ဘလော့ဂ်ကလေး တခုလောက် လုပ်မယ်လို့ စဉ်းစားလိုက်တော့ တခြားဘာတွေရေးမယ် ဘယ်လိုလုပ်မယ်တွေ မစဉ်းစားနဲ့အုံး၊ ကိုယ့်ကိုယ်ကိုတော့ ဘ၀ကြီးမှာ တော်တော်အသုံးမကျတဲ့သူမှန်း သိသွားရတယ်လေ။
ဘာဖြစ်လို့လဲဆိုတော့ ဘလော့ဂ်လုပ်ရင် အခြေခံအဆင့်က ကွန်ပျူတာထဲမှာ ဇော်ဂျီဖောင့် သွင်းပြီးသား ဖြစ်နေရမယ်၊ ရိုက်တတ်ရမယ်၊ ယူနီကုတ် ဆိုလား ရှိရမယ် စသဖြင့်ပေါ့။ ကိုယ်က ကွန်ပျူတာမှာ သုညထက် နည်းနည်းနိမ့်တဲ့အဆင့်လေးမှာ တစ် နေတာဆိုတော့ တော်တော်ဦးနှောက်ခြောက် သွားးရတယ်။ အရပ်ကူပါ လူဝိုင်းပါ ဖြစ်သွားတာပေါ့။
လူအပြင် ဘုန်းဘုန်းပါ အဆစ်ပါသေးတယ်။ ဘုန်းဘုန်းတောင် ကိုယ့်ထက်ကျွမ်းသေးတယ်လေ။
တကယ်တော့ ကိုယ့်ဖာသာပဲ အပြစ်တွေပုံ တင်လိုက်ပါတယ်။ ဆတ်ဆော့မိတာကိုး။ တနေ့တနေ့ အင်တာနက်ကနေ သတင်းတွေဖတ်၊ ဘလော့ဂ်တွေထဲ လျှောက်လည်ပြီး စာလေးတွေဖတ်ပြီး ဒီအတိုင်းနေ အကောင်းသား။ စာဖတ်ရတာများ အရသာရှိလိုက်တာ။ တချို့ ဘလော့ဂ်တွေများ နေ့တိုင်းသွားမဖတ်ရဘဲ မနေနိုင်ဘူး။
ဒါနဲ့ သူများတွေကို အားကျပြီး ကိုယ့်ဒိုင်ယာရီလေးလို၊ မှတ်တမ်းလေးလို စာလေးတွေ၊ အက်ဆေးလေးတွေ ရေးမယ်၊ အဖေ့ ကဗျာလေးတွေလဲ တင်ရရင် ကောင်းမှာပဲလို့ တွေးမိတော့ ကိုယ့်အမလို ချစ်ရတဲ့ အမတယောက်ကို ပြောပြမိတယ်။ အမကလဲ အားတက်သရောပဲ၊ လုပ်လေ ဆက်ဆက်လုပ်၊ အမ အားပေးတယ်၊ အမလဲ ချိုသင်းသို့ ပေးစာ ဆိုပြီး ၀င်ရေးမယ် တဲ့။
အဖော်လဲ ရှိပြီဆိုတော့ ဘာပြောကောင်းမလဲ၊ နီးစပ်ရာတွေကို အကူအညီတောင်းလိုက်တာ ဗြောင်းကို ဆန်သွားတာပဲ။ ကိုယ်က အဲဒီလောကဓာတ်ပညာတွေနဲ့က သုညအဆင့်ဆိုပေမဲ့ အမကတော့ မိုင်းနပ်စ်ပါတဲ့။ ဟန်တော့ ကျနေပါပြီ။
အဲဒီတော့ ဘာမှ မလုပ်ရသေးခင် အရင်တောင်းပန်ချင်တာက တခါတလေ မာတိကာကြီးက စာမျက်နှာရဲ့ ဘေးမှာ မရှိဘဲ ဟိုးအောက်မှာ ရှိချင်ရှိနေလိမ့်မယ်၊ အဲဒါဆိုရင် ချိုသင်းတော့ မှားနှိပ်လိုက်ပြန်ပြီလို့ သဘောထားပေး။ တခါတလေ စာလုံးတွေက စာမျက်နှာအပြည့် မညီမညာ ဟိုပြေး ဒီပြေးတက်လာလိမ့်မယ်၊ အဲဒါဆို ချိုသင်းတော့ တောက်တလွဲ လုပ်လိုက်ပြန်ပြီလို့ နားလည်ပေး။ တခါတလေ မှိန်ရမဲ့နေရာမှာ ထင်းထင်းကြီး ဖြစ်နေတာတို့၊ စာပြန်ခေါက်ရမှာ ခေါက်လို့မရဘဲ စန့်စန့်ကြီး ဖြစ်နေတာတို့ တွေ့ရင် ချိုသင်းတော့ လုပ်ရမှာတွေ မလုပ်ဘဲ မေ့သွားပြန်ပြီလို့ ဖြည့်တွေးပေး။
စိတ်ကလဲ ဘာမှ မလုပ်ခင် ကျကျသွားတတ်တော့ကာ ပို့စ်အသစ်လဲ တော်တော်ကြီးကြာမှ ပေါ်လာချင်ပေါ်လာမယ်ပေါ့နော်။ အဲဒါလေးတွေ နည်းနည်းလောက် နားလည်ပေးရင်တော့ အိုကေသွားမှာပါ။ ကိုယ့်ဖက်ကလဲ ကြိုးစားပြီး ကွက်လပ်တွေ ဖြည့်သွားပါ့မယ်လို့။
ဒီအဆင့်လေးတက်လာဖို့ ၀ိုင်းတွန်းပေးကြတဲ့ ဘုန်းဘုန်း ကိုသက်၊ ကိုမိုး၊ ကိုအေးဝင်း၊ ကိုမြင့်လှိုင်၊ မသဒ္ဓါ၊ ကိုမောင်ရစ်၊ ကိုဇာနည် နဲ့ ကိုယ့်အခြေအနေအမှန်ကိုသိသော်လည်း စိတ်မပျက်ဘဲ အထူးအားပေးသော ချစ်တဲ့ အမ မမေသန်းဌေး တို့ကို ကျေးဇူးမှတ်တမ်း ပြုလိုက်ပါတယ်။
မိုးချိုသင်း