သူတို့နဲ့နေရင် စိတ်ပင်ပန်းတာ စိတ် အခန့်မသင့်တာ အဆင်မပြေတာတွေလဲ ခဏတဖြုတ်တော့ မေ့တယ်။ မပျော်ရွှင်တဲ့ စိတ်တောင် လန်းလန်းဆန်းဆန်း ဖြစ်လာတတ်တယ်။ သူတို့အကြောင်း ပြောမယ် ရေးမယ် ဆိုရင် ပြောမကုန်၊ ရေးမကုန်။ ကြောင်လေးတွေနဲ့ စာရေးဖို့ ဂီယာပြန်နှိုးရသလိုပေါ့။
အရင်က ကြောင်လေးတွေ ခြံထဲမှာ လာပေါက်ရာက တဖြေးဖြေး သိမ်းသွင်းပြီး ကိုင်လို့ရလာတော့ အရင်ပေါက်တဲ့ ၅ကောင်က အိမ်ထဲမှာနေ၊ နောက်ပေါက်တဲ့ ၅ကောင်က ခြံထဲမှာနေလို့ အသီးသီး နယ်နိမိတ် သတ်မှတ်ထားကြတယ်။ နောက်တော့ ဆုံးတဲ့ကလေးက ဆုံး၊ အိမ်ပြောင်းတဲ့ ကောင်က ပြောင်း၊ ကားတိုက်တဲ့ ကလေးက အတိုက်ခံရဆိုတော့ အိမ်မှာ အခုဆို ၄ကောင်ပဲ ကျန်ပါတော့တယ်။ (ဆုံးတဲ့ ကလေးတွေ အကြောင်းတော့ မပြောပါရစေနဲ့တော့။)
ပဲများတဲ့ ပဲထုပ်ကလေး သမီးဖြူရယ်၊ အနက်ကြား အိုဘားမားရယ်၊ အထီးတကောင်တည်း ကျန်တဲ့ အကြီးကောင် ရယ်၊ နောက်တကောင်က စပယ်တင် တဲ့။ နှုတ်ခမ်းမှာ မှဲ့လေးလို ထင်းထင်း အနက်စက်ကလေး ရှိတာမို့ စပယ်တင် လို့ နံမည်ပေးလိုက်တာ။ ကြောင်ထီးထင်ပြီး အိုဘားမားလို့ နံမည် ပေးလိုက်ပြီးမှ အမ ဖြစ်နေသလိုမျိုး စပယ်တင် ပေးပြီးမှ အထီးဖြစ်နေရင် အခက်မို့ သေချာ ကြည့်ပါဟဲ့ လုပ်ရသေးတယ်။
အခု သူတို့အတွက် ခြံထဲမှာ ကိုယ့်အမျိုးသားက ကြောင်အိမ်ကလေး နှစ်လုံး ဆောက်ပေးထားတယ်။ အင်တာနက်ကနေ ကြောင်တွေအတွက် အိမ်ကို သေချာရှာ၊ ဒီဇိုင်း ထုတ်ပြီးမှ သုံးထပ်သားနဲ့ ဆောက်၊ ဆေးတွေသုတ်၊ ကော်ဇော ခင်းပြီး နေချင့်စဖွယ် လုပ်ပေးထားတာပါ။ သူတို့ကလဲ အဲဒီအိမ်လေးထဲမှာပဲ ၀င်အိပ်တယ်၊ နေပါတယ်။
ခြံထဲမှာ နေရပြီဆိုတော့လဲ နဂိုကမှ တောကြောင်စပ်လေးတွေဆိုတော့ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ကျားကျားယားယားတွေ ဖြစ်ကုန်တယ်။ နေ့တိုင်း အစာကျွေးနေတဲ့ ကိုယ်တို့ကိုတောင် စိတ်မထင်ရင် မထင်သလို ခီး ခီး နဲ့ ပြန်ဟောက်တတ်တယ်။ ဒါပေမဲ့ ဘယ်ကိုမှတော့ ထွက် မသွားဘူး။ အထူးအိမ်ခင် တဲ့ ထူးအိမ်ခင်တွေပါ။ ခြံထဲမှာပဲ လှဲလိုက် ဆော့လိုက် နေကြတယ်။
ကိုယ်တို့လဲ ကြည်နူးနေတာပေါ့။ သူတို့ သဘာဝအတိုင်း ဆော့ကြ၊ ကစားကြ၊ သစ်ပင်ပေါ် ပြေးတက်လိုက်ကြ နဲ့ဆိုတော့ စိတ်ချမ်းသာမိတာပေါ့။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုက သိပ်မကြာလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက ပုတ်သင်ညိုတွေ ဖမ်း ဆော့၊ ကင်းလိပ်လျှောလို အကောင်မျိုးလေးတွေ ဖမ်းလာ၊ တခါကတော့ သူတို့လက်နဲ့ ဖိထားတဲ့ ခပ်လှုပ်လှုပ်ဟာလေး ကြည့်လိုက်တာ ငှက်ပေါက်စလေး ဖြစ်နေတာကိုး။
ငှက်ကလေးရဲ့ ခေါင်းကလေးကို အိုဘားမားက လက်နဲ့ ဖိထားတယ်။ ခဏနေတော့ လွှတ်လိုက်တယ်။ ငှက်က ကမူးရှူးထိုး ခုန်ဆွပြီး ပြေးတော့ တလှမ်း နှစ်လှမ်းလောက် လှမ်းပြီး ပြန်ဖိထားတယ်။ ပုံစံကတော့ တကယ့်အချဉ်ပဲ။ ဆော့တဲ့အရွယ်တွေဆိုတော့ မျောက်မူးလဲ တို့ လျှပ်စီးလက်တို့ နံမည် ပေးရမဲ့ အပေါက်။ ငှက်ပေါက်စလေးကို ၄ကောင်သား ဆော့လိုက်ကြတာ ဗြောင်းဆန်နေပါရောလား။
စားချင်လို့တော့ မဟုတ်တာ သေချာတယ်။ စားတာလဲ တခါမှ မတွေ့ဘူးလေ။ အစာလဲ ၀ နေတော့ ဆော့ရုံ ဆော့တာပါ။ ဒါပေမဲ့ “ကြောင် ကျီစားရာ ငှက်မခံသာ” ဆိုသလို ငှက်ပေါက်စလေးတွေလဲ သေကုန်သလား မသိ။ နောက်တနေ့ကစပြီး သူတို့ရဲ့ မဟာရန်သူ ပေါ်လာတော့တယ်။
ငှက်မကြီးလို့ ကိုယ်ထင်တာပဲ။ မနက်မိုးလင်းကတည်းက တံခါးဝမှာ စောင့်နေတယ်။ ခေါင်မိုးစွန်းမှာ နားပြီး အသံကုန် ခြစ် အော်နေတာပါ။ speaker corner များ ထင်နေသလား မသိ။ သူ့ရင်တွင်းခံစားချက်တွေ အကုန် ပေါက်ကွဲ၊ အော်ဟစ်။ ငါ့ကလေးတွေ ပြန်ပေး လို့ ကြောင်တွေကို အော်ဟစ် တောင်းဆိုလိုက်တယ်။
ကြောင်တွေကလဲ ခပ်တည်တည်ပဲ။ ပြန်ပေးစရာလဲ မရှိတော့။ ငှက်ကလေးတွေလဲ ဆော့တာ သေကုန်ပြီ။ ဒါနဲ့ မကြားချင်ယောာင် ဆောင်နေပုံပဲ။ ရုပ်တည်ကြီးနဲ့ အိုဘားမားဆိုရင် ငုတ်တုတ်ထိုင်နေတယ်။ အကြီးကောင်ကလဲ သူ မလုပ်သလိုလို။ အဖြူမကလဲ ငှက်ခေါင်းကလေး ငုံမိရုံပါဆိုတဲ့ အထာနဲ့။
ကိုယ်တို့ရဲ့ နောက်ဖေးထွက်တဲ့ အပေါက်ဝနားမှာ သူတို့ ကြောင်အိမ်ကလေးတွေ ရှိတာပါ။ အစာကျွေးရင်လဲ အဲဒီနောက်ဖေးပေါက်ကနေပဲ ထွက်ကျွေးတာ။ ငှက်ကလဲ အပီအပြင်ကို အပေါက်ဝမှာ လာစောင့်နေတာပါ။ လာစားရဲ စားကြည့်စမ်း၊ ထိုးသုတ်ပစ်မယ် လို့ ကြိမ်းဝါးနေပုံပါပဲ။ တကယ်လဲ လုပ်ရဲတဲ့ ငှက်မ ဆိုတာ ကြာတော့ ကိုယ်တို့လဲ သိလာရတယ်။
ငှက်က တကောင်တည်း၊ ကြောင်က ၄ကောင်။ ဒါပေမဲ့ ကြောင်လေးကောင်စလုံး စားကောင်းခြင်း မစားရ၊ ဆော့ကောင်းခြင်း မဆော့ရ။ အစာကျွေးချိန်ဆို စားမယ်ကြံရင် ကျောကုန်းကို ငှက်က ထိုးသုတ်လိုက်တယ်။ တခါ ငုံ့စားနေပြန်တော့ ကျောက အမွှေးတဆုပ် ငှက်လက်ကြားထဲ ပါသွားပြန်ပါရော။ ရေကလေး သောက်မယ်ကြံရင် နားရွက်ကို ဖြတ်သုတ် လိုက်လို့ နားစုတ်သွားပြန်ပါပေါ့။
အရင်ကလို ခြံထဲမှာ လှဲပြု ဘယ်နေနိုင်ပါတော့မလဲ။ ငှက်က မျက်စိထောက်ဒေါက် ကြည့်နေတော့တာကိုး။ ကြောင်ဆိုတာကလဲ လေးဖက်ထောက် သွားတဲ့ သတ္တ၀ါဆိုတော့ လမ်းလျှောက်နေတုန်း ငှက်ပျံလာတာကို မမြင်ရဘူးလေ။ ငှက်ကလဲ သူ့ကလေးတွေ သေထားတာဆိုတော့ မကျေနပ်နိုင်ဘူး။ သူသေ ကိုယ်သေ၊ ၄ကောင် တကောင်ချင်း ချမယ်လို့ ဆုံးဖြတ်ထားပုံရတယ်။
ကိုယ်တို့မှာတော့ “ငှက်ကလေးတွေ စိုးစီ စိုးစီ” လို့လဲ ကဗျာ မရွတ်နိုင်။ သံကုန်ခြစ် အော်နေတာ ဘယ်မှာ စိုးစီ ဖြစ်မှာတုန်း။ ငိုကြွေးနေတဲ့အသံဟာ လူစကား မဟုတ်တဲ့ ငှက်သံတောင် နားထောင်လို့ သာယာနာပျော်ဖွယ် မဖြစ်ဘူး။ သနားစရာ ကောင်းပါဘိ။
“တိရိစ္ဆာန်တွေဟာ အချိန်ကြာရှည် မမှတ်မိတတ်ဘူး၊ short term memory ပဲ ”ဆိုတာ ဘယ်မှာ မှန်လို့တုန်း။ ဒီငှက်က ကောက်ရိုးမီး ဟုတ်ပုံမရဘူး။ ကိုယ်တို့အိမ်မှာတော့ ကြောင် နဲ့ ငှက် စစ်ပွဲဟာ အခုဆို တပတ်ကျော် ကြာနေပြီ။ ကြောင်တွေကလဲ ဒီ ငှက်ကို အပြတ်ခုတ်လိုက်ဖို့ ကြံစည်နေတယ်၊ သစ်ပင်ပေါ်ကနေ လှမ်း ခုန်အုပ်တယ်၊ ကြောင်သာ ခြေကားယား လက်ကားယားနဲ့ မြေပေါ်ကျရတာ။ ငှက်ကတော့ ရွှတ်ကနဲ တချက်ခုန်ပျံသွားတယ်လေ။
ကြောင်တွေရဲ့ ကျောကို ပွတ်သပ်လိုက်ရင်လဲ အရင်လို မချောမွေ့တော့ဘူး။ ငှက်ကုတ်ရာ ဗလပွ နဲ့။ အမွှေးတွေလဲ တဆုပ် တဆုပ်နဲ့ နည်းတာ မဟုတ်။ လမ်းတောင် ဖြောင့်ဖြောင့် မလျှောက်ရဲ။ အစားတောင် ကောင်းကောင်း မစားရဲ။ ဘယ်အချိန်များ ငှက် လာကုတ်လေမလဲ တထိတ်ထိတ်နဲ့။ အိမ်ထဲမှာပဲ ပုန်းပြီး နေရတယ်။
မနေ့ကတော့ ကိုယ်လဲ ငါ့ကောင်တွေ ဘယ်လိုများ နေကြသလဲ လို့ ပြူတင်းပေါက်က လှမ်း အကဲခတ်လိုက်တာ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်လိုက်ရတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိုဘားမားက ပက်လက်ကြီးလန်ပြီး မြက်ခင်းပေါ် လှဲနေရတော့တာကိုး။ ကိုယ်လဲ မွေးကတည်းက ကြောင်တွေ မွေးလာပေါင်း များပြီ။ တခါမှ ကြောင်တွေ မအိပ်ဘဲ ပက်လက်ကြီး လန်နေတာ မတွေ့ဖူးဘူး။
အခုတော့ ကြောင်လဲ ကျောစုတ်ပါများတော့ ငှက်ကုတ်မှာစိုးလို့ ပက်လက်ကို လန်ပြီး မျက်လုံးပြူး ကြည့်နေရတဲ့ အဖြစ်ကို ရောက်ပါလေရော။ ဒါမှ ငှက်လာကုတ်ရင် လက်နဲ့ ခြောက်ရမှာကိုး။ အဲဒါကိုကြည့်ပြီး ကိုယ်လဲ ရီမိတော့တာပေါ့။
တကယ်တော့ ကြောင်နဲ့ ငှက်ဆိုရင် ဘယ်သူအားသာသလဲ မေးစရာ မလို၊ သူငယ်တန်း ကလေးတောင် သိပါရဲ့။ ပြီးတော့လဲ ကြောင်က လေးကောင်၊ ငှက်က တကောင်။ အင်အားချင်းကလဲ မမျှ။ ဒါပေမဲ့ ငှက်ကလေးရဲ့ ဇွဲနဲ့ တစိုက်မတ်မတ်လုပ်ရပ်က အင်အားကြီးပါတယ်ဆိုတဲ့ ကြောင်တောင် ကြောက်ပြီး ပက်လက်လန်ရတဲ့ ဘ၀ ရောက်ရတာကိုး။
ကိုယ်လဲ ပြူတင်းပေါက် ဘောင်ပေါ်မှာ မေးတင်ပြီး မရပ်မနား လူးလာခေါက်ပြန် ပျံရင်းကြံနေတဲ့ ငှက်ကလေးကို ကြည့်ရင်း တွေးမိတဲ့ အတွေးတစကို စာရေးပြီး မှတ်တမ်းတင်လိုက်မိပါတော့တယ်။
မိုးချိုသင်း