အမေက လက်ထဲ ပိုက်ဆံမရှိရင် ကိုယ့်ကလေးတွေကို စာ ဖိသင်တော့တာပဲ လို့ ပြောလေ့ရှိတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေတို့အမေတို့ ပေးနိုင်တာ ပညာအမွေပဲ ရှိလို့ပါ တဲ့။ ရုန်းကန်ရတဲ့ အချိန်တွေမှာ ကိုယ့်သားသမီးလေးတွေကို စာသင်ပေးရင်း အားတင်းယူပုံရပါတယ်။
ကိုယ့်ကို ကလေးဘဝ အတန်းကျောင်းမတက်ခင်ကတည်းက တီချယ် တီနာအုန်း သင်တဲ့ အင်္ဂလိပ်စကားပြောသင်တန်းကို အမေကိုယ်တိုင် လိုက်ပို့၊ လိုက်စောင့်တာပါ။ ကိုယ်ကလဲ အင်္ဂလိပ်စကား နားယဉ်လွယ်ပုံများ ဂွဒ်တမောနင်း လို့ အသံထွက်နေလို့ နေကုန် ဒီတကြောင်းပဲ သင်နေရတာမျိုး။ အဲဒီတုန်းက အခုလိုလဲ အင်္ဂလိပ်စကားပြောကျောင်းတွေ မများသေးဘူး၊ အတော်ရှားတယ်။
မူကြို အမေ့ကျောင်းမှာလဲ အင်္ဂလိပ်ကပြား ဂါဝန်ဝတ် ဗိုလ်မကြီးက စန္ဒယားတီးပြီး အင်္ဂလိပ်သီချင်းတွေ သင်ပေးခဲ့သေးတယ်။ ကိုယ်ကလဲ သီချင်းလေးတွေကို အမူအရာနဲ့ ကိုယ်လေးယိမ်းပြီး လိုက်ဆို လိုက်လုပ်တတ်ပေမဲ့ အင်္ဂလိပ်စာတော့ ၀ါးနေတာမျိုး။ ပါးစပ်လှုပ်ပြီး အိယောင်ဝါးလုပ်နေတာ။ တခါတလေ တီချယ်ကြီး ဘာတွေ ဆိုနေပါလိမ့်လို့ သူ့ပါးစပ်ကို စူးစိုက်ကြည့်နေသေးတာလေ။ သီချင်းတွေက လွတ်ကုန်ပါပေါ့။
အဖေတို့ အမေတို့က အင်္ဂလိပ်စာကို တော်စေချင်တာမို့ ကျောင်းမှာလဲ သင်၊ အိမ်မှာလဲ သင်။ ၈တန်း ၉တန်းရောက်တော့ ဗြုန်းဆို မြန်မာစာမှ အပ အားလုံး အင်္ဂလိပ်လို သင်ရမယ် ဖြစ်တော့ ဂွကျပြီ။ ဂွကျတာ ကိုယ်မဟုတ်၊ ကိုယ်က စာမလိုက်နိုင်လဲ အေးအေးပဲ၊ မပူဘူး။ ပူတာက အမေတို့ အမတို့။
အဲဒီတော့ အင်္ဂလိပ်စာ ပိုလိုအပ်တယ် ဖြစ်လာတယ်။ ဆယ်တန်းမှာ ကမ္ဘာကျော် ၀တ္ထုကြီး Wuthering Heights တို့ သင်ရမယ်ဆိုတော့ ခက်ခက်ခဲခဲကြီးကိုး။ ဇာတ်လမ်းနားလည်အောင် Wuthering Heights ရုပ်ရှင်တွေပါ အခွေ ငှားကြည့်ရသေးတယ်။ ဆရာ ဦးစိုင်းအောင်ဝင်းတို့ ဆရာ ဦးသာနိုးတို့ဆီမှာ တက်ရတယ်။
ကိုယ်တို့တုန်းက ဆရာ ဦးသာနိုးက ၈တန်း ၉တန်းသင်သေးတယ်။ တကယ်က ဆရာက Advanced Class တွေ ပဲ သင်ချင်တော့တာပါ။ ၈တန်း ၉တန်း ၁၀ တန်းကို ဖြုတ်ချင်ပြီ။ ဒါပေမဲ့ အဖေက ချိုသင်းတို့ ဆယ်တန်းအောင်တဲ့အထိတော့ သင်ပါအုံး ပြောထားလို့ စောင့်နေရတာ။ ကိုယ် ၉တန်းတက်တော့ ၈တန်းဖြုတ်လိုက်တယ်။ ကိုယ် ၁၀တန်းရောက်တော့ ၉တန်း မသင်တော့ဘူး။ ကိုယ် ၁၀တန်းလဲ အောင်ရော ဆရာလဲ Advanced English ပဲ သင်တော့တာ ခုထိပဲ။
ကိုယ်က ငယ်ငယ်ကတည်းက မထူးချွန်ပါဘူး။ စာတော်တဲ့ ကျောင်းသူလဲ မဟုတ်ခဲ့ဘူး။ သူလို ငါလို မှန်တမ်းပဲ။ အခုလို အခြေအနေလေး ရောက်လာဖို့ မိဘတွေ အမတွေ ဆရာတွေက အင်မတန် ပံ့ပိုး၊ တွန်းတင်ခဲ့ရတာပါ။ အတန်းတိုင်းမှာ အင်္ဂလိပ်စာ ဂုဏ်ထူး ထွက်ခဲ့ပေမဲ့ ကိုယ့် ကြိုးစားမှုက ၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိမှာပဲ။
စာကို လိုချင်စိတ် နည်းရတဲ့အထဲ ကိုယ့်မှာ အင်္ဂလိပ်လို ပြောဖို့ ဆိုဖို့ အတော် confidence နည်းတာပါ။ စာနဲ့ ရေး ဆိုရင်တော့ ပြောတာထက်စာရင် တော်လိမ့်အုံးမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ပြောရဲ ဆိုရဲဖို့ဆိုတာ ကိုယ့်အဖို့တော့ လွယ်မလိုနဲ့ အတော်ခက်တာပါပဲ။
ကိုယ့် အမ အကြီးဆုံး မစံနဲ့ အမ အငယ် မနှင်းကတော့ စာမှာ ကြိုးစားချင်စိတ်လဲ ရှိတယ်။ သူတို့ကိုလဲ မိဘတွေက စာမလုပ်မှာ ပူမနေရပါဘူး။ မစံဆိုလဲ အကြီးပီပီ အငယ်တွေကို အမြဲ စာပြ ပေးနေတာ။ ကိုယ်သာ မဟုတ်၊ ကိုယ့်သူငယ်ချင်းတွေပါ သင်ပေးတတ်တယ်။ မနှင်းကတော့ ဆယ်တန်းနှစ်က တနိုင်ငံလုံးမှာ အင်္ဂလိပ်စာအမှတ်အများဆုံး ရတဲ့သူပဲ။
ဒီတော့ ကိုယ်နဲ့ ကိုယ့်အမအလတ် မအေးက ကြားမှာ လွတ်နေတယ် ပြောရမှာပေါ့။ နှစ်ယောက်စလုံး အရီသန်သူတွေ။ မိသားစုစကားဝိုင်းမှာ အမြဲ နောက်ရွှတ်ရွှတ် ဝင်ပြောလို့ တခါတလေ အဖေက “ထောင်တန်တဲ့စကား ရယ် ပေါ့ တဲ့၊ အဖေ ဆုံးမနေတယ်လေ သမီး” လို့ သတိပေးခံရသူတွေ။
ဒါပေမဲ့ ကိုယ်နဲ့ မအေး ကွာတာ ရှိသေးတယ်။ မအေးက အင်္ဂလိပ်လို ဟုတ်ဟုတ် မဟုတ်ဟုတ် ဘရွတ် ရွှတ်တွ အကုန် လျှောက်ပြောတာပဲ။ ပြောရဲ ဆိုရဲ ရှိပြီး ကိုယ့်လို တွန့်ဆုတ်နေတာ မဟုတ်ဘူး။ ငယ်ငယ်က သူလျှောက်ပြောနေလို့ အိမ်မှာနေတဲ့ ကောင်မလေးတွေက သူ့ကိုဆို အထင်တွေ ကြီးလို့။ သူကလဲ ငါ့ကိုတော့ အထင်တွေ big ကုန်ပြီတဲ့၊ ပြုံးစိစိနဲ့ သဘောကျနေတယ်။
နောက်ပြီးတော့ သူက ဟာသဥာဏ်လဲ ရွှင်သူဆိုတော့ သူ့ဖာသာသူလဲ အင်္ဂလိပ်စကားတွေ တိုက်ရိုက် ဘာသာပြန်ထားသေးတယ်။ ဆရာကြီး ရွှေဥဒေါင်းတို့ လက်မှိုင်ချရမဲ့ အပေါက်ပေါ့။ ဥပမာလေး တခုစ နှစ်ခုစ ပြောပါရစေအုံး။ ငယ်ငယ်က အိမ်မှာ အတူနေတဲ့ မမြင့်က ဘယ်တော့မှ အိမ်အလုပ်ထဲ စိတ်ဝင်စားတယ် မရှိတော့ အမြဲ အမှားမှားအယွင်းယွင်းပဲ။ ဈေးမှာတဲ့သူက သေချာမှာနေလဲ ပြုံးသာပြုံးနေတယ် မမှတ်မိဘူး။ စိတ်က တခြားရောက်နေတာမျိုး။ စိတ်လဲ သိပ်အမှန်ကြီး မဟုတ်ဘူး ထင်တယ်။
အဲဒါဆိုရင် မအေးက ၀င်ပြောတယ်။ သူ goat wind ဖြစ်နေပြီ တဲ့။ ကိုယ်လဲ သူဘာပြောလိုက်မှန်းမသိတော့ ပထမတော့ ကြောင်သွားတယ်။ နောက်မှ မအေးက ရှင်းပြတယ်။ goat ဆိုတော့ စိတ်၊ wind ဆိုတော့ လေ ၊ သူစိတ်လေနေပြီ၊ နင်ပြောတာ သူ စိတ်မ၀င်စားဘူးလို့ ပြောတာ တဲ့။ ဘာသာပြန်ချက် ရက်စက်သယ် လို့ ပြောရမလိုပဲ။
တခါတလေ မမြင့် တခြားကောင်လေးတွေကို စိတ်ဝင်စားနေပြီဆိုရင်တော့ မအေးက သတိပေးတယ်။ မမြင့် goat play ဖြစ်နေပြီဟေ့ တဲ့။ သူစိတ်ကစားနေပြီပေါ့၊ ပြဿနာတက်တော့မယ် သတိထား ဆိုတဲ့သဘော။ သူ အချက်ပေးပုံက အတော်တော့ ဟန်ကျတာပဲ။ အင်္ဂလိပ်စာ တကယ်တတ်တဲ့သူတောင် နားမလည် မျက်စိလည်သွားမှာပဲ။
ကိုယ်ကျတော့ တမျိုးပါ။ ကိုယ်က အင်္ဂလိပ်စာမတော်တာကို အကြောင်းပြပြီး ဗမာစကားပဲ ရေရေလည်လည် ပြောချင်သူပါ။ ကိုယ့်မြန်မာအချင်းချင်းကို ဗမာလို မပြောရရင် မရင်းနှီးလို့ ပြောသလို ခံစားရတယ်။ နိုင်ငံခြားသားဆိုရင်တော့ သူတို့ဘာသာစကားနဲ့ ပြောကိုပြောရမှာ ဟုတ်ပေမဲ့ မြန်မာဆိုရင်တော့ သူဗမာလို နားလည်သေးသမျှ ဗမာလိုပဲ ပြောချင်မိတယ်။
ဒီကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်လာတဲ့ကလေးလေးတွေဆိုလဲ ဗမာလို မမေ့အောင် အလေ့အကျင့်လုပ်ပေးတဲ့အနေနဲ့ သူတို့နဲ့စကားပြောရင် ဗမာလိုပဲ ပြောဖြစ်တယ်။ တချို့ကလေးလေးတွေက သိပ်မပြောတတ်တော့ဘူး။ အဲဒါဆို ကိုယ့်ဘာသာစကားတခု မမေ့လျော့ သွားစေချင်တာမို့ သူ့တို့လေးတွေကို ဗမာလို ပြောဖို့ အမြဲအားပေးမိတယ်။
ကိုယ့်မိတ်ဆွေ ကလေးနှစ်ယောက်ကတော့ မိဘက သင်ပေး၊ အိမ်မှာ ဗမာလို ပြောတာမို့ ဗမာလို နားလည်တယ်၊ ကြိုးစားလဲ ပြောတတ်ပါတယ်။ တနေ့တော့ ဧည့်သည်လာလို့ ကလေးတွေက တံခါးဖွင့်ပေးတယ်။ ဧည့်သည်က မင်းတို့ အဖေ၊အမေရော လို့ မေးတော့ သားလုပ်သူက ဟိုနှစ်ကောင် နောက်ဖေးမှာ ထမင်းစားနေတယ် တဲ့။ သူတို့လဲ မမှားဘူး။ two guys ကို ၂ကောင် လို့ ပြောလိုက်တာလေ။ မိဘကို ကောင် နဲ့သုံးလိုက်တော့ ရီရခက် ငိုရခက်။
သူကလဲ တချက်တချက် ကိုယ်ဘိုလိုပြောတာတွေကို အဆင့်နဲ့ခွဲပြီး သူ့ခေါင်းထဲမှာ မှတ်ထားတတ်တယ်။ သူက ကိုယ့်ကို အမြဲလိုလို စ နေတတ်တာမို့ ကိုယ်က စိတ်ရှုပ်လာရင် I hate you တခွန်း ပစ်လိုက်တယ်။ ဒါဆို သူက ရီမောပြီး မနက်စောစောစီးစီး I hate you တလုံး ရသွားပြီ တဲ့။ I hate you ရတာများ ၀မ်းသာစရာလား။
I hate you so much ဆိုရင်တော့ ခုနကထက် နည်းနည်း ပိုပြင်းတဲ့သဘော။ so much ပါတယ်လေ။ I never love you ဆိုရင်တော့ အတော့်ကို စိတ်တိုင်းမကျလို့ ဖြစ်မယ် လို့ သူက ထင်တတ်တယ်။ ကိုယ်ပြန်ပြောတိုင်း သူက ရီနေတာပါပဲ။ စ တတ်သူများ ဒီလိုပဲ ထင်ပါရဲ့။ တကယ်မဟုတ်ဘူးလို့လဲ သိနေလို့ ဖြစ်မယ်။
တနေ့ကတော့ ကိုယ်စာဖတ်နေတုန်း လိုက်စ နေတာနဲ့ ကောင်းကောင်း စာမဖတ်ရဘူး ဖြစ်နေတာ။ ဒါနဲ့ ဒေါသထွက်လာပြီး ကိုယ်လဲ တခွန်းပြန်ပြောလိုက်တယ်။ I’m going to leave you တဲ့။ အဲဒီလို ပြောတော့ သူက တဟားဟားရီပြီး “ဟာ..အမြင့်ဆုံးကို ထုတ်သုံးလိုက်ပါလား” တဲ့။
သူပြောတာနဲ့ ကိုယ်လဲ သိုင်းဘိုးဘိုးကြီးလိုမျိုး အဆင့်တွေ ခွဲထားရမလို ဖြစ်နေပါပေါ့လေ။