လွဲတဲ့အခါလဲ လွဲပေမပေါ့

မတန်ခူးက လွမ်းတဲ့ အလွဲများ ဆိုပြီး Tag တော့ ကိုယ့်မလဲ ဘာရေးရမလဲ စဉ်းစားရတာပေါ့။ ကိုယ်လဲ လွဲတော့လွဲနေတာပါပဲ၊ ဒါပေမဲ့ ကိုယ့်အဖြစ်က လွဲလဲ လွဲမှန်းတောင် မသိတော့ ခက်တယ်။ လွဲနေပါတယ်ဆိုမှ မှန်သားပဲ ထင်နေသလိုပေါ့လေ။

ဒါနဲ့ မတန်ခူးကို ဟုတ်ပြီ ဟုတ်ရဲ့ ရေးပေးမယ်လို့ ပြောပြီးပါမှ အလွဲက ရှာမရဘူး။ ငါ ဘယ်မှာ လွဲဖူးလို့လဲ ထင်သေးတာကိုး။ ဒါနဲ့ ဒီညတော့ မရေးသေးဘူး အမရေ လို့ ပြောပြီး ကိုယ်တို့ အယ်လ်အေကို အလုပ်ကိစ္စနဲ့ ရောက်နေတဲ့ ဘလော့ဂ်ရေးတဲ့ ရွှေဂျမ်းကို သွားတွေ့မယ် ဆုံးဖြတ်လိုက်တယ်။

ကိုယ်လဲ ဒီဘလော့ဂ်လေး လုပ်ဖြစ်မှ သူငယ်ချင်းတွေ တိုးလာလို့ ၀မ်းသာနေတာ။ ဘလော့ဂ်လုပ်မှ ခင်ရတဲ့ မိတ်ဆွေတွေ ရှိပေမဲ့ လူချင်းသာ ဘလော့ဂ်ပေါ်မှာ ခင်နေတာ၊ တွေ့ဖူး မြင်ဖူးကြတာ မဟုတ်ဘူးလေ။ အရင်ကတည်းက မသိဘဲ မရင်းနှီးဘဲ ဘလော့ဂ်မှာသိပြီးမှ အပြင်မှာ တွေ့ဖူးတာ ၃ယောက်ပဲ ရှိသေးတယ်။

ပထမတယောက်က Heart Museum တဲ့။ မခင်ဦးမေက Heart Museum ရဲ့ အဖေ ဆုံးတာမို့ သတင်းသွားမေးပါအုံးလို့ ရွာဆော်ကြီး လုပ်ပြီး link ပေးသွားလို့ နာရေးသွားမေးတာ။ သူ့ဘလော့ဂ်ကို အရင်က မရောက်ဖူးဘူး။ သတင်းမေးရင်း လျှောက်ကြည့်မိတော့ တမြို့တည်းသားဖြစ်နေလို့ ဘာလုပ်ပေးရမလဲ မေးမိတယ်။ သူကလဲ ရက်လည်ဆွမ်းသွတ် ဖိတ်ပါတယ် တဲ့။ ဒါနဲ့ နာရေးဆိုတော့ ရောက်အောင် သွားမယ်ဆိုပြီး သွားခဲ့တယ်။

အဲဒီဘုန်းကြီးကျောင်းကို ရောက်တော့ တရားနာတော့မဲ့ အချိန်။ ဘုန်းဘုန်းက ရင်းနှီးပြီးသား၊ ကိုယ်တို့နဲ့ ဆွေနီးမျိုးစပ် ဘကြီးဘုန်းကြီး။ ကိုယ့်ကိုတွေ့တော့ အော် အလှူရှင်နဲ့ အသိတွေလား၊ ဘယ်သူနဲ့သိတာလဲ တဲ့။ လောက၀တ် ရိုးရိုး မေးတာပါ။ ကိုယ်လဲ ဘုန်းဘုန်းကို ကြောင် ကြည့်လို့။ ပါးစပ်က ဟတ် ဟတ် နဲ့ ရှေ့ဆက် မတက်ဘူး။ Heart Museum လို့ ပြောလိုက်ရမှာလား၊ သူ့နံမည်ရင်းက ဘာလဲ၊ ဘာမှကို မသိ။

ကိုယ့်ကို လိုက်ပို့ပေးတဲ့ ကိုယ့်အမျိုးသားကလဲ ကိုယ့်အဖြစ်ကို ကြည့်ပြီး ရိုးနေပုံပါပဲ။ ခပ်အေးအေးပဲ နေတယ်။ ကိုယ်တို့ပုံက အလှူရှင်ကို သိသလိုလိုလုပ်ပြီး လာစားတဲ့ သူတွေနဲ့ တူနေပါပြီ။ အဲဒီအချိန်မှာ လူငယ်တယောက်က ထ လာပြီး အမ ကျနော်ပါ တဲ့။ အေး၊ ၀မ်းသာလိုက်တာဟယ်၊ အမလဲ လူမသိလို့ ဒုက္ခရောက်နေတာ တဲ့။ နာရေးကို လာမေးတဲ့သူက တွေ့တွေ့ချင်း ၀မ်းသာလိုက်တာဟယ် ပြောရတာတော့ သိပ်မဟုတ်သေးဘူး။ ဒါပေမဲ့လဲ မတတ်နိုင်တော့ဘူးလေ။ နောက် မိတ်ဆက်ကြတော့ သူက မန္တလေး ဘူမိကတဲ့။ ဘူမိကဆိုတော့ ခင်မိပြီပေါ့။

နောက်တယောက်ကတော့ အကိုကြီး ကိုအောင်သာငယ်ပေါ့။ အကို့ကိုတော့ အိမ်မှာ မိတ်ဆုံပွဲလေးလုပ်တော့ လာတက်တဲ့မိတ်ဆွေတွေနဲ့ အတူ လိုက်လာလို့ တွေ့ရတာပါ။ အကိုကလဲ တခြား State က ပြောင်းလာခါစ။ ကိုယ်က မီးဖိုထဲမှာ အမြည်းစိန် လုပ်နေတုန်း လာနှုတ်ဆက်တာ။ အကိုကလဲ ဘူမိဗေဒနဲ့ပဲ ကျောင်းပြီးတယ်ဆိုတော့ တခါတည်း အကိုအရင်းလို ခင်သွားတယ်။ (အကိုက အဲဒီအကြောင်းကို သူ့ဘလော့ဂ်မှာ ရေးဖူးပါတယ်)

အခုတယောက်ကတော့ ရွှေဂျမ်းလေ။ ရုံးဆင်းတာနဲ့ ဂျမ်းပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်တော့ ဂျမ်းက ၀မ်းသာလိုက်တာ အမရေ တဲ့၊ အခုပဲ အစည်းအဝေးပြီးလို့ ဟိုတယ်နားက Outlet Mall ကို သွားကြည့်မလို့ လမ်းလျှောက်နေတယ် တဲ့။ ညကျရင် အဒေါ်က ထမင်းလိုက်ကျွေးမှာမို့ သွားစားပြီး တွေ့ကြတာပေါ့။ ဒီဖုန်းကိုပဲ ဆက်နော် တဲ့။ ဒါနဲ့ ကိုယ်ကလဲ ညကျရင် အမ လာတွေ့မယ်ဆိုပြီး စကားလေးဘာလေး ပြောပြီး ဖုန်းချလိုက်တယ်။

ညရောက်တော့ သွားကြရော ဆိုပါတော့။ ဂျမ်းလာတဲ့ မြို့ကလေးက ကိုယ်တို့နေရာနဲ့ နည်းနည်း ဝေးတယ်။ မိုင် ၃၀လောက် ထင်ပါရဲ့။ အိမ်က စ ထွက်ကတည်းက ဖုန်းဆက်တာ ဂျမ်းက မကြားလို့ ဖုန်းမကိုင်ဘူး။ ကိုယ်ကလဲ နောက်တခါခေါ်ရင် ကိုင်မှာပါလေ ဆိုပြီး စိတ်မပူဘူး။ လာမယ်လို့ ညနေက ပြောထားပြီးသားပဲလေ။ ကားထဲမှာ သီချင်းလေးဆိုရင်း သွားတယ်။

တော်တော်ကြာ မောင်းမိတော့ ကိုယ့်အမျိုးသားက ပြောတယ်၊ ရောက်ခါနီးပြီ ဖုန်းထပ်ဆက်ကြည့်ပါအုံး တဲ့။ ဒါနဲ့ ကိုယ်က ဖုန်းဆက်တယ်။ မကိုင်ဘူး။ ထပ်ဆက်တယ်။ မကိုင်သေးဘူး။ ထပ်ဆက်တယ်။ မကိုင်ပြန်ဘူး။ အဲဒါမှ ဂွ ပဲ။

ကိုယ်သိတာက သူတည်းတာ Marriott Hotel ဆိုတာကိုပါ။ ကိုယ်လဲ လွယ်လွယ်ပဲ နီးတော့မှ ဘယ် Marriott လဲ လှမ်းမေးမယ်ပေါ့၊ ကြံထားတာ။ အခု သူဖုန်းမကိုင်တော့ ခေါင်းကြီးပြီ။ တမြို့လုံး ဟိုနားမှာလဲ Marriott ဒီနားမှာလဲ Marriott ကိုး။ ဖရီးဝေးကြီးပေါ်မှာ ကားကလဲ ဆက်မောင်းနေတယ်၊ ဦးတည်ရာမဲ့ ပေါ့။

နောက်တော့ ကိုယ်လဲ ငယ်ငယ်က ဦးစံရှားဖတ်ခဲ့တဲ့ အရှိန်နဲ့ ဖျစ်ညှစ် စဉ်းစားလိုက်တာ ညနေက ဂျမ်း Mall ကြီးဆီ လမ်းလျှောက်သွားနေတယ် ဆိုတာကိုး။ ဒါနဲ့ အဲဒီ Mall ကို သွားပေတော့လို့ ဆရာကြီး လုပ်လိုက်တယ်။ အဲဒီ Mall နဲ့ လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးလောက်မှာ ရှိတဲ့ Marriott ဖြစ်ရမယ်လို့ အတပ်ဟော လိုက်တယ်။ Mall နေရာကတော့ ကိုယ်အပိုင်သိတာကိုး။

Mall ကြီးကို ပတ်ပြီး ဟိုတယ်ကို ရှာကြတာ နောက်ဆုံးတော့ တွေ့ပြီလေ။ ဒါပေမဲ့ သူ ဒီမှာ တည်းမတည်း သေချာသေးတာ မဟုတ်ဘူး။ ဂျမ်းကိုလဲ အပြင်မှာ မမြင်ဖူးတော့ ဘယ်လို လိုက်ရှာရမလဲ မသိဘူး။ ဖုန်းဆက်ကြည့်တော့လဲ မကိုင်သေးဘူး။ ဒါနဲ့ ဟိုတယ်ရှေ့မှာ ညကြီးမင်းကြီး ယောင်လည်လည်နဲ့ လမ်းလျှောက်နေတယ်။ သူ သူ့အဒေါ်နဲ့ ထမင်းသွားစားနေလို့ ဆိုင်ထဲမှာ ဆူနေတော့ မကြားတာထင်တယ်လို့ တွေးနေတယ်။

ကိုယ့်အမျိုးသားက မေးတယ်။ နံမည် သိသလား တဲ့။ ဂျမ်းလေ..ရွှေဂျမ်းလေ။ အဲဒါ နံမည်ရင်းလား တဲ့။ မသိဘူးလေ။ သူက နံမည် သိရင် Hotel Reception ကို သွားမေးမလို့ပါ။ နောက်တော့ သက်ပြင်းရှည်ကြီး ချတယ်။ ကဲ ဒီလောက်ထိ လာပြီးမှတော့ ဖုန်းသာရအောင် ဆက်ပေတော့ တဲ့။

နောက်တော့ ဂျမ်းက ဖုန်းဆက်လာတယ်။ ထင်တဲ့အတိုင်းပဲ။ ဆိုင်ထဲမှာဆိုတော့ ဖုန်းသံကို မကြားဘူး။ missed calls ၁၀ခုလောက်တွေ့တော့ လန့်သွားတာ တဲ့။ ဒါနဲ့ ဆုံခဲ့ကြတယ် ဆိုပါတော့။ တွေ့ကြတော့လဲ ပြောလိုက်ကြ၊ ရီလိုက်ကြနဲ့။ ဘလော့ဂ်က သူငယ်ချင်းတွေ အကြောင်း ပြောကြတာပါပဲ။ ချက်ချင်းပဲ ခင်သွားလိုက်တာ။ ည ၁၀နာရီကျော်မှ ပြန်ခဲ့တယ်။

ပြန်လာတော့ ကိုယ်လုပ်ချင်တာ လုပ်ခဲ့ရပြီဆိုတော့ ပြုံးပြုံး ပြုံးပြုံးနဲ့။ တလွဲလုပ်ခဲ့တာတွေလဲ မေ့သွားပြီ။

တလောကတော့ ကိုယ်တို့ မင်္ဂလာ ၁၃နှစ်ပြည့် အကြောင်း ပို့စ်လေး တပုဒ် ရေးမိတယ်။ အဲဒီပို့စ် တင်လိုက်တာနဲ့ မိတ်ဆွေတွေဆီက ဖုန်းတွေ လာပါတယ်။ နှုတ်ဆက်ကြ ဘာညာပေါ့။

Santa Rosa မှာနေတဲ့ အကိုလို ခင်ရတဲ့ အကိုကြီးတယောက်ကတော့ ကိုယ့်အမျိုးသားဆီ ဆက်လာတယ်။ မြန်မာပြည်မှာတော့ အကျဉ်းသားတွေ လွှတ်ကုန်ပြီ တဲ့။ မင်းကတော့ ၁၃ နှစ် တဲ့။ ဒီတသက် လွတ်မဲ့ပုံ မမြင် တဲ့။ ငါတို့ ဘန်ကီမွန် ကို ပြောပေးရအုံးမလား ဆိုပဲ။ ကိုယ့်ကို သူက ပြန်ပြောပြတာပါ။
အဲဒါ သူ့ တသက်စာ အလွဲပဲ ဆိုပါတော့လေ…


မိုးချိုသင်း

46 comments:

Ko Oo said...

ကျနော်တို့ လာလည်သွားပါတယ်။ အမြဲရောက်ပါတယ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်နေလို့ ဝင်ပြီး နှုတ်မဆက်ရဲတာပါ။ အိမ်သာယာလို့ ဧည့်သည်အလာများတဲ့အိမ်ဆိုတော့ မဝင်ရဲလို့ပါ။ ကျနော်တို့ဆီလာလည်ပြီး အားပေးစကားပြောသွား နှုတ်ဆက်သွားတဲ့အတွက် အထူး (အထူး) ကျေးဇူးတင်ပါတယ်။ နောင်လည်း အမြဲဝင်ထွက်နိုင်ပါတယ်။

ZT said...

ဟီးဟီး။ Online က သူငယ်ချင်းတွေ နဲ့ တွေ့ရင် ဒီလို ချည်းပါပဲ။

ရွှေဂျမ်း said...

အမက ရေးတောင် ပြီးသွားပြီ။ မြန်လိုက်တာ ဟိ။ ခုပဲ အိမ်ပြန်ရောက်တယ် အမ။း)

ရွှေဂျမ်း said...

အမရေ.. ထပ်ဖတ်ပြီးမှ အမတို့ ဖုန်းတွေဆက်တုန်းက လွဲတာကို အားနာလိုက်တာ။ တွေ့ဖြစ်အောင် ကြိုးစားတာ အမတို့ကို အရမ်းကျေးဇူးတင်တယ်.. နော်။း)

အောင်သာငယ် said...

ငါ့ညီမရယ် လွဲပြီး ပြုံးရတာ ဘယ်လောက် ပျော်ဖို့ ကောင်းသလဲ...း)

BTW - Heart Museum ကလည်း ကျောက်ခဲပဲ ဆိုတော့ ကျောက်ခဲဘလော်ဂါတွေ ဒီမှာ လာစုနေတာပေါ့...း)

MANORHARY said...

လွဲပေမယ့် ပျော်ရတယ်လေ
း) ချိုသင်းရေ လင့်ပြန်တင်ထားပြီ

ksanchaung said...

ဂလိုဘယ်လိုက်ဇေးရှင်း ဆိုလားပဲ။ ကျွန်တော်ကတော့ ဒီတသက်ရောက်ဖို့ မလွယ်တော့ဘူး။ အိုဘားမားက အလည်ခေါ်ရင်တောင် ခရီးစရိတ်မတတ်နိုင်လို့ စဉ်းစားရမယ်။ အစ်မတို့ပဲ လာခဲ့ကြတော့။

ဦးဂင်ကြီး said...

မမိုးချိုရေ လွဲပေမဲ့ စိတ်စေတနာအမှန်နဲ့လွဲတော့ ပြုံးစရာ ခင်စရာလေးတွေတောင်ဖြစ်သေးတယ်နော်..။ ဘလော့ဂါတွေဆိုတာလေတူလို့ခင်မိရင် တော်တော်ခင်တတ်ကြတာဗျ...။

mainnmainn said...

အမ
စုလတ်လည်းအမကိုခင်ချင်တယ်
စာရေးကောင်းလွန်းတဲ့အမကိုမမြင်ဘူး
မတွေ့ဘူးပေမဲ့ချစ်တယ်..
အမစာတွေကိုဖတ်ရတာအမြဲတမ်းရင်ထဲမှာ
တခုခုကျန်ခဲ့စေတယ်...
အမနဲ့အပြင်မှာတခါလောက်တော့တွေ့ဖူး
ချင်ပါသေးတယ်...

မမသီရိ said...

ရွှေဂျမ်း ကယ်ပေလို့..
ညီမ ချိုသင်း လွဲလို့ ရတာ..း)..
နို့မို့ ပို့စ် အသစ်ဖတ်ချင်မှ ဖတ်ရအုံးမှာ..း)...

Thandar said...

Dear A Ma,

I love you, also your blog.
I love sayarkyi Tin Moe also his poems.

လင်း said...

ဟင်း မနာလိုပါဘူးဆိုမှ ကြွားပြန်ပြီနော်။ သူတို့ ပဲ တွေ့ ကြပါ။ တွေ့ ကြပါ ။ လွဲမှာပေါ့ မနာလိုလို့  ဒီဘက်ကနေ ရှာမတွေ့ ပါစေနဲ့ လို့ ထိုင်ဆုတောင်းနေတာကိုး ဟီးဟီး

လင်း said...

ဟင်း မနာလိုပါဘူးဆိုမှ ကြွားပြန်ပြီနော်။ သူတို့ ပဲ တွေ့ ကြပါ။ တွေ့ ကြပါ ။ လွဲမှာပေါ့ မနာလိုလို့  ဒီဘက်ကနေ ရှာမတွေ့ ပါစေနဲ့ လို့ ထိုင်ဆုတောင်းနေတာကိုး ဟီးဟီး

htike said...

လာလည်ပါတယ်အမရေ..

May said...

နည်းနည်းလေးတော့လွဲနေတယ်၊ လွဲလွဲလေးပဲကောင်းပါတယ်။........................................................................................................
အမ ကိုကျော့်အတွက် ဓါတ်ပုံအိုးလေးတွေ
လုပ်တဲ့အကြောင်းရေးပါလားလို့ ။ အခုအဲဒီအိုးတွေဘယ်မှာထားခဲ့လဲ။
မိပ။

သက်ဝေ said...

ပြုံးပြုံး ပြုံးပြုံးနဲ့ ဖတ်သွားပါတယ်...
တသက်စာ အလွဲကတော့လား...
လွဲချင်တဲ့သူတိုင်း လွဲကြရတာ မှတ်လို့...
လွဲဖို့ ကံပါတဲ့သူတွေသာ လွဲကြရတာပါလို့ ပြောလိုက်ပါလေ...

sin dan lar said...
This comment has been removed by the author.
sin dan lar said...

ဖတ်ရင်းနဲ့ ပြုံးရတယ်...လွဲနေကျဆို မလွဲရင် တစ်ခုခုလိုနေသလိုပဲ အစ်မရဲ့..။
ညီမက လျှပ်ပြာပြာဆိုတော့ တစ်ခုခုလွတ်မကျသေးတဲ့နေ့၊
ခလုတ်မတိုက်မိသေးတဲ့နေ့တွေမှာ စိတ်ထဲတကယ် တွေးမိတာက "ငါ ဒီနေ့ဘာမှ မဖြစ်သေးပါလား"လို့။
p.s ရေးနေရင်းကို သတ်ပုံမှားလို့ အပေါ်ကောမန့် ဖျက်လိုက်ရတယ်.. :P:P

Phyo Evergreen said...

အန်တီချိုရေ လွဲလိုက်တဲ့အလွဲ.. အလွဲလေးတွေကိုကဖတ်လို့ကိုကောင်းနေတာပါ..။

တန်ခူး said...

ချိုသင်းရေ… ချစ်စရာအလွဲလေးတွေ ရင်းနှီးတဲ့အလွဲလေးတွေ ဖော်ရွေတဲ့အလွဲလေးတွေပေါ့… အမကတော့ ဘလော့ဂ်ကသူတွေကို အရင်ရင်းနှီးလက်စသူတွေကလွဲလို့  မမြင်ဖူးသေးဘူး… ဒီကို လာလည်ဖြစ်ရင် ကြိုအကြောင်းကြားနော်… မလွဲအောင် ကြိုစီစဉ်ထားပေးမယ်… အင်း… တသက်စာအလွဲကလား… သူလဲအတူတူ ကိုယ်လဲအတူတူဆိုတော့ ကျေပြီပေါ့နော်… အဲဒီအလွဲလေးကတော့ ရင်ခုန်စရာအလွဲလေးပေါ့… တခုတ်တရ လှလှပပလေး ရေးပေးတာ ကျေးဇူးပါညီမရေ…

Aung Soe Paing said...

ဟီး.. ဟီး မမလွဲတာကလည်း ရီစရာကြီး....

ကမာနီလာ said...

အင်း... လွှဲတဲ့အခါလည်းလွှဲပေမှာပေါ့...။ စာအရေးအသားတွေကို ကြိုက်လို့ လာလာဖတ်ဖြစ်ပါတယ်၊ ကွန်မန့်မရေးသွားတာဘဲရှိတယ်၊

Kay said...

ထုံးစံ အတိုင်း တဟိဟိ နဲ့ဖတ်နေရတယ်။
နေအုံး..ရွှေဂျမ်းတို့..ဟတ်ဟတ် တို့.. မနာလိုဘူး။
ကျောက်ခဲတွေလည်း..အမေရိက လာလည်မှ အကုန် ကျောပိုးအိတ်ထဲ ကောက်ထဲ့ ပြစ်လိုက်မယ်။ အတော်ပေါတဲ့ ကျောက်ခဲတွေ..း))

အိန္ဒြာ said...

အစ်မချိုသင်းရေ....

တစ်သက်စာအလွဲများက အလွဲကောင်းပဲနော်....

ဒီလိုပဲ ဟိုလွဲလွဲဒီမှားမှားလေးတွေဆိုတော့ အပျင်းပြေတာပေါ့

နှစ်ယောက်တည်း..
ရယ်ရယ်..မောမော...ပေါ့ပေါ့..ပါးပါး...

((( ဟင်း......အားကျရပါလား..နော်...)))

khin oo may said...

အလွဲက ရှာမရဘူးတဲ့။
ရယ်ရတယ်ဟေ့ ဗြဲ

PAUK said...

ဖတ်နေရင်းနဲ့..ရင်တထိပ်ထိပ်
ဂျမ်းနဲ့မှတွေ့ပါ့မလားလို့...
အကယ်လို့ မတွေ့ခဲ့ရင်...ကိုကျော်ဝဏ္စက
ဆူမှာလား..တဲ့
ဟီဟိ

မီယာ said...

တွေ့ချင်ဇောနဲ့ နံမည် အရင်းတောင် မမေးလိုက်မိတာ အဆူမခံရဘူးလား... တော်သေးတာပေါ့ တွေ့သွားလို့... ကိုကျော်ဝဏ္ဏ အတွက် တသက်စာ အလွဲကတော့ ကံထူးလွန်းလို့ပါလို့ ပြောလိုက်ပါ မချိုသင်းရေ...

JuneOne said...

မမရေ လာလည်သွားတယ်နော်။

ပုံရိပ် / Pon Yate said...

မချိုသင်း ဘလောက်မိတ်ဆွေတွေနဲ့ တွေ့ရတာ ပျော်စရာကြီး။ ကိုကျော်ဝဏ္ဏက ပြန်မပြောဘူးလား။ ဒါငါ့ဘ၀မှာ အကောင်းဆုံး အလွဲလို့။

ကလိုစေးထူး said...

ကျနော်တော့ မချိုသင်းကို အပြင်မှာတွေ့ခွင့်ရဖို့ဆိုရင် မိုင်ထောင်ချီခရီးနှင်ရမယ့် သဘောရှိတယ်။ :)

JulyDream said...

ဂျမ်းကို ဂျမ်းတုံးခုပြီး တွေ့လိုက်ရတယ်ပေါ့။

ကိုရင်နော်ခင်လေးငယ် said...

ပျော်စရာ အလွဲလေးတွေ ဖတ်ရင်းပြုံးမိတယ်..
၁၃ နှစ်တဲ့.. မထူးဘူးအမရေ.. တသက်တကျွန်း တခါတည်းချထားလိုက်.. ဟီးးး

ခင်မင်လေးစား ချစ်ခြင်းများဖြင့်

ကောင်းကင်ကို said...

အလွဲလေးတွေ၊ မိတ်ဆွေတွေ ဆုံတွေ့ ကြတာတွေကို ဖတ်ပြီး စိတ်ကြည်နူးသွားတယ်အစ်မ။း-)

ရွာသားလေးဝိုင်တီယူ said...

အမရေ မြန်မြန်နဲ့ များများတဲ့လားဗျာ။ ရက်စက်ပါပေ့

Mr.Pu said...

စာအရေးအသားကောင်းတယ်။ ခုမှဖတ်ဖူးတာပါ။

ဇနိ said...

အမက Heart Museum ရွှေဂျမ်း ဆိုတဲ့ နစ်ခ်နိမ်းတွေပြောလို့ ပြောရဦးမယ် အခုကျနော်တို့လည်း နာမည်အရင်းတွေကိုတောင် တခါတလေ မခေါ်ဖြစ်တော့ဘူးဗျ မဇနိရေ ကိုဇနိရေပဲ ခေါ်နေကြတော့တာ

သီဟသစ် said...

မမချိုသင်းရေ,
အစ်မစာတွေ ဖတ်ပြီးရင် တစ်ခုခုတော့ ရင်ထဲမှာ ကျန်ခဲ့သလိုပဲ။
စာတွေ အများကြီး ရေးနိုင်ပါစေ။
ကိုကျော့်ကိုလည်း ၁၃ နှစ်ကြာ သည်းခံနည်း မမချိုသင်းကို ပြောပြခိုင်းပြီး ရေးပေးပါလို့။

TNS said...

မမိုးရေ...
လွဲသာရဲရဲ ဆက်လွဲပါ...
မောင်နှမရင်းစိတ်နဲ့ ပြောရမယ်ဆိုရင်တော့
အဲလို လွဲတာလေးတွေနဲ့  ဖြူဖြူထုံထုံလေးဖြစ်နေတာက
ချစ်စရာကောင်းလွန်းလို့  အမြဲဖတ်ပြီး ပိုခင်မိတာ...။
း)
ခက်ဆစ်ဖွင့်ဆိုချက်=
ဖြူဖြူ= သဘောထားဖြူစင်သော
ထုံထုံ= ( ပြောရမှာ အားနာတယ်..ကိုယ့်ဟာကိုသိ)

MrDBA said...

အလွဲလေးဖတ်သွားတယ် မချိုသင်း

Life is for Success said...

Ma Gyi moe,

Today i read your old article about your house in rgn.After i reading this article, i understand that we cannot get this kind of help and friendship can not get outside of our country. Also more n and more miss to my home....

with rgrds

ဆောင်းယွန်းလ said...

မချိုသင်းရဲ့ လွဲပုံလွဲနည်းများဆိုပြီး စာအုပ်တအုပ်လောက် ထုတ်ပါလား...
ပျော်စရာ အလွဲလေးတွေပေါ့

nu-san said...

အမရဲ့ အလွဲတွေ ဖတ်ရတာ ပျော်စရာကြီး.. :D နာမည်အရင်းတွေလည်း မသိကြတော့ တော်တော်တော့ ရီရမယ်..အမကို ရတာ ကိုကျော်ဝဏ္ဏက ကံကောင်းတာပါနော်.. ဟိ..ဟိ.. :P

မေ့သမီး said...

အစ်မ တကယ်ပဲ အစ်ကို့ဘ၀က လွဲသွားတာလားဟင်။ :P

May said...

ပျော်စရာအလွဲလေးတွေပါ။
..မေအောင်

မီယာ said...

အမရေ အလုပ်ရှုပ်နေတာ နားလည်ပါတယ်.. မာမားအတွက်လည်း ၀ိုင်းဆုတောင်းပေးနေပါတယ်.. အမတို့ က အရမ်းတော်ကြတယ်နော်.. ကောင်းကြီးတွေ အများကြီး ရဦးမှာ... အလုပ်ရှုပ်လည်း ခဏနားပါ.. ဘလော့တော့ မပိတ်ပါနဲ့ အခုတောင် နံမည်ပြောင်တွေ ခေါ်ရင်းတွင်တဲ့ အကြောင်း အမရေးထားတာ ဖတ်ပြီး ရီနေတာ... အမစာတွေ ဖတ်ပြီး လူတွေ အများကြီး အတွက်ရသ မျိုးစုံ ခံစားမှုပေးနိုင်တာ တော်ရုံလူမလုပ်နိုင်ပါဘူး အမရယ်။ အီးမေး မသိလို့ ထပ်မန့်လိုက်တာ။

Heartmuseum said...

ဟားးးးဟားးးးးး အမရဲ့ ဘာဖြေရမှန်း မသိဘဲ အူကြောင်ကြောင်ဖြစ်နေတဲ့ မျက်နှာလေးကို မြင်နေတုန်းဗျ။
ဟီးးး...တွေးကြည့်ရင်ပျော်စရာကြီး.... မရွှေဂျမ်း LAလာတာတော့ မသိလိုက်ဖူး။ အမပြောမှသိရတယ်။
ကိုအောင်သာငယ်တော့ သိတယ်ဗျ။ မဆုံတော့ မဆုံဖူးသေးဘူး။