မွေးနေ့ ဆုတောင်း

ဟိုးငယ်ငယ်က နေ၀င်ရီတရော ညနေစောင်းကလေး မိသားစု လမ်းလျှောက်ထွက်ကြတဲ့ အချိန်လေး တချိန်ကို ကိုယ်သတိရနေမိတယ်။

ကိုယ်တို့ မိသားစုက ညနေဖက်တွေဆို ထမင်းစားသောက်ပြီးရင် တက္ကသိုလ်ရိပ်သာလမ်း တလျှောက်ကနေ ပင်မတက္ကသိုလ်ဖက်ကို လမ်းလျှောက်ထွက်တတ်ကြတယ်။ ငှက်တွေလဲ အိပ်တန်းပြန်ပြီ။ နေရီဖျိုးဖျမှာ ကျီးတွေကလဲ အုပ်စုလိုက် အာ လို့။

ခရေတွေက မွှေးမွှေး လမ်းကလေးတလျှောက် ကိုယ်တို့ကလေးတွေက ရှေ့ ကပြေးတော့ အဖေနဲ့အမေက နောက်က စကားတပြောပြောနဲ့ လိုက်ကြတယ်။ ကိုယ်တို့ကလေးတွေက လိုက်တမ်းပြေးတမ်း ဆော့သလိုနဲ့ ရှေ့ကို ပြေးသွားလိုက်ကြ၊ နောက်မှာ ကျန်ခဲ့တဲ့ အဖေတို့ အမေတို့ဆီ ပြေးလာလိုက်ကြ။

တခါတလေ လမ်းမှာ အသိနဲ့တွေ့လို့ အဖေတို့ ရပ်စကားပြောနေရင် ကိုယ်တို့ကလဲ ဘေးကနေ ၀ိုင်းမော့ နားထောင်လို့။ ပြီးတော့ လူချင်းခွဲ၊ လမ်းဆက်လျှောက်ကြပြန်တယ်။ အဖေ့ထုံးစံက သူ့မိတ်ဆွေတွေကို ကိုယ်တို့သားသမီးတွေ ဘယ်လောက်ပဲ ငယ်နေပါစေ၊ လူရာသွင်းပြီး နံမည်နဲ့ မိတ်ဆက်ပေးတတ်တာပါ။

ဒါကတော့ ပထမသမီး၊ သူကတော့ ဒုတိယ၊ သူကတော့ တတိယ သမီးလေ၊ ဟိုပြေးနေတဲ့ ကလေးက နံပါတ် (၄)ပေါ့၊ သားကတော့ အငယ်ဆုံး ..ယောကျာင်္းလေး တယောက်ပဲ ပါတယ် စသဖြင့်ပေါ့။ ပြီးရင် မိတ်ဆွေတွေရဲ့ နံမည်ကို ပြောပြတတ်တယ်။ ဒါကတော့ ဦးဦး ဘယ်သူ တဲ့၊ မှတ်ထားနော် သမီး။ ဒါကတော့ အံတီ ဘယ်သူပေါ့။ ကိုယ်တို့လဲ ဟုတ်ကဲ့၊ ဟုတ်ကဲ့ရှင့် နဲ့ ပြောပြော ပြေးပြေး ဆော့ဖို့ စိတ်ရောက်သွားတော့တာပါပဲ။

တညနေတော့ အဲဒီလို မိသားစု လမ်းလျှောက်ရင်း အဖေတို့ အသိတယောက်နဲ့ လမ်းမှာတွေ့လို့ စကားပြောနေတယ်။ ကိုယ်တို့လဲ ပြေးရင်း ဆော့ရင်း အဖေတို့နားကပ်ပြီး ဘယ်သူများလဲလို့ စပ်စုမိတော့ ပိန်ပိန် အသားဖြူဖြူဝင်းဝင်း အမျိုးသမီး ငယ်ငယ် တယောက်။ မြန်မာဆန်ဆန် ခပ်ရိုးရိုး ၀တ်လို့၊ စာအုပ်တချို့ကို ရင်မှာ ပိုက်လို့။

ကိုယ်တို့ အနားရောက်သွားတော့ အဖေက သမီးတို့ လာပါအုံး၊ သမီးတို့ ဗိုလ်ချုပ်အောင်ဆန်းကို သိတယ် မဟုတ်လား တဲ့။ ခေါင်းညိတ်မိတော့ “အဲဒါ ဗိုလ်ချုပ် သမီးပဲ” တဲ့။ ကိုယ်တို့လဲ အံ့သြသွားတာပေါ့။ ဗိုလ်ချုပ်ကိုတော့ ကောင်းကောင်းသိတာပေါ့။
“အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
တို့ဗမာပြည် အမှောင်တွင်း
သူခေါင်းဆောင်လို့ လင်း”
လို့ အိမ်မှာ အမြဲဆိုနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတော့ မှတ်မှတ်ထင်ထင် ရှိသွားရတာပေါ့။ နောက်ပြီး သူ့မျက်နှာက ကြည်လင်ပြုံးချို လွန်းလို့ တခါတွေ့ဖူးရင် တသက်မှတ်မိသွားတာမျိုး။

အခုလဲ စာကြည့်တိုက်ကလား၊ စာအုပ်ဆိုင်ကလား ပြန်ခဲ့ပုံပါပဲ။ လက်မှာလဲ စာအုပ်တပွေ့ နဲ့။ သူက နိုင်ငံခြားမှာ ကျောင်းသွားတက်နေရာက ကျောင်းပိတ်ရက် အိမ်ပြန်လာတာတဲ့။ အဖေနဲ့ စာအုပ်ကိစ္စတွေ ပြောကြ ဆိုကြပုံရတယ်။ အဖေက သူပြန်လာတိုင်း သူလိုချင်တဲ့ စာအုပ်တွေ ရှာပေး၊ စာကြည့်တိုက်တွေ အတူသွားကြတယ်။ အဖေတို့ အမေတို့ထက် အများကြီး ငယ်ပုံရပေမဲ့ အဖေရော အမေရော တလေးတစား ဆက်ဆံ စကားပြောနေကြတာ ကိုယ်မှတ်မိနေတယ်။

နောက်တော့ ကိုယ်တို့လဲ အရွယ်ရောက် တက္ကသိုလ်တက်ကြတော့ ၈၈ အရေးတော်ပုံကြီး စ ခဲ့ပြီ။ အဲဒီအချိန်မှာ သူက မိခင် ဒေါ်ခင်ကြည်ကို ပြုစုဖို့ မြန်မာပြည်ကို ရောက်နေတာနဲ့ ကြုံကြိုက်နေတာမို့ မြန်မာ့နိုင်ငံရေးထဲ ပါဝင်ရဖို့ ဖြစ်လာတယ်။ သူ့သတင်းတွေထဲမှာ စွဲနေတာ တခုက “ပြည်သူ့ဖက်ကို အပြတ်လိုက်မယ်” တဲ့။

နောက် ဒေါ်ခင်ကြည် ဈာပနမှာ အဖေက ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ ကဗျာတပုဒ် စပ်ခဲ့ပါတယ်။ အဲဒီကဗျာက “သမီးလက်သို့ အောင်သပြေခက်” တဲ့။ မိဘတွေရဲ့ တိုင်းပြည်ချစ်စိတ်နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်တွေကို သမီးလက်ကို လက်ဆင့်ကမ်းလိုက်တဲ့ အကြောင်းကို စပ်ဆိုလိုက်တဲ့ ကဗျာလေးပါ။

နောက်တော့ ကိုယ်တို့လဲ အရေးတော်ပုံကြီးမှာ အုတ်တချပ် သဲတပွင့် ကျရာ နေရာက ပါဝင်ခဲ့ကြတယ်။ အဖေကတော့ ကလောင်နဲ့ တိုက်ပွဲဝင်၊ ပြည်သူ့ ကဗျာတွေ ရေးစပ်ရင်း NLD ရဲ့ ပင်တိုင် ကဗျာဆရာ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ အဖေက ပါတီဝင် မဟုတ်တဲ့ တဦးတည်းသော NLD တတ်သိပညာရှင် အဖွဲ့ဝင်ပါ။ ရုံးထုံးတမ်းစဉ်လာတွေ ဘာမှ နားမလည်သူမို့ ကဗျာပဲ ရေးပါရစေဆိုတာကို “တတ်သိပညာရှင်ထဲ ဆရာပါရမှာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးလို့ ပါဝင်ခဲ့ရတာပါ။

ကဗျာဆရာကတော့ သူ့အလုပ် သူလုပ်တာပါပဲ။ အဲဒီကဗျာတွေကို နံမည်ဝှက်နဲ့ မရေးဘဲ မူရင်း နံမည်နဲ့ပဲ ရေးလို့ ကဗျာဆရာ ထောင် ဆုရခဲ့တယ်။ စစ်အစိုးရရဲ့ မျက်မာန်ရှ ငြိုးဖွဲ့တာ ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်လဲ အကျယ်ချုပ် ၆နှစ် ကျ ခဲ့ပြီး နေအိမ်အကျယ်ချုပ်က လွတ်လာတော့ အဖေနဲ့တွေ့ချင်တယ်ဆိုလို့ ကိုယ်တို့သားအဖတတွေ သွားတွေ့ခဲ့ကြပါတယ်။

အဲဒီတုန်းက ဆုံခဲ့ရတာ ကိုယ် မမေ့နိုင်ဘူး။ သူ့မျက်နှာက ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင်။ ထမင်းစားခန်းလေး ထင်ပါရဲ့၊ အဲဒီမှာပဲ ကိုယ်တို့စကားပြောကြတယ်။ စကားပြောကြတာ ဘာမှ ထူးထူးထွေထွေ မပါပါဘူး။ မိသားစု စကားဝိုင်းလိုပဲ ပျော်စရာကောင်းတယ်။ သူက ဟာသဥာဏ်လဲ ရွှင်တော့ တချိန်လုံး ရီမောနေရတာပေါ့။

အဲဒီတုန်းက ဒေါ်စုပြောတဲ့ အကြောင်းလေးတခု ကို မှတ်မိနေဆဲ။ သူ နေအိမ်မှာ အကျယ်ချုပ်ကျတုန်း စာအုပ်တွေ ရှင်းတုန်း ကဗျာလေးတပုဒ် တွေ့တယ် တဲ့။ သူ့အဖေ ဗိုလ်ချုပ် အောင်ဆန်း စပ်ထားတာပါ တဲ့။ သူက ရယ်ရယ်မောမောနဲ့ “ကဗျာကလဲ ကာရန်တွေဘာတွေ သိပ်မမိဘူး ဆရာ၊ ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ဆိုတဲ့ သဘောမျိုး စပ်ထားတာ” တဲ့။

သူလဲ သူ့အဖေ ကဗျာစပ်တယ် မကြားဖူးတော့ အံ့သြမိတယ် တဲ့။ အဲဒီကဗျာမူရင်းကို အဖေ့ကို လက်ဆောင်ပေးချင်ပါတယ် တဲ့။ ဒါပေမဲ့ သူ့ကိုလဲ တခုတော့ ပြန်ပေးရမယ် လို့ သူက ရီမောရင်း ပြောတယ်။ ဒါကိုတော့ သမီးတွေ လုပ်ပေးနိုင်မလားဘဲ လို့ ကိုယ်တို့ဖက်ကို လှည့်ကြည့်ပြီး ပြောသေးတယ်။ သူလိုချင်တာက ကိုယ်တို့အဖေ စပ်ထားတဲ့ ကဗျာတွေ အားလုံး ရနိုင်ရင် လိုချင်ပါတယ် တဲ့။ သူ စာအုပ်ရေးချင်လို့ တဲ့။

နောက်တော့ ကိုယ်တို့ အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ အဲဒီအချိန်မှာ သူ့အမျိုးသား မိုက်ကယ်အဲရစ်စ်လဲ အိမ်ထဲဝင်လာလို့ သူနဲ့ပါ အတူ မိသားစု ဓာတ်ပုံရိုက်ကြတယ်။ မိုက်ကယ် အဲရစ်စ်က ခြံထိပ်မှာ စောင့်နေတဲ့ စစ်သားလေးတွေနဲ့ ခင်နေလို့ သူတို့နဲ့ စကားသွားပြောနေရာက ပြန်လာတယ်လို့ ဆိုတယ်။ သူတို့ နှစ်ယောက် တယောက်နဲ့ တယောက် သိပ်ချစ်မြတ်နိုးကြတာ သိသာလို့ ကိုယ်တို့စိတ်ထဲ ကြည်နူးပီတိ ဖြစ်မိပါတယ်။

နောက် ၁၀နှစ်ကျော်ကြာတော့ အဖေလဲ မရှိပြီ။ ကိုယ်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လဲ ချစ်ခင်သူတွေနဲ့ ခွဲခွာပြီး အင်းစိန်ထောင်မှာ အချိန်ဆွဲ မတရား အချုပ်အနှောင်ခံနေရရှာပြီ။ သူချစ်တဲ့ ခင်ပွန်းရဲ့ နောက်ဆုံး အချိန်လေးတောင်မှ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တွေ့ခွင့်မရခဲ့။ အာဏာရှင်တွေလဲ စစ်သွေးကြွတုန်း၊ လူထုလဲ အပူတွေနဲ့ မျက်ရည်ကျရတုန်း။ အရေးတော်ပုံလဲ မပြီးဆုံးသေး။

အဖေ ၂၀၀၄ခု က စပ်ခဲ့တဲ့ ကဗျာတပုဒ်နဲ့ ၁၉ရက် ဇွန်လမှာ ပြည့်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ကို ရည်စူးပြီး ကိုယ် မွေးနေ့ ဆုတောင်းချင်မိပါတယ်။ ကဗျာလေးကို ဖတ်ကြည့်ကြပါအုံး။




“စု” အာဇာနည် သက်တော်ရှည်

ချစ်သူရဲ့ မျက်နှာ
ချစ်သူရဲ့ ဝေဒနာကို
မေတ္တာစိတ် စာနာစိတ်တွေ လျှံဖိတ်နေပေမဲ့
တိတ်တဆိတ် ကျောခိုင်းပြီး
သံတံတိုင်းကြားက မျက်ရည်သုတ်ပြီး
နောက်ဆုံး နှုတ်ဆက်ခဲ့ရှာတဲ့ “စု”။

ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကို
ကိုယ်နဲ့ထပ်တူ နှိုင်း
ကျောမခိုင်းရက်
ချစ်သူကိုသာ လက်ပြ ထွက်ခွာခဲ့ရှာတဲ့ “စု”။

ကိုယ့်ဒုက္ခ ကိုယ့်ဝေဒနာထက်
တိုင်းပြည်ရဲ့ ဒုက္ခနဲ့ ဝေဒနာကိုသာ
မဖြေသာနိုင်အောင် ခံစားပြီး
အမှန်တရားကိုသာ ဦးတည်တဲ့
အောင်ဆန်းစုကြည် ဆိုတဲ့ တို့ခေါင်းဆောင်။

သူ့နှလုံးသားကို စတေး
သူ့သွေးကို လှူတဲ့
သူမတူတဲ့ အာဇာနည်
သက်တော် ရာကျော် ရှည်ပါစေ။

တင်မိုး
၃၊၆၊ ၂၀၀၄

လူထုက ချစ်တဲ့ လူထု ခေါင်းဆောင် တယောက် ပေါ်ပေါက်ဖို့ဆိုတာ ခက်ခဲလွန်းလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ် ငြိမ်းချမ်းပြီး အသက်ရာကျော် ရှည်ပါစေ။
လူတဦးတယောက်ကို အထူးကြောက်ရတဲ့ အာဏာရှင်စနစ်လဲ ကျဆုံးပါစေ။



မိုးချိုသင်း
(ပန်းချီးကားက ပန်းချီဆရာ ကိုသန်းဌေးမောင်ရဲ့ လက်ရာပါ)

42 comments:

Su said...

ထပ်တူထပ်မျှပါ

ထက်စုနှင်းဆီ said...

သူမလို စိတ်ဓာတ်
သူမလို ကြံ့ခိုင်မှု
သူမလို အရည်အချင်း
သူမလို မြင့်မြတ်မှုက
မတရားမှုအပေါင်းရဲ့ ရက်စက်မှုနဲ့
လားလားမှ မထိုက်တန်ပါဘူး........

သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်တောင်း...

ATN said...

အာဏာရှင်စနစ် လုံးဝ ကျဆုံးရမည်...
ဒေါ်အောင်ဆန်းစုကြည် သက်တော် ရာကျော် ရှည်ပါစေ...

kiki said...

သူ့နှလုံးသားကို စတေး
သူ့သွေးကို လှူတဲ့
သူမတူတဲ့ အာဇာနည်
သက်တော် ရာကျော် ရှည်ပါစေ။


မြန်မာပြည်သူ ပြည်သားများရဲ့  စစ်မှန်တဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
သက်တော်ရာကျော်ရှည်ပါစေ။
စစ်အာဏာရှင်စနစ် အမြန်ဆုံး ကျဆုံး ပါစေ ။

P.Ti said...

အမချိုသင်းတို့ အမေစုနဲ့ ရင်းနှီးစွာပြောဆိုဖူးတာ ကံကောင်းပါတယ်။

ကျွန်တော်တို့ တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းရှိတုန်း အာဏာရှင်လက်က အမြန်လွတ်မြောက်ပြီး အမြန်ဆုံး တိုးတက်ပါစေ။ အဲဒီတိုးတက်မှုတွေကို အမေစုတစ်ယောက် ခံစားသိရှိ ကြည်နှုးနိုင်ပါစေ။

အမေစု ကျန်းမာရွှင်လန်းပါစေ။

phyuphyusoe said...

ဟုတ်ပါတယ်အမရေ..အမေသက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပါတယ်

နွေးနေခြည် said...

အမေစု ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးပါစေ...
မတရားမှုအပေါင်းမှ အမြန်ဆုံး လွတ်ကင်းပါစေ...
သက်တော်ရာကျော် ရှည်ပါစေ...

သက်ဝေ said...

သူ့နှလုံးသားကို စတေး
သူ့သွေးကို လှူတဲ့
သူမတူတဲ့ အာဇာနည်
သက်တော် ရာကျော် ရှည်ပါစေ...
လူတဦးတယောက်ကို အထူးကြောက်ရတဲ့ အာဏာရှင်စနစ်လဲ ကျဆုံးပါစေ... လို့ ချိုသင်းနဲ့ အတူတူ ဆုတောင်းသွားပါတယ်...

ကိုကိုသုန် said...

လာလည်ပါတယ်အစ်မခင်ဗျာ။ ဆရာကြီး ရဲ့ ကဗျာလေးလည်း ခံစားသွားပါတယ်။

Anonymous said...

အမလို ဆုံဖူးချင်လိုက်တာဗျာ

tg.nwai said...

"လူထုက ချစ်တဲ့ လူထု ခေါင်းဆောင် တယောက် ပေါ်ပေါက်ဖို့ဆိုတာ ခက်ခဲလွန်းလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ် ငြိမ်းချမ်းပြီး အသက်ရာကျော် ရှည်ပါစေ။
လူတဦးတယောက်ကို အထူးကြောက်ရတဲ့ အာဏာရှင်စနစ်လဲ ကျဆုံးပါစေ။"

မိုးခါး said...

မြင်ဘူးချင်လိုက်တာ အစ်မချိုသင်းရယ်
အန်တီ့ကိုချစ်တယ် .. ကိုယ်ချင်းစာမိတယ်
ရန်သူမျိုး ၅ ပါးရန်က ဝေးပြီး အသက်ရာကျော်ရှည်ပါစေ
အရာခပ်သိမ်းအောင်မြင်မှုရပါစေ
ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းပါစေ
အမနဲ့လည်း ထပ်တူဆုတောင်းပေးပါတယ်ရှင်

ZT said...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ပါစေ။ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ။ လို့ ဆုတောင်းပါတယ်။

mae said...

အစ်မရေ.. ဖတ်ပြီး မျက်ရည်ဝဲသွားပါတယ်၊ ၁၁နှစ် အရွယ်လောက်ကတော့ ရွေးကောက်ပွဲမှာ NLD Junior Member အနေနဲ့ မဲဆွယ်တာ တစ်ကောက်ကောက်လိုက်ဖူးပါတယ်၊ အခုတော့ ဘာလုပ်ပေးရမလဲ မစဉ်းစားတတ်တော့ဘူး၊

မမသီရိ said...

လှေခွက်ချည်းကျန် အလံမလှဲ

သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ

ဗုံလုံ တလှည့် ငါးပျံ တလှည့်

ပေဖြစ်တုန်းခံ .. တူဖြစ်တော့မှ နှံ

မိုးကောင်းတုန်း ရွာနှင့်အုံး

ပတ္တမြားမှန် နွံ မနစ်

လမ်းဆုံးရင် ရွာတွေ့.....။


(လမ်းဆုံးရင် ရွာတွေ့မယ်ဆိုတဲ့ ယုံကြည်ချက် ခုထိခိုင်မြဲနေဆဲပါ)

tin min htet said...

ဒီပို့စ်အတွက် ကျေးဇူးပါပဲ ချိုသင်းရေ ..

ဂျူနို said...

အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေ
ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်ပါစေ
တိုင်းပြည်ကို သူ့ ရဲ့ အကြံညဏ်တွေနဲ့ ပြန်လည်တည်ထောင်ခွင့်ရပါစေ
မြန်မာပြည်သူပြည်သားများ အလင်းခေတ်ကို အမြန်ရောက်ပါစေ
ဒါတွေ အားလုံး မအယ် မသေခင် ကြုံပါရစေ


မအယ်

CONTACT said...

အားလုံးနဲ့ အတူ လာရောက် ဆုတောင်းသွားပါတယ်။ KM

MieMie said...

ဒီမိုကရေစီ အသီးအပွင့်တွေကို မမြင်မတွေ့မကြုံလိုက်ရတဲ့ ဘဘဦးတင်မိုးလိုမျိုး မဖြစ်ရပါလိုဧ်။

သုခုမလေဒီ said...

စာလေးနဲ့ ကဗျာလေးကိုခံစားသွားပါတယ် အမမိုး။ လူသားတိုင်းလွတ်မြောက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

တန်ခူး said...

ချိုသင်းရဲ့ ဒီပို့ စ်လေးဖတ်ပြီး တို့ လဲအမေစုကို ပထမဆုံးမြင်ဖူးတဲ့နေ့ ကို သွားသတိရမိတယ်… စကားတော့ မပြောဖူးခဲ့ပါဘူး… ဒါပေမယ့် သူ့ ကို ကြည့်နေရင်း သူ့ မျက်ဝန်းတွေရဲ့ ထူးခြားမှုကို သတိထားမိတယ်.. တသက်နဲ့ တကိုယ် အဲဒီလောက် ထူးခြားတဲ့မျက်ဝန်းတွေ မတွေ့ ဖူးပါဘူး… ပထမဆုံးတွေ့ တဲ့နေ့ ကပဲ သူသာ ကိုယ်တို့ ရဲ့ ခေါင်းဆောင်လို့ သံသယမရှိယုံကြည်သွားခဲ့တာ… ဗိုလ်ချုပ်စပ်တဲ့ကဗျာလေးဖတ်ချင်လိုက်တာ… အမေစု အချုပ်အနှောင်မှ အမြန်ဆုံးကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ … ဘဘဂျမ်းရဲ့ကဗျာလေးကို နှလုံးသားထဲမှာ သိမ်းထားလိုက်ပါတယ်…

Nay Lin said...

ချိုသင်းရေ..

"If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"
Aung San Su Kyi

သူ့လောက်၁၀၀% မပေးဆပ်နိုင်ရင်တောင်.အားလုံးတက်ညီလက်ညီ၁%ဘဲပေးဆပ်နိုင်ရင်..
မကြာတော့တဲ့အချိန်မှာ ငါတို့အားလုံးချစ်တဲ့အမေနဲ့
ပြန်ဆုံရမှာပါ..


နေလင်း

Rita said...

တွေ့ဖူးကြည့်ချင်တယ်

Unknown said...

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော့်ဘဝမှာ ဒုတိယ အလေးစားရဆုံး ခေါင်းဆောင်ပါ။ ပထမကတော့ ဗိုလ်ချုပ်အောင်ဆန်းပေါ့........
ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော် ရှည်ပါစေ။

သီဟသစ် said...

အစ်မချိုသင်းရေ

အမေစု ဘေးဆိုးအန္တရာယ် အပေါင်းမှ လွတ်မြောက်ပြီး ကျန်းမာချမ်းသာပါစေ

ရွှေနိုင်ငံကြီးလည်း လွတ်လပ်ရေး ရပါစေ ကြောင်း ဆုတောင်းသွားပါတယ်..

Ree Noe Mann said...

အမ ဆုတောင်းနဲ့ ထပ်တူ ဆုတောင်းသွားပါတယ်။
မြင်နေရပါပြီ။ ရောက်ဖို့သာ လိုပါတော့တယ်။

ရီနိုမာန်

မယ့်ကိုး said...

မရေ...မျက်နှာကြည်ကြည်လေးနဲ့  အာဇာနည် အန်တီစုကို အပြင်မှာ တစ်ခါလောက် ဆုံဖူးချင်လိုက်တာ။
မ သိပ်ကံကောင်းတာပဲနော်။
ဗိုလ်ချူပ်ရဲ့ ကဗျာလေးကိုလဲ ဖတ်ချင်မိတာ။

မကို ချစ်ခင်လေးစားတဲ့
မယ်ကိုး

Ree Noe Mann said...

(အမမှာလဲ မောင်တယောက် ရှိဖူးတာမို့ ကိုယ့်မောင်လေး လို သဘောထားပြီး ပြောချင်တာ ပြောသွားတယ်။ ဘယ်လောက်ခင်ခင် ဒီအ၀တ်နဲ့တော့ နှပ်မသုတ်နိုင်ပါအေ..)

သယ်ရင်း ဖိုးချစ်ဆီမှာ ဒါလေး တွေလို့ တစ်ခါပြန်လာတာ အမရေ။
သဘောကျလို့ လာအော်ဖို့ လုပ်တာ စီဘုံးကလည်း မရှိဘူးနော်။ ဒါကြောင့် ဒီမှာပဲ ပြန်အော်သွားတယ်။

မောင်လေး ရီနို

saungmyukhoe said...

အစ်မက ကံကောင်းလိုက်တာ ...အပြင်မှာ တွေ့ ခွင့်ရဘူးတယ်နော်...ဘာလက်နက်မှ မရှိတဲ့သူတစ်ယောက်က လူတွေအများကြီးရဲ့  စိတ်ကို လွှမ်းမိုးနိုင်တယ်နော်...ဘယ်လောက်ဆန်းကြယ်လဲ..ဘယ်လောက်လေးစားစရာကောင်းလိုက်သလဲ...

ကိုလူထွေး said...

"ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကို
ကိုယ်နဲ့ထပ်တူ နှိုင်း"

မြန်မာပြည်သူတွေလွတ်မြောက်ဖို့အတွက် မသွေတိမ်း မယိမ်းယိုင်သော စေတနာအရင်းခံလို့ တရားသောနည်းနဲ့ တိုက်ပွဲဝင်နေတဲ့ ...

တမျိုးသားလုံးရဲ့ မိခင်

အမြန်ဆုံး လွတ်မြောက်ပြီး နေကောင်းကျမ်းမာပါစေ

ကိုလူထွေး

မီယာ said...

အမချိုသင်း ရေးထားတာ ဖတ်ရတာတောင် ကံကောင်းတယ်လို့ ခံစားမိပါတယ်။ အမနဲ့ အတူတူ ဆုတွေ တောင်းသွားတယ်။ မြန်မြန်လေး ပြည့်ပါရစေ ဘုရားသခင်။

N Aung said...

သူ့နှလုံးသားကို စတေး
သူ့သွေးကို လှူတဲ့
သူမတူတဲ့ အာဇာနည် အန်တီစု
သက်တော် ရာကျော် ရှည်ပါစေ။

D Soe said...

အမရေ...အမနဲ့ အတူတူဆုတောင်းသွားပါတယ်...။

Anonymous said...

မေမေစု သက်တော်ရာကျော်ရှည်ပါစေ

Unknown said...

ဒီလို ခေါင်းဆောင်ရှိစဉ်တုန်းမှ မနိုင်ခဲ့ရင်.....တွေးပြီး ၀မ်းနည်းတယ်..။ ကိုယ်တတ်နိုင်တဲ့ ဘတ်က ..စွမ်းသလောက်ကြိုးစားကြပါစို့

♣♣♣အိမ်မက်ချို♣♣♣ said...

အမေ သက်တော်ရာကျော်ရှည်ပါစေလို့

ခင်မင်းဇော် said...

လူတဦးတယောက်ကို အထူးကြောက်ရတဲ့ အာဏာရှင်စနစ်လဲ ကျဆုံးပါစေ..
ဆရာကြီးကိုရော အန်တီ့ကိုရော သတိရပြီး မျက်ရည်ဝဲမိတယ် ချိုသင်းရယ်....။

Sein Lyan Tun said...

အမေတနေ့ ပြုံးနိုင်မှာပါ
အမေ့ အပြုံးကို သားတို့ တစ်ဝကြီး ကြည့်ချင်ပါသေးတယ်...
မျက်ရည်များစွာနဲ့ပေါ့
အမေ့မွေးနေ့မှာ အမေစိတ်ချမ်းသာပါစေ
အမေ့ဘယ်တော့မှ မကျဆုံးဘူး
အမေ့ဆန္ဒတွေ တနေ့ပြည့်မှာပါလို့
အမေ့ကိုယုံကြည်တယ်
ယုံကြည်တဲ့ သားတွေ သမီးတွေအတွက်အားတင်ထားပါ အမေတနေ့ ပြုံးနိုင်မှာပါ
အမေ့ အပြုံးကို သားတို့ တစ်ဝကြီး ကြည့်ချင်ပါသေးတယ်...
မျက်ရည်များစွာနဲ့ပေါ့
အမေ့မွေးနေ့မှာ အမေစိတ်ချမ်းသာပါစေ
အမေ့ဘယ်တော့မှ မကျဆုံးဘူး
အမေစု... အမေ့မွေးနေ့မှာ ပြုံးနေပါနော်...
အမေ့အတွက် ဆုတောင်းပေးခဲ့ပါတယ် မကြီးချိုသင်း
ချစ်ခင်လေးစားစွာဖြင့်
မောင်လေး
ဖိုးစိန်

Anonymous said...

အာဏာရှင်စနစ်ကျဆုံးစေ.....
အမေစု...အသက်ရာကျော်ရှည်စေ......

Apprenticeship said...

ကဗျာလေးဖတ်သွားတယ် သူ့ရဲ့ စွန့်လွှတ်တတ်မှုကိုတော့ တကယ် သြော်ချမိပါတယ်

Su Nandar Nge said...

NLD ပါတီဝင် အဒေါ်ကခေါ်သွားဖူးလို့ မြင်ဖူးတယ်။ တကယ့်ကို မျက်နှာကကြည်လင်ပြီး ကျက်သရေနဲ့ ပြည့်စုံတဲ့အန်တီပါပဲ။ အန်တီ သက်တော်ရာကျော် ရှည်ပါစေ။ အာဏာရှင်စနစ်ဆိုး အမြန်ဆုံး ကျဆုံးပါစေ။

kay said...

မချိုသင်းရေ..ခုမှ..ဒီစာလေးကို ဖတ်ရတယ်..
ဆရာကြီး ကိုလည်း သတိရ.. ဒေါ်စု အတွက်လည်း ဆန္ဒပြင်းပြ..

တကယ်ကို ပေါ်ခဲတဲ့..လူထု ခေါင်းဆောင်ပါ..
ဒေါ်စု သက်တော်ရာကျော်ရှည်ပါစေ..
တိုင်းပြည်အတွက်.. ရွှင်လန်းရပါစေ...