အခုတလော စာမရေးဖြစ်ဘူး။ အလုပ်များနေတာလဲ ပါတယ်။ စိတ်မကြည်လင်တာလဲ ပါမယ်။ စိတ်မကြည်ရင် စာမရေးချင်ဘူး။ ဒါနဲ့ ဘလော့ဂ်လေးတွေ လျှောက်လည် ပြီးတာနဲ့ စာမရေးဘဲ စောင်လေးခြုံပြီး အိပ်တာပဲ။ အိပ်လို့ကောင်းလိုက်တာလဲ အရမ်းပဲ။
တကယ်တော့ စိတ်ညစ်စရာက ဘာမှ မယ်မယ်ရရ ရှိတာလဲ မဟုတ်ပါဘူး။ စိတ်လေနေတယ် ဆိုပါတော့။ ဒါနဲ့ ဟိုနားလျှောက်၊ ဒီနားလျှောက်နဲ့ grocery store တခုကို ၀င်ပြီး ကြည့်မိတယ်။ လူတွေက ၀ယ်လိုက်ကြတာ တိုးတိုးကြိတ်ကြိတ်။ discount ချတဲ့ ဈေးနှုန်း အနီကဒ်လေးတွေကလဲ နေရာ အနှံ့အပြားပဲ။
ဒါနဲ့ လျှောက်ကြည့်မိတော့ အရင်က ၆ကျပ် ၇ကျပ်တန် ပန်းကန်လုံးလေးတွေက ၃၇ ပြား တဲ့။ ၈၉ ပြား တဲ့။ အဲဒါနဲ့ ဟုတ်မှ ဟုတ်ရဲ့လားလို့ အသေအချာ မျက်လုံး ပွတ်ကြည့်ရသေးတယ်။ ငါ အိပ်ချင်မူးတူးများ ဖြစ်နေသလားပေါ့။ ဒါကြောင့် လူများနေတာကိုးလို့လဲ ချက်ချင်း သဘောပေါက်ပြီး ဆိုင်ပြုတ်ပြီထင်တယ်လို့ တဆက်တည်း ဆက်တွေးလိုက်တယ်လေ။
ဘာဖြစ်လို့ အဲဒီလိုတွေးရလဲဆိုတော့ အခု အမေရိကားမှာ စီးပွားရေးတွေ ထိုးကျနေတော့ အိမ်ဈေးတွေလဲ ပြုတ်ကျ၊ အလုပ်တွေလဲ အလုပ်သမားတွေ လျှော့၊ ဆိုင်တွေလဲ သိမ်းကြတာဆိုတော့ နေ့မြင် ညပျောက်လိုပဲ။ ဒီနေ့ ဒီဈေးဆိုင်မှာ ဈေးဝယ်လို့ကောင်းတုန်း နောက်တပတ် အဲဒီနားရောက်တော့ နောက်တဆိုင် ရောက်နေပြီ။ ဒါကြောင့် ကိုယ်လဲ အဲဒီလို ထင်လိုက်မိတာ။
ဒါနဲ့ ဘေးနားမှာ ပစ္စည်းတွေ ပြန်စီနေတဲ့ ဆိုင်က ၀န်ထမ်းကို "နင်တို့ဆိုင် ပြုတ်လို့ အကုန် လျှော့ဈေးချနေတာလား" လို့ မေးလိုက်မိတယ်။ ဘာမှ မဟုတ်ပါဘူး။ စပ်စုချင်တာကြောင့် စကားရောဖောရော လုပ်လိုက်တာပါ။ ၀န်ထမ်းက အံ့သြလို့။ ပြီးတော့ မျက်မှောင်ကြီး အတွန့်ချိုးပြီး season တခုကုန်ခါနီးလို့ sale ချတာပါ တဲ့။ ငါတို့ဆိုင် မပြုတ်ပါဘူး တဲ့။
ဖြစ်ရမယ်လေ။ ကိုယ်က ဘာမှ သေချာ မသိဘဲနဲ့ အဲဒီလို အထင်နဲ့ ပြောလိုက်တော့ သူလဲ သူ့ဆိုင်ကို မဦးမချွတ် ဒီလိုပြောရပါ့မလားလို့ စိတ်ဆိုးသွားတာ ဖြစ်မှာပေါ့။ ကိုယ်လဲ ရယ်ကြဲကြဲနဲ့ ဆောရီးပြောပြီး အသာလစ်ထွက်ခဲ့ရတယ်။ သူ ရိုက်မထုတ်ခင်..။
ဒါနဲ့ လောကကြီးမှာ အထင်နဲ့ ပြောတာဟာ သူများကို ထိခိုက်စေတဲ့အပြင် ဘယ်သူမှလဲ အကျိုးမရှိဘူးလို့ စဉ်းစားမိတယ်လေ။ ဒါကြောင့်မို့ နားလည်မှုလွဲတဲ့ misunderstanding ဆိုတဲ့ စကားလုံးကြီးကို ကိုယ်တို့ နေရာတကာ တွေ့ နေရတာပေါ့။
မစိမ်းတစိမ်း၊ မကျက်တကျက်တွေနဲ့တင် မဟုတ်ဘဲ တခါတလေ ချစ်ခင် ရင်းနှီးကြတဲ့ သူတွေကြားမှာလဲ သူက ဘွားကနဲ ပေါ်လာတတ်တယ်။ ကိုယ်က ဒီလိုထင်တာ၊ သူက ဒီလိုပြောတော့ ဆိုတဲ့ စကားတွေနဲ့ပဲ ရှုပ်ထွေးနေတတ်တယ်။ အဲဒါကြောင့် အစည်းအဝေးတွေ၊ စကားဝိုင်းတွေ လုပ်ရပြီး တယောက်နဲ့ တယောက် နားလည်မှုတွေ ညှိယူရလေ့ရှိပါတယ်။ ပြေလည်သွားရင်တော့ စိတ်ပေါ့ပါးပြီး ပျော်စရာ ကောင်းသွားတာပေါ့။
အဲဒီလို အထင်အမြင်လွဲကြတာတွေ၊ နားလည်မှုလွဲကြတာတွေက နေ့တဒူဝ ဖြစ်နေတော့ ကိုယ့်ဘ၀မှာလဲ ဒီလို ခဏခဏ ကြုံရတယ်။ အထုံးလေးတွေ ဖြစ်သွားလိုက်၊ နားလည်မှု ရသွားရင် ပြန်ပြေသွားလိုက်။ နောက်အထုံးတထုံး ကိုယ်က ထုံးလိုက်မိ၊ သူက ဖြေလိုက်။ သူက ထုံးလိုက်ပြန်၊ ကိုယ်က ဖြေလိုက်ပေါ့။ တခါတလေကျတော့ အထုံး ထုံးတမ်းများ ကစားနေတာလားလို့တောင် ထင်လိုက်မိသေး။ လွဲ လွဲနိုင်လွန်းလို့လေ။
တခါကတော့ သူများက နားလည်မှုလွဲတာကို ကိုယ်က သိသိကြီးနဲ့ ပြန်မဖြေဘဲ ငြိမ်ပြီး အရသာရှိနေတဲ့ အခါတွေ ရှိခဲ့ဖူးတယ်။
အဲဒီတုန်းက ကိုယ်က မလေးရှား Johor Bahru မှာ နေစဉ်ကပေါ့။ မနက်ဆိုရင် Singapore မှာ သွားပြီး ရုံးတက်ရတယ်။ ကိုယ့်အမျိုးသားက မလေးရှားကို ပြောင်းလာတော့ ကိုယ်အလုပ်မပြောင်းခင် စပ်ကြား စင်ကာပူကို နေ့တိုင်း ကူးနေရတာပေါ့။ မနက်သွား အလုပ်လုပ်၊ ည ဒီဖက် ပြန်အိပ်ပေါ့။
ကိုယ်က အဲဒီတုန်းက အိုက်တတ်တော့ အကျီ င်္လေးတွေ ၀တ်ရင် ပွပွလေးတွေချည်း ၀တ်တာ။ လူကလဲ ၀၀လေးဆိုတော့ သူများတွေက ဘယ်လို နားလည်မှုလွဲသလဲ မပြောတတ်ပါဘူး။ ကိုယ် ဘတ်စ်ကားပေါ်တက်လာပြီဆိုရင် ထိုင်နေတဲ့သူတွေ ထ ပြီး နေရာပေးကြတော့တာပဲ။
ပထမတော့ ကိုယ်လဲ အံ့သြမိတယ်။ နောက်တော့ ငါက အထုပ်အပိုးတွေ သယ်လာလို့ ဖြစ်မှာပေါ့လေ လို့ ထင်မိတယ်။ နောက်နေ့တွေမှာ စီးတော့လဲ ဒီအတိုင်းပဲ။ မထိုင်ပါဘူး ပြောလဲ မရ၊ လူတွေအများကြီးကို ကျော်ပြီး ကိုယ့်ကိုပဲ အတင်းထိုင်ခိုင်းတာ။ အဲဒီ မလေးလူကြီးက ပါးစပ်ကလဲ ပြောတယ်။ ဘေဘီ ဘေဘီ တဲ့။ ကိုယ့်ဗိုက်ကို လက်ညှိုးထိုးပြီးလေ..။ အော်..ဒါ့ကြောင့်ကိုး။
ကိုယ့်ကို ကိုယ်ဝန်ဆောင် အမျိုးသမီးထင်လို့ သူတို့က နေရာပေးနေတာကိုး။ ကိုယ်လဲ ကိုယ့်ဖာသာကိုယ် တော်တော်သဘောကျသွားတယ်။ ဘတ်စ်ကားကြီးပေါ်မှာ “မဟုတ်ပါဘူး မရှိပါဘူး” ငြင်းလို့လဲ မကောင်းတော့ သူများ နားလည်မှုလွဲတာကို ကိုယ်က ပျော်ပျော်ကြီး ကျေနပ်နေတာလေ။ ကောင်းလေစွ ကောင်းလေစွ ပေါ့။
ဒါနဲ့ ကိုယ့်ဘ၀မှာ အဖြစ်အပျက်တွေ တော်တော်များများ ကြုံဖူးတာမှာ သူများအထင်လွဲတာကို ပျော်ရတဲ့ အဖြစ်မျိုးလဲ ရှိပါသေးလားလို့ တွေးပြီး၊ ဒါလဲ အဆိုးထဲက အကောင်းပဲလို့ တွေးရပါသေးတယ်။
မိုးချိုသင်း