အဝေးက သင်္ကြန်

ဘာလိုလိုနဲ့ အတာကူးတဲ့ နှစ်ဦးသင်္ကြန်ကိုတောင် ရောက်ပါပြီ။

ကိုယ်ငယ်ငယ် လူမှန်းသိတတ်စ အရွယ်ကတည်းက သင်္ကြန်ဆိုတဲ့ အသံကြားရင်၊ သင်္ကြန်သီချင်းသံ မြူးမြူးကြွကြွအသံကြားရင် ရင်ထဲမှာ ပျော်ပြီး တလှပ်လှပ် နဲ့ နေတတ်တယ်။ သင်္ကြန်ရေ ဘယ်လောက်စိုစို ဘယ်တော့မှ မဖျားဘူး။ အတာရေဟာ လူကိုကျန်းမာစေသတဲ့။ အတာရေအေးနဲ့ ကိုယ်၊ စိတ် မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောရသတဲ့။

အခုတော့ တူးပို့ တူးပို့သံ မကြားရတဲ့ အရပ်မှာ ပိတောက်ပန်းရနံ့လေးကို လွမ်းမိတယ်။ ရေစိုစိုမှာ မျောလာတဲ့ ပိတောက်ကြွေလေးတွေကို သတိရတယ်။ ခွက်စုတ်ကလေးနဲ့ ရေကြွက်မြီးတန်းလေးကို ခံပြီး ပက်ရတာကို ပျော်ခဲ့တယ်။ ရေစိုစိုမှာ ထမိန်တုပ်တုပ်နဲ့ လမ်းလျှောက်ခဲ့ရတာကို ပြန်ခံစားမိတယ်။

မြနန္ဒာ ဆိုတဲ့ အသံကြားရင် တိတ်တိတ်ကလေး လက်လေးတွေ ချိုးပြီး က နေမိတတ်တာကို ဘယ်လိုလုပ် မေ့မလဲ။ သင်္ကြန် သံချပ်တွေ နားထောင်ရင်း ပြုံးပျော် ရယ်မောခဲ့ရတဲ့ လွတ်လပ်မှုလေး ပြန်လိုချင်သေးတယ်။ ကျနော် ရေလောင်းမယ်နော် လို့ ခပ်တိုးတိုး ခွင့်တောင်းတာကိုလဲ ခေါင်းအသာညိတ် ခွင့်ပြုလိုက်ချင်သေးတယ်။

ဒီလိုနဲ့ ခပ်ဝေးဝေးက ချောင်းကြည့်နေခဲ့ရတဲ့ သင်္ကြန်လေးတွေဟာ အလွမ်းတွေ တစိုစို နဲ့ ရင့်ကျက်ခဲ့ရပါပြီ။ အခု ဘယ်လို သင်္ကြန်မျိုးများလဲ လို့ ငေးမော တွေးတော..။ ပိတောက်ပွင့်ကြွေလေးတွေနဲ့အတူ ဘီယာတွေ စီးနေတဲ့ သင်္ကြန်လား၊ ပိတောက်ပန်းနံ့တွေကို ဖုံးလွှမ်းနေတဲ့ အကင်နံ့တွေနဲ့ သင်္ကြန်လား၊ မိန်းကလေးတွေ ပိုပိုလှလာတဲ့ သင်္ကြန်လား။ ခွက်ကလေးတွေနဲ့ ရေပက်တမ်း ဆော့နေကြမဲ့ ကလေးသူငယ်လေးတွေက ဘီယာ စီးကရက် လိုက်ရောင်းစီးပွားရှာနေတဲ့ သင်္ကြန်လား။ မီးစက်သံတွေ ကြွက်ကြွက်ညံနေတဲ့ သင်္ကြန်လား။

ဘာပဲပြောပြော သင်္ကြန်ဟာ ခေတ်ကို ပေါ်ပေါ်ထင်ထင် လှစ်ဟ ပြနေမှာပါပဲ။ သင်္ကြန်ခံစားမှုတွေ အမျိုးမျိုး ဘယ်လိုပဲ ပြောင်းသွားသွား သင်္ကြန်ကိုတော့ ချစ်နေမိမှာပါပဲ။ ဒါကြောင့်မို့ အဝေးက သင်္ကြန်ကို စူးစမ်းချင်စိတ်တ၀က်နဲ့ အဖေ့ ကဗျာလေးတပုဒ်ကို အမှတ်တရ တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

အချစ်ရေ နဲ့ အချစ် သင်္ကြန်

မြန်မာနိုင်ငံ၌
သင်္ကြန် ကျပြီ။

အကတွေ အခုန်အပျံ
ဗုံသံတွေ အတောမသတ်
မမောတတ်နိုင်အောင် သင်္ကြန်ပွဲ
ဆင်နွှဲနေကြရော့မလား။

ကြည်း ရေ လေတပ်တွေကြောင့်
မီးရေလေပြတ်ပြီး
သမီးတွေ အပ်ရတဲ့ ကိန်း ဆိုက်နေပြီလား။

အဝေးက မှန်းပြီး
ဆွေးသမျှ လွမ်းရတဲ့
အေးမြတဲ့ သင်္ကြန်ပန်းကလေးပါ။

နှစ်တွေသာပြောင်း
ခေတ်တွေ စနစ်တွေက မပြောင်းသေးတော့
အချစ်ရေတကောင်းနဲ့ မလောင်းနိုင်ဘူးကွယ်။

တင်မိုး
၁၃၊ ၄၊ ၂၀၀၅

မြန်မာပြည်က ပိတောက်ဖူးတခက်ကို ကိုယ်တိုင်ချိုးပြီး ပန်ခွင့်ရတဲ့ သင်္ကြန်တော့ ကြုံရ ဆုံရအုံးမှာပါ လို့ အားတင်းနေမိပါသေးတယ်။

မြန်မာနှစ်ဦးမှာ မြန်မာပြည်သူ ပြည်သား အပေါင်း အန္တရာယ်ကင်းပြီး ငြိမ်းချမ်း ပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ကျား နဲ့ ဆင်

လူကြီးသူမတွေ ပြောတာ ကြားဖူးတယ်။ နေ့နံနဲ့ လိုက်လို့ လူတွေက စိတ်သဘောထားတွေ ပြောင်းတတ်တယ် တဲ့။

ဟုတ်မဟုတ်တော့ ကိုယ်လဲ သေချာ မသိပါဘူး။ ကြားဖူးနားဝ ရှိတာကို ပြောပြတာပါ။ “သူက စိတ်ကြီးမှာပေါ့ စနေသမီးကိုး” ဆိုတာမျိုး၊ “ကလေးက အေးတယ်၊ ကြာသပတေးသမီးလေ..” ဆိုတာမျိုး၊ “သောကြာသားမို့ စကားကတော့ များသလား မမေးနဲ့” ဆိုတာမျိုးတွေပေါ့။

အနောက်နိုင်ငံတွေမှာတော့ မွေးတဲ့ နေ့အလိုက် အစွဲအလန်းတွေ သိပ်မကြားမိတတ်ဘူး။ သူတို့ကတော့ ရာသီခွင်နဲ့ လူတွေရဲ့ အတွင်းစိတ်ကို ပိုစိတ်ဝင်စားတတ်ကြတာပါ။ အဲဒီရာသီခွင်တွေကလဲ အများအားဖြင့် မှန်တတ်၊ တိုက်ဆိုင်တတ်လေတော့ စိတ်ဝင်စားစရာပါပဲ။

တိရိစ္ဆာန်အကောင်တွေနဲ့လဲ မွေးနှစ်တွေကို ပိုင်းခြား သတ်မှတ်ထားတာမျိုး ရှိသေးတာ..။ တခါက အသိတယောက်က ကိုယ့်ကို ဘာအကောင်လဲ မေးလို့ အတော် အူကြောင်ကျား ဖြစ်သွားသေးတယ်။ ငါက မြင်းလေ..ဒါကြောင့် တချိန်လုံး ပြေးနေရတာ ဆိုပဲ။

နင်ကတော့ ၀က် တဲ့..၊ သူ အဲဒီလို ပြောတော့ ၀မ်းနည်းလိုက်တာ..။ ကိုယ့်ကို တယ်နှိမ်ပါလား ထင်မိသေးတယ်။ တကယ်က မွေးတဲ့ ရာသီခွင် အကောင်ကို သူက ရည်ညွှန်းချင်တာ..။ ကိုယ့် ခန္ဓာကိုယ်ကို စောင်းပြောတာ မဟုတ်ရှာပါဘူး။ တိုက်ဆိုင်မှုရှိပေမဲ့ ခွင့်လွှတ်လိုက်ရပါတယ်။



နေ့နံနဲ့ ပတ်သက်တာ ပြန်ကောက်ရရင် ကိုယ်ကတော့ ကျားပါ။ တနလာင်္ ကျား၊ နတ်ပြည်သွား..လို့ ငယ်ငယ်က ပျော်ပျော်ရွှင်ရွှင် ဆိုခဲ့တဲ့ ကျားပေါ့။ တခြား တနလာင်္တွေ ဘယ်လို စိတ်မျိုးရှိတယ် မသိတတ်ပေမဲ့ ကိုယ်ကတော့ တခါတခါ စိတ်ကြီးတတ်တာကလွဲရင် သဘောကောင်းတဲ့ ကျားလေးပါ။ (တီဗီမှာတင်မဟုတ်၊ ဘလော့မှာလဲ အဲဒီလို ကြော်ငြာ ဖြတ်ဝင်တာတွေ ရှိတတ်တယ်။)

တနေ့တော့ ကျားနဲ့ ဆင် RC 2 မှာ တွေ့ကြတယ်။ သူက ဗုဒ္ဓဟူး လေ..။ ရှေးအဆိုအရ ဆိုရင်တော့ ခန္ဓာကိုယ် အင်အားကြီးသူချင်း တွေ့ရင် ချကြတယ်လို့ ဆိုလိုချင်သလားမသိ။ ပုံပြင်ထဲမှာ ရန်ဖက် ပေမဲ့ ကိုယ်တို့နှစ်ယောက်ကတော့ အိမ်ထောင်ဖက် ဖြစ်ခဲ့ကြတယ်။ ကိုက်တော့ ကိုက်ကြပါတယ်။ ကြာကြာ တခါ၊ မကြာ မကြာ တခါ ပေါ့။

ကျားလေးက music ကြိုက်တယ်။ အားရင် ဇိမ်လေးနဲ့ စာအုပ်လေးဖတ်၊ သီချင်းလေး နားထောင်ပြီး အမြီးလေးတလှုပ်လှုပ် နေချင်တယ်။ တခါတလေ ရုပ်ရှင်ကိုသွား၊ ကြော်ငြာဘုတ်ဒ် တွေကို ငေးမောပြီး ပေါက်ပေါက်ဆုပ်လေး မြုံ့ရင်း မျက်လုံးပြူးပြီး ပိတ်ကားကို စိုက်ကြည့်နေရတာ အရသာ လို့ ထင်တယ်။

ကျားမှာ သူငယ်ချင်းတွေကလဲ အကောင်ပလောင်စုံလို့ အများကြီးး။ သူငယ်ချင်းတွေက ဒါကို ၀ါသနာပါရင် ကျားကလဲ အလွယ်တကူ ပျော်ဝင်လိုက်ဖို့ ၀န်မလေးဘူး။ သူတို့က ဒါ ဆို ကျားကလဲ ဒါ၊ သူတို့က ဟိုဟာဆို ကျားကလဲ ဟိုဟာ..။ အပြင်းအထန်ကြီးတွေ ကျားက မကြိုက်ဘူး။ အေးရာအေးကြောင်း ကျား။

အဲဒီကျားလေးရဲ့ အဖော် ဆင်ကတော့ တမျိုး။ သူကတော့ အေးအေးဆေးဆေးပဲ နေမယ်။ တခုခု ကို စွဲစွဲမြဲမြဲ လုပ်တတ်တယ်။ ရှေ့ကိုတိုးမယ်ဆိုရင်တောင် ရှေ့နောက် စဉ်းစားတယ်၊ ကျားလို ၀ူးဝူးဝါးဝါး ပြေးမသွားဘူး။ မစဉ်းစားလို့ မရဘူးလေ..။ ကျားတလွဲလုပ်သမျှ ဆင်က ဖြေရှင်းရတာကိုး။ ကျားက လုပ်ချင်တာတွေ လုပ်ပြီးလို့ မျက်စိသူငယ်နဲ့ ခေါင်းငိုက်စိုက်ချနေရင် ဆင်က ၀င်ကူရတာပဲ။ အဲဒီလိုကူရပေါင်းလဲ များပြီ။

တခုခုဆို ကျားနဲ့ဆင် ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြတယ်။ ကိစ္စအကုန်လုံးကို နှစ်ယောက်စလုံးရဲ့ ရင်ထဲက အသည်းနှလုံးကို ဗဟိုပြုပြီးမှ စဉ်းစားဆုံးဖြတ်ကြတာများတယ်။ လွဲတဲ့အခါတွေလဲ ရှိတာပေါ့။ တခါတလေ တောင်အကြီးကြီးပေါ် တက်ရတဲ့အခါတွေ ရှိတယ်။ ချောက်အနက်ကြီးကို ဖြတ်ကူးရတဲ့အခါတွေ ရှိတယ်။ ပင်လယ်ကြီးနဲ့ ရင်ဆိုင်တိုးရတာတွေလဲ ရှိသေးတယ်။ အဲဒီအခါဆို ကျားက အသံမျှင်းမျှင်းလေးပဲ ထွက်တော့တာ။ အမြီးလေးသိမ်းပြီး ခွေနေတာ..။

အဲဒီအခါဆို ဆင်က မတ်မတ်ရပ်မှ ဖြစ်တော့မယ်။ ကျားလေးကို ထ ထ ဆိုပြီး ဆွဲထူရတယ်။ ကျားလေးပါမှ ဆင်ကြီး ဖြောင့်ဖြောင့်သွားနိုင်မယ် လို့ ပြောတယ်။ ဒါဆို ကျားလေးက ပြန်လန်းပြီး ဆင်ကြီးနောက်က ဆတ်တောက် ဆတ်တောက် လိုက်လာတယ်။ ဒီလိုနဲ့ လမ်းလေးကျဉ်းကျဉ်းကို အတူတူ သွားကြပြန်ပါရော..။

အခုတော့ ဒီကျားနဲ့ ဒီဆင်မှာ ကလေးလေးတကောင်ရှိပြီ။ လူလေးတော့ မဟုတ်ဘူး။ အမေနဲ့ နည်းနည်းဆင်တဲ့ အမြီးလေးနဲ့ ကြောင်အဖြူလေးပေါ့။ သမီးက အဖေကို ချစ်တယ်၊ အမေကို နိုင်တယ်။ ကြောင်လေးရှိတဲ့အတွက် ကျားရော ဆင်ရော ဘ၀မှာ ချမ်းမြေ့တယ် လို့ ထင်ကြတယ်။ ပင်ပန်းသမျှ သမီးမျက်နှာမြင်တာနဲ့ အကုန်ပျောက်တယ်။ တနေ့တနေ့ သမီးမျက်နှာတကွက်စာကို ငုံ့ငုံ့နမ်းရတာအမော..။

ညညဆို သားအမိ သားအဖ ၃ယောက် အတူတူအိပ်ကြတယ်။ ခူး ခလော ဂူး အသံတွေ စုံနေတာပေါ့။ တခါတလေ ဖေဖေဆင်ကြီးက သမီးကြောင်လေးကို ပွေ့ရင်း အိပ်တယ်။ သမီးကြောင်လေးက တဂူးဂူးနဲ့ ကျေနပ်နေတာ..။ မေမေကျားက သူတို့ကို ကြည့်ပြီး ကြည်နူးရင်း အိပ်တယ်။ ညလယ်ကျရင်လဲ သမီးကလေး ဘယ်လိုအိပ်သလဲလို့ အဖေတွေ အမေတွေက ထ ထကြည့်ရတယ်။ သမီးကလေး ကံကောင်းတယ်။

နောက်ပြန်လှည့်ကြည့်ရင် ခြေရာလေးတွေ တွေ့ရမယ်။ ဒါက ပျော်ပျော်သွက်သွက် အတူ လျှောက်ခဲ့တာ..။ ဒါကတော့ ကျားလေး နေမကောင်းလို့ တရွတ်ဆွဲ လိုက်ရတာ..။ ဆင်ကြီးက ပုခုံးပေါ်တင်ပြီး ထမ်းခေါ်ရတာ..။ ဒါကတော့ ကျားက ကပ်ဖဲ့လုပ်ပြီး ဟိုလျှောက် ဒီလျှောက် လျှောက်နေတာ..။ ဒီ လမ်းဆုံမှာတော့ နှစ်ယောက်သား ရပ်နေပုံပဲ။ ခေါင်းချင်းဆိုင် တိုင်ပင်နေသလား။ နှစ်ယောက်သား လမ်းလေးတကွေ့ အတူကွေ့လိုက်ပြန်ပေါ့။

ဘာလိုလိုနဲ့ အတူလျှောက်ခဲ့တာ ၁၄နှစ် ရှိခဲ့ပြီ။ ကဗျာထဲကလို ခယောင်းတောကို ပန်းကော်ဇောအဖြစ် ပြောင်းမပစ်နိုင်တောင် လမ်းကလေး ပြာပြာမှောင်၊ သာယာအောင်တော့ ဖန်တီးနိုင်ခဲ့ပါတယ်။

မိုးချိုသင်း

(မတ်လ ၁ရက်နေ့ အမှတ်တရ)

အပြည့်အစုံဖတ်မယ်...

မြက်ရိုင်းထဲက ကြေးရုပ်

ဒီနေ့တော့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ၁၉၉၅ က မန္တလေးမှာ ကျင်းပတဲ့ ဆွံ့ အ နားမကြား ရံပုံငွေ အတွက် စာပေဟောပြောပွဲတခု တက်ခဲ့ နားထောင်ခဲ့တာ သတိရတယ်။ ဟောပြောပွဲမှာ ပြောခဲ့တဲ့သူတွေက ဆရာမကြီး ဒေါ်ခင်နှင်းယုရယ်၊ အဖေရယ်၊ ဆရာ ဦးတင်မောင်သန်း၊ ဆရာ အော်ပီကျယ် နဲ့ ဆရာမ ဂျူးတို့ပါ။

အဲဒီတုန်းက စာပေဟောပြောပွဲကို ရုံပြည့်ရုံလျှံ အားပေးတဲ့ မန္တလေး ပရိသတ်ကြီးကို အံ့သြမိတာ အမှန်ပေါ့။ ခမ်းမကြီးံနဲ့ မဆန့်လို့ ရုံကို အလာ လမ်းတလျှောက်မှာ ကိုယ့်ထိုင်ခုံလေးတွေနဲ့ ကိုယ် ထိုင်ပြီး နားထောင်ကြတာ တွေ့ရတယ်။ လမ်းထောင့်တွေမှာ တီဗီအကြီးကြီးတွေ ချပေးထားပြီး တိုက်ရိုက် ဟောပြောချက်ကို နားထောင်စေတာ တွေ့ခဲ့ရတယ်။ မြင်ရတာ စိတ်ကြည်နူးမိပါတယ်။

အဲဒီတုန်းက အဖေက မော်စကို က ထွက်လာတာ မကြာသေးဘူး။ ပထမဆုံး အပြင်ရောက်ပြီးမှ လုပ်တဲ့ စာပေဟောပြောပွဲဆိုတာ မှတ်မိနေပါတယ်။ အဖွားလူထု ဒေါ်အမာရဲ့ မွေးနေ့ပွဲအပြီး နောက်တနေ့ နိုဝင်ဘာလ ၃၀ရက်၊ ၁၉၉၅ ခု လို့ ထင်ပါတယ်။

အဲဒီဟောပြောပွဲမှာ အဖေရွတ်ခဲ့တဲ့ ကဗျာလေးတွေ မူရင်း လက်ခံ မရှိတော့လို့ စိတ်မကောင်းဖြစ်နေတုန်း တနေ့ကတော့ မာယာအွန်လိုင်းမဂ္ဂဇင်းလုပ်တဲ့ အကို ကိုအေးဝင်းက ကက်ဆက်ခွေလေးတခု စာတိုက်က ပို့လာတယ်။ ဒါနဲ့ ၀မ်းသာအားရ အဖေ့ ကက်ဆက်လေးနဲ့ ဖွင့်ပြီး နားထောင်လိုက်မိတယ်။ ကိုအေးဝင်းကို ကျေးဇူးတင်လိုက်တာ..။

နားထောင်မိတဲ့အထဲက ကဗျာလေး တပုဒ်ကို ကိုယ်ချစ်ခင်တဲ့ မိတ်ဆွေတွေကိုလဲ ပြန်ဝေမျှရင်း ကိုယ့်ရဲ့ မှတ်တမ်းလေးထဲမှာလဲ သိမ်းထားချင်လို့ အမှတ်တရ ရေးလိုက်ပါတယ်။



ကဗျာတွေကို ကိုယ် အခါအားလျော်စွာ ဖတ်ပါတယ်။ တချို့ နားလည်တာလဲ ရှိ၊ နားမလည်တာလဲ ရှိ။ ခံစားမှုတွေ ထပ်တူညီသွားရင် စိတ်ထဲမှာ ကျေနပ်မိပြီး ထပ်ခါထပ်ခါ ဖတ်မိတာမျိုး..။ နောက်ပြီး ဘယ်လို အကြောင်းတရားတွေကြောင့် ဒီကဗျာလေးကို ရေးဖြစ်ပါလိမ့်လို့ ကဗျာဆရာရဲ့ စိတ်ကို ဆန်းစစ် စူးစမ်း တွေးတောသွားမိတတ်တာမျိုး..။

ဒီဟောပြောပွဲမှာတော့ အဖေက သူ ဒီကဗျာလေးကို ဘယ်လို ရေးမိသွားသလဲ ဆိုတာကို ပြောပြထားတယ်။

အဖေက အားရင် သူ့မိတ်ဆွေတွေဆီ လျှောက်သွား၊ လက်ဖက်ရည်ဆိုင်ထိုင် စကားပြော နေတတ်တယ်။ တနေ့ အင်းစိန်နားက အောင်ဆန်းမြို့မှာ နေတဲ့ ကဗျာဆရာ မောင်ခိုင်မာ ရဲ့ အိမ်ကို ပန်းချီဆရာ ဦးယဉ်မင်းပိုက် နဲ့ အတူ သွားလည်ပါတယ်။ အဲဒီမှာ ဆရာဦးခိုင်မာက “ဆရာ့ကို ပြ စရာ ရှိတယ်” ဆိုပြီး ပန်းခြံတခု ကို ခေါ်သွားသတဲ့။ အဲဒီပန်းခြံက လမ်းမကြီးပေါ် လူမြင်ကွင်းမှာတော့ မဟုတ်ပါဘူး၊ လမ်းအနောက်ဖက်ကလေးမှာပါ။

လိုက်ကြည့်တော့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို တွေ့ရတာပါ။ ပန်းပုဆရာကြီး တောင်ကြီး ဦးစံဖေ ရဲ့ လက်ရာ တဲ့၊ လက်ရာက ကောင်းလိုက်တာ..။ မာန်ပါပါနဲ့ ဗိုလ်ချုပ်တရားဟော နေပုံကို ထုထားတာကိုး။ အော်.. ကောင်းလိုက်တာ၊ အောင်ဆန်းမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို မြင်ရတာ ကျက်သရေ ရှိလိုက်တာ၊ တကယ့်ပညာရှင်ရဲ့ လက်ရာပါလား လို့ ကြည်နူးပီတိ ဖြစ်နေတုန်း… ဘေးဘီကြည့်လိုက်မိတော့…

နွားတွေ..နွားတွေ.. တဲ့။ ပန်းခြံတခုလုံး မြက်ရိုင်းတွေ တတောလုံး ထ နေလို့ နွားစားကျက် ဖြစ်နေတာ တွေ့ရပါတယ် တဲ့။ ဗိုလ်ချုပ်လက်မှာလဲ စာရွက်လိပ်လေး ကိုင်ထားပုံပါ၊ ဒါပေမဲ့ စာရွက်လိပ်က ကြေးနဲ့လုပ်ထားတော့ အဖိုးတန်တော့ ဖြုတ်ယူကြလို့ မရှိတော့ဘူး တဲ့။

ဒါနဲ့ အဖေ့စိတ်ထဲမှာ လှပ်ခနဲ ခံစားရတာမို့ ဒီကဗျာလေးကို စပ်မိပါတယ် လို့ ဆိုပါတယ်။ ကဗျာထဲကနေ ခေတ် ကို လှမ်းကြည့်လို့ ရတဲ့ ကဗျာလေးတပုဒ်လို့ ကိုယ်က ထင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။

မြက်ရိုင်းထဲက ကြေးရုပ်

မြက်ရိုင်းထဲတွင်
ထိုင်ဆဲ မလှုပ်၊ “ဆန်း” ကြေးရုပ်။

သမိုင်းများစွာ ဖြတ်သန်းလာတော့
“ငါ” တွေ မြက်ရိုင်း၊ နေရာတိုင်းမို့
သမိုင်းပြယုဂ်၊ ဆန်း ကြေးရုပ်ကို
ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။

ဆန်း ၏ လမ်းစဉ်၊ တို့ မမြင်တော့။
ကျေးဇူးရှင်မှန်း၊ မသိစွမ်းတော့။
ဆန်း ၏ ဂုဏ်ပုဒ်၊ ဆန်း ၏ ရုပ်ကား
တိမ်မြုပ်ခဲ့ပြီ၊ အတိတ်ဆီ..။

ဗိုလ်ချုပ်အောင်ဆန်း၊ ခင်းသောလမ်းကား
လွမ်းစရာပင်၊ အလှမ်းကွာ ခဲ့ပြီ။

ဗိုလ်ချုပ်လက်တွင်၊ စာရွက်လိပ်ထား
ကြေးဝါပြားကို၊ ရောင်းစားဖို့ရာ
ခွာခဲ့ရှာပေါ့၊ လက်မှာ စာရွက်မဲ့ခဲ့ပြီ။

ဗိုလ်ချုပ် ဟောရ၊ မောရ
သောက အများ၊ ဟောပါ့ တရား
ကျောက မကြား ဖြစ်ခဲ့ပြီ။

လွတ်လပ်ရေးကို၊ သွေးနှင့်ရင်း၍
အပ်နှင်းခဲ့ရ၊ သူ့ဘ၀ကို
မြေချ သဂြိုဟ် ခဲ့ကြပြီ။

သမိုင်းနာလဲ၊ နာမှန်း မသိ
တို့ မထိ တော့..။
တို့၏ ကိုယ်ကျိုး၊ တို့ ထုပ်ပိုးဖို့
အမျိုးသားရေး၊ တို့ မတွေးအား။
အရေးတော်ပုံ၊ တို့ မဖြုံအား
တို့ ယုံသည်ကား၊ တို့ ကောင်းစားဖို့။
အများအရေး၊ တို့ မတွေးအား
ကိုယ်ရေး ကြည့်ကာ၊ တို့ လိမ်မာဖို့
အရာရာတွင် ကိုယ်ကျိုးမြင်ကာ
မီးစင် ကြည့်၍၊ က တတ်ဖို့။

ဗိုလ်ချုပ် ကြေးရုပ်၊ မြက်ရိုင်းအုပ်လဲ
မခုတ်တော့ဘဲ၊ မျက်နှာလွှဲပြီ
နေမြဲနေကြပါစေတော့။ ။

တင်မိုး
၁၉၉၅

အဖေက ဒီကဗျာလေးကို မဂ္ဂဇင်းတွေကို ပို့ဖို့ စဉ်းစားမိပါသေးတယ် တဲ့၊ ဒါပေမဲ့ ကဗျာပါ မြက်ထဲ ရောက်သွားမစိုးလို့ သူ့စာအုပ်လေးထဲမှာပဲ သိမ်းထားခဲ့ရတယ် လို့ ဆိုပါတယ်။ အခုတော့ ကိုယ်လဲ ကိုယ့်မှတ်တမ်းမှာ နာကျင်စွာနဲ့ ဆက်သိမ်းထားလိုက်ပြီ။

မြက်ရိုင်းတွေကို မျက်နှာလွှဲမိလေသလား လို့လဲ လွတ်လပ်ရေးဗိသုကာကြီးကို ရှက်ရွံ့အားနာ မိပါတော့တယ်။

မိုးချိုသင်း
(ဖေဖေါ်ဝါရီ ၁၃ရက်၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ)

အပြည့်အစုံဖတ်မယ်...

မော်တော်ကားနဲ့ ကိုယ် (၂)

ဒီနေ့ ဆိုင်ကပြန်လာတော့ လမ်းတလျှောက်မှာ အရေးပေါ်ကားတွေ အသံစုံမြည်ပြီး ဘေးကနေ တစီးပြီး တစီး ကျော်တက်သွားကြတာ။ ဘယ်နေရာမှာ ကားတိုက်မှု ဖြစ်ပြန်သလဲ မသိ။ ဒီနေ့တနေ့လုံး မုန်တိုင်းကြောင့် မိုးကလဲ စွေနေလေတော့ ကားမောင်းတာ သိပ်သတိထားရတယ်။

လူကလဲ အဲဒီ ပီးပေါ် ပီးပေါ် အသံကြားရင် အလိုလို လန့်နေတာ..။ တယောက်ယောက်ကများ 911 ခေါ်လိုက်ရင် ရဲကား၊ မီးသတ်ကား၊ လူနာတင်ကား စီတန်းပြီး သွားတော့တာကိုး။ သူတို့ အရေးတကြီးသွားတာတွေ့ရင် ကားကို လမ်းဘေး ကပ်ရပ်၊ လူနာ အသက်မီပါစေ လို့ ဆုတောင်းပေးမိတတ်တယ်။ အဖေ့တုန်းက အသက်မမီတာလေးကို တွေးမိလို့ပါ။

အရင်ကတော့ ကိုယ်က လူနာတင်ကားတွေ့ရင် Mr. Bean လို နောက်က ကပ်လိုက်သွားရရင် ကောင်းမှာ လို့ နောက်တီးနောက်တောက် တွေးတတ်တယ်။ ဒါဆို မီးပွိုင့်လဲ မနီ၊ ရှေ့ကားလဲ မစောင့်ရ၊ ဇိမ်ပဲ။ စိတ်ကူးထဲမှာ လုပ်တာပါ၊ အပြင်မှာ မလုပ်ပါဘူး။

အခုတလော ကိုယ်က ကားပြန်မောင်းကျင့် နေပါတယ်။ တကယ်တော့ ခုလို ကိုယ့်အားကိုယ်ကိုးပြီး သွားသင့် လုပ်သင့်နေတာ ကြာပါပြီ။ ခုမှသာ မသွားမဖြစ် သွားရမဲ့ နေရာတွေ၊ မလုပ်မဖြစ် လူခွဲလုပ်ရမဲ့ အလုပ်တွေနဲ့မို့ သူ့ကို ပုံပြီး အားကိုးနေတာတွေ ဒီဂရီနည်းနည်း လျှော့ထားတယ်။ ကိုယ်တိုင် သွားနိုင်အောင် လုပ်နိုင်အောင် ကြိုးစား လုပ်ကြည့်နေတယ်။



အခုဆိုရင် ကိုယ့်ကို လမ်းပေါ်မှာ တုန်တုန် တုန်တုန် တွေ့ရမှာပါ။ ဘာကြောင့် တုန် ရသလဲ ဆိုရင် ကိုယ်က မြို့တွင်းလမ်းလေးတွေကနေ မသွားဘဲ ရာရာစစ ဖရီးဝေးပေါ် တက် မောင်းနေလို့ပါ။ အရင်က ဖရီးဝေး မမောင်းဘူးလေ..။ ကြောက်ကြောက်နဲ့ ဖရီးဝေးပေါ် တက်ရတာမို့ လူက တုန်နေသလို ကားကပါ လိုက်တုန်နေတယ် လို့ ကိုယ်က ထင်တယ်။

ဖရီးဝေးပေါ် တက်မောင်းနေပြီဆိုလို့ တိုးတက်နေပြီလို့ အထင်မကြီးပါနဲ့အုံး။ ကိုယ့်ပုံစံက လူအများ ခေါ်ချင် ပြောချင်ပုံ အင်မတန်ပေါက်ပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကားကို ကျော်တက်ပြီး အတော်ကို စိတ်ဆိုးမာန်ဆိုးနဲ့ တစောင်းကြီး စွေစောင်းကြည့်သွားတာကို ခဏခဏ ပြုံးပြရဖူးတယ် (ကိုယ်နှေးနေလို့)။

တခါတလေ ပြူတင်းပေါက်မှန်ကိုချ အော်ဟစ် နှုတ်ဆက်သွားတာမျိုး ကြုံဖူးတယ် (တကယ်က ဆဲသွားတာနေမှာ)။ တချို့ကတော့ ကိုယ်က ပြန် ကြည့်လိုက်ပါမှ လက်ထောင် ပြတယ်၊ အစက လက်ပြ နှုတ်ဆက်တယ် ထင်မိတာ။ ငါ့အသိလဲ မဟုတ်ပါဘူး လို့ စိုက်တောင် ကြည့်လိုက်သေး။ ပြန်တော့ ပြုံးပြလိုက်ပါတယ်လေ..။ သူလဲ အတော် ကြောင် အ သွားပုံပဲ။

တကယ်က ကိုယ်က ခဲမှန်ဖူးတဲ့ စာသူငယ် ဖြစ်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပရောက်မှ ကား ၂ကြိမ် တိုက်ဖူးပါတယ်။ တခါက စင်ကာပူမှာ၊ နောက်တခါက အခု LA မှာ။ အဲဒီအကြောင်းလဲ ကြုံတုန်း ပြောပြပါရစေအုံး။

စင်ကာပူမှာ တိုက်တုန်းက ကိုယ်က နေမကောင်းဖြစ်နေချိန်။ အရမ်းဖျားပြီး ဆက်တိုက် အန်နေတယ်။ ဒါနဲ့ ဆေးခန်းကို နှစ်ယောက်သား ပြေးကြတာပေါ့။ ကိုယ်က ဆေးခန်းအသွား လမ်းမှာလည်း အန်တုန်းပဲ။ ဒါနဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ အန်ရတယ်။ ကိုယ်က အန်ရင် ပါးစပ်ကို တစ်ရှူးနဲ့ သုတ်လိုက်၊ တစ်ရှူးကို ကြွပ်ကြွပ်အိတ်ထဲ ပစ်ထည့်လိုက်၊ ဆက်အန်လိုက် နဲ့။

တော်တော်ကြာတော့ ကိုယ်အန်နေတဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ သွေးတုံးကြီး သွားတွေ့တာ..။ ကိုယ်လဲ လန့်ပြီး “အကိုရေ ချိုသင်း သွေးတွေ အန်နေပြီ” လို့ သူ့ကို လှမ်းပြောမိတယ်။ သူကလဲ ပျာပြီး ဟေ..ဟုတ်လား တဲ့။ ကားမောင်းရင်းတဖက် ကိုယ်အန်နေတဲ့ အိတ်ထဲ လာငုံ့ကြည့်လိုက်တာ ရှေ့က ကားကို ဂျိမ်းလိုက်ပါလေရော..။

တကယ်က ကိုယ်မှားတာ..။ ကိုယ်သုတ်နေတဲ့ တစ်ရှူးက ပန်းရောင်ဆိုတော့ ကြွပ်ကြွပ်အိတ်ထဲရောက်သွားတဲ့အခါ အရည်စိုပြီး အနီရောင်ဖြစ်သွားတာကို ကိုယ်က သွေးတုံး ထင်သွားတာလေ..။

ကားတိုက်ပြီလို့ သိလိုက်တော့ ထူပူသွားတယ်။ ကိုယ်က နောက်က သွားဆောင့်တာကိုး။ ကိုယ့်အမှားပေါ့။ ရှေ့ကကားကလဲ ရပ်ပြီး လူ၀၀ကြီးတယောက် ဆင်းလာတယ်။ အဲဒီအချိန်မှာ ကိုယ်က တံခါးဖွင့်ပြီး ကြွပ်ကြွပ်အိတ်ကြီးကိုင်ပြီး ပြေးဆင်းသွားတယ်။ ပြီးတော့ ဘာမပြော ညာမပြောနဲ့ ကြွပ်ကြွပ်အိတ်ကို အတင်းထိုးပြတာပါ။

ဟိုလူလဲ အတော်စကားပြောရမယ် မှတ်တာ၊ ကြွပ်ကြွပ်အိတ်ကြီး လာပြတော့ သူလဲ အိတ်ထဲ ငုံ့ကြည့်မိတယ်။ အန်ဖတ်တွေ တွေ့တော့ စိတ်အရမ်းလေ သွားပုံပဲ။ ဒါပေမဲ့ ကိုယ့်ရင်ထဲက စကားတွေ သူနားလည်သွားပြီ။ ဆေးခန်းအရင် ပြပြီးမှ ၀ပ်ရှော့ကို လိုက်ခဲ့ပါ တဲ့။ ဒီကားက သူပိုင်ကား မဟုတ်၊ ရုံးကားမို့ ကားတော့ ပြင်ပေးပါ တဲ့။ ဒီလောက် သဘောကောင်းတဲ့ စင်ကာပူသား မတွေ့ဖူးဘူး။ အန်ဖတ်တန်ခိုး ထင်တယ်။

နောက်တခါကတော့ LA မှာ ဖြစ်တာပါ။ ဒီတခါတော့ ကိုယ် မအန်တော့ဘူး။ ကိုယ်တို့ အမှားလဲ မဟုတ်ဘူး။ ဖရီးဝေးပေါ်မှာ ရှေ့ကားက ဘရိတ်ဆောင့်အုပ် ရပ်လိုက်တော့ ကိုယ်တို့လဲ လိုက်ရပ်လိုက်တယ်။ ကိုယ်တို့ရှေ့မှာ safety distance ရှိလို့ ကားမတိုက်မိဘူး။ ဒါပေမဲ့ နောက်က ကားကတော့ အရှိန်မထိန်းနိုင်လို့ အရှိန်နဲ့ ကိုယ်တို့ကားနောက်ကို ၀င်ကြုံးတာပါ။
တိုက်တဲ့ကားပေါ်မှာ ကလေး ၃ယောက် နဲ့ ကလေးအမေ ပါတယ်။ အမေက ကလေးတွေကို ထိန်းရင်း မောင်းတော့ ရှေ့ကား ရပ်လိုက်တာကို သတိမပြုမိဘဲ ဖြစ်သွားတယ်။

အဲဒီနေရာမှာ ကားတိုက်တာနဲ့ မဆိုင်တာလေး ပြောချင်သေးတယ်။ ကား နောက်ကြည့်မှန် ကနေ အရှိန်နဲ့လာနေတဲ့ ကားကိုလဲ မြင်ရော ကိုယ့်အမျိုးသားက စတီယာရင်ကို လက်လွှတ်ပြီး ကိုယ့်ကို လှမ်းဖက် ထိန်းလိုက်တာပါ။ နောက်ကနေ အရှိန် နဲ့ တိုက်တော့မယ် လို့ သူက မြင်ရတယ်လေ။ ကိုယ် ရှေ့က dashboard နဲ့ ဆောင့်မိမှာ စိုးလို့လေ..။

အဲဒီအချိန်လေးက လျှပ်တပြက် ခဏတွင်း ဖြစ်သွားတာလေးပဲ။ ဒါပေမဲ့ တကယ့်အရေးအကြောင်းမှာ ကိုယ်ကလဲ ခါးပတ် ပတ်ထားပါလျက်နဲ့ စိတ်ပူဖော် ရလို့ ကိုယ်က ပြန်တွေးတိုင်း ကြည်နူးနေမိတာ..။ အမှန်ခြစ် အကြီးကြီး တမှတ် ဆိုပါတော့..။

ခုတော့ လမ်းတွေလဲ နည်းနည်း သိလာပါပြီ။ အိမ်နဲ့ ဆိုင် သွားတဲ့ လမ်းကိုတော့ ကောင်းကောင်း သိပြီ (မသိခံနိုင်ရိုးလား၊ အသွားအပြန် တနေ့ ၂ခေါက်လေ..)။ တပတ်စာ ဈေးဝယ်မယ်ဆိုရင် ဈေးဆိုင်ကို ၂ခေါက်လောက် လမ်းမှားပြီးရင် ဆိုင်ကို တန်းကနဲ ရောက်ပါပြီ။ မဆိုးဘူး ခေါ်ရမှာပေါ့။

ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်တည်ဆောက်နေတဲ့ ကာလ လို့ ပြောရမယ် ထင်တယ်။ သီချင်းလဲ ကိုယ်မောင်းရင် စိတ်များမှာစိုးလို့ မဖွင့်ဘဲထားတာ ခုတော့ တဖြည်းဖြည်း အသံ တိုးတိုးလေးကနေ ကျယ်လာပြီး လိုက်ဆိုရဲတဲ့ အဆင့်တောင် ရောက်နေပြီ။

တနေ့ကတော့ ကျောင်းကအပြန် သီချင်းလေးဆို ပြီး တယောက်တည်း မောင်းပြန်လာတယ်။ ဖွင့်ထားတာ စိတ်ကြိုက် ရွေးသွင်းထားတဲ့ အခွေထဲက တင်ဇာမော် သီချင်း ထင်ပါရဲ့။ “မင်းရင်ထဲကို မေးကြည့်လိုက်ပါ ဒါ အချစ်စစ် လား” လို့ ဆိုပြီး လမ်းကြားလေးထဲ ကွေ့လိုက်တာ အရှိန်နဲ့ ကားကြီး တစင်းပေါ် တက်သွားပါရောလား။

ပြည်နယ် တခုကနေ တခုကို ကားလေးတွေကို စီတင်ပြီး ကားတွေ သယ်ပို့တဲ့ (car carrier truck) ထရပ်ကားအရှည်ကြီးတွေ ဟိုင်းဝေးလမ်းမကြီးတွေမှာ တွေ့ဖူးမှာပေါ့။ အခုလဲ အဲဒီကားကြီးက loading လုပ်ဖို့ ကားတက်လမ်းလေးကို မြေကြီးပေါ် ချထားတာ..။ သူရပ်ထားတာကလဲ လမ်းအကွေ့ထိပ် ဆိုတော့ ကိုယ်ကလဲ မမြင်ဘဲ ကွေ့ပြီး ကားကြီးပေါ် တခါတည်း တက်လမ်းလေးကနေ တန်းတက်သွားတော့တာလေ..။

ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိပြီး မေးကြည့်လိုက်စမ်းပါ ဘာညာ နဲ့ သီချင်းအဆို ကောင်းလိုက်တာ တခါတည်း မမေးလိုက်ရဘဲ တခြား စတိတ် ပါသွားတော့မလို့..။ ဟ..ဘယ့်နှာကြီးပေါ် တက်သွားပါလိမ့်၊ နောက်ပြန်ဆုတ်ပါဟ၊ ဆင်းပါဟ နဲ့ အတော် ချွေးပျံသွားတယ်။

နောင် ဆင်ခြင်စရာတွေ တိုးရပြန်တာပေါ့လေ..။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ကိုယ့်အကြိုက်

စာမရေးဖြစ်လို့ ကိုယ့်ဘလော့ကို မရောက်တာ ကြာပါပြီ။ ကံ့ကော်ပန်းလေးတွေတောင် ညှိုးကုန်ပြီ ထင်ပါရဲ့။

ကိုယ့်ဘလော့ကို မကြည့်ဖြစ်ပေမဲ့ သူငယ်ချင်းတွေ စာရေးတာကိုတော့ အချိန်ရတုန်းလေး အပြေးအလွှား သွားဖတ်တတ်တယ်။ သွားဖတ်တုန်း ပေါက်ထုံ က ဗြုန်းကနဲ tag လိုက်ပါရောလား။ ပြီးတော့ ကိုယ့် ထမိန်တွေ ထုတ်ပြ တဲ့။ ဘယ့်နှာတွေ ပြခိုင်းနေပါလိမ့်နော်။ ဒါနဲ့ အချိန်လုပြီး ထမိန်ကောက်ကိုင် အဲ..စာကောက် ရေးလိုက်ပါတယ်။

ကိုယ်ကြိုက်တဲ့ သဘောကျတဲ့ ထမိန်လေးတွေအကြောင်း ပြောပြရမယ်ဆိုရင် ကိုယ် က ငယ်ငယ်လေးကတည်းက ထမိန် သိပ်ဝတ်ချင်တဲ့သူပါ။ အပျိုကြီးလုပ်၊ ရှိုးထုတ်ချင်တယ် ဆိုပါတော့။ ထမိန်လေးဝတ်ပြီး သွားလာနေရရင် ကိုယ့်ကိုယ်ကို အတော်မိုက်သွားပြီ လို့ ဇွတ်ထင်မိတတ်သေးတယ်။



ကိုယ်တို့က ညီအမ လေးယောက်ဆိုတော့ အမတွေက ထမိန်တွေ တလွှားလွှားနဲ့မို့ အမေက အငယ်ဆုံးကိုယ့်ကိုတော့ ထမိန်နဲ့ စောစောစီးစီး မမြင်ချင်သေးဘူး တဲ့။ ဒါကြောင့် စကပ်လေးတွေချည်း ချုပ်ပေးတယ်။ ကိုယ်က ထမိန်ဝတ်ချင်လို့ ပူဆာတဲ့အခါ အမေက သမီးတသက်လုံး ထမိန်ဆိုတာ ၀တ်ရမှာ၊ အခု အရွယ်လေးငယ်တုန်း စကပ်ဝတ်ရတာ ၀တ်လိုက်ပါအုံး သမီးရယ် တဲ့။

ဒါကြောင့် ကိုယ် ၉တန်းနှစ်ကျမှ ကျောင်းစိမ်းမဟုတ်တဲ့ ပထမဆုံး ထမိန်လေးကို ပိုင်ဆိုင်ဖူးပါတယ်။ အဲဒီထမိန်က ရခိုင်ချိတ် လုံချည်လေးပါ။ အဖေ တောင်ကုတ်ဘက်ကို ဟောပြောပွဲသွားတုန်းက အမေ့အတွက် ၀ယ်လာခဲ့တဲ့ ထမိန်လေးပါ။ အဖြူရောင်အခံမှာ အညိုချိတ်သေးသေးလေးတွေနဲ့ပါ။

မိန်းကလေး ငယ်ငယ်တယောက်အနေနဲ့တော့ အချိတ်လုံချည်က တဆိတ် ကိုးရိုးကားယား နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ကတော့ အဲဒီထမိန်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီ။ ဘယ်သူ့မှ မပေးတော့ဘူး။ ကိုယ်ဝတ်တော့မှာ။ ဒါနဲ့ ဘိုင်အို ကျူရှင်ကို အသွားမှာ ကိုယ်ပထမဆုံး ၀တ်ပစ်လိုက်တယ်။

တကယ်တော့ မြန်မာအကျီ င်္လုံချည်ဟာ တကယ်ပဲ လူရွေးတယ်။ ပိန်ပိန်ပါးပါး ကိုယ်လုံးလှလှ ဂစ်တာရှိတ် မမများအတွက် အင်မတန် လိုက်ဖက်ပါတယ်။ ကိုယ်လို စည်ပိုင်းရှိတ် အတွက်တော့ ဘီယာစည်ကလေး လိမ့်လာသလိုပါပဲ။ လမ်းလျှောက်ကလဲ မြန်လေတော့ ထမိန်တုပ်ပြီး ရှေ့ပဲ ဟပ်ထိုးလဲတော့မလို လုံးထွေး လျှောက်တတ်တယ်။

ဒါပေမဲ့ ကိုယ့်ဖာသာကိုယ်တော့ မိုးမမြင် လေမမြင်ပါ။ အမိုက်ကြီးမိုက်နေပြီ လို့ မိုက်မိုက်မဲမဲ ထင်နေတာပါ။ ထမိန်ကို သေသေချာချာ မြဲမြဲခိုင်ခိုင် ၀တ်တတ်အောင် ကိုယ့်ကို ထိန်းတဲ့ အမ မခင်ဆင့်က သင်ပေးတယ်။ အဲဒီကစပြီး ထမိန်ကို မြတ်မြတ်နိုးနိုး ၀တ်လာလိုက်တာ ဒီနေ့အထိပါပဲ။

ပိုင်ဆိုင်ဖူးတဲ့ ထမိန်လေးတွေကတော့ အမျိုးမျိုးပေါ့။ ဈေးကြီးတာတွေလဲ ပေါပေါများများ မ၀တ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကြိုက်တာလေးတွေ ပြောရရင် အရောင်ရင့်ရင့်ပေါ်မှာ အဖြူပွင့်လို အဆင်သေးသေးနှုတ်နှုတ်လေးတွေ ပါတဲ့ တရုတ်ပိတ် အဆင်မျိုး ကြိုက်တတ်တယ်။ လူက လုံးရတဲ့အထဲ အပြာရင့်နောက်ခံနဲ့ ဘော်လုံး အဖြူလေးတွေနဲ့ဟာမျိုး သဘောကျတယ်။

တခါက အနက်ရောင်မှာ အနီရောင် နေကြာပန်းအပွင့်ကြဲကြဲကြီးတွေ ရောယှက်ထားတဲ့ ထမိန်လေးတထည် ၀ယ်မိတယ်။ ဆရာဒဂုန်တာရာရဲ့ ၀တ္ထုတွေထဲက ယှက်ခြယ်နေတဲ့ အရောင်တွေကို သဘောကျမိလို့ပါ။ ၀ယ်ပြီးမှ ကိုယ့်ရုပ်နဲ့ လူရွှင်တော်လိုလို ဗေဒင်ဆရာလိုလို များ ဖြစ်သွားပလားလို့ ထင်မိပေမဲ့ နှောင်းသွားပြီ။ စိတ်မြူးတဲ့အချိန်မျိုး အဲဒီလုံချည် ၀တ်တတ်တယ်။

တကယ်က ကိုယ်က အ၀တ်အစားကို ဂရုမပြုတတ်ဘူး။ ပြင်ပြင်ဆင်ဆင် နေတတ်သူလဲ မဟုတ်လေတော့ လှပဖို့ထက် သူများအမြင်မှာ သပ်ရပ်နေရင် ကျေနပ်ပါပြီ။ ဒါပေမဲ့ တခါတလေမှာ အဲဒီအဆင့်လေးတောင် မမီဘဲ ကြောင်ကြားထွက်သွားတာမျိုး၊ ငါ့မြင်းငါစိုင်းပုံမျိုး ထွက်သွားတာ ရှိတတ်သေးတယ်။ မတတ်နိုင်ဘူး။

တခါကလဲ အညိုရောင်မှာ အသည်းပုံလိုလို ကွက်ကြားဆင်ကြီး ၀ယ်မိသွားတယ်။ အဲဒါရွေးတုန်းက ဘာလို့ရွေးမိသလဲ ခုထိ စဉ်းစားမရဘူး။ ငါစိတ်ရူးပေါက်တုန်း ဆိုင်ရှင်အားနာပြီး ၀ယ်မိတာ ထင်ရဲ့ ဆိုပြီး အဲဒီအဆင်ကို ခုထိ မျက်စိထဲ မြင်နေသေးတယ်။ အနုပညာမျက်စိရှိတယ် ခေါ်ရမှာပေါ့။ ကိုယ့်ဖာသာကိုယ်တောင် ကြည့်မရဖြစ်နေသေး။

သူ့မိဘတွေနဲ့ လိုက်တွေ့တုန်းကတော့ ငါ ဒီလို စွတ်ရွတ် လုပ်လို့ မဖြစ်ချေဘူး ဆိုပြီး ၀တ်ဖို့ လုံချည် စဉ်းစားလိုက်တာ တော်တော် ချွေးပျံသွားသေးတယ်။ နောက်တော့ အပြာရင့်ရောင် ချိတ်လုံချည်လေး နဲ့ ရင်ဖုံးအကျီ င်္လေး ရွေးဝတ်လိုက်မိတယ်။ ပထမတော့ မျဉ်းကျားလိုလို အနက်အ၀ါကြား အဆင်မျိုး ၀တ်အုံးမလို့ ယီးတီးယားတား လုပ်နေသေးတာ။ အဲဒါဆို သူနဲ့ ဖူးစာတောင် ဆုံပါ့မလား မသိ။

မင်္ဂလာဆောင်မယ်ဆိုတုန်းကတော့ အမရပူရမှာ အချိတ်လုံချည်လေး သွားဝယ်သေးတယ်။ အဖေရယ်၊ ကိုယ်ရယ်၊ ကိုယ့်အမအကြီးဆုံး မစံရယ် သွားဝယ်ကြတာ။ မန္တလေးက ခင်တဲ့ အမ ပန်တျာဌေးဌေးမြင့်က လိုက်ပို့ပေး၊ သေချာ လိုက်ရွေးပေးတယ်။ လုံချည်တွေက အများကြီးပဲ။ ဆိုင်ရှင်ဖြန့်ပြတိုင်း ကိုယ်က ကြိုက်နေလို့ ခေါင်းညိတ်နေတာ။ ပြုံးပြုံး ပြုံးပြုံး နဲ့။

ကိုယ်က ဂျီး(ကြေး)မများတတ်လို့ ဆိုင်ရှင်က အစက သဘောကျနေသေးတယ်။ နောက်မှ မဟုတ်သေးပါဘူး၊ ဒီတယောက်တော့ တဆိုင်လုံး ဖြန့်ပြလဲ ကြိုက်မဲ့သဘောရှိတယ် ဆိုပြီး ရပ်လိုက်မှ ခဲရောင်အောက်ခံမှာ ပန်းရောင်ချိတ်လေးတွေပါတဲ့ ကြိုးကြီးချိတ်လေးတထည် အမြန်ရွေးခဲ့ရတယ်။ ဆိုင်ရှင်ရိုက် မထုတ်ခင်ပေါ့။

အခုတော့ ကိုယ် ၀တ်ဖြစ်နေတာက ကချင်လုံချည်လေးတွေ၊ ချည်လုံချည်လေးတွေပါ။ မြန်မာပွဲလမ်းတွေရှိတိုင်းလဲ အိမ်ကပို့ပေးတဲ့ ထမိန်လေးတွေ ထုတ်ထုတ်ဝတ်ပြီး ကျေနပ်နေတာပါ။ ပင်နီအကျီ င်္လေးတွေနဲ့ တွဲဝတ်ရတဲ့ ယောလုံချည်လေးတွေကိုလဲ မြတ်မြတ်နိုးနိုး နှစ်သက်မိလို့ အမြဲပဲ ၀တ်မိပါတယ်။ မြန်မာမှန်ရင် ပင်နီနဲ့ ယောလုံချည်လေးတော့ ရှိသင့်တယ်လို့ ထင်မိလို့ပါပဲ။

ကိုယ်နှစ်သက်တဲ့ လုံချည်လေးတွေအကြောင်း ဆိုပေမဲ့ ကိုယ့်အတွက် အမှတ်ရစရာလေးတွေ ပြန်သတိရမိတာမို့ လုံချည်အကြောင်းထက် ကိုယ်ရေးကိုယ်တာတွေပဲ ဖြစ်နေပြီလားမသိ။ ဒါပေမဲ့ ခင်မင်လို့ တဂ်ပါတယ်ဆိုတဲ့ ပေါက်ကို ပြောချင်တာက ခပ်ဝေးဝေးက စည်ပိုင်းပုလေး ထောင်ထားတာ မြင်ရင် ကိုယ် မြန်မာထမိန်လေးကို မြတ်နိုး နှစ်သက်စွာဝတ်နေပြီလို့ နားလည်ပေးလိုက်ပါတော့လေ….။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

သာမန်အဖိုးကြီး

အလုပ်များနေတာရော၊ ဒီလို လ မျိုးမှာ အလုပ်များနေ အလုပ်ရှုပ်နေအောင် ကြိုးစားပြီး နေနေမိတာရောကြောင့် ဘလော့လေးကို လှည့်မကြည့်ဖြစ်တာ ကြာပါပြီ။ ဒီလိုလတွေဆို ရာသီဥတုက အေးအေး၊ လူ့ခံစားချက်က ခပ်ဆွေးဆွေးမို့ အသံတိတ်လို့သာ ကြိတ်မှိတ်နေချင်မိတာပါလေ..။

ဒါပေမဲ့ ဒီနေ့တော့ အဖေ့ ကဗျာလေး တပုဒ် တင်ချင်မိတယ်။ ကဗျာ နံမည်က အဖိုးကြီး စစ်တမ်း တဲ့။ ဖတ်ကြည့်ပါအုံး..။

အဖိုးကြီး စစ်တမ်း

အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက် အောက် စကားတွေ တပြောပြောနဲ့
တသောသောနေ
အမောဖြေတတ်တဲ့ အဖိုးကြီး။

သေရိပ်နီးခါမှ
စိပ်ပုတီး နာနာကိုင်
မဟာမြိုင် တောရမှီးပေမဲ့
ဒေါသကလဲ ကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။

ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့
ငါဟယ် မင်းဟယ်
ငြင်းမယ် လို့ မကြံနဲ့
မင်းတို့က မမှန်
ငါသာလျှင် အမှန် လို့၊ ငါ မာန်တွေ တက်
ငါ အရိုးမျက်နေတဲ့၊ လက်တို အခက်ပို အမျက်သို နေတဲ့ အဖိုးကြီး။

ဒီလို အဖိုးကြီးမျိုးတော့ ဆောရီး..ဆောရီး
မဖြစ်ချင်ပေါင်။

ကြွေခါနီးတဲ့ သစ်သီးလို
အသက်ကြီးတော့လဲ အဖိုးကြီး ဖြစ်မှာပေါ့လေ..
ဒါပေမဲ့ ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ် ကိုယ်ဆင်း၊ ကိုယ့်ယာခင်း ကိုယ်စိုက်
လျှာအလိုမလိုက်၊ ဘာကိုမှ မကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေ
စာပေလဲ မပြတ်၊ ကဗျာတွေလဲ ဖတ်
ရပ်သူ ရွာသားတွေနဲ့
ထပ်တူမခြား နေတတ်တဲ့
ဇရပ်ငုံးတို တာတမံ ခရိုး အနီးက
မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးပဲ ဖြစ်ချင်တယ်။

တင်မိုး
၁၄၊၉၊၂၀၀၃


ဒီနေ့တနေ့လုံး ဟင်းတွေ ချက်ပြီး မနက်ဖန်မှာ ဆွမ်းကပ်ဖို့ ချက်ပြုတ် ပြင်ဆင်နေပါတယ်။
အရင်က ကိုယ်ဟင်းချက်ရင် နံဘေးက စားပွဲလေးမှာ စာရေးရင်း စကားပြော အဖော်လုပ်ပေးတတ်တဲ့၊ သမီးဘာချက်ချက် ကောင်းတာပဲ ပြောတတ်တဲ့၊ မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးကို လွမ်းဆွတ်မိပါရဲ့..။

အလွမ်းခရီး ၃နှစ် ပြည့်ခဲ့ပြီလေ..။
ပြုသမျှ ကုသိုလ်အစုစု ကို ရောက်ရာဘ၀က သာဓု ခေါ်ပါ အဖေ..။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

လွတ်လပ်ရေးနေ့ အတွေး

ဒီနေ့ဆို မြန်မာပြည်မှာ လွတ်လပ်ရေးနေ့ပေါ့။

ကိုယ်တို့ငယ်ငယ်က လွတ်လပ်ရေးနေ့ဆို သိပ်ပျော်တာပါ။ အဲဒီတုန်းက ပျော်တာက သူ့ကျွန်ဘ၀က လွတ်မြောက်ခဲ့ရတဲ့ ကိုယ်တို့ဘ၀တွေကို သဘောပေါက် ခံစားပြီး တန်ဖိုးထား နားလည် လို့တော့ မဟုတ်သေးဘူး၊ ကလေးဆိုတော့ ကိုယ်တို့ ပျော်ပုံက တမျိုး။

လွတ်လပ်ရေးနေ့ဆို ကျောင်းတွေက ပိတ်တယ်၊ ကျောင်းစာတွေကနေ ခဏ လွတ်လပ်ရေး ရတဲ့သဘောပေါ့။ ကလေးဆိုတော့လဲ ကျောင်းပိတ်ရက်တွေသာ လက်ချိုး ရေတွက်ခဲ့ရတာပါလေ..။ နောက် ရပ်ကွက်တွေ မြို့နယ်တွေမှာ ပြေးပွဲ ပြိုင်ပွဲ ကစားပွဲတွေ လုပ်ကြတယ်။ ဒီကျောင်းပိတ်ရက်က ရိုးရိုးပိတ်ရက် မဟုတ်ဘူးလေ၊ ကစားပွဲတွေ မြိုင်တဲ့ ကျောင်းပိတ်ရက်ဆိုတော့ ပိုပျော်မိတာပေါ့။

ဇန်န၀ါရီ ရဲ့ မြူတွေ ဝေနေတဲ့မနက်ခင်း၊ နှစ်သစ်တခုရဲ့ စောစောစီးစီး မနက်ခင်းလေးမှာ လူတွေအားလုံး လန်းဆတ် တက်ကြွနေသလိုပဲ။ အိမ်ရှေ့မှာ မီးပုံလေး ဖိုပြီး၊ မီးထဲကို ထန်းပင်မြစ်လေးတွေ ထည့်စားပြီး ကိုယ်လဲ မီးပုံဘေးမှာ ကလေးဘာဝ ခုန်ပေါက် ဆော့ကစား နေမိတာ..။ ကိုယ်တို့ ငယ်ငယ်ကနေခဲ့တဲ့ ဆရာ ဆရာမတွေ နေတဲ့ ခြံဝင်းလေးမှာလည်း တခြားလမ်းကလူတွေနဲ့ စုပြီး ကစားပွဲလေးတွေ လုပ်ခဲ့ကြပါတယ်။



ညဖက်ကတည်းက လူကြီးတွေက မီးတွေထွန်းပြီး ပြိုင်ပွဲအတွက် ပြင်ဆင်နေကြပြီ။ ကားလမ်းတွေ ပိတ်ပြီး လမ်းပေါ်မှာ မျဉ်းအဖြူတွေ ဆွဲပြီး ထုပ်ဆီးတိုး တမ်း တို့ ဖန်ခုန်တမ်းတို့ ကစားကြ ပြိုင်ကြတယ်။ အနိုင်ရသူကို ဆုပေးဖို့ ဆုတွေ ထုပ်ကြ ပိုးကြတယ်။ ဆုတွေကလဲ ကြီးကြီးမားမား များများစားစား မဟုတ်ပေမဲ့ ဒါတွေကိုပဲ ခိုးကြည့်ပြီး ရင်ခုန်ခဲ့ရတာ..။

ကိုယ်လဲ ဘယ်နေမလဲ။ ကစားပြိုင်ပွဲတွေမှာ ကိုယ်တို့မောင်နှမ နှစ်ယောက် ၀င်ပြိုင်ခဲ့သေးတာပါ။ ဆုကတော့ ၅ပွဲလောက် ကစားမှ တခု လား ရဖူးတာပါ။ ဒါတောင် ဒုတိယ ဆုပါ။ ပြေးပွဲတွေမှာ ကလန်ကလားနဲ့ နောက်ဆုံးက ကျားကုတ်ကျားခဲ ပြေးနေတာမျိုး ကိုယ့်ကို မြင်ရမှာ..။ ဒါပေမဲ့ ပျော်တာကိုတော့ တားမရဘူး။ ဆုမရလဲ ကိစ္စ မရှိ၊ ကစားရရင် ကျေနပ်ပြီ။ သူငယ်ချင်းတွေနဲ့ ဟိုပြေး ဒီပြေးလုပ်နေရရင်ကိုပဲ ပျော်နေပြီ။

လွတ်လပ်ရေးနေ့တိုင်း အမေက အိမ်မှာ ကောက်ညှင်းပေါင်း ပေါင်းတတ်သေးတယ်။ ကောက်ညှင်းပေါင်း ကို အိုးအကြီးကြီးနဲ့ ပေါင်းတယ်။ ငချိတ် တဖက်၊ ကောက်ညှင်းဖြူ တဖက် ပန်းကန်ပြား အကြီးကြီးထဲ ထည့်ပြီး အုန်းခြစ်ဖြူဖြူဖွေးဖွေးလေးတွေ ဖြူးထားရင် မွှေးနေတာပဲ။ ငါးရံ့ခြောက်လေး၊ ပဲပြုတ် ဆီဆမ်းလေးကို ဘေးမှာ ပုံထားရင် ကိုယ်က တစွတ်စွတ် လက်နဲ့ဆုပ်ပြီး အလုံးလေးတွေ လုပ်၊ စားတတ်တယ်။

လွတ်လပ်ရေးနေ့တိုင်း အဖေ့မိတ်ဆွေတွေ အိမ်မှာ ကောက်ညှင်းပေါင်း လာစားကြတယ်။ အိမ်ရှေ့မှာ ၀ိုင်းထိုင်ပြီး ကောက်ညှင်းပေါင်းလေးနဲ့ ရေနွေးပူပူလေး မှုတ်ပြီး စကားတပြောပြော စားကြတယ်။ ကဗျာတွေ သူတို့ ရွတ်ကြတယ်။ ရီသံတွေ တသောသော ကြားရတယ်။ အဖေ့ကို ပြုံးပြုံး ပြုံးပြုံး နဲ့ လူအုပ်ကြားထဲကနေ မြင်ရတတ်တယ်။ အမေ့ကိုလည်း ကြည်ကြည်နူးနူး လုပ်ကိုင်ပေးနေတာ တွေ့ရတတ်တယ်။

ဒါက ကိုယ့်ငယ်ဘ၀ မိစုံ ဖစုံ နဲ့ ဖြတ်သန်းခဲ့ရတဲ့ လွတ်လပ်ရေးနေ့တွေပေါ့။

နောက်တော့ အရွယ်တွေရောက်လို့ လွတ်လပ်ရေးနေ့ အဓိပ္ပါယ်ကို စာအုပ်တွေထဲမှာ ရှာဖွေ ကြည့်မိတတ်ပြီ။ ၁၉၉၀မှာ အမေ ဆုံးပါးသွားတော့ လွတ်လပ်ရေးနေ့တွေမှာ ကောက်ညှင်းပေါင်း ပေါင်းကျွေးမဲ့သူလဲ မရှိတော့။ နောက်..အဖေ့ကို ညဉ့်ငှက်ဆိုးတွေ သုတ်သွားတဲ့ ည..။ လွတ်လပ်ရေးနေ့တွေကို ကိုယ်တို့ မောင်နှမတွေချည်း တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းခဲ့ကြတယ်။

ကန္တာရ နှစ်တွေ ဖြတ်အပြီး အဖေ လွတ်လာတဲ့နောက် သားအဖ အတူနေခဲ့တဲ့ အချိန်တွေမှာ စကားတွေ ပြောဖြစ်ကြတယ်။ ရောက်တတ်ရာရာ ကြုံရာကျပမ်းပေါ့။ တခါကတော့ ကိုယ်က မေးခွန်းတခု မေးမိတယ် ထင်ပါရဲ့။ “အဖေ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မနေရတဲ့၊ အထဲက အချိန်တွေမှာ မှတ်မှတ်ရရ ဘယ်အချိန်ကို စိတ် အထိခိုက်မိဆုံးလဲ” လို့..။

“အဲဒီနေ့က မနက်အစောကြီး အဖေ့ကို သူတို့ လာနှိုးတယ်။ မနက် ၅နာရီလောက် ဖြစ်မယ် ထင်တယ်။ အဖေကလဲ အဖေ့ကို လွှတ်တော့မှာမို့ လာခေါ်တယ် ထင်မိတာ။ ကပျာကသီပဲ ထ လိုက်လာခဲ့တာ။ နောက်မှ အချုပ်ပြောင်းတာမှန်း သိရတယ်။”

“အဖေ့ကို ချုပ်ထားတာ ကျောက်တံတား ရဲစခန်းမှာလေ..။ သူတို့က အဖေ့ကို လူတွေ မနိုးခင် အချုပ်ပြောင်းတာ။ နံမည်ကြီးလူဆိုးတွေကို ထားတဲ့ ဘားလမ်းက စတီးဝပ်အချုပ်ကို ပို့တာ။ ကဗျာဆရာကို ကဗျာရေးလို့ ထောင်ချမယ်လို့ တရားစွဲပြီး အင်းစိန်ထောင်ကို ပို့ဖို့ပေါ့။ ရမန်ယူဖို့ ဘားလမ်းအချုပ်ကို ပြောင်းထားတာပဲ။”

“အဖေ့ကို ခေါ်ဖို့ ကားက အဆင်မပြေဘူးထင်ပါရဲ့။ လမ်းလျှောက်ပဲ ခေါ်သွားတော့ကွာ တဲ့။ အဖေရယ်၊ နောက်ထပ် အချုပ်သားနှစ်ယောက်ရယ်၊ ရဲသား နှစ်ယောက်ရယ်။ ကျောက်တံတား ရဲစခန်းကနေ ဘားလမ်းကို လမ်းလျှောက်သွားရတယ်။”

“လမ်းပေါ်မှာ လူတွေကလဲ ရှင်းလို့..။ ကားတွေလဲ ရှင်းနေတာပဲ။ အဖေ့လက်ကို သူတို့ ကြိုးတွေ တုပ်ချည်ထားကြတယ်။ မနက်က စောစောစီးစီး၊ အေးက အေးသနဲ့။ အဖေတို့ ခပ်ဖြေးဖြေးပဲ လျှောက်သွားကြတယ်။ အဲဒီအချိန်မှာ ဆူးလေဘုရားဘေးက အဖေတို့ ဖြတ်သွားရတာ သမီး။”

“ဆူးလေဘုရားကြီးက မီးတွေ ထိန်ထိန်ညီးနေတာ သပ္ပါယ်လိုက်တာ သမီးရယ်။ မြတ်စွာဘုရားကို ကြိုးတွေ တုပ်ထားတဲ့ လက်နှစ်ဖက်နဲ့ အဖေ လမ်းလျှောက်ရင်း ရှိခိုးလိုက်ပါတယ်။ အဲဒီအချိန်မှာ အဖေ သတိရလိုက်တာက ဒီနေ့ဟာ လွတ်လပ်ရေးနေ့ ဆိုတာပါပဲ။ အဖေ က ကဗျာဆရာ၊ ကျောင်းဆရာ ပါ သမီး။ အဖေ မျက်ရည်ကျမိတယ်။ အော်..မြန်မာပြည်ကြီး လွတ်လပ်ရေးရတဲ့ နှစ်ပတ်လည်နေ့မှာ ငါ မလွတ်လပ်ပါလား လို့..။ အထဲမှာ နေရတဲ့ အချိန်တွေထဲမှာ အဲဒီအချိန်လေးဟာ အဖေ စိတ်အထိခိုက်ဆုံး အချိန်ပါပဲ” တဲ့။

ကိုယ်လဲ နားထောင်ရင်း မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလို့..။ အဖေ့ကိုယ်၀၀ကြီးကို ဖက်ထားမိတယ်။ ကိုယ်တို့မိသားစုတွေ မပါဘဲ အဖေတယောက်တည်း ဖြတ်သန်းလိုက်ရတဲ့ လွတ်လပ်ရေးနေ့ကို ရင်ထဲမှာ ဆို့မိလို့..။

ကိုယ့်ဘ၀မှာ အဖေ မျက်ရည်ကျတာ မမြင်ဖူးဘူး။ အဖေက အနုပညာသမားမို့ ခံစားလွယ်၊ ထိခိုက်လွယ်တတ်လို့ စိတ်ပျော့ပြောင်းသူဆိုတာ မှန်ပေမဲ့ အဖေ့ မျက်ရည်ကိုတော့ ကိုယ် မမြင်ဖူးခဲ့ဘူး။ အဖေ မျက်ရည်ကျတယ်ဆိုတာ ဒါ ပထမဆုံး အဖေ ပြောဖူးတာပါပဲ။ ပြန်ပြောတဲ့အချိန်မှာလဲ မျက်နှာက မှုန်မှိုင်းနေပေမဲ့ မျက်ရည် မကျခဲ့ပါဘူး။ အဖေ့ရင်ထဲမှာတော့ ကိုယ် မသိတတ်နိုင်ဘူးလေ..။

ဘာရယ်မဟုတ်၊ လွတ်လပ်ရေးနေ့မှာ လွမ်းမိ တွေးမိတာလေးတွေ ရေးကြည့်တာပါ။ ဆူးလေ ဘုရားလမ်းပေါ်မှာ ကျခဲ့တဲ့ မျက်ရည်တွေ ခြောက်သေးရဲ့လား လို့တော့ ကိုယ် ဆက် မတွေးချင်တော့ပါဘူးလေ..။

မိုးချိုသင်း


အပြည့်အစုံဖတ်မယ်...