စာထမင်း စာဟင်း

ဒီနေ့ ဆေးရုံသွားတော့ ဆေးယူပြီး ဆေးရုံက အထွက်၊ တံခါးဝမှာ မိသားစု တစုနဲ့ အမှတ်တမဲ့ ဆုံတယ်။ အမေလုပ်တဲ့သူက အဖြူမ၊ ရုပ်ကချောချော ဆံပင်ရွှေရောင် အခွေအလိပ်တွေနဲ့ လှလှပပ စမတ်ကျကျ။ လသားအရွယ် ကလေးလေး ထည့်ထားတဲ့ တွန်းလှည်းလေးကို တွန်းလို့။ သူ့ဘေးမှာက ၅နှစ်အရွယ် သားဖြစ်ပုံရတဲ့ ကလေးတယောက် နဲ့။

ဆေးရုံအပြင်ဖက်ကို ထွက်မယ်ဆိုတော့ မှန်တံခါးကြီးကို တွန်းပြီး ထွက်ရတာမှာ အဲဒီ ၅နှစ် အရွယ် သားလေးက ပြေးပြီး မှန်တံခါးကြီးကို သူ့ကိုယ်လေးနဲ့ တွန်းဖွင့်တာပါ။ သူ့အမေနဲ့ သူ့ညီမလေး သွားလို့ရအောင် သူ့ကိုယ်လေးနဲ့ ခြေကန် တွန်းထားရတာပါ။ သူ့ပုံလေးက ချစ်စရာကောင်းလွန်းလို့ ကိုယ်တို့နှစ်ယောက် သဘောကျပြီး ကြည့်နေမိတယ်။

အမေလုပ်သူက သိတတ်လွန်းတဲ့ သားလေးကို Thank you တောင် တခွန်းမပြောဘဲ တံခါးကြီးပဲ အလိုအလျောက် ပွင့်နေလို့ အေးအေးဆေးဆေးပဲ ထွက်သွားရသလိုလို။ ဒါ ဒီကလေး လုပ်ရမဲ့ တာဝန်မို့ ဘာမှ မထူးဆန်းသလိုလို။ ခပ်ကြော့ကြော့ပဲ။

အဲဒီမှာ ကိုယ်တွေးမိတာက ကိုယ်တို့ အမေတွေဆိုရင် ဒီလို ပေးလုပ်ပါ့မလား ဆိုတာကိုပါ။ နေ..နေ တံခါးညှပ်သွားမယ် သား၊ အမေလုပ်မယ် လို့ ပြောမယ် ထင်ပါရဲ့။ အဲဒီလိုတွေးမိတော့ တဖက်က သူတို့လူမျိုးတွေရဲ့ ငယ်ငယ်ကတည်းက တာဝန်ပေး၊ တာဝန်ယူစေချင်တဲ့ စိတ်ဓာတ်လေးကို သဘောကျမိပေမဲ့ ကိုယ်တို့ လူမျိုးရဲ့ နွေးထွေး အေးမြတဲ့ မိခင်မေတ္တာကို လွမ်းမိသွားတာ အမှန်ပဲ။

ငယ်ငယ်က ကိုယ်က အမေ့ သမီး။ ကိုယ်မွေးပြီး ၃လ အကြာမှာ အမေက အမေ့ကျောင်း ပျိုးခင်း မူကြိုကို စဖွင့်တာမို့ ကိုယ်က ကိုယ့်အမတွေလို နေ့ရော ညပါ အမေနဲ့ အတူ မနေခဲ့ရဘူး။ ကိုယ့်ကို ထိန်းတဲ့ ဒေါ်ကြီးတင်တို့ ဒေါ်လေးချိုတို့ လက်ထဲမှာ အမေ ကျောင်းသွားချိန် တနေ့လည်လုံး နေခဲ့ရတယ်။ ဒါကြောင့် အမေကို ပိုကပ်တယ် ထင်ပါရဲ့။

ကလေး သေးသေးလေးတုန်းက မသိပေမဲ့ တနှစ်လောက် ရောက်တော့ အမေ မနက်ဆို ကျောင်းသွားမှာကို သိပြီ။ အမေ သွားခါနီးရင် ဒေါ်ကြီးတင်တို့က ကိုယ့်ကို ပွေ့ချီပြီး လမ်းဖက် ထွက်တယ်။ စိတ်ကို အမေ့ဖက် မရောက်အောင် စိတ်ပြောင်းကြတာ။ အမေ သွားပြီဆိုမှ ကိုယ့်ကိုချီပြီး အိမ်ပြန်လာတယ်။

အဲဒါဆို ကိုယ်က အိမ်ရောက်တာနဲ့ အိမ်ခန်းတွေထဲ တခန်းပြီး တခန်း အမေ့ကို လိုက်ရှာတာပဲ။ အားလုံး ရှာပြီး အမေ့ကို မတွေ့ရင်တော့ လက်လေးကို ခါပြီး “အမေသွားပြီ၊ ရှိတော့ဘူး” လို့ ပြောတယ် တဲ့။ အဲဒါ မနက်တိုင်း လုပ်နေကျ အလုပ်။ အဲဒီတုန်းက အမေ ကျောင်းသွားတော့မှာမို့ ကိုယ့်ကို လမ်းခေါ်သွားတယ် ဆိုတာ ကလေးပေမဲ့ သိတယ်။ ပါးသေးတယ် ဆိုရမှာပေါ့။

ညနေ အမေ ပြန်လာချိန်ဆိုလဲ သနပ်ခါးတွေ လူးပြီး ခြံထိပ်မှာ ထွက်ထွက်မျှော်ရတာ။ ခြံထိပ်က အုတ်ခုံလေးမှာ ထိုင်ရင်း၊ ဒေါ်ကြီးတင်တို့က ပေါင်ပေါ်မှာ ကိုယ့်ကို တင်ပြီး မျှော်တာ။ အဖြူနဲ့ နီညိုရောင် ၀တ်စုံလေးနဲ့ ဘတ်စ်ကားပေါ်က အမေဆင်းလာရင် မုန့်စားရတော့မှာ။ အမေက မုန့်မ၀ယ်လာတဲ့နေ့ မရှိဘူး။

နောက် ကိုယ့်မှာ မောင်လေး တယောက် ရလာတော့ အမေ့အချစ် လုဖော်လုဖက် တယောက် တိုးလာတယ် ဆိုရမယ်။ အမေ မောမောနဲ့ အလုပ်က ပြန်လာရင် အမေ့ကို ကပ်ပြီး အမေ့ ပေါင်ပေါ်ထိုင်ချင်လို့ ဦးရသေးတာ။ အမေ့ပေါင်ပေါ် ငါထိုင်မယ်နော် လို့ ဦးရင် အရင်ဦးတဲ့လူက ထိုင်စတမ်း။ အမေ့မှာ မောမောနဲ့ စာသင်ပြီးပြန်လာတော့ အိမ်ရောက်တော့လဲ ကလေးတွေ ပေါင်ပေါ်တင်ထားရသေးတာကိုး။

နောက်တော့ မောင်လေးက စကားကပ်ပြီး ပြောတယ်။ မချိုက အမေ့ပေါင်ပေါ်ထိုင်မယ် လို့ပဲ ပြောတာ၊ အားလုံးကို ဦးထားတာ မဟုတ်ဘူး တဲ့။ အဲဒီတော့ တယောက် တပေါင် ထိုင်လို့ ရတယ် ဆိုပဲ။ ဒါနဲ့ ကိုယ့်မှာ နောက်တခါ ဦးရင် အမေ့ပေါင်ပေါ် အားလုံး ဆိုပြီး “အားလုံး” ပါ ထည့်ပြောမှ ကိုယ်တယောက်တည်း ထိုင်လို့ရတယ်။ သူက ဘေးက လျှောက်နေ ကြည့်နေပေတော့ပဲ။

နွေကျတော့ အိုက် ပြန်ရော။ ရာသီဥတုက ပူတော့ မအိပ်နိုင်ဘူး။ အဲဒီတော့ မိတ် တွေပါ ထွက်လာတယ်။ အမေရယ်၊ ကိုယ်ရယ်၊ မောင်လေးရယ် အတူအိပ်တာဆိုတော့ ထုံးစံအတိုင်း အမေက အလယ်မှာ အိပ်ရတယ်။ မိတ်ယားလို့ တအီအီနဲ့ ဂျီကျနေရင် အမေက ကျောကို ပေါင်ဒါလူး၊ လက်လေးနဲ့ ဖြေးဖြေးလေး ကုတ်ပေးတယ်။ ဒါဆို ကျေနပ်ပြီး အိပ်သွားရော။

အိုက်တယ် ဆိုရင် အမေက ကဲ ကဲ အမေ ယပ်ခတ်ပေးမယ် အိပ် အိပ် တဲ့။ ၀ါးမျှင်လေးတွေနဲ့ ယက်ထားတဲ့ ယပ်တောင် ၀ိုင်းဝိုင်းကြီးကြီးနဲ့ အမေ ယပ်ခတ်ပေးတယ်။ မောင်လေးကို ယပ်ခတ်ရင် ကိုယ်က ဒီဖက်ကနေ ရေ ထားသလို၊ ကိုယ့်ကို ယပ်ခတ်ပေးရင်လဲ တကြိမ် မကျော်အောင် သူက ရေ တယ်။ တဖက်ကို အခေါက် ၂၀၀ စီ။ သူ့အလှည့်ပြီး ကိုယ့် အလှည့်။

အမေလဲ အိုက်မှာပါပဲ။ ဒါပေမဲ့ အမေ့ကိုတော့ တခါမှ ကိုယ်တို့ ယပ်ခတ်ပေးဖို့ မတွေးခဲ့မိဘူး။ တကယ်တော့ အမေက တနေ့လုံး ပင်ပင်ပန်းပန်း ကိုယ်တို့ စားဖို့ ၀တ်ဖို့ စာသွားသင်နေတာ။ မောမှာပဲ။ ကိုယ်တို့ကလဲ ကလေးဆိုတော့ နားမလည်ခဲ့တာတွေ အခုအချိန်မှာ ပြန်တွေးရင် မျက်ရည်ဝဲမိတယ်။

ဒါပေမဲ့ အမေ့ကို ကြည့်လိုက်ရင် အမြဲတမ်း သနပ်ခါးလေးနဲ့ မွှေးနေတာပါ။ ပန်းလေးတွေ အမြဲ ပန်ထားတတ်တယ်။ စံပယ်ပန်းကုံးလေးတွေ၊ စကားဝါခိုင်လေးတွေကို နွမ်းသွားလဲ အမေ့ ခေါင်းအုံးအောက်မှာ တွေ့ရတတ်တယ်။ မျက်နှာမှာ သနပ်ခါးပါးပါးလေးနဲ့ အမြဲတမ်း ရိုးရိုးရှင်းရှင်း။ ဆံပင်က နဖူးပေါ်မှာ ကပိုကရိုလေး ကျနေတတ်တယ်။

ကိုယ်က အမေ့ကို အမြဲတမ်း မေးနေတာက အမေ ဘယ်သူ့ကို အချစ်ဆုံးလဲ တဲ့။ သားသမီး ၅ယောက် ရှိတာမှာ ကိုယ့်ကိုပဲ အချစ်ဆုံးလို့ အမေ ဘယ်တော့များ ပြောလိုက်မလဲ လို့ အလစ် အငိုက် အမြဲမေးရတာ။ ဒါပေမဲ့ အမေ အမြဲပြန်ဖြေတာက တယောက်တမျိုးစီပေါ့ သမီးရယ် တဲ့။ အကုန်လုံးကို တမျိုးစီ တူတူချစ်တာပါပဲ တဲ့။ အဲဒါလဲ အမှန်ပါပဲ။

ညဖက် မိသားစု ထမင်းစားပြီးရင် အဖေနဲ့ အမေက အိမ်ရှေ့ ၀ရန်တာလေးမှာ ထိုင်ပြီး တနေ့လုံး ကြုံခဲ့ရတာလေးတွေ ပြောကြ၊ တိုင်ပင်ကြ။ ကိုယ်တို့ မောင်နှမတတွေက အဖေတို့ အမေတို့ဘေးမှာ ထိုင်ပြီး နားထောင်ကြ။ တခါတလေ ကိုယ်တို့ သူငယ်ချင်းတွေ အကြောင်း ၀င်ပြောကြ။ အမေက သူ့ကိုယ်ပိုင် အချိန်လေးတွေကို မိသားစုနဲ့ပဲ သိုက်သိုက်ဝိုင်းဝိုင်း ကုန်လွန်တတ်တယ်။

အမေ တခြား မောင်နှမတွေကို ရိုက်တာ ကိုယ် မမှတ်မိဘူး။ ကိုယ့်ကိုတော့ အမေ တခါ ရိုက်ဖူးပါတယ်။ ကိုယ် ၅တန်း ၆တန်းလောက်က ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူများ အိမ်ခေါင်မိုးပေါ်တက်ပြီး သူများအိမ်က သရက်သီး သွားခိုးခူးလို့ပါ။ သစ်ပင်နဲ့တွယ်ပြီး ခေါင်မိုးပေါ် တက်ကြတာ သူငယ်ချင်းနဲ့ နှစ်ယောက်ပါ။ ကရင်မလေး စေးစေး တဲ့။ နောက်တော့ သရက်သီးတွေ ခေါင်မိုးပေါ်မှာပဲ စားပစ်လိုက်ပြီး ပြန်ဆင်းလာမှ စေးစေးက ကိုယ့်အမတွေကို တိုင်ပြောလိုက်တယ်။

အဲဒီတုန်းက အမေက ကိုယ့်ကို မေးမေးပြီး ခြေသလုံးကို သစ်သားပေတံနဲ့ ရိုက်တာ မှတ်မိနေတယ်။ သမီး သူများ အိမ်ခေါင်မိုးပေါ်တက်တာ ဟုတ်သလား တဲ့၊ လိမ့်ကျပြီး ခြေကျိုး လက်ကျိုးဖြစ်ရင် ဘယ်လိုလုပ်မလဲ တဲ့။ သူများအိမ်က သရက်သီးတွေ ခိုးခူးတယ် ဆိုတာ ကောင်းသလား မကောင်းဘူးလား တဲ့။ အဲဒီနှစ်ချက်ကို ပြောပြီး ရိုက်တာ တခါမှ အမေ့ အရိုက် မခံရဖူးတာမို့ ကောင်းကောင်းမှတ်မိနေပါတယ်။ ခုပြန်တွေးတော့ တကယ်လဲ ရိုက်သင့်ပါတယ်လေ။

ကိုယ်အရွယ်ရောက်လာတော့ စာတွေ မွှေနှောက် ဖတ်နေပြီ။ ကိုယ်စာဖတ်ပြီးတိုင်း ကိုယ် ဒီဝတ္ထုပေါ်မှာ မြင်တာ ခံစားတာ အကုန် အမေ့ကိုပဲ ပြောပြတယ်။ အမေက ဒိုင်ခံ နားထောင်ပေးတယ်။ အမေကလဲ စာသိပ်ဖတ်သူမို့ အမေ့အမြင်ကိုလဲ ပြောပြတတ်တယ်။

တခါတလေ အမေက သနပ်ခါးသွေးရင်း ပြုံးလို့၊ ကိုယ်က ဘေးမှာ အားတက်သရော ပြောနေတာ။ တခါတလေ အမေနဲ့ ကိုယ် ခုတင်ပေါ်မှာ နှစ်ယောက်သား လှဲရင်း ဖတ်မိ ကြိုက်မိတဲ့ စာတွေအကြောင်း ပြောကြတယ်။ တခါတလေ အမေက သူသိပ်ကြိုက်တဲ့ မေရှင် သီချင်းလေးတွေ ဆိုပြတယ်၊ ကိုယ်က အမေ့ အသံအေးအေးလေးကို စွဲနေပြီ။

ကိုယ်စာ စရေးတော့ အမေ့ကိုပဲ ပေးဖတ်တယ်။ အမေက ကိုယ့်ရဲ့ စာတွေ ပထမဆုံး ဖတ်ခဲ့သူ။ ဘာမှ မှတ်ချက်မပေးတတ်ဘူး။ အမြဲတော့ အားပေးတယ်။ တခါကတော့ ကိုယ့်စာတပုဒ် မဂ္ဂဇင်းမှာ ပါလာတော့ အမတယောက်က အားလုံးကို ဖတ်ပြတယ်လေ။ ၀ိုင်းပြောကြ ဆိုကြတုန်း အမေ ဘေးက မျက်ရည်ကျနေတာ တွေ့ဖူးတယ်။ ဘာဖြစ်လို့လဲ ကိုယ် မေးတော့ ဘာမှ မဟုတ်ပါဘူး သမီးရယ် တဲ့။

ကိုယ် ၁၀ပုဒ်မြောက် စာလေး မဂ္ဂဇင်းမှာ ပါတဲ့ လမှာပဲ အမေ ဆုံးပါတယ်။ သွေးချိုသမားမို့ အချို အရမ်းကျတုန်း ခဏ ရုတ်တရက် နှလုံး ရပ်သွားရှာတာပါ။ အဲဒီကတည်းက အမေ့ရဲ့ နွေးထွေးတဲ့ မေတ္တာနဲ့ ဝေးခဲ့ရတာ။ ကိုယ့် သိပ်ချစ်မြတ်နိုးတဲ့ အမေ့အကြောင်းလေးတွေကို နှလုံးသားရဲ့ နေရာတနေရာမှာ သေချာ ထုပ်ပိုး သိမ်းထားလိုက်ပြီ။ ဒါမှပဲ ကိုယ် ခရီးဆက်လို့ ရတော့မယ်။

အမေ့အကြောင်း ရေးဖို့ဆိုရင် ကိုယ် လက်တွန့်မိတယ်။ အမေ့မေတ္တာကို ဘယ်တော့မှ ပေါ်လွင်အောင် ရေးနိုင်မှာ မဟုတ်လို့ပဲ။ ကိုယ့်ရဲ့ သိမ်နုတ် သေးကွေးတဲ့ စာကလေးဟာ မပီ့တပီ ဖြစ်နေမှာပဲလေ။

ဒီနေ့ သူငယ်ချင်းတယောက်က လက်ဆင့်ကမ်းတဲ့ စကားလေးတခွန်းကို ပြန်မျှချင်ပါတယ်။ မွေးနေ့ရောက်လို့ အနန္တော အနန္တ ၅ပါးကို ရည်စူးပြီး ဆွမ်းကပ်မယ်ဆိုရင် အဲဒီဆရာတော်က ဆွမ်းမဘုဉ်းခင် မိန့်တော်မူတယ် တဲ့။ ငါ့ကို ဆွမ်းမကပ်ခင် ကိုယ့်ကို မွေးခဲ့တဲ့ ကျေးဇူးရှင် အမေကိုရော ထမင်းကျွေးခဲ့ပြီလား တဲ့။

ကိုယ်လဲ ဒီနေ့မှာ မရှိတော့တဲ့ အမေ့ကို စာတပုဒ်နဲ့ အောက်မေ့ လွမ်းဆွတ် လိုက်ပါတယ်။ သမီး ကန်တော့တဲ့ စာထမင်း စာဟင်းက ဖွယ်ဖွယ်ရာရာ မရှိတာမို့ ခွင့်လွှတ် သည်းခံပါတော့ အမေရေ…။
မိုးချိုသင်း

55 comments:

:P said...

1

ဇနိ said...

အမချိုသင်း မေမေ့ကိုလွမ်းနေတာလားဟင်။ မိဘမေတ္တာကို စာဖွဲ့လို့မှီမှာမဟုတ်ပေမယ့် အမချိုသင်းရဲ့ စာထမင်း စာဟင်းက ဖွယ်ဖွယ်ရာရာလေးပါ။ အိမ်က အမေ့ကိုလည်း သတိရပြီး ငိုချင်လာတယ်။ ရင်ထဲမှာသိမ်းထုပ်ထားလိုက်မှာ ရှေ့ခရီးကို ဆက်နိုင်မှာ အမှန်ပါပဲနော်။
နိနိ

:P said...

အစ်မရယ်....
မျက်ရည်တောင်လည်လာတယ်....။
အစမရဲ့ စာထမင်း၊စာဟင်းက ဖွယ်ရာရုံမက အရမ်းတောင်ကောင်းနေပါသေးတယ်...။

Phyo Maw said...

မရှိတော့တဲ့အမေ...
တခါတလေ မရှိတော့မှ တန်ဖိုးသိမယ်ဆိုတဲ့ စကားကိုကြားတိုင်း... ကိုယ့်ကိုယ်ကို ဖြေသိမ့်ရခက်သား။

အခြေအနေအရ မိဘနဲ့ခွဲနေတာကြာပြီ။ အစဆုံး ဖတ်ပြီးသွားတော့ မနေ့တနေ့ကလိုပဲ အရာရာကို ပြန်မြင်ယောင်သား...

စာတပုဒ်အဆုံးမှာ မျက်ရည်ကျနေတဲ့အမေ
တိုက်ဆိုင်တဲ့အဖြစ်အပျက်တွေ ဖတ်မိတော့လည်း...။

MANORHARY said...

အမေ့မေတ္တာဆိုတာကိုတော့ ကိုယ်တိုင်အမေဖြစ်နေတော့
ပိုပြီးသိတယ် သိလာတယ် ချိုသင်းလည်းလွမ်းနေမှာပဲ
ဘယ်သောမှမပျက်ပြယ်သောမေတ္တာကိုး...

စူးနွယ်လေး said...

အမေ့အကြောင်းကတော့ စာဖွဲ့မယ်ဆို မကုန်နိုင်ဘူးနော်။

Phyo Evergreen said...

အမေအကြောင်းတော့ စာဖွဲ့လို့မကုန်နိုင်ဘူးဗျာ..အန်တီချိုလည်းအမေကိုသိပ်ချစ်မှာဘဲ..။ ကျွန်တော်လည်းအမေ့ကိုသိပ်ချစ်တယ်..။ အမေကိုသတိရနေတာလား.....ဒီမှာမိုးတွေလည်းရွာ..အိမ်ကိုလွမ်းလိုက်တာ..။

မဆုမွန် said...

အစ်မရေ...အမေ့ကို လွမ်းနေရတဲ့အထဲမှာ ပိုပြီးတောင် သတိရသွားတယ် ကလေးပေါင်ဒါပဲ ညီမလေးက လိမ်းလေ့ရှိတော့ အမေက သူရောက်တုန်း နေ့တိုင်းသနပ်ခါးသွေးပေးတယ်..အခု အစ်မ အမေ မိတ်ဖျောက်ပေးတာလေးကို သွားမြင်မိတယ် အမေ့ကို လွမ်းတယ်..

khin oo may said...

တို့လဲလွမ်းတယ။်

khin oo may said...

ဝင်ရှူပ်ရရင်တော့ ကလေးအမေနဲ့ကလေး တွေ ကို တွေ့ရင် မနာလိုဖြစ်မိတယ်။ ဘိုက်ကြိးသည်ကို တွေ့ရင်မနာလိုဘူး။ ယောက်ျာ်းလေက်ကိုများကိုင်ပြီး လမ်းလျော်ကရင် ပိုအမြင်ကပ်သေးတယ်။ :P

လင်းဒီပ said...

စာထမင်း စာဟင်းတွေနဲ့ အမေ့ကို ကန်တော့တာက
သာဓုခေါ်သွားပါတယ် အစ်မရေ..

M.Y. said...

ဖတ်နေရင်း မိုးချို ရဲ့ အမေ ကအနားရောက်လာသလိုပဲ။

အိန္ဒြာ said...

အစ်မရေ....

အမေ့ကိုလွမ်းလာလိုက်တာ...
အစ်မတို့မိသားစုလေးက
သိပ်ကိုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းခဲ့လိုက်မှာနော်..။
လွမ်းပြီပေါ့.....
အစ်မ..စာမူစပါတော့ အစ်မအမေက ဘယ်လောက်တောင်ကြည်နူးသွားခဲ့မလဲ..

ရင်တွေထဲ တနင့်နင့်နဲ့ပြန်သွားပါတယ်..အစ်မ..

Anonymous said...

အမရေ....
အခု မိုးတွေက ရွာနေတယ်...။
စာဖတ်ပြီး အမေ့ကိုလွမ်းတယ်...။
ဘယ်တော့ ပြန်ရမလဲ မသိ...။

သီဟသစ် said...

အစ်မချိုသင်းရေ
အစ်မစာကို ဖတ်ပြီး အိမ်ကို သတိရလိုက်တာဗျာ။ ညဖုန်းဆက်အုံးမယ်။
တစ်ခါတစ်လေ ဘ၀အတွက် အချစ်အတွက် ငါ့အတ္တတွေ အတွက် (တင်ဇာမော်သီချင်း)ဆိုပြီး လျှောက်လှမ်းနေတာ ငါ့မိဘ တွေအတွက်ဆိုတာ ပျောက်ပျောက်သွားတယ်။

တန်ခူး said...

ချိုသင်းရေ… ဒီနေ့ အမအမေရဲ့ မြန်မာလို မွေးနေ့ … တိုက်တိုက်ဆိုင်ဆိုင် ဒီစာထမင်း စာဟင်းလေးကို အမေ့မွေးနေ့ မှာ ဖတ်ရတာ… ကျေးဇူးတင်လိုက်တာညီမရယ်… ချိုသင်းအမေဟာ သိပ်ချစ်စရာကောင်းတဲ့၊ မိန်းမပီသတဲ့၊ မိခင်ပီသတဲ့၊ စံပြမြန်မာအမျိုးသမီးတဦးပါ… သူချစ်တဲ့ စံပယ်ပန်းလေးတွေလို သူ့ အနားမှာ ရှိတဲ့သူတွေ အေးမြငြိမ်းချမ်းစေတဲ့ ချိုသင်းအမေကို မမြင်ဘူးလိုက်ပေမယ့် ကိုယ့်အဒေါ်တဦးလို ရင်းနှီးခင်မင်မိတယ်… ချိုသင်းရဲ့ စာထမင်း၊ စာဟင်းလေးက အမေ့ကျေးဇူးကို မမေ့လျော့ဖို့  သတိပေးတဲ့စာလေးမို့  မြင့်မြတ်တဲ့ဘုံဘ၀မှ ချိုသင်းမေမေက သာဓုခေါ်နေမှာပါ…

:P said...

အစ်မရေ.. မတန်ခူးစာမြင်မှ ပြောဖို့တစ်ခုကျန်တာသတိရလို့ ပြန်လာတာ...
အမေ့ကျေးဇူးကို မမေ့လျော့ဖို့  သတိပေးတဲ့စာလေးမို့ ..
ဆိုတာလေ... ဟုတ်တယ်အစ်မ... သတိပေးတဲ့စာလေးမို့ ကျေးဇူးတင်ပါတယ်..။

PAUK said...

မချိုသင်း..
အမေ့ကို သတိရသွားပြီ..
ခနနေ ဖုန်းဆက်မယ်..
အမေလည်း ခုတလော စိတ်ဓါတ်တွေကျနေတယ်..
စိတ်ညစ်စရာတွေရှိနေတယ်..
အမေ့ကို အားပေးချင်ပေမယ့်..အနာကို ပြန်ဆွသလိုဖြစ်နေမှာစိုးလို့..

JuneOne said...

အစ်မက ရေးတတ်လိုက်တာနော်။ရင်ထဲမှာ အိမ်ကိုလွမ်းသွားတယ်။

ATN said...

ကိုယ့် သိပ်ချစ်မြတ်နိုးတဲ့ အမေ့အကြောင်းလေးတွေကို နှလုံးသားရဲ့ နေရာတနေရာမှာ သေချာ ထုပ်ပိုး သိမ်းထားလိုက်ပြီ။ ဒါမှပဲ ကိုယ် ခရီးဆက်လို့ ရတော့မယ်။--- ထပ်တူထပ်မျှပါပဲ ညီမရေ့...

အမေဆိုတာ လောကကြီးမှာ မရှိတော့မှ အမေ့ကို ပိုချစ်တတ်လာမိတာပါပဲ... ညီမရေ...

thwe thwe said...

မမရေ

မမကမှ စာထမင်းစာဟင်းလေးနဲ့  တကူးတက ကန်တော့တယ်။ နောက်ပြီး အမေ့ကျေးဇူးတွေကို ထုပ်ပိုးပြီး ခရီးဆက်တယ်။ သမီးဆို ဆပ်မကုန်တဲ့ အမေ့အကြွေးတွေကို ပေးရမှာကြောက်လို့  ရှောင်ပုန်းပြီး ခရီးသွားနေတာလေ။ ဒါတောင် အမေ့မေတ္တာက အတိုးမပါသေးပေလို့ ပဲ။

ဒီလို လိမ္မာတဲ့ သမီးအတွက်တော့ မမရဲ့ မေမေက ကျေနပ်ကြည်နူးနေမှာပါ။

မေ့သမီး said...

အစ်မရေ အမေကိုချစ်တဲ့စိတ်နဲ့ရေးထားတာမို့ ဂန္တ္တ၀င်မြောက်စာတွေတောင် ဒီစာထက်တန်ဖိုးရှိမှာမဟုတ်ပါဘူး။ မမအမေကောင်းရာသုဂတိလားပါစေ။

ပုံရိပ် / Pon Yate said...

အစ်မရဲ့ စာထမင်းစာဟင်းဟာ ဖွယ်ဖွယ်ရာရာ မရှိစေဦးတော့ အမေက ၀မ်းသာ ပီတိနဲ့ သုံးဆောင်မှာပါ။

Anonymous said...

အမရေ အမစာတွေကိုဖတ်ရင် ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို မြင်ယောင်နေမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မောင်နှမမရှိတဲ့ဘ၀မို့ပါဗျာ။ မိရယ်ဘရယ်နဲ့ သိုက်သိုက်ဝန်းဝန်း နေချင်ကြတာ ကျနော်တို့ အရှေ့တိုင်းထုံးစံနော်။ သိပ်ချစ်စရာကောင်းတာပါပဲ။ မိဘက အခုအချိန်အထိ သားသမီးကို လုပ်ကိုင်ပေးတုန်း။ သားသမီးတွေကလည်း မိဘတွေလိုအပ်သမျှဖြည်းဆည်းပေးကြဖို့အဆင်သင့်။ ဘယ်လောက်သွေးတွေ နွေးထွေးစေမလဲ။ ခွန်အားတွေ ဖြစ်တည်စေမလဲ။ သိတတ်သမှုအပြည့်နဲ့ စာထမင်းဟင်းရယ်လို့ အမက ကန်တော့တာကို အမရဲ့အမေက ကြည်ဖြူစွာလက်ခံမှာပါအမရယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိဘက သားသမီးဆီက ဘာကိုမှ မမျှော်လင့်ခဲ့ပါဘူး။ သိတတ်မှုလေးမြင်ရရင်ကို သူတို့မှာ ၀မ်းသာပီတိ တစိမ့်စိမ့်ကြည့်နေကြတတ်တာ။ သူလက်ခံမှာပါ ၀မ်းသာမှာပါ။ ကျနော်လည်း ဒီညအမေ့ကို လွမ်းလိုက်ဦးမယ်ဗျာ....

မြစ်ကျိုးအင်း said...

ဖတ်လို့ကောင်းတာကို အထူးမပြောတော့ပါဘူး
ဘာကြောင့်ဆိုတော့ အမေ ဆိုတဲ့ စကားလေးနှစ်လုံး ကိုကပြီးပြည့်စုံတဲ့ အနှစ်သာရပါပဲ

Unknown said...

အစ်မမွေးနေ့များလားဟင်။
မွေးနေ့ဆိုလဲ.. ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို
ကိုအကျော်နဲ့အတူ ဖြတ်သန်းနိုင်ပါစေနော်။
အစ်မမွေးတုန်းက ကံ့ကော်တွေပွင့်နေတယ်ဆိုလို့ပါ။
အခုချိန် မြန်မာပြည်မှာ ကံ့ကော်ပွင့်နေပြီလေ။

မီယာ said...

ဖတ်ပြီး အမကို သနားလိုက်တာ... မိဘ အသက်ရှင်စဉ်က ချစ်ချစ်ခင်ခင် နေခဲ့ပြီး ပြုစုခဲ့ဖူးတာ သတိရပြီး စိတ်ဖြေပါအမရယ်... ရှေ့ဆက်ရမယ့် ခရီးက အရှည်ကြီး ရှိသေးတယ်မဟုတ်လား

Anonymous said...

ကျွန်တော်ကတော့ အမထက် နည်းနည်းပိုကံကောင်းတယ်။
အနားမှာ အမေရှိသေးတယ်။ အမေနဲ့ အဖေကို ၁၀တန်းအောင်ကတည်းက လုပ်ကျွေးလာတာလေ။ အဖေဆုံးတဲ့အထိပေါ့........ အခုလဲ အမေနဲ့ပဲလေ....
ခွဲမနေနိုင်လို့...အခုလဲ အမရေးတဲ့ စာဖတ်ပြီး အမေ့ကို ပြေးနမ်းလိုက်တယ်။ အမေ့ပါ့းက သနပ်ခါးနံ့သင်းဆဲလေ..

ဆောင်းယွန်းလ said...

အေးမြလှတဲ့ အမေ့ရဲ့ မေတ္တာရင်ခွင်အောက်မှာနေရရင်
အရာအားလုံးပြီးပြည့်စုံမှာ အသေအချာပဲဆိုတာ အသက်ကြီးလာလေ ပိုသိလာလေပါပဲ မချိုသင်းရေ.
ထပ်တူထပ်မျှ အပြည့်အဝ ခံစားလို့ရပါတယ်ဗျာ..

သက်ဝေ said...

ချိုသင်းရေ...
အမလဲ မေမေ့ကို သတိရနေတာ...
ချိုသင်းရေးထားတာလေး ဖတ်ပြီး
ပိုလွမ်းသွားတယ်...။

ဂျူနို said...

စာထမင်းစာဟင်းတဲ့ လားချစ်စရာကောင်းလိုက်တာ။

yehtutnaung said...

အမစာ ဖတ်ပြီး အမေ့ကို ပိုသတိရသွားတယ်။
နှိုင်းတုလို့  မရနိုင်တာမို့  ရှိတဲ့အချိန်လေးမှာ တတ်အားသမျှ ဂရုစိုက်ရမှာ သားသမီးတွေရဲ့  တာဝန်ပါ။

P.Ti said...

အမရယ်.. မျက်ရည်တောင်ဝဲမိပါတယ်

မေငြိမ်း said...

အင်း မတ်လ ၁၅ရက်နေ့မို့ အမေ့ကို ပိုလွမ်းသွားတာလား.. သမီးးးး
ချမ်းမြေံပျော်ရွှင်ပါစေ....
ချစ်တဲ့
ဆရာမ

kay said...

မချိုသင်းရဲ့စာထဲက မေမေ..ဖေဖေ..အမတွေ အားလုံးဟာ ကြည့်ပြီးသားရုပ်ရှင်တကားလိုပါပဲ။ အကုန် မြင်ကြည့်လို့ရနေတယ်။ ဘ၀မှာ ချစ်ခင် ရသူတွေ ဆုံးရှုံးရတဲ့ ခံစားချက်ကို ထပ်တူ ထပ်မျှ ခံစားကြည့်ပေးမိပါတယ်။ မချိုသင်း..ပျော်ရွှင်ကျန်းမာပါစေ။

ဘုန်းမြင့်သူ said...

မိုးချိုသင်းရယ် ... အမေ အကြောင်း စာဖွဲ့ချင်တာ ရိုးရိုးသားသားဖွဲ့ပါလား။ အနောက်နိုင်ငံက အိမ်ရှင်မတွေ မပြောနဲ့ စင်ကာပူက အိမ်ရှင်မတွေတောင်မှ အလုပ်တစ်ဖက်နဲ့မို့လို့ ကလေးတွေကို ထိန်းရတာ မနိုင်မနင်းဖြစ်နေတာ။ ခင်ဗျားတွေ့ပုံအရဆိုရင် ဆေးရုံကို ကလေး ၂ယောက်နဲ့လာတယ်။ ကူဖော်လောင်ဖက် မပါဘူး။ သူတို့ဆီမှာက ကလေးတွေက ကိုယ်ထူကိုယ်ထ အားလုံး လုပ်တတ် ကိုင်တတ်တွေ digital generation တွေချည်းပဲ။ ဒီက မြန်မာ ကလေးအမေတွေဆိုရင် shopping mall, ဆေးရုံတို့သွားရင် အနောက်မှာ အိမ်ဖော်တွေ ၂ယောက် ၃ယောက်။ ခင်ဗျားလည်း အကူနဲ့ ကြီးလာတာပဲ။ ခင်ဗျား အမေသာ ခင်ဗျားတို့ လို ကလေးတွေကို ထိန်းပေးမယ့်သူ မရှိရင် သူလည်း ကောင်းကောင်း ရပ်တည်နိုင်မှာ မဟုတ်ဘူး။ အမြင် မကျဉ်းစမ်းပါနဲ့။ စာရေးတာ ရိုးသားပါ။ သူများကို နင်းပီး ကိုယ်ရည်ကိုယ်သွေး မချီးမွမ်းပါနဲ့။

HAPPY CLOUD said...

((((ဟောဗျာ))))
အကြောင်းအရာပိုင်း၊ ယုတ္တိပိုင်းထက် ကိုယ်စီရဲ့ အမေတွေကို ပြန်လည်အမှတ်ရနေစေဖို့ သတိပေးတဲ့ ပိုစ့်ဖြစ်တဲ့ အတွက်... ကျေးဇူးပါ။

မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပက္ခာတရား အားလုံးနဲ့ယှဉ်ပြီး ကွန့်မန့်တွေပါ ဖတ်ခဲ့ပါတယ်။

ခင်မင်လျက်..
မိုးမောင်

Moe Cho Thinn said...

မှတ်တမ်းလေးများ သို့
ကျမပဲ အရေးမတတ်တာလား မသိ၊ သူများကို နင်းပြီး ကိုယ်ရည်သွေးတယ် ထင်အောင် ရေးမိသလိုများ ဖြစ်သွားသလား။ ကျမလဲ ဒီကွန်မန့်ဖတ်ပြီး ငါဘာများ ကိုယ်ရည်သွေးမိပါလိမ့်လို့ အံ့သြသွားမိတယ်။ ကိုယ်မသိ နားမလည်တဲ့ သူများဓလေ့စရိုက် တခုကို ဘာများ နှိမ်စရာ၊ နင်းစရာ ရှိပါ့မလဲ။ ကိုယ့် ယဉ်ကျေးမှုနဲ့ မတူလို့ မတူဘူး သာ ပြောစရာ ရှိပါမယ်။ ပို့စ်ထဲမှာလဲ ကျမ အမေကလဲ ကလေးထိန်းမရှိဘဲ ရပ်တည် ရုန်းကန်နိုင်တယ်လို့ မ၀င့်ကြွားမိဘူး ထင်ပါတယ်ရှင်။ မွေးနေ့မှာ ကိုယ့်ကို မွေးခဲ့တဲ့အမေ နဲ့ ငယ်ဘ၀ကို သတိရ လွမ်းဆွတ်မိတာသက်သက်ပါပဲ။ အထင်မြင်မှားသလို ရေးမိတယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး။

စာရေးတာ ရိုးသားဖို့ ဆိုတာကတော့ ကျမကို အမေ မွေးကတည်းကပေးခဲ့တဲ့ နံမည်ရင်းနဲ့ စာရေးနေသူ တယောက်ပါ။ ဘလော့ဂ်မှာ လွတ်လပ်လို့ ပျော်ပျော်ရွှင်ရွှင် စာရေးနေတာပါ။ ကိုယ်ရေးသမျှ ကိုယ်နဲ့ပဲ ဆိုင်တာမို့ ရိုးသားတာ မရိုးသားတာ ကျမအပေါ်မှာပဲ ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှာပါ။ အမြင်ကျဉ်းတယ် ထင်လို့ သတိပေးတာဆိုရင်တော့ ကြိုးစားရအုံးမှာပေါ့။
စာလာဖတ်တဲ့အတွက် ကျေးဇူးတင်နေပါတယ်။
မိုးချိုသင်း

Sein Lyan Tun said...

မိဘ အကြောင်းလေးများရေးရင်
အလွမ်းဓာတ်ခံရှိတဲ့ ကျနော့်အဖို့ က
မျက်ရည်ဝိုင်းတယ်..
အမေ့ မျက်နှာ အမေ့အသံလေး မြင်ရ ကြားရတာနဲ့ 
တင် အားလုံးက ပြည့်စုံပါတယ်..
အမ အမေ့ကိုလွမ်းတာကန်တော့တာ
ဖွယ်ဖွယ်ရာရာ မရှိဘူးဆိုပေမယ့်
အရသာ အပြည့်ပါဗျာ..

Libra said...

အစ်မ ဘလော. ကိုအမြဲဝင်ဖတ်ဖြစ်ပေမယ်. တခါမှ Comment မရေးဖူးဘူး ခုဒီ “စာထမင်း စာဟင်း“ ဖတ်ပြီးတော. ညီမ မေမေလဲ ညီမတို. ငယ်ငယ်က နွေရာသီညတွေဆို ယပ်ခပ်ပေးရတာ တညလုံးနီးပါးပဲ
အစ်မ ကစာရေးအရမ်းကောင်းတယ် မျက်လုံးထဲမှာ ကွက်ကွက် ကွင်းကွင်း ပေါ်အောင်ရေးတတ်တာ အရမ်းအားကျတာပဲ အစ်မစာတွေကိုအမြဲအားပေးနေမယ်နော်

May Sithu Aung said...

မှတ်တမ်းလေးများ သို့

မမိုးချိုသင်း စာရေးတာ မရိုးသားဘူး လို့ ပြောတာ ရှင် တယောက် ပဲ ရှိတယ်။
ကျွန်မ အနေနဲ့ တော့ "ငါ့အမေသာဆိုရင်......ဆိုတဲ့ရိုးသားတဲ့ အတွေးနဲ့ အရေးအသား" လို့ ပဲ မြင်ပါတယ်။
တချို့ လူတွေဟာ ကိုယ်နဲ့  နှိုင်း ရိုင်းတယ် ထင် တတ်ကြတယ်၊
ရှင် အဲဒီလို လူမျိုးများလားလို့  သံသယ ဝင်စရာပါပဲ။
မိပ။

လုလု said...


မ ရေးတဲ့စာလေးတွေ အရမ်းကြိုက်လို့ အမြဲလာဖတ်ဖြစ်တယ်။
အမေ့အကြောင်းရေးထားတာလေး ဖတ်မိပြီး ကြည်နူးလိုက်၊ လွမ်းဆွေးလိုက် ရသစုံ ခံစားခဲ့ရတယ်။
မ အရေးအသားတွေ အရမ်းကြိုက်တယ်နော်။
အားပေးလျက်ပါနော်

သက်ဝေ said...

Happy Belated Birthday ပါ ချိုသင်းရေ...
အလုပ်များနေလား... အလုပ်တွေ ပါးသွားရင် စာတွေများများ ဆက်ရေးပါလေ...

သစ်နက်ဆူး said...

မမိုးချို..
စာလာဖတ်ပါတယ်..။
ငယ်ဘ၀ကို တမ်းတနေတာရယ် မိဘတွေကို
လွမ်းဆွတ်နေတတ်တာလေးရယ်ကို ...
ရင်နဲ့ ထပ်တူ ခံစားဖတ်ရှုမိပါတယ်..။
မြန်မာလူမျိုးတဦးအနေနဲ့ လူဖြူတွေရဲ့  သားသမီးနဲ့ မိဘ ထားရှိကြတဲ့ မေတ္တာတရားကို ဘေးက ခံစားပြီးရေးတာကို လက်ခံပါတယ်..။
မိဘက သားသမီးကို ချစ်တာနည်းနည်းတူချင်တူနိုင်ပေမယ့် ...တော်တော်ကြီးကို ကွာပါတယ်..။
ဥပမာ...မီးလင်းဖိုရှိတဲ့ အိမ်ထဲကနေ ရေခဲပြင်ထဲက မီးလင်းဖိုမရှိတဲ့ အိမ်ကို ကြည့်သလိုပါဘဲ..။
အနီးကပ်နေဘူးလေ...
မိဘနဲ့ သားသမီးချစ်ခြင်း ကွာခြားလေဆိုတာ
ပိုသိရတယ်ဗျ..။
ကျနော်တို့ က မြန်မာမိခင်တွေဆီမှာ လူဖြစ်ခွင့်ရတာ
ဂုဏ်ယူဘို့ ကောင်းပါတယ်..။
ပျော်ရွှင်ပါစေ..။
ဒီပို့ စ်နဲ့ ကွန်မန့် တွေဖတ်မိတော့
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းကို သတိရသေးတယ်..။
တချီိတည်းနဲ့ ပေါက်ချင်တော့...
မောင်သာနိုးတို့  ဒဂုန်တာရာတို့ ခေါင်းကို
သွားပုတ်ပြီးဝေဖန်တာလေးတွေကိုပါ..။
သတိရယုံလေးပါ..။
ဘယ်သူ့ ကိုမှ အထင်သေးစော်ကားချင်လို့ မဟုတ်ပါဘူး..။

း) အနေအထိုင်ဆင်ခြင်ပြီး....ရိုးသားပါ..။
နဂါးခေါင်းက အစာတွေ့ တဲ့ ဘက်လှည့်ပြီး...ပြဿဒါး
က ရက်ရာဇာမှာ ရက်ထပ်ကျနေတယ်..
ယတြာ။။။ သူများမျက်နှာ မကောင်းဖြစ်တဲ့ အထိ..
ဝက်သား ချက်ပါ..။

Unknown said...

I have read your post with tear because I also remember my mum. After reading, I promise myself to look after her more than before. Thank you.

Kaung Kin Ko said...

အမေ့ကို လွမ်းသွားပြီ

မမသီရိ said...

ညီမချိုသင်းရေ.. ထုံးစံ အတိုင်း မမ အရောက်နောက်ကျတယ်
ဒါပေမဲ့ ညီမ အိမ်လေးထဲ အကြာကြိး နေသွားတယ်နော်
ဒီအိမ်လေး ကို တကယ် ငြိတွယ်နေမိလို့ ပါ..
မိသားစု... မိသားစု ဆိုတာရယ်
နွေးထွေးတဲ့ မေတ္တာတွေ ရယ်
ရိုးသားတဲ့ သစ္စာတွေ ရယ်
ဒီအိမ်လေးထဲ မှာ ပြည့်နေတယ်
ညီမ ရဲံမေမေ့ အကြောင်းရေးထားတဲ့ ဒီပို့စ်လေး မမ print လုပ်သွားပါတယ်
ပေးဖတ်ရမဲ့သူတွေ ရှိလို့ ပါ..
ညဖက်မိတ်ထွက်လို့ ယပ်ခပ်ပေးတဲ့အကြောင်းနေရာလေး ရောက်တော့ .. မေမေ့ ထက်ဖေဖေ့ ကို ပိုသတိရမိတယ်
မမ ငယ်ငယ် တုန်းက ဖေဖေ က အမြဲ ယပ်ခပ်ပေးတာကိုး
....
ကလေးငယ်ငယ်လေးတွေ မိဘ ကို ကူ ရတာနဲ့ ပတ်သက်လို့ ပြောရရင်
မြန်မာပြည်ထဲက မြို့လေးတမြို့ မှာ မမ အလုပ်လုပ်ခဲ့ တုန်းက မြင်ကွင်းလေးတွေ ပြေးသတိရမိတယ်
အဲဒီက မိခင်တွေ က birth spacing မလပ်ြကြဘူ
မွေးကြတာ ဆက်တိုက်.. သူတို့ အပ်ြင များ ထွက် ကြပြီ ဆိုရင် ကလေးလေးတွေ စီလို့.. အများအားဖြင့်ဆို ၅ နှစ် ၆ နှစ်ကလေးတွေ ဈေးသွားနေကြပြီ.. ယုံစရာ မရှိဘူးနော်
၇ နှစ် ၈ နှစ်တွေ က အောက်က အငယ်လေး ကို ချီလို့..း)..
အမေတွေ က လက်လွတ် လမ်းလျှောက်ကြတာ..
................
ဘေးစကားတွေ ဂရုမစိုက်ကြေးနော်..း)..
..........
ဒါနဲ့
မွေးနေ့ က မတ် ၁၅ လား
ဒါဆို မမ နဲ့ မွေးနေ့ တူနေပြီ..း )

khin oo may said...

ကြည့်စမ်း ဒီလို လုပ်တာ ကောင်းသလား။

happy birthday...

Libra said...

မှတ်တမ်းလေးများဆိုတဲ့ အဆိုးမြင်ဝါဒီရေ......
တကယ်ပဲအံ့သြမိပါရဲ့... ညီမကစာဖတ်ရင် စာရေးဆရာရဲ့ အာဘော်နဲ့အရေးအသားကို ကြည့်ပြီး ခံစားပြီးမှဖတ်တတ်တာ အစ်မ မိုးချိုလို အဲ့လောက်စေတနာကောင်းတဲ့ စာရေးဆရာကို ရှင်မို့လို့ ပြောရက်တယ်... ရှင်ကရော ဘယ်လောက်စာရေးတတ်လို့ အဲ့လိုပြောရတာလဲ အစ်မရာ ညီမသိပ်စိတ်တိုတာပဲ တကယ် ညီမအမြဲ အားပေးနေမယ်နော်....
အစ်မရဲ့အမှန်အကန်ပရိတ်သတ်
ဖူးအိ

Libra said...
This comment has been removed by the author.
Unknown said...

MaMa Moe

Mama's birthday date ko thi chin loh , post tway ko pyan shar pe read tar , shar loh ya pe :P


M3

Fan said...

အစ်မရေ...ငိုချင်လိုက်တာ..မာမားကိုလဲလွမ်းတယ်။ ဟင့်ဟင့်

အင်ကြင်းသန့် said...

အစ်မရေ...ဒီပိုစ့်လေးကိုဖတ်ပြီးအဝေးကမေ့ကိုသတိရလာလို့ မျက်ရည်တွေဝဲလာတဲ့အထိပါပဲ...ဒါပေမယ့်အစ်မပြောသလိုပဲ...
အမေ့ကိုလွမ်းတဲ့အလွမ်းတွေကို နှလုံးသားရဲ့တစ်နေရာမှာထုပ်ပိုးထားမှပဲ ဘ၀ခရီးကို ဆက်လျှောက်လှမ်းနိုင်မယ်ဆိုတာကတော့ အမှန်ပါပဲ

Unknown said...

a ma,
I read this story i very sad.u are right.
sometime i have problem i remember first my mom.I very like this story.thank u ma moe.



Phyo

Unknown said...

အမေ့ကို သိပ်သတိယမိပြီး မျက်ရည်ဝဲမျှ ခံစားရတယ်။ ဟုတ်တယ် နွေရာသီမှာ အမေ ယပ်ခတ်သိပ်တာကိုသာ တမ်းတခဲ့မိပြီး ကိုယ်ကပြန်ပြီး ယပ်ခပ်ပေးဘို့ မစဉ်းစားမိခဲ့ဘူး။ စဉ်းစားမိတဲ့ အချိန် အခွင့်အလမ်းက မသာတော့ဘူးလေ။

ချိုသင်းရဲ့ စာထမင်း စာဟင်းကို အခုမှ ဖတ်မိတယ်။ စောစောကသာ ဖတ်မိခဲ့ယင် ဘယ်လ်ဂျီယံမှာ တွေ့စဉ်ဒီအကြောင်းကို ပြောဖြစ် ဆွေးနွေးဖြစ်နေဦးမှာ

ဘုန်းသြ