ဖြစ်ပုံက ကိုယ်ပြောချင်တာ ဒါ ဆိုရင် လူတွေက တခြားကိစ္စကို နားလည် သွားတတ်ကြလို့ပါ။ ကိုယ်ကပဲ စာရေးမတတ်လို့လား မသိ၊ တကယ်က ကိုယ်ရေးခဲ့တာ ရိုးရိုးပါလေ။ ကိုယ် အိုးလှလှလေးတွေ လက်ဆော့ လုပ်မိတဲ့အကြောင်း ရေးထားတာ မဟုတ်ဘူးလား။
ဒါပေမဲ့ တချို့စာဖတ်သူတွေ နားလည်သွားတာက ကိုယ်က လူဆိုးကြီး လုံးလုံး ဖြစ်နေပါပြီ။ ကိုယ့်အမျိုးသားမှာ သနားစဖွယ် အနိုင်ကျင့်ခံလူသား ဖြစ်နေပါပြီ။ ကွန်မန့်တွေ အီးမေးလ်တွေမှာလဲ ကိုယ်က အိုးပျံ နဲ့ အင်ထရို ၀င်ပြီးသကာလ ကျောက်ခဲပျံတွေပါ လာတော့မယ် ဆိုပြီး သာသာထိုးထိုး ရေနစ်သူ ဝါးကူလို့ ထိုးကြပါတယ်။
တနေ့ကလဲ မိတ်ဆွေ တယောက်နဲ့ ဖုန်းပြောရာမှာ ကိုယ့်လေသံကိုက ထောင်မှူးလေသံ ပေါက်နေတယ်ဆိုပဲ။ ကိုယ်လဲ စကားတောင် ဘယ်လိုပြောရမယ် မသိ။ နှစ်ယောက်ရှိရာမှာ တယောက်က ထောင်မှူးဆိုရင် ကျန်တယောက်က အကျဉ်းသားလေးသာ ဖြစ်တော့မပေါ့။ ကိုယ့်အမျိုးသားကလဲ ပြုံးပြုံး ပြုံးပြုံးနဲ့ သူ့ကို ၀ိုင်းသနားကုန်ကြပြီလို့ ပီတိသံနဲ့ ပြောလေရဲ့။
တကယ်က ကိုယ့်မှာ ခုတ်ရာတခြား ရှရာတခြားဆိုသလို အဖြစ်တွေက ကြံရဖန်များလို့ ရိုးတော့ ရိုးနေပါပြီလေ။ ကိုယ်လဲ တခါတလေတော့ တရက်တလေ တလွဲမလုပ်မိတဲ့နေ့လေး တနေ့တော့ သေသေသပ်သပ်လေး ရှိသွားဖို့ ကြိုးစားမယ် စိတ်ကူးတယ်။
ဒါနဲ့ ကိုယ် ဒီနေ့ စ ကြိုးစားကြည့်ခဲ့ပါတယ်။ မနက်ခင်းကတည်းက နိုးလာကတည်းက အိမ်မှုကိစ္စ၊ ကြောင်မှုကိစ္စ တွေ ပြီးတော့ ရုံးကို ပျော်ပျော်ရွှင်ရွှင် သွားလိုက်တယ်။ ရုံးမှာလဲ မမှားရ၊ မလွဲရအောင် ဂရုစိုက်နေတယ်၊ ပြောတယ်။
အင်း.. ဂရုစိုက်နေတော့လဲ ဟုတ်နေသားပဲ လို့ ဘ၀င်မြင့်ချင်သလိုလိုတောင် ဖြစ်မိတယ်။ အရင်နေ့တွေမှာလို ရုံးမှာ အခန်းထဲ ဝင်ခါနီး security code ကို နှိပ်ရတဲ့အခါ ရှေ့နဲ့ နောက် မှားနှိပ် မိတာမျိုး မဖြစ်ခဲ့ဘူး၊ အဖုံးလေးဖွင့်ပြီး security key pad လေးကို နှိပ်နေကျမှာ တယောက်ယောက်က အဖုံးကို ဖွင့်ရက် ထားသွားတာကို သတိမထားမိဘဲ key pad ကို အတင်းဆွဲခွာနေတာမျိုး ဒီနေ့ မဖြစ်ခဲ့ဘူး။ ဟုတ်နေပြီ။ ဒါဆို အတော်လေးကို ဟုတ်နေပြီ။
တခါတုန်းက နေ့လည်ဖက်မှာ ဘော့စ် က ကိုယ့်ကို ဧည့်ခန်းမှာ ရောက်နေတဲ့လူကို အကဲသွားခတ်စမ်းပါ ပြောလို့ ကိုယ်က လူကဲခတ်တတ်သူကြီးလုပ်ပြီး သွားအကဲခတ်ခဲ့တာ။ ဥပဓိမကောင်းဘူး လို့ စိတ်ထဲ ထင်တာမို့ ဘော့စ် ကို လက်ခါပြလိုက်တယ်။ ဒီလူ မကောင်းဘူးပေါ့။ နောက်မှ ပြန်သိတာက ကိုယ်သွားကြည့်ခဲ့တာ ဘော့စ် ရဲ့ ညီအရင်း ခေါက်ခေါက်။ ကိုယ်က လူမှားကြည့်ခဲ့တာ။ သူကြည့်ခိုင်းတာက တခြားတယောက်။
ဒီနေ့မှာတော့ အေးဆေးပါ။ ဒီလို အကဲခတ်စရာလဲ လူမလာတော့ ကိုယ့်လုပ်ရပ်လေးတွေ မှန်နေတယ်။ အလုပ်များပေမဲ့ တလွဲမဖြစ်၊ အဆင်ပြေနေတယ် ဆိုပါတော့။ ကိုယ်တောင် တလွဲမလုပ်မိတဲ့ နေ့ အမှတ်တရလေး ဖြစ်သွားအောင် ထီတောင် ထိုးမလား စဉ်းစားနေတယ်။
ဒါနဲ့ အလုပ်ဆင်းတော့ ဆိုင်တဆိုင်မှာ စားစရာ ဝင်ဝယ်ရင်း မိတ်ဆွေ အမျိုးသမီးတယောက်နဲ့ ဆုံတယ်။ အဲဒီအထိ အိုကေသေးတယ်။ သူနဲ့ ဆိုင်မှာ ဟင်းစောင့်ရင်း မိန်းကလေးတွေ ထုံးစံ အစားအသောက်အကြောင်း ပြောမိတာပေါ့။ ပြောရင်း တရုတ်အစားအစာတွေအကြောင်း ရောက်သွားတော့ သူက တရုတ်ပြည်မှာ ဒေသအလိုက် အစားအသောက်တွေက ချက်ပုံ ချက်နည်း ကွဲသွားတယ် တဲ့။
ကိုယ်ကလဲ အလိုက်သင့် ဟုတ်တာပေါ့ ဆိုတာထက် ပိုမပြောဘူး။ စကားနည်းလေ အမှားနည်းလေ မဟုတ်လား။ အဲဒီမှာ သူက တခွန်းပြောလိုက်တယ်။
“ကျမ ယောက္ခမကလဲ ယူးနန်း ကပဲလေ” တဲ့..
“ဘာ!!! ညီမ ယောက္ခမ က ရူးနှမ်းနေတယ် ဟုတ်လား။ ဘယ်လိုဖြစ်ရတာလဲ .. ”
“မဟုတ်ပါဘူး။ ယူးနန်း ဆိုတာ ယူနန် ပြည်နယ်ကို ပြောတာ အမ”
“ဟယ်..အားနာလိုက်တာ ညီမရယ်၊ ဆောရီးနော်..”
ဒါနဲ့ ဟင်းရရချင်း ကမန်းကတန်း နှုတ်ဆက်၊ ကားပေါ်ပြေးတက်ခဲ့ရတယ်။ သူက ယူနန်ကို ဘိုဆန်ပြီး ယူးနန်းလို့ ပြောတာကို ဘုန်းကြီးကျောင်းအသံထွက်နဲ့ ကိုယ်က ရူးနှမ်းတယ် ထင်ပြီး သွားမေးမိတာလေ။ ဒီတခွန်းလေးပဲ လွတ်ထွက်သွားတာ..။
တော်ပြီ၊ တော်ပြီ။ ဒီနေ့လဲ တလွဲလုပ်မိပြန်ပြီ။
မိုးချိုသင်း