ကာတွန်းဆရာကြီး ဦးဖေသိန်း ဆုံးပြီလို့ သတင်းကြားတော့ စိတ်ထဲမှာ သူ့ကာတွန်းထဲကပုံအတိုင်း အမြဲပြုံးပြုံး ရွှင်ရွှင် သန့်သန့်ရှင်းရှင်းနဲ့ နားရွက်ကားကား ဆရာကြီးကို ချက်ချင်း မြင်ယောင်လိုက်မိပါတယ်။
ကာတွန်းဆရာလို့ အမည်ခံလိုက်တာနဲ့ သူဟာ လူတွေကို ပြုံးစေတော့မယ်၊ အဲဒါထက်ပိုပြီး လူမှုဘ၀၊ ခေတ် နဲ့ စနစ်ကို ပါးပါးလေး သရော်တော့မယ်၊ ပြီးတော့ သူ့ကာတွန်းရုပ်လေးတွေ ကနေ ဖတ်သူရင်ထဲကို ရသတခု၊ အသိတခု တွေးမိအောင် ချန်ခဲ့မယ် လို့ ကိုယ်တော့ ရိုးရိုးပဲ နားလည်မိတယ်။
အဲဒီမှာ သူပြောချင်တဲ့ အကြောင်းအရာကို သူမြင်တဲ့ထောင့်ကနေ ပုံလေးနဲ့ ကောက်ခြစ်လိုက်တာဟာ စာဖတ်သူရင်ထဲကို စွဲသွားစေတော့တာပါပဲ။ အဲဒီကာတွန်း တကွက်လေးဟာ စာတွေ တမျက်နှာပြီး တမျက်နှာ ဖတ်ရတာထက် ပို ထိရောက်တတ်တယ်။ တကြောင်းဆွဲ ဆွဲလိုက်သလို စာဖတ်သူရဲ့ နှလုံးကို ပစ်မှတ်လို တန်းကနဲ ထိတယ်။
ကာတွန်းဆရာတွေမှာ ထက်မြက်တဲ့အတွေးတွေ၊ လူအများ မမြင်တဲ့ထောင့်ကနေ လောကကို သရော်ပြုံးနဲ့ ကြည့်တတ်တဲ့ ခပ်ထေ့ထေ့ အတွေးလုံးလေးတွေ ရှိနေတတ်တာ ပြောစရာ မလိုတဲ့ အချက်ပါပဲ။ ဒါကြောင့်မို့ ပုံဆွဲတတ်တိုင်း ကာတွန်းဆရာကောင်း မဖြစ်နိုင်ဘူးလို့ ဆိုကြတာ ဖြစ်မှာပါ။ သူတို့မှာ သူများနဲ့ မတူတဲ့ ထူးခြားတဲ့ အရည်အချင်းရှိကြတယ်လေ။
ဆရာကြီး ဦးဖေသိန်းဆိုတာ မြန်မာ့ ကာတွန်းလောကမှာ မီးရှူးတန်ဆောင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တဦးပါ။ ကိုယ်တို့လူငယ်တွေဟာ ဆရာကြီးကာတွန်းတွေနဲ့ ကြီးခဲ့ကြတာပါ။ ဆရာကြီးရဲ့ ပုံပမာ ကာတွန်းတွေဟာ လူကြီးတွေရော ကလေးတွေပါ စွဲလန်းခဲ့ရတာ။ ၃၈ဖြာမင်္ဂလာ ကာတွန်းတွေနဲ့ ကလေးတွေကို အသိဥာဏ် အလိမ္မာတိုး စေခဲ့တာ။
တခု ထူးခြားတာက ဆရာကြီးရဲ့ လက်ရာဟာ ဘယ်သူ့လက်ရာနဲ့မှ မရောထွေးနိုင်အောင် အမြဲ တသီးတသန့် မူပိုင်ဖြစ်ခဲ့တယ်လို့ ကိုယ်ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံတွေကို ကြည့်လိုက်တာနဲ့ ဒါ ဖေသိန်းကာတွန်း လက်ရာပဲ လို့ တန်းပြောနိုင်လောက်အောင် ထင်ရှားပေါ်လွင်ခဲ့တာပါ။
ဆရာကြီး ရဲ့ စုတ်ချက်တွေဟာ သူ့စိတ်လိုပဲ ပြတ်သား ထင်ရှားတယ်။ ဘယ်တော့မှ မတွေဝေဘူး။ အင်မတန် ရဲရင့်ပြီး အားမာန်ရှိတယ်လို့ အမြဲခံစားရတယ်။ သူ့လက်ရာတွေဟာ ဘယ်လောက်အသက်ကြီးသွားသွား နုပျိုလျက်ပဲ။
ကိုယ် အမှတ်မိဆုံး သူ့လက်ရာက ၁၉၈၈ခုက မဂ္ဂဇင်းတခုမှာ ပါခဲ့တာပါ။ ဘယ်မဂ္ဂဇင်းမှာလဲလို့တော့ ကိုယ်မမှတ်မိတော့ဘူး။ ကာတွန်းက သံကွင်းကြိုးတွေလို လုပ်ပြီး 8888 ၈လေးလုံးကို ပုံဖော်ထားတဲ့ ကာတွန်း။ အဲဒီကာတွန်းပုံကို တွေ့ပြီးကတည်းက ဆရာကြီးကို လေးစားချစ်ခင်စိတ် အမြင့်ဆုံးကို တိုး သွားစေခဲ့တာ အမှန်ပေါ့။
သတင်းကာတွန်းဆရာ တဲ့။ ပြည်သူကို သူပေးချင်တဲ့ အချက်အလက် အပြည့်အ၀ ပေးလိုက်တယ်။ သူယုံကြည်တာကို အာဏာရမင်းများ မျက်နှာမကြည့် ၊ ပြည်သူ့မျက်နှာကိုပဲ ကြည့်ပြီး ပြတ်ပြတ်သားသား ထောက်ခံခဲ့တယ်။ အရေးတော်ပုံကို ယုံကြည်ကြောင်း ကလောင်နဲ့ တိုက်ပွဲဝင်ခဲ့တယ်။
စာပေစိစစ်ရေးက Black List ကာတွန်းဆရာထဲမှာ ဟောဒီ ဖေသိန်းဆိုတာ ထိပ်ဆုံးက ရဲရဲကြီး နေခဲ့သူပေါ့။ သူ့ကာတွန်းရုပ်လေးတွေကို ကြောက်လို့၊ သူ ကလော်မဲ့ သူ့ဦးနှောက်ကို ကြောက်လွန်းလို့ မဂ္ဂဇင်းတွေပေါ်မှာ သူ့ကာတွန်းတွေ မဖော်ပြရ လို့ ပိတ်ပင်ခဲ့တာပါ။ ဆရာကြီးကတော့ ကြည်ကြည်လင်လင် ပြုံးနေမှာပါပဲ။
စာပေအနုပညာသမားဆိုတာ ပိုက်ဆံရှိ လူတန်းစား မဟုတ်ကြပါဘူး။ အခွင့်ထူးခံ လူတန်းစားလဲ မဟုတ်ဘူး။ ကိုယ်ဖန်တီးတဲ့ အနုပညာနဲ့ ပျော်မွေ့ ကျေနပ်နေတတ်သူ။ သူတို့ ယုံကြည်ချက်ကို ဘာနဲ့မှ လဲ မစားတတ်သူ။ အနုပညာ မာန ကို ရိုသေ တန်ဖိုးထားတတ်သူ။ အမှန်တရားအတွက်ဆိုရင် အာဏာရှင်ကိုလဲ ရင်ကော့ ရင်ဆိုင် ကလောင်နဲ့ တိုက်ပွဲဝင်မဲ့သူ။
ကိုယ် အဲဒီလို စိတ်ဓာတ်ရှိတဲ့ အနုပညာရှင်အားလုံးကို ချစ်တယ်။ သူတို့ကို လေးစား ရိုကျိုးပြီး တန်ဖိုးထားတယ်။ ရွှေထုပ်တဲ့ မြပုဝါလို့ ထင်တယ်။ သူတို့အားလုံးကို ကိုယ့်နှလုံးသားထဲက ကမ္ဗည်းမှာ ကိုယ့်နှလုံးသွေးနဲ့ မှတ်တမ်းတင် ပူဇော်မယ်။ ဒီလိုပဲ သူတို့ သမိုင်းဟာ အမြဲတမ်း တောက်ပြောင်နေလိမ့်မှာ အမှန်ပဲ။
ဇွန်လ ၁၉ရက် ၂၀၀၉ မှာ ဆရာကြီး ဦးဖေသိန်း (၈၅)နှစ် ဘ၀ တပါးကို ကူးပြောင်းခဲ့ပြီ။ ဆရာကြီးရဲ့ ဖြူစင်မွန်မြတ်တဲ့ အနုပညာကုသိုလ်ကြောင့် ဆရာကြီး ကောင်းရာသုဂတိ လားမှာ အမှန်ပဲ။
မိုးချိုသင်း