်

Heartmuseum said...

မချိုသင်းရေ......
တနေ့တော့ ကျွန်တော်တို့ခေတ် ဒီမိုကရေစီခေတ် ရောက်ရမည်မှာ မလွဲပါဗျာ။ အတက်ရှိရင် အဆင်းရှိပါတယ်။
မုန်းတိုင်းပြီးရင် လောက ပင်လယ်ကြီးက ပိုလှသတဲ့.....

Kay said...

ဟုတ်တယ်..တဲ့။

nu-san said...

အမရဲ့ ကျောင်းဖွင့်ချိန်ကို ဖတ်ရင်း အရင်တုန်းက ကျောင်းသွားခဲ့ ရတာကို သတိရမိတယ်..ကျနော်တို့က အဒေါ်တာဝန်ကျတဲ့ မင်္ဂလာဒုံက ကျောင်းတွေမှာ တက်ခဲ့ရတာ.. ကျောင်းရှေ့မှာ စိန်ပန်းပင်ကြီးရှိတယ်.. အခုဆို မင်္ဂလာဒုံဘက်ကို ပြန်မရောက်ဖြစ်တာ အတော်ကြာပြီ..

မိုးခါး said...

အကျဉ်းချခံရသူတွေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ ..

Mg said...

မမိုးချိုသင်း။
နေ့စဉ်နဲ့အမျှ၊ အားလုံးအတူတကွ၊ ရှိနေကြပါတယ်။
တော်တော်သတိရလို့၊စာရေးခဲ့တာပါ။
မြန်မာပြည်ဟာ၊ ကျွန်တော့် နှလုံးသား။
ကျွန်တော့်နှလုံးသားဟာ၊ မြန်မာပြည်ပါ။ ဒါပေမဲ့၊ ကျွန်တော့် နှလုံးသား နာနေတယ်။
ဘာပဲဖြစ်ဖြစ်၊ အားလုံး ပျော်ရွှင်ပါစေကြောင်း၊
ကျွန်တော်၊ လွမ်းမောစွာ၊ ဆုတောင်းလိုက်ပါရစေ ..။
လေးစားခင်မင်လျက်- မောင်လှမျိုး
(ချင်းချောင်းခြံ)

Mg said...

မမိုးချိုသင်း။
နေ့စဉ်နဲ့အမျှ၊ အားလုံးအတူတကွ၊ ရှိနေကြပါတယ်။
တော်တော်သတိရလို့၊စာရေးခဲ့တာပါ။
မြန်မာပြည်ဟာ၊ ကျွန်တော့် နှလုံးသား။
ကျွန်တော့်နှလုံးသားဟာ၊ မြန်မာပြည်ပါ။ ဒါပေမဲ့၊ ကျွန်တော့် နှလုံးသား နာနေတယ်။
ဘာပဲဖြစ်ဖြစ်၊ အားလုံး ပျော်ရွှင်ပါစေကြောင်း၊
ကျွန်တော်၊ လွမ်းမောစွာ၊ ဆုတောင်းလိုက်ပါရစေ ..။
လေးစားခင်မင်လျက်- မောင်လှမျိုး
(ချင်းချောင်းခြံ)

Mg said...

မမိုးချိုသင်း။
နေ့စဉ်နဲ့အမျှ၊ အားလုံးအတူတကွ၊ ရှိနေကြပါတယ်။
တော်တော်သတိရလို့၊စာရေးခဲ့တာပါ။
မြန်မာပြည်ဟာ၊ ကျွန်တော့် နှလုံးသား။
ကျွန်တော့်နှလုံးသားဟာ၊ မြန်မာပြည်ပါ။ ဒါပေမဲ့၊ ကျွန်တော့် နှလုံးသား နာနေတယ်။
ဘာပဲဖြစ်ဖြစ်၊ အားလုံး ပျော်ရွှင်ပါစေကြောင်း၊
ကျွန်တော်၊ လွမ်းမောစွာ၊ ဆုတောင်းလိုက်ပါရစေ ..။
လေးစားခင်မင်လျက်- မောင်လှမျိုး
(ချင်းချောင်းခြံ)

tg.nwai said...

စိန်ပန်းတွေက တမြို့လုံး ရဲရဲနီနေပြီ ချိုသင်းရေ.. ဟိုတလောကတော့ မိုးတွေများလို့ မြေပေါ်မှာလဲ ကြွေတချို့ပေါ့လေ..။

အင်း..နှစ်စဉ်ကျောင်းတွေဖွင့်တာ မထူးဆန်းပေမယ့်..
သူရဲကောင်းတို့ရဲ့ သမီးငယ်လေး.. ဘ၀တွေနဲ့ရင်းပြီး ဂုဏ်ယူတတ်မှာပါ..

ချိုသင်းစာတွေက ဖတ်တဲ့သူတွေကိုပါ တခါတည်း ဆွဲခေါ်သွားတော့တာပဲနော်.. :)

ခင်မင်းဇော် said...

ချိုသင်းရေ.. ဒီစာဖတ်ပြီး ၀မ်းနည်းလိုက်ရတာ...
ဗမာပြည်ရဲ့ ကံကြမ္မာက ဆိုးတယ်နော်...

စုချစ် said...

ဆရာမ မမိုးချိုသင်းရေ... ကွန်မန့်ခုမှစရေးဖြစ်ပေမဲ့ ရေးသမျှစာတွေကို နှစ်ချိုက်စွာ ထာဝရအားပေးနေတဲ့ စာဖတ်ပရိတ်သတ်ပါ။ ဒီစာလေးဖတ်ပြီး ငယ်ဘ၀ကိုလွမ်းလွမ်းဆွေးဆွေး ဖြစ်မိတယ်။ အပြစ်မဲ့တဲ့ ကလေးလေးတွေ မြင်ယောင်ပြီး ၀မ်းနည်းမိတယ်။

mainnmainn said...

ဟုတ်တယ်အမရယ်..
စုလတ်တို့ မြန်မာပြည်ကြီး ဘယ်တော့များမှအေးချမ်းသာယာစွာ နေရပါ့မလဲနော်..
p.s အမကပျောက်နေတာကြာတော့ နေမှကောင်းရဲ့လားလို့ စိုးရိမ်မိသေးတယ် ...ကျန်းမာရေးတော့ဂရုစိုက်ပါအမရေ မကျန်းမာရင် စိတ်သွားတိုင်းကိုယ်ပါမလုပ်နိုင်ဘူးလေ..

Ko said...

ခုလိုတော်တာ Augustine ထွတ်မလို့ နေမှာ

U Lay Gyi said...

SORRY, KO JIMMY AND HIS WIFE IS 65, AND DAUGHTER IS JUST A MONTH OLD. HOW THEY BIRTH ?

Moe Cho Thinn said...

ဦးလေးကြီးရှင့်
၆၅ နှစ်ဆိုတာ မတရား ပြစ်ဒဏ်ချခံရတဲ့ ထောင်ဒဏ် ကို ပြောတာပါ။ ကျမ ရေးတာ လိုသွားတယ် ထင်တယ်။

တူးတူး said...

ခဏခဏ လာဖတ်ပါတယ်။
တခါမှ ကော့မန့် မပေးဖူးပါဘူး။
ဒီနေ့ တော့ ပြောချင်တယ်ဗျာ

ပေးတာတခြား ရတာတခြား အို အသင် ဘလော့လောကလို့ ။

တူးတူး

YuuWaThone said...

ချိုသင်းရေ
သန္တာယု တယောက်ကတော့...
ဖြူနေခြည်မင်းယုလေးကို
လက်ကဆွဲလို့ အကို နဲ့ ယောင်းမကို
တလှည့်ဆီထောင်ဝင်စာတွေ့ ရင်း
Whitey လေးကို စောင့်လျှောက်ရင်း
အလုပ်တွေရှုတ်နေမှာပါ။
ဒို့  Whitey ရဲ့ ၂ နှစ်မြောက်မွေးနေ့ အတွက်
T-Shit လေးရယ် Cindrella အရုပ်ရယ်
Birthday Card ရယ် ရောက်အောင်ပို့ 
ဖြစ်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ
သူ့ အမေကို သရက်ထောင်မှာ ပထမဦးဆုံး
ထောင်ဝင်စာ သွာတွေ့ တုန်းတော့ သူ့ အဒေါ်က
T-shit လေးကိုဝတ်ပေးသတဲ့ ......T-shit မှာ
Doll house ကပ်ခွာပုံလေးလဲပါတယ်........
အဲဒိတော့ Whitey က သူ့ ရဲ့ ကပ်ခွာပုံလေးကို
ကပ်လိုက် ခွာလိုက် နဲ့ သူ့ အမေကို ကြွားနေလေရဲ့ ..
အမေ နဲ့ သမီး တွေ့ ဆုံပုံ လေး ဝေဌ လိုက်တာပါ။
ချိုသင်းတို့ သူငယ်ချင်းတွေလဲ အမြန်ဆုံးပြန်လည်
ဆုံတွေ့ နိုင်ပါစေ။

choco thazin said...

မချိုသင်းရေ
လာလည်ပါတယ်။
ခင်မင်စွာဖြင့်

MyowinZaw said...

ကိုဂျင်မီက ကျွန်တော်တို့လူငယ် အတွက် လေးစားစရာ အစ်ကိုကြီးတစ်ယောက်ပါ YuuWaThone ရဲ့ပြောပြချက်ကိုစိတ်မကောင်းစွာ ဖတ်သွားပါတယ်

သက်ဝေ said...

ချိုသင်းရဲ့ ကျောင်းဖွင့်ချိန်အတွေးလေးက ငယ်ဘဝကို သတိရသေတဲ့ ကြည်နူးစရာတွေနဲ့ အတူတူ ကြေကွဲစရာတွေကိုပါ ယူဆောင်လာခဲ့လေတယ်...။

Nickname unavailable said...

I closed my eyes after I read this. You bring back the images from analog to 1080p. I enjoyed walking on nice smooth asphalt pavement, until detour around the gate. I enjoyed it so much I quit taking "Ferry"(private run school Bus). Thank you for the memories. I miss my friends, San Oo and Kyaw Myint Aung.