အသက်အကြောင်း မတန်ခူး က ရေးလာတော့ အသက်ကို မကွယ်ဝှက်တတ်သူပီပီ “ကျမ အသက် ၃၈ ၊ ခစ် ခစ် ခစ်” တဲ့။ ပြီးတော့ ကိုယ့်ကိုလဲ သူ့ထက်ကြီးတယ်ထင်ပြီး အမ ခေါ်မိတာ တောင်းပန်နေသေးတယ်။ ကိုယ်ကလဲ မတန်ခူးကို မမြင်ဖူးပေမဲ့ ခင်နေတော့ သူငယ်ချင်းတွေနဲ့သာ အတူသွားရရင် ဘယ်ကိုမဆို လိုက်မယ်ဆိုတဲ့ စိတ်က ရှိပြီးသားမို့ သူဖော် ကိုယ်ဖော်ဆိုပြီး ကိုယ့်အသက်ကိုပါ ကွန်မန့်သွားရေးပစ်လိုက်တယ်။
တကယ်တော့ ကိုယ်က အမထက် ၁နှစ်ပဲ ငယ်တာပါ လို့။ အဲဒီလို ကွန်မန့်မရေးခင်လဲ စဉ်းစားသေးတာ။ အမ သူ့ အသက်အမှန်ကို ရေးထားတာကို ၃ ဂဏန်း မှာ အောက်က အချောင်းလေး သွားဖြုတ်ပြီး ၁ လိုလို သွားလုပ်ထားရ ကောင်းမလားလို့ပါ။ ဒါဆို မတန်ခူးက ၁၈၊ ကိုယ်က တနှစ်ငယ်တယ်ဆိုထားတော့ ၁၇ နှစ် ပေါ့။ ဟန်ကိုကျလို့..၊ စိတ်ကူးထဲမှာ ပြောပါတယ်။
နောက်တော့ သူ့ ပို့စ်ကို ကိုယ်ဝင်ပြင်လို့ မရတာနဲ့ ၁ ပြင်မဲ့ အစီအစဉ် လက်လျှော့ လိုက်ရတယ်။ ရှိပါစေတော့လေ ဆိုပြီး။ လောကကြီးက အစိုးမရတာတွေလဲ ကြာလေ သိလေပဲ ဆိုပါတော့။
အသက်ဆိုတာ သူ့ဖာသာသူနေပေမဲ့ အဒီအသက်ကိုပဲ သွား သွား ခလုတ်တိုက်နေရတယ်။ ဘာကိုမဆို ကိုယ့်အသက်အရွယ်နဲ့ သင့်တင့်လျောက်ပတ်တာ မလုပ်ရင်၊ မပြောရင်၊ မနေထိုင်ရင် သူများ ပြောစရာ ဖြစ်မှာမို့ ဆင်ခြင်ရတာတွေ ရှိတယ်။ သူများတော့ မသိဘူး၊ ကိုယ်တော့ အဲဒီလို အဖြစ်အပျက်မျိုးတွေ ကြုံဖူးတယ်။
ပထမဆုံး အသက်အကြောင်း စဉ်းစားမိတာ မှတ်မိသလောက် ဆယ်တန်းရောက်မှ ထင်တာပဲ။ အိမ်မှာတော့ အငယ်ဆုံးမို့ ငယ်ငယ်က တအိမ်လုံးက မီးမီးလေး၊ မီးချိုလေး နဲ့ ချစ်စနိုးခေါ်ကြတာ။ ကိုယ်က ချူချာသူမို့ ၀ိုင်းပြီး ဂရုစိုက်ကြတာလဲ ပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို မီးမီးက..လို့ ပြောတာ အကျင့်ပါသွားတယ်။
ဆယ်တန်းရောက်တော့ တနေ့ အဖေ့ကို စကားပြောရင်း မီးမီးက မီးမီးက နဲ့ ပြောနေတော့ အဖေက ပြောပါတယ်။ သမီး၊ မီးမီးလို့ ကိုယ့်ကိုယ်ကို မပြောနဲ့တော့ တဲ့၊ သမီးလဲ အရွယ်ရပြီ၊ သူများတွေနဲ့ စကားပြောရင် နံမည်ဖြစ်ဖြစ် တပ်ပြောလေ..တဲ့။ အဲဒီမှာ အရင်က ကိုယ့်ကိုယ်ကို သတိမထားမိတာ ချက်ချင်း ဂရုပြုမိသွားတယ်။ ကိုယ်မထင်တဲ့ အပြုအမူက ကလေးဆန်သလို ဖြစ်နေတာကိုး။ အဲဒီကစလို့ အသက် ဆိုတာကို ထည့်တွက်ရမှာပါလား လို့ နည်းနည်းရိပ်မိလာတယ် ထင်တာပဲ။
နောက်တော့ အဖေပြောတာ မှန်တယ်ဆိုတာ သိလာတယ်။ တခါက အသက် ၅၀ကျော် အမျိုးသမီးတယောက်ရယ်၊ သူ့သမီးလေး တယောက်ရယ် အဖေနဲ့ စကားပြောနေကြတာ ဘေးကနားထောင်နေတုန်း မီးကလေ မီးကလေ နဲ့ ပြောနေတော့ သူ့သမီးကို ပြောနေတယ် မှတ်တာ၊ ဘယ့်နှယ်ဟုတ်ရမှာလဲ၊ သူ့ကိုယ်သူ မီးကလေ လို့ ပြောနေတာ။ အဲဒါနဲ့ နားထောင်ရတာ မသင့်တော်မှန်း သိလို့ ငါ ဒီလိုမဖြစ်တာ တော်ပါသေးရဲ့ ဖြစ်ရတယ်။
အသက်ကို ကြည့်လို့ အခေါ်အဝေါ်ကလဲ အရေးကြီးသေးတယ်။ ကိုယ်ထက် သိပ်မကြီးရင် အကို၊ အမ၊ မမ ပေါ့။ ငယ်ရင်တော့ ညီမ၊ မောင်လေး၊ သိပ်ငယ်ရင် သမီး၊ သားလို့လဲ အခုအရွယ်မှာ ခေါ်နေရပါပြီ။ ရန်ကုန်မှာနေတုန်းက ကိုယ်တို့အိမ်မှာ လာနေ၊ အလုပ်လုပ်တဲ့ ကောင်မလေးက ကိုယ့်ထက် ၅ နှစ်လောက်ပဲ ငယ်ပေမဲ့ ကိုယ့်ကို ခေါ်တာ အံတီ တဲ့။ တော်တော် အောင့်သွားတာ။ အော်..ငါတော်တော် ရင့်ကျက်နေပုံပေါက်တယ်လို့ ကြံဖန် ဖြေလိုက်ရတယ်။
တချို့ကျတော့လဲ အသက်သိပ်မကွာဘူးထင်လို့ မေးကြည့်တော့ ကိုယ့်ထက်တောင် ၃ နှစ်လောက် ကြီးနေသေးတယ်။ အော် ဒါဆို ချိုသင်းက တို့ထက်တောင် ငယ်နေတာပေါ့နော် တဲ့။ ပြီးတော့လဲ ဆက်ပြီး ခုနကခေါ်သလို အမ ပဲ ဆက်ခေါ်တာပဲလေ။ တကယ်တော့ အဲဒီတုန်းက တို့ဘယ်လို နားလည်ရမလဲ တွေဘာတွေ လုပ်လိုက်ရမှာ။
နောက်တခါ ကြုံဖူးတာက ကိုယ့်အမအလတ် မအေး နဲ့ ကိုယ်နဲ့က ရုပ်ချင်းက အတော်ဆင်တယ်။ သူနဲ့က ရီဖော်ရီဖက်မို့ တတွဲတွဲ သွားလာတတ်သလို၊ တခါတလေ အကျီ င်္ တွေဘာတွေ ဆင်တူ ၀တ်တတ်သေးတယ်။ တခါက အကျီ င်္ ဆင်တူဝတ်ပြီး လမ်းလျှောက်လာတော့ နောက်ကနေ ပြောသံကြားတယ်။ အမွှာထင်တယ် တဲ့။ ကောင်လေး နှစ်ယောက် စက်ဘီးစီးလာရင်း ပြောနေသံပါ။ ရှေ့ကို သွားကြည့်ရအောင် တဲ့။ ဒါနဲ့ ကိုယ်တို့လဲ မျက်နှာကြည့်မိရင်တော့ မဟုတ်ဘူးလို့ ကွဲသွားလောက်တယ် ထင်တာပေါ့လေ။ သူတို့လဲ ကိုယ်တို့ကို ကျော်တက်ပြီး မျက်နှာကို သမင်လည်ပြန်ကြည့်ပြီးမှ မှတ်ချက်ချတယ်။ ဟုတ်တယ်ကွ၊ အမွှာပဲ တဲ့။
ကိုယ်တို့လဲ သူတို့မှတ်ချက်ကို ကြားတော့ မနေနိုင်အောင် ပြုံးစိစိ ဖြစ်သွားရတယ်။ ဒါပေမဲ့ သေချာ ပြန်စဉ်းစားလိုက်တော့ မအေးက ကိုယ့်ထက် ၆နှစ်ကြီးတာမို့ အမွှာထင်တာ ကိုယ့်အတွက် ၀မ်းသာစရာ မဟုတ်။ ကိုယ်က ၆နှစ်ကြီးတဲ့ ရုပ်ထွက်နေတာလား၊ သူက ၆နှစ် ငယ်တဲ့ ရုပ်ဖြစ်နေတာလား..။ တွေးရင်တော့ ကိုယ့်ဖက်က ၀မ်းနည်းစရာချည်းပါ။
အဲဒီတော့ ကိုယ်လဲ မသိစိတ်မှာ ငယ်ချင်သလား မသိ။ ဈေးဝယ်ရင် တခါတလေ junior တန်းဖက် သွားပြီး အကျီ င်္လေးတွေ ကိုယ်မှာ ကပ်ကြည့်ဘာညာ လုပ်မိသေးတယ်။ အဲဒီတော့ ကိုယ့်မောင်တော်က မေးတယ်။ တူမတွေအတွက် ၀ယ်ပေးမလို့လား တဲ့။ အဲဒါတွေ ခက်တာပဲ။ ဒီက ကိုယ့်အတွက် စဉ်းစားနေတဲ့ဟာကို..။
ဒါက သူများတွေ အသက်မခန့်မှန်းတတ်တာကို ပြောပြနေတာပါ။ ကိုယ်ကိုယ်တိုင်ကလဲ အသက်ကို မခန့်မှန်းတတ်လို့ အားနာရဖူးပါတယ်။ အဖေ့မိတ်ဆွေ အံတီတယောက်က ကိုယ်တို့ငယ်ငယ် ရန်ကုန်မှာကတည်းက ခင်ခဲ့သူမို့ ဒီရောက်တော့လဲ ကိုယ့်ကို ဖုန်းအမြဲဆက် စကားပြောဖြစ်နေတယ်။ နေတဲ့နေရာချင်းကလဲ မတူတော့ မတွေ့ဖြစ်ကြဘူးပေါ့။
တနေ့တော့ အိမ်ကို ပါဆယ်ထုပ်ကြီး တထုပ်ရောက်လာလို့ ဖွင့်ကြည့်လိုက်တော့ ဒီမှာ ရှားပါးတဲ့ ဗမာအစားအစာတွေကို အမျိုးမျိုးအစုံစုံ ပို့လိုက်တာပါ။ သူ ဗမာဆိုင်ရောက်တုန်း ငါ့တူမလေး စားချင်ရှာမှာပဲ တွေးမိလို့ တဲ့။ နည်းတာမှ မဟုတ်ဘဲ။ အဲဒီတော့ ကိုယ်လဲ အားနာပြီး ဘာများ သူ့ကို ပြန်ပေးရင်ကောင်းမလဲလို့ တွေးရတာပေါ့။
နောက်တော့ စဉ်းစားမိတာက အယ်လ်အေမှာ ပဲကြော်က နံမည်ကြီးလေ။ အိမ်ရှင်မတွေ အကြိုက် မုန့်ဟင်းခါးထဲပဲ ထည့်ထည့်၊ အသုပ်ပဲ သုတ်စားစား လတ်လတ်ဆတ်ဆတ် ပဲကြော်လေးတွေ ကြိုက်တတ်တာမို့ ပုံးကြီးနဲ့ တပုံး ပဲကြော်တွေ ၀ယ်ပြီး ပို့ပစ်လိုက်တယ်။ အံတီက အပျိုကြီးမို့ တယောက်တည်းပဲ၊ စားပါလေ့။
ပို့ပြီးနောက်ပိုင်း ဖုန်းပြောတော့ ကိုယ်လဲ မမေးဘဲ ဒီအတိုင်း တခြားအကြောင်းပဲ ပြောနေတယ်။ သူ့ဆီ မရောက်သေးလို့ မသိသေးတာနေမှာ။ နောက်တခါ ဖုန်းဆက်တော့လဲ သူက စ ပြီး မပြောပြန်ဘူး၊ ပဲကြော်တွေ ပို့လိုက်တာ ရပြီသမီးရေ၊ ဒါနဲ့ ရရချင်းကို မုန့်ဟင်းခါးလေး ချက်စားလိုက်တာ ဘာညာ ပြောမယ်ထင်တာ။ ဒီတခေါက်လဲ မပြောပြန်ဘူး။
နောက်တော့ စဉ်းစားရတယ်။ ငါပို့လိုက်တာ အမြန် နဲ့ပို့တာပါ။ ပဲကြော်ပုံး ရောက်သင့်ပါပြီပေါ့။ ဒါနဲ့ နောက်တခါ ဖုန်းဆက်တော့ မေးကြည့်လိုက်တယ်။ အံတီ သမီး ပဲကြော်တွေပို့တာ ရောက်ပြီလား ပေါ့။ အံတီ့အသံက အေးတိအေးစက်ပဲ၊ ၀မ်းသာတဲ့အသံလဲ မဟုတ်ဘူး။ အေး၊ ရပါပြီ သမီး တဲ့။ အော် ချိုသင်းက လမ်းမှာများ ပျောက်သလားလို့။ ဒီမှာတော့ အဲဒီ ပဲကြော်လိုချင်ရင် ကြိုတောင် မှာရတာ၊ နံမည်ကြီးပဲကြော်မို့ အံတီ စားစေချင်လို့ပါ ပေါ့။
အဲဒီတော့ အံတီက ပြန်ပြောတယ်။ အံတီ သူငယ်ချင်းတွေကို ဝေလိုက်ပါတယ်ကွယ်။ အံတီကတော့ သွားတွေ မရှိတော့လို့ ပဲကြော် မစားတာ ကြာပါပြီ တဲ့။ ကောင်းပါရောရှင်။ အော်..အသက်..အသက်..၊ လုပ်ပေါက်က လူကို လာမသတ်သွားတာပဲ ကံကောင်းတယ် ပြောရမလိုပါပဲလေ။
မိုးချိုသင်း