Recycle

မနေ့က အိမ်ကို ဧည့်သည်လာမယ်ဆိုတော့ အိမ်သန့်ရှင်းရေးလုပ်၊ စားဖို့ ချက်ပြုတ် ပြင်ဆင်ရတယ်။ လာမဲ့မိတ်ဆွေတွေက လန်ဒန်မှာ နေတဲ့ ပန်းချီဆရာ ကိုထိန်လင်း ၊ သူ့အမျိုးသမီး Vicky Bowman နဲ့ သမီးလေး အရုဏ်လင်း (Aurora) တို့ပါ။

ကိုထိန်လင်းဆိုတာက ပန်းချီဆရာ၊ အသွေးထဲ အသားထဲကကို ပန်းချီဆွဲချင်စိတ် ပြင်းပြနေသူ။ သူ့ကို စစ်အစိုးရက မတရားဖမ်းဆီး ထောင်ချစဉ်က ထောင်ထဲက သူ့အချိန်တွေကို အကျဉ်းသားတွေရဲ့ ထောင်အ၀တ်အစားတွေပေါ်မှာ ပန်းချီတွေ ခိုးဆွဲပြီး အချိန်တွေကို အဓိပ္ပါယ်ရှိရှိ ကုန်လွန်စေခဲ့သူပါ။ အကျဉ်းသားတွေရဲ့ အဝတ်တွေကို ပိတ်ကား လုပ်လို့ အပြင်ကို သူ့ပန်းချီကားပေါင်း ၃၀၀ ကျော် ထုတ်နိုင်ခဲ့သူဆိုတာ သိဖူး ကြားဖူး ကြမှာပါပဲ။

Vicky ကတော့ မြန်မာပြည်ဆိုင်ရာ အင်္ဂလန် သံအမတ်ကြီးဟောင်းပါ။ သူက မြန်မာစာ၊ မြန်မာ့ယဉ်ကျေးမှုကို နှစ်သက်လေ့လာတဲ့သူဆိုတော့ မြန်မာလို ရေရေလည်လည် လုံးစေ့ပတ်စေ့ ပြောတတ်သူပဲ။ ၁၉၉၀ ကျော်နှစ်တွေတုန်းက Vicky က ကိုယ့်ဝတ္ထုတိုလေး တပုဒ်ကို “Ink over ripped out ငွေမင်သုတ်တယ် ဆုတ်ဖြဲတယ်”ဆိုတဲ့ စာအုပ်မှာ အင်္ဂလိပ်လို ဘာသာပြန်ဖူးပါတယ်။ သူနဲ့ မတွေ့ဖြစ်တာ ဆယ်နှစ်ကျော်ခဲ့ပြီ။ အခုပြန်တွေ့တော့လဲ အရင်လို ချောတုန်းပဲ။

သူတို့ LA ကို အလည်အပတ်လာကြတော့ ကိုယ်တို့အိမ်မှာ ဆုံကြတယ်။ ကိုဇာဂနာ မိသားစုရယ်၊ LA Organizers အဖွဲ့က မိတ်ဆွေ တချို့ရယ်၊ LA မှာ ထုတ်တဲ့ မန္တလေး ဂေဇက်က မိတ်ဆွေတွေရယ် အားလုံး ဆုံပြီး စကားပြောကြတာပါပဲ။ တနေ့လုံး စားလဲစား၊ ပြောလဲ ပြောနဲ့ ညနေစောင်းလို့ စောင်းမှန်းတောင် မသိအောင်ပဲ။

ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာ များတယ်။ ကျောင်းတက်တုန်းက အကြောင်းတွေလဲ ပါရဲ့၊ ကိုယ်တို့ ခင်ရတဲ့ သူငယ်ချင်းတွေ အကြောင်း။ တချို့ ဆုံးပါး၊ တချို့ လမ်းခုလတ်မှာ ကိုယ့်အချင်းချင်း နောက်ကျောဓားနဲ့ထိုးခံရတာတွေ၊ တောရိပ် တောင်ရိပ် ခိုခဲ့ရတာတွေ၊ ထောင်ထဲမှာ လျှို့လျှို့ဝှက်ဝှက် ရတဲ့ဆေးနဲ့ ရသလို ပန်းချီဆွဲခဲ့ရပုံတွေ အစုံပေါ့။

တော်တော်လေးကြာတော့ ပန်းချီဆရာက အိမ်ပြင်ထွက်ပြီး အပြင်မှာ ပစ်ထားတဲ့ သုံးထပ်သားပြား တပြားကို ယူလာတယ်။ အိမ်ရှင်ကို ပန်းချီဆွဲပေးမလို့ တဲ့။ ကိုယ့်မှာ ကျေးဇူးတင် ၀မ်းသာလိုက်တာ။ အိမ်မှာ ရှိနေတဲ့ ကြတ်ထားတဲ့ ပန်းချီဘောင်တခု ယူပြီး ဒီပေါ်မှာ ဆွဲပါ ဆိုတော့ မဆွဲချင်ဘူး တဲ့။

ဒါနဲ့ ပင်နီနဲ့ ပုဆိုးလေး ၀တ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီဆရာဟာ ကြမ်းပြင်ပေါ်မှာ အ၀တ်လေးခင်းပြီး ရှိတဲ့ဆေးလေးနဲ့ ပန်းချီ စ ဆွဲပါတယ်။ သူပန်းချီဆွဲနေတာ ကဗျာတပုဒ်လိုပဲ။ ကိုယ်တို့လဲ ဘေးနားမှာ အံ့သြပြီး ငေးကြည့်နေမိတယ်။



သူဆွဲတာက ကိုယ်တို့ ဘယ်တော့မှ မေ့ပျောက်လို့ မရတဲ့ မြသီလာ။ ဘွဲ့နှင်းသဘင်ခမ်းမ နဲ့ သစ်ပုတ်ပင်နဲ့။ ကံကော်ပင်တွေမှာ ကံ့ကော်ပန်းဝါ၀ါလေးတွေတောင် ဝေနေသလားလို့ ထင်မိတယ်။ ငြိမ်းငြိမ်းချမ်းချမ်း အင်းလျားကန်က လှိုင်းကြက်ခွပ်လေးတွေက ပြေးလို့။ တောင်ငူဆောင်ကင်တင်းမှာ အဖေတို့နဲ့အတူ လက်ဖက်ရည်သောက် စာပေ ဆွေးနွေး ကြတာတွေကို သတိရမိလို့ အဲဒီ inspiration နဲ့ ဒီပန်းချီကို ဆွဲတာ တဲ့။


ဘာဖြစ်လို့ သူများလွှင့်ပစ်ထားတဲ့ သုံးထပ်သားပြားကို လမ်းဘေးက ကောက်ပြီး ဆွဲရတာလဲ လို့ မေးတော့ ကိုယ်တို့ဘ၀တွေကိုလဲ အာဏာရှင်တွေက အသုံးမကျ ဖြစ်သွားအောင်၊ စုတ်ပြတ် နင်းခြေ ကန်ကျောက်ပစ်လိုက်တာ တဲ့။ အမှိုက်လိုပဲ တဲ့။ ဒါပေမဲ့ အဲဒီအမှိုက်ကပဲ အခုလို ပန်းချီဆွဲလိုက်တဲ့အခါ လောကအတွက် အသုံးကျစရာ တခုခု ဖြစ်သွားတယ် တဲ့။ ဒါကြောင့်မို့ recycle လို အခက်အခဲ၊ မတရား ဖိနှိပ်မှု ဘယ်လိုရှိရှိ၊ ဖျက်ဆီးတိုင်း မပျက်စီးဘဲ ပြန်ရှင်သန်နေတဲ့ ဘ၀တွေကို ကိုယ်စားပြုတာပါ တဲ့လေ။

ကိုဇာဂနာ့ အမျိုးသမီး မလွင်မာအတွက်လဲ ပန်းချီတကား ဆွဲပေးသေးတယ်။ နောက်ထပ် သွားကောက်လာတဲ့ သုံးထပ်သားပြား တခုနဲ့ပါပဲ။ ဒီတခါ အမအတွက် ဆွဲပေးတာက အငြိမ့် ပန်းချီကားလေးပါ။ မင်းသမီးလေးက က လို့။ ဘေးမှာ လူရွှင်တော်တွေနဲ့။ လူရွှင်တော်ရဲ့ ပုဆိုးကွက် အတုံးကြီးကြီးတွေက ပန်းချီကားကို ပိုမြိုင်အောင် လုပ်ထားတယ်။

ဒါပေမဲ့ လူရွှင်တော် တယောက်ကတော့ ဘောင်ကလေးထဲမှာ ထိုင်နေတယ်။ အဲဒီ လူရွှင်တော်က ကတုံးလေးနဲ့။ အဲဒီဘောင်လေးကို သော့ခတ်ထားသေးတယ်။ အထဲမှာ နေနေရပေမဲ့ သူ့လက်ကလေးက ချိုးပြီး ကနေသေးသလိုလို။ အပြင်မှာ ကနေတဲ့ မင်းသမီးကလဲ အကမပျက်၊ ပန်းပန်လျက်။



ကိုထိန်က ပန်းချီဆွဲရင်း ဘေးနားမှာ ငုတ်တုတ်လေး ထိုင်ပြီး ငေးနေကြတဲ့ မလွင်မာနဲ့ ကိုယ်တို့ကို ရေးလိုက် ပြောလိုက် လုပ်နေတာပါ။ ကိုယ်လဲ ပန်းချီကားထဲက ဘောင်လေးထဲ ရောက်နေတဲ့ လူရွှင်တော် ကတုံးမင်းသားလေးကို ကြည့်ရင်း သူ့ဆေးလေးတွေ ပြန့်သွားသလို ၀ါးကုန်တယ်။ သူလဲ တမင်တကာ စွန့်ပစ်ခံထားရတဲ့ ပစ္စည်းလေးပဲ။ ဒါပေမဲ့ ဒီ recycle က ကိုယ်တို့အားလုံးအဖို့မှာတော့ တန်ဖိုး မဖြတ်နိုင်ပါဘူး။

ညမိုးချုပ်တော့ ဧည့်သည်တွေ ပြန်ကြပြီ။
သူတို့တွေ ပြန်ပေမဲ့ ဘယ်သူတွေ နင်းခြေခြေ မပျက်စီးသွားဘဲ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံပြီး လောကကို ကောင်းကျိုးတစုံတရာ ပြုနိုင်ဆဲဖြစ်တဲ့ recycle လူတွေအကြောင်း တသီတတန်းကြီး တွေးနေမိတာ။

ဒီအချိန်အခါလေးကို အမှတ်တရအနေနဲ့ လိုအပ်တဲ့ တချိန်ချိန်မှာ ပြန်သတိရနိုင်အောင် ကိုယ့်မှတ်တမ်းလေးမှာ ရေးခြစ်လိုက်ပါတယ်။


မိုးချိုသင်း

39 comments:

Yအိုလက် said...

1 :D

အောင်သာငယ် said...

ငါ့ညီမရေ ဒီပို့စ်လေးအတွက်ကျေးဇူးပါ... အဲလို ဆုံနိုင်ခွင့်ရမယ်ဆို အကိုလည်း လာခဲ့မှာပါ...

Yအိုလက် said...

တန်ဖိုးရှိတဲ့ စာလေး တစ်ပုဒ်ပါ။

မိုးခါး said...

တန်ဖိုးရှိတဲ့စာလေးပါအမရယ်
ခုလိုအတွေးလေးပေးလို့ ကျေးဇူးပါ အမး)

sin dan lar said...

ဝမ်းနည်းရပြန်တယ် အစ်မရေ....။

ရွာသားလေးဝိုင်တီယူ said...

ပန်းချီဆရာက ပုဆိုးလေးနဲ့လားလို့ အမ
ရေးခြစ်မိတဲ့ မှတ်တမ်းလေးတွေအတွက် ကျေးဇူးပါ

နွေးနေခြည် said...

အဓိပ္ပါယ်ရှိလိုက်တာ...

T T Sweet said...

လာဖတ်သွားပါတယ်။ ဖတ်ပြီး စိတ်ထဲမှာ မကောင်းပါ။ ပန်းချီလေးတွေက အဓိပယ်အပြည့်နဲ့။ ခံစားလို့ရပါသည်။

ကြည်ဖြူပိုင် said...

Dear Sis,
Very good pictures and very good post. :)

ဂျူနို said...

recycle လို အခက်အခဲ၊ မတရား ဖိနှိပ်မှု ဘယ်လိုရှိရှိ၊ ဖျက်ဆီးတိုင်း မပျက်စီးဘဲ ပြန်ရှင်သန်နေတဲ့ ဘ၀တွေကို ကိုယ်စားပြုတာပါ တဲ့လေ။

ဒီပန်းချီကားကို ကော်ပီပွားပြီး အာဏာရှင်စက်ကွင်း မလွတ်တဲ့ ကမ္ဘာ အနှံ့ အရပ်ရပ် မှာ ချိတ်ဆွဲထားရ ရင်ကောင်းမယ်။
အပေါ်က လိုဂိုကိုလည်း ဘာသာပေါင်းစုံ ဘာသာပြန်နဲ့ တူတူပေါ့။

Phyo Maw said...

:')
ဝမ်းနည်း ၀မ်းသာ။

MANORHARY said...

မနေ့က ကိုထိန့်ကို အကြောင်းအရာတစ်ခုလှမ်းပြောမိ
တော့ ကိုထိန်က ချိုသင်းတို့ဆီရောက်နေတယ်တဲ့
အဲဒါနဲ့ မနှောက်ယှက်တော့တာ.သူဆွဲပေးတဲ့တစ်ကြောင်း
ဆွဲပုံတူပန်းချီလေးကို သတိရနေတယ်

မယ်ကိုး said...

အဖိုးတန် မှတ်တမ်းလေးစာလေးအတွက် ကျေးဇူးပါ..မ

သက်ဝေ said...

ချိုသင်း ရေးထားတာကို ဖတ်ရင်း...
ပန်းချီလေးတွေကို ကြည့်ရင်း...
စာလုံးလေးတွေ ပန်းချီပုံကလေးတွေလဲ
မင်ပြန့်သွားသလို ဝါးကုန်ကြပါတယ်...။ ဒါနဲ့တင် မရပ်သွားသေးပဲ recycle လူတွေအကြောင်းကိုလဲ မဆုံးနိုင်အောင် တသီတတန်းကြီး တွေးနေမိသေးတာ။
အဖိုးတန်တဲ့ မှတ်တမ်းလေးတခုကို တွေ့ခွင့်ရလို့ ကျေးဇူးပါ ညီမရေ...

မွန် said...

ကိုထိန်ရေးတဲ့ အပျင်းပြေနဲ့ သရုပ်ဖော်ပန်းချီကို ခုတလောသိပ်သဘောကျနေတာ
လူရွှင်တော်ပန်းချီလေးကို ခံစားရတယ် မမချိုသင်းရေ

Ko said...

I like this post. Very encouraging. I want Ma Hlaing to read this.

MrDBA said...

အနုပညာ သမားတွေကို အားကြတယ်။

လင်းဒီပ said...

အဲဒီ recycle တွေအားလုံး ကျန်းမာ အေးချမ်းကြပါစေ..။

Ko Boyz said...

ဧည့်သည်လာမှ အိမ်ရှင်းသတဲ့လားဗျာ...။ ဟိ

မြစ်ကျိုးအင်း said...

ဟုတ်တယ်အမရေ recycle ဘ၀ တွေ က လုယက်ထားတဲ့ ရွှေပုံပေါ်က
လူတွေထက် တန်ဘိုး ပိုရှိတယ်။
လူ့အဖိုးတန်တွေရဲ့ အချိန်တွေ အလဟဿ ကုန်ဆုံး
နေတာတော့ ကျွန်တော်ခံပြင်းမိတယ်။
ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။
....ခင်မင်သောအားဖြင့်...

Steve Evergreen said...

သူတို့ LA ကို အလည်အပတ်လာကြတော့ ကိုယ်တို့အိမ်မှာ ဆုံကြတယ်။ ကိုဇာဂနာ မိသားစုရယ်၊ ...

sorry for my silly question. I confuse with where he is now. Last time I heard he was arrested after trying to help Nargis victims in Burma. Is that true?

tg.nwai said...

ချိုသင်းရေ..ဝေမျှခြင်းအတွက် ကျေးဇူးပါ.. အဓိပ္ပာယ်ပြည့်ဝတဲ့ ပုံလေးတွေရယ်..နောက်ကြောင်းတွေရယ်..ပြီး စဉ်းစားစရာအတွေးစတွေရယ်..။ Recyle အကြောင်းတွေရယ်..။

ကိုလူထွေး said...

ပန်းချီဆရာက ပန်းချီဆွဲတာ ကဗျာတစ်ပုဒ်တဲ့လား...
ထူးအိမ်သင်ရဲ့ 'သီချင်းများနဲ့ လူ' လိုပေါ့...

"...အလှတရားများ ထွန်းကားဖြန့် ကျက်ဖို့  အနှောင့်အယှက်ရှိသမျှ ခွင်းပစ်ဖို့ ..."

"...သီချင်းများနဲ့ လူ ဒီကမ္ဘာကို အကြင်နာပို ကာကွယ်နိုင်ပါစေသားကွယ်..."

ပုံရိပ် / Pon Yate said...

စိတ်ကူးကောင်း တယ်နော်။ ဖတ်ပြီးတော့ စိတ်တော့ မကောင်းဘူး အစ်မရေ။

mainnmainn said...

အမ .. ဖတ်ပြီးရင်ထဲမှာဆွေးဆွေးကြီးခံစားရတယ်။။

recycle လို အခက်အခဲ၊ မတရား ဖိနှိပ်မှု ဘယ်လိုရှိရှိ၊ ဖျက်ဆီးတိုင်း မပျက်စီးဘဲ ပြန်ရှင်သန်နေတဲ့ ဘ၀တွေကို ကိုယ်စားပြုတာပါ တဲ့....
စုလတ်တို့မြန်မာပြည်ကြီးက အချို့အချို့သောလူတွေကကော အဲဒီ ဘယ်သူတွေ နင်းခြေခြေ မပျက်စီးသွားဘဲ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံပြီး လောကကို ကောင်းကျိုးတစုံတရာ ပြုနိုင်ဆဲဖြစ်တဲ့ recycle တွေကို ဘယ်တော့များမှ အမြတ်တနိုးတန်ဖိုးထားကြမယ်မသိနော်..
မျှဝေခြင်းအတွက်ကျေးဇူးပါအမ ..

ကလိုစေးထူး said...

ဖတ်ရင်းနဲ့ စိတ်ထဲမှာ နင့်ခနဲဖြစ်ရတယ် အမရေ...။ ဒီပို့စ်အတွက်လဲ အမကို အရမ်းကျေးဇူးတင်တယ်။

May said...

Very good message. That means alot to me.
Yes, we are "RECYCLE".
Thank you.
Mi Pa

ကိုလူထွေး said...

ရှေ့ ကပေါက် မေ့ကျန်ခဲ့လို့  အားရပါးရမရှိဖြစ်သွားတာ တောင်းပန်ပါရဲ့ မချိုသင်းရေ... အခုတော့ ပြင်လိုက်ပါပြီ... ပြောပြပေးတာကျေးဇူး...

အိန္ဒြာ said...

အစ်မချိုသင်းရေ....

ရင်ထဲမကောင်းလိုက်ရတာ...

အိန္ဒြာ

ဆောင်းယွန်းလ said...

ဒါတွေဟာ ကျနော်တို့ရရှိလိုက်တဲ့ ရလာဒ်တွေလားဗျာ
စိတ်မကောင်းဘူးဗျာ....

တန်ခူး said...

Recycle တဲ့လား ချိုသင်းရယ်…
အနက်ကို သိရတော့ ရင်ထဲဆို့ နင့်မိသလို အင်အားတွေလဲ ပြည့်စေတယ်…
ပန်းချီလေးတွေနောက်က ခံစားချက်ကို သိရတော့ ပိုလို့ ရုပ်လုံးပေါ်စေတယ်…
ကိုယ်ကိုယ်တိုင်တောင် ဒီလောက်ကြေကွဲမိနေတော့ ကာယကံရှင်တွေရဲ့ နှလုံးသားကို ကိုယ်ချင်းစာမိတယ်…

grace said...

အမရေ တကယ်ကောင်းတဲ့ပို့စ်လေး။ တင်ပေးတဲ့လူကိုလဲကျေးဇူးတင်ပါတယ်။ ပန်းချီဆရာကိုကြားဖူးပေမဲ့တခါမှမမြင်ဖူး(ပုံထဲမှာဖြစ်ဖြစ်)ပါ။
ပန်းချီကားတွေကိုနှစ်သက်မိလို့
ပန်းချီဆရာကိုလည်းဂုဏ်ပြုချင်တာရယ်ကြောင့်
ဒီပန်းချီကားတွေကိုgrace ရဲ့စံအိမ်မှာတင်ချင်ပါသည်။ ခွင့်ပြုပေးပါရန်လေးစားစွာတောင်းဆိုပါတယ်အမ။

Thet Oo said...

အာဏာရှင်တွေကြောင့် ပျက်ခဲ့ရတဲ့ ဘ၀တွေကို ဒီပို့စ်လေးက ကိုယ်စားပြုနေပါတယ်။

မီယာ said...

အမချိုသင်း စာတွေတော့ အမြဲလာဖတ်ပါတယ်။ goat wind ဖြစ်နေလို့။ အမရဲ့ အပျင်းထူတမ်း ကစားရအောင် ဖတ်ပြီးကတည်းက စတာပဲ။ ဒီဖက် လာလည်ဖြစ်ရင် ပြောဖြစ်အောင် ပြောပါ အမရေ။

Craton said...

အတွေ့အကြုံလေးတွေအများကြီးသိသွားတယ်..

မေ့သမီး said...

အမရေ recycle ပြန်လုပ်နိုင်တာကိုပဲ ချီးကျူးစရာပါ။

M.Y. said...

မိန်းထဲက ပန်းချီကားလေးလာခံစားသွားပါကြောင်း

ကြည်ဖြူပိုင် said...

မမချိုသင်းရေ.....
ဘာလုပ်?နေကောင်း ? ချစ်ဖို့ကောင်းတဲ့မမကို သတိရလို့ လာလည်ပါ၏။ မမက ဆီဗုံးမထားသောကြောင့် အမှတ်တရတွေ ကို ကော်မင်းဆိုသော ဗုံးကြီး ထဲမှာပဲ ထည့်ခဲ့ပါ၏။


:P

နေစိုးနိုင် said...

အော် ဘ၀တွေများ

သနားတယ် လို့ မပြောရက်လောက်အောင်ပါပဲလားဗျာ

အားလုံးကို လေးစားပါတယ်