စာလာဖတ်တဲ့ ညီမလေးတွေက သူတို့ သိနေတဲ့ အကြောင်းအရာလေးတွေ ဆွဲထုတ်ပြီး ကိုယ့်ကို ဟိုအကြောင်းလေး ရေးပါလား၊ ဒီအကြောင်းလေး ပြောပါအုံး ဆိုပြီး ပြောတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ဒါပေမဲ့ တခါတလေကျရင်တော့ ကိုယ့်ဖာသာကိုယ် အားငယ်ပြီး စာဖက်မလှည့်ဘဲ တခြားဟာတွေ စိတ်ဝင်စားနေပြန်ပါရော။
တခါက ကိုယ်လဲ စာမရေး စာမဖတ်ဘဲ တခြား ကိစ္စတွေ စမ်းလုပ်ကြည့် စိတ်ဝင်စားဖူးပါတယ်။ အဲဒီတုန်းက ကိုယ်က စင်ကာပူကနေ ရန်ကုန်မှာ ပြန်နေစဉ်ကာလ။ ၂၀၀၀ ခုနှစ်လောက်က ပေါ့။ အဲဒီတုန်းက ကိုယ့်အမျိုးသားရော ကိုယ်ပါ ပြန်လာပြီးမှ သူက အလုပ်ကိစ္စတွေ မပြတ်သေးတာမို့ ပြန်သွားရတယ်။ သွားလိုက် ပြန်လိုက်ပေါ့။
ကိုယ်ကတော့ လည်ရာ ပြန်စားရေး။ ကလေး ကဗျာစာအုပ်လေးတွေ၊ ကိုယ်တို့ နှစ်ယောက် ကြိုက်တဲ့ ဟိုးအရင် ရွှေသွေးမှာပါတဲ့ ဆရာဦးဘကြည် ပန်းချီနဲ့ စာလေးတွေ ဆရာကြီးဆီက ခွင့်တောင်းပြီး သပ်သပ်ရပ်ရပ် ၄ရောင်နဲ့ ပြန်ထုတ်ဖို့ လုပ်နေတုန်း။ အဲဒီမှာ ဒီဇိုင်း ကိစ္စနဲ့ အကိုလို ခင်နေတဲ့ ဒီဇိုင်းဆရာ ကိုစိုးဝင်းငြိမ်းအိမ် ၀င်ထွက်တော့ အိုးလေးတွေမှာ ပုံလေးတွေကပ်ထားတဲ့ (အိုးပန်းချီ ခေါ်မလား မသိဘူး) အရုပ်အိုးလေးတွေ တွေ့တာကိုး။
တွေ့တွေ့ချင်း သဘောကျလိုက်တာ။ ဘယ်လိုလုပ်ရလဲ သင်ပေးပါဆိုပြီး ပူဆာတော့ သူက အိုးလုံးလုံး လှလှလေးတွေ ၀ယ်ပြီး ခံဆေး သုတ်၊ ပြီးရင် ပုံလေးတွေကို ကပ်တာ တဲ့။ ဒါနဲ့ သူကိုယ်တိုင် မင်းဓမြ လမ်း (တကယ်က မင်းဓမ္မလမ်းပါ) မှာ အိုးလေးတွေ သွာ်းဝယ်ကြတယ်။
ပန်းစိုက်ဖို့လဲ မဟုတ်၊ ပုံကပ်ဖို့ လွယ်အောင် အိုးလုံးလုံးလေးတွေ လိုက်ရွေးဝယ်ရတာ။ ဒါနဲ့ ကိုယ်က အိုးကြီးကြီး တလုံးရယ်၊ အိုးအသေးလေး ၂လုံးရယ် ဝယ်ခဲ့တယ်။ ခံဆေးသုတ်ဖို့ ဆေးအဖြူလဲ ဝယ်တယ်။
ကိုယ့်မှာ လုပ်ချင်လိုက်တာ အခုကိုပဲ ထမင်းမေ့ ဟင်းမေ့ လုပ်လိုက်ရမှ နေသာ ထိုင်သာ ရှိတော့မယ် ဆိုတဲ့အတိုင်း။ ဒါနဲ့ ဘာပုံကပ်ရမလဲ စဉ်းစားလိုက်တာ သူလဲ အိမ်မှာ မရှိတော့ သူ့အတွက် အမှတ်တရ တခုခု လုပ်ပေးမယ်လို့ စိတ်ကူးမိတယ်။
အဲဒီတုန်းက အိမ်မှာ သူဖတ်တဲ့ ဘောလုံးဂျာနယ် (အားကစား ဂျာနယ်) တွေ တပုံကြီး ဖြစ်နေတာ။ ဒါနဲ့ သူ့အကြိုက် ဘောလုံးသမားတွေ အကုန်လုံး လက်နဲ့ ကိုယ် လိုချင်သလောက်လေး ဆုတ် ဆုတ်ပြီး လိုက်ဖက် လှပအောင် အိုးမှာ ကပ်တယ်။ ကတ်ကြေးနဲ့ ညှပ်ရင် ရသားပေါ့။ ဒါပေမဲ့ မလှဘူး ထင်တယ်။ လက်နဲ့ ဆုတ်ထားတာကို ကပ်မှ ပိုလှတယ် ထင်လို့လေ။
ဘက်ခမ်းနဲ့ သူ့သားလေးပုံ၊ ဇီဒန်းပုံ၊ ရွိုင်းကင်း ပုံ။ အဲလက်စ် ဖာဂူဆန်တောင် ပါသေး။ အိုးက လက်တပွေ့လောက် ကြီးတော့ တော်တော် ပုံရှာကပ်ယူရတာ။ အိုး အတွင်းရော အပြင်ရောပေါ့။ စ လုပ်တော့ ညနေပိုင်းလောက် ကနေ လုပ်တာပါ။ တညလုံး ညလုံးပေါက် မပြီး မချင်း ပုံရှာ ဆုတ် ကပ် လုပ်တယ်။ အရင်လိုတာလဲ မဟုတ်ဘဲနဲ့။
အိုးလေးပြီးတော့ ကျေနပ်ပြီး ဧည့်ခန်းမှာ ထားလိုက်တယ်။ ဘောလုံးသမား ပုံတွေချည်း။ ကိုယ့်ဖာသာကိုယ် သဘောတွေကျလို့၊ သူနားက ဖြတ်သွားတိုင်း ကြည့်လိုက်၊ ပြုံးလိုက်၊ အိုးလေးကို ပွေ့ထားလိုက်၊ မြှောက်ကြည့်လိုက်၊ သူငယ်ချင်းတွေ လာရင် ပြ လိုက်။
ဒါနဲ့ သူ ပြန်လာရော ဆိုပါတော့။ လေဆိပ်က ကြိုလာကတည်းက အိမ်ရောက်ရင် အံ့သြစရာ ပြချင်တာ ရှိတယ် ပြောလာတယ်။ အိမ်ရောက်တော့ အရုပ်အိုးလေးကို ပြလိုက်တာပေါ့။ သူကလဲ အံ့သြပြီး လှလိုက် ကောင်းလိုက်တာ တဲ့။ ဘယ်လိုလုပ်သလဲ တဲ့။ ဒါနဲ့ ကိုယ် ဆုတ်ထားတဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်အပုံလိုက်ကြီးကို လက်ညှိုးထိုးပြလိုက်တာပေါ့။
အစုတ်စုတ်ပြဲနေတဲ့ သူ့ဂျာနယ်တွေ မဂ္ဂဇင်းပုံကြီးကို ကြည့်ပြီး တော်တော်မျက်နှာ မကောင်းဘူး။ ဟာ ကနဲ မိုက် ကနဲ ဖြစ်သွားပုံရပေမဲ့ ကိုယ်က ပြုံးကြည့်နေတော့ သူ အတော် အိနြေ္ဒဆယ် ထားရပုံပဲ။ သူက ဒါတွေ ဖတ်လိုက် သဘောကျလိုက်နဲ့ အပန်းဖြေတာ မဟုတ်လား။ မချိပြုံးပေါ့။
နောက်တော့ ကိုယ်က အလိုက်တသိနဲ့ ဓာတ်ပုံဖက် လှည့်သွားပါတယ်။ ဓာတ်ပုံတွေ ကူး၊ ရေဆွတ်ပြီး ဓာတ်ပုံ စက္ကူသားတွေ ခွာပြီး အိုး လုပ်ပြန်တယ်။ ဓာတ်ပုံဆိုတော့ အရောင်လေးတွေ တောက်ပြီး တမျိုး လှပြန်တာပဲ။ ဒီတခါတော့ နှစ်ယောက်တည်း ပုံတွေချည်း ရွေးထုတ်ပြီး ကူးရ၊ ကပ်ရ ပေါ့။ ပုံကူး၊ ပြန်ဆုတ် ဆိုတော့ ပိုက်ဆံကုန်တာပေါ့။ ဒါလဲ မသက်သာဘူးပေါ့လေ။
ဘောလုံးပုံနဲ့ အိုးကတော့ ရန်ကုန်အိမ်မှာ ရှိသေးမယ် ထင်တယ်။ အဲဒီ နှစ်ယောက် ဓာတ်ပုံတွေနဲ့ အိုးကတော့ သူနဲ့ စိတ်ဆိုးတုန်းက နံရံကို ပစ်ပေါက်ပြီး ခွဲလိုက်လို့ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားပြီ။ ကိုစိုးဝင်းငြိမ်းကတော့ ပြောတယ်၊ performance တွေ သိပ်မလုပ်နဲ့ တဲ့။
အခုတော့ ကျောက်တုံးလေးတွေပေါ်မှာ ပန်းချီခြယ်တာ စိတ်ဝင်စားပြီး ဆေးတွေ ဝယ်ထားလိုက်တယ်။ ကျောက်တုံးဆိုတော့ မကွဲနိုင်တာလဲ ပါတာပေါ့လေ။
မိုးချိုသင်း