မောင်သစ်ဆင်းမှ ကွမ်းစာ

ဒီမနက် အီးမေးလ်ဖွင့်ကြည့်တော့ အရင် သင့်ဘ၀မဂ္ဂဇင်းက အယ်ဒီတာ ဆရာမောင်သစ်ဆင်းဆီက နီကိုရဲအကြောင်း ရေးထားတဲ့ အီးမေးလ်တစောင် ရောက်နေပါတယ်။ စာထဲမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ပါတာမို့ ဆရာ့ကို ခွင့်တောင်းပြီး စာလာဖတ်သူများကို ပြန် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

ချိုသင်းရေ..

နီကိုရဲ ဆုံးတဲ့အကြောင်း နင့်ဆီက အီးမေး ရမှ သိရတယ်၊ သိရတာကလည်း မနေ့မနက် အိပ်ယာက အထ၊ အီးမေးဖွင့်ကြည့်မှ သိရတာပါ၊ နီကိုရဲ ဆုံးပြီလို့ ဖတ်လိုက်ရတာနဲ့ ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရ ပါတယ်၊ ဖြစ်လို့သာ ဖြစ်တာပါဟယ်၊ တကယ်တော့ ကြိုတင်စိုးရိမ်မိ ပြီးသားပါ၊ တာရာမင်းဝေ ဆုံးပြီ ဆိုကတည်းက နီကိုရဲ ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်၊ မအောင်မြင်ခဲ့ပါဘူး၊ သူ ဖုန်းမကိုင်ဘူး။

ဟုတ်ပါတယ်၊ သူဆုံးရတာ အရက်ကြောင့်ဖြစ်ဖို့ ပိုများပါတယ်၊ အဲဒါကြောင့်ပဲ ငါ့မှာ အပြစ်ရှိသလို ခံစားရတာပါ၊ ဘာကြောင့်လည်းဆိုတော့ သူ အရက်စသောက်ဖြစ်အောင် ဖန်တီးသူတွေထဲမှာ ကိုယ်က ပထမဖြစ်ခဲ့တယ်လို့ ခံစားမိလို့ပါ။

နင်ရဲ့ ဘလော့ထဲမှာလည်း ဖတ်ရပါတယ်၊ အယ်ဒီတာတွေကို ခင်မင်အောင် လဘက်ရည်တိုက်၊ အရက်တိုက်ခဲ့ပြီးပေါင်းခဲ့တယ် လို့ သူပြောခဲ့တယ်ဆိုတာ။ တခြား အယ်ဒီတာတွေတော့ မပြောတတ် ပါဘူးဟယ်။ အဲဒီတုန်းက ( နီကိုရဲ စာရေးခါစက ) ဟန်သစ်အယ်ဒီတာ ကိုတင်ကိုအောင် ကပဲ အမြဲလိုလို ညနေပိုင်း ဒကာတော် ဖြစ်လေ့ရှိခဲ့ပါတယ်။ တခါတခါတော့ ကိုခင်ဇော် ( ဆရာချစ်ဦးညိုရဲ့ ညီ ) ပေါ့၊ အဲဒီတုန်းက နီကိုရဲ က အမြည်းစားသူများ စာရင်းမှာ ပါခဲ့တာပေါ့၊ သူအရက် မသောက်တတ်သေးဘူး ချိုသင်းရ။

မောင်သစ်ဆင်းကလည်း အဲဒီတုန်းက အိမ်ထောင်ကျခါစ ရန်ကုန်ရောက်လာပြီး ဟန်သစ်မှာ ဝင်ကူ နေတုန်းပေါ့၊ ဝင်ကူတယ်ဆိုတာကလည်း စာမူဖတ်ရုံ၊ ထိန်းရုံ၊ စာပေစိစစ်ရေးက လဘက်ရည်သောက် ဖိတ်ကြား (ခေါ်ငေါက်တယ်ဆိုတာ နင်သိပြီးသားပါ) တဲ့အခါ ကိုခင်ဇော်နဲ့အတူ ခန့်ခန့်ကြီး သွား ရောက်ပြီး သူတို့ ဒါနမြောက်အောင်ကူညီခဲ့တဲ့ အဆင့်ပဲရှိပါတယ်။

အဲသလို ကူညီနေရင်းနဲ့ တစ်နေ့တော့ တာမွေလမ်းကျယ် ၁၃၅ လမ်းက ဟန်သစ်မဂ္ဂဇင်းရဲ့ ဘူတ နေရာ မဂ္ဂဇင်းတိုက်ကို ပုဂ္ဂိုလ်ကလေး တစ်ယောက်ရောက်ရှိလို့ လာပါတယ်။ ( နေဦး- ဘူတနေရာ လို့ပြောရတာက မူလနေရာမဟုတ်လို့ပါ၊ အဲဒီတုန်းက ဟန်သစ်မဂ္ဂဇင်းရဲ့ မူလနေရာဟာ ဘားလမ်း မွတ်စလင်ဆေးရုံအောက်က လဘက်ရည်ဆိုင်ဘေး လှေကားထစ်တွေပါပဲ။ အဲဒီနေရာမှာပဲ ညနေပိုင်း အချိန်တွေမှာ စာပေးစာယူ၊ သတင်းပေးသတင်းယူ၊ သရုပ်ဖေါ်ပုံအပေးအယူ စတဲ့ မဂ္ဂဇင်းတို့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ကြရတာပေါ့၊ ဒါ ဟန်သစ် တစ်ခုတည်းမဟုတ်ပါဘူး။ အဲဒီတုန်းက မဂ္ဂဇင်း အတော်များများ ဒီလိုပဲလုပ်ကိုင်ခဲ့ကြရတာ မဟုတ်လား၊ အခုတော့ မပြောတတ်ဘူးပေါ့ဟယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီဘားလမ်းက လှေကားထစ်တွေကို အခုထိ လွမ်းသေးသဟဲ့ ၊ တို့ နောက်ဆုံးလုပ်ခဲ့တဲ့ သင့်ဘဝမဂ္ဂဇင်းတောင် အဲဒီနေရာနဲ့ လွတ်ကင်းခဲ့တာမှ မဟုတ်ဘဲ နော )

အင်း --မြန်မာပြည်အကြောင်းပြောရင် ကွင်းစ ကွင်းပိတ်တွေနဲ့ ပြောနေရတော့တာပဲနော်။ ထားပါတော့ဟယ်၊ ဟန်သစ်ရဲ့ ဘူတနေရာကို အဲဒီသူငယ်ကလေး ရောက်လာတာက သူ့စာမူတွေ အခြေအနေ လာရောက်စုံစမ်းတာပါ။ ကလောင်နာမည်က နီကိုရဲ ဆိုပဲ၊ ငါလည်းတစ်ခါမှ မကြားဖူးဘူး။ ဟန်သစ်ကို သူပို့ခဲ့တဲ့ စာမူတွေက ငါ ဟန်သစ်ကို မရောက်ခင်ကတည်းက ဆိုပါတော့၊ ဒါနဲ့ စာမူအဟောင်းပုံတွေ ရှာဖွေ လှန်လှောကြည့်ပြန်တော့လည်း သူ့စာမူတွေကို မတွေ့မိဘူးဟဲ့ ၊ (အမှန်က ကိုတင်အောင်ဆီ ရောက်နေပြီး မသုံးသေးတာ) ဒါနဲ့ သူ့ကို နီးရာ လဘက်ရည်ဆိုင် ခေါ် သွားပြီး ( အချိန်တွေကလည်း များနေသဗျ - အဲဒီတုန်းက) အာရိုက်ရတာပေါ့လေ၊ အာရိုက်ရင်း နဲ့ ဒီသူငယ်ဟာ အတော်လေး အာဝဇွန်းကောင်းတယ်ဆိုတာ သတိပြုမိတယ်၊ နိစ္စဓူဝအကြောင်း လေးတွေကိုပဲ သူက စိတ်ဝင်စားအောင်ပြောတတ်တယ်၊

အဲဒီနောက် ကိုတင်ကိုအောင်နဲ့ စကားစပ်မိရင်း နီကိုရဲ အကြောင်းမေးမိတော့ သူက နီကိုရဲ ရဲ့ စာမူ တွေ ထုတ်ပြပါတယ်၊ ငါ ဖတ်ကြည့်တော့ ပြောပလောက်အောင်မဟုတ်ပါ (ငါ့အထင်)။ ဟိုတုန်းက ရှုမဝ (ချစ်ကိုယ်တွေ့) တွေမျိုးလောက်ပဲ ခံစားရပါတယ်၊ ဒါပေမဲ့ သူ့မှာရှိတဲ့ အရည်အချင်းက ဒိထက် မကဘူးလို့ ငါထင်နေတယ်။

တစ်နေ့တော့ ငါတို့ နိစ္စဓူဝ အပန်းဖြေရာ တာမွေက စခန်းတစ်နေရာကို သူ လိုက်လာပါတယ်။ လိုက်လာပေမဲ့ အရက်မသောက်ပါ။ ( မသောက်တတ်ရှာသေးပါ သို့မဟုတ် မသောက်သေးပါ။ ရှိသမျှ အမြည်းတွေ သူတစ်ယောက်တည်း ကုန်အောင်စားတဲ့အခါ ကိုတင်ကိုအောင်က ပြုံးပါတယ်။ ကိုခင်ဇော်က မျက်လုံးပြူးပါတယ်၊ ငါ ကတော့ ဒီသူငယ်ကို ဘယ်လိုရင့်ကျက်အောင်လုပ်ရပါ့မလဲ စဉ်းစားပါတယ် ( အမှန်က ကိုယ့်ထက် သူက လောကရေးရာမှာ ရင့်ကျက်နေပြီးမှန်း မသိခဲ့ပါ။ သူက အဲဒီအချိန်မှာ သင်္ကန်းကျွန်း မဝတ မှာ ရုံးစာရေးလုပ်နေပြီး တောင်ဒဂုံ အပြောင်းအရွှေ့ ကဏ္ဍရဲ့ ထိတ်လန့် သည်းဖို နဲ့ရင်နင့်စရာ အတွေ့အကြုံတွေကို လက်တွေ့မျက်တွေ့ ရင်ဆိုင်ခဲ့ရပြီးပြီ။ အဲဒါတွေချရေးထားဖို့ ပြောခဲ့ဖူးပါ တယ်၊ ရေးမယ်လို့ သူကတိပြုခဲ့ပါတယ်၊ ရေးပြီးမပြီးမသိပါ) အဲသလို သူလိုက်လိုက်လာရင်း နဲ့ သူက သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးကို ဖွင့်ဖွင့်ပြတတ်ပါတယ်၊ ထွန်းအိန္ဒြာဗို့ အရင် ရှစ်နှစ် လောက် စောပြီး ထုတ်လွှင့်ခဲ့တာပါ၊ သူရဲ့ ‘ရည်းစားဦး’ စီးရီး က အတော်ရယ်ရတယ်၊ သူက လွမ်းလွမ်းဆွေးဆွေးပြောနေလေလေ ရယ်ရလေလေပါပဲ။ တချို့ဟာတွေကတော့ သူ့ကိုယ်ပိုင် ထိုးဇာတ်တွေဖြစ်ဖို့များပါတယ်။

ချိုသင်းရေ.. ဒီနေရာမှာတစ်ခုဖြတ်ပြောပါရစေ၊ နိုင်ငံတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ ဆိုင်ရာ စစ်ဆေးချက်တွေအပြင် အက်ဆေး အနည်းဆုံးတစ်ပုဒ် တင်ရတယ်မဟုတ်လား။ အက်ဆေး သို့မဟုတ် ငါတို့သိကြတဲ့ စာစီစာကုံး ဆိုတာ သူတို့ဆီမှာကတော့ ရေးသူရဲ့ ပင်ကိုယ်ဗီဇအရည်အသွးကို အကဲဖြတ်တဲ့ အရာပါပဲ။ ဥပမာ ချိုသင်းက ကြောင်မလေးမိဖြူ အကြောင်း အက်ဆေးရေးတယ် ဆိုပါစို့၊ မြန်မာ ကျောင်းသားကျောင်းသူအများစု ရေးရိုးထုံးစံအရ ဆိုရင်တော့ - ကျမတွင် ကြောင်မလေး တစ်ကောင်ရှိပါသည်၊ သူ့အမည်မှာ မိဖြူဖြစ်ပါသည်၊ မိဖြူသည် ငါးကြော်ကို အလွန်ကြိုက်ပါသည်၊ ထို့ပြင် သူသည် ကြွက်ခုတ်ခြင်းဖြင့် ကျမတို့ မိသားစုကို ကူညီပါသည်၊ ကျမသည် မိဖြူကို အလွန် ချစ်ပါသည် --- စသည်ဖြင့် ရေးလေ့ရေးထ ရှိကြတယ် မဟုတ်လား၊ ဒီလိုအက်ဆေးဆိုတာတွေမျိုးမှာ ရေးသူရဲ့ ပုံရိပ်၊ ရေးသူရဲ့ ရှုထောင့်၊ ရေးသူရဲ့  အမြင်တွေကို မတွေ့ရသလောက်ပါ။

ဒါပေမဲ့ နိုင်ငံတကာ မှာကတော့ အက်ဆေးဆိုတာ ရေးသူကို ရှာဖွေကြည့်ရှုတာဖြစ်ပါတယ်။ ကြောင်မလေးမိဖြူအကြောင်း ရေးတယ်ဆိုရင် မိဖြူအကြောင်းထက် ရေးသူအကြောင်းကို ပိုပြီး စိတ်ဝင်စားတာပါ၊ ချိုသင်းရေးတဲ့ ကြောင်မလေးမိဖြူအကြောင်းကတဆင့် ချိုသင်းကို ကြည့်တာပါ၊ ချိုသင်းရဲ့ ရေးပုံရေးနည်း၊ တွေးထောင့်၊ မြင်ထောင့် က အစ စကားလုံး အသုံးအနှုန်း၊ ဝါကျဖွဲ့ပုံ တင်ပြပုံတွေကနေ ချိုသင်းရဲ့အဆင့်ကို လေ့လာ အကဲဖြတ်တာ ဖြစ်ပါတယ်။

ကိုယ်တို့စခန်းချတဲ့နေရာတွေကို ( ဒီလိုအသုံးအနှုန်းတွေအပေါ် နောက်လူငယ်များ အထင် မကြီးကြစေလိုပါ။ အလကားဟာတွေပါ လူငယ်တို့..။ မင်းတို့ရှေ့က လူတချို့ရဲ့ အမှားတွေပါ။ ဒီကနေ့ လူငယ်တွေ အထင်ကြီးလိမ့်မယ်ရယ်လို့လည်း မယူဆပါ ) နီကိုရဲ လိုက်ပါလာတတ်တဲ့အခါ သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးတွေ ဖွင့်ဖွင်ပြတဲ့အခါ သူ့ရဲ့ စီးရီးတွေထဲကနေ သူ့ကို လှမ်းလှမ်းမြင်ရလေ့ရှိပါတယ်။

တစ်နေ့တော့ အိပ်တန်း ပြန်ရောက်ကျတဲ့ ညတညမှာ ကိုတင်ကိုအောင်က ငါ့ကိုမေးတယ်၊ နီကိုရဲ ကို ဘယ်လိုမြင်သလဲပေါ့၊ တောက်မဲ့မီးခဲ တရဲရဲပါပဲ လို့ပဲ ချက်ချင်းပြောလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆရာက စာရေးတဲ့နေရာမှာသာမက တခြားနေရာတွေမှာပါ ရဲနေတော့တာကိုး။ ပထမ အရက် နည်းနည်းပါးပါး လိုက်သောက်လာတယ်၊ ကိုယ်တို့က မသောက်တတ်ဘဲနဲ့ လိုက်သောက်နေစရာ မလိုကြောင်း တားမြစ်ခဲ့ကြပေမဲ့ အရက်ဝိုင်းတို့ရဲ့ ထုံးစံအတိုင်း ဒီစကား အရာမထင်ခဲ့ပါ၊ နောက်ဆုံးမတော့ သူ့ကို တယောက်တည်း အရက်သောက်နည်းတောင် ငါက သူ့ကိုသင်ပေးမိခဲ့သဟဲ့ ချိုသင်းရဲ့..။

ရေးဖေါ်ရေးဖက်ချင်းအနေနဲ့ရော အယ်ဒီတာ ( ဒီဝေါဟာရ နဲ့ ငါနဲ့ ထိုက်တန်တယ်လို့ကို အခုထိ မထင်မိပါ) တစ်ယောက်အနေနဲ့ပါ နီကိုရဲ ကို ငါအများကြီး မျှော်လင့်ခဲ့ဖူးပါတယ်။ အနုပညာမှာ ဟာသရသ ဟာ သိပ်ခက်တယ် မဟုတ်လား၊ ဟာသစာရေးဆရာဆိုတာ တခေတ်တယောက် ပေါ်ပေါက်ဖို့ မလွယ်ပါ၊ အဲဒီထဲမှာမှ ခေတ်စနစ်ရဲ့ အခြေအနေကို သရော်လှောင်ပြောင်တတ်ဖို့က ပိုခက်ပါတယ်၊ အခက်ဆုံးကတော့ လူ့ရဲ့စရိုက်တွေ၊ သဘော သဘာဝတွေကို သရော်လှောင်ပြောင်နိုင်တဲ့ ဟာသအရေးအသားဟာ အခက်ခဲဆုံးပါ၊ နီကိုရဲ ကို အဲသလောက်အထိ မျှော်လင့်ခဲ့ဖူးပါတယ်၊ ဒါကိုလည်း သူ သဘောပေါက်တယ် ထင်ပါတယ်၊ သူ့ရဲ့နောက်ပိုင်းအရေးအသားတွေမှာ အဲဒီဘက်ကို တိမ်းညွတ် လာသလားပဲ။

နီကိုရဲအတွက် နင့်ရဲ့လွမ်းစာ၊ ဆရာမ မေငြိမ်းရဲ့ လွမ်းစာတွေ ဖတ်ရပါတယ်။ နင်တို့နဲ့အတူ ကြေကွဲရပါတယ်။ ငါကတော့ လွမ်းစာတွေ မရေးချင်ဘူးဟယ်။ တမ်းစာ တွေပဲ ရေးချင်ပါတယ်။ သွားလေသူ ဆရာ့ဆရာတွေရဲ့ အရည်အသွေးတွေ၊ တန်ဖိုးတွေကို စနစ်တကျ ဖေါ်ကျူးတဲ့ တမ်းစာမျိုးတွေပေါ့။ ဒါပေမဲ့ အဲသလို တမ်းစာ မျိုး ပီပီပြင်ပြင် ရေးနိုင်လောက်အောင်ကလည်း ကိုယ့်မှာ ဝမ်းစာ က မရှိဘူးဟဲ့၊ ဒီတော့ နင့်ဆီကိုပဲ နီကိုရဲ နဲ့ ပတ်သက်ပြီး ကွမ်းစာ ရေးလိုက်ရပါတယ်။ ကွမ်းစာ ဆိုတဲ့အတိုင်း ကွမ်းဝါးပြီးပြောတာ ဆိုတော့ ဗလုံးဗထွေးပေါ့ ဟယ်။ ငါလည်း အခုတော့ ကွမ်းဝါးနေပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ကွမ်းက ဈေးကြီး သဟဲ့။

သိပ်မကြာခင်မှာ ကာတွန်းအော်ပီကျယ်၊ ဝင်းအောင်၊ ဇော်မောင်၊ စောမင်းဝေ၊ စိုးသော်တာ တို့အတွက် လွမ်းစာတွေ မရေးပါရစေနဲ့လို့ ဆုတောင်းရမှာပဲ။

ဘာပဲဖြစ်ဖြစ် မြန်မာဟာသစာပေမှာ နီကိုရဲဟာ အချိန်တိုတောင်းသော်ငြားလည်း တစုံတရာသော မှတ်တိုင်တခုကိုတော့ စိုက်နိုင်ခဲ့တယ်လို့ ငါတော့ထင်တာပဲ။ ခက်ခဲလှတဲ့ ဟာသအနုပညာကို ရေးဖွဲ့ခဲ့ကြတဲ့ မြန်မာဟာသစာရေးဆရာကြီးတွေကို ပူဇော်ချင်ပါတယ်။

မြန်မာမှာ ပူဇော်ခြင်း (၃)မျိုးရှိပါတယ်။ ဝေယျာဝစဏနဲ့ပူဇော်တာ၊ ဆုတောင်းပူဇော်တာ၊ အလုပ်နဲ့ ပူဇော် တာတဲ့၊ ငါတော့ မြန်မာဟာသစာပေကို လေ့လာခြင်းဆိုတဲ့ အလုပ်နဲ့ ပူဇော်ချင်ပါတယ်။

ဒါပေမဲ့ ချိုသင်းရေ.. ဟာသကိုခံစားတဲ့အခါ အူနှိပ်နေရအောင် ရယ်မောရတတ်ပေမဲ့ ဟာသကို လေ့လာတဲ့အခါမတော့ မရယ်ရတော့ဘူးဟဲ့၊ ဒီတော့ အရယ်သန်လှတဲ့ ချိုသင်းကြိုက်မှာ မဟုတ်တဲ့အတွက် ငါလည်း မပူဇော်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတာဝန်ကို ကိုအော်ပီကျယ်က ဆက်လက် တာဝန်ယူမယ်လို့ လွန်ခဲ့တဲ့ ၁ဝ နှစ်က တာမွေအဝိုင်းမှာ တရားဝင်ပြောကြားခဲ့ပါတယ်။ ဒီတော့ နီကိုရဲ ရဲ့ ဦးခေါင်း (အဲ ယောင်လို့) ဂမ္ဘီရ လက်ချောင်းတွေကို ကိုအော်ပီကျယ် ဆီကိုသာ လွှဲလိုက်ပါတော့ ချိုသင်း နဲ့ ဆရာမမေငြိမ်းတို့ရေ..။


မောင်သစ်ဆင်း

26 comments:

MieMie said...

တချို့  အနုပညာသမားတွေ အရက်အသောက်များပြီး
အကြွေစော သွားကြတာကို အရမ်းကို နှမျောတယ်...
ဆရာ မောင်သစ်ဆင်းက ဒီရောက်နေတာ အခုမှသိတယ်... ဆရာက ကွမ်း အစို စားလား
အခြောက်စားလား.. ..မသိ ဈေးကြီးတယ်ဆိုလို့...

mie nge

PAUK said...

ဆရာ မောင်သစ်ဆင်း စကားပြောတာ
တစ်ရင်းတစ်နှီး ရှိလိုက်တာ။။

ဂျူနို said...

သိပ်မကြာခင်မှာ ကာတွန်းအောင်ပီကျယ်၊ ဝင်းအောင်၊ ဇော်မောင်၊ စောမင်းဝေ၊ စိုးသော်တာ တို့အတွက် လွမ်းစာတွေ မရေးပါရစေနဲ့လို့ ဆုတောင်းရမှာပဲ။

ဒီလိုဆိုရင်တော့ ဆရာ မောင်သစ်ဆင်း နဲ့အတူ ဆုတောင်း ရမှာပါပဲ။

ရန်အောင် said...

စာရေးဆရာတွေ ဘ၀အမောအတွက် အရက်တွေသောက်
သူတို့စိတ်ကူးစိတ်သန်းတွေကို စာပေစိစစ်ရေးဆိုတဲ့ ဗုံမဟုတ်ပတ်မဟုတ်တဲ့ကောင်တွေ ကဖြတ်တောက် စီးပွားရေးမလုပ်တတ်တဲ့သူတွေကို ထုတ်ဝေသူတွေက ဒုက်ခရောက်အောင်လုပ် ကြောင်နှစ်ကောင် မောင်မျိုးဆိုတဲ့ ထုတ်ဝေတဲ့သူ ဘယ်လောက်မိုက်ရိုင်းလဲဆို နီကိုရဲ သက်ရှိထင်ရှားရှိချိန် စာအုပ်မထုတ်ဘဲ ညစ်ပတ်ထားပြီး သေမှာသေချာတော့ မသေခင်လေးမှာ ခါတော်မှီ စာအုပ်ထုတ်တယ် တော်တော် မိုက်ရိုင်းတဲ့ကောင် သေတာနဲ့ သူထုတ်တာနဲ့အကိုက် ဖြစ်အောင်ယုတ်မာတာ ရွှေဘုန်း (တာရာမင်းဝေ) လည်းသူညစ်ပက်တယ် စာပေစိစစ်ရေးကြောင့် စိတ်ကူးစိတ်သန်းတွေ ပိတ်ပင်ခံထားရတဲ့ စာရေးဆရာတွေဟာ အကျင့်ယုတ်တဲ့ ကြောင်နှစ်ကောင်မောင်မျိုးတို့လို ထုတ်ဝေသူတွေကြောင့် စာဖတ်ပရိတ်သတ်နဲ့ပါ ထပ်ပြီးပိတ်ပင်ခံထားသလို ဖြစ်နေတယ် စောက်ကျင့်မကောင်းတဲ့ကောင်

ဖြူတုတ်လေး said...

မမ ဆရာ့ရဲ့ email ကို အခုလို ဖြူတုတ်တို့နဲ့ share လုပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

P.Ti said...

အခုလို မျှဝေတဲ့အတွက်ကျေးဇူးပါ။

အနုပညာသမားတွေက ခံစားတတ်ကြလို့လားမသိဘူး စွဲလမ်းတတ်တဲ့ အရက်တို့ ဆေးလိပ်၊ ကွမ်းတို့ တစ်ခုခုတော့ သုံးစွဲနေတတ်ကြတယ်နော်...

အဲဒါတွေသာ ကင်းအောင်နေနိုင်ရင် ပိုပြီး ပိုပြီး အသက်ရှည်ရှည် နေနိုင်ကြမယ်ထင်တယ်... ကျွန်တော်ပြောတာနဲ့ အမလည်း တစ်ခုပြီးတစ်ခု ပိုလွမ်းသွားပါဦးမယ်။

ရွှင်လန်းချမ်းမြေ့လို့ အမဆိုင်လေး ရောင်းကောင်းပါစေ။ :)

Rita said...

ဆရာ အမေရိကား မှာကိုး။ ဘလော့ဖွင့်ပြီး စာရေးစေချင်လိုက်တာ။ ဝတ္ထုတွေ မရေးနိုင်ရင်တောင် "ကလေးတို့ရဲ့ မနက်ဖြန်လို" ဆောင်းပါးတွေ၊ ဒါမှမဟုတ် အရင်က ရေးခဲ့တဲ့ ဝတ္ထုတို အဟောင်းတွေ တင်စေချင်လိုက်တာ။

(ဒါနဲ့ အပေါ်က ကွန်မန့် တစ်ခုကို ဖတ်တော့ ခေါင်းထဲမှာ ???? တွေ ပေါ်လာတယ်။
အဲဒီ publisher အကြောင်းတော့ ဘာမှ မသိပါဘူး။
တခုတော့ သိတယ်။
ဟိုအရင် ကိုယ့်စာရင်းထဲမှာ ရှိတဲ့ စာရေးဆရာတွေကို (အတိအကျ ပြောရရင် ၃ ယောက်။ နီကိုရဲ၊ မင်းခိုက်စိုးစံ၊ တာရာမင်းဝေ) သူ့တိုက်က ထုတ်မှ စာရင်းထဲက ဖျက်ချင်စိတ် ပေါက်သွားတော့တယ် ဆိုတာပဲ။

ဒါပေမဲ့ သူညစ်ထားပါတယ်ဆိုတဲ့ အဲဒီလူတွေရေးတဲ့ စာအုပ်တွေထဲမှာပဲ သူ့အကြောင်း ချစ်စနိုးလိုလို ကျီစယ်နောက်ပြောင်ထားတဲ့ အရေးတွေ ဖတ်ခဲ့ရတော့ ဘာကို နားလည်ရမယ် မသိတော့ဘူး။ ကြောင်မျိုး မောင်နှစ်ကောင် ဆိုတာ အဲဒီစာရေးဆရာတွေစာအုပ်မှာ တွေ့ရတတ်တဲ့ အသုံးပဲ။)

tin min htet said...
This comment has been removed by the author.
Thet said...

ဆရာသစ်ရေ ကြောက်စိတ် ကို သတိရတယ်။ ဘလော့ဖွင့်ပြီး ရေးပေးပါဦး...

ညီမလေး said...

ပြန်မျှပေးတဲ့အတွက် ကျေးဇူးပါ အမမချိုသင်း ... ညီမလေးလဲ ပြန်လည်မျှဝေပါရစေ...

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ငါ့နှမရေ.. e mail လေးမျှဝေပေးတာ..thank U ပါပဲ..
စဉ်းစားစရာတွေ... အများကြီး ရသွားတယ်...

နေစိုးနိုင် said...

ဆရာ မောင်သစ်ဆင်း ရဲ့ စာလို့ တွေ့လိုက်တော့ တော်တော် ကိုတုန်လှုပ်သွားရပါတယ်။ ဆရာမောင်သစ်ဆင်း ဟာ ကျွန်တော့် ကို ကောင်းကောင်းဆုံးမပေးခဲ့တဲ့ ဆရာ ပါ ။ လူကိုယ်တိုင်တော့ မတွေ့ဖူးပါဘူး။

ဆရာ့ရဲ့ ကြောက်စိတ်ဆိုတဲ့ စာအုပ်ကလေးကတဆင့်ပါ

ဆရာနီကို ရဲ ကို တော့ လေးစားလျှက်ပါပဲ

nine said...

in myanmar we all see writers n alcohol.most of writers wrote drinking alcohol is likable.indeed,it is a bomb produced by himself that can destroy him.at last ,we can say according to buddha dama "satbay satta kama saga"
9aunglwin@gmail.com

Ye Yint Thet Zwe said...

ဆရာမရေ .......
နှလုံးသားက ဦးနှောက်ထက်ကြီးလေတော့ ဒီလိုစာမျိုးတွေ
မဖတ်ချင်ပါဘူး။ဒါပေမယ့် မဖတ်ပဲနဲ့ လည်းမနေနိုင်ပါဘူး။ဒီစစ်အာဏာရှင်တို့ ရဲ့ အုပ်စိုးမှုအောက်
မှာ ကျနော်တို့ ဘက်က လူတော်တွေ အသက်ကို ဥာဏ်မ
စောင့်နိုင်ရှာဘူးလို့ ကြေကွဲရပါတယ်။ဘယ်လိုအကြောင်းနဲ့ 
ပဲ ကြွေလွင့် ကြွေလွင့် ဒါဟာခေတ်ဆိုးစနစ်ဆိုးနဲ့ အုပ်စိုးသူ
တွေမှာတာဝန်ရှိတယ်။ကျနော်တို့ ကတော့ ချေသော်မကြေ
ထဲကပါပဲ။ ဆရာနီကိုရဲ ကောင်းရာသုဂတိလားပါးစေ။
ကျန်ရှိနေတဲ့ ပြည်တွင်းပြည်ပမှ ဆရာ ဆရာမများအသက်ကို ဥာဏ်စောင့်နိုင်ပါစေ။

Ye Yint Thet Zwe said...

ဆရာမရေ .......
နှလုံးသားက ဦးနှောက်ထက်ကြီးလေတော့ ဒီလိုစာမျိုးတွေ
မဖတ်ချင်ပါဘူး။ဒါပေမယ့် မဖတ်ပဲနဲ့ လည်းမနေနိုင်ပါဘူး။ဒီစစ်အာဏာရှင်တို့ ရဲ့ အုပ်စိုးမှုအောက်
မှာ ကျနော်တို့ ဘက်က လူတော်တွေ အသက်ကို ဥာဏ်မ
စောင့်နိုင်ရှာဘူးလို့ ကြေကွဲရပါတယ်။ဘယ်လိုအကြောင်းနဲ့ 
ပဲ ကြွေလွင့် ကြွေလွင့် ဒါဟာခေတ်ဆိုးစနစ်ဆိုးနဲ့ အုပ်စိုးသူ
တွေမှာတာဝန်ရှိတယ်။ကျနော်တို့ ကတော့ ချေသော်မကြေ
ထဲကပါပဲ။ ဆရာနီကိုရဲ ကောင်းရာသုဂတိလားပါးစေ။
ကျန်ရှိနေတဲ့ ပြည်တွင်းပြည်ပမှ ဆရာ ဆရာမများအသက်ကို ဥာဏ်စောင့်နိုင်ပါစေ။

tin min htet said...

စောစောက ကျွန်တော်ရေးထားခဲ့တဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ အချက်အလက်မှားနေတယ်လို့ သူငယ်ချင်း တယောက်က ထောက်ပြတာနဲ့။ ပြန်ဖျက်လိုက်ပါတယ်။ ကျေးဇူးပါပဲ သူငယ်ချင်း။

TZA said...

နာမည်ကြားဖူးပေမယ့် သူ့စာတွေ မဖတ်ဖူးဘူး.. ဆရာနီကိုရဲ ကောင်းရာသုဂတိလားပါစေ။

မယ်ကိုး said...

ဆရာမောင်သစ်ဆင်း ခုလိုရေးထားတာဖတ်ရတာ တော်တော်ကြေကွဲစရာကောင်းတာပဲ မရယ်။

Maung said...

ကဲ..အကိုရေ..
ကျွန်တော်ပြောပါတယ်..Blogရေးပါဆိုတာ..ပရိတ်သတ်ကတော့တောင်းဆိုနေကြပြီ..
အမ ကတော့ပိုင်ပါတယ်..
စစ်ကူလိုရင်တော့ပြော..:))))
မအားဘူးဆိုရင်လည်း..ချိုသင်းက
ကလေးကူထိန်းပေးမယ်ဆိုပဲ..:)

NL

ပုံရိပ် / Pon Yate said...

ဖတ်ပြီး စိတ်မကောင်းစရာပဲ။ နီကိုရဲ ၀တ္ထုတွေ ဟန်သစ်မှာ ဖတ်ခဲ့ဖူးပါတယ်။

ကိုကိုသုန် said...

အစ်မ မချိုသင်း ရေ စိတ်မကောင်းစရာ နှင့် လွမ်းစရာ၊ တမ်းတစရာ ပို့လေးပါပဲဗျာ.... ကျွန်တော်လည်း ဆရာနီကိုရဲ ပရိတ်သတ်ပါဗျာ.... ကျွန်တော် သူရဲ့စာတွေ အကုန်ကိုကြိုက်ပါတယ်ဗျာ... တော်တော်များများလည်း ဖတ်ဖြစ်ပါတယ်... ဒါပေမယ့် အခုထိတော့ ဆရာနီကိုရဲ ကိုမမြင်ဖူးသေးဘူးဗျာ.... ဖြစ်နိုင်ရင် ဓါတ်ပုံလေးတင်ပေးပါလားဗျာ... အလွမ်းပြေပေါ့....
လေးစားစွာဖြင့်
ကိုကိုသုန်

khin oo may said...

ဆုံးရှုံးမှူတစ်ခု.

tututha said...

အစ်မရေ ဒီဥစ္စာကို ဆြာပီကို ကော်ပီလုပ်ပြီး ပို့ပေးလိုက်တယ်

တန်ခူး said...

ဒီစာလေးက လွမ်းစာ အဖြစ်ရော နောက်လူတွေ ဆင်ခြင်ဖို့ အတွက်ပါ မျှော်မြင်ရေးတာမို့  တန်ဖိုးသိပ်ရှိပါတယ်… ကိုအောင်မင်းသိမ်းဆုံးသွားတုန်းက ကိုဇဂနာသတိပေးတာလေးကို သတိရတယ်… အနုပညာသည်တွေ အရက်ထဲမျောကုန်ကြတာ ယူကျုံးမရဖြစ်မိတယ်… အရက်နဲ့ အနုပညာ ဘာလို့ များ ပူးတွဲနေရတာလဲလို့ လဲ အားမလိုအားမရတွေးမိတယ် ချိုသင်းရေ… ဟိုးအရင် အမတို့ ရပ်ကွက်ထဲမှာ စာပေဟောပြောပွဲလုပ်ရင် အရက်က ဧည့်ခံနဲ့ နေရာမှာ မပါမဖြစ်ဖြစ်နေတော့ ကိုယ်ကလဲ ငယ်သေးတော့ အဖေ့ကိုမေးမိတာ သတိရတယ်… အချင်းချင်းထိန်းသိမ်းကြတာ ပိုကောင်းတာပေါ့ချိုသင်းရယ်… ဒီစာအတွက် ဆရာမောင်သစ်ဆင်းကို ကျေးဇူးတင်မိပါတယ်… အလွန်အကျွံသောက်နေကြဆဲ နောင်တော်အကိုစာရေးဆရာတွေလဲ ဒီစာဖတ်မိပါစေလို့ …

ချိုသင်းရေ… အမှန်တကယ်က ဟိုတနေ့ က ချိုသင်းဆီ ကိုကျော်ဝဏမွေးနေ့ လက်ဆောင်ပို့ စ်လေး လာချောင်းတာသိလား… ဘာလက်ဆောင်ပေးဖြစ်သလဲညီမရေ… ကိုကျော်ဝဏ တယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ချစ်တဲ့ဇနီးလေးနဲ့  မွေးနေ့ ပေါင်းရာထောင်သောင်းတိုင်ပါစေလို့ … ပြီးတော့ ဆိုင်ခွဲတွေ အများကြီးဖွင့်နိုင်ပါစေလို့ ….

white said...

http://myochitmyanmar.org/interview/artistical

မှာ ဆရာနီကိုရဲ နဲ့ interview လေးပါ ။

min said...

ဘဝရဲ့အမောတွေကို ဖြေတဲ့နေရာမှာထွက်ပေါက်မမှား
ဖို့အရေးကြီးကြောင်းအသက်၃၀ကျော်မှသိလိုက်ရတယ်.နှမျောလိုက်တာလေ မပြောပါနဲ့တော့.ဒါပေမဲ့မတမ်းတ
မိဘူး.မြန်မာပြည်မှာလေးစားရတဲ့စာရေးဆရာကဗျာဆ
ရာတေးရးဆရာတွေအများကြီးရှိပါတယ်.(ဆရာနီကိုရဲ)
အပါအဝင်ပေါ့.တော်တော်များများအရက်သောက်လို့ဒါ
မှမဟုတ်တခုခုသုံးစွဲလို့အကြွေစောကြရတယ်.ပညာရှိသ
တိဖြစ်ခဲဆိုသလိုကြောင့်သလားဦးဏှောက်ထက်နှလုံး
သားကဘဲကြီးလို့လားနှစ်ခုစလုံးကြောင့်လား.သေချာ
တာတခုကတော့စစ်မှန်တဲ့စာပေသမားတယောက်အ
ရည်အချင်းပြည့်ဝလွန်းတဲ့အနုပညာသမားတယောက်
ကြွေကျသွားတိုင်းငါငိုခဲ့ရတယ်။