ကာတွန်းဆရာကြီး သို့..

ကြယ်တွေ ဘယ်လောက်တောင် ကြွေသွားခဲ့ပြီလဲ။

ကာတွန်းဆရာကြီး ဦးဖေသိန်း ဆုံးပြီလို့ သတင်းကြားတော့ စိတ်ထဲမှာ သူ့ကာတွန်းထဲကပုံအတိုင်း အမြဲပြုံးပြုံး ရွှင်ရွှင် သန့်သန့်ရှင်းရှင်းနဲ့ နားရွက်ကားကား ဆရာကြီးကို ချက်ချင်း မြင်ယောင်လိုက်မိပါတယ်။

ကာတွန်းဆရာလို့ အမည်ခံလိုက်တာနဲ့ သူဟာ လူတွေကို ပြုံးစေတော့မယ်၊ အဲဒါထက်ပိုပြီး လူမှုဘ၀၊ ခေတ် နဲ့ စနစ်ကို ပါးပါးလေး သရော်တော့မယ်၊ ပြီးတော့ သူ့ကာတွန်းရုပ်လေးတွေ ကနေ ဖတ်သူရင်ထဲကို ရသတခု၊ အသိတခု တွေးမိအောင် ချန်ခဲ့မယ် လို့ ကိုယ်တော့ ရိုးရိုးပဲ နားလည်မိတယ်။

အဲဒီမှာ သူပြောချင်တဲ့ အကြောင်းအရာကို သူမြင်တဲ့ထောင့်ကနေ ပုံလေးနဲ့ ကောက်ခြစ်လိုက်တာဟာ စာဖတ်သူရင်ထဲကို စွဲသွားစေတော့တာပါပဲ။ အဲဒီကာတွန်း တကွက်လေးဟာ စာတွေ တမျက်နှာပြီး တမျက်နှာ ဖတ်ရတာထက် ပို ထိရောက်တတ်တယ်။ တကြောင်းဆွဲ ဆွဲလိုက်သလို စာဖတ်သူရဲ့ နှလုံးကို ပစ်မှတ်လို တန်းကနဲ ထိတယ်။

ကာတွန်းဆရာတွေမှာ ထက်မြက်တဲ့အတွေးတွေ၊ လူအများ မမြင်တဲ့ထောင့်ကနေ လောကကို သရော်ပြုံးနဲ့ ကြည့်တတ်တဲ့ ခပ်ထေ့ထေ့ အတွေးလုံးလေးတွေ ရှိနေတတ်တာ ပြောစရာ မလိုတဲ့ အချက်ပါပဲ။ ဒါကြောင့်မို့ ပုံဆွဲတတ်တိုင်း ကာတွန်းဆရာကောင်း မဖြစ်နိုင်ဘူးလို့ ဆိုကြတာ ဖြစ်မှာပါ။ သူတို့မှာ သူများနဲ့ မတူတဲ့ ထူးခြားတဲ့ အရည်အချင်းရှိကြတယ်လေ။

ဆရာကြီး ဦးဖေသိန်းဆိုတာ မြန်မာ့ ကာတွန်းလောကမှာ မီးရှူးတန်ဆောင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တဦးပါ။ ကိုယ်တို့လူငယ်တွေဟာ ဆရာကြီးကာတွန်းတွေနဲ့ ကြီးခဲ့ကြတာပါ။ ဆရာကြီးရဲ့ ပုံပမာ ကာတွန်းတွေဟာ လူကြီးတွေရော ကလေးတွေပါ စွဲလန်းခဲ့ရတာ။ ၃၈ဖြာမင်္ဂလာ ကာတွန်းတွေနဲ့ ကလေးတွေကို အသိဥာဏ် အလိမ္မာတိုး စေခဲ့တာ။

တခု ထူးခြားတာက ဆရာကြီးရဲ့ လက်ရာဟာ ဘယ်သူ့လက်ရာနဲ့မှ မရောထွေးနိုင်အောင် အမြဲ တသီးတသန့် မူပိုင်ဖြစ်ခဲ့တယ်လို့ ကိုယ်ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံတွေကို ကြည့်လိုက်တာနဲ့ ဒါ ဖေသိန်းကာတွန်း လက်ရာပဲ လို့ တန်းပြောနိုင်လောက်အောင် ထင်ရှားပေါ်လွင်ခဲ့တာပါ။

ဆရာကြီး ရဲ့ စုတ်ချက်တွေဟာ သူ့စိတ်လိုပဲ ပြတ်သား ထင်ရှားတယ်။ ဘယ်တော့မှ မတွေဝေဘူး။ အင်မတန် ရဲရင့်ပြီး အားမာန်ရှိတယ်လို့ အမြဲခံစားရတယ်။ သူ့လက်ရာတွေဟာ ဘယ်လောက်အသက်ကြီးသွားသွား နုပျိုလျက်ပဲ။

ကိုယ် အမှတ်မိဆုံး သူ့လက်ရာက ၁၉၈၈ခုက မဂ္ဂဇင်းတခုမှာ ပါခဲ့တာပါ။ ဘယ်မဂ္ဂဇင်းမှာလဲလို့တော့ ကိုယ်မမှတ်မိတော့ဘူး။ ကာတွန်းက သံကွင်းကြိုးတွေလို လုပ်ပြီး 8888 ၈လေးလုံးကို ပုံဖော်ထားတဲ့ ကာတွန်း။ အဲဒီကာတွန်းပုံကို တွေ့ပြီးကတည်းက ဆရာကြီးကို လေးစားချစ်ခင်စိတ် အမြင့်ဆုံးကို တိုး သွားစေခဲ့တာ အမှန်ပေါ့။

သတင်းကာတွန်းဆရာ တဲ့။ ပြည်သူကို သူပေးချင်တဲ့ အချက်အလက် အပြည့်အ၀ ပေးလိုက်တယ်။ သူယုံကြည်တာကို အာဏာရမင်းများ မျက်နှာမကြည့် ၊ ပြည်သူ့မျက်နှာကိုပဲ ကြည့်ပြီး ပြတ်ပြတ်သားသား ထောက်ခံခဲ့တယ်။ အရေးတော်ပုံကို ယုံကြည်ကြောင်း ကလောင်နဲ့ တိုက်ပွဲဝင်ခဲ့တယ်။

စာပေစိစစ်ရေးက Black List ကာတွန်းဆရာထဲမှာ ဟောဒီ ဖေသိန်းဆိုတာ ထိပ်ဆုံးက ရဲရဲကြီး နေခဲ့သူပေါ့။ သူ့ကာတွန်းရုပ်လေးတွေကို ကြောက်လို့၊ သူ ကလော်မဲ့ သူ့ဦးနှောက်ကို ကြောက်လွန်းလို့ မဂ္ဂဇင်းတွေပေါ်မှာ သူ့ကာတွန်းတွေ မဖော်ပြရ လို့ ပိတ်ပင်ခဲ့တာပါ။ ဆရာကြီးကတော့ ကြည်ကြည်လင်လင် ပြုံးနေမှာပါပဲ။

စာပေအနုပညာသမားဆိုတာ ပိုက်ဆံရှိ လူတန်းစား မဟုတ်ကြပါဘူး။ အခွင့်ထူးခံ လူတန်းစားလဲ မဟုတ်ဘူး။ ကိုယ်ဖန်တီးတဲ့ အနုပညာနဲ့ ပျော်မွေ့ ကျေနပ်နေတတ်သူ။ သူတို့ ယုံကြည်ချက်ကို ဘာနဲ့မှ လဲ မစားတတ်သူ။ အနုပညာ မာန ကို ရိုသေ တန်ဖိုးထားတတ်သူ။ အမှန်တရားအတွက်ဆိုရင် အာဏာရှင်ကိုလဲ ရင်ကော့ ရင်ဆိုင် ကလောင်နဲ့ တိုက်ပွဲဝင်မဲ့သူ။

ကိုယ် အဲဒီလို စိတ်ဓာတ်ရှိတဲ့ အနုပညာရှင်အားလုံးကို ချစ်တယ်။ သူတို့ကို လေးစား ရိုကျိုးပြီး တန်ဖိုးထားတယ်။ ရွှေထုပ်တဲ့ မြပုဝါလို့ ထင်တယ်။ သူတို့အားလုံးကို ကိုယ့်နှလုံးသားထဲက ကမ္ဗည်းမှာ ကိုယ့်နှလုံးသွေးနဲ့ မှတ်တမ်းတင် ပူဇော်မယ်။ ဒီလိုပဲ သူတို့ သမိုင်းဟာ အမြဲတမ်း တောက်ပြောင်နေလိမ့်မှာ အမှန်ပဲ။

ဇွန်လ ၁၉ရက် ၂၀၀၉ မှာ ဆရာကြီး ဦးဖေသိန်း (၈၅)နှစ် ဘ၀ တပါးကို ကူးပြောင်းခဲ့ပြီ။ ဆရာကြီးရဲ့ ဖြူစင်မွန်မြတ်တဲ့ အနုပညာကုသိုလ်ကြောင့် ဆရာကြီး ကောင်းရာသုဂတိ လားမှာ အမှန်ပဲ။



မိုးချိုသင်း



ကိုယ်တို့ မင်္ဂလာဆောင်အတွက် ဆရာကြီး ဆွဲပေးလိုက်တဲ့ လက်ဖွဲ့ပါ။

အပြည့်အစုံဖတ်မယ်...

မွေးနေ့ ဆုတောင်း

ဟိုးငယ်ငယ်က နေ၀င်ရီတရော ညနေစောင်းကလေး မိသားစု လမ်းလျှောက်ထွက်ကြတဲ့ အချိန်လေး တချိန်ကို ကိုယ်သတိရနေမိတယ်။

ကိုယ်တို့ မိသားစုက ညနေဖက်တွေဆို ထမင်းစားသောက်ပြီးရင် တက္ကသိုလ်ရိပ်သာလမ်း တလျှောက်ကနေ ပင်မတက္ကသိုလ်ဖက်ကို လမ်းလျှောက်ထွက်တတ်ကြတယ်။ ငှက်တွေလဲ အိပ်တန်းပြန်ပြီ။ နေရီဖျိုးဖျမှာ ကျီးတွေကလဲ အုပ်စုလိုက် အာ လို့။

ခရေတွေက မွှေးမွှေး လမ်းကလေးတလျှောက် ကိုယ်တို့ကလေးတွေက ရှေ့ ကပြေးတော့ အဖေနဲ့အမေက နောက်က စကားတပြောပြောနဲ့ လိုက်ကြတယ်။ ကိုယ်တို့ကလေးတွေက လိုက်တမ်းပြေးတမ်း ဆော့သလိုနဲ့ ရှေ့ကို ပြေးသွားလိုက်ကြ၊ နောက်မှာ ကျန်ခဲ့တဲ့ အဖေတို့ အမေတို့ဆီ ပြေးလာလိုက်ကြ။

တခါတလေ လမ်းမှာ အသိနဲ့တွေ့လို့ အဖေတို့ ရပ်စကားပြောနေရင် ကိုယ်တို့ကလဲ ဘေးကနေ ၀ိုင်းမော့ နားထောင်လို့။ ပြီးတော့ လူချင်းခွဲ၊ လမ်းဆက်လျှောက်ကြပြန်တယ်။ အဖေ့ထုံးစံက သူ့မိတ်ဆွေတွေကို ကိုယ်တို့သားသမီးတွေ ဘယ်လောက်ပဲ ငယ်နေပါစေ၊ လူရာသွင်းပြီး နံမည်နဲ့ မိတ်ဆက်ပေးတတ်တာပါ။

ဒါကတော့ ပထမသမီး၊ သူကတော့ ဒုတိယ၊ သူကတော့ တတိယ သမီးလေ၊ ဟိုပြေးနေတဲ့ ကလေးက နံပါတ် (၄)ပေါ့၊ သားကတော့ အငယ်ဆုံး ..ယောကျာင်္းလေး တယောက်ပဲ ပါတယ် စသဖြင့်ပေါ့။ ပြီးရင် မိတ်ဆွေတွေရဲ့ နံမည်ကို ပြောပြတတ်တယ်။ ဒါကတော့ ဦးဦး ဘယ်သူ တဲ့၊ မှတ်ထားနော် သမီး။ ဒါကတော့ အံတီ ဘယ်သူပေါ့။ ကိုယ်တို့လဲ ဟုတ်ကဲ့၊ ဟုတ်ကဲ့ရှင့် နဲ့ ပြောပြော ပြေးပြေး ဆော့ဖို့ စိတ်ရောက်သွားတော့တာပါပဲ။

တညနေတော့ အဲဒီလို မိသားစု လမ်းလျှောက်ရင်း အဖေတို့ အသိတယောက်နဲ့ လမ်းမှာတွေ့လို့ စကားပြောနေတယ်။ ကိုယ်တို့လဲ ပြေးရင်း ဆော့ရင်း အဖေတို့နားကပ်ပြီး ဘယ်သူများလဲလို့ စပ်စုမိတော့ ပိန်ပိန် အသားဖြူဖြူဝင်းဝင်း အမျိုးသမီး ငယ်ငယ် တယောက်။ မြန်မာဆန်ဆန် ခပ်ရိုးရိုး ၀တ်လို့၊ စာအုပ်တချို့ကို ရင်မှာ ပိုက်လို့။

ကိုယ်တို့ အနားရောက်သွားတော့ အဖေက သမီးတို့ လာပါအုံး၊ သမီးတို့ ဗိုလ်ချုပ်အောင်ဆန်းကို သိတယ် မဟုတ်လား တဲ့။ ခေါင်းညိတ်မိတော့ “အဲဒါ ဗိုလ်ချုပ် သမီးပဲ” တဲ့။ ကိုယ်တို့လဲ အံ့သြသွားတာပေါ့။ ဗိုလ်ချုပ်ကိုတော့ ကောင်းကောင်းသိတာပေါ့။
“အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
တို့ဗမာပြည် အမှောင်တွင်း
သူခေါင်းဆောင်လို့ လင်း”
လို့ အိမ်မှာ အမြဲဆိုနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတော့ မှတ်မှတ်ထင်ထင် ရှိသွားရတာပေါ့။ နောက်ပြီး သူ့မျက်နှာက ကြည်လင်ပြုံးချို လွန်းလို့ တခါတွေ့ဖူးရင် တသက်မှတ်မိသွားတာမျိုး။

အခုလဲ စာကြည့်တိုက်ကလား၊ စာအုပ်ဆိုင်ကလား ပြန်ခဲ့ပုံပါပဲ။ လက်မှာလဲ စာအုပ်တပွေ့ နဲ့။ သူက နိုင်ငံခြားမှာ ကျောင်းသွားတက်နေရာက ကျောင်းပိတ်ရက် အိမ်ပြန်လာတာတဲ့။ အဖေနဲ့ စာအုပ်ကိစ္စတွေ ပြောကြ ဆိုကြပုံရတယ်။ အဖေက သူပြန်လာတိုင်း သူလိုချင်တဲ့ စာအုပ်တွေ ရှာပေး၊ စာကြည့်တိုက်တွေ အတူသွားကြတယ်။ အဖေတို့ အမေတို့ထက် အများကြီး ငယ်ပုံရပေမဲ့ အဖေရော အမေရော တလေးတစား ဆက်ဆံ စကားပြောနေကြတာ ကိုယ်မှတ်မိနေတယ်။

နောက်တော့ ကိုယ်တို့လဲ အရွယ်ရောက် တက္ကသိုလ်တက်ကြတော့ ၈၈ အရေးတော်ပုံကြီး စ ခဲ့ပြီ။ အဲဒီအချိန်မှာ သူက မိခင် ဒေါ်ခင်ကြည်ကို ပြုစုဖို့ မြန်မာပြည်ကို ရောက်နေတာနဲ့ ကြုံကြိုက်နေတာမို့ မြန်မာ့နိုင်ငံရေးထဲ ပါဝင်ရဖို့ ဖြစ်လာတယ်။ သူ့သတင်းတွေထဲမှာ စွဲနေတာ တခုက “ပြည်သူ့ဖက်ကို အပြတ်လိုက်မယ်” တဲ့။

နောက် ဒေါ်ခင်ကြည် ဈာပနမှာ အဖေက ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ ကဗျာတပုဒ် စပ်ခဲ့ပါတယ်။ အဲဒီကဗျာက “သမီးလက်သို့ အောင်သပြေခက်” တဲ့။ မိဘတွေရဲ့ တိုင်းပြည်ချစ်စိတ်နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်တွေကို သမီးလက်ကို လက်ဆင့်ကမ်းလိုက်တဲ့ အကြောင်းကို စပ်ဆိုလိုက်တဲ့ ကဗျာလေးပါ။

နောက်တော့ ကိုယ်တို့လဲ အရေးတော်ပုံကြီးမှာ အုတ်တချပ် သဲတပွင့် ကျရာ နေရာက ပါဝင်ခဲ့ကြတယ်။ အဖေကတော့ ကလောင်နဲ့ တိုက်ပွဲဝင်၊ ပြည်သူ့ ကဗျာတွေ ရေးစပ်ရင်း NLD ရဲ့ ပင်တိုင် ကဗျာဆရာ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ အဖေက ပါတီဝင် မဟုတ်တဲ့ တဦးတည်းသော NLD တတ်သိပညာရှင် အဖွဲ့ဝင်ပါ။ ရုံးထုံးတမ်းစဉ်လာတွေ ဘာမှ နားမလည်သူမို့ ကဗျာပဲ ရေးပါရစေဆိုတာကို “တတ်သိပညာရှင်ထဲ ဆရာပါရမှာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးလို့ ပါဝင်ခဲ့ရတာပါ။

ကဗျာဆရာကတော့ သူ့အလုပ် သူလုပ်တာပါပဲ။ အဲဒီကဗျာတွေကို နံမည်ဝှက်နဲ့ မရေးဘဲ မူရင်း နံမည်နဲ့ပဲ ရေးလို့ ကဗျာဆရာ ထောင် ဆုရခဲ့တယ်။ စစ်အစိုးရရဲ့ မျက်မာန်ရှ ငြိုးဖွဲ့တာ ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်လဲ အကျယ်ချုပ် ၆နှစ် ကျ ခဲ့ပြီး နေအိမ်အကျယ်ချုပ်က လွတ်လာတော့ အဖေနဲ့တွေ့ချင်တယ်ဆိုလို့ ကိုယ်တို့သားအဖတတွေ သွားတွေ့ခဲ့ကြပါတယ်။

အဲဒီတုန်းက ဆုံခဲ့ရတာ ကိုယ် မမေ့နိုင်ဘူး။ သူ့မျက်နှာက ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင်။ ထမင်းစားခန်းလေး ထင်ပါရဲ့၊ အဲဒီမှာပဲ ကိုယ်တို့စကားပြောကြတယ်။ စကားပြောကြတာ ဘာမှ ထူးထူးထွေထွေ မပါပါဘူး။ မိသားစု စကားဝိုင်းလိုပဲ ပျော်စရာကောင်းတယ်။ သူက ဟာသဥာဏ်လဲ ရွှင်တော့ တချိန်လုံး ရီမောနေရတာပေါ့။

အဲဒီတုန်းက ဒေါ်စုပြောတဲ့ အကြောင်းလေးတခု ကို မှတ်မိနေဆဲ။ သူ နေအိမ်မှာ အကျယ်ချုပ်ကျတုန်း စာအုပ်တွေ ရှင်းတုန်း ကဗျာလေးတပုဒ် တွေ့တယ် တဲ့။ သူ့အဖေ ဗိုလ်ချုပ် အောင်ဆန်း စပ်ထားတာပါ တဲ့။ သူက ရယ်ရယ်မောမောနဲ့ “ကဗျာကလဲ ကာရန်တွေဘာတွေ သိပ်မမိဘူး ဆရာ၊ ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ဆိုတဲ့ သဘောမျိုး စပ်ထားတာ” တဲ့။

သူလဲ သူ့အဖေ ကဗျာစပ်တယ် မကြားဖူးတော့ အံ့သြမိတယ် တဲ့။ အဲဒီကဗျာမူရင်းကို အဖေ့ကို လက်ဆောင်ပေးချင်ပါတယ် တဲ့။ ဒါပေမဲ့ သူ့ကိုလဲ တခုတော့ ပြန်ပေးရမယ် လို့ သူက ရီမောရင်း ပြောတယ်။ ဒါကိုတော့ သမီးတွေ လုပ်ပေးနိုင်မလားဘဲ လို့ ကိုယ်တို့ဖက်ကို လှည့်ကြည့်ပြီး ပြောသေးတယ်။ သူလိုချင်တာက ကိုယ်တို့အဖေ စပ်ထားတဲ့ ကဗျာတွေ အားလုံး ရနိုင်ရင် လိုချင်ပါတယ် တဲ့။ သူ စာအုပ်ရေးချင်လို့ တဲ့။

နောက်တော့ ကိုယ်တို့ အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ အဲဒီအချိန်မှာ သူ့အမျိုးသား မိုက်ကယ်အဲရစ်စ်လဲ အိမ်ထဲဝင်လာလို့ သူနဲ့ပါ အတူ မိသားစု ဓာတ်ပုံရိုက်ကြတယ်။ မိုက်ကယ် အဲရစ်စ်က ခြံထိပ်မှာ စောင့်နေတဲ့ စစ်သားလေးတွေနဲ့ ခင်နေလို့ သူတို့နဲ့ စကားသွားပြောနေရာက ပြန်လာတယ်လို့ ဆိုတယ်။ သူတို့ နှစ်ယောက် တယောက်နဲ့ တယောက် သိပ်ချစ်မြတ်နိုးကြတာ သိသာလို့ ကိုယ်တို့စိတ်ထဲ ကြည်နူးပီတိ ဖြစ်မိပါတယ်။

နောက် ၁၀နှစ်ကျော်ကြာတော့ အဖေလဲ မရှိပြီ။ ကိုယ်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လဲ ချစ်ခင်သူတွေနဲ့ ခွဲခွာပြီး အင်းစိန်ထောင်မှာ အချိန်ဆွဲ မတရား အချုပ်အနှောင်ခံနေရရှာပြီ။ သူချစ်တဲ့ ခင်ပွန်းရဲ့ နောက်ဆုံး အချိန်လေးတောင်မှ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တွေ့ခွင့်မရခဲ့။ အာဏာရှင်တွေလဲ စစ်သွေးကြွတုန်း၊ လူထုလဲ အပူတွေနဲ့ မျက်ရည်ကျရတုန်း။ အရေးတော်ပုံလဲ မပြီးဆုံးသေး။

အဖေ ၂၀၀၄ခု က စပ်ခဲ့တဲ့ ကဗျာတပုဒ်နဲ့ ၁၉ရက် ဇွန်လမှာ ပြည့်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ကို ရည်စူးပြီး ကိုယ် မွေးနေ့ ဆုတောင်းချင်မိပါတယ်။ ကဗျာလေးကို ဖတ်ကြည့်ကြပါအုံး။




“စု” အာဇာနည် သက်တော်ရှည်

ချစ်သူရဲ့ မျက်နှာ
ချစ်သူရဲ့ ဝေဒနာကို
မေတ္တာစိတ် စာနာစိတ်တွေ လျှံဖိတ်နေပေမဲ့
တိတ်တဆိတ် ကျောခိုင်းပြီး
သံတံတိုင်းကြားက မျက်ရည်သုတ်ပြီး
နောက်ဆုံး နှုတ်ဆက်ခဲ့ရှာတဲ့ “စု”။

ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကို
ကိုယ်နဲ့ထပ်တူ နှိုင်း
ကျောမခိုင်းရက်
ချစ်သူကိုသာ လက်ပြ ထွက်ခွာခဲ့ရှာတဲ့ “စု”။

ကိုယ့်ဒုက္ခ ကိုယ့်ဝေဒနာထက်
တိုင်းပြည်ရဲ့ ဒုက္ခနဲ့ ဝေဒနာကိုသာ
မဖြေသာနိုင်အောင် ခံစားပြီး
အမှန်တရားကိုသာ ဦးတည်တဲ့
အောင်ဆန်းစုကြည် ဆိုတဲ့ တို့ခေါင်းဆောင်။

သူ့နှလုံးသားကို စတေး
သူ့သွေးကို လှူတဲ့
သူမတူတဲ့ အာဇာနည်
သက်တော် ရာကျော် ရှည်ပါစေ။

တင်မိုး
၃၊၆၊ ၂၀၀၄

လူထုက ချစ်တဲ့ လူထု ခေါင်းဆောင် တယောက် ပေါ်ပေါက်ဖို့ဆိုတာ ခက်ခဲလွန်းလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ် ငြိမ်းချမ်းပြီး အသက်ရာကျော် ရှည်ပါစေ။
လူတဦးတယောက်ကို အထူးကြောက်ရတဲ့ အာဏာရှင်စနစ်လဲ ကျဆုံးပါစေ။



မိုးချိုသင်း
(ပန်းချီးကားက ပန်းချီဆရာ ကိုသန်းဌေးမောင်ရဲ့ လက်ရာပါ)

အပြည့်အစုံဖတ်မယ်...

ကြောင် နဲ့ ငှက်

လူတွေများ စိတ်တွေညစ်ပြီဆိုရင် ဘာလုပ်တတ်ကြသလဲ ကိုယ်တွေးနေမိတယ်။ ကိုယ့်အဖို့မှာတော့ စိတ် မပျော်ရွှင်ရင် ကိုယ့်သားသမီးလို ဖြစ်နေတဲ့ ကြောင်လေးတွေနဲ့သာ ဆော့လိုက် ပွတ်သပ်လိုက် ကစားလိုက် နေမိတာပဲ။

သူတို့နဲ့နေရင် စိတ်ပင်ပန်းတာ စိတ် အခန့်မသင့်တာ အဆင်မပြေတာတွေလဲ ခဏတဖြုတ်တော့ မေ့တယ်။ မပျော်ရွှင်တဲ့ စိတ်တောင် လန်းလန်းဆန်းဆန်း ဖြစ်လာတတ်တယ်။ သူတို့အကြောင်း ပြောမယ် ရေးမယ် ဆိုရင် ပြောမကုန်၊ ရေးမကုန်။ ကြောင်လေးတွေနဲ့ စာရေးဖို့ ဂီယာပြန်နှိုးရသလိုပေါ့။

အရင်က ကြောင်လေးတွေ ခြံထဲမှာ လာပေါက်ရာက တဖြေးဖြေး သိမ်းသွင်းပြီး ကိုင်လို့ရလာတော့ အရင်ပေါက်တဲ့ ၅ကောင်က အိမ်ထဲမှာနေ၊ နောက်ပေါက်တဲ့ ၅ကောင်က ခြံထဲမှာနေလို့ အသီးသီး နယ်နိမိတ် သတ်မှတ်ထားကြတယ်။ နောက်တော့ ဆုံးတဲ့ကလေးက ဆုံး၊ အိမ်ပြောင်းတဲ့ ကောင်က ပြောင်း၊ ကားတိုက်တဲ့ ကလေးက အတိုက်ခံရဆိုတော့ အိမ်မှာ အခုဆို ၄ကောင်ပဲ ကျန်ပါတော့တယ်။ (ဆုံးတဲ့ ကလေးတွေ အကြောင်းတော့ မပြောပါရစေနဲ့တော့။)

ပဲများတဲ့ ပဲထုပ်ကလေး သမီးဖြူရယ်၊ အနက်ကြား အိုဘားမားရယ်၊ အထီးတကောင်တည်း ကျန်တဲ့ အကြီးကောင် ရယ်၊ နောက်တကောင်က စပယ်တင် တဲ့။ နှုတ်ခမ်းမှာ မှဲ့လေးလို ထင်းထင်း အနက်စက်ကလေး ရှိတာမို့ စပယ်တင် လို့ နံမည်ပေးလိုက်တာ။ ကြောင်ထီးထင်ပြီး အိုဘားမားလို့ နံမည် ပေးလိုက်ပြီးမှ အမ ဖြစ်နေသလိုမျိုး စပယ်တင် ပေးပြီးမှ အထီးဖြစ်နေရင် အခက်မို့ သေချာ ကြည့်ပါဟဲ့ လုပ်ရသေးတယ်။

အခု သူတို့အတွက် ခြံထဲမှာ ကိုယ့်အမျိုးသားက ကြောင်အိမ်ကလေး နှစ်လုံး ဆောက်ပေးထားတယ်။ အင်တာနက်ကနေ ကြောင်တွေအတွက် အိမ်ကို သေချာရှာ၊ ဒီဇိုင်း ထုတ်ပြီးမှ သုံးထပ်သားနဲ့ ဆောက်၊ ဆေးတွေသုတ်၊ ကော်ဇော ခင်းပြီး နေချင့်စဖွယ် လုပ်ပေးထားတာပါ။ သူတို့ကလဲ အဲဒီအိမ်လေးထဲမှာပဲ ၀င်အိပ်တယ်၊ နေပါတယ်။

ခြံထဲမှာ နေရပြီဆိုတော့လဲ နဂိုကမှ တောကြောင်စပ်လေးတွေဆိုတော့ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ကျားကျားယားယားတွေ ဖြစ်ကုန်တယ်။ နေ့တိုင်း အစာကျွေးနေတဲ့ ကိုယ်တို့ကိုတောင် စိတ်မထင်ရင် မထင်သလို ခီး ခီး နဲ့ ပြန်ဟောက်တတ်တယ်။ ဒါပေမဲ့ ဘယ်ကိုမှတော့ ထွက် မသွားဘူး။ အထူးအိမ်ခင် တဲ့ ထူးအိမ်ခင်တွေပါ။ ခြံထဲမှာပဲ လှဲလိုက် ဆော့လိုက် နေကြတယ်။

ကိုယ်တို့လဲ ကြည်နူးနေတာပေါ့။ သူတို့ သဘာဝအတိုင်း ဆော့ကြ၊ ကစားကြ၊ သစ်ပင်ပေါ် ပြေးတက်လိုက်ကြ နဲ့ဆိုတော့ စိတ်ချမ်းသာမိတာပေါ့။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုက သိပ်မကြာလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက ပုတ်သင်ညိုတွေ ဖမ်း ဆော့၊ ကင်းလိပ်လျှောလို အကောင်မျိုးလေးတွေ ဖမ်းလာ၊ တခါကတော့ သူတို့လက်နဲ့ ဖိထားတဲ့ ခပ်လှုပ်လှုပ်ဟာလေး ကြည့်လိုက်တာ ငှက်ပေါက်စလေး ဖြစ်နေတာကိုး။

ငှက်ကလေးရဲ့ ခေါင်းကလေးကို အိုဘားမားက လက်နဲ့ ဖိထားတယ်။ ခဏနေတော့ လွှတ်လိုက်တယ်။ ငှက်က ကမူးရှူးထိုး ခုန်ဆွပြီး ပြေးတော့ တလှမ်း နှစ်လှမ်းလောက် လှမ်းပြီး ပြန်ဖိထားတယ်။ ပုံစံကတော့ တကယ့်အချဉ်ပဲ။ ဆော့တဲ့အရွယ်တွေဆိုတော့ မျောက်မူးလဲ တို့ လျှပ်စီးလက်တို့ နံမည် ပေးရမဲ့ အပေါက်။ ငှက်ပေါက်စလေးကို ၄ကောင်သား ဆော့လိုက်ကြတာ ဗြောင်းဆန်နေပါရောလား။

စားချင်လို့တော့ မဟုတ်တာ သေချာတယ်။ စားတာလဲ တခါမှ မတွေ့ဘူးလေ။ အစာလဲ ၀ နေတော့ ဆော့ရုံ ဆော့တာပါ။ ဒါပေမဲ့ “ကြောင် ကျီစားရာ ငှက်မခံသာ” ဆိုသလို ငှက်ပေါက်စလေးတွေလဲ သေကုန်သလား မသိ။ နောက်တနေ့ကစပြီး သူတို့ရဲ့ မဟာရန်သူ ပေါ်လာတော့တယ်။

ငှက်မကြီးလို့ ကိုယ်ထင်တာပဲ။ မနက်မိုးလင်းကတည်းက တံခါးဝမှာ စောင့်နေတယ်။ ခေါင်မိုးစွန်းမှာ နားပြီး အသံကုန် ခြစ် အော်နေတာပါ။ speaker corner များ ထင်နေသလား မသိ။ သူ့ရင်တွင်းခံစားချက်တွေ အကုန် ပေါက်ကွဲ၊ အော်ဟစ်။ ငါ့ကလေးတွေ ပြန်ပေး လို့ ကြောင်တွေကို အော်ဟစ် တောင်းဆိုလိုက်တယ်။

ကြောင်တွေကလဲ ခပ်တည်တည်ပဲ။ ပြန်ပေးစရာလဲ မရှိတော့။ ငှက်ကလေးတွေလဲ ဆော့တာ သေကုန်ပြီ။ ဒါနဲ့ မကြားချင်ယောာင် ဆောင်နေပုံပဲ။ ရုပ်တည်ကြီးနဲ့ အိုဘားမားဆိုရင် ငုတ်တုတ်ထိုင်နေတယ်။ အကြီးကောင်ကလဲ သူ မလုပ်သလိုလို။ အဖြူမကလဲ ငှက်ခေါင်းကလေး ငုံမိရုံပါဆိုတဲ့ အထာနဲ့။

ကိုယ်တို့ရဲ့ နောက်ဖေးထွက်တဲ့ အပေါက်ဝနားမှာ သူတို့ ကြောင်အိမ်ကလေးတွေ ရှိတာပါ။ အစာကျွေးရင်လဲ အဲဒီနောက်ဖေးပေါက်ကနေပဲ ထွက်ကျွေးတာ။ ငှက်ကလဲ အပီအပြင်ကို အပေါက်ဝမှာ လာစောင့်နေတာပါ။ လာစားရဲ စားကြည့်စမ်း၊ ထိုးသုတ်ပစ်မယ် လို့ ကြိမ်းဝါးနေပုံပါပဲ။ တကယ်လဲ လုပ်ရဲတဲ့ ငှက်မ ဆိုတာ ကြာတော့ ကိုယ်တို့လဲ သိလာရတယ်။

ငှက်က တကောင်တည်း၊ ကြောင်က ၄ကောင်။ ဒါပေမဲ့ ကြောင်လေးကောင်စလုံး စားကောင်းခြင်း မစားရ၊ ဆော့ကောင်းခြင်း မဆော့ရ။ အစာကျွေးချိန်ဆို စားမယ်ကြံရင် ကျောကုန်းကို ငှက်က ထိုးသုတ်လိုက်တယ်။ တခါ ငုံ့စားနေပြန်တော့ ကျောက အမွှေးတဆုပ် ငှက်လက်ကြားထဲ ပါသွားပြန်ပါရော။ ရေကလေး သောက်မယ်ကြံရင် နားရွက်ကို ဖြတ်သုတ် လိုက်လို့ နားစုတ်သွားပြန်ပါပေါ့။

အရင်ကလို ခြံထဲမှာ လှဲပြု ဘယ်နေနိုင်ပါတော့မလဲ။ ငှက်က မျက်စိထောက်ဒေါက် ကြည့်နေတော့တာကိုး။ ကြောင်ဆိုတာကလဲ လေးဖက်ထောက် သွားတဲ့ သတ္တ၀ါဆိုတော့ လမ်းလျှောက်နေတုန်း ငှက်ပျံလာတာကို မမြင်ရဘူးလေ။ ငှက်ကလဲ သူ့ကလေးတွေ သေထားတာဆိုတော့ မကျေနပ်နိုင်ဘူး။ သူသေ ကိုယ်သေ၊ ၄ကောင် တကောင်ချင်း ချမယ်လို့ ဆုံးဖြတ်ထားပုံရတယ်။

ကိုယ်တို့မှာတော့ “ငှက်ကလေးတွေ စိုးစီ စိုးစီ” လို့လဲ ကဗျာ မရွတ်နိုင်။ သံကုန်ခြစ် အော်နေတာ ဘယ်မှာ စိုးစီ ဖြစ်မှာတုန်း။ ငိုကြွေးနေတဲ့အသံဟာ လူစကား မဟုတ်တဲ့ ငှက်သံတောင် နားထောင်လို့ သာယာနာပျော်ဖွယ် မဖြစ်ဘူး။ သနားစရာ ကောင်းပါဘိ။

“တိရိစ္ဆာန်တွေဟာ အချိန်ကြာရှည် မမှတ်မိတတ်ဘူး၊ short term memory ပဲ ”ဆိုတာ ဘယ်မှာ မှန်လို့တုန်း။ ဒီငှက်က ကောက်ရိုးမီး ဟုတ်ပုံမရဘူး။ ကိုယ်တို့အိမ်မှာတော့ ကြောင် နဲ့ ငှက် စစ်ပွဲဟာ အခုဆို တပတ်ကျော် ကြာနေပြီ။ ကြောင်တွေကလဲ ဒီ ငှက်ကို အပြတ်ခုတ်လိုက်ဖို့ ကြံစည်နေတယ်၊ သစ်ပင်ပေါ်ကနေ လှမ်း ခုန်အုပ်တယ်၊ ကြောင်သာ ခြေကားယား လက်ကားယားနဲ့ မြေပေါ်ကျရတာ။ ငှက်ကတော့ ရွှတ်ကနဲ တချက်ခုန်ပျံသွားတယ်လေ။

ကြောင်တွေရဲ့ ကျောကို ပွတ်သပ်လိုက်ရင်လဲ အရင်လို မချောမွေ့တော့ဘူး။ ငှက်ကုတ်ရာ ဗလပွ နဲ့။ အမွှေးတွေလဲ တဆုပ် တဆုပ်နဲ့ နည်းတာ မဟုတ်။ လမ်းတောင် ဖြောင့်ဖြောင့် မလျှောက်ရဲ။ အစားတောင် ကောင်းကောင်း မစားရဲ။ ဘယ်အချိန်များ ငှက် လာကုတ်လေမလဲ တထိတ်ထိတ်နဲ့။ အိမ်ထဲမှာပဲ ပုန်းပြီး နေရတယ်။

မနေ့ကတော့ ကိုယ်လဲ ငါ့ကောင်တွေ ဘယ်လိုများ နေကြသလဲ လို့ ပြူတင်းပေါက်က လှမ်း အကဲခတ်လိုက်တာ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်လိုက်ရတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိုဘားမားက ပက်လက်ကြီးလန်ပြီး မြက်ခင်းပေါ် လှဲနေရတော့တာကိုး။ ကိုယ်လဲ မွေးကတည်းက ကြောင်တွေ မွေးလာပေါင်း များပြီ။ တခါမှ ကြောင်တွေ မအိပ်ဘဲ ပက်လက်ကြီး လန်နေတာ မတွေ့ဖူးဘူး။

အခုတော့ ကြောင်လဲ ကျောစုတ်ပါများတော့ ငှက်ကုတ်မှာစိုးလို့ ပက်လက်ကို လန်ပြီး မျက်လုံးပြူး ကြည့်နေရတဲ့ အဖြစ်ကို ရောက်ပါလေရော။ ဒါမှ ငှက်လာကုတ်ရင် လက်နဲ့ ခြောက်ရမှာကိုး။ အဲဒါကိုကြည့်ပြီး ကိုယ်လဲ ရီမိတော့တာပေါ့။

တကယ်တော့ ကြောင်နဲ့ ငှက်ဆိုရင် ဘယ်သူအားသာသလဲ မေးစရာ မလို၊ သူငယ်တန်း ကလေးတောင် သိပါရဲ့။ ပြီးတော့လဲ ကြောင်က လေးကောင်၊ ငှက်က တကောင်။ အင်အားချင်းကလဲ မမျှ။ ဒါပေမဲ့ ငှက်ကလေးရဲ့ ဇွဲနဲ့ တစိုက်မတ်မတ်လုပ်ရပ်က အင်အားကြီးပါတယ်ဆိုတဲ့ ကြောင်တောင် ကြောက်ပြီး ပက်လက်လန်ရတဲ့ ဘ၀ ရောက်ရတာကိုး။

ကိုယ်လဲ ပြူတင်းပေါက် ဘောင်ပေါ်မှာ မေးတင်ပြီး မရပ်မနား လူးလာခေါက်ပြန် ပျံရင်းကြံနေတဲ့ ငှက်ကလေးကို ကြည့်ရင်း တွေးမိတဲ့ အတွေးတစကို စာရေးပြီး မှတ်တမ်းတင်လိုက်မိပါတော့တယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

နောင်လာမဲ့ အနှစ် နှစ်ဆယ်

စာအရေးကောင်းတဲ့ ရွာသားလေးက နောင်လာမဲ့ အနှစ် နှစ်ဆယ် တဲ့။ ရေးပေးဖို့ Tag လာတယ်။

နောက်တမိနစ်၊ နောက် တနာရီ၊ နောက်တနေ့တောင် လူ့လောကမှာ ကိုယ်ရှိမယ် မရှိမယ် မသေချာတာချည်းကို နောင်နှစ်ပေါင်း နှစ်ဆယ်ထိ အတွေးကို ဆန့်ထုတ်ရမယ် ဆိုတော့ ဒီရွာသား တဆိတ်တော့ လွန်ပြီ ထင်ပါရဲ့။ ဒါပေမဲ့လဲ ကိုယ်က စိတ်ကူးယဉ်သမား ဆိုတော့ ဟိုဒီသွားနေတဲ့ စိတ်ကူးတွေနောက် ကောက်ကောက်ပါအောင် လိုက်မိပါတယ်။

တွေးမိတော့လဲ တမျိုးတည်း မဟုတ်၊ နှစ်မျိုးလောက် တွေးမိတယ်။ ဗိုလ်ချုပ်ပြောသလို အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်လဲ ပြင်ဆင်ထားရမှာဆိုတော့ တွေးမိတဲ့အတိုင်း ရေးလိုက်ပါတယ်။ နေရာကတော့ ကိုယ်ချစ်တဲ့ မြေမှာပေါ့။

နောင်လာမဲ့ အနှစ် နှစ်ဆယ် (၁)

မနက်စောစောစီးစီး လမ်းလျှောက်က ပြန်လာတော့ သတင်းစာတစောင် တကျပ်နဲ့ ၀ယ်ခဲ့တယ်။ အိမ်ရှေ့မှာ ကော်ဖီလေးတခွက် သောက်ရင်း သတင်းစာဖတ်နေမိတာ။ ရှေ့ဆုံး စာမျက်နှာကို စိတ်အ၀င်စားဆုံးမို့ ခေါင်းကြီးတွေ အရင် လိုက်ဖတ်နေမိတယ်။

လေးနှစ်တကြိမ် လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီ အနိုင်ရတာ ၅ ကြိမ် ဆက်တိုက် ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလောကက အနားယူတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ခဲ့တယ်။ တပြည်လုံး ပွက်ပွက်ညံသွားတာပေါ့။ သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချလိုက်ကြတာ အခုထိ ဒီအကြောင်းကို ဝေဖန်သုံးသပ်လို့ မပြီးသေးဘူး။

ဒါပေမဲ့ နေ့မအား ညမအား သူတိုင်းပြည်အတွက် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံးလုံး ပင်ပန်းခဲ့ ကြိုးစားလုပ်ခဲ့တာတွေကို ကျေးဇူးတင် ကျေနပ်ပြီး သူ့ကိုယ်ပိုင်အချိန်လေး မပေးသင့်ဘူးလား။ သူချစ်တဲ့ မြန်မာပြည်ကြီးအတွက် သူ ၀ါသနာပါတဲ့ စာရေးစာဖတ်နဲ့သာ အေးအေးချမ်းချမ်း နေတော့မယ် တဲ့။ လူငယ်တွေနဲ့ စာအုပ်စာပေအကြောင်း ဆွေးနွေးပွဲလေးတွေ ရံဖန်ရံခါ လုပ်ပြီး ဘ၀ကို ရိုးရိုးသာ ဖြတ်သန်းတော့မယ် တဲ့။

ပြန်လည်ထူထောင်ရေးကာလတွေမှာ တို့ပြည်သူပြည်သားတွေ စိတ်ရော လူပါ တက်ညီ လက်ညီ ပြုပြင် ကြိုးစားကြလို့ အခုအချိန်မှာ အတော်အတန် တည်ငြိမ်လာခဲ့ရတာပါ။ ကြည့်ပါလား။ သတင်းစာထဲက လူတွေရဲ့ မျက်နှာမှာ ယောက်ယက်ခတ် ပူလောင်တာမျိုး မရှိ၊ အေးအေးချမ်းချမ်း ပြုံးပြုံးရွှင်ရွှင်နဲ့။ ကိုယ်တကယ် စိတ်ပါလို့ ပြုံးတဲ့ အပြုံးချိုချိုတွေနဲ့။

တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက နံပါတ် ၁ ဆိုတဲ့အတိုင်း တက္ကသိုလ်ကျောင်းကြီးတွေ လဲ အဆင့်တန်းမီမီ ဖွင့်နိုင်ပြီ။ ပညာသင်စားရိတ်ကို အခမဲ့ နီးပါး ဈေးချိုချို နဲ့ သင်ကြားနိုင်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ ပညာသင်ခဲ့ကြတဲ့ မြန်မာ ပညာရှင်တွေ အကုန်လုံး ကိုယ့်ပြည်ကို ပြန်လာပြီး စေတနာအပြည့်နဲ့ စာသင်ကြတာလေ။

ဧရာဝတီတိုင်း မုန်တိုင်းသင့်ဒေသတွေကိုလည်း ပြည်တွင်း ပြည်ပ အကူအညီနဲ့ ကျောင်းတွေဆောက်၊ လမ်းတွေပြင်ကြ။ မြန်မာပြည်ရဲ့ ထမင်းအိုးကြီး ထမင်း ပြန်ချက်နေပြီ။ နာဂစ်က မိဘမဲ့ကလေးတွေတောင် အခမဲ့ တက္ကသိုလ်ကြီး မှာ ဘွဲ့လွန် တက်နေကြပြီဲ။

အခုဆို ဆေးရုံတွေမှာ ဆေးတွေ လုံလုံလောက်လောက်၊ ကုတင်နေရာ လုံလုံလောက်လောက် အသုံးပြုနိုင်ပြီတဲ့။ လူတိုင်းလူတိုင်း ကျန်းမာရေးနဲ့ ပတ်သတ်ရင် အာမခံ ရှိတဲ့ ယူကေက ကျန်းမာရေးစနစ်ကို အတုယူပြီး တဆင့်ပြီး တဆင့် ပုံဖော် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားသေးတယ်။

ကိုယ်အရင်က သွားသွားနေခဲ့ရတဲ့ စာပေစိစစ်ရေးရုံးကြီးကို စာပေကင်ပေတိုင်ရုံးဆိုပြီး ပြတိုက် လုပ်လိုက်သတဲ့။ စာပေမလွတ်လပ်ခဲ့ရတဲ့ ကန္တာရနှစ်တွေကို အမှတ်ရပြီး ကိုယ်ရနေတဲ့ စာပေလွတ်လပ်ခွင့်ကို တန်ဖိုးထား လေးစားအောင်လို့ တဲ့။ အခုတော့ စာပေစိစစ်ရေး မရှိတော့လို့ လူတိုင်း လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ရေးသားဖော်ထုတ် နိုင်ကြတယ်လေ။ ပန်းတိုင်းပွင့်ကြပြီပေါ့။

လမ်းထောင့်တိုင်းမှာလဲ စာအုပ်ဆိုင်လေးတွေနဲ့လေ။ အင်တာနက် ကဖေးလေးတွေ ရှိပေမဲ့ လူတိုင်းအိမ်တိုင်းစေ့ အင်တာနက် ရှိနေပြီဆိုတော့ အပန်းဖြေချင်သူ၊ စကားပြောချင်သူ၊ ကော်ဖီသပ်သပ် သောက်ချင်သူများသာ ရှိနေတယ်။ မြို့နယ်တိုင်းမှာလဲ စာကြည့်တိုက်လေးတွေ ရှိသေးတယ်။ စာအုပ်အဟောင်းလေးတွေကို သပ်သပ်ရပ်ရပ် စနစ်တကျ ငှားဖတ်နိုင်ပါတယ်။ သမိုင်းအချက်အလက်ကို စာအနေနဲ့ရော၊ ရုပ်သံအနေနဲ့ရော ရှာလို့ရသေးတာ။

နောင်လာမဲ့ အနှစ် နှစ်ဆယ် (၂)

ရန်ကုန်တမြို့လုံး ဖုံလုံးကြီး ထ နေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထောက်လှမ်းရေးတွေ စွမ်းအားရှင်တွေရဲ့ ဆိုင်ကယ်တွေကထွက်တဲ့ ညစ်ညမ်းလေထု ကြောင့်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ် လူပင်လယ်ကြီးရဲ့ မျက်နှာအားလုံးက တကယ်တော့ အတူတူပဲ။ အားလုံး တမျက်နှာတည်း။

မျှော်လင့်ချက်မဲ့ စိတ်ပျက် ၀မ်းဟာ ဒေါသထွက်။ လူတွေရဲ့ မျက်လုံးတွေက မွဲ၊ ပါးစပ်တွေ ပိတ်၊ ဆံပင် နီကြောင်လန် နဲ့။ ဒီနေ့ ရုံးမှာ မလောက်ငတဲ့ မိသားစု ၀မ်းရေးအတွက် အေးဓမြ တိုက်ခဲ့တဲ့ ငွေလေးကို ခါးပိုက်နှိုက်မှာစိုးလို့ တစမ်းတည်း စမ်းနေရတယ်။ ဘေးကကောင်ကိုလဲ မယုံရ၊ အားလုံးမှာ သံသယ အကြည့်တွေနဲ့။

တိုင်းပြည်မှာ လူငယ်ဆိုတာလဲ ကုန်ပြီ။ တနေ့တနေ့ ပတ်စ်ပို့ရုံးမှာ အလှူပေးနေသလား အောက်မေ့ရအောင် ပြည်ပထွက်ဖို့ တိုးဝှေ့နေကြတယ်။ ဘယ်လိုနည်းနဲ့ ထွက်ရ ထွက်ရ၊ တောင်းသမျှကို ခြစ်ခြစ်ချုပ်ချုပ်ပေမဲ့ မျက်စိမှိတ် ပေးပစ်လိုက်ကြတယ်။ ကျောင်းတွေကလဲ ပိတ်ထားတော့ ပညာရေး မလောက်မငနဲ့မို့ ပြည်ပမှာလဲ ရရာအလုပ် လုပ်ရအုံးမယ်။ ကူလီမျိုးဟေ့ တို့ဗမာ ဆိုသလိုပေါ့။

လမ်းထောင့်တိုင်းမှာလဲ အနှိပ်ခန်းတွေ မှိုလိုပေါက်နေတယ်။ ဟိုး ဆိုင်းဘုတ်ဒ် အကြီးကြီးပေါ်က မြှူဆွယ်နေတဲ့ အနှိပ်ခန်းကြော်ငြာတဲ့ ကလေးမဟာ အ၀တ် ဆင်းရဲလွန်းတယ်။ တမြို့လုံး အဲဒီလို ဆိုင်းဘုတ်ဒ်တွေနဲ့ ပြည့်နေတယ်။

လက်ဖက်ရည်ဆိုင်တွေအစား ဘီယာဆိုင်တွေ ညော်နံ့တလူလူနဲ့။ လောင်းကစား ဒိုင်ကြီးတွေဆိုတာ ခမ်းနားပါပေ့။ သူ့ဒိုင်မှာ လာလောင်းရင် စကဒ်တိုတိုနဲ့ ကောင်မလေးက ဘီယာတလုံး အလကား တိုက်သေးတယ်။

ချဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘော်လုံးပွဲ ကြိုက်တာလောင်းလို့ရတယ်။ မနက်ဖန် မိုးရွာမလား မရွာဘူးလားဆိုတာတောင် လောင်းလို့ရသေး။ ဒိုင်တွေက အကောင်ကြီးကြီးတွေရဲ့ သားတွေ ဖွင့်ထားတာမို့ ဖမ်းမှာ မပူရဘူး။ တရားဝင် လိုင်စင်ချထားတာလေ။

မနက်က ဈေးသွားတော့ ကန်စွန်းရွက်တစည်း တသောင်းဆိုလို့ မဆိုးဘူးဆိုပြီး ကိုင်ကြည့်တာ နွမ်းဖတ်နေပါရောလား။ ပိုက်ဆံကလဲ ထောင်တန်က အနိမ့်ဆုံး အရွက်ပဲ။ ငါးထောင်တန် တသောင်းတန် ကိုင်သုံးနေရပြီ။ သိန်းချီကိုင်မှ တနေ့ဈေးဖိုး ရမယ်။ တက်စီတခါ စီးလိုက်တာ ဟိုနား ဒီနား ၃သိန်း ဆိုပဲ။ ဘတ်စ်ကားခက ငါးသောင်းဆိုတော့ လူတွေ လှိမ့်တိုးနေတာပေါ့။

ဈေးတွေက ရော့ကက်လို တက်သလို ထောင်ဒဏ်တွေလဲ သူနဲ့အတူ လိုက်တက်တယ်။ ဒီမနက် သတင်းစာထဲမှာ နိုင်ငံတော်ကို အကြည်အညိုပျက်အောင် လုပ်မှုဆိုပြီး နဂါးနီ သီချင်းဖွင့်တဲ့လူကို ထောင်ချလိုက်တာ ၁၀၅ နှစ်တဲ့။ ဒါ ဘာဟုတ်သေးလို့လဲ။

၈လေးလုံး အနှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့တုန်းက အကျီ င်္အနက် ၀တ်လာမိတဲ့ အဒေါ်ကြီး တယောက်ကို စွမ်းအားရှင်တွေ ၀ိုင်းရိုက်လိုက်တာ မျော့မျော့ပဲ ကျန်သတဲ့။ သူ့မိသားစုပါ အကုန် ထောင်ချလိုက်တာ နှစ် ၁၃၀ စီတဲ့။ ထောင်တွေလဲ တိုးချဲ့ဆောက်လိုက်ကြတာ ရန်ကုန်တက္ကသိုလ်ရဲ့ တကသ အဆောက်အဦတောင် ထောင်လုပ်ထားရတယ်လေ။

လက်နက်တွေ ဗြောင် ရောင်းဝယ်လုပ်နေတဲ့ လူကြီးလဲ အခု ဘိန်းစက်ရုံပါ ရွှေပြည်သာ မှာ ထောင်လိုက်ပြီ။ မိန်းကလေးချည်းသာ အလုပ်ခန့်မည်လို့ ကြော်ငြာတာလဲ တွေ့လိုက်တယ်။ မန္တလေးနဲ့ တောင်ကြီးတွေမှာပါ စက်ရုံခွဲထောင်မယ် ဆိုပဲ။ စက်ရုံထောင်ခါစက ယူအန် နဲ့ ပြည်ပနိုင်ငံတွေက ကန့်ကွက်ကြောင်း ကြေငြာချက်တွေ ရေဒီယိုမှာ ကြားလိုက်သေးတယ်။

ဟိုတလောကတော့ အနှစ် လေးဆယ်ကျော် အုပ်ချုပ်လာတဲ့ အဖိုးကြီးလဲ အစားများလို့ ဗိုက်ပေါက်ထွက် သေသွားပြီ။ အစိုးရရုံးတိုင်း အလံ တိုင်တ၀က်မဟုတ်ဘဲ အောက်ထိ ချရမယ် ဆိုလို့ မြန်မာပြည်အလံတွေ မြေပေါ်ပုံနေတာ တွေ့ခဲ့ရသေးတယ်။

ဒါပေမဲ့ ဘာမှတော့ ထူးမသွားပါဘူးလေ။ လှုပ်ရှားတက်ကြွသူတွေကို ထောင်တွေချဲ့ပြီး ထည့်ထားတာ အပြင်မှာ လူမှ မကျန်ဘဲ။ တိုင်းပြည် အုပ်ချုပ်ဖို့ အဖိုးကြီး မြေးက ချက်ချင်းပဲ အာဏာလွှဲယူလိုက်တယ်။ ဆွေစဉ်မျိုးဆက် ဘုရင်တွေလို့ ဆိုတာကိုး။ သူတက်ပြီး နောက်တနေ့မှာပဲ သတင်းစာမှာ အမိန့်ကြေငြာချက် ပါလာတယ်။ သူတို့နဲ့စကားပြောရင် ဘုရား ထူးရမယ် ဆိုပဲလေ။

ကဲ ကိုယ်တွေးမိတဲ့ နောင်လာမဲ့ အနှစ် နှစ်ဆယ်တော့ ဗားရှင်း နှစ်မျိုး နဲ့ ရေးပြီးပါပြီ။ ပထမအပိုင်းကို မျှော်လင့်သူများအတွက်တော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့ ဘယ်သူမပြု မိမိမှု လို့ ဆိုရမည်သာ။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ကျောင်းဖွင့်ချိန် အတွေး

ဇွန်လဆို ကျောင်းဖွင့်ချိန် ရောက်ပြီ။ စိန်ပန်းနီနီတွေလဲ တပင်လုံး ရဲရဲတောက် ပွင့်နေကြပြီ။

ကိုယ်တို့ငယ်ငယ်က ကျောင်းသွားတဲ့ လမ်းကလေးမှာ စိန်ပန်းပွင့်တွေ ကြွေလို့။ မိုးတွေက စွေလို့။ ထီးလေးတွေဆောင်းပြီး အဖြူနဲ့ အစိမ်း ကျောင်းစိမ်းအကျီ င်္လေးတွေဝတ်၊ လွယ်အိတ်လေး လွယ်လို့ ကျောင်းကို သွားရတာ သတိရနေတယ်။

ကိုယ် လေးတန်းရောက်တော့ တီတီစီကနေ စိန့်သြဂတ်စတင်း ကျောင်းကို အဖေတို့ အမေတို့က အမတွေနဲ့ ကျောင်းတူအောင် ပြောင်းလိုက်တယ်။ ကျောင်းက အိမ်နဲ့ နီးနေတော့ လမ်းလျှောက်သွားကြရတာ။ ကျောင်းကို ရောက်ဖို့ ယူတီစီ စစ်တပ်ဝင်းကို ဖြတ်သွားကြရတယ်။ အိမ်ကနေ လမ်းလေးကူး၊ စစ်တပ်ထဲက ဖြတ်၊ ကျောင်းကို ရောက်တယ်။ ကိုယ်တို့ မောင်နှမ နှစ်ယောက်ရယ်၊ ကျောင်းသွား ကျောင်းပြန် အတူတူ သွားတဲ့ သူငယ်ချင်း နှစ်ယောက်ရယ်ပေါ့။

ကိုယ့်မှာ ကျူရှင်က သူငယ်ချင်း၊ ကျောင်းမှာတူတူထိုင်တဲ့ သူငယ်ချင်းလို့ အမျိုးမျိုး ရှိပေမဲ့ ဒီသူငယ်ချင်း နှစ်ယောက်ကတော့ ကျောင်းသွားဖော် သူငယ်ချင်းလို့ ပြောရမယ် ထင်ပါရဲ့။ ကျောင်းမှာတော့ အတန်းချင်း မတူလို့ အတူတူ မထိုင်ရပေမဲ့ ကျောင်းဆင်းတာနဲ့ အိမ်အတူတူပြန်၊ ကျောင်းတက်ဖို့လဲ ကျောင်းကို အတူတူလာတဲ့ သူငယ်ချင်း နှစ်ယောက်ပေါ့။ ခင်မာလာအောင် တဲ့၊ နောက်တယောက်က သန္တာယု တဲ့။

မာလာက ပိန်ပိန်ပါးပါး အသား ဖြူဖြူ ရုပ်ချောချော။ ထမိန်ကို ခပ်ရှည်ရှည် ၀တ်တတ်တယ်။ သန္တာယုကတော့ လွယ်အိတ်ကို အမြဲ စလွယ်သိုင်းလို့။ ယောကျာင်္းလေး ဆန်တယ်။ ဒိုင်ယာနာ ဆံပင်ပုံစံနဲ့။ မဟုတ်မခံ ဇတ်ဇတ်ကြဲ စတိုင်။ မာလာနဲ့ ကိုယ်က သီချင်းဆိုရတာ ၀ါသနာပါလို့ လမ်းတလျှောက် သီချင်းတိုးတိုး အတူတူဆိုရင် သန္တာယုက ဘယ်တော့မှ မပါဘူး။ စကားနည်းနည်း ခပ်အေးအေးပဲ ဘေးကလိုက်တတ်တယ်။

ကျောင်းလွှတ်ချိန်ဆို လူတွေက အများကြီး။ စစ်တပ်ထဲက ဖြတ်သွားကြတဲ့ သူတွေလဲ တပုံကြီး။ ကိုယ့်အုပ်စုလေးတွေနဲ့ကိုယ် အိမ်ပြန်ကြရတာ။ စကားတပြောပြော၊ သူငယ်ချင်းတွေ အကြောင်း၊ ဆရာမတွေအကြောင်း၊ ကျောင်းသင်ခန်းစာတွေ အကြောင်းပေါ့။ အရိုက်ကြမ်းတဲ့ ဆရာ၊ ဆရာမတွေအကြောင်းတော့ အပြောဆုံးပေါ့။

ကျောင်းသွားတဲ့ လမ်းကလေးကလဲ သာယာတယ်။ ယူကလစ်ပင်မြင့်မြင့်တွေက တက္ကသိုလ် ဘောလုံးကွင်းတွေဖက်က တိုက်လာတဲ့ လေတွေကို ဆီးကာပေးထားတယ်။ ယူကလစ်ရွက်တွေကို လေတိုးသံ တရွှီးရွှီးနဲ့။ နွယ်ပင်လို တိုက်ပန်းပွင့် အဆုပ်ဆုပ်တွေကလဲ လေယူရာ ယိမ်းလို့။

ကိုယ်တို့ ကျောင်းသွား ကျောင်းပြန် ဖြတ်သွားရတဲ့ စစ်တပ်ဆိုတာကလဲ ဘာမှ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မဟုတ်ပါဘူး။ မရွှင်တဲ့ မျက်လုံးနဲ့ စစ်သားပိန်ပိန်လေး တယောက် ကင်းတဲလေးမှာ စောင့်လို့။ ကားအ၀င်အထွက် စစ်တဲ့ ဂိတ်တားကြီး ဘေးမှာ ဒီလိုပဲ ထိုင်နေတာပါပဲ။ ကားအ၀င်အထွက်လဲ တွေ့တာ ရှားပါတယ်။

တက္ကသိုလ်ကျောင်းသားတွေကို လေ့ကျင့်ပေးတဲ့ တပ်မို့လို့လား မသိ။ ဘယ် ညာ၊ ဘယ် ညာ ဆိုတဲ့ လေ့ကျင့်သံကို တနှစ်လုံးနေမှ ၂ခါလောက် တွေ့ဖူးတာပါ။ ကြည့်လိုက်ရင် စစ်သား မိသားစုတွေ ကလေးတွေ တို့လို့တွဲလောင်းချီလို့သာ တွေ့ရတတ်တယ်။ ကလေးလေးတွေကလဲ သနပ်ခါးဘဲကြားလေးတွေနဲ့ ခါးထစ်ခွင်ထဲကနေ ကိုယ်တို့ ကျောင်းသူ ကျောင်းသားတွေကို ငေးနေတတ်တယ်။

သူတို့ ဇနီးမယားတွေကိုတော့ ကျောင်းရှေ့က တပ်ဝင်းထဲမှာ အအေး ရောင်းလို့တမျိုး ပြောင်းဖူးရောင်းလို့ တဖုံ တွေ့ရတတ်သေးတယ်။ တပ်တွင်းမှာ ကြက်တွေ ၀က်တွေလဲ မွေးပါသေးတယ်။ တခါတလေ ၀က်တွေ ပြေးလာလို့ ရှောင်ရ ရှားရတာမျိုး ကြုံဖူးတယ်။

အများအားဖြင့် ရိုးရိုးသားသားနေကြ၊ လခနဲ့ မလောက်ငလို့ ကိုယ့်ဝမ်းကိုယ့်ကျောင်း မွေးမြူရေး လုပ်ကြနဲ့ နေပုံပါပဲ။ ဘာမှလဲ ကိန်းခမ်း မရှိတာမို့ ကိုယ်တို့ ကလေးတွေ အဖို့မှာ စစ်တပ်ကို ကြောက်စရာရယ်လို့ မမြင်။ ဘာသိဘာသာ အေးအေးချမ်းချမ်းပဲ သွားလာနေခဲ့တာပါ။ ဒါက အခြေခံလူတန်းစား စစ်တပ်လေးမို့ ဖြစ်မှာပေါ့။

ကိုယ်တို့ ကြီးပြင်းလာတော့ သူငယ်ချင်းတွေလဲ တကွဲတပြားစီ ဖြစ်ကုန်ကြပြီ။ သူတို့လဲ ဘွဲ့တွေရ၊ အိမ်ထောင်တွေကျ ကုန်ပြီထင်ပါရဲ့။ ကိုယ်တို့လဲ ဆယ်တန်းပြီးလို့ အိမ်ပြောင်းလာကတည်းက ကျောင်းသွားဖော် သူငယ်ချင်းလေးတွေနဲ့ ဝေးသွားတာ ခုထိပဲ။ တခါမှကို ပြန်မတွေ့တော့ဘူး။

ကိုယ်အိမ်ထောင်ကျအပြီး တခါလှည်းတန်းဈေးမှာ ကိုယ်တို့နှစ်ယောက် လမ်းလျှောက်လာတုန်း သန္တာယု အကို ကိုကျော်မင်းယု နဲ့ တွေ့တယ်။ ကိုယ့်အမျိုးသားနဲ့ သူကလဲ ကျောင်းနေဖက် သူငယ်ချင်းတွေ တဲ့။ သူတို့ ဖက်လှဲတကင်း နှုတ်ဆက်ကြတော့ ကိုယ့်သူငယ်ချင်းလေးကို မေးမိသေးတယ်။

အချိန်တွေကြာချင် ကြာပေမဲ့ ဘယ်မေ့နိုင်ပါ့မလဲ။ မတရားအဖမ်းခံရတဲ့သူတွေလဲ ခုထိ မလွတ်သေးဘူး။ မိသားစုတွေ တကွဲတပြား။ ကျောင်းသားတွေနဲ့ ကျောင်းနဲ့က တနေရာစီ။ ကျောင်းတွေလဲ မြို့ပြင်ရောက်။ ငယ်ဘ၀တွေမှာ စစ်တပ်ထဲက ဖြတ်ပြီး နေ့စဉ်နေ့တိုင်း ကျောင်းသွားခဲ့ရကြတဲ့ ကျောင်းသူ ကျောင်းသားတွေက အခုတော့ စစ်ခေါင်းဆောင်တွေရဲ့ ထောင်သွင်း အကျဉ်းချခံနေရတယ်။ နောက်ထပ်လဲ မတရားအမှုတွေဆင်ဖို့ တပြင်ပြင်လုပ်နေတယ်။

ရန်ကုန်မှာ ရှိတုန်း ကိုယ်တို့ ကျောင်းလေးနား ဖြတ်သွားစဉ်က ကျောင်းသွားနေကျ လမ်းကလေးဘေး စစ်တပ်ကလေးကတော့ ဒုံရင်း ဒုံရင်းပါပဲ။ ဘာမှလဲ တိုးတက် မဖွံ့ဖြိုးလာ၊ ကြက်တွေ ၀က်တွေ မွေးပြီး ကျားကန်နေရဆဲပါပဲ။ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေကတော့ ပြည့်သူ ဘဏ္ဍာတွေနဲ့ အကြွယ်ဝကြီး ကြွယ်ဝပြီး အာဏာရူးတုန်း စစ်သွေးဆာတုန်းပါပဲ။

သန္တာယု အကို ကိုကျော်မင်းယု (ကိုဂျင်မီ)က ၆၅ နှစ်၊ သူ့အမျိုးသမီး မနီလာသိန်းက ၆၅နှစ်။ အဖေရော အမေရော ထောင်ထဲမှာဆိုတော့ အိမ်မှာကျန်နေတဲ့ လသားအရွယ် သမီးငယ်လေးကို ကလေး မိဘအစား ကိုယ့်သူငယ်ချင်း အဒေါ်လုပ်သူက ကမ္ဘာမကြေ သီချင်းဆိုပြီး သိပ်နေရလေသလား။

ဘာရယ် မဟုတ်ပါဘူး။ ကျောင်းဖွင့်ချိန်ရောက်လို့ ကျောင်းသွားဖော် သူငယ်ချင်းလေးတွေကို သတိရမိတာလေးတွေပါ။
မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ထာဝစဉ်

အခုတလော ဘလော့မရေးနိုင်တာ ကြာပါပြီ။ မရေးနိုင်တဲ့ အကြောင်းကတော့ ကိုယ်ရေးတာထက် သူများရေးတာတွေချည်း စိတ်ဝင်တစား လိုက်ဖတ်နေမိလို့ပါ။ စိတ်မရွှင်တာလဲ ပါတာပေါ့။ တနေ့တနေ့ သတင်းတွေကို ၀င်းဒိုးတွေ အများကြီး ဖွင့်ပြီး ဖတ်နေတာ။

ဒီနေ့မနက်မှာတော့ မမအယ်ဇီ က အဖေ့ရဲ့ ထာဝစဉ် ကဗျာလေး ပြန်တင်ပေးပါ လို့ ပြောလာတာမို့ မဖတ်ဖြစ်တဲ့သူများ ဖတ်ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ ဒီဘလော့ကို စလုပ်တာ မနှစ်က ဇူလိုင်လ ၂၆ရက်။ မလုပ်တတ် လုပ်တတ်နဲ့ စလုပ်မယ်ဆိုတော့ ဘလော့ကို ကူညီလုပ်ပေးတဲ့ မသဒ္ဓါ က အစမ်း တပုဒ်လောက် ရေးပြီး ပို့စ် တင်ကြည့်ပါလား တဲ့။

ချက်ချင်းဆိုတော့ ဘာရေးရမှန်းလဲ မသိ၊ ဒါနဲ့ ကိုယ့်စိတ်ထဲမှာ အမြဲစွဲနေပြီး အလွတ်ရနေတဲ့ ဒီကဗျာလေးကို ချရေးပြီး ပထမဆုံးပို့စ် အဖြစ် ဒီဘလော့ကို စ ဖွင့်ခဲ့တာပါ။ ကဗျာနံမည်က ထာဝစဉ် တဲ့။

ဒီကဗျာလေးကို အဖေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးခဲ့တာပါ။ မတရားအကျဉ်းကျခံနေရတဲ့ ဒေါ်စုကို အပြင်မှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း သူလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေတာကို တွေ့ချင် မြင်ချင်စိတ် အင်မတန်ပေါက်တယ် တဲ့။

ဒါပေမဲ့ ကဗျာဆရာက သူစိတ်ဖြေလိုက်ပါတယ် တဲ့၊ မမြင်ရလည်း ကိစ္စမရှိပါဘူး၊ မတွေ့ရလဲ ကိစ္စမရှိပါဘူး၊ သူ့ကို သတိရလွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ် တဲ့။ ကဗျာလေးကို အောက်မှာ ပြန်ဖော်ပြထားပါတယ်။ ဖတ်ကြည့်ပါအုံးရှင်။

ထာဝစဉ်

မမြင်ရလည်း
သင်က ရဲဘော်ပင်။

မကြားရလည်း
အနားက ရဲဘော်ဟာ သင်။

မတွေ့ရလည်း
မနေ့က အတိုင်းပင်။

နေ့ရက်ကြာလည်း
သစ္စာမပျက်၊ အောက်မေ့လျက်နှင့်
တသက်သက်ပ ၊ လွမ်းဆွတ် တ ကာ
ဘ၀ကို မြှုပ်၊ အလုပ်လုပ်သည်
ဝိမုတ္ထိလမ်း
ထာဝစဉ် ။ ။

တင်မိုး

အဖေ ဒီကဗျာလေးကို အဲဒီတုန်းက နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်သွားပေးခဲ့ပါတယ်။ အဖေနဲ့အတူ ကိုယ့်အမ မနှင်းနဲ့ ကိုယ်ပါ လိုက်သွားခဲ့တာမို့ ပန်းချီကားနဲ့ တွဲရက် ဒီကဗျာလေး ဖတ်ပြီး သူ ပြုံးနေခဲ့တာ ခုထိ မှတ်မိနေပါတယ်။

အခုအချိန်ထိ “မမြင်ရလည်း သင်က ရဲဘော်ပင်” လို့ ဆိုနေရတုန်းကိုတော့ တကယ်ပဲ ၀မ်းနည်းနေမိပါတယ်။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

တရား နှင့် ဓား

အခုတလော စိတ်ထဲမှာ တော်တော် စိတ်မကောင်းဖြစ်နေတာပါ။ ကိုယ့်ဘလော့မှာ ခေါင်းစည်းတင်ထားတဲ့ “တရားနှင့်ဓား၊ အားနှစ်အားတွင်၊ တရားကိုချစ်၊ ဓားကိုပစ်အံ့၊ စစ်ကို ငါတို့ မုန်းပါသည်” ဆိုတဲ့စာသားကို တော်တော်ဘ၀င်မကျ၊ သံသယ ဖြစ်နေမိတာပါ။

တရား နိုင်ဖို့အတွက် ဓားကိုတော့ ပစ်လို့ မရဘူးထင်တယ်လို့ မိတ်ဆွေတယောက်က ပြောဖူးတာကိုလည်း သတိရနေတယ်။ ဒါကြောင့် စိတ်လဲ မရွှင်တာမို့ စာရေးဖို့ အတော်တွန့်ဆုတ်နေမိပါတယ်။

ဒါနဲ့ အဖေ့ ကဗျာလေးတွေ ဟိုဟိုဒီဒီ လျှောက်ဖတ်ရင်း ဒီကဗျာတပုဒ်ကို ဂျပန်က မိုးသောက်ကြယ် ဘလော့မှာ ပြန်ဖတ်ဖြစ်ပါတယ်။ အဖေ့လက်ရေးမူနဲ့ တင်ထားတာပါ။ စိတ်အတော်နူးညံ့ပြီး ငြိမ်းငြိမ်းချမ်းချမ်းသာ နေချင်တဲ့ ကဗျာဆရာကို ဘယ်လို အဖြစ်အပျက်တွေက ဒီလိုကဗျာမျိုး ရေးဖို့ တွန်းအားပေးလိုက်သလဲ လို့ စဉ်းစားမိတာ အကြာကြီး။

ရင်ထဲက ခံစားရလွန်းတဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဒီကဗျာနဲ့ ဖွင့်ထုတ်လိုက်ပုံရပါတယ်။ အခုလဲ ကိုယ့်စိတ်ထဲ မွန်းကြပ်နေတာမို့ ဒီကဗျာလေးကို ကိုယ့်မှတ်တမ်းမှာ ပြန်တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

တော်လှန်ရေး တပ်သား

ကျုပ်တို့လိုချင်တာက
ဗုန်းတွေဗျ ဗုန်းတွေ
စကားလုံးတွေ မဟုတ်ဘူး။

အတွေဝေဆန်တဲ့
အစေခံတွေ မလိုချင်ဘူး။

အခြေမှန် အနေမှန်
အဖြေမှန်နဲ့
မတွေဝေတဲ့ ဥာဏ်နဲ့
ပြတ်သားတဲ့ အသေခံတပ်သားတွေကို လိုချင်တယ်။

အချိန်ဆွဲဖို့
ထမိန်လဲနေတဲ့
လူလိမ်ငနဲတွေကို
ခပ်မိုက်မိုက်နဲ့ အပြတ်တိုက်မှ ဖြစ်မယ်။

ကျုပ်ကတော့
အပေါ်ယံ ဖြတ်စားလပ်စား မကြိုက်တဲ့
တော်လှန်ရေး တပ်သားမိုက်ပဲ။

စကားမရှုပ် မတရား မလုပ်ပေမဲ့
ဓားကိုတော့ ဆုပ်ထားရဦးမှာပဲဗျ။ ။

တင်မိုး
၂၃၊ ၈၊ ၂၀၀၁

အဖေ ချစ်တဲ့ တော်လှန်ရေး တပ်သားတွေကို ကိုယ်လဲ ချစ်ခင်နေမိပါတယ်။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...