အိအိ

ဘလော့ဂ်စ လုပ်ခါစက ကိုယ့်ရဲ့ ကြုံခဲ့ ခင်ခဲ့ရတဲ့ ပထမဆုံးသောသူတွေအကြောင်း မေးလို့ ကိုယ့်မိန်းကလေး သူငယ်ချင်းမှာ အိအိ လို့ ဖြည့်လိုက်ဖူးတယ်။ ဟုတ်တယ်။ အိအိ ဆိုတာ ကိုယ့်သိပ်ခင်ရတဲ့ ကိုယ့်သူငယ်ချင်းတယောက်ပဲ။ ကိုယ်တို့နှစ်ယောက်စလုံး အဲဒီ ပုဂံခြံဝင်းလေးထဲမှာပဲ မွေးခဲ့တယ်။ လူမှန်းသိတတ်စ အရွယ်ကတည်းက ခင်ခဲ့ရတဲ့ သူငယ်ချင်းပေါ့။

ကိုယ်နဲ့သူနဲ့က အိမ်နီးနားချင်း။ သူက ကိုယ့်ထက် ၁ နှစ်ငယ်လို့ ကိုယ့်မောင်လေးနဲ့မှ ရွယ်တူ။ အသားက ဖြူဖြူ၊ နှာခေါင်းချွန်ချွန်လေးနဲ့ အိအိက ဂုတ်ဝဲဆံပင်လေးပဲ အမြဲထားတယ်။ စကားပြောရင် အဆက်မပြတ် ပြောတတ်တယ်။

ကိုယ်နဲ့ သူနဲ့ကလဲ ခင်လိုက်တာ ဘာပြောကောင်းမလဲ။ ထမင်းစားရင်တောင် မခွဲဘူး။
ကျောင်းပိတ်ရက်ဆို မနက်မိုးလင်းတာနဲ့ တွေ့လိုက် ဆော့လိုက်ကြတာ ထမင်းစားချိန်ကျတော့ နှစ်ယောက်စလုံး အိမ်ပြန်ပြီး ထမင်းတွေ ဟင်းတွေ ပုံထည့်ပြီး အိမ်နှစ်အိမ်ကြားက သေတ္တာလေးတွေ ဆင့်ထားတဲ့အပေါ်မှာ ထိုင်ပြီး စကားပြောရင်း စားကြတယ်။

ထမင်းစားပြီးတာနဲ့ ထမင်းပန်းကန်သွားထားပြီး ထပ်ဆော့ပြန်ရော။ သူအိမ်ထဲဝင်သွားလို့ တော်တော်နဲ့ ပြန်မထွက်လာရင် ကိုယ့်မှာ သူ့ကိုတွေ့နိုး ချောင်းရတာ အမော။ သူမလာဘဲ သူ့အဒေါ်ထွက်လာရင် အိအိကို ခေါ်ပေးပါ အံတီလို့ ပြောလိုက်တာပဲ။ အံတီခင်က အိမ်ထဲကို အော်ခေါ်လိုက်ရင် သူကလဲ ပြေးထွက်လာတာပဲ။

ဒီလောက် မိုးလင်းမိုးချုပ်ဆော့ကြတာ ဘာကစားနည်းများလဲ မမေးပါနဲ့။ များလွန်းလို့ မမှတ်မိတော့ဘူး။ များသောအားဖြင့် အိုးပုတ်တမ်း ဆော့တာပဲ။ အရွက်ကလေးတွေများ ဓားပါးပါးလေးနဲ့ လှီးပြီး အစိမ်းကြော် ကြော်ရသေးတာ။ ကိုယ့်မောင်လေးတို့က ပိုက်ဆံမပေးဘဲ စားလို့ ဆိုင်တော့ ရှုံးပါပြီဆိုပြီး ပိတ်လိုက်ရသေးတယ်။ စီးပွားကျတယ် ဆိုတာ ဒါမျိုးပေါ့။

ကတမ်း ခုန်တမ်းလဲ အပီအပြင် ကစားသေးတယ်။ အိအိ အမ အေးအေးက အက သိပ်ဝါသနာပါတော့ ကိုယ်တို့ အားလုံးကို ခေါ်ပြီး အက သင်ပေးတယ်။ မြနန္ဒာသီချင်းနဲ့ ယိမ်းအကကို အိမ်နီးချင်း ကလေးတွေခေါ်ပြီး က ပြ ရသေးတယ်။ စောင်တွေကို ဝါးလုံးကြီးနဲ့ တန်းပြီး ကန့်လန့်ကာ လုပ်တာ စောင်ကြီး လျှောကျလို့ ပြေးကောက်ရသေးတာပေါ့။

တောင်တောင် ပုပ္ပါး..သီချင်းဆိုပြီး လက်ညိုးလေးထောင်ပြီး သူငယ်တော်လဲ က ရတယ်။ အေးအေးက အက အဆို တော်တော်ဝါသနာပါတယ်။ ကိုယ်တို့ နှစ်ယောက်ကတော့ ဘာရယ်မဟုတ်ဘူး၊ ကက်ဆက်ဖွင့် ကနေရရင် ပြီးတာပဲ။ ဆော့နေရရင် ကျေနပ်နေတာပဲ။

ဒီလို ဒီလို လက်ကို ချိုး ဆိုရင် အတောင့်လိုက် ချိုးလိုက်တာပဲ။ ခါးလေးကို ဒီလိုကွေးဆိုတော့ ကိုယ်ကြီးကို တစောင်းကြီး စောင်းချပစ်လိုက်ရော။ ကြာတော့ အေးအေးလဲ မပြောတော့ပါဘူး။ က ချင်သလို ကနေတာ သင်လဲ တတ်မဲ့ပုံ မပေါ်ဘူးဆိုပြီးတော့လေ။ ကိုယ်တို့နှစ်ယောက် ကတော့ တပြုံးပြုံးနဲ့ ကက်ဆက်မရပ်မချင်း က တာပဲ။

သင်္ကြန်ကျရင်လဲ ကိုယ်တို့ ခြံထိပ်မှာ ရေပုံးလေးတွေ ချပြီး လမ်းသွားလမ်းလာတွေကို ရေပက်ကြတယ်။ ကိုယ့်ဘ၀မှာ ပျော်စရာကောင်းတဲ့ သင်္ကြန်ဆိုရင် အဲဒီအချိန်လေးတွေကိုပဲ သတိရတယ်။ ရေက အိမ်ကနေ ခြံထိပ်အထိ အဝေးကြီးသယ်ရတယ်။ တပုံး တပုံးကို တော်တော် ခပ်ယူရတာမို့ ရေကို ချွေတာပြီး ပက်ရတယ်။

အဲဒီအချိန်တုန်းက ကိုယ်တို့အကြောက်ဆုံးလူက ဒန်နီ ပဲ။ ဒန်နီဆိုတာ ကိုယ်တို့ သူငယ်ချင်း ရိုစီရဲ့ အကိုပေါ့။ သူက သိပ်ဆိုးတာ။ ကလေးတွေ ငိုရင် ဒန်နီလာပြီဆို ချက်ချင်း တိတ်တယ်။ သူက အသံသြကြီးနဲ့ ၀ူးဝူးဝါးဝါး အော်တတ်လို့လေ။ ဒန်နီက ကလေးရော ဘာရော နားမလည်ဘူး။ သူမထင်ရင် မထင်သလို အော်တတ်တော့ ဘာမှန်းမသိဘဲကို ကြောက်နေတာ။

ကိုယ်တို့ ရေပက်နေတုန်းများ ဒန်နီလာရင် ရေပုံးလေးတွေကို ဖိပြီး ကိုင်ထားရတယ်။ တကိုယ်လုံး ရေတွေက ရွှဲပြီး ချမ်းရတဲ့အထဲ ဒန်နီလာရင် လူက ကြောက်တော့ ပိုတုန်တယ်။ အဲဒီလို ရေပုံး ကိုဖိထားတာတောင် သူက ရေပုံးလုပြီး ကိုယ့်ကို လောင်းချလိုက်သေးတာ။ ခပ်ထားသမျှ ရေတွေ ကုန်ပြီ။ ပျော်နေတဲ့ စိတ်လေးတွေလဲ ပျောက်ပြီ။

ငိုယိုပြီး အိမ်ကလူကြီး သွားတိုင်လဲ ဒန်နီက မရှိတော့ဘူး။ တော်တော်ကြာတော့ မျက်ရည်သုတ်ပြီး ရေပြန်ခပ်ပြီး ပြန်ပက်ပြန်တာပဲလေ။ ဘယ်သင်္ကြန်ကားမှလဲ ကိုယ်တို့ကလေးတွေကို အရေးလုပ်ပြီး မရပ်ပေးပါဘူး။ ဒါပေမဲ့ သင်္ကြန်ကားတွေ ရပ်ပေးတဲ့ အချိန်တော့ တခါတလေ ရှိတတ်တယ်။

အဲဒီအချိန်ကတော့ မရင် လာတဲ့ အချိန်ပါ။ မရင်ဆိုတာ ကိုယ်တို့အိမ်ရှေ့အိမ်မှာ အလုပ်လုပ်တဲ့ အမကြီးပါ။ ဘော်ဒီက ရှယ် တောင့်တယ်။ သူဝတ်လိုက်ရင် ပြောင်လုံချည်၊ ပြောင်အကျီ င်္ ဝမ်းဆက်။ မယ်ဗမာတွေလိုပဲ။ သင်္ကြန်မနက်ဆိုရင် မရင်က မြက်ဦးထုပ် အဝိုင်းကြီး ဆောင်းတတ်တယ်။ သင်္ကြန် မုဒ် အပြည့်ပေါ့။

သူက စိတ်လိုလက်ရ ရှိရင် ကိုယ်တို့ ကလေးတွေနားလာပြီး လမ်းသွားလမ်းလာတွေကို ကြည့်တတ်တယ်။ သူရပ်နေရင် သင်္ကြန်ကားတွေက တရွှီရွှီ ဝီစီမှုတ်ပြီး ဟေးးး ချစ်ချစ် တဲ့။ သူကလဲ လက်ပြန်ပြတယ်။ ကိုယ်က အမနဲ့ သိလို့လားဆိုတော့ ပခုံးလေးတွန့်ပြီး သိဘူးလေ တဲ့။ ကိုယ့်အမေးကို သဘောကျပြီး ရီလိုက်တာ။

ဒါနဲ့ ကိုယ်တို့လဲ အကြံရပြီး သူ့ကို သင်္ကြန်ကားတွေ တားခိုင်းရတယ်။ ရေတွေစိုရွှဲနေတဲ့ မမလှလှတယောက်က တားနေမှတော့ ကားတွေက ရပ်ပြီပေါ့။ ကားတွေများ ၃ ၄ စီး တန်းတောင် စီနေတယ်။ မရင်ကတော့ ကားသမားနဲ့ ပြုံးပြီး စကားပြောလို့။ ကိုယ်တို့ ကလေးတွေ ပက်ပစေ ပေါ့။

ခက်တာက ကိုယ်တို့ပဲ။ ပထမ တကားမှာတင် ရေက ကုန်သွားတော့ ထပ်ပြေးခပ်ရတယ်။ နောက်ကားတွေ လွတ်ကုန်ပြီ။ ရေကလဲ လာနေတာ ကြွက်မြီးတန်းမို့ ပြည့်ဖို့ စောင့်ရသေးတာ။ သင်္ကြန်ကားတွေက ရေတွေ ရေတွေ ကုန်ကုန်ပြီ ဆိုတော့ ရှက်လိုက်တာ။ ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့ တဲ့။ ကိုယ်တို့ကလေးတွေမှာတော့ တကယ်မရီနိုင်ဘူး။

သင်္ကြန်တွေ ပြီးတော့ အရင်လိုပဲ မိုးလင်းမိုးချုပ် ဆော့ကြပြန်ပါရော။ အဲဒီမှာ ညနေဆိုရင် ကိုယ်တို့ဆီ လာလာနွားနို့ပို့နေတဲ့ ဦးလေးကြီးတယောက်ရှိတယ်။ သူက စက်ဘီးလေးနဲ့ နောက်ထိုင်ခုံမှာ နွားနို့ပုံးကြီး တင်ပြီး လာပို့တာပါ။ ကိုယ်တို့ နှစ်အိမ်စလုံး နွားနို့ အမြဲယူတယ်။

တနေ့တော့ ကိုယ်တို့ဆော့နေတုန်း ရေဘုံဘိုင် ဘယ်မှာလဲ တဲ့၊ လာမေးတယ်။ ကိုယ်နဲ့ အိအိလဲ အိမ်ဘေးက ရေဘုံဘိုင် ကိုခေါ်သွားပြီး ပြလိုက်တယ်။ ပြီးတော့ ကလေးဆိုတော့ ဘာရယ်မဟုတ်ဘဲ ဘေးမှာ ဆောင့်ကြောင့်ထိုင် ကြည့်နေကြတယ်။

အဲဒီ နွားနို့ပို့တဲ့လူကြီးက ကာတွန်း အောင်ရှိန်ထဲက ဖိုးဆိတ်ဖြူနဲ့ တူတယ်။ သူက ပထမတော့ နွားနို့ပုံးတွေ ဆေးရုံဆေးတယ်။ နောက်တော့ ကိုယ်တို့ကလေးတွေကို မမှုတော့ဘဲ နွားနို့ပုံးထဲ ရေထပ်ဖြည့်ပြီး ထွက်သွားတော့တာပဲ။ ကိုယ်တို့လဲ စက်ဘီးနောက်စွန်းလေး ကိုင်ပြီး လမ်းလျှောက်ပြီး ခြံထိပ်ထိတောင် လိုက်ပို့လိုက်သေး။

ကိုယ်တို့လဲ သူလာရင် ရေဖြည့်တော့မယ် ဆိုတာ အလိုလို သိနေပြီမို့ ကလင် ကလင်သံကြားတာနဲ့ ဆော့နေရာက ထ၊ ရေဘုံဘိုင်နားမှာ သွားစောင့်နေတတ်တယ်။ အိမ်က လူတွေ နွားနို့ယူပြီးသွားရင် ဖိုးဆိတ်ဖြူကြီး ရေဘုံဘိုင်နား ရောက်လာတော့တာပဲ။ ကိုယ်တို့လဲ သူ ရေရောနေတယ်ဆိုတာ မသိဘဲ ဘေးကနေ ထိုင်ကြည့်လို့။ လူကြီးတွေလဲ မသိရှာဘူး။

ကိုယ်တို့ နည်းနည်းကြီးတော့ အိအိတို့ အိမ်ပြောင်းသွားကြတယ်။ ကိုယ်က ကျန်နေခဲ့ရတာပေါ့။ သူတို့အိမ်ကို နောက် ပြောင်းလာတဲ့လူတွေကိုလဲ ကိုယ့်မှာ မခင်နိုင်ဘူး။ ကိုယ်တို့ သီချင်းအတူဆိုကြတာ၊ အိုးပုတ်တမ်းဆော့ကြတာတွေပဲ သတိရတယ်။ အိအိဆီ နေ့တိုင်း စာရေးတယ်။

စာကို ဘယ်လို ပို့သလဲဆိုတော့ နွားနို့သမား ဖိုးဆိတ်ဖြူကြီးနဲ့ ပို့တာပါ။ ကိုယ်က တနေ့လုံး စာတွေ တကုန်းကုန်းနဲ့ ရေး၊ ပြီးရင် ဖိုးဆိတ်ဖြူကြီးနဲ့ ညနေမှာ စာပေးလိုက်တာပါ။ အိအိတို့က သထုံလမ်းကို ပြောင်းသွားတာမို့ ကိုယ်တို့ပြီးရင် သူတို့အိမ်ဖက်ကို ဆက်သွားရမှာလေ။ ဖိုးဆိတ်ဖြူကြီးကလဲ နွားနို့ပို့သမားကနေ စာပို့သမားဖြစ်။ အိအိပေးလိုက်တဲ့စာကို နောက်နေ့မှာ ကိုယ့်ဆီ မပျက်မကွက် ယူလာပေးသေးတာ။

ကိုယ်လဲ အရင်လို မဆော့တော့ဘူး။ စာအုပ်လေးဖတ် ငြိမ်ငြိမ်လေး ဝပ်နေတတ်ပြီ။ ကလင် ကလင် သံကြားရင်တော့ နွားနို့လဲ ရ၊ စာလဲ ဖတ်ရပြီ။ တခါတော့ အိအိက စာရေးတယ်။ ဦးလေးကြီး နင်တို့အိမ်မှာ ရေဖြည့်သေးလား တဲ့။ အဲဒါ သူ ငါတို့ နွားနို့ထဲ ရေရောနေတာ တဲ့။ အဲဒီတော့မှ အလင်းတချက် ပွင့်တယ်။ အရင်ကတော့ အဲဒီလို နားမလည်ခဲ့ဘူး။ သူ့ဖာသာသူ ရေလို လို့ ရေဖြည့်နေတာပဲ ထင်တာ။ ကိုယ်ပဲ ဘုံဘိုင်လိုက်ပြလိုက်သေးတာ မဟုတ်လား။

နောက်တော့ ကိုယ့်သူငယ်ချင်း နွားနို့စစ်စစ်သောက်ရရေး ကိုယ့်မှာ တာဝန်ကြီး တခုလို ဖြစ်သွားတော့တာပဲလေ။

အခုတော့ အိအိနဲ့ မတွေ့ရတာ ဆယ်စုနှစ်တခုတောင် ကျော်ရောပေါ့။ ဖိုးဆိတ်ဖြူကြီးလဲ ရှိမှ ရှိသေးရဲ့လားမသိ။ နွားနို့လား ရေလား မသိ စွန်းပေနေတဲ့ စာလေးတွေကို ဖတ်ချင်နေမိတယ်။

ငယ်ငယ်တုန်းက သူငယ်ချင်းတွေ.. လွမ်းမိပါတယ်လေ။


မိုးချိုသင်း

43 comments:

မဆုမွန် said...

အစ်မရေ ပထမဆုံး မန့်ရတာ ဒါပထမဆုံးပဲ ဟေ့ဟေ့

နွေးနေခြည် said...

ဖတ်လို့ကောင်းလိုက်တာ အန်တီချိုရေ
မျက်လုံးထဲမှာကို မြင်လို့း)

Andy Myint said...

mMail ပေါ့။ m for Milk :-)

နေညိုရင့် said...

အမချိုသင်း ရေးလိုက်လို့ ကတော့ ဖတ်ရတာ ချစ်စရာကောင်းပြီပဲ။

CONTACT said...

TOUCH ဖြစ်တယ်ဗျို့ ။ နှစ်ခေါက်ပြန်ဖတ်သွားတယ်။ လေးဖြူရဲ့"စာမျက်နှာ၁၅"ကို
စ နားထောင်ရတုန်းကလိုပဲ။
တခါတလေတော့ လွမ်းမိပါတယ်...KM

MANORHARY said...

ပျော်စရာကောင်းလို့အောက်မေ့တယ်..ပေါ့း)
ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံဆိုလား..

ရွာသားလေးဝိုင်တီယူ said...

အဲဒီခါးမချိုးပဲ အတောင့်လိုက်ကတာလေး ကြည့်ချင်သား :P

JulyDream said...

စာပို့စနစ်ကို သဘောကျမိတယ်။

Phyo Evergreen said...

အဟက်.. ရေရောဖို့ရေကိုတောင် နေရာပြလိုက်သေး.. ဖြစ်ရမယ် ဖြစ်ကိုဖြစ်ရမယ်။
အပူအပင်ကင်းတဲ့ငယ်ဘ၀လေး ပျော်စရာကောင်းတယ်နော်..။

wai said...

Ama yay,
You are so good in writing. I can imagine in my mind. Carry on, sis.

ZT said...

ဖတ်လို့ကောင်းတယ် အစ်မရေ။

sin dan lar said...

ကန်မလေး..
ကုလားနော်.. ကန်မလေးစာတွေ ပို့ပေးရဒယ်.... ကန်မလေးနော်.. ကုလား စီးပွားရေးကို တုတ်နဲ့ မထိုးပါနဲ့...။

ဇနိ said...

ကလေးတုန်းကက စားတာ ပျော်စရာကောင်းလိုက်တာ..
စီးပွားပျက်တာတွေတောင် ပါသေး

Maydarwii said...

အမရေ ...
အမရေးထားတာဖတ်ပြီး ငယ်ငယ်တုန်းက သင်္ကြန်မှာ ရေပက်ရတာလေး လွမ်းမိသွားတယ်။ အဲဒီတုန်းက သင်္ကြန်လေးတွေက အပြစ်ကင်းတယ်။ ချစ်စရာ ကောင်းတယ် ... နော် ... ။

Rita said...

သိပ်လွမ်းစရာကောင်းတာပဲနော်

Ko Boyz said...

အစ်မရယ်။ ရေးတတ်လိုက်တာ မျက်စိထဲ ရေဘုံဘိုင်ဘေးမှာ ဆောင့်ကြောင့်လေး ထိုင်နေတဲ့ ကလေးလေး နှစ်ယောက် မြင်ယောင်လာပြီး ရီနေတာ။

မရေးရင်လဲ မရေးလို့...။ ရေးလိုက်ပြန်ရင်လဲ တစ်ပုဒ်ဆို ဆိုသလောက်ပဲ။

ဖိုးစိန် said...

အိအိ ကိုမထင်မှတ်ပဲ အမ ရုတ်တရက်ပြန်တွေ့ရင်
ဘယ်လိုနေမလဲမသိနော်
မှတ်မိမလား
စိမ်းသွားမလား
အရင်လိုနွေးထွေနေအုံးမလား
ပျော်စရာတွေကောင်းအုံးမလားပဲ
အခုချိန် အမတို့နှစ်ယောက်ကမယ့်သင်္ကြန်အကကို
ကြည့်ချင်သေးတယ်

mainnmainn said...

အမစာကိုဖတ်မိတော့ငယ်ဘ၀ကို
ိလွမ်းမိတယ်အမရယ်..
စုလတ်တို့ကမောင်နှမများတော့
သူငယ်ချင်းအပေါင်းအသင်းဆိုတာသိပ်မရှိခဲ့ဘူး
မောင်နှမတွေပဲတနေ့တမျိုးမရိုးအောင်
ကစားကြတယ်..
ခုတော့တနယ်ဆီခြားနေပြီအမရယ်..
ဆုတောင်းလို့သာပြည့်မယ်ဆိုရင်
ငယ်ငယ်ကမောင်နှမတွေအပူအပင်မရှိ
ပျော်ပျော်ကြီးကစားခဲ့တဲ့နေ့ရက်လေးတွေ
တလလောက်ပြန်ရချင်တယ်အမရယ်..

Kay said...

မချိုသင်းရေ- ခုနေသာဆိုရင်တော့..ပုဂံလမ်း နဲ့ သထုံလမ်း.. ဖိုးဆိတ်ဖြူ ဘယ်လိုပါ့မလဲ။
ကျမတို့ကလေးဘ၀ အိုးပုတ်ကစားတာမျိုး..ခုခေတ် ကလေးတွေ ရှိပါသေးရဲ့လား မသိနော်။

သီဟသစ် said...

အစ်မချိုသင်းရေ
ကူညီပါရစေ လုပ်လိုက်တာများ
ရေ ဘုံဘိုင်ထိအောင်
အရောက်ပို့ပြီးစောင့်ပေးသေးတယ်နော်။

မေ့သမီး said...

အမ ရေးထားတာအရမ်းအားကျတာပဲ။ အဲလိုရုပ်လုံးပေါ်အောင်ရေးတတ်ချင်တယ်။

Phyo Maw said...

ဟာသ တစ်ပုဒ်ဖတ်ဖူးတယ်
ဆရာဝန်ကြီးတစ်ယောက်က ကုလားကို မေးတယ် မင်းနွားနို့ရေရောလားတဲ့
ကုလားက မယူမှာစိုးလို့ မရောဘူး ပြန်ဖြေတယ်
ဒီတော့ ဆရာဝန်ကြီးက မရောရင် မယူဘူး ကျန်းမာရေးနဲ့ မညီညွတ်ဖူးတဲ့
ကုလားလည်း ဖြေလိုက်တယ် နည်းနည်းတော့ ရောပါတယ် တဲ့။
ရေရောသောက်တော့ ကျန်းမာတာပေါ့ :P

Life is for Success said...

ma gyi moe,

nice post. if have a time write about s'pore experience.....

အလှတရား said...

ငယ်ဘ၀လေးတွေ လွမ်းစရာ..

မီယာ said...

အမတို့ သူငယ်ချင်း၂ယောက် ထမင်းပန်းကန် ကိုယ်စီနဲ့ပုံကို မြင်ယောင်တယ်... နွားနို့ ကုလားကြီးကို ဘုံဘိုင်ဆီ လက်ဆွဲခေါ်သွားတယ် မဟုတ်လား... ဖတ်ရင်း စိတ်ကူးနဲ့ မြင်ယောင်ပြီး ရီနေရတယ်... ငယ်ငယ်တုန်းကဘ၀တွေတော့ လွမ်းပါတယ် အမရယ်...

Thant said...

အစ်မရေးထားတာ ချစ်ဖို့ကောင်းလိုက်တာ ။

Thant said...

အစ်မရေးထားတာ ချစ်ဖို့ကောင်းလိုက်တာ ။

PAUK said...

မနေ့ည အိမ်ပြန်ရောက်ကတည်းက ဖတ်နေတာ
၃ခါမြှောက်ဖတ်အပြီးမှ မန့်နိုင်တော့တယ်..
ကိုယ်ငယ်ငယ်ကသင်္ကြန်ကိုလဲ ပြန်တွေးကြည့်နေတယ်..
မန်းလေးဆင်းပြီး ကဲခဲ့တာတွေလဲ အမှတ်ရနေတယ်..
အိအိဆိုတဲ့ သူငယ်ချင်းလေးနဲ့ ပြန်ဆုံတွေ့နိုင်ရင်
အရမ်းကောင်းမှာပဲ..

ဆောင်းယွန်းလ said...

ဖတ်ရသူမျက်စိထဲမှာ ပုံရိပ်ထင်အောင်ရေးနိုင်ပါပေတယ် မချိုသင်းရဲ့ ငယ်ဘဝက.ဖတ်လို့အရမ်းကောင်းတယ်ဗျ

nu-san said...

အမရေးထားတာဖတ်ပြီး ငယ်ငယ်က သင်္ကြန်ကိုသတိရတယ်.. ကားတွေက ကလေးတွေ ဆို ရပ်မပေးဘူးနော်.. လမ်းသွားလမ်းလာလောက်ပဲ ရေပက်လို့ရတာ..ရေပြေးခပ်ရတာနဲ့တင် အချိန်ကုန်တယ်.. :D
အမရဲ့ စာပို့ စနစ်ကမှ အချိန်မှန်ပြီး စာပျောက်မှာ စာမရမှာ မပူရဘူး.. ပိုစိတ်ချရတယ်နော်.. :)

တန်ခူး said...

ချိုသင်းရေ… လွမ်းစရာလေးနော်…
အိအိနဲ့ အဆက်အသွယ်မရှိတော့ဘူးလား…
အမငယ်ငယ်တုန်းက အဲဒီလို ဆော့ဖော်ဆော့ဖက်သူငယ်ချင်းတွေကို ပြန်တိုင်းပြန်တွေ့ တယ်…
ငယ်ငယ်တုန်းကလောက် မရင်းနှီးကြတော့ဘူးလေ… အနေစိမ်းသွားလို့ လဲပါမယ်ထင်တယ်…
ဒန်နီကလဲ ဆိုးပါ့နော်… နွားနို့ ပို့ တဲ့ကုလားကြီးက ရေတွေရောပေမယ့် စာပေးစာယူတော့ လုပ်ပေးရှာသားပဲ…
ဒါလေးဖတ်ပြီး ငယ်ကသင်္ကြန်ကို အရမ်းကို သတိရသွားပြီ…

DIARY said...

ama yae,
I also want to write down my Thingyan experience like u...so happy at that time.
But i don't have chance to write.
Ur words can refresh us .

ကောင်းကင်ကို said...

ငယ်ဘဝလေးတွေက ပျော်စရာ အကောင်းဆုံးပဲနော်

khin oo may said...

ဘြာေ့ပာရမှန်းမသိလို့ထိုင်ပြီး စဉ်းစားနေတယ်ဆိုရင်ယုံမှာမဟုတ်ဘူး။

khin oo may said...

အိအိ ဆိုတာ ကို ခေါင်းစဉ်မြင်တော့ အာမေငှိတ် ထင်လို့။

ကိုလူထွေး said...

'အိအိ' ဆိုတာ အာမေဋိတ်မဟုတ်လောက်ဘူး။ အကသင်ရင်းနဲ့  ညည်းတဲ့ အသံဖြစ်မယ်။ 'တအိအိ' နဲ့ ... ဟဲ ဟဲ :P ... နွားနို့ ကို ပါနီရောသောက်ရတော့ ကယ်လိုရီ မတက်ဘူးပေါ့... နို့ သမားက ခေတ်မီတယ်...

Nu Thwe said...

သူငယ်ချင်းကောင်းနဲ့ ပျော်စရာ ကလေးဘ၀ကို ရခဲ့တာ သိပ်ကံကောင်းတာပဲ။ ပြုံးပြီး ဖတ်သွားပါတယ်။

ဇနိ said...

အင် အမချိုသင်းနဲ့အိအိကလည်း ခင်လိုက်ကြတာနော်။ ထမင်းစားလည်း အတူတူတဲ့။ နွားနို့သည်ကုလားကြီးက စာပေးစာယူလုပ်သေးတာလား။ အမရေးလိုက်တာနဲ့ ကလေးနှစ်ယောက်ခင်မင်မှုလေးတွေ ကြည်နူးမိသွားတယ်။
ဟုတ်ပါ့နော် နွားနို့လား ရေလား စွန်းပေနေတဲ့စာလေးတွေ တခါပြန်ဖတ်ခွင့် ရစေချင်ပါတယ်။
နိနိ

nyimuyar said...

အမရေ လာလည်သွားပါတယ် ငယ်ဘ၀တွေကို သတိရသွားမိတယ်။

ဂျူနို said...

စုံထောက်ကြီး ချိုသင်း ဒီတစ်ခါတော့ နွားနို့ သည်လှည့်ကွက်ထဲ အငိုက်မိသွားတယ်ပေါ့။

သက်ဝေ said...

ဖြူစင်ရိုးသား ချစ်စရာကောင်းတဲ့ ငယ်ဘဝလေးကို ချိုသင်းနဲ့ အတူတူ လာလွမ်းသွားပါတယ်...

siskhaung@gmail.com said...

အစ်မ... အစ်မ ကို နိုင်းနိုင်းစနေ ထဲက မှ တွေ့သွားပြီး ဖတ်ရတယ်..အရင်က ရေးခဲ့တာတွေကို မမောတမ်းဖတ်တယ် တစ်ပုဒ်ပြီး တစ်ပုဒ်... အိအိ ဆိုတာကျတော့.. နောင့်တို့ ငယ်ဘ၀လေးကို လွမ်းလွန်းလို့ အဲ့လိုမျိုး ငယ်ငယ် ကအကြောင်းလေးတွေရေးပါနော်... ကိုယ်ကမရေးတတ်တော့ သူများရေးတာ တွေပဲဖတ်ပြီး လွမ်းရတယ်...

ခေတ်လူ(ပျဉ်းမနား) said...

ကောင်းတယ်ဗျာ--တကယ်ပါ