ထမင်းသိုး ဟင်းသိုး

မနေ့က ဘလော့ဂ် စလုပ်တဲ့အကြောင်းလေး တင်လိုက်တာ ကိုယ့်ကို ချစ်ခင်တဲ့ မိတ်ဆွေတွေက ၀ိုင်း အားပေးကြတော့ ၀မ်းလဲသာ၊ အားလဲတက်မိပါတယ်။ ကွန်မန့်ရေးပြီး အားပေးကြတဲ့အတွက် ကျေးဇူးလဲ တင်ပါတယ်။
အဲဒီလို ရေးတာတွေ ဖတ်မိတော့ ဆိုင်မဆိုင်တော့ မသိဘူး၊ ငယ်ငယ်က ပျားအုံကို တုတ်နဲ့ ထိုးခဲ့တဲ့ အဖြစ်လေးကို သွားသတိရမိတယ်။ ပျားအုံကို တုတ်နဲ့ထိုးတာ ဥပမာပေးတာ မဟုတ်ဘူးနော်၊ တကယ်လုပ်ခဲ့တာပါ။ အသက် ၅နှစ်လောက်က ထင်တာပဲ။
ငယ်ငယ်တုန်းက အရမ်းဆော့တာ။ ဆော့ချင်တယ်လို့ ပြောရင် ပိုမှန်မှာပဲ။
ဘာဖြစ်လို့လဲဆိုတော့ အမတွေဆော့ရင် ကိုယ်က သူတို့နဲ့အတူတူ အရမ်းလူရာဝင်ချင်တာ။ လူကြီးတွေနဲ့ ဆော့ရတာ ဘယ်လိုပျော်မှန်းမသိဘူး။ ဒါပေမဲ့ ကိုယ်က အဲဒီတုန်းက သိပ်ငယ်သေးတော့ သူတို့က ထမင်းသိုးဟင်းသိုးလောက်ပဲ ကိုယ့်ကို သဘောထားသေးတယ်။ ကိုယ်နဲ့ ကိုယ့်ထက် ၁နှစ်ငယ်တဲ့ ကိုယ့်မောင်လေးနဲ့ နှစ်ယောက်က အမြဲတမ်း ထမင်းသိုး ဟင်းသိုးပဲ။
စိတ်ကျေနပ်အောင်တော့ ကစားတဲ့နေရာမှာ အမြဲပါခိုင်းတယ်၊ ဒါပေမဲ့ ဘယ်လိုကစားသလဲ ကြည့်လေ။ ထုပ်စီးတိုးဆိုရင်လဲ ကိုယ့်ကို ဘယ်သူမှ မဖမ်းဘူး၊ ဟန်ပြခြောက်ရုံလောက်ပဲ။ ကိုယ်အောင်လို့လဲ ဘယ်တော့မှ ပွဲက ပြီးမသွားဘူး။ ထမရည်ပူဖြတ်လဲ ဖြတ်ဖြတ်ပဲ၊ ဘာမှ စည်းကျော်တာတွေ မဖြစ်ဘူး။
ခြေတပေါင်ကျိုးဆိုလဲ ကိုယ်က ပြေးတဲ့အလှည့်ဆိုရင် လိုက်တဲ့သူက တခြားလူပဲ မဲလိုက်နေတာ။ ကိုယ်က သူ့ဘေးမှာ ပတ်ပြေးနေလဲ ကိုယ့်တောင် ရှောင်သွားသလားအောက်မေ့ရတာ၊ အဲသလိုမျိုး။ ဒါပေမဲ့လဲ ပျော်နေတာပဲ။ သိသားပဲ၊ ကိုယ်က ထမင်းသိုး ဟင်းသိုးဆိုတာ။ အဲဒီ ထမင်းသိုး ဟင်းသိုးလေး ဖြစ်တာကိုပဲ ကျေနပ်နေတာ။
တနေ့တော့ အားလုံးကစားကြမယ်ဆိုတော့ ကွက်လပ်မှာ တံမြက်စည်းလှဲကြ၊ စည်းတားကြပေါ့။ ကိုယ်ကလဲ တံမြက်စည်းတချောင်းနဲ့ ဟိုရမ်း ဒီရမ်း ၀င်လှဲသေးတယ်။ ကူတယ်ပေါ့။ လှဲရင်းနဲ့ အပေါ်ကို မော့ကြည့်တော့ သရက်ပင်မှာ ပျားအုံကစွဲနေတာ။ တုတ်နဲ့ထိုးရင် မီနိုင်တဲ့အနေအထား။ နိမ့်နိမ့်လေး။ ကလေးဆိုတော့ ဘာရယ်မဟုတ်ဘူး၊ ကစားတဲ့အခါ လူတွေကို ပျားတုပ်ကုန်မယ်လေဆိုပြီး တွေးလိုက်မိသလား မပြောတတ်ဘူး၊ ပျားအုံကို တုတ်နဲ့ထိုးပြီး ခြောက်ထုတ်လိုက်တာ။ ပြေးလိုက်ရတာ သေလု လို့။ ပျားတွေတုပ်တာ မျက်လုံးအောက်မှာ ခုထိ အမာရွတ်ကျန်နေတုန်း။
အခု ဘလော့ဂ်လုပ်မိတာလဲ ကိုယ်က သူများတွေ ကစားတုန်း ထမင်းသိုးဟင်းသိုးပဲ ဖြစ်ဖြစ် ပါချင်သေးတာ။ လူကြီးတွေက သဘောကောင်းလို့ ခွင့်ပြုထားတော့ စည်းထဲမှာ ဟိုပြေး ဒီပြေး လုပ်သလိုပေါ့။ ဟိုဟာလေး လုပ်နည်းသင်လိုက်၊ ဒီဟာလေး ပညာယူလိုက်ပေါ့။
ဒါပေမဲ့ ဘလော့ဂ်ဆိုတာက ကစားပွဲလို ပွဲပြီးသွားရင် အိမ်ပြန်ထမင်းစားကြရသလိုမျိုးလဲ မဟုတ်တော့ ထမင်းသိုး ဟင်းသိုးဖြစ်ပစေ၊ ရေးတော့ ရေးရမှာ ဖြစ်နေတယ်။ အဲဒါမှ ပျားအုံ တုတ်နဲ့ထိုးတာထက် ဆိုးနေတယ်။ အဲဒီတော့ အခု ဘလော့ဂ် စ မိရက်သား ဖြစ်နေတာက ပျားတွေလိုက်လို့ ပြေးနေရချိန် ဖြစ်မှာပေါ့။ ပြေးပေအုံးတော့ပေါ့။
မိုးချိုသင်း

13 comments:

Kay said...

ထမင်းသိုးဟင်းသိုး တဲ့လား။း) ခုမှ ကြားဖူးတယ်..
အခေါ်အဝေါ် တွေ ကွာ ကြ တယ်။ ကျ မ တို့ဆီမှာတော့..ဂျိုင်းညှပ် တဲ့...ကွမ်းညှပ် တဲ့..ဘယ်ဟာ အမှန် လည်းတော့ မသိဘူး။ ဒေသိယ စကား များ ပေါ့ နော်။း)

cohtet said...

ချိုသင်း
ငါလာဖတ်သွားတယ်၊
ငထက်

:) said...

၁။ ကျနော်တို့က
ထမင်းမစား ဟင်းမစားလို့ ခေါ်ခဲ့တာပဲ။ သံပုရာသီးလို့လည်း ခေါ်တာ ကြားဖူးခဲ့တယ်။
၂။ ဘလော့ဂ်ဟာ မျက်လှည့်ပညာရှင်နဲ့တူတယ်။ သူ့ လက်တဖက် ဆန့်ထုတ်လိုက်တော့ ကလောင်သစ်တွေဟာ စက်ရုံထဲကထွက်လာသလို ဟောတယောက်၊ ဟောတယောက်။
၃။ မနေ့ကဆိုရင် ပွဲကြည့်ပရိသတ်တွေu ဟေးခနဲ အော်လိုက်ကြတယ်။ ကလောင်ဟောင်းတခုကို မျက်လှည့်ဆရာ အသက်ပြန်သွင်းလိုက်တာ မြင်လိုက်ရလို့ပါ။
ZarnyWin

လင်း said...

ဆရာမ မေငြိမ်းဆီကနေ တဆင့်ရောက်လာတာပါ။ ပို့ စ်တွေကို စောင့်မျှော်နေပါမယ်။
အရင်တုန်းကထဲက ပရိသတ်ပါ။ အားပေးလျှက် မျှော်လင့်လျှက်

AyeKhaing said...

ထမင်းသိုးဟင်းသိုးကတော့ ရုပ်ရှင်ထဲက ဘူလ်ဒိုဇာကြီးလို ဟင်းတွေတကယ်ချက်နေပြီလေ။ ဟင်းချက်နည်း စာအုပ်ကလေးကြည့်လိုက် တဖက်က ဟင်းအိုးကိုမွှေလိုက်၊ လေတိုက်လို့ စာရွက်ကလန်သွားလိုက်။
အားပေးပါတယ်၊ ဘူဒိုလ်ဇာကြီးရေ များများချက်ပါ။ နေ့တိုင်းလာဖတ်မယ်။

ကိုအောင် said...

အမ ရေးတဲ့ ထမင်းသိုး ဟင်းသိုး ကို ဖတ်ပြီးမှ ကျနော်လည်း ဘလော့ လောကမှာ
အဲလို ဖြစ်နေလားလို့ စဉ်းစားမိတယ်၊ စာပေ ဆိုင်ရာ အတွေးအခေါ် ဗဟုသုတ ဝေ
မျှတာ ကျေးဇူးပါ။

yannaing said...

မမိုးချို......
ဆရာမမမေငြီမ်းဘလော့မှလာလည်တာပါ......
ထမင်းသိုးဟင်းသိုးတဲ့လားဗျာ.....
စာရေးဆရာတွေလို့မပြောရဘူး..အခေါ်အဝေါ်ကိုက
မှတ်မှတ်ရရရှိချင်စရာပဲ...
ဒီထမင်းသိုးဟင်းသိုးကိုဘဲ.မက်မက်မောမောခုံခုံမင်မင်
နဲ့စားမိတော့တယ်....အရာသာရှိပါဘိ.......
ထပ်ပြီးတော့ထည့်ပေးပါလို့တောင်းဆိုပါတယ်နော့။။

AyeKhaing said...

တပုဒ်ဆိုဆိုသလောက် အားတက်စရာပါလားနော်

မေငြိမ်း said...

အဲဒါပေါ့..
မိုးချိုသင်း ဆိုတာ.. မျှော်ရတဲ့သူ မလွန်ပါ.. နော..။

ကလိုစေးထူး said...

ပျားအုံ တုတ်နဲ့ ထိုးမိတယ်ဆိုတာကတော့ အမှန်ပဲ အမရေ...။ ထိုးလက်စနဲ့ ၀ီခနဲနေအောင်သာ ဆက်တိုက် ထိုးဖို့ တောင်းဆိုပါတယ်။ တခါတလေတော့လဲ ပျားတုပ်ခံရတဲ့ အရသာလေး ခံစားရင်းနဲ့ပေါ့။ :D

တန်ခူး said...

ထမင်းသိုး ဟင်းသိုးလေးက ကျွမ်းကျင်မှုနဲ့ ဆိုင်တာမို့  ကျွန်မတို့ အတွက်ကတော့ မ က ခေါင်သူကြီးပါ…

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ညီမလည်း ငယ်ငယ်က အစ်မတွေ ကစားရင် ထမင်းသိုး ဟင်းသိုးဖြစ်ခဲ့ရတာမို့ အမရေးတာလေး ဖတ်ပြီး ငယ်ဘ၀တောင် ပြန်လွမ်းသွားမိတယ်။

MrDBA said...

ကျွန်တော်လဲ ငယ်ငယ်က ထမင်းမစား ဟင်းမစား အဖြစ်နဲ့ ၀င်ဝင်ကစားဘူးတယ်ခင်ဗျ ..

အဲ ..ဘလောက်ကလေးရေးတော့လဲ သူများစာတွေဖတ်ဖတ်လာပြီး ကိုယ်ဘာရေးရမှန်းမသိတွေ ဖြစ်ပြီး အားမရဖြစ်နေဘူးပါတယ် ..

ကျွန်တော်က ပျားအုံတုတ်နဲ့ထိုးပြီး ရေထဲငုတ်နေသလိုဖြစ်နေတယ် .. ကျွန်တော်ပြေးလိုက်ဦးမယ် ..ကိုက်ခံရလဲ ဒါ အရသာပေါ့ .. အားရှိသွားပြီ။

ကျွန်တော်က သူငယ်ချင်းတစ်ယောက်က ပြောလို့ ဒီကိုရောက်လာပါတယ်။