နံမည် ဘယ်လိုခေါ်ပါသလဲ

စာက စပြန်ရေးစ ဆိုတော့ ကားအင်ဂျင်များ စက်နှိုးသလို တွန့်တွန့် တွန့်တွန့် ဖြစ်နေလို့ ဟိုးရှေးတုန်းက ချက်ပလက်ကားကြီးတွေလို ဂေါက်ကြီးနဲ့ လှည့်နှိုးရမလို ဖြစ်နေတယ်။

ဒါမျိုးမြင်ကွင်းတွေက ဆောင်းရာသီတွေမှာ တွေ့ရတတ်တယ်လေ။ ရန်ကုန်မှာ ဆောင်းရာသီရောက်ရင် မနက်အစောကြီးတွေဆို ကားဂိတ်တွေမှာ ဘတ်စ်ကားအိုကြီးတွေကို ဂေါက်ကြီးတွေနဲ့ ကားဆရာတွေက လှည့်နှိုးနေရတာ ခဏခဏတွေ့ဖူးတယ်။

ကားစီးမဲ့လူတွေက ဘေးမှာ ရပ်စောင့်လို့၊ တချို့က စက်နှိုးတာကို လက်ပိုက်ပြီး ကြည့်ငေးလို့။ တချို့ကျတော့ ခေါင်းကုတ်ပြီး နောက်ကားကို မျက်စိဝေ့၀ဲ ရှာလို့..။ နှိုးရင်းနဲ့ စက်များ နိုးသွားလို့ကတော့ လူအုပ်က ဟေးကနဲ အော်ပြီး ကားပေါ်အတင်းလု ပြေးတက်ပြီး နေရာဦးကြတာ။ စက်နိုးသွားတဲ့ အဲဒီဂလောက်ဂလက် ၀ူး…ဆိုတဲ့အသံက အဲဒီမနက်ခင်းမှာ နားဝင်အချိုဆုံးပဲ :P

တခါတလေ ကားပေါ်ရောက်ပြီး ပြူတင်းပေါက်ဘေး နေရာတွေကို တွန်းတိုက်ဦးပြီး ရလို့ စမတ်ကျမယ်ရှိသေး၊ စက်ပြန်သေသွားလို့ ခဏပြန်ဆင်းကြပါအုံး၊ လုပ်အားလေး ပေးကြပါအုံး ဆိုပြီး ကူပြီး ကားကြီးတွန်းခိုင်းတာမျိုး ကြုံရတတ်သေးတာ။ အဲဒီတော့လဲ ညည်းညည်း ညူညူနဲ့ ဆင်းတွန်းကြရသေးတာ။

အခုလဲ ရေးစမို့ ဂေါက်ကြီးနဲ့တော့ နှိုးကြည့်နေတာပါပဲ။ ဒါကြောင့် စက်နှိုးရလွယ်အောင် ကိုယ်ရေးကိုယ်တာ မိသားစုအကြောင်းလေးတွေရေးမယ်လို့ စိတ်ကူးမိပါတယ်။

ကိုယ့်ရဲ့ ဒီနံမည်ကို အမေက ပေးခဲ့တာ။ လူတွေက ထင်ကြမယ်၊ နံမည်လေးက ဆန်းတယ်၊ ကဗျာဆန်တယ် ပေါ့။ အဖေက ကဗျာဆရာမို့ ဒီလိုနံမည်လေးပေးခဲ့တာလားပေါ့ စသဖြင့် ကိုယ့်ကို အကြိမ်ပေါင်း ရာချီပြီး အမေးခံရဖူးတယ်။ အဲလိုမေးရင် ကိုယ်တို့ညီအမတွေက ကြိတ်ရီကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေ့ရဲ့ နံမည်ပေး ကင်ပွန်းတပ်နဲ့ ပတ်သက်ပြီး အင်မတန်များတဲ့ အတွေ့အကြုံရှိနေလို့ပေါ့။

ငယ်ငယ်က အိမ်မှာ ကြောင်လေးတွေမွေးထားတယ်။ အိမ်မှာ ကြောင်ဘယ်တော့မှ မပြတ်ဘူး။ အမြဲလိုလို ၇ကောင် ၈ကောင်အသာလေး ရှိတယ်။ ကြောင်မွေးလို့ရှိရင် ကြောင်သေးသေးလေးတွေကို လက်ဖ၀ါးလေးထဲ ထည့်ပြီး အဖေနဲ့ အမေကို သွားသွားပြ ရတာ။ အဖေ့ကို နံမည်လဲ ပေးခိုင်းရသေးတယ်။ ဒီကြောင်လေးကို မိသားစုဝင်အဖြစ် အသိအမှတ်ပြုပါ ဆိုတဲ့သဘောပေါ့၊ (ဂိုဏ်းချုပ်ကြီးကို သွားပြရတယ်ဆိုပါတော့)

အဲဒါဆို အဖေက ကြောင်လေးက အ၀ါရောင်လေး၊ အထီးဆိုရင် ‘ဖိုးဝါ’လို့ နံမည်ပေးလိုက်တယ်။ ဒါဆိုကျေနပ်ပြီး ကြောင်ကလေးပိုက် ပြန်သွားရော။ အနက်ရောင်၊ အထီးလေး ဆိုရင် ‘ဖိုးနက်’ လို့ ပေးလိုက်တယ်။ အင်းပေါ့လေ၊ ဟုတ်သားပဲ၊ ဖိုးနက်ဆိုတော့ ခေါ်ရလွယ်တာပေါ့။ ဒါလဲ သဘောကျတာပဲ။ အဖြူရောင် အထီးလေးကျတော့ ပေးလိုက်ပြန်ပြီ၊ ‘ဖိုးဖြူ’ တဲ့။ အင်း… တဆိတ်တော့ ဖိုး တွေ များနေပြီထင်တယ်လို့ စိတ်ထဲမှာ ဖြစ်မိသလိုလိုပဲ။

ကဲ..ဒီတခါတော့ ကြောင်အမလေးဟေ့၊ အဖေ့ကို ပြေးသွားပြတယ်၊ အ၀ါရောင်လေးဆိုတော့ မိဝါ တဲ့၊ နံမည်လေးက ရိုးတော့ ရိုးနေသလိုပဲပေါ့နော်၊ စိတ်ထဲမှာ ထင်မိတာပါ။ အနက်လေးကျတော့ရော၊ မိနက် တဲ့။ အင်း ဟုတ်တော့နေပြီပေါ့လေ။ အဖြူလေးကျတော့… (အဖေက မပြောခင် ကိုယ်ကပဲ ဦးအောင်) မိဖြူလို့ နံမည်ပေးလိုက်ရော။ ဒါပဲ လာမှာပဲ မဟုတ်လားလို့။

တခါကျတော့ အ၀ါရောင်လေးက နှစ်ကောင်စလုံး အမ လေးတွေ ဖြစ်နေတယ်။ အဲဒါကျတော့ ဘယ်လိုများ ပေးမှာပါလိမ့်ပေါ့။ အဲဒါလဲ အစဉ်အလာတော့ မပျက်စေရဘူး၊ အ၀ါ အနုလေးကို မိဝါလို့ ပေးပြီး၊ အ၀ါရင့်ရင့် အကောင်လေးကို မိနီတဲ့၊ အနီရောင်လေး သန်းနေလို့ ဆိုပဲ။

အဲဒီတော့ နောက်တခါ အ၀ါလေးနှစ်ကောင် အထီးလေးဆိုရင် အဖေ့ ဖော်မြူလာအတိုင်း တကောင်ကို ဖိုးနီလို့ ပေးပြီး၊ နောက်တကောင်ကို ဖိုးဝါ လို့ ပေးလိုက်တယ်။ အဖေ့ ဖော်မြူလာက လူတိုင်းသိနေပြီလေ။ အထီးဆို ‘ဖိုး’ ရှေ့မှာတပ်ပြီး အရောင်နဲ့ တွဲပေးလိုက်၊ အမဆို ‘မိ’ တပ်ပြီး အရောင်နဲ့ တွဲပေးလိုက်။ အေးရော မဟုတ်လား။

ကိုယ့်ကို မွေးတဲ့အချိန်က ကံ့ကော်ပန်းတွေ လှိုင်လှိုင်ပွင့်တဲ့ အချိန် တဲ့။ ရန်ကုန်တက္ကသိုလ် ပရ၀ုဏ်ထဲမှာ မွေးတာဆိုတော့ တက္ကသိုလ်တခုလုံး ကံ့ကော်တွေနဲ့ အရမ်းလှနေချိန်လို့ အမေက ပြောဖူးတယ်။ ကိုယ်တို့အိမ်ရှေ့က ကံ့ကော်ပင်ကြီးမှာ ကံ့ကော်တွေ သုံးလေးထပ် ပူးပြီးပွင့်တာ တဲ့။ ဒါနဲ့ ဆေးရုံကနေ ကလေးလေးပိုက်ပြီး ဆင်းလာလို့ အိမ်ရှေ့ရောက်ရင်ပဲ ကံ့ကော်ရနံ့တွေ ချိုပြီး သင်းပျံ့ နေလို့ အဖေ့နံမည်လဲ ပါအောင် မိုးချိုသင်းလို့ အမေက ပေးလိုက်တာ တဲ့။

မကံ့ကော်လို့ ပေးရကောင်းမလားလဲ စဉ်းစားသေးတယ် တဲ့။ အဲဒီနံမည်လဲ ကြိုက်တာပါပဲ။ ဒါပေမဲ့ ကိုယ်က ရင်းနှီးသူတွေနဲ့ စကားပြောရင် နံမည်ပါ ထည့်ထည့်ပြောတတ်တော့ ကံ့ကံ့ ကလေ၊ ကော်ကော် ကလေ နဲ့ ပြောရရင် မနိပ်ပါဘူးလို့ ကြီးမှ ပြန်စဉ်းစားမိသေးတယ်။

အဖေက ကဗျာဆရာဆိုပေမဲ့ ကဗျာပိုဆန်တဲ့ အမေက ပေးတာမို့ ကျေနပ်တယ်။ ပြည်ပရောက်လဲ မာရီယာတွေ၊ အဲလိဇဘက်တွေ ဖြစ်သွားမှာ မဟုတ်ပါဘူး။ မိုးချိုသင်းလို့ပဲ အမြဲသုံးသွားမှာပါ။ အသားညိုညို နဲ့ အမ, လေးမို့ မိညို တို့ဘာတို့ မဖြစ်သွားတာပဲ တော်သေးတယ် ပြောရမှာပေါ့နော်။

မိုးချိုသင်း

14 comments:

yannaing said...

မမိုးချို ရဲ့ စာရေးချင်တဲ့ အင်ဂျင်ကိုမနိုးနိုးအောင်ဝိုင်းဝန်း
တွန်းပေးမှပါ..စိတ်ချလိုက်စမ်းပါ.......
နံမည်အပေးကောင်းပြီးစိတ်ကူးကောင်းတဲ့ အမေကြီးကို
မတွေ့ဘူးပေမဲ့..ဒီလိုနံမည်ပေးတတ်တဲ့အတွက်ချီးချူးမါ
တယ်ဗျာ.......

Kay said...

မချိုသင်း- ( အမ သူငယ်ချင်းတချို့ အဲလိုခေါ်တာ ကြားဖူးလို့)း)

မိညိုဖြစ်ဖြစ်..မိလုံးဖြစ်ဖြစ်.. အမ လေးတော့..အမလေးပဲ။ အဟဲ..

မွေးနေ့ဆုမွန်နဲ့..ကွန်မန့်အတွက်..အရမ်းကျေးဇူးတင်ပါတယ်။ စာတွေ နေ့တိုင်းရေးနိုင်ပါစေ လို့..ပြန်ဆုမွန်ပြုပါတယ်။

ခင်မင်လျက်-

တန်ခူး said...

မ ရေ… မရဲ့စာတွေ မဖတ်ရတာကြာလို့ လွမ်းနေတာ… ခုတော့blogကြီးတခုလုံးရှိနေလို့ စိတ်မပူတော့ဘူး… ဂေါက်နဲ့ နှိုးတဲ့ မိသားစုအကြောင်းလေးတွေလဲ ဖတ်ချင်ပါတယ်… အင်ဂျင်ကြီးမပျင်းတောင် ဆက်ရေးပေးနော်…

မေငြိမ်း said...

အဲလောက်နာမည် လှလှပိုင်ရှင်လေးကို ဘဒူတွေယဲတွ ၀က်ကလေး လို့ခေါ်ဂျဒါ..။

Ma Moe said...

Cho Thin,

Let me share my memories with your dad. When my wife was pregnant, we met with Sayar at Ko Aung Din house one day( You were at s'pore). I asked Sayar to choose the name for my son. He and KAD talked that how to choose the names and He was writing so many names in his note book. Then he looked at me and shake his head. ( looked like try to check my ugly face and think :)haha
Finally, he said how about "AUNG SAN LIN"? or " How about LaMin).I was suprised and I have no words to him. And KAD agree "LaMin" too. So I chose "LaMin Lin" for my son.( other friends like that too). One sure thing that Sayar always love and admire "BoGyoke Aung San" and Daw Aung San Suu Kyi.
Rest In Peace. Sayar!

Keep it up.Cho thin

NayLin
( one more thing, He remembered all our friends' names and some gossips from our G.Class :). Man.. Sayar is one of the greatest people in our time.)

ခင်မင်းဇော် said...

ဟဲ့ ချိုဝဏ္ဏ လို့ ကိုယ့်ဖာသာ ယူတဲ့လူလဲ ရှိပါသေးတယ်နော်။
ဟုတ်တယ် နော်ချိုသင်းရေ...
အမ လာလည်တယ်.. လာဖတ်တယ်ဟေ့... ဘလော့လုပ်ဖြစ်တော့မှ စ ကားပြောဖြစ်တော့တယ်..

MyaungMya LaukPyar said...

Teacher

Why you tell secret name. Ha Ha Ha
Oh. If you want to know how we all call her at Shan Taung Oo Camp? Hollar me....:)

လင်း said...

ဂေါက်ကြီးနဲ့ နှိုးနေတာကိုပဲ နေ့ တိုင်းလာလာကြည့်ပြီး အားပေးနေပါတယ်။ :)

AP said...

hi MCT

This is Nang Thandar Aung,who is friends of Chaw Chaw, Ko Par, kaung Moe.:)
Anyway very nice to see all your post, keep it up.:)

ကလိုစေးထူး said...

ဂေါက်တံနဲ့ လှည့်နိုးပေလို့သာပဲ။ အင်ဂျင်သာ အရှိန်ရရင် တနေ့ကို ငါးပုဒ်လောက် တင်မလား မသိဘူး။ :D

pandora said...

ဂေါက်ကြီးကြီးနဲ့ များများနှိုးပါဗျို့
အမြဲဖတ်စရာ ဘလော့တခု တိုးလာလို့ ၀မ်းသာရပါတယ်

ဂျူဂျူးမောင် said...

ကံ့ကံ့ ကလေ ... ကော်ကော်ကလေ လို့  ရေးထားတာလေး ဖတ်ပြီး ရယ်မိတယ် :D

ပီတိ said...

ဂေါက်နဲ့နှိုးလို့မရရင် ကုန်းပေါ်ကနေ လှိမ့်ချရမှာပဲ… :D
ကြည့်ရတာ စက်ကသေချာပေါက်နိုးနေပြီပဲ… ဆီလာဖြည့်ဖို့ ဆီပုံး လေးလုပ်ပါဦး…

အညတြ (ခေတ္တ နယူးယောက်ခ်) said...

ကဗျာဆရာ ဦးမိုး ရဲ့ သမီး လေး မချိုသင်း ရေ... နာမည်ပေးကင်းပွန်းတတ် မှာ လာ စား သွား တယ် ဗျ။ ဘာ မှ မကျွေးလို့ ကိုယ် ထမင်းချိုင့် နဲ့ ကိုယ် ဖွင့်စား သွား တယ်ဗျ။ မိချို နဲ့မိသင်းတို့နေ ကောင်းကျန်းမာပါစေ လို့ ဆန္ဒ ပြုလျက်... ခင်မင်လေးစားသော....