တလွဲတွေနဲ့ နေသားတကျ

ဒီနေ့ ကျမတို့နေတဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ ငလျင်လှုပ်ပါတယ်။
တကယ်တော့ ငလျင်ကြောပေါ်မှာ မြို့ကရှိတာမို့ အမြဲတမ်းလိုလို ငလျင်အသေးလေးတွေကတော့ ရှိနေတာပါပဲ။ ကိုယ်ကသာ မသိလိုက်တာလေ။ ဒါပေမဲ့ အခုတခါကတော့ ငလျင်ဗဟိုပြုလှုပ်တဲ့နေရာနဲ့က သိပ်အဝေးကြီးမဟုတ်တော့ သိသိသာသာ ခံစားလိုက်ရတယ်။ 5.4 magnitude ရှိတယ်လို့ သတင်းတွေက ဆိုကြတယ်။
ငလျင်လှုပ်စဉ်က ရုံးမှာ အလုပ်လုပ်နေတုန်းမို့ ပထမအကြိမ် ခပ်ဖြေးဖြေးလှုပ်တုန်းက ရီတောင်ရီမိသေးတယ်။ ငလျင်လှုပ်တယ်ဟ ပေါ့လေ။ သိပ်မကြာဘူး။ ခပ်ကြမ်းကြမ်းလဲ လှုပ်ရော တရုံးလုံး အပြင်ကို ပြေးထွက်ကြပါလေရော။ ရုံးအတွင်းပိုင်းမှာ ရှိနေတဲ့သူတွေကျတော့လဲ စားပွဲအောက်ထဲ ပြေးဝင်ကြတယ်။ ကိုယ်သာ ဘာလုပ်ရမှန်းမသိဘဲ၊ အခန်းထဲက မထွက် ကုလားထိုင်မှာ ထိုင်ရက် ခေါင်းကိုသာ လက်နှစ်ဖက်နဲ့ အုပ်ထားမိတယ်။ ရုတ်တရက်ဆိုတော့ လုပ်မိလုပ်ရာပေါ့လေ။ အပေါ်က မျက်နှာကြက်တွေ ပြိုကျမှာ ကြောက်တာကိုး။ လှုပ်ပြီးသွားတော့ လမ်းပေါ်မှာ လူတွေမှ တပုံကြီး။ ရုံးတိုင်း ရုံးတိုင်းက ထွက်လာလိုက်ကြတဲ့လူတွေ၊ တော်တော်နဲ့ အထဲပြန်မ၀င်ကြဘူး။ တယောက်နဲ့တယောက် လက်ညှိုးထိုးပြီး ပြောပြောပြီး ရီကြတာ။သူက အရင်ဆုံးထွက်ပြေးတယ်တို့၊ ခုံအောက်ကို ပြေးဝင်တာ ဘယ်လိုကြီးတို့ ဟားနေကြတာလေ။ ဘာမှ အထိအခိုက်မရှိတော့လဲ ပျော်စရာကြီးကို ဖြစ်လို့။
အဲဒီမှာ သွားတွေးမိတာက သူတို့နဲ့ ကိုယ်နဲ့မတူ လွဲလွဲနေတာလေးတွေကိုပါ။ တကယ်ဆို ကိုယ်ကမှ ဘူမိဗေဒဘာသာရပ်ကို ယူပြီး ငလျင်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်တယ်၊ ဘယ်လိုကြောင့် ပေါ်ပေါက်လာတယ်ဆိုတာမျိုး သင်လာခဲ့ရသေးတာ။ တကယ့်အရေးကြုံတော့ နေရာကတောင် မထ မိဘူး။
သူတို့ကတော့ သဘာဝဘေးအန္တရာယ်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ လက်တွေ့ကျကျ သင်ခဲ့ကြတော့ အရေးကြုံရင် ကိုယ့်အန္တရာယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ နားလည်နေတာပေါ့။ ဒီရောက်တော့မှ ကိုယ့်ပြည်နဲ့မတူတဲ့ အံ့သြစရာတွေ တပုံကြီး ဖြစ်နေတော့တာ။
တခြားဝေးဝေးမပြောနဲ့၊ ငလျင်လှုပ်ပြီး ၂မိနစ်လောက်နေတော့ ရုံးက ဖုန်းတွေမြည်လာလို့ ကိုင်လိုက်တော့ ငလျင်လှုပ်ရင် ဘယ်လိုကိုယ့်ကိုယ်ကို ကာကွယ်သင့်တယ်ဆိုတာ စက်ကပြောနေတဲ့ ပညာပေးဖုန်းတွေ လာနေတာပါ။ ထူပူပြီး မလုပ်တတ် မကိုင်တတ် မဖြစ်ရအောင် နောက်တခါ မလှုပ်ခင်စပ်ကြားလေးတောင် ပညာက ပေးနေသေးတာပါ။ အဲဒီတော့လဲ အံ့သြမိတာပေါ့။ ကိုယ်က ဗမာကိုး။
ဗမာပြည်ကနေ ရောက်စကဆို ဒိထက်ပိုဆိုးသေး။ ကိုယ့်မှာ တချိန်လုံး အံ့သြစရာချည်း။ မီးကလဲ နေ့တိုင်းလာသေးတာ။ အင်ဗာတာတွေ၊ မီးစက်တွေနဲ့များ ခုတ်နေသလားလို့ လိုက်ကြည့်မိသေးတယ်။ လင်းလင်းချင်းချင်းကြီးကို ဖြစ်လို့။ တီဗီကြည့်ရတာတောင် စိတ်မဖြောင့်ဘူး။ တီဗီကြည့်တုန်း မီးပျက်တာ အကျင့်ပါနေလို့။ ကိုယ်က ဗမာကိုး။
နောက်ပြီး ဒီမှာ လူတွေ ဘာလို့ ရာသီဥတုကို စကားလုပ်ပြောနေကြသလဲဆိုတာလဲ အခုမှ နည်းနည်း နားလည်သလိုလိုရှိတယ်။ သူတို့က မနက်တိုင်း ရာသီဥတုအခြေအနေကို အင်တာနက်ထဲကဖြစ်ဖြစ်၊ သတင်းကဖြစ်ဖြစ် ကြည့်တာကိုး။ အစမှာတော့ ကိုယ်က မယုံရေးချ မယုံဘဲလေ။ အော် မိုးရွာမယ်လား၊ ယုံပါဘူးပေါ့။ ပြီးမှ တကယ်ရွာတော့ ကြွက်စုတ်ဖြစ်ရော။
ဒီနေ့တော့ အေးမယ်ဟေ့ ဆို လက်ပြတ်ကလေးဝတ်ပြီး အပြင်ထွက်တာ။ မိုးလေ၀သ သတင်းလောက်တော့ ရီတာပေါ့။ (ကိုယ်က ဗမာပြည်ကလေ) တကယ်လဲအေးရော ဘာဆွဲခြုံရမှန်းမသိဘူး။ ချမ်းလိုက်တာ တုန်တောင်တက်တယ်။
နောက်တော့ ကြောက်လန့်ပြီး အပြင်ထွက်လေရာ အနွေးထည်အထူကြီးဝတ်ပြီးထွက်ရော။ ဒီလောက်ခံရတာတောင် မိုးလေ၀သသတင်းကို ကြည့်ရကောင်းမှန်း မသိသေးဘူး။ အကျင့်မှ မပါသေးတာ။ ဒါပေမဲ့ အဲဒီလိုနေ့ကျမှ ဆန်းနီး တဲ့။ တိမ်တွေကလဲ တောက်လို့။ နေကလဲ ကြဲကြဲတောက်။ ချွေးတဒီးဒီးကျ လို့ ကိုယ့်အကျီ င်္ အထူကြီး ဆုတ်ဖဲ့ပစ်ချင်တာ။ ခံပေါ့။ သတင်းမှ မယုံဘဲလေ။ ကိုယ်က ဗမာကိုး။
အခု ဒီအိမ်မှာ သတင်းစာလဲ မမှာဘူး။ လာမပို့နဲ့ဘဲ။ ဘာတွေလာပြောနေလ၊ဲ ဒို့မယုံဘူး ဘဲ။ ရန်ကုန်မှာတုန်းကတည်း မယူတာ အနှစ် ၂၀တောင် ရှိပြီ၊ ဒီမှာ ဘာလုပ်ဖို့။ အဲဒီလို တလွဲလေးတွေကြောင့် ကိုယ်လဲ ကိုယ့်မြို့မှာ ဘာတွေဖြစ်နေလို့တောင် ဖြစ်မှန်းမသိ၊ သူများပြောမှ ပါးစပ်ဟ ပြီး နားထောင်ရတာ။ ကိုယ်က ဗမာကိုး။
အဲလို လွဲတာတွေမှ တပုံကြီး။ ဒါကြောင့် ထူးအိမ်သင်ဆိုတဲ့ လွဲလွဲလေးပဲ ကောင်းပါတယ်ဆိုတဲ့ သီချင်းကို ကြိုက်မိတာ နေမှာ။
ဒါပေမဲ့ တခါတလေတော့ တမျိုးပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ ကိုယ့်ဖာသာကိုယ် ခဏခဏမေးရင်း ၀မ်းနည်းမိတယ်။ ဘယ်လောက်ထိ လွဲနေရအုံးမှာလဲ လို့လဲ မျက်ရည်ဝဲရင်း တွေးမိပါတယ်။
မိုးချိုသင်း

13 comments:

yannaing said...

အလုပ်ကပြန်လာလာခြင်းတန်းတွေ့တာကတော့မမိုးချိုရဲ့
( ထမင်းသိုးဟင်းသိုး ) ပို့စ်အသစ်ပါပဲ.........
ရန်ကုန်မှတော့မိုးတွေရွှာနေပါတယ်ဗျား......
အဲဒီလိုမျိုးတလွဲဖြစ်နေတာကိုက ကိုယ့်ကိုယ် ဗမာ ဆိုတာမမေ့ဖြစ်ဘူးပေါ့ဗျာ.....
ထမင်းသိုးဟင်းသိုးဖြစ်အောင်စားလို့မကုန်အောင်ချက်ရမှပေါ့နော့..........

မေငြိမ်း said...

အင်းး တကယ်တော့ အလွဲနဲ့ နေသားကျနေတာက ကောင်းလား.. တည့်မှကောင်းမှာလား..။ ဘယ်လိုစံနဲ့ သတ်မှတ်ရပါ့မလဲ ဆိုတာတွေနဲ့...။ တခါတလေ..တကယ်ပဲ မျက်ရည်ဝဲပါရဲ့။

Unknown said...

Very glad to see you in the Myanmar blogger's world. I had been reading your short stories ...10 years back.

ကလိုစေးထူး said...

မမေငြိမ်းရဲ့ ဘလော့အညွှန်းစာက တဆင့် ရောက်လာတာပါ။ ကျနော် ပုံမှန် လာဖတ်ရမယ့် ဘလော့ဂ်ကောင်းတခု ထပ်တိုးလို့ ဖေးဘရိတ်ထဲမှာ ထည့်သိမ်းထားလိုက်ပြီ အမ။ နောက်ထပ် ရေးလာဦးမယ် စာကောင်းတွေ အများကြီး ဖတ်ချင်ပါသေးတယ်။

လင်း said...

သတင်းစာဖတ်ရင် နောက်ဆုံးကနေ စစလှန်တာ ခုထိ အကျင့်က မပျေက်သေးဘူး။ ကိုယ်ကဗမာကိုး

ပုံရိပ် / Pon Yate said...

မမိုးချိုသင်းရဲ့ စာတွေကို ပုံရိပ်နှစ်နှစ်သက်သက် ဖတ်ဖူးပါတယ်။ အခုဘလောက် လုပ်ထားတာ တွေ့ရတဲ့လို့ ၀မ်းသာတယ်။ နောက်လာခဲ့ဦးမယ်။ လင့်ခ်လုပ်ပါရစေ။

လင်းလက်ကြယ်စင် said...

ဆရာမ ဒေါ်မေငြိမ်း ညွှန်းလို့ လာဖတ်ဖြစ်ပါတယ်ရှင်။ အရေးအသားကို သဘောကျနှစ်ခြိုက်မိပါတယ်။ ပုံမှန်ဖတ်ရမယ့် ဖေးဘရိတ်ဘလော့ခ်ဂါထဲ ထည့်ဖို့ တစ်ခုတိုးလာတာပေါ့။ စာပေကောင်းတွေ ဖတ်ရဖို့ တစ်ယောက်ထပ်တိုးလာတဲ့အတွက်လည်း ကျေးဇူးတင်ရှိမိပါတယ် :)

သက်ဝေ said...

ဒီရောက်ခါစက လိုအပ်တဲ့ မ၀ယ်မဖြစ် ၀ယ်ရမယ့် ပစ္စည်းစာရင်းထဲမှာ လက်နှိပ်ဓါတ်မီးကို ထည့်ထားပြီး
ဝယ်လဲဝယ်ထားမိတယ်။ ကိုယ်က ဗမာကိုး။ :-P

စူး said...

သတင်းစာဖတ်ရင် နောက်က စလှန်မိတယ် ကိုယ်က ဗမာကိုး...။
ဂျပန်ဆိုတော့ အဲဒါမှန်သွားတယ်ဗျ။ ဟီး..။ (မြန်မာပြည်မှာနေတုန်းကလဲ အမှန်က သတင်းစာ အိမ်မှာ မ၀ယ်တာ ကြာလှပေါ့..)
မီးပျက်ရင် ခက်မှာဆိုးလို့ လက်နှိပ်ဓာတ်မီး ၀ယ်လိုက်မိတယ်. ကိုယ်က ဗမာကိုး...။
ရာသီဥတုသတင်းများ ရောက်စက လုံးဝ မယုံခဲ့မိဘူး အမအတိုင်းပဲ.. ကိုယ်က ဗမာကိုး...။
ရောက်စကဆိုရင် ရထားစီးရင် အချိန်ထက် ပိုပီးစောရောက်နေမိတတ်တယ် စိတ်မချလို့လေ.. ကိုယ်ကဗမာကိုး...။
...ပြောရရင်တော့.. ကိုယ်က ဗမာကိုးးးးးးးးးးး....

အမစာတွေ အစကတည်းက ကြိုက်တာ အမရေ.. များများလေးရေးပါ..နော်..။

Aye Win said...

ကျနော်ကတော့ လွဲသွားတာ သဘောကျသဗျ မလွဲလို့ကတော့ ဗိုလ်ခင်ညွန့်တို့ ထောက်လှမ်းရေး တွေလက်ထဲ ဘာဖြစ်ပြီး ကျန်ခဲ့မလဲ? အသံလွှင့် ဇာတ်လမ်းထဲမှာ ကောလိပ်ဂျင်နေ၀င်းပြောတာ လေ" လွဲသွားပြီ ကိုစောခိုင်" တဲ့။
အသက်ကလဲ ကြီးလာပြန်တော့ ဟိုတနေ့က သွေးတိုး တာ ကံကောင်းလို့၊ ကိုသေမင်းကို ပြောလိုက်တယ် လွဲသွားပြီ ကိုစောခိုင်ပေါ့။

တန်ခူး said...

ဒီpostလေးကိုအရမ်းကြိုက်ပါတယ်.. ဘာလို့ လဲဆိုတော့ ကိုယ်ကဗမာကိုး…

Anonymous said...

မူရင်း ပို့စ် လေးရယ်..comments လေးတွေရယ်ကို ဖတ်ပြီး ပြုံးမိတယ် အမှန်တွေမို့လို့ သဘောလည်းကျတယ်...

ဘိုင်ဒဝေးးးးး.....ကိုယ်က ဗမာကိုး… :P

ပျော်ရွှင်ပါစေ...အစ်မ

Unknown said...

i like your writing. your are really a good writer.
I was touched by this post because I am a Burmese.
As I saw police at university compound, I was excited because I am fromBurma. I asked my friends many times about those police . My friend said police some time eat at university food center because it is cheap and clean. Nothing special. How ever I feel very unease whenever I see police in uni compound because I am a burmese.
I also count my money when I draw it from bank because I am a burmese.
So we Burmese are very much different from other.
sandar