မနေ့က ကိုယ်ဘာမှ မလုပ်တတ် မကိုင်တတ်တဲ့ အကြောင်း ရေးလိုက်လို့ ဘလော့ဂါ သူငယ်ချင်းတွေ ၀ိုင်းပြီး အားပေးလိုက်ကြတာ.. ပျော်တောင် ပျော်သွားတယ်။ အားမငယ်ရအောင် သူတို့လဲ ကိုယ့်လိုပါပဲဆိုပြီး အဖော်လာလုပ်ပေးကြတာလဲ ရှိတယ်။
တကယ်တော့ ကိုယ်က ဘ၀မှာ အပူအပင်ကင်းကင်း စိတ်ချမ်းချမ်းသာသာ နေချင်သူပါ။ ဒီက လူတွေလိုပေါ့။ သွားချင်ရင် သွားပစ်လိုက်မယ်၊ စားချင်ရင် စားပစ်လိုက်မယ်၊ ပျော်စရာရှိရင် နောက်ဆံမတင်းဘဲ ပျော်ရွှင်ပစ်လိုက်ချင်တာ။
ဒါပေမဲ့ ဘာလို့လဲမသိဘူး။ သူတို့တွေလို ကိုယ့်မှာ မနေတတ်တော့ဘူး။ ခရီးတခု သွားမယ်ဆိုရင်လဲ ရေ ကအစ စားစရာအဆုံး အကုန် တိုလီမုတ်စ လျှောက်ထည့်၊ လျှောက် စဉ်းစားရတယ်။ သူငယ်ချင်းအိမ်မှာ အိပ်မယ်ဆိုရင်တောင် ဧည့်စာရင်း တိုင်ဖို့လိုသေးလား တွေးရတယ်။ လမ်းခရီးမှာ လမ်းပြပုလိပ် က တားပြီး ငွေညှစ်မှာလား လန့်ရသေးတယ်။
သတင်းတခုခု ကြားရင် ကျီးလန့်စာစား ဆန်တွေ၊ ဆီတွေ ထ ထ စု တာလဲ ဘာအကျင့်မှန်းကို မသိ။ သူတို့ဖာသာ သူတို့ စီးပွားကျလို့ ဘဏ်တခု ပိတ်လဲ ဆန် သွားဝယ်မိတာပဲ။ ဘာဖြစ်လို့ ကိုယ့်ဖာသာကိုယ် ပျော်ပျော်ရွှင်ရွှင် အေးအေး မနေတတ်ရတာလဲ လို့ တွေးမိရတော့တာပေါ့။
တကယ်ဆို ကိုယ်က ဖြစ်နိုင်ရင် လှလှပပလေး ၀တ်စားပြီး ပျော်ပွဲရွှင်ပွဲလေးတွေပဲ သွားနေချင်တာပါ။ မိန်းကလေးဆိုတော့ အလှအပလဲ သိပ်ကြိုက်။ သူများ မိန်းကလေးတွေ လှရင် ချောရင် သဘောတွေကို ကျလို့။ တမျိုးတော့ မထင်ပါနဲ့။ အမတွေကြားမှာ နေခဲ့၊ ကြီးပြင်းခဲ့ရတာ ဆိုတော့ မိန်းကလေးတွေ ပြင်ပြင်ဆင်ဆင် နေရင် စိတ်ချမ်းသာနေ တတ်တာမျိုး။
ကိုယ့်အမအလတ်နဲ့ ကိုယ်ကတော့ ကောင်မလေး ချောချော တယောက် ကိုယ်တို့ရှေ့မှာ ဖြတ်လျှောက်သွားပြီ ဆိုရင် လိုက်ကြည့်ရတာ အမော။ ယောကျာင်္းလေးသာ ဖြစ်ရင် တော်တော်ဆိုးတဲ့ကောင်လေး ဖြစ်မှာ။ တခါတလေများ နှစ်ယောက်သား ပါးစပ်ကြီး ဟ လို့၊ သွားရည်မကျရုံတမယ်ပဲ။
ဒီလို ကိုယ်အလှကြိုက်တာ မငြင်းနိုင်ပေမဲ့ ကိုယ်တိုင်ကတော့ မပြင်ဆင်တတ်ဘူး။ အမြဲတမ်း မျက်နှာပြောင်ပဲ။ နှုတ်ခမ်းနီဆိုလဲ ကိုယ် ဒီအရောင်ကို ကြိုက်တယ်ဆိုရင် ဒီတမျိုးပဲ ဆိုးတယ်။ ဒီနှုတ်ခမ်းနီ ကုန်မှ နောက်တခု ၀ယ်တယ်။ ၀ယ်လဲ ဒီအရောင်ပဲ။ ကြိုက်မိရင် မရိုးတမ်း ဆိုးတော့တာပဲ။ အဲဒီတော့ အမတွေက ပြောတယ်။ နင့်ဟာက အရောင်လဲ မထွက်ပါလား တဲ့။ ကိုယ်ကတော့ ဒုံရင်း ဒုံရင်းပဲ။
အိမ်ထောင်ကျပြီးလို့ ရန်ကုန် ခဏ ပြန် နေတုန်းက FMI City ထဲက အိမ်တွင်းဒီဇိုင်းဆင်တဲ့ ကုမ္ပဏီတခုမှာ အလုပ် ခဏ ၀င်လုပ်သေးတယ်။ တနေ့မှာ သူငယ်ချင်းတွေနဲ့ ညစာစားပွဲသွားတော့ သူတို့က ၀ိုင်းပြင်ဆင် ပေးကြတယ်လေ။ အဲဒီတုန်းက ဆံပင်အရောင်ဆိုးတာ ပေါ်ခါစ။ အဲဒါနဲ့ ကိုယ်လဲ သူတို့ ပြင်ပေးတာ ခံကောင်းကောင်းနဲ့ ခံနေတုန်း ဆံပင်ကို ထိပ်ကလေးပဲ ရွှေညိုရောင်လေး ဆိုးပေးလိုက်ကြတယ်။
ကိုယ်လဲ ပျော်လို့။ အိမ်ပြန်ရောက်တော့ သူ့ကို မျက်နှာ အတင်းကြည့်ခိုင်းပြီး ဘာထူးသွားလဲ မေးရတာအမော။ သူကတော့ မပြောတော့ပါဘူး။ လုပ်ပြီးပြီဟာကို။ နောက်တနေ့လဲကျရော သူ့အမေက ကိုယ့်ကို ကြည့်ပြီး သနားလွန်းလို့။ ငါ့သမီးလေး နေပူထဲများ အလုပ်လုပ် နေရသလား တဲ့။ ဆံပင်တွေတောင် နေရောင် ပေါက်ကုန်ပြီဆိုပဲ။ အဲဒီလို ပြင်တာ ဆင်တာ အမြင်တည့်တယ် ဆိုရမှာပေါ့။
ဒါပေမဲ့ ကိုယ့်ဘ၀မှာ အလှအပနဲ့ပတ်သက်ပြီး မိဘ၊ ဆွေမျိုးထဲက မဟုတ်ဘဲ တပါး မိတ်ဆွေက ဆုံးမတာကို ခုထိ မှတ်မိနေတာ တခု ရှိခဲ့တယ်။ အဲဒီလိုပြောခဲ့တာ ကိုယ်တို့ မိဘရဲ့  မိတ်ဆွေ အံတီတယောက်ပါ။ အံတီ့နံမည်က ဒေါ်မြတ်သူ တဲ့။ အဲဒီတုန်းက ကိုယ်တို့မှာ အဖေရော၊ အမေရော မရှိဘူး။ အမေကတော့ ဆုံးသွားခဲ့ပြီ။ အဖေကတော့ အထဲမှာပေါ့။
အဲဒီတုန်းက ကိုယ်က တက္ကသိုလ် ပထမနှစ် တက်နေချိန်။ ဒါပေမဲ့ မိဘက အနားမှာ မရှိနိုင်ရှာတော့ ညီအမတွေ ဘယ်သူ့ကိုမှ အားမကိုးဘဲ သတ္တိရှိရှိ လောကဓံကို ရင်ဆိုင်နေရချိန်ပေါ့။ အမေ ထောင်ခဲ့တဲ့ မူကြိုကျောင်းလေးမှာ မနက်ပိုင်းဆို ကလေးတွေကို စာသင်၊ ကျောင်းတဖက် တက်၊ ထောင်ဝင်စာ သွားတွေ့၊ အဲဒီလို ကသီနေချိန်ပေါ့။ အလှအပလဲ စိတ်ဝင်စားပေမဲ့ မလုပ်အားဘူးပေါ့။
အဲဒီတုန်းက ထောင်ဝင်စာ တွေ့ချိန်တွေက ပျော်စရာကောင်းခဲ့တယ်။ ထောင်ရှေ့မှာ နိုင်ငံရေးနဲ့ ထောင်ကျ မိသားစုတွေ အချင်းချင်း တယောက်နဲ့တယောက် သိုက်သိုက်ဝန်းဝန်း ဖေးဖေးမမ။ ဖျာတွေခင်းပြီး ၀ိုင်းထိုင်ကာ ကိုယ့်ကို ခေါ်မဲ့ အလှည့်ကို စောင့်လို့။ သတင်းတွေ အချင်းချင်း မျှလို့။ ကိုယ့်အတွက် အကောင်းဆုံးဆိုတဲ့ စားစရာလေးတွေကို အထဲက ကိုယ်ချစ်ခင်သူတွေအတွက် ထုပ်ပိုးလို့။ အဲဒီမှာ အံတီ ဒေါ်မြတ်သူက ကိုယ်တို့ကို ပြောခဲ့တာ။
“သမီးတို့၊ မိန်းကလေးဆိုတာ ပြင်ပြင်ဆင်ဆင် နေတတ်ရတယ်၊ အထူးသဖြင့် သမီးတို့ အဖေကို လာတွေ့တဲ့အချိန်မှာ သပ်သပ်ရပ်ရပ် လှလှပပ ဖြစ်စေချင်တယ်။ ငါတို့ကို သူတို့ ဘယ်လောက်ပဲ ထုထောင်းပစေ၊ ဘယ်တော့မှ လဲကျမသွားဘူး၊ ဘယ်လောက်ပဲ ဘ၀က ခက်ခဲ ကြမ်းတမ်းပါစေ၊ ပြုံးပြုံးရွှင်ရွှင်ပဲ ရင်ဆိုင်မယ် ဆိုတာ ပြ တဲ့ သဘောပဲ” တဲ့။
ကိုယ့်မိဘတွေ အနားမှာ မရှိတဲ့အချိန်မှာ ကိုယ်တို့ကို ကိုယ်ချင်းစာစိတ် အပြည့်၊ ချစ်ခင်စိတ်အပြည့်နဲ့ ပြောခဲ့၊ ဆုံးမခဲ့တာပါ။ အဲဒီကတည်းက ကိုယ်တို့လဲ ဖိုသီဖတ်သီ ဘယ်တော့မှ မနေတော့၊ မ၀တ်တော့ဘူး။ မလှပချင်နေ၊ သူများအမြင်မှာ သပ်သပ်ရပ်ရပ်နဲ့ ပြုံးပြုံးရွှင်ရွှင် ဖြစ်နေအောင် ကြိုးစားနေခဲ့ပါတယ်။ ဘာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရလေ..။
ကိုယ်တို့ ပြင်ပြင်ဆင်ဆင်လေး နေရင် အံတီက အမြဲပဲ သဘောကျတယ်။ “အေး၊ အဲဒီလို နှုတ်ခမ်းနီလေး ဆိုးလာတော့ လှတာပေါ့ သမီးရယ်။ သမီးတို့က မတရား ချွန်ထွက်နေအောင် ပြင်ကြတာမှ မဟုတ်ဘဲ” တဲ့။ ဒီလိုစကားလေးတခွန်းကလဲ ကိုယ်တို့ကို အားတွေ ဖြစ်စေခဲ့တာပဲလေ။ အဲဒီလို အမြဲ အားပေးတဲ့ အံတီ့အမျိုးသား(မုံရွာ ဦးတင်ရွှေ) ကတော့ ထောင်ထဲမှာပဲ ဘ၀ဆုံးတဲ့အထိ နေသွားခဲ့ရရှာပါတယ်။
အလှအပနဲ့ ပတ်သက်ရင် ကိုယ့်စိတ်မှာ စွဲသွားတဲ့ အဲဒီ စကားလေးတခွန်းကို ပြန် ဝေမျှတာပါလေ။ ကိုယ်လဲ ခုထိ အလှပြင်ဖို့ မှန်ရှေ့မှာ ထိုင်လိုက်တိုင်း အဲဒီစကားလေးကို သတိရပြီး အလှပြင်ပါတယ်။ ဘ၀မှာ ဘာကိုပဲ ရင်ဆိုင်ရပါစေ၊ မပြိုလဲပါစေနဲ့ တဲ့။
မိုးချိုသင်း