နေ့လည်က ထမင်းစားတော့ ချစ်ခင်ရတဲ့ အမတယောက်က ငပိချက် ချက်ပြီး လာပို့ထားတာ ရှိလို့ အရမ်းဟန်ကျနေတာပေါ့။ ထမင်းပေါ်မှာ ငပိချက်ကို ပုံပြီး အသေအချာနယ်ပြီး ထမင်းနဲ့ လူးစား၊ နယ်စားနေမိတာပေါ့။ ကိုယ်ကြိုက်တာ စားရတော့လဲ ထမင်းက မြိန်တယ် (တကယ်တော့ အမြဲတမ်း မြိန်တယ်)။ စားရင်းနဲ့ ငယ်ငယ်က ထမင်းမြိန်မြိန် စားခဲ့ရတာတွေ သတိရမိတယ်လေ။
ငယ်ငယ်က မောင်လေးနဲ့ ဆော့ရင် သူက ကုလားထိုင်ကို လှဲလိုက်ပြီး တွန်းလှည်းလေးလို လုပ်လိုက်တတ်တယ်။ နောက်မှီမှာ ကိုယ်က ထိုင်၊ သူက ကုလားထိုင် ခြေထောက်နှစ်ချောင်း ကိုင်ပြီး ကိုယ့်ကိုတင်ပြီး တွန်းတော့တာပဲ။ ကော်ရစ်ဒါတလျှောက် တွန်းကြတာ ကြမ်းပြင်ဆိုလဲ တွန်းရာတွေ ထင်ပြီး ပြောင်ချောလို့။ သူမောရင် သူတလှည့်ထိုင်၊ ကိုယ်က တွန်းပြန်ရော။
အဲဒီလို ကုလားထိုင်ကို ကားလိုလုပ် တွန်းတမ်း ကစားရင် ပါးစပ်ကလဲ ကားမောင်းသလို တဝူးဝူး အော်ရသေးတာပါ။ နောက် ဘတ်စ်ကား မှတ်တိုင်လဲ ရှိသေးတယ်။ ထူးထူးထွေထွေ မဟုတ်ပါဘူး။ ဘတ်စ်ကားမှတ်တိုင်ဆိုတာ ဒေါ်ကြီးတင် ရှေ့ ရပ်လိုက်တာပါပဲ။ ဒေါ်ကြီးတင်ဆိုတာ ကိုယ်တို့ကို ထိန်းခဲ့တဲ့ အဒေါ်လို ချစ်ခင်ရတဲ့ အဒေါ်ကြီးတယောက်ပါပဲ။
အသားညိုညို ပိန်ပိန်ပါးပါးနဲ့ ရင်ဖုံး အကျီ င်္အဖြူလေးတွေ ၀တ်တတ်တယ်။ သူ့ညီမက ဒေါ်လေးချို တဲ့၊ ဒေါ်လေးပို တဲ့။ ညီအမ ၃ယောက်စလုံး ရေစကြိုကနေ ကိုယ်တို့အိမ် လာနေပြီး ကိုယ့်တို့အားလုံးကို တူမအရင်းတွေ မခြား ချစ်တယ်၊ ထိန်းကြတယ်။ ကိုယ်တို့ မောင်နှမ အားလုံး သူတို့ လက်ပေါ်မှာ ကြီးခဲ့တာပါ။
အဲဒီလို မောင်နှမနှစ်ယောက် ကားတွန်းတမ်း ဆော့ရင် ဒေါ်ကြီးတင်က ဇလုံကြီးကိုင်ပြီး ထိုင်စောင့်တာပဲ။ ဇလုံထဲမှာ ငါးခူကြော်မွှေးမွှေးကို အရိုး တစိမှ မပါအောင် အသားတွေချည်း နွှင်ထားပြီး ငါးကြော်ဆီလေးနဲ့ ဆားလေးဖြူး နယ်ထားတယ်။ ထမင်းက ငါးကြော်ဆီနဲ့ ဆိုတော့ မွှေးပြီး စိမ်းဝါလို့။ ထမင်းပူပူလေးကို လက်နဲ့ ဆုပ်ပြီး ထမင်းအလုံးလေးတွေ လုပ်ထားတယ်။
ကိုယ်တို့ ဘတ်စ်ကား ရပ်လိုက်ပြီဆိုရင် ဒေါ်ကြီးတင်က ထမင်းတလုံးဆုပ်လေး ယူပြီး ပါးစပ်ထဲ ခွံ့လိုက်တယ်။ ကိုယ်တို့ကလဲ ထမင်း ဝါးရင်း ဆက်တွန်းကြပြန်ရော။ ပါးစပ်ထဲ ကုန်သွားတော့ ဘတ်စ်ကားက ရပ်ရပြန်ရော။ အဲဒီလို ထမင်းစားခဲ့ရတာ နှစ်သက်လွန်းလို့ ဘယ်တော့မှ မမေ့နိုင်ဘူး။
အခုထိ ငါးခူကြော်တွေ့ရင် ကိုယ့်မှာ အဲဒီလို လုပ်စားမှ အရသာ ရှိတယ် ထင်နေတာပါ။ ငါးကြော်ကို အရိုးနွှင်ပြီး ငါးကြော်ဆီလေးနဲ့ ဆမ်းစားလိုက်ရမှ အာသာပြေသလိုလို။ စားတိုင်းလဲ ဒေါ်ကြီးတင်ကို သတိရမိပါတယ်။ ကိုယ်က စမြုံ့ပြန်ချင်လို့ ငယ်ငယ်တုန်းကလေ.. ဒေါ်ကြီးတင်က.. ဆိုရင် ကိုယ့်အမျိုးသားက ဒီနေ့ ငါးကြော်ပဲ ဆိုတာ သိနေပါပြီ။ ဒေါ်ကြီးတင် နဲ့ ငါးကြော်နဲ့ တွဲမှတ်ရမလိုတောင် ဖြစ်နေပြီလေ။
နောက် လေးတန်းရောက်တော့ ကိုယ်တို့နဲ့ အတူလာနေတဲ့ အမ က မခင်ဆင့် တဲ့။ အသားညိုပြာညက်၊ မျက်လုံး အကြီးကြီးတွေနဲ့ အမပါ။ အလုပ်ကလဲ ဇယ်ဆက်သလို လုပ်တာ။ မနက်နိုးလာရင် ဈေးသွား၊ ထမင်းချက်၊ ဟင်းချက် အကုန် လှည့်ကြည့်စရာမလိုဘူး။ ပြီးရင် ကိုယ်တို့ ကလေးတွေကို ကျောင်းပို့။ အဝတ်လျှော်၊ မီးပူတိုက် ညနေဆိုရင် ကိုယ့်အမတွေကို လှည်းတန်းမှာ ကျူရှင် လိုက်ပို့ရသေးတာပါ။
ကိုယ်တို့ တက္ကသိုလ်ရောက်တဲ့အထိ အမလိုတမျိုး၊ သူငယ်ချင်းလို တမျိုး နေသွားတယ်။ မခင်ဆင့်က အဖေတို့ ရွာက။ အမက စာရေးဆရာမ ဖြစ်ချင်တာ တဲ့။ စာကတော့ ရေးတတ်၊ ဖတ်တတ်ရုံမို့ ကိုယ်က စာရေးစာဖတ် ချောအောင် သင်ပေးရတယ်။ တွံတေးသိန်းတန်က သူ့အသည်းစွဲ။ မီးပူတိုက်ရင်း တွံတေးသိန်းတန် သီချင်းတွေ အော်ဆိုရင် ကိုယ်က ဘေးက အဝတ်ပုံထဲမှာ လှဲရင်း ဆော့ရင်း နားထောင်တယ်။
သူ့အိမ်ကို စာရေးချင်ရင် ကိုယ့်ကို ရေးခိုင်းတတ်တာပါ။ သူ့အမေကို စာရေးပုံကို ကြည့်ပါအုံး။
အမကလဲ အမေ ဟာ အမေပေါ့၊ ဘာလို့ နံမည်တပ်ပြီး ခေါ်ရေးရတာလဲ။
အော် နင်မသိပါဘူး။ ရေးစမ်းပါ။ ဒေါ်အုန်းဆိုင်ရေ ပိုက်ဆံချည်း လှိမ့်တောင်းမနေနဲ့ လို့ တဲ့။
သူ့ကိုဆို ကိုယ်တို့မောင်နှမ နှစ်ယောက်က ချစ်လဲချစ်၊ နိုင်လဲ နိုင်တယ်။ ကိုယ့်မောင်လေးက ကိုယ်တို့ကျောင်းသွားတော့မယ်ဆိုရင် သူ့အဝတ်ပုံကို မွှေပြီ။ ပြီးရင် သူစိတ်ကြိုက်တွေ့တဲ့ အကျီ င်္ကို ထုတ်၊ ပြီးရင် အမ ဒါ ဝတ်ခဲ့နော်။ ကျောင်းပြန်လာကြိုရင် ဒီအကျီ င်္ဝတ်နော်။ ဒါမဝတ်ရင် လာမကြိုနဲ့ မလိုက်ဘူး လုပ်တာ။
ဝက်သားဟင်းချည်း ချက်ရင်လဲ ဝက်သားသည် လူကြီးကို ကြိုက်လို့လား လုပ်တာ။ အဲဒီတုန်းက သူဈေးသွားတုန်း တခါခေါ်သွားဖူးလို့ လှည်းတန်းဈေးက ဝက်သားသည် ချောချော အကိုကြီးကို မြင်ဖူးထားတာလေ။ အဲဒါဆို သူက ဒီကလေးနှယ် ဆိုးချက်က မတရား တဲ့။ အညာလေသံနဲ့။
သူ နဲ့တွဲပြီး အမှတ်မိဆုံးက ငပိချက်ပဲ။ သူက ငပိချက်ကို ဇလုံကြီးထဲ လူးနယ်ပြီး အားရပါးရ စားတော့တာပဲ။ ငရုတ်သီးမှုန့်လဲ ဖြူးထားသေးတယ်။ ခွံ့ကျွေးတဲ့ အရွယ်မဟုတ်တော့ သူက မခွံ့ဘူး။ ဒါပေမဲ့ သူ့ဘေးနားကနေ ကြည့်ပြီး စားချင်လွန်းလို့ အမ ခွံ့ ခွံ့ နဲ့ ပါးစပ် ဟ ပြီး တောင်းစားရတယ်။ အဲဒါဆို သူက ကဲဟယ် ကဲဟယ် ဆိုပြီး တွန်းတွန်းထိုးထိုး ခွံ့တာပဲ။
ကိုယ့်ဖာသာကိုယ် လုပ်စားစမ်းပါအေ တဲ့။ ဟင့်အင်း အမ လုပ်ထားတာပဲ စားချင်တယ်၊ ခွံ့ပါ ခွံ့ပါ နဲ့ ဂျီကျရတယ်။ တခါတလေ ပန်ထွေဖျော် သူလုပ်စားတတ်တယ်။ ပန်ထွေဖျော်လို့ သူခေါ်တဲ့ဟာက ခရမ်းချဉ်သီးရယ်၊ ကြက်သွန်နီရယ်၊ နံနံပင်ရယ် ပါတယ်။ ကိုယ်က အဲဒီ ၃မျိုးလုံး လုံးဝ မကြိုက်ပေမဲ့ သူလုပ်ထားရင်တော့ ဘေးကနေ သွားရည်ကျပြီ။ အဲဒီအခါဆိုလဲ ခွံ့ပါအုံး အမ ပေါ့။
ကိုယ်တို့အိမ်မှာ အဖေနဲ့အမေက သမီးရှင်လုပ်ပြီး ပထမဆုံး သမီးတောင်းလက်ခံရတာ မခင်ဆင့်နဲ့ပဲ။ အမတို့ လင်မယား လူကြီးစုံရာကို ထိုင်ကန်တော့ တော့ သူ့ကျောပြင်က လှိုင်းထ နေတာ မှတ်မိတယ်။ အမ မျက်ရည်တွေလဲ ဝဲနေတယ်။ အဲဒီတုန်းက လာတောင်းတဲ့ လူကြီးတွေကို အမေတို့က ရေကျော်မောင်အေးက ဆမူဆာမှာပြီး လက်ဖက်ရည်နဲ့ ဧည့်ခံတယ်။
အဲဒီကတည်းက သူလဲ ဘဝကို သူ့နည်းသူ့ဟန်နဲ့ ရုန်းကန်နေလိုက်တာ ကလေး ၂ယောက်လဲ ရပြီ။ သူ့ကလေးတွေကိုလဲ သူချစ်တဲ့ သူတွေနံမည် ပေးထားသေးတယ်။ သမီးလေးက ခင်စုကြည် တဲ့။ သားကတော့ ကျော်ရဲအောင် တဲ့။ ရုပ်ရှင်မင်းသား ကျော်ရဲအောင်ကို ကြိုက်လို့ တဲ့။
ပြီးခဲ့တဲ့ မေလတုန်းက ဘန်ကောက်မှာ ကိုယ်တို့ ညီအမတွေ ဆုံကြတော့ လက်ဆောင်တွေ ဖလှယ်ကြတယ်။ တခုသော လက်ဆောင်က လေးထောင့် ထမင်းဗူးလေး တဗူးပါ။ ဆီတွေ စွန်းမှာစိုးလို့ ပလပ်စတစ်နဲ့ အထပ်ထပ် ပတ်ထားသေးတယ်။
အဲဒါဘာလေးလဲ ဆိုတော့ ကိုယ့်အမ မစံက ငပိချက်လေ တဲ့။ မခင်ဆင့်က နင့်အတွက် ပေးလိုက်တာ တဲ့။ မိချိုက ငပိချက် သိပ်ကြိုက်တယ် ဆိုပြီး သူကိုယ်တိုင် ချက်ပေးလိုက်တာ တဲ့။
ဒီလိုနဲ့ ကိုယ်လဲ ငပိချက် စားတိုင်း မခင်ဆင့်ကို လွမ်းမိပြီး ငါးခူကြော်စားတိုင်း ဒေါ်ကြီးတင် ကို မမေ့နိုင်တော့ဘူးလေ။