ဝလုံးလေးတွေ ၀ိုင်းဝိုင်းရေး...

စာမရေးတာ ကြာပြီ။
ငယ်ငယ်ကတော့ ဘာရယ်မဟုတ်ဘူး။ အပီအပြင်စာရေးတယ်လို့လဲ မဆိုနိုင်၊ တိုတိုထွာထွာ၊ ဟိုခြစ်ဒီခြစ် ရေးဖူးပြီး အိမ်ထောင်လဲ ကျရော၊ စာရေးတဲ့ဖက်ကို လုံးလုံး မလှည့်တော့ဘဲ အပျင်းထူနေတယ် ဆိုပါတော့။ အပျင်းထူနေတာလဲ သိပ်တော့ မကြာပါဘူး၊ ဆယ်စုနှစ်တခုလောက်ပဲ ကြာသွားတယ်။

အဲဒီတုန်းက ကိုယ့်ဖာသာကိုယ် စာမရေးဖြစ်တာ ဘာမှ ထွေလီကာလီ မစဉ်းစားမိပေမဲ့ ဘေးကလူတွေက အတင်းဝိုင်းစဉ်းစားနေကြတာ တွေ့ရတယ်။ ကိုယ့် အိမ်ကလူကြီး ကို နံပါတ်၁ ထားပြီး ၀ိုင်းဆော်ကြတာပေါ့။ 'ဘာဖြစ်လို့ သူ စာမရေးတော့တာလဲ၊ ယောကျာင်္းက ခွင့်မပြုလို့လား၊ စာရေးတာ မကြိုက်ဘူး ထင်တယ်၊ သူ့မျက်နှာကြီးကလဲ ရုပ်တည်ကြီးဆိုတော့ ဟုတ်မှာပါ' စသဖြင့်ပေါ့။ အသားလွတ် အတီးခံနေရတယ်ဆိုပါတော့။ ကိုယ်ကလဲ ဒါမျိုးဆို ငြိမ်သလေ။ သူ့အထင်ခံရ မနည်းဘူး ဆိုပြီး။

အဲဒီတော့ သူကလဲ အဲဒီမေးခွန်းတွေနဲ့ ကိုယ့်ဖက်လှည့်လာတော့တာပေါ့။ 'ချိုသင်းက ဘာလို့ စာမရေးတော့တာလဲ တဲ့။ အိမ်ထောင်ကျလို့ ကိုယ်က စာမရေးခိုင်းရအောင် ရုပ်ပြစားတဲ့ မင်းသမီးယူထားတာလဲ မဟုတ်၊ ဘာလို့ ကိုယ်က တားရမှာလ'ဲ တဲ့။ ပေါက်ကွဲတာ...ပေါက်ကွဲတာ။ ကိုယ်ကလဲ ဒီမေးခွန်းလောက်တော့ အပျော့ပေါ့။ ကိုယ်ကိုယ်တိုင်တောင် မသိတာ၊ ဖြေကို မနေဘူး။ အေးရော။

အခု ဘလော့ဂ်လုပ်တော့ စာကရေးရပြီ။ စာရေးရတာကို လက်ကြောမတင်းတော့ ပျားအုံတုတ်နဲ့ထိုးတာမျိုး တို့ ဘာတို့လဲ လုပ်ပြီးပြီ။ ဘလော့ဂ်ဆိုတာ ကိုယ့်ဒိုင်ယာရီလေးလို ဖြစ်နေတာမို့ ဘောင်မရှိလို့ လွတ်လပ်တာတခုတော့ အင်မတန်စိတ်ချမ်းသာရပါတယ်။ ဒါပေမဲ့ အဖွားလူထုဒေါ်အမာပြောဖူးသလို စာရေးတယ်ဆိုတာ ရေကူးသလိုပဲ၊ အမြဲရေးနေမှ တဲ့။ မကူးရင် နစ်သွားတတ်တယ်တဲ့။ ဘာလေးဖြစ်ဖြစ် ရေးနေမှ မှတ်တမ်းလေးလဲကျန်၊ စိတ်လေးလဲ ချမ်းသာ သတဲ့။

အဲဒီတော့ ညနေ ရုံးအပြန် ထမင်းဟင်းချက်၊စားသောက်ပြီးရင် စာရေးဖို့ ဟိုလိုလိုဒီလိုလို လုပ်နေရတယ်။ အလုပ်တွေပဲ များနေသလိုလို၊ စိတ်ပဲ မကြည်လင်သလိုလို၊ ဟင်းကပဲ မကျက်နိုင်လို့ စောင့်နေရသလိုလို လုပ်နေရတယ်။ အိမ်ကလူကြီးကလဲ မလှမ်းမကမ်းက အကဲခတ်နေတယ်။

ဒါနဲ့ ဒီနေ့တော့ အဖေ့ကဗျာလေးတင်အုံးမှ ဆိုပြီး တယောက်တည်း ရေရွတ်သလိုလို ပြောပြီး၊ စာရွက်တွေ တဖျတ်ဖျတ်လှန်တယ်လေ။ အဲဒီမှာ ကဗျာတပုဒ်က ကိုယ့်စိတ်နဲ့တွေ့ပြီး သဘောကျတာနဲ့ တင်လိုက်ပါတယ်။ အဖေက ဒီကဗျာရေးတုန်းက အသက် ၇၀ကျော်နေပြီမို့ အဆုံးသတ်ကလေးက ကိုယ့်အဖြစ်နဲ့ ကွဲလွဲပါတယ်။ ဒါကိုတော့ အသေအချာ သတိချပ်စေချင်ပါတယ်။ ကဗျာလေးက ဒီလိုပါ။


ဝလုံးရေးတဲ့ ကဗျာဆရာ

ညတညမှာပေါ့
အိပ်မရတာနဲ့ ထပြီး ကဗျာရေးတယ်။
ဝလုံး..၀လုံး..၀လုံး..၀လုံး
အချိန်တွေ ပြုန်းကုန်တာပေါ့။

‘ခုနစ်ဆယ်ကျော် ကဗျာဆရာကြီးက
တောက်တီးတောက်တဲ့ ၀လုံးတွေရေးသတဲ့’ လို့
မဲ့ရွဲ့ ပြောတော့ …
‘ဟောဗျာ.. အဲဒါလေးနက်လှစွာ
ဘ၀အဘိဓမ္မာလေဗျာ…
ဝလုံးမဟုတ်၊ သုညတွေပါ’ တဲ့။
‘ဘ၀ရဲ့  အကာပြဲ့ပြဲ့
အနှစ်မဲ့ပုံကို ထင်ဟပ်ပြီး
ကဗျာစပ်တာပါဗျာ’ တဲ့။

ဖြစ်ရလေ
အဖြေလှအောင် ဖြေမှဖြေတတ်ပလေ…
အဲဒါတွေဟာ သူငယ်ပြန်တာ ကိုယ့်လူရေ..။

တင်မိုး
၂၄၊ ၂၊ ၂၀၀၄

ကိုယ်လဲ ညညကျ ၀လုံးတွေပဲ ရေးနေရရင် ကောင်းမလား။ ???

မိုးချိုသင်း

15 comments:

MoeMaKha said...

I m the first to write the comment here ... hahaha ...
စာကို တင်ူပီူးပီးခဵင်း ကန်ြမင့်ဝင်ရေးတာ ငၝ ကၾ
ဟဲဟဲ
ဘာရယ္လိုႚ မဟုတ်ပေၝင် ...

yannaing said...

အိမ်ရောက်ရောက်ခြင်း ထမင်းစားပွဲကိုအသာလှပ်ကြည့်
တော့...ထမင်းသိုးဟင်းသိုးနဲ့တွေ့တာပါပဲ..
တွေ့တာနဲ့ဟန်မဆောင်နှိုင်ဘူးတစ်ခါတည်းဝင်တီးလိုက်
တာပဲ.....
မမိုးချိုရေ.......
ဘဘကြီးထက်သာအောင်လို့ ထဆင်ထူးတွေရေးပေါ့
ဟိ..ဟိ..

မေငြိမ်း said...

ဟားဟားဟား.. ဘလော့ကိုက်တယ်တို့.. ဘလော့နာကျတာတို့လည်း လာဦးမှာ..။
အင်း ဆရာကြီးကတော့ ဧည့်သည်ကြီးကဗျာတုန်းကလို ရိုးရိုးရေးလိုက်တာပါလို့ ပြောဦးမှာပါပဲ။ ဆရာမကတော့ ဟိုလိုလို ဒီလိုလို မော်ဒန်ဆိုသူတွေကို နောက်လိုက်တယ်လို့ ခံစားရတာပဲ.. ။ (ဒီကဗျာ ခုမှဖတ်ဖူးတာ... ကျေးဇူးဗျာ)

အောင်သာငယ် said...

မင်္ဂလာပါ။ ဆီပုံးမရှိတော့ ကွန်မန့်ထဲမှာပဲ အော်ခဲ့တယ်။ ဆရာ့ကဗျာက ကျနော်တို့ ဘ၀တွေ အားလုံးကို ကိုယ်စား ပြုခဲ့ပေါ့။ ကဗျာကို ဝေမျှပေးတာလည်း ကျေးဇူးပါ့ဗျာ။ ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

ကလိုစေးထူး said...

ဆရာကြီးရဲ့ ဒီကဗျာကို ကျနော်လဲ အခုမှ စဖတ်ဖူးတယ်။ ပြန်လည် ဝေမျှပေးထားတာ ကျေးဇူးပါ။

လင်း said...

ကဗျာလေးအတွက်ကျေးဇူးပါ။ စီဗုံးလေးထားပေးပါလားဆရာမရေ
ကွန်မင့်ထဲမှာ ပြောချင်တာတွေကို လာလာရေးနေရတာ အားနာလို့ ပါ

Moe Cho Thinn said...

စာလာဖတ်တဲ့အတွက် အားလုံးကို ကျေးဇူးတင်နေပါတယ်။ အဖေ့ကဗျာက ပုံမနှိပ်ရသေးတဲ့ ကဗျာမို့ အခုမှ ဖတ်ဖူးတာ ဖြစ်မှာပါ။ ဆရာမရေ ဆရာမမြင်တဲ့ဒေါင့်ကလဲ ဟုတ်နိုင်ပါတယ်။ ချိုသင်းကတော့ ရီစရာဘက်ကပဲ တွေးမိနေလို့၊ အဟီး။ ကိုအောင်သာငယ်နဲ့လင်းရေ ဆီပုံးတော့ ခဏသည်းခံပါအုံး။ သူများဆီပုံးတွေလိုက်ဖတ်ပြီး တချို့လူတွေကြောင့် မီးမီးကြောက်ကြောက် ဖြစ်နေလို့။ နောက်ပြီး ဆရာမ လို့လဲ မခေါ်ပါနဲ့လေ။ ဘာမှ မဟုတ်လို့ အမလို့ခေါ်ရင်ပဲ အဆင်ပြေပါတယ်။ အမထက် ငယ်မယ် ထင်လို့လေ။ တို့က ကေ့ထက် ၁နှစ်ကြီးတယ်၊ စကားထာဝှက်လိုက်တာ။

ပုံရိပ် / Pon Yate said...

ကဗျာလေးက ချစ်စရာပါ။ ပုံရိပ်လည်း စာမရေးဖြစ်ရင် ၀လုံးတွေ ရေးရမယ် ထင်တယ်။

AyeKhaing said...

ဟုတ်ပါတယ်။ က ကလေးငယ်ချစ်စဖွယ်၊ ၀ ၀ ကလေး ၀ိုင်းဝိုင်းရေး ပေါ့။ အ သုံးလုံး သင်တော့လဲ ၀ ကပဲ အခြေခံတာ။
ဝ ထ က လ သ ပေါ့။
ဟောဒါက ၀ ကလေးပေါ့။ ဒီ ၀ ကလေးကို ဒီလို ဆက်ရေးလိုက်တော့ ထ။ မဟုတ်ဘူး ဆရာ ၀ ဆက် တဲ့။ မဟုတ်ဖူး၊ ၀ နှစ်လုံးကို ပူးရေးထားတာ ၀ ပူး။

တန်ခူး said...

တကယ်တော့ တနေ့ နေ့  ၀လုံးတွေပဲထိုင်ထိုင်ရေးနေရတာပါ မ ရယ်… ကဗျာလေးကို သိမ်းထားလိုက်ပြီ… ဒါထက် မ ရဲ့ blogလေးကို linkလိုက်မယ်နော်…

pandora said...

ဘလော့ဂ်ရောဂါ ဘလော့ဂ်ပိုး အဲလို ဆိုကြတယ်။
ကြိုဆိုပါတယ်။
လင့်ခ်ထားလိုက်မယ်နော်

သက်ဝေ said...

ချိုသင်းရေ..
ဝိုင်းဝိုင်းစက်စက် ၀လုံးလေးတွေ ရေးထားတာကို
နေ့ တိုင်းလာဖတ်တယ်နော်...။ များများရေးပါနော်..။ ဒါပေမယ့် အလုပ်တွေသိပ်များတဲ့ အခါကျရင်တော့ ဘလော့ဂ် Diet လဲလုပ်ရတယ်..။
သိပ်လွန်လာလို့ လေ..။
ချိုသင်း ဘလော့ဂ်လေးကို လင့်ခ်ထားလိုက်မယ်နော်...။
ကျေးဇူး..။

Harry said...

ဆရာကြီးရဲ့ ဒီကဗျာကို ကျနော် အခုမှ ဖတ်ဖူးပါတယ် ခင်ဗျာ .. တင်ပေးတဲ့အတွက်ကျေးဇူးအထူးပါ
ဧည့်သည်ကြီး အိမ် အမြန်ပြန်နိုင်ပါစေ ..

july-nyanlin said...

meaning abt life..!

July-Nyanlinn said...

I love this note. Shall I keep this in my Facebook's wall..!