ကိုယ်နေတဲ့ မြို့ကလေး

ဒီမြို့ကလေးကို ကိုယ်တို့ ပြောင်းလာတော့ မလည်မဝယ်နဲ့ပါ။
သားအဖ ၃ယောက် အခန်းကျယ်ကျယ်လေး တခု ငှားနေမယ် လို့ စဉ်းစားကြတော့ ဘုန်းဘုန်း တကာမ၊ အဖေ့ မိတ်ဆွေမောင်နှံက သူတို့အိမ်ကို ငှားမယ် တဲ့။ ဆရာတို့ ကြိုက်သလို နေပါ တဲ့။

ကိုယ်တို့က ပထမတော့ တွန့်ဆုတ်နေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့လိုက်ရှာနေတာက အိပ်ခန်း ၂ခန်းပါတဲ့ အပတ်မန့်လေးတခု။ အခု မိတ်ဆွေတွေ ငှားမယ်ဆိုတဲ့အိမ်က သွားကြည့်တော့ အိပ်ခန်း ၃ခန်းပါတဲ့ အိမ်လေး။ ကိုယ့်မိသားစုချည်း နေလို့ ကျယ်ဝန်းတဲ့အပြင် မိတ်ဆွေတွေ လာလည်ရင် တည်းခိုစရာ အခန်းသပ်သပ်လေး ပိုသေးတာကိုး။ ဒါကြောင့် ကိုယ်တို့ ဘတ်ဂျက်ထဲ ဝင်ပါ့မလားလို့ တွန့်ဆုတ်မိတာပါ။

အဖေကတော့ အိမ်လေးကို သဘောကျနေပြီ။ သူဆေးလိပ်သောက်ဖို့ ခြံလေးလဲ ရှိသတဲ့။ ဒါနဲ့ အိမ်ရှင် ဦးရစ်ချတ်နဲ့ မသိန်းသိန်းဌေးတို့ လင်မယားကို အိမ်ငှားခ ဘယ်လောက်ပေးရမလဲ မေးတော့ အလွန်ချိုသာတဲ့ ဈေးနှုန်းနဲ့ ငှားပါ့မယ် တဲ့။ ဒါတောင် မပေးနိုင်လဲ မပေးသေးနဲ့အုံး တဲ့။ ကိုယ်တို့လဲ အံ့သြဝမ်းသာ ဖြစ်ရတာပေါ့။

အမေရိကန် လွတ်လပ်ရေးနေ့ ဂျူလိုင်လ ၄ရက်နေ့မှာ ဒီမြို့ကလေးကို ကိုယ်တို့ ပြောင်းခဲ့ကြတယ်။ အဖေ့ မိတ်ဆွေတွေ၊ ကိုယ်တို့ သူငယ်ချင်းတွေ ဝိုင်းပြောင်းပေးခဲ့ကြတာပါ။ တနေ့လုံး ပစ္စည်းတွေ နေရာချရ၊ ထားရ သိုရနဲ့ ပင်ပန်းနေတာတောင် ကိုယ် တညလုံး အိပ်မရခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မီးရှူး မီးပန်းတွေ တညလုံး ဖောက်နေကြလို့လေ။ အဲဒီလို ပျော်တတ်တဲ့ မြို့လေးဆိုတာ ကိုယ် စ ရောက်ရောက်ချင်း ညမှာကို သိခဲ့ရပါတယ်။
မြို့ကလေးက ထည်ထည်ဝါ၀ါ ခမ်းခမ်းနားနား မဟုတ်ပါဘူး။ သာမန် မြို့လေး တမြို့ပါပဲ။ နာရီဝက် ၄၅ မိနစ် လောက် ကားမောင်းသွားရင် မြို့လယ်ခေါင်ကို ရောက်သွားတယ်၊ ဟောလီဝုဒ်လမ်းမကြီးက Walk of Fame မှာ လမ်းလျှောက်လို့ရတယ်။ နံမည်ကြီး ကြယ်ပွင့်တွေ နေတဲ့ စင်တာမော်နီကာ ဘိခ်ျမှာ ပစိဖိတ် သမုဒ္ဒရာကြီးကို သွားငေးလို့ရတယ်။ အဲဒီလို မြို့ကြီးနဲ့ မနီးမဝေးဆိုပါတော့။

ကိုယ်တို့ရောက်စက အဖေက ခြံထဲက လိမ်မော်ပင်အောက်မှာ စားပွဲလေးချ၊ ရေနွေးလေးသောက်ရင်း စာရေး၊ ဆေးလိပ်ဖွာရင်း ကဗျာစပ်။ ဒီအိမ်မှာ အထူးခြားဆုံးက ငှက်သံမျိုးစုံ ကြားရတာပဲ။ တခါမှ မမြင်ဖူးတဲ့ အရောင်စိုစို နှုတ်သီးချွန်ချွန်နဲ့ ငှက်ကလေးတွေလဲ ရှိတယ်။ သီချင်းဆိုသလို အကြာကြီး သံစဉ်အနိမ့်အမြင့်နဲ့ ဆိုနေတဲ့ ငှက်ကလေးတွေလဲ ရှိတယ်။

အဖေကတော့ သူကဗျာစပ်တုန်း သူ့မြေးလေးတွေကို ခြံထဲမှာ ဆော့ကစား ပျော်ရွှင်နေတာကို မြင်ချင်တာ လို့ မကြာခဏ ပြောဖူးတယ်။ သမီးရေ နောက်ဖက်မှာ အိမ်လေးတွေ ထပ်ဆောက်ပြီး သားသမီးတွေမြေးတွေနဲ့ တစုတစည်းတည်း နေရရင် ကောင်းမှာပဲ လို့ ပြောတတ်တယ်။

ကိုယ်တို့မြို့လေးထဲမှာပဲ မိတ်ဆွေ အပေါင်းအသင်းတွေကိုလဲ လာနေစေချင်သေးတာ။ ဒါမှ ပျော်စရာကောင်းတဲ့ အနုပညာမြို့လေး ဖြစ်သွားအောင်လို့ တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြို့ကလူတွေက ငွေကြေး ထည်ထည်ဝါ၀ါ မရှိပေမဲ့ မျက်နှာ ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင် ရှိကြတယ်လို့ ထင်လို့ပါတဲ့။

ကိုယ်တို့အိမ်ကနေ အိမ်လေးငါးအိမ် လောက် ဖြတ်လျှောက်လိုက်ရင် မြို့ရဲ့ Community Center ကို ရောက်ရော။ အဲဒီမှာ လူကြီးတွေအတွက် အခကြေးငွေ မယူဘဲ ဖွင့်တဲ့ သင်တန်းတွေ စုံစုံလင်လင် ရှိပါတယ်။ အဖေတောင် အဲဒီမှာ စန္ဒယားတီး သွားသင်သေးတယ်။ စနစ်တကျ တီးတတ်အောင်လို့ တဲ့။

ရေကူးသင်တန်း၊ အားကစားလေ့ကျင့်ခန်း သင်တန်း၊ ပန်းချီ ပန်းပု သင်တန်း၊ စားပွဲတင် တင်းနစ်၊ ဘတ်စကတ်ဘော အကုန်လုံး တက်လို့ရတယ်။ ကိုယ်တို့ သားအဖနှစ်ယောက် လက်ချင်းချိတ်ပြီး အဲဒီသင်တန်းတွေ တခန်းဝင် တခန်းထွက် သွားကြည့်၊ လေ့လာကြတာပေါ့။ အားကစားများတော့ နှစ်ယောက်စလုံး စိတ်မ၀င်စားလို့ မြန်မြန်ပြန်ထွက်ကြရသေးတယ်။ ပြီးတော့ center ထဲမှာပဲ ကော်ဖီသောက်၊ မုန့်စား။ ကော်ဖီတခွက် ၁၅ပြား တဲ့။ လူကြီးတွေအတွက်တော့ အခမဲ့။

အဲဒီရှေ့မှာ ပန်းခြံလေး ရှိသေးတယ်။ ဒါလဲ သိပ်ကျယ်ကျယ်ဝန်းဝန်းကြီး မဟုတ်ဘူး။ ဆော့လို့ ကစားလို့ မိသားစု အပန်းဖြေလို့ လောက်ငရုံ ကျယ်ဝန်းတယ်။ လမ်းတဖက်မှာတော့ Fast Food ဆိုင်တွေ စုံစုံလင်လင် ရှိပါတယ်။ ဘာဂါစားမလား၊ ကြက်ကြော်စားမလား၊ ပီဇာ စားမလား၊ မက္ကဆီကန်စာ စားမလား။ ကိုယ့်ကိုမေးရင်တော့ အကုန်စားမယ် ဖြေမှာပဲ။

ကိုယ်တို့အိမ်ကနေ ၅မိနစ်လောက် ကားမောင်းသွားရင် တမြို့တည်းမှာပဲ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ရှိသေးတယ်။ အဖေက ဒီအိမ်လေးကို သဘောကျတာမှာ ဒီအချက်ကလဲ အဓိက အချက်အနေနဲ့ ပါတာပေါ့။ အဖေက တရားစခန်းကို တယောစခန်းဖြစ်အောင် တယောလေး သွားသွားထိုးနေတဲ့ ကျောင်းပေါ့။ နောက်ပြီး သူ့မိတ်ဆွေတွေကို လာတည်းခို ဖို့ အားတက်သရော ခေါ်တတ်ပြီး အိမ်မှာ မဆန့်ရင် ဘုန်းကြီးကျောင်းတကျောင်းလုံး ရှိတယ်လို့ ပြောတတ်သေးရဲ့။

ကိုယ်တို့မြို့မှာ မြို့တွင်းသာသွားတဲ့ ဘတ်စ်ကားလေးတွေလဲ ရှိသေးတယ်။ မြို့တွင်း ဘယ်စီးစီး ၆၅ ပြားလား မသိ၊ ပေးရတယ်။ ဘတ်စ်ကားပေါ်မှာ ရောင်စုံ လက်ဝါးပုံသဏ္ဍန်တွေ ကပ်ထားတာ။ မြင်လိုက်တာနဲ့ ပျော်ပြီး မြို့ကလေးတပတ်တော့ စီးလိုက်ချင်စရာ။

ကိုယ်လဲ သွားရင်းလာရင်း အေးအေးလူလူ တက်လိုက်သွားချင်တာ အမြဲပဲ။ ဒါပေမဲ့ ဘယ်တော့မှ အချိန်မရခဲ့ဘူး။ တနေ့တော့ မြို့တွင်းဘတ်စ်လေး စီးဖို့ အကြောင်းက ဖန်လာတယ်။

အဲဒီနေ့က ကိုယ်က ဆေးရုံမှာ မျက်စိ သွားစစ်ရမဲ့နေ့။ တနှစ်မှာ တခါ မျက်စိစစ်ရမှာမို့ ဆေးရုံသွားရတယ်။ ဆေးရုံကလဲ ကိုယ်တို့အိမ်နဲ့ နီးနီးလေး။ ၅မိနစ်လောက် ကားမောင်းသွားရင် ရောက်ပြီ ဆိုတာမျိုး။ ဒါနဲ့ ကိုယ့်ကို ဆေးရုံမှာ ကိုယ့်အမျိုးသားက ချခဲ့ပြီး သူအလုပ်ရှိတာမို့ အပြန် မြို့တွင်းဘတ်စ်လေးနဲ့ပဲ ပြန်ခဲ့ပေတော့ တဲ့။ ကိုယ်လဲ ၀မ်းသာပြီး ကျန်ခဲ့တယ်။

ဆေးရုံမှာ မျက်စိစစ်တော့ မျက်လုံးထဲ ဆေးရည်တွေထည့်တာ ဘာညာ သူတို့ လုပ်ကြတယ်။ ကိုယ်လဲ ပြုသမျှ ခိုင်းသမျှ စာလုံးတွေ ကြည့်လိုက်ရ၊ ဖတ်လိုက်ရ၊ မျက်လုံး မှိတ်ထားလိုက်ရနဲ့ လိုက်လုပ်ရသေးတယ်။ အားလုံးပြီးသွားတော့ နေကာမျက်မှန် တပ်ထားပါ တဲ့။ မျက်စဉ်းကြောင့် သားငယ်အိမ် ခဏကျယ်နေမယ်ဆိုလား ပြောကြပြန်တယ်။

ကိုယ်ကလဲ တွေ့ကရာနေရာ မျက်မှန်မေ့ခဲ့တတ်သူ။ ဒီလို လိုအပ်မယ်မှန်း မသိတော့ နေကာမျက်မှန် မယူလာခဲ့ရဘူး။ ဒါနဲ့ သူတို့က မျက်မှန် အနက်ကြီးတခု တပ်ပေးလိုက်ပါရော။ ဒါကို နာရီဝက်ကြာမှ ဖြုတ် တဲ့။ ဒါနဲ့ ကိုယ်လဲ ဆေးရုံရှေ့က ခုံလေးမှာ မြို့တွင်းဘတ်စ်လေးကို မျက်မှန်နက်ကြီးတပ်ပြီး စောင့်နေရတာပေါ့။

ဘတ်စ်ကားလေးက ဆေးရုံထဲထိ ဝင်ကြိုတယ်။ ကားလေးလာတော့ ကိုယ်က ပျော်ပြီး ဘေးလူမရှိပါဘဲ ရန်ကုန်အကျင့်ပါပြီး လုတက်မလို့။ ကားသမားက ကိုယ့်ကို ပျာပျာသလဲ တားတယ်။ ကိုယ်လဲ ငါစီးချင်တဲ့ မြို့တွင်းဘတ်စ်လေးများ မဟုတ်လို့လားဆိုပြီး ကြောင်သွားတာ။ ဘယ်ဟုတ်ပါ့မလဲ။ ဒရိုင်ဗာက ဘတ်စ်ကား ခြေနင်းလေးကို ပလက်ဖောင်းလောက်ထိ နှိမ့်ပြီး ကိုယ့်ကို ဖြေးဖြေးချင်း တက်ခိုင်းတာပါ။ အကောင်းမဟုတ်ပါဘူး။ မျက်စိမမြင်တဲ့လူလို့ ထင်လို့ပါ။

ကိုယ်လဲ မျက်မှန်အနက်ကြီးနဲ့ တက်သွားပြီး ကားခပေးမယ်ဆိုတော့ နေ..နေ ဆိုတဲ့သဘောမျိုး လက်ခါပြတယ်။ ဒါပေမဲ့ ကိုယ်က အသင့်ထုတ်ထားတဲ့ အကြွေတွေကို ထည့်ခဲ့တယ်။ ကိုယ်နေရာကို ရောက်လို့ သေချာထိုင်မှ သူက ကားစ မောင်းတာ။ ကိုယ်လဲ ဘေးက ရှုခင်းတွေ ငေးလိုက်လာတာပေါ့။

ကားက တမြို့လုံး အားရပါးရ ပတ်တော့တာပဲကိုး။ မြို့ကလဲ ကျယ်တော့ အတော်စုံစုံ ရောက်တယ်။ ကိုယ်လဲ မရောက်ဖူးတဲ့နေရာတွေ တွေ့ရတော့ ပထမတော့ ပျော်လိုက်တာ။ လမ်းခရီးတွေလဲ မှတ်ပေါ့လေ။ နေ့ခင်းဆိုတော့ ကားစီးတဲ့လူလဲ နည်းတော့ ကားသမားက ဒီ “မမြင်” တော်တော် ရှုခင်းကြည့်ပါလား ထင်မှာ။

နောက်တော့ ၅မိနစ်ဆို အိမ်ရောက်ရမဲ့ကိစ္စ ပတ်လို့ပဲ မပြီးနိုင်တော့ ကိုယ် လော လာတယ်။ အဖေက အိမ်မှာ ကျန်နေခဲ့တာဆိုတော့ မြန်မြန်ရောက်စေချင်ပြီ။ ဒီလိုနဲ့ အိမ်နားက ပန်းခြံလေးမှာ ဂိတ်ဆုံးရော ဆိုပါတော့။ ကိုယ်ဆင်းမယ်ဆိုတော့ ကားသမားက ပေးမဆင်းပြန်ဘူး။ သူ့ခြေနင်းခုံကြီး နှိမ့်နေသေးတာ။ ဒီက ဂျွမ်းထိုးပြီးတောင် ဆင်းပစ်လိုက်ချင်တာ။

လမ်းပေါ်ရောက်တာနဲ့ ဒီလောက်ပတ်တဲ့ကား နေတော့ဟယ်ဆိုပြီး မျက်မှန်ကြီးချွတ် အိမ်ကို အပြေးလေး ပြေးသွားလိုက်တာပေါ့။ နောက်မှ သတိရပြီး ဘတ်စ်ကားကို ပြန်လှည့်ကြည့်မိတော့ ကားသမားက သူ့ခုံပေါ်ကနေ ကိုယ့်ကို ပါးစပ်ကြီး ဟပြီး အံ့သြတကြီး ငေးလို့။ သူ မျက်စိမမြင်ဘူး ထင်ထားတဲ့တယောက်က ကားပေါ်ကဆင်းတော့ မျက်မှန်ကြီးချွတ်ပြီး ဒေါင်းတိမောင်းတိ ပြေးသွားတာကိုး။

အဲဒီနောက်ပိုင်းမှာ ကိုယ်လဲ ဒီမြို့ကလူတွေကို “သူတပါးကို ကူညီတတ်သော၊ နောက်ပြီး လူကဲ မခတ်တတ်သော..”လို့ ကိုယ့်အိမ်ကို ရေးတဲ့စာတွေမှာ ထည့်ထည့် ရေးမိပါတော့တယ်။


မိုးချိုသင်း

35 comments:

Maydarwii said...

ဟားဟား အမ .. ရယ်ရတယ်။
မျက်မှန်နက်ကြီးနဲ့ ဂိုက်ပေးကြမ်းနေမယ့်ပုံ မျက်စိထဲ မြင်ယောင်ပြီး ရယ်နေတာ။

အမတို့ မြို့ကလေးက ချစ်စရာလေးပဲ ...
အမ အိမ်ကလေးကလည်း ချစ်ဖို့ ကောင်းမယ်နော် ...
ဓာတ်ပုံလေးတွေ ရိုက်ပြီးတင်ပါလားအမ။

နေညိုရင့် said...

ဟား ဟား.. အမကတော့ နောက်ပြီ။ :) အဲလိုမြို့ လေးမှာ နေချင်သေးတယ်ဗျာ။

May said...

ချစ်စရာမြို့ လေးပါလား။
မိပ။

သက်ဝေ said...

ဘာရေးရေး ဖတ်ရတာ ကြည်နူးစရာ ချစ်စရာ ကောင်းနေတော့တာပါလား...
မြင်ယောင်သွားတယ် ချိုသင်းရဲ့ ပုံစံကို...
အားရင် မြို့လေးကို ဓါတ်ပုံရိုက်ပြီး တင်ပေးအုံးလေ....

ကိုလူထွေး said...

ဟာအတော်ပဲ အခန်းတွေပိုနေတယ်။ လာရင်တည်းလို့ ရမလား။ ဒါမှမဟုတ် ဘုန်းကြီးကျောင်း လွှတ်မှာလား။

မယ်ကိုး said...

:D :D :D
မရဲ့  မှတ်တမ်းတွေ အကုန်ချစ်တယ်...

သီဟသစ် said...

အစ်မချိုသင်းရေ..

မြို့လေးက ချစ်စရာလေးနော်.အစ်မပဲ ရေးတတ်လို့လားမသိ..

မျက်မှန်ကြီးချွတ်ပြေးသွားတဲ့ပုံနဲ့ ကားဆရာ တအံ့တသြ ကျန်နေတဲ့ပုံ ကိုမြင်ယောင်ကြည့်ရင် ရီချင်စရာကြီး :)

Craton said...

ဖတ်ရတာပေါ့ပေါ့ပါးပါးလေးနဲ့ အန်တီနဲ့အတူကားလိုက်စီးရသလိုပဲ.. မြို့လေးကိုတစ်ပတ်ပတ်လို့.. ရယ်ရတယ်.. အဟီးး.. မျက်မမြင်နေရင်းထိုင်ရင်းဖြစ်ဖူးသွားတာပေါ့..း)

မလိခ said...

မမနေတဲ့မြို့ကလေးက ချစ်စရာလေးတော့်... မမက ချစ်စရာကောင်းတယ်လို့ မြင်တတ်လို့လဲ ပိုချစ်စရာကောင်းသွားတာနေမှာ...
မမလို အရာရာကိုချစ်စရာကောင်းအောင် မြင်တတ်ချင်တယ်... :D

နန်းဝါ၀ါမောင် said...

အလည်ရောက်ပါတယ် မချိုသင်းရေ..
ပို့စ်တွေအများကြီိးဖတ်သွားဖြစ်ပါတယ်....
ပို့စ်တွေအကုန်ဖတ်လို့ ကောင်းလွန်းလို့ အားကျမိပါတယ်..
ဒါနဲ့ မချိုသင်းလည်း 87 စနစ်သစ် ၁၀ တန်းအောင်ဖြစ်
မယ်ထင်တယ်နော်... Wuthering Heights သင်ရတယ်
လို့ရေးထားတာ ဖတ်ရလို့ပါ...

ဝါ၀ါကတော့ အင်္ဂလိပ်စာ အလွန်ညံ့ခဲ့လို့ ဘာသာစုံ အင်္ဂ
လိပ်လိုနဲ့တိုးတော့ တော်တော်စိတ်လေခဲ့တာပေါ့..
ညံ့ခဲ့လို့ပြောလို့ အခုလည်းပိုမတော်လာသေးပါဘူး။

ပို့စ်ကောင်းလေးတွေဖတ်ရလို့ ကျေးဇူးတင်ပါတယ်နော်.

အပြုံးပန်း said...

အခုထက်ထိ နေတုန်းလား၊ မြို့ကလူတွေက ကြင်နာတတ်လိုက်ကြတာနော်၊
သူတို့မှာ အပူအပင်မရှိကြလို့နဲ့တူတယ်။
လူလူချင်း ဂရုစိုက်လိုက်တာ။
အမကလည်း မျက်စိထဲကို ကွက်ကွက်ကွင်းကွင်းမြင်ယောင် အောင်ရေးတတ်တယ်၊ မျက်မှန်ချွတ်ပြီး ပြေးထွက်သွားတာ မြင်ယောင်မိတော့ ပြုံးမိတယ်။

ဂျူနို said...

ငယ်ငယ်တုန်းက ဘတ်စကားဆရာနောက် မောင်နှမတွေ အုပ်စုလိုက် ပြေးလိုက်ခဲ့ပြီး ကားသမားကို အရူးလုပ်

ခုကျတော့ ကားပေါ်တက် မြို့ တစ်ပတ်လုံး ကားသမားကို အရူးလုပ်လိုက်ပါရောလား။

pandora said...

အဟဲ.. မျက်မှန်နက်ကြီးနဲ့ ပုံကို မြင်ယောင်လာမိတယ်။။
ချစ်စရာမြို့လေးကိုရောပေါ့။

ရွာသားလေးဝိုင်တီယူ said...

ပို့စ်တွေ ဖတ်ရင်
တခါတခါ မိသားစုသံယောဇဉ်တွေ လွမ်းဆွတ်လို့
ပြီးတော့ မမုံချိုသွင်းရဲ့ အလွဲလေးတွေနဲ့ အပျော်တွေစွက်လို့
ဖတ်တိုင်းဖတ်တိုင်း ရင်ဘတ်ထဲမှာ ကျန်နေခဲ့တတ်တယ်။
မြို့လေးကသိပ်ချစ်စရာကောင်းတာပဲ အမရေ။ ကူညီစိတ်ရင်းတွေနဲ့ ပြည့်နှက်နေတာပါလား

Rita said...

ဟားဟားဟား လို့တောင် ရီလိုက်ရပါတယ် မမရယ်။
မမ စိတ်သဘောထား ကောင်းလို့ အကောင်းတွေနဲ့ ကြုံရတာ ဖြစ်မှာ။

PAUK said...

မြို့လေးက..မချိုသင်းရေးလိုက်မှ
ပိုချစ်စရာကောင်းနေတယ်..ထင်တယ်...
လာလည်မယ်..
ဟိ..
ကျနော်မစားတာမချက်ရဘူး..

ပုံရိပ် / Pon Yate said...

အစ်မကတော့ နောက်ပြီ။ အစ်မရေးလိုက်ရင် ချစ်စရာကောင်းနေတာပဲ။

ကြည်ဖြူပိုင် said...

dear sis,
I visited. Very good to read.
:)

MANORHARY said...

ချိုသင်းမြို့ကလေးက လှလိုက်တာ
အတွေးထဲကိုပေါ်လာတယ်

JulyDream said...

ဆရာကြီးက ဘုန်းကြီးကျောင်း တရားစခန်းမှာ တယောထိုးတယ်ဆိုတော့ အဆန်းပဲ။ အိမ်မှာ နေစရာ မဆန့်ရင် ဘုန်းကြီးကျောင်း ရှိတယ်ဆိုတဲ့ စကားလေးကို သဘောကျမိတယ်။

အစ်မကလည်း မျက်မှန်အနက်ကြီး တပ်ပြီး ပဲများနေလိုက်တာ ကားဆရာတောင် သနားမိတယ်။ အဟီး...

TNS said...

မမိုး..
စာဖတ်တာနဲ့ကို မြို့ လေးကို လာလည်ချင်နေပြီ...
ဟိုမှာရောက်တဲ့ အခါ မျက်မှန်ကြီးတွေတပ်ပြီး
ကားပတ်စီးကြတာပေါ့...
ဒါနဲ့ စကားမစပ်...
အဲဒီမြို့ မှာ ချယ်ရီသားတုတ်ကောက်လေးတွေ ရောင်းဘူးလား...း)

thitkaungeain said...

သစ်ကောင်းအိမ်

ညောင်ဝင်အိုးကို မျက်မှန်နက်ကြီးတပ်ထားပေါ့လေ

အင်စတော်လေးရှင်းအတ်ဆိုတာ
ဒါမျိုးထင်တယ်

မောင်မျိုး said...

အစ်မလည်း လွဲတတ်တာပဲး) အဲ့လောက်မထင်ရဘူး ဟဟား ။

mainnmainn said...

ဟား...ဟား..ဟား..
ရယ်လိုက်ရတာအမရယ်..
အစပိုင်းကတော့ ဟုတ်ချီဟုတ်ရဲ့နဲ့..
ထင်ပါတယ်.မျက်မှန်အနက်ကြီး
တပ်လိုက်ပြီဆိုကတည်းက အမတို့တော့
တခုခုဖြစ်တော့မယ်လို့...

မြစ်ကျိုးအင်း said...

တော်သေးတာပေါ့ ကားသမားက အိမ်အထိတွဲမပို့လို့
...ခင်မင်သောအားဖြင့်...

strike said...

....တော်တော်ချစ်ခင်အောင်ရေးတတ်နော်..

ဆောင်းယွန်းလ said...

မချိုသင်းကတော့ လုပ်ချလိုက်ပြန်ပါပြီ...ကားဆရာလည်း တော်တော်ဦးနှောက်စားသွားမယ်..
ဒီလိုမျက်မှန်နက်ကြီးတွေက လူတွေကိုတယ်အကူအညီပေးတာကိုး....

Steve Evergreen said...

superb as usual

thanks for that

Steve Evergreen said...

ဒီကလဲ အသဲ ကခပ်နုနု။ ရေးထားတဲ့စာတွေကလဲခတ်နုနု။ ဟင်း.....မလွယ်ပါဘူး

တန်ခူး said...

ချိုသင်းရေ… အရေးကလဲတော် အဖြစ်အပျက်တွေကလဲ သူများမဖြစ်ဖူးတာတွေ ထူးထူးဆန်းဆန်းတွေဆိုတော့ တယောက်ထဲ ထ ရယ်မိတယ်… အဲဒါမိုးချိုသင်းပါပဲနော်… စာလေးတွေကတဆင့် စိတ်ချမ်းသာစရာ ပျော်ရွှင်စရာလေးတွေ သယ်ဆောင်လာတတ်တဲ့ ကောင်မလေးပေါ့…

ဇနိ said...

မျက်မှန်အနက်ကြီးနဲ့ ဂိုက်ပေးကြမ်းနေတဲ့ အမချိုသင်း။ ဟိဟိ။ ဘယ်လို စတိုလ်များ ဖြစ်နေမလဲ မြင်လိုက်ချင်သာနော်။
အမချိုသင်းအိမ်လေးကလည်း နေချင်စရာလေး။ မြို့လေးကို လာလည်ချင်လိုက်တာ။ လူတွေအများကြီးနဲ့ လာလည်ရရင် မိုက်လောက်တယ်။ အမ kom ၊ အမတန်ခူး၊ ဒေါ်ပေါက်၊ အမနုစံ၊ အမသက်ဝေတို့နဲ့ တပြုံကြီး လာလည်အုံးမယ်။ လာလည်ရင် အမဝဝကို ဖက်ထားမယ်နော်။
နိနိ

လင်းကြယ်ဖြူ said...

အင်မတန်မှကောင်းတဲ့ စာတ္ဂေရေးတဲ့ အစ်မကြီးရဲ့ နေရာလေးမှာ Comment လေးကိုလေးစားဂုဏ်ယူစ္ဂာ ရေးခဲ့ပါတယ်....ဆက်လက်အောင်မြင်ပါစေလို့ ..
ပျော်ပါစေခင်ဗျာ
လင်းကြယ်ဖြူ

Upasaka said...

စာရေးကောင် တဲ့ သူတွေများ ဘယ် လိုရေးရေး ကောင်း တာ ပဲ၊ ရင် ထဲရောက်တာ ပါပဲနော

P.Ti said...

မျက်မှန်အမည်းကြီးတပ်ပြီးတော့ စမ်း စမ်း ပြီးတော့များ ကားပေါ်တက်လိုက်မိလို့လားအမရယ်... ဟားဟား ရယ်သွားတယ်....

အင်းလေ.. ဒီလောက် စတိုင်မိုက်မိုက်နဲ့ကိုများ မမြင်ဘူးလို့များထင်ရတယ်လို့...

ဒီလောက် ချစ်စရာကောင်းတဲ့မြို့ကို လာလည်ရဦးမယ်... လွဲအောင် မရှောင်နဲ့နော်... ရှောင်ကာမှ တည့်တည့်တိုးနေတယ်... ဟီး :P

မေ့သမီး said...

အမရယ် မမြင်ချင်ယောင်ဆောင်ပြီး အသာမှိန်းနေလိုက်ပေါ့။ ဟိ။