အဖေတို့ ရွာ

ငယ်ငယ်တုန်းက ပထမဆုံး သွားခဲ့ရတဲ့ ခရီးကို သတိရမိသေးတယ်။

အဲဒီတုန်းက ကိုယ်က လေးတန်း။ အဖေ့ ညီမ ဒေါ်လေးစန်းက ရွာကနေ ရန်ကုန်လာလည်တော့ အပြန်မှာ ကိုယ်တယောက်တည်း ဒေါ်လေးနဲ့အတူ အဖေ့ရွာကို လိုက်သွားခဲ့တာ။ ကိုယ်က အမေကိုကပ်သူဆိုတော့ ဟိုရောက်မှ ပြန်ချင်နေမစိုးလို့ လိုက်ချင်တာ သေချာရဲ့လား ဆိုတာ လူကြီးတွေက မသွားခင် တမေးတည်း မေးနေခဲ့တာပါ။

ကိုယ်ကလဲ ဘာစိတ်ပေါက်သွားတယ် မသိ။ လိုက်မယ် ပဲ။ ကျောင်းပိတ်ရက်လဲ ဖြစ်တော့ ဒေါ်လေးစန်းကလဲ ခေါ်သွားမယ်ဆိုပြီး ပြောတာနဲ့ အမေက အ၀တ်အစား အသစ်လေးတွေချည်း ရွေးထည့်ပေးလိုက်တယ်။ ဟိုရောက်ရင် အမေ့ကို သတိရလို့ ပြန်ပို့ပေး လို့ ဂျီမကျနဲ့နော်၊ သင်္ကြန်ပြီးမှ ပြန်လာရမှာ သမီးနားလည်တယ်နော် လို့ အမေက ပြောလဲပြော၊ ဆုံးလဲ ဆုံးမတယ်။

ဒါနဲ့ အဖေတို့ရွာကို ပထမဆုံးအကြိမ် အဖေတို့ အမေတို့ မပါဘဲ ဒေါ်လေးစန်းနဲ့ လိုက်လာခဲ့တယ်။ မီးရထားပေါ်မှာ ပျော်လိုက်တာ။ ဘူတာဆိုက်တိုင်း မုန့်တွေ ၀ယ်စားရတာ မှတ်မိနေတယ်။ အိုးလေးတွေ ရွက်ပြီး ရေရောင်းတဲ့ ရေသည်လေးတွေဆီက ရေ၀ယ်ပြီး မျက်နှာသစ်ရတာ မမေ့နိုင်ဘူး။ အေးမြနေတဲ့ရေစင်ပဲ။

ရထားက သာစည်ဘူတာမှာ အကြာကြီးနားတော့ အဒေါ်က မုန့်ဟင်းခါး စားမလား တဲ့။ ကိုယ်ကလဲ ရန်ကုန်က မုန့်ဟင်းခါးလို ထင်ပြီး စားမယ်ပေါ့။ စားတော့ ပဲပျစ်ပျစ်နဲ့ ချက်ထားတဲ့ မုန့်ဟင်းခါးမျိုး။ ရန်ကုန်က ငါးမုန့်ဟင်းခါး နဲ့ မတူဘူး။ ကိုယ်လဲ လုံးလုံး မကြိုက်တာနဲ့ ရထား စင်္ကြန်ပေါ်မှာ အန်လိုက်တာ။ ရထားနဲ့ အပြိုင် ဥသြဆွဲလိုက်သေးတယ်။

ရွာနံမည်က ကန်မြဲ ဇဂျမ်းတဲ့။ တောင်သာနယ်က။ တောင်သာကနေ ထော်လာဂျီကားကြီးတွေ စောင့်စီးရတာ။ ကိုယ်က ရွာကို ရောက်ချင်လှပြီ။ ကားတွေက တနေ့မှ မနက်တစီး ညတစီး လောက်လာတော့ စောင့်လိုက်ရတာ။ တနေ့ခင်း ကုန်အောင်ပဲ။ အဲဒီတုန်းက ကားမလာနိုင်လွန်းလို့ ရွာကို အမြန်ရောက်ချင်လွန်းလို့ ငိုတောင် ငိုမိတယ် ထင်တယ်။

ညနေမိုးချုပ်ခါနီးမှ ကားက လာတယ်။ ကားဆရာက ကားပိုင်ရှင် တဲ့။ ဦးမိုး တဲ့။ ကားကြီးလာတော့လဲ ကားပေါ်မှာ ကုန်အပြည့်ပါလား။ ကြက်သွန်အိတ်တွေ အပြည့်အသိပ်။ လူက ဘယ်လိုလုပ်စီးမလဲ ဆိုတော့ အဲဒီ ကြက်သွန်အိတ်ပေါ် တက်ထိုင် လိုက်သွားရမှာ တဲ့။ ညည်းဟိုဖက်နည်းနည်းတိုး၊ ဒီဖက် နည်းနည်းလောက် နဲ့ မျှထိုင်ပြီး ဟိုအစွန်း၊ ဒီအစွန်းကိုင် လိုက်သွားရတာမျိုး။

ကားကြီးက လူသီးကြီး ဖြစ်နေပြီ။ ဒါတောင် လမ်းမှာ လူတင်တုန်း။ တောသူတောင်သား ရွာသားတွေကလဲ အေးအေးချမ်းချမ်းပဲ။ အချိန်တွေကလဲ ပေါ ပါ့။ ကွမ်းတွေဝါး၊ လေတဖြူးဖြူး နဲ့ တွယ်စီးရင်း လိုက်တာပဲ။ ရွာအ၀င်မှာ ချောင်းတခု ဖြတ်ရသေးတယ်။ ချောင်းနံမည်တော့ မမှတ်မိတော့ဘူး။ သွားတဲ့ အချိန်က ရေမရှိလို့ ကြက်သွန်ခင်းတွေ ၀ါခင်းတွေကို ၀ါတလွင့်လွင့် နဲ့ တွေ့ရတယ်။

ထန်းပင်လေးတွေ မြင်ရတဲ့ ဟိုးအဝေးက မှုန်ပျပျ မဲမဲအစုလေးက အဖေတို့ ရွာ တဲ့။ ကိုယ်က ရွာအ၀င် မတ်တပ်ရပ်ကြည့်တော့ ရွာက ကလေးတွေက သတင်းကြားလို့ မျှော်နေကြတာ။ ထော်လာဂျီ နောက်က အော်ရင်း တပြုံကြီး ပါလာတယ်။ ရန်ကုန်သူ လာပြီဟေ့ တဲ့။

ဒေါ်လေးစန်းတို့ အိမ်ရှေ့မှာပဲ ကားက ရပ်ပေးတယ်။ တချို့ ဆင်းကြတာပေါ့။ ကိုယ့် ၀မ်းကွဲ အမတွေ ဖြစ်တဲ့ မမမိုး နဲ့ မတူးက ဆီးကြိုတယ်။ ရေနံဆီ မီးခွက် ထွန်းပါဟဲ့ တဲ့။ အဲဒီတုန်းက ရွာမှာ မီးမရှိတော့ ရေနံဆီ မီးခွက်နဲ့ပဲ နေရတယ်။ အိမ်ကလဲ မှောင်လို့။ ဘဂျမ်းသမီး ကြည့်စမ်းပါရစေအေ ဆိုတဲ့ အဒေါ်ကြီးတွေကလဲ ငုတ်တုတ်။ ကလေးတွေကလဲ ကိုယ့် ရှေ့မှာ ငုတ်တုတ်။ မိုးချုပ်တဲ့အထိ ဒီအတိုင်း ထိုင်ကြည့်နေကြတာပါပဲ။

ကိုယ်လဲ အသစ်အဆန်းဖြစ်နေလို့ ဟိုကြည့် ဒီကြည့်နဲ့။ နောက် ခရီးကလဲ ပန်းလာတော့ အိပ် အိပ်ဆိုပြီး ပြောလို့ ဒေါ်လေးစန်းနဲ့ အတူ အိပ်ရတယ်။ တညလုံး အိပ်မပျော်ပါဘူး။ ဂျပိုးကိုက်လို့ပါ။ အမေ့ကိုလဲ သတိရပြီး ပထမဆုံး ညမှာပဲ ငိုလိုက်ရတာ။ ညလယ်ကြီး ထပြီး အမေကို တ ပြီး ခုပြန်မယ် ခုပြန်ပို့ နဲ့ အော်ငိုနေလို့ တအိမ်လုံး မအိပ်ကြရဘူး။

မနက်မိုးလင်းမှ အိပ်သွားတာ။ နိုးလာတော့ ကုတင်ဘေးမှာ ရှပ်ရှပ် ရှပ်ရှပ်နဲ့ လူတွေ ဖြတ်နေကြတာကိုး။ ဘာဖြစ်လို့ပါလိမ့်လို့ အံ့သြနေတာ၊ ကိုယ့်ကို မျောက်ပွဲကြည့်သလို ကြည့်တာကိုး။ ရန်ကုန်သူနှယ် အိပ်ချက်က မတရား တဲ့။

နောက်တော့ ချက်ချင်းပဲ သူငယ်ချင်းတွေ ရသွားတယ်။ ကိုယ့်ညီမ ၀မ်းကွဲ မိမော်ရဲ့ သူငယ်ချင်းတွေပေါ့။ ဗန်းဌေး တဲ့။ မိုးဆွေ တဲ့။ အတူး တဲ့။ သူတို့နဲ့အတူ မန်ကျည်းပင်ကြီးအောက်မှာ ထွေကစားတယ်။ ခြေတပေါင်ကျိုး ကစားတယ်။ လိုက်တမ်း ပြေးတမ်း ကစားတယ်။ တကိုယ်လုံး ပေတူးလို့။ နွားကြီး လှည့်ပြီး ကြိတ်တဲ့ နှမ်းဆီဆုံမှာ နွားရှေ့က ကန့်လန့်လုပ်နေလို့ နွားဝှေ့လိုက်တာ မိမော် ကော့ကနဲ လွင့်သွားသေးတယ်။

နွားနို့စစ်စစ်လဲ ထန်းညှက်နဲ့ ကျိုပြီး သောက်ရတယ်။ သိပ်ကောင်းတာပဲ။ အကြိုက်ဆုံးက ဈေးနေ့မှာ မမမိုးနဲ့ အဖော်လိုက်သွားပြီး အကြော်တွေ လက်သုတ်စုံတွေ စားရတာကိုပါ။ အကြော်တွေက ပဲဆီစစ်စစ်နဲ့ ကြော်ထားတာမို့ ကြွပ်ရွ လို့။ အသုတ်စုံကလဲ အကြော်တွေနဲ့ ထည့်သုတ်ထားတာ။ မွှေးနေတာပဲ။ ဈေးမှာ ဟိုဆိုင်ဝင် ဒီဆိုင်ထွက် အမ နောက် လိုက်တာပဲ။

ရွာက ဈေးလေး

ပြီးတော့ ရွာက ကန်ကြီးဆီလဲ ရောက်ရသေးတယ်။ အမလုပ်တဲ့ မတူးက အိမ်သားတွေ ရေချိုးဖို့ ကန်ထဲက ရေကို ခပ်သွက်သွက် ခေါက်တုံ့ခေါက်ပြန် ရေထမ်းတာကို ဘေးက အဖော်လိုက်တာပါ။ ကိုယ်လဲ ထမ်းကြည့်ချင်တယ် ပြောလို့ ရေမပြည့်တပြည့်ထည့်၊ အမက ထမ်းချင်အုံး ဆိုပြီး ထမ်းခိုင်းလိုက်တာ ရှေ့ကို မသွားနိုင်ဘဲ ထမ်းပိုးက လည် နေလို့ လူလဲ ပတ်ချာလှည့်နေတာ။ ရေတွေလဲ ဖိတ်၊ လူလဲ ပက်လက်လန် တာပဲလေ။

ဟိုတလောကတော့ ကိုယ့်အဒေါ် နဲ့ အမတွေ သူတို့သားသမီးတွေကို ရှင်ပြုနားသ အလှူလုပ်တော့ ကိုယ့်အမ မစံတို့ ဇနီးမောင်နှံ သွားကြတယ် တဲ့။ ဓာတ်ပုံတွေ ပို့ပေးလို့ ကြည့်ရတယ်။ လူတွေလဲ အသက်တွေ ကြီးကုန်ပြီနော်။ အရင်က ကိုယ်နဲ့ ဖန်ခုံတမ်း ဆော့တဲ့ မိမော်က သူကြီးကတော် ဖြစ်နေပေါ့ တဲ့။ သူ့သမီးလေး ကျော့ကျော့စံ က နားသ မှာတဲ့။ အဲဒီ ကျော့ကျော့စံ ဆိုတဲ့ နံမည်က အဖေတို့ရွာမှာ စာပေဟောပြောပွဲလုပ်တုန်းက မွေးတဲ့ကလေးမို့ စာရေးဆရာမ ဂျူးပေးသွားတဲ့ နံမည် လေ။

သူငယ်ချင်းတွေ ဖြစ်တဲ့ အတူးက ဆုံးတာ ကြာပြီ။ အရက်မူးပြီး သူများ ဓားနဲ့ ထိုးလို့ သေ ရတာတဲ့။ သူက အသားမဲမဲ လူက လုံးလုံးနဲ့ ကစားရင် အလွန်သန်တယ်။ ကိုယ့်ကိုလဲ ခင်လိုက်တာ၊ မိုးလင်းတာနဲ့ အိမ်ပေါက်ဝမှာ ဆော့ဖို့ စောင့်နေတတ်သူပေါ့။ အခုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးရရှာတယ်။ မျက်နှာက ဗန်းကြီးလို ၀ိုင်းဝိုင်းကြီးနဲ့ သနပ်ခါး ပါးကွက်ကြားနဲ့ ဗန်းဌေးလဲ သားတို့အမေ ဖြစ်နေပြီ။



ရွာက ရေမရှိတဲ့ ကန်ကြီးနဲ့ ရေတွင်းလေးတွေ


ရွာမှာ မီးလိုင်းတော့ ရှိပြီ၊ မီးမလာတာ တခုပါပဲ။ အောက်လင်းမီးနဲ့ ဘက်ထရီအိုးမီးလေးတွေ သုံးနေရဆဲပါပဲ။ ရွာမှာ အထက်တန်းကျောင်း နဲ့ ဂျပန်တွေ လှူတဲ့ ရေစက် နဲ့ ဖြစ်နေပြီ။ ဒါပေမဲ့ ကန်ကြီးမှာတော့ ရေတွေ ခမ်းပေမဲ့ လက်ယက်တွင်းလေးတွေဆီက ရေခပ်နေရတုန်းပါပဲ။



ရွာရဲ့ ဈေးလေး တနေရာ

ရွာက ဆယ်ရက် တကြိမ် ဈေးလေးမှာလဲ မြေကြီးပေါ် ပုံခင်းပြီး လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ ပေါပေါများများ ရတုန်းပဲ။ ရွာကလူငယ်လေးတွေကလဲ မြို့တက်အလုပ်ရှာ၊ တချို့က မလေးရှား သွားသတဲ့။ ဒေါ်လာစကားကို လှိုင်လှိုင်ပြောသတဲ့။ ဒါပေမဲ့ ရွာကိုသွားတဲ့ လမ်းကတော့ ဆိုးတုန်းပဲ။

ရွာရဲ့ အထကကျောင်းရှေ့မှာ အဖေ့ကဗျာလေးကို အုတ်တိုင်မှာ ထွင်းထားဆဲ။
“ယောင်ယောင်နန၊ အမှောင်ကျသည့်
သန်းခေါင်ညများ ပျောက်လေပြီ …”
လို့ စထားတဲ့ ကဗျာလေးပါ။

ခေါင်းလောင်းထိုးသံ မြိုင်မြိုင် ကြားရရင်တော့ သန်းခေါင်ညတွေ တကယ်ပျောက်မှာပါ လို့ တွေးနေမိပါတယ်။

မိုးချိုသင်း

55 comments:

wai said...

OMG
I am first.
I miss my father's village too. Ama Moe Cho Thinn, Thanks for your good posts.

နွေးနေခြည် said...

ကြည်နူးစရာကောင်းလိုက်တာ
အမရေထမ်းတာ မျက်လုံးထဲမြင်ရောင်နေတယ်း)

ZT said...

အစ်မရေးထားတဲ့ ရွာအကြောင်း ဖတ်ပြီး သွားခဲ့ဖူးတဲ့ ရွာတွေ သတိရသွားတယ်။ ရွာတွေဘက် မရောက်ဖြစ်တာ ၁၅ နှစ်လောက် ရှိပြီထင်တယ်။

Phyo Evergreen said...

ရွာအကြောင်းလေးဖတ်လိုက်ရတော့ သွားလည်ချင်သွားတယ်..။ အန်တီချိုနှယ် ရေးချက်က မတရားဖတ်လို့ကောင်း...။

Ko Paw said...
This comment has been removed by the author.
Ko Paw said...

သန်းခေါင်ညတွေဆိုလို့ ကိုကြီးကျော် သီချင်းကို ဒီလို ဖျက်ဆိုလိုက်မယ်။

“သန်းခေါင်ကို နေ့မှတ်ပါလို့
အရပ်ကလေးကို အားမနာ
မသတ်ရရင် သီလစောင့်တယ်…..
အို….ဘုရားဒကာ။”

ဘုရားဒကာ…တဲ့။
(သီလကို သီလာ လို့ မှားရေးလိုက်မိလို့ နှစ်ခါမန့်လိုက်တယ်။)

Kay said...

သန်းခေါင်ည တွေ တကယ်ပျောက်ချင်ပြီ -

ဘာပဲပြောပြော ဆရာကြီးတင်မိုး နဲ့ ကန်မြဲ ဇဂျမ်းကတော့.. တွဲလျက် သမိုင်းဝင်နေမှာပါ။

( မချိုသင်း ရွာက သူငယ်ချင်းတွေနံမယ်..ကားဆရာကြီး နံမယ်တောင် မှတ်မိတာ..ဒီခရီးက..တော်တော့်ကို.. အမှတ်ထင်ထင် ရှိခဲ့မယ်ထင်တယ် )း)

ရွာသားလေးဝိုင်တီယူ said...

ရွာကိုပိုလို့လွမ်းမိပြန်ပြီ။ အမရေးလိုက်ရင် ပြေးပြေးလွမ်းနေမိတော့တာ။ နဂိုကမှ မျက်ရည်ကမခိုင်ပါဘူးဆို ငြုပ်သီးကလည်း ခဏခဏလှော်.....

moe said...

i like this post.

May said...

ငိုချင်စရာ။
မြန်မာပြည်ကို လွမ်းတယ်။
မိပ။

May said...

"ရွာကလူငယ်လေးတွေကလဲ မြို့တက်အလုပ်ရှာ၊ တချို့က မလေးရှား သွားသတဲ့။ ဒေါ်လာစကားကို လှိုင်လှိုင်ပြောသတဲ့။ ဒါပေမဲ့ ရွာကိုသွားတဲ့ လမ်းကတော့ ဆိုးတုန်းပဲ။" တဲ့.................

M.Y. said...

ိစိတ်ထဲမှာငြိမ်းသွားတယ်။
ကျေးလက်ကမြေသင်းနံ့ တောင်ရလိုက်သလိုပဲ။
ဒီလိုရသစာတမ်းလေးတွေများများရေးပါ။

ဂျူနို said...

ရွာက ဘုန်းကြီးကျောင်းမပါဘူး။
ဆေးပေးခန်း မပါဘူး။
ပန်းချီကား အကြောင်း မပါဘူး။
ချောင်းက ကိုယ်တို့ သွားတုန်းက ရေရှိတယ်။
ရှေးဟောင်းဘုရားမပါဘူး။
ရုံးစဉ်ကြီးက ကြက်သားသုတ်မပါဘူး။
ခရမ်းချဉ်သီးစိမ်းတွေ နဲ့ နှပ်ထားတဲ့ လ္ဘက်မပါဘူး။
သနပ်ခါးပင်တွေ အကြောင်းမပါဘူး။
ရေရှားတာ မပါဘူး။

မောင်မျိုး said...

အညာ ဘက်ကရွာလေးတွေက ချစ်စရာ ။ ရွာတွေက အလိုလိုကို လှပသွားသလို။ ကျနော်တော့ အညာဆို တောင်ငူကျော်ကျော် ကရွာလေးပဲ ရောက်ဖူးတယ် ပျော်ဖို့ကောင်းသား ကိုယ့်စကားသံနားထောင်ပြီး ရယ်နေကြကော အောက်သားတွေ အသံကလေးတော့ ရယ်စရာဖြစ်နေတယ်ထင်ပါ့ ။

MANORHARY said...

သန်းခေါင်ညတွေပျောက်ပါစေ.......

sin dan lar said...

ဖတ်သွားပါတယ်..။

nu-san said...

စာဖတ်ရင်း အမနဲ့အတူ အညာရွာလေးကို ရောက်သွားသလိုပဲ.. အမက အတော်မှတ်မိတာပဲနော်.. သူငယ်ချင်းတွေရဲ့ နာမည်ရော ကားသမားကြီးနာမည်ရော ကစားတာတွေရော ပြီးတော့ စားစရာတွေရောပေါ့.. :)

JuneOne said...

အညာက မုန့်ဟင်းခါးတော်တော်များများ ပဲနဲ့ချက်တာနော်.တို့လဲမကြိုက်ဘူး။

ဇနိ said...

အမရေ ဓာတ်ပုံတွေမြင်တော့ ရွာက ဈေးတောင် ပြေးသတိရမိတယ်.. ကျနော်တို့ရွာကို ပြန်ရင်လည်း အဲသလိုပဲ.. လယ်ထွန်စက်နောက်တွဲ ထွေလာကြီးနဲ့ ပြန်ရတာ... အရင် ၁၀ နှစ်တုန်းကလည်း အဲသလိုပဲ အခုလည်း အဲသလိုပဲ..
း)
မပြောင်းမလဲ မတိုးတက်သေးသော ရွာကို လွမ်းသွားပြီ အမရေ

အိန္ဒြာ said...

လွမ်းစရာလေး..နော်..အစ်မ..
ခုအချိန်ကနေပြန်တွေးရင်လေ....

ဆရာကြီးရဲ့ကဗျာကို...အုတ်တိုင်မှာထွင်းထားတယ်ဆိုတာကို
ကြည်နူးလိုက်တာ..
အော်...
ဒီလိုရွာလေးက နိုင်ငံကျော်..ကဗျာဆရာကြီးကို
မွေးဖွားပေးခဲ့နိုင်တယ်လို့...
ဂုဏ်ယူရှာပေမပေါ့.......

ဖိုးစိန် said...

ကျနော်လဲ အမေ နေခဲ့တဲ့ရွာလေးကိုပြန်မြင်ယောင်ရင်းလွမ်းသွားပါတယ်

မမသီရိ said...

အဖေံရွာကိုရောက်ခဲ့တဲ့ မင်းသမီးလေး ပေါ့
ချစ်စရာကောင်းလိုက်တဲ့ ဘ၀လေးတွေ နော်

...
အေးနော်.. ခေါင်းလောင်းထိုးသံတွေ မြိုင်မြိုင် ကြားရတဲ့နေ့ ဘယ်တော့များ ရောက်မှာ ပါလိမ့်

လင်းဒီပ said...

ရွာလေးကို လာလည်ပါတယ်အစ်မ..

ပျော်လိုက်တာ..
အိပ်တော့မပျော်ဘူး..
(ဂျပိုးကိုက်လို့..:P)

ကျွန်တော် အဲလို ခရီးမျိုးသွားရရင် အရမ်းပျော်တာပဲ
ကလေးတုန်းက နွားလှည်းလည်း ဘကြီးပေါင်ပေါ်မှာ မောင်းကြည့်ဖူးတယ်..။

PAUK said...

ကုလားပဲနဲ့ ချက်တဲ့မုန့်ဟင်းခါး သတိရသွားပြီ..
ရွာဈေးလေး လည်ချင်လိုက်တာ..
မချိုသင်းရေ..
မားမား သက်သာသွားပြီလား..

သက်ဝေ said...

“ယောင်ယောင်နန၊ အမှောင်ကျသည့်
သန်းခေါင်ညများ ပျောက်လေပြီ …”

အမှောင်ညတွေ မှာ လရောင်တွေနဲ့ လင်းလာအောင်
ခေါင်းလောင်းသံတွေ မြိုင်မြိုင်ကြားကြရအောင် အတူတူ ဆုတောင်းကြတာပေါ့ ချိုသင်းရေ...

P.Ti said...

အမရေးတာ အညာကရွာကို လွမ်းရပြန်ပြီ။ ရွာကိုသွားရင် လှည်းအကြာကြီးစီးရတာကိုက ပျော်စရာကောင်းနေတာလေ။

တောင်သာဖက်ကရွာတွေက နာမည်ကို နှစ်ရွာ သုံးရွာ ပေါင်းခေါ်တတ်တယ်နော်…
အမေ့အမျိုးတွေရှိတဲ့ရွာဆို လက်ဝဲ မြင်းနီ ရွာကလေး ဆိုလားခေါ်တာ။ သုံးရွာပေါင်းခေါ်တာလေ။ ကန်မြဲ ဇဂျမ်း ဆိုတာလည်း နှစ်ရွာလားမသိ…

အညာကအစားအစာတွေအကုန်ကြိုက်ပေမယ့် ပဲ၊ကြက်သားနဲ့ချက်တဲ့ မုန့်ဟင်းခါးကိုတော့ ကျွန်တော်လည်း ဘယ်လိုမှစားလို့မရဘူး။

တောရွာတွေကတော့ မြို့လူတွေအလည်လာတယ်ဆို သူတို့မှာ အထူးတဆန်းငေးမော ကြည့်နေတတ်လေရဲ့..

အညာကလူတွေ မလေးရှားတို့ တရုတ်ပြည်ဖက်တို့ အလုပ်သွားလုပ်ကြတာ ရွာမှာ သရက်သီးခူးဖို့၊ လယ်လုပ်ဖို့တောင် လူမရှိတော့ဘူးပြောနေကြတယ်လေ…

ခေါင်းလောင်းထိုးသံ မြိုင်မြိုင် ကြားရပြီး လူငယ်တွေ တိုင်းပြည်အတွက် အားဖြစ်စေဖို့ရာ… ဟင်း….

G said...

သြော်..သူငယ်ချင်းနာမည်က အတူးတဲ့။
ဒါကြောင့် ဟိုသီချင်းဆိုဆိုနေတာကိုး။
း)(စတာနော်)

khin oo may said...

လွမ်းစရာဘဲ။

သီဟသစ် said...

အစ်မချိုသင်းရေ
အဖေနဲ့အမေ့ရွာတွေသွားခဲ့တာကို သတိရသွားပြီ။ ခုတော့ မရောက်တာ 12 နှစ်လောက်ရှိပြီ။
အစ်မစာကို ဖတ်ပြီးလွမ်းမိတယ်။

TNS said...

မမိုး....
ဖတ်ရင်းနဲ့ ကို အညာကိုလွမ်းသွားတယ်ဗျာ..
ထပ်တူနေရာမဟုတ်ပေမယ့် ငယ်တုန်းက အဲဒီလိုရွာတွေကို အလည်လိုက်သွားဘူးတယ်...မြို့ နဲ့ ကွာချင်တိုင်းကွာပြီး အေးချမ်းလွန်းလှတယ်ဗျ..။
ရောက်ဖူးအောင်ကြိုးစားဦးမယ်...။
စကားမစပ်...ကျနော့်မှာ အထူးအစီအစဉ်တခုရှိတယ်နော်..
မေးလ်ကနေ မမိုးလိပ်စာပေးဘို့ တော့ လိုတယ်...စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ပါ...
တော်ကြာလိပ်စာတောင်းလို့ ...မမိုး မျက်နှာမကောင်းဘူးဖြစ်နေဦးမယ်..။

rose said...

မမရေ

ဓါတ်ပုံလေးတွေ ကြည့်ပြီး လွမ်းလိုက်တာအရမ်းပဲ။ ဘယ်မှာပဲနေနေ ဇာတိချက်ကြွေ မွေးရပ်မြေကိုတော့လွမ်းတယ်။ သွားချင်တယ် ခုလိုက်ပို့ ပေး။း(((((

သူများကို လွမ်းအောင်လုပ်တဲ့ မမ xx လူဆိုး အသည်းနှလုံးမရှိဘူး xx Milk လိုပုံစံနဲ့ ပြောလိုက်တာနော်း))

မေငြိမ်း said...

တခါတလေကျတော့ စဉ်းစားမိတယ်..
ကျေးလက်ကို လမ်းကောင်းကောင်း.. မီးထိန်ထိန်နဲ့ ဆေးရုံကောင်းကောင်း ကျောင်းကောင်းကောင်းနဲ့ ရေတွင်းကောင်းကောင်းပဲ ထားပေး..။ ကျန်တာ ဈေးလေးတွေ.. အိမ်လေးတွေ.. လယ်ကွင်းတွေ.. ထန်းတောတွေကို ဒီတိုင်းထား..။ ရပြီလို့။ ခေတ်မီတဲံ ကျေးလက်ကလေး.. ကျေးလက်နံ့လည်း မပျောက်.. ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲ.. ဘယ်လောက် အေးချမ်းလိုက်မလဲ.. ဘယ်လောက် အဖိုးတန် လိုက်မလဲ.. လို့..နော်။

strike said...

ဘာမှန်းမသိတယ့် မင်းဘူး၊မကွေးတ၀ိုက်ကိုလွမ်းတယ်၊
ပြန်တော့မယ်။

အလှတရား said...

ဟန်ကျတယ် မြန်မာပြည်ကို သတိရစေတယ်.

"ရွာက ဆယ်ရက် တကြိမ် ဈေးလေးမှာလဲ မြေကြီးပေါ် ပုံခင်းပြီး လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ ပေါပေါများများ ရတုန်းပဲ။ ရွာကလူငယ်လေးတွေကလဲ မြို့တက်အလုပ်ရှာ၊ တချို့က မလေးရှား သွားသတဲ့။ ဒေါ်လာစကားကို လှိုင်လှိုင်ပြောသတဲ့။ ဒါပေမဲ့ ရွာကိုသွားတဲ့ လမ်းကတော့ ဆိုးတုန်းပဲ။"

တောသားဆိုတော့ ကိုယ့်ဖာသာမလုံဘူး။ ပါးစပ်က အပြောကောင်း နေမိတယ်။

ပြီးတော့ ဖတ်ရတဲ့ ကဗျာတစ်ပိုဒ်ကြောင့် မချိုသင်းအဖေရဲ့ စိတ်သဘောထားကို သဘောပေါက် လေးစားမိတယ်။ ပရဟိတ စိတ်ရှိတယ်နော်...အစစ သိပ်အောက်ကျ သွားဖို့မသင့်ဘူး ထင်တယ်ဗျာ..။

ကောင်းကင်ကို said...

ခဏလေးပဲ ရောက်ဖူးတဲ့ ရွာလေးတွေကို လွမ်းသွားတယ် အစ်မ။ သန်းခေါင်ညတွေ ပျောက်ပါစေနော်။

mainnmainn said...

အမစာကိုဖတ်ပြီးငယ်ငယ်က
မွေးစားအမရဲ့ရွာကိုသွားလည်ဖူးတာကို
လွမ်းမိတယ်..
အမလောက်အများကြီးမမှတ်မိတော့ပေမဲ့
အိမ်တကာကထမင်းစားခေါ်လို့
ဗိုက်ကားနေအောင်စားရတာရယ်..
ဖိတ်တဲ့အိမ်တွေလိုက်စားဖို့
လျှောက်လိုက်ရတဲ့လမ်းတွေဆိုတာ
နောက်ဆုံးမလျှောက်နိုင်တော့လို့
ငိုယူရတာရယ်ကိုတော့
ကောင်းကောင်းကြီးမှတ်မိတယ်..
အညာကရွာဓလေ့လေးတွေက
ချစ်ဖို့တကယ်ကောင်းတယ်နော်..

မီယာ said...

အမပြောတာနဲ့ ငယ်ငယ်က လျှောက်လည်ဖူးတာ သတိရတယ်... သင်္ဘောစီးရတာရယ်.. မြစ်ထဲရေဆင်းချိုးပြီး သောက်ရေကို မြစ်လယ်က သွားပြန်ခပ်လာတာရယ်... နေကြာပွင့်ထဲက အစေ့တွေစားတာ.... ဘဲငန်းကြီး အလိုက်ခံရတာရယ်... အမလိုပဲ ၄တန်းလောက်တုန်းက မြစ်ဝကျွန်းပေါ်ဘက်ကို သွားတာ...

pandora said...

ပန်ဒိုရာကတော့ ရောက်ခဲ့ဖူးတဲ့ မြန်ဝကျွန်းပေါ်က ကျေးလက်လေးတွေကို သတိရသွားတယ် အစ်မရယ်
အမှောင်ညတွေ မပျောက်သေးချိန်မှာ နာဂစ်ကြောင့် နစ်သထက်နစ်ကြရပြန်တာ ရင်နာမိတယ်။

AyeKhaing said...

မိုးချိုသင်းရေးတာ ကောင်းချက်ကတော့ကွာ။
(ဦး)တင်မိုး သမီး ပီသပါပေတယ်။
ဆရာ့လိုပဲ အညာကျေးလက်အကြောင်းလေးတွေ မှတ်မိသမျှ ရောက်ဖူးခဲ့တာတွေ ပြန်ရေးပါလို့ တိုက်တွန်းပါတယ်။
ရထားပေါ် မှာ မုံ့ဝယ်စားတာ ပီပြင်တယ်။

HAPPYCLOUD said...

ခေါင်းလောင်းထိုးသံလေးတွေ မြိုင်မြိုင်ကြားနေခွင့်ကို အားလုံးက မျှော်လင့်နေပါတယ် အမရေ...

ခင်မင်လျက်..
မိုးမောင်

SU NANDAR said...

အမြဲတမ်းရောက်ဖြစ်ပါတယ်။ တခါမှမမန့်ခဲ့ဖူးဘူး ၊ ခုတော့ မိသားစု နဲ့ခွဲပြီး ၃နှစ်လောက်သွားနေဖူးတဲ့ အညာဒေသလေးကို လွမ်းသွားလို့ ၊ အမရယ် ရေးတတ်လိုက်တာ၊ ဒီနေ့တော့ ပြန်လိုက်ပါဦးမယ် အမ။ မနက်ဖြန်ခါ မနက်ကြီး မှပြန်လာခဲ့မယ်နော်။

တန်ခူး said...

တောင်သာ မြင်းခြံကတော့ အမြဲကို ရင်းနှီးနေတာ ချိုသင်းရေ…
ဒါပေမယ့် ကန်မြဲတော့ မရောက်ဖူးဘူး…
ဒီတခါဖေဖေ့ကို လိုက်ပို့ ခိုင်းဦးမယ်… ချိုသင်းရေးထားတာ ကောင်းလွန်းလို့  ရွာဈေးလေးလဲပတ်ချင်၊ ပြီးတော့ ဘဘဂျမ်းကဗျာလေးလဲ ဖတ်ချင်…
တို့ ဖေဖေရွာက ချူံကြီးတဲ့… ကန်မြဲနဲ့ ဆို ရွာဆွေမျိုးတွေပေါ့…
ဒီတခေါက်ပြန်တော့ ချိုသင်းဘလော့ဂ်လေး အကြောင်းဖေဖေ့ကို ပြောပြတော့ ဖေဖေက ဘဘဂျမ်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ တော်တော်ပြောပြတယ်…
ဒီပို့ စ်လေးဖတ်ပြီး ဖေဖေပြောတဲ့အထဲက တခုကို သတိသွားရတယ်…
ချိုသင်းဖေဖေ ဘဘဂျမ်းကို အမဖေဖေက အိမ်အလည်ခေါ်တော့ ဘဘဂျမ်းက ပြောတယ်တဲ့… “ရန်ကုန်လို နေရာမျိုးမှာတောင် ချုံကြီးနဲ့ တူတဲ့ နေရာရှာပြီးနေတတ်လိုက်တာ” တဲ့… ဘယ်လောက်ချစ်စရာကောင်းတဲ့ မှတ်ချက်လဲနော်…
ချိုသင်းရေ… ပျော်ရွှင်ချမ်းမြေ့ဘွယ်မွေးနေ့ ဖြစ်ပါစေလို့  နောက်ကျမှ ဆုတောင်းလိုက်တယ်နော်… နောက်ကျမှ သိရလို့ လေ…
တိုက်ဆိုင်တာတွေထဲမှာ နောက်တခုရှိသေးတယ်… ချိုသင်းဖေဖေကလဲ အညာသား အမဖေဖေကလဲ အညာသား… ပြီးတော့ မြင်းခြံတောင်သာ တနယ်ထဲသားတွေလေ…

ourstream said...

ဖတ်လို့ သိပ်ကောင်းတာပဲ...အစ်မရယ်...
လွမ်းစရာကောင်းတဲ့ စာလေးပါပဲ.....

မေ့သမီး said...

အစ်မပြောမှ ညီမလည်းအဲဒီလိုတောရွာလေးတစ်ခုကို သွားဖူးတာကို သွားသတိရတယ်။ ဓါတ်ပုံတွေကြည့်ရတာ ရွာလေးကမတိုးတက်သေးတဲ့ပုံရပေမယ့် အေးချမ်းမယ့်ပုံ လေးနော်။ အဲဒီလိုရွာလေးမျိုးတွေရောက်မှ တကယ့်ငြိမ်းချမ်းမှုအစစ်ကို ခံစားရသလိုပဲ။ သူတို့ဘာမှလည်းမသိဘူးလေ။

ကမာနီလာ said...

ဆရာဂျမ်းရဲ့ ဇာတိချက်ကြွေ ရွာကလေးကို ပုံလေးတွေနဲ့ မျှဝေပေးလို့ ကျေးဇူးပါဘဲ မချိုသင်းရေ။

ရဲဝင့်သူ said...

အားပါးပါး ဒီလောက်ကောင်းတဲ့ဘလော့ကိုခုမှ
ရောက်ဖူးတာတော်တော်နောင်တရမိပါတယ်။
နောက်လဲလာပါဦးမယ်။
လေးစားစွာဖြင့်
ရဲဝင့်သူ

Nu Thwe said...

အမေနဲ့ ခွဲပြီး လိုက်သွားတဲ့ ရန်ကုန်သူလေး မျောက်ပွဲလို ၀ိုင်းကြည့်ခံရတာ တွေးကြည့်ပြီး ပြုံးမိတယ်။ “အိပ်ချက်က မတရား” ဆိုတဲ့ အညာလေလေးကိုလည်း သဘောကျလိုက်တာ။ သန်းခေါင်ညများ ပျောက်ဖို့ကတော့......

ဇနိ said...

အဲလိုမုန့်ဟင်းခါးကို နိနိက ကြိုက်တယ် အမချိုသင်းရ။ အညာဖက်မှာ အဲလိုတွေများတယ်ထင်တယ်။ အမရွာလိုက်လာမယ် သတင်းကြားလို့ ကလေးတွေစောင့်နေကြတယ်ပေါ့လေ။ လူအုပ်ကြီးက အမြဲထိုင်ကြည့်နေတာ။ ဟုတ်ပါ့။ ရွာများသွားရင် အဲလိုပဲ။ တခါတလေ နိနိနာမည်ကို ကလေးတွေက ဟိုအကွယ်က ခေါ်လိုက် ဒီနားကပုန်းခေါ်လိုက်နဲ့။ သူတို့မှာ အထူးအဆန်းလုပ်နေတာလေ။ တကယ်တော့ တိုးတက်မှုကွာဟနေလို့ မြို့ဆိုရင်ကို ထူးဆန်းတယ်လို့ ထင်မြင်ကြတာထင်တယ်နော်။ ညနက်ထိ ထုတ်ဆီးတိုးတမ်းတွေ ကစားရတာ ညစ်ပတ်ပေတေနေတာပဲ။ ပျော်စရာလွှတ်ကောင်း အမရေ။ အဖေတို့ရွာကို နောင်အခွင့်သင့်ရင် အမချိုသင်းရဲ့ကိုကိုကျော်နဲ့ သွားလည်အုံးနော်။
နိနိ

မလိခ said...

လွမ်းသွားတာပဲ မမရေ..... ခဏခဏလာလည်ဖူးပေမဲ့ ခုမှမန့်ဖြစ်တာပါ.... ညီမလေးဖေဖေလဲ အညာသားပဲ မိတ္ထီလာဖက်က.. အညာမုန့်ဟင်းခါးတော့ မစားဖူးဘူး အကြော်တော့ ကြိုက်တယ်..ကုက္ကိုရွက်သုပ်လဲကြိုက်တယ်....

Kay Mhoo Paing Cho said...

မမချိုသင်းရေ....
အမကလေ အဖေအမေတွေကို သိပ်ချစ်တာပဲနော်။ အနော်လည်းအရမ်းချစ်တာ။ ကိုယ်နဲ့စိတ်ဓာတ်ချင်းတူတဲ့ အမရဲ့ ဘလော့ကို အလည်လာရတာ အရမ်းစိတ်ချမ်းသာမိပါတယ်။ အမရဲ့စာတွေကို အနော်အရမ်းကြိုက်တယ်။

Smiles said...

မချိုသင်းတို့ အဖေ့၇ွာကို ညီမရောက်ဖူးတယ်. ၆ တန်းအရွယ်လောက်ကထင်တာပဲ...အဖေ၊ အမေတို့ရွာ သွားလည်ရင်း ဇဂျမ်းကို သွားလည် ဖြစ်တာ. အဖေတို့ရွာက နတဲ တဲ့ (စာနဲ့ တော့ နန်းတည် လို့ ခေါ်ကြတယ်)။ တောင်သာအပိုင်ပဲပေါ့... မတန်ခူးတို့ ချုံကြီးရွာနဲ့ နီးတယ်. ချုံကြီးကိုတော့ ခဏခဏ ဖြတ်ဖူးတယ်
ညီမအဒေါ်က ဇဂျမ်းမှာ အထက်တန်းကျောင်းသွားတက်နေတာလေ..၉တန်းကျောင်းသူပေါ့. အဖိုးက အငယ်ဆုံးသမီးစာမေးပွဲအပြီးကို ဇဂျမ်းထိ လှည်းနဲ့ သွားကြိုလို့ ညီမကို ခေါ်သွားတာ..
ဇဂျမ်းမှာ ၅ ရက်တစ်ခါဈေးနေ့ရှိတယ်နော်.. ရောက်ပြီးနောက်နေ့ကျ စာမေးပွဲ ပြီးသွားတဲ့ အဒေါ်က ဈေးထဲလိုက်ပြတယ်.. ပြီးဆိုင်တစ်ဆိုင်မှာစတည်းချပြီး မုန့်တွေကျွေးပြီး သူက အဲဒိဆိုင်မှာ အစ်ကိုကြီးတစ်ယောက်နဲ့ စကားတွေထိုင်ပြောနေတော့တာကိုး .. သူ့ရည်စား ဇဂျမ်းသားပေါ့..
ခွဲရခါနီး တစ်ဝနှုတ်ဆက်နေကြတာလေ.. အဲဒိတုန်းကတော့ မသိပါဘူး... မုန့်တွေစားရလို့ ပျော်နေတာ..
နတဲပြန်ရောက်လို့ လျှာရှည်ပြီး အဲဒိအကြောင်းကို အဒေါ်အပျိုကြီးတွေကို ဖောက်သည်ချမိလို့ ဟိုအဒေါ်လည်း မြန်မြန်ခိုးရာလိုက်ပြေးပါရော..
အခုတော့ ဇဂျမ်းသားဦးလေးလည်း နတဲသား ဖြစ်နေပါပြီ..

erika said...

Moe,
I remember my village.
Now I want to go back our village.
Thanks for this posts.

khin said...

ကျတော်ကရွာသားပါ၊ဆရာမဆောင်းပါးတွေ၊ဓါတ်ပုံတွေ ကပြည်တွင်းမှာဆိုဒီလောက်တန်ဘိုးရှိမှာမဟုတ်ပါဘူး၊ါနွားတို့လှည်းတို့လယ်ယာတို့ဆိုတာ၊ကျတော့်အသက်မွေး ၀မ်းကျောင်းခဲ့တာပေါ့၊အခုတော့အရမ်းကိုတန်ဘိုးရှိနေတာ၊ ဓါတ်ပုံထဲကမြင်ကွင်းတွေ၊အထူးသဖြင့်ထန်းပင်တို့ မြေအိုးတို့ပေါ့၊ကျတော်ငယ်ငယ်က၊အဖိုးအဖွါးနဲ့အမေတို့က အဲဒီမြေအိုးတွေလုပ်ရောင်းကြတာဗျာ၊ကျတော်မှတ်မိသေး တယ်၊လွန်ခဲ့တဲ့၆နှစ်လောက်က၊ကျတော်တောရွာမှာ၊သစ်ခွဲ စက်သွားလုပ်တော့၊ရွာကစာသင်ကျောင်းမှာအိမ် သာမရှိလို့၊အိမ်သာ၅လုံးဆောက်လှူခဲ့ရသေးးတယ်၊ နောက်အဲဒီကျောင်းကကလေးတွေကို၊ စာသင်ပေးခဲ့ရသေးတယ်၊ အိမ်သာမရှိကြဘူး၊ဆိုတော့ သတိယသေးတယ်၊ ရွာဖုန်းကြီးကျောင်းထဲမှာ၊ ဖုန်းကြီးတက်တဲ့အိမ်သာတလုံးပဲရှိတယ်၊ ဒါနဲ့ဖုန်းကြီး ကျောင်းဝင်းထဲ၊လူတွေတက်ဘို့ရေလောင်းအိမ်သာ တလုံးဆောက်ရပါတယ်၊သိတဲ့အတိုင်းပါပဲ၊ ဖုန်းကြီကျောင်းမှာအလှူအတန်းရှိရင်၊လူစည်ကားပါတယ်၊ ဒါဆိုအိမ်သာကညစ်ပတ်တော့တာပါပဲ၊ဘယ်သူမှလည်း ရေမခတ်ထည့်ချင်၊ရေမလောင်းချင်ဘူးပေါ့၊ ဒါနဲ့ ဒါနဲ့နောက်တော့၊အိမ်သာထဲစာကပ်ရတယ်၊ စာဆိုပေမဲ့ ကဗျာလို့ပဲပြောရမလား၊ တခါမှတော့အဲဒါ မျိုးမရေးဘူးပါဘူးဗျာ၊ ကဗျာဆိုတော့လည်းထိရောက် သား၊ ရွာသူရွာသားတွေလည်း၊အရင်ရိုးရိုးစာရေးကပ် တာသိပ်ဂရုမပြုကြပါဘူး၊ကဗျာနဲ့ကျတော့သိပ်မဆိုးဘူး သူတို့သဘောကျလို့ထင်ပါရဲ့၊ ဆရာမရေ့ကဗျာကနဲနဲ တော့ညစ်ပတ်တယ်၊နှာခေါင်းသာပိတ်ဖတ်ပေတော့၊ စားတော့ပြုံးပြုံး၊စွန့်တော့မုန်းမုန်း၊အသုံးမကျအဟာရ။ အိမ်သာမစင်၊သန့်စေချင်၊ရေငင်ခတ်ထည့်မမေ့နဲ့။ သင့်ချေးတစက်၊အနံ့ထွက်၊လူတကာခံရခက်။ သင်ဧ။်ချေးတုံး၊လူတကာမုန်း၊ရေလောင်းခဲ့ပါအုန်း။ အဲလိုဆိုတော့မှပဲ၊အိမ်သာထဲရေခတ်ထည့်ပါတော့တယ်။ သူတို့လည်း ပြောလို့မပြီးတော့ပါဘူး။
ရွာက၊အလုပ်သိမ်းပြီးပြန်လာတော့၊ဘယ်သူ့ကိုမှ လိုက်နှုတ်ဆက်မနေတော့ပဲ၊တိတ်တိတ်ပဲပြန်လာခဲ့ပါ တယ်၊ဘာလို့လည်းဆိုတော့၊သူတို့တွေက၊သတို့တွေရဲ့ရွာ မှာပဲနေပြီး၊ကလေးတွေကိုစာသင်ပေးပါဆိုတာအမြဲ ပြောနေပါတယ်။ယာကွက်တွေလည်းပေးပါမယ်၊လုပ် လည်းလုပ်ပေးပါမယ်၊လခလည်းပေးပါမယ်၊ဆိုပြီးပြောနေကြလို့။တိတ်တိတ်ပဲပြန်လာခဲံ့တာ၊တခါမှပြန်မရောက် တော့ပါဘူး။တောရွာတွေမှာ၊ကြည်နူးစရာကောင်းတဲ့၊ ဓလေ့လေးတွေကလည်းအမြဲသတိယစရာပါ၊သီတင်းကျွတ်၊တန်ဆောင်မုန်း၊လိုသင်္ကြန်လိုအခါကြီးရက်ကြီးဆိုရင်၊ရိုးရာမုန့်တွေလုပ်၊လူကြီးသူမတွေနဲ့ဆရာ၊ဆရာမတွေကို ကန်တော့ကြ၊တချို့ရွာတွေဆိုလည်း၊အတီးအမှုတ်အက အခုန်တွေနဲ့ပေါ့၊ကျတော်တို့ကိုယ်တိုင်လည်း၊ကျောင်း နေစက၊မူလတန်းကျောင်းအုပ်ဆရာကြီးကို၊နှစ်စဉ်ကန် တော့နေဆဲပါ၊နွေလပွင့်လင်းရာသီဆိုလည်း၊ရွာဘုရားပွဲ များကို၊နွားလှည်းတန်းကြီးများဖြင့်တပျော်တပါးသွား ကြလာကြ၊အလွန်ပျော်စရာကောင်းပါတယ်။
အခုဆရာမဆောင်းပါးတွေ၊ဓါတ်ပုံတွေတွေ့တဲ့အခါ ပို လို့တောင်သတိယ၊တကယ်လည်းပြန်ချင်ပေါ့ဗျာ။
ို

myo naing said...
This comment has been removed by the author.
myo naing said...

ခုမျာတောမြို့ကြီးလိုဓါတ်မီရောင်ထိန်ကုသိုလ်ဖြစ်ဆေးရုံ ပွဲနဲ့လမ်းနဲ့သာသာယာယာ စာသင်ကျောင်းတွေနဲ့ ရှေးကနဲ့မတူပါ ကျေးရွာဝါဒပြောင်းလဲလိုက်ကြပေါ့တခါ ပေါ့လေ အရင်ခေတ်ဟောင်းအယုတ်တမာတွေရဲ့အနှောက်အယှက်ကလွဲလို့ပေါ့