ကိုယ့်အားနည်းချက်တွေ..

ကိုယ့်ကိုယ်ကို မုန်းမိတဲ့ အချက် ၁၀ ချက် တဲ့။ မလင်းပျာ (ပျာတိပျာလောင် နဲ့မို့ပါ) က tag ပါတယ်။ ကိုယ်ကလဲ ကိုယ့်ကိုယ်ကို အားငယ်ပြီး အမြဲတမ်း အားပေးနှစ်သိမ့်နေကျမို့ မုန်းတယ်ဆိုတာကြီး သုံးရမှာ အားနာနေတာ။ ကိုယ့်ဖာသာကိုယ် ဆိုတော့ ညှာရတယ်လေ။

ဒါနဲ့ လူမိုက် ငှားမယ်ဆိုပြီး အိမ်က မောင်တော်ကို ကိုယ့်ကို ဘယ်လိုအချိန်တွေမှာများ ကြည့်မရ ဖြစ်တတ်သလဲ ဆိုပြီး မေးမိတယ်။ သူကလဲ ဘယ်အချိန်ကတည်းက အမြင်ကတ်နေတယ် မသိဘူး၊ ချက်ချင်းကိုပဲ ပြန်ဖြေတယ်။ ဒါပေမဲ့ သူက တချက်တည်း ပြောပြီး အဲဒီတချက်ကိုပဲ နံပါတ် ၁ ထားပါ တဲ့။ ဒါနဲ့ပဲ သူမုန်းတဲ့ ကိုယ့်အပြုအမူနဲ့ စ ဖွင့်လိုက်ပါတယ်။

၁) sometimes ၀ုန်းဒိုင်း
ဒါ သူပြောသလို ရေးထားတာပါ။ ကိုယ်က စိတ်ဆိုးရင် ၀ုန်းဒိုင်းကြဲတတ်တာမို့ပါ။ အဲဒီအချိန်ဆို ဘာပြောပြော နားမ၀င်၊ နားမထောင်၊ နားမကြား၊ ချော့မရ ပြုမရ ၀ုန်းဝုန်းဒိုင်းဒိုင်း လုပ်တတ်တယ်။ ဒါပေမဲ့ တခါတရံမှ လို့ ပါပါတယ်လေ။ အဲဒီလို ၀ုန်းဒိုင်းလုပ်ပြီးရင်လဲ ခဏကြာ အလိုလို စိတ်ပြေသွားတာပါလေ။

၂) အားနာတတ်တာ
အားနာလို့ ဈေးဝယ်လိုက်ရတာ၊ အားနာလို့ ပြန်မပြောတာ၊ အားနာလို့ မနိုင်ဝန်ထမ်းနေတာ၊ အားနာလို့ အနေကျုံ့နေရတာ အစုံပါပဲ။ အဲဒီတခုကိုတော့ သတိထားပြီး အခု တော်တော်ပြင်နေပါပြီ။

၃) စင်းလုံးချော ဖြစ်ချင်တာ
အဲဒီတခုကတော့ တော်တော်ဆိုးတာပါ။ ကိုယ်နားလည် သိတတ်တဲ့အရွယ်က စလို့ အဲဒီလိုမျိုးပဲ ကြုံချင်၊ ဖြစ်ချင်တယ်။ လူတိုင်းကိုတော့ မဟုတ်ဘူး၊ ကိုယ်နဲ့ ပတ်သက်တဲ့လူဆိုရင် ကောင်းတာပဲ ဖြစ်စေချင်၊ လုပ်စေချင်တယ်။ အဲဒီ perfect ဖြစ်ချင်တဲ့ စိတ်က ဘယ်လောက်ဆိုးလဲဆိုရင် သီချင်းဆိုရင်လဲ စာသားက မှန်နေမှ၊ စာရေးရင်လဲ ဖျက်ရာ မရှိဘဲ လှနေမှ။ တော်တော်ဒုက္ခပေးတဲ့ စိတ်ပါ။ ကြိုးစားပြီး ပြင်နေဆဲ။

၎) ကိုယ့်ကိုယ်ကို ညှာတာ
စာကျက်တဲ့အချိန်တွေမှာ အဖြစ်ဆုံးပါ။ ငါသနားဖို့ကောင်းနေပြီလို့ တွေးမိနေတာ အကြိမ်ကြိမ်ပါ။ အခုတောင် အဲဒါကို မုန်းစရာကောင်းတဲ့အချက်ထဲ ထည့်သင့်ရဲ့လာ်း စဉ်းစားနေမိတာ။ တော်ကြာနေ မထည့်သင့်ပါဘူး လို့ ညှာပြီး တွေးလိုက်၊ ထည့်ရမှာပေါ့ လို့ ပြန်တင်းမာလိုက်။ အခု စိတ်မပြောင်းခင် မညှာဘဲ ထည့်လိုက်ပြီ။

၅) အိမ်မှုကိစ္စ မလုပ်ချင်တာ
ဖြစ်နိုင်ရင် အပြင်ထွက်ပြီးသာ အလုပ်လုပ်လိုက်၊ သွားလိုက် လာလိုက်နေချင်တာ။ စာအုပ်တအုပ်နဲ့ ကွေး စာဖတ်နေချင်တာ။ အိမ်မှုကိစ္စ လုံးလုံး ၀ါသနာ မပါဘူး။ ဒါပေမဲ့ မိန်းမဖြစ်နေတော့ အိမ်ရှင်း၊ အ၀တ်လျှော်၊ မီးပူတိုက် လုပ်ရမယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရရင် ပင်ပန်းတယ်ထင်နေတဲ့ စိတ်ကို မုန်းတယ်။

၆) အစားအသောက်မက်တာ
တည့်တာ မတည့်တာ မရှောင်နိုင်ဘဲ ကိုယ်ကြိုက်တဲ့အစားအစာဆို စားလိုက်ချင်တာ။ စိတ်ဓာတ်ပျော့ညံ့တယ်လို့ ခေါ်ရမှာပေါ့။ မတည့်လဲ နောင်ခါလာ နောင်ခါဈေးပဲလို့ သဘောထားပြီး အစားအသောက်နဲ့ ပတ်သက်လို့ မထိန်းနိုင်တဲ့စိတ်ကို မကြိုက်ဘူး။

၇) သူတပါးကို ယုံလွယ်တာ
အဲဒါကတော့ ပထမတန်းပါပဲ။ အမြဲတမ်း ကိုယ်ချင်းစာစိတ်နဲ့ ယုံကြည်လွယ်တယ်။ ယုံလို့ လိမ်သွားရင်လဲ လိမ်တဲ့သူသာ ရှက်စရာ လို့ ထင်တယ်။ ငါညံ့လှချည့်လို့ ဘယ်တော့မှ မထင်ဘူး။ ဆက်ယုံနေတုန်းပဲ။ ပါးစပ်ဟပြီး သူများပြောတာ ခေါင်းညိတ်တာ အကျင့်ပါနေပြီ။

၈) ခေါင်းမာတာလား မသိ
ကိုယ်မှန်တယ် ထင်ရင် ဘယ်သူတားတား လုပ်မှာပဲ။ တစောက်ကန်းလို့ ခေါ်မလား၊ တယူသန်လို့ ပြောမလား။ ဒီလမ်း မှန်တယ်ထင်ရင် ဘယ်ကွေ့ပြောလဲ ညာကွေ့မှာပဲ။ ရပ်အုံး ပြောလဲ ဆက်သွားမှာပဲ။ ထ ပါအုံး ပြောရင်တော့ အသေကျောက်ချ ထိုင်ပြီ။

၉) ခံစား ထိခိုက်လွယ်တာ
ဘ၀အခက်အခဲဆိုရင် စိတ်က မာပြီး ခံနိုင်ရည်ရှိပေမဲ့ မိဘ၊ မောင်နှမ၊ ကိုယ်ချစ်ခင်သူတွေနဲ့ ပတ်သက်ရင်တော့ ဖယောင်းပဲ။ ချက်ချင်း ပျော်ကျ ငိုမိရတာပဲ။ သူတို့နဲ့ပတ်သက်ရင် ၀မ်းသာရင်လဲ ငိုတယ်၊ ၀မ်းနည်းရင်လဲ ငိုတယ်။

၁၀) လှေနံဓားထစ်
ဒါကို ပြောထားရင် ဒါကိုပဲ လုပ်မှ၊ ဒီလိုပြောပြီး ဟိုလိုလုပ်ရင် နည်းနည်းမှ သည်းမခံတတ် နားမလည်နိုင်တာ တကယ်ဆိုးတဲ့ အကျင့်။ အိမ်မှာရော အလုပ်မှာပါ တသမတ်တည်း ဖြစ်နေတဲ့စိတ်ကို ပြောင်းမရ။ (ကိုယ့်အမျိုးသားကတော့ အဲဒီလှေနံဓားထစ်စိတ်ကို ပို့စ်တပုဒ်ရလောက်တယ်လို့ ခံရသူပီပီ ပြောရှာတယ်)

ကဲ..ဒါတွေက ကိုယ့်ကိုယ်ကို အားမလို အားမရတဲ့အချက်တွေပါ။ နောက်ပြီး ပြင်ဖို့ အကြိမ်ကြိမ် ကြိုးစားလဲ ပြင်မရတဲ့ အချက်တွေပဲ ထင်ပါရဲ့။ ကိုယ်နဲ့အတူ သေသည်အထိ တွဲပါသွားမဲ့ မကောင်းတဲ့အချက်တွေလို့ ယူဆချင်ရင်လဲ ဖြစ်နိုင်ပါတယ်။

ကိုယ်မကောင်းတဲ့အချက်တွေတော့ ပြောလိုက်မိပြီ။ ဒါတွေဖတ်ပြီး မုန်းမှာတော့ စိုးရိမ်သား။

မိုးချိုသင်း

31 comments:

Aye Win said...

အားသာချက်တွေလဲ ရေးပါဗျာ။

လင်း said...

ဟီးး sometime ၀ုန်းဒိုင်း တဲ့လား ။ နံပါတ်၁တောင်ထားခိုင်းတယ်ဆိုတော့ တော်တော်ကို ၀ုန်းပုံရတယ်နော်။ ခုလဲ အားနာလို့ ရေးလိုက်ရပြန်ပြီလို့ များ ထည့်တော့မလားလို့  တော်သေးတယ် မပါဘူး။
ကိုကျော်ဝဏ္ဏခံရတာတွေကိုပေါင်းလိုက်ရင်
sometime ၀ုန်းဒိုင်းလှေနံဓါးထစ်ပေါ့နော်။

ရေးပေးတာကျေးဇူးပါ အမရေ။

လင်းပျာ

khin oo may said...

မမုန်းပါကွယ်. Steven အစ်မကို ပြောသွားသလို ကိုကျော်ကိုသာ သနားမိပါတယ်။ အနီးကပ်ဆိုတော့ သူ့ခမျာ။ အစ်မတို့လို ထွက်ပြေးလို့လဲ မရ။

:P said...

မမုန်းပါဘူးလေ....အားနာတတ်တာနဲ့၊ ယုံလွယ်တာအတွက်တော့ အဖော်ရှိပါသေးတယ် မမိုးချိုရယ်....

ဗေဒါရီ said...

အမပြောလို့သာပဲ ၀ုန်းဒိုင်းကျဲတတ်တယ်ဆိုတာ ... အမစာတွေဖတ်ရတာတော့ ၀ုန်းဒိုင်းသမားနဲ့ တူပါဘူး။
၂-၄-၇-၈-၉ က အမနဲ့ ကျွန်မ တူတယ်။
ဒါတွေ ဖတ်ပြီး အမကို မမုန်းပါဘူး။ ၁၀ ခုမှာ ၅ ခုက ကိုယ်နဲ့လာတူနေလို့ ချစ်တောင် ချစ်မိသေး။း)

ZT said...

sometime ၀ုန်းဒိုင်းရယ်၊ လှေနံဓားထစ်ရယ်၊ ခေါင်းမာတာရယ်ကို ဘယ်လို ကာကွယ် သို့မဟုတ် ရှောင်တိမ်း ရမလဲ ဆိုတဲ့ နည်းလေးရှိရင်တော့ လိုချင်ပါတယ်။ ဟီးဟီး။ နောက်ဆို အသုံးဝင် နိုင်တယ်လေ။

MANORHARY said...

အဲဒါခေါင်းမာတယ်လို့ပဲခေါင်းစဉ်လှလှပေးပါချိုသင်းရာ
တယူသန်တစောက်ကန်းဆိုတာကြီးက နားဝင်မချိုပါ
ဘူး..း) ကိုယ်လည်းအဲလိုပဲမို့...

လင်း said...

ပြောစရာကျန်ခဲ့လို့ အမရေ မုန်းမှာစိုးရိမ်ပြီး မရဲတရဲလေးရေးတာကိုက ချစ်စရာလေး။ ကိုယ့်ကိုကိုယ်သနားတာခြင်းတူလို့ အစထဲကချစ်ပြီးသား။

tg.nwai said...

၁ ၃ ၄ ၅ ၈ မှာတူလို့ သဘောတွေကျသွားပါတယ်။ ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာနော်..။ မုန်းစရာလားလို.။

ဇနိ said...

မုန်းပါဘူး ဒါတွေပဲ ချစ်နေရတာကိုး။
အမချိုသင်း ခေါင်းမာတာကလည်း လွန်ပါရောလား။
မတည့်တာတွေတော့ မစားချင်ပါနဲ့အမရယ်။
အမရဲ့အားနည်းချက်တွေလို့ မမြင်မိပါဘူး။ ခံယူချက်တွေဖြစ်မှာပါ။
နိနိ

nu-san said...

အမရေးထားတာတဲ့အချက်တွေက ကျနော်နဲ့ အတော်များများတူတယ်.. အဲဒါဆိုတော့ အမကို မုန်းလို့ ဘယ်ဖြစ်မလဲ. :)

Nu Thwe said...

ပြုံးပြုံးကြီး ဖတ်သွားတယ် ချိုသင်း။
စာဖတ်ချိန်တွေမှာ ကိုယ့်ကိုကိုယ် တော်တော် သနားသတဲ့လား။ ကိုယ်တို့ တက္ကသိုလ်မှာ စာကျက်တုံးက သူငယ်ချင်းနှစ်ယောက်သား စာကျက်ရတဲ့ ကိုယ့်ဘ၀တွေကို သနားလို့ အေးအေးဆေးဆေး မြက်စားနေရတဲ့ နွားလေးတွေ ဖြစ်ရရင် ကောင်းမယ်-လို့ ပြောခဲ့ကြတာ သတိရသွားတယ်။

သစ်နက်ဆူး said...

မမိုး...
မဆိုးပါဘူး....
ဒီအချက်တွေ သေချာရင်တော့ ...
ကျနော်တို့ တစ်သက်တာမိတ်ဆွေဖြစ်လို့ ရပါပြီ...။
အဲ...၀ုန်းဒိုင်းကြဲမယ်ဆိုရင်တော့ ကြိုပြောထား...
ကိုကျော်ဝဏ္ဏကိုပါခေါ်ပြီး လ္ဘက်ရည်ဆိုင်မှာ...
သွားရှောင်နေမှာ....။
ကျနော်က မ၀ုန်းတတ်ဘူး...
တဟင်းဟင်းနဲ့ ဌက်ဖျားတက်သံနဲ့ ပြုံးပြီး စိုက်ကြည့်တာ...။
အဲဒါဆို ကိုယ့်နားမကပ်ကြတော့ဘူး...။

ကိုပေါ said...

ပို့စ်မှာရော...ကွန်မင့်တွေထဲမှာပါ.....လှေနံဓါးထစ်ဆိုတဲ့ အသုံးအနှုန်းကို မှားယွင်းပြီး တလွဲသုံးစွဲနေကြတယ်လို့ ထင်မြင်မိပါတယ်။ (ကျနော် အမှတ်မှားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ ကြိုတင်စကားခံလိုပါတယ်။)

လှေနံဓါးထစ်ဆိုတဲ့ စကားဟာ မမိုးချိုသင်း ပြောချင်တဲ့ အဓိပ္ပါယ်မျိုးမဟုတ်တန်ရာဖူးလို့ ယူဆမိပါတယ်။

ဒီစကားနဲ့ ပတ်သက်ပြီး ငယ်ငယ်က ဟာသ ပုံပြင်ထဲမှာဖတ်ဖူးတာကတော့...... တနေ့မှာ သူငယ်ချင်းနှစ်ယောက် လှေတစင်းကိုငှားပြီး ငါးမျှားထွက်ကြတယ်။ အဲဒီနေ့က သူတို့သွားတဲ့ နေရာမှာ ငါးတွေ အင်မတန် ပေါများတာကို တွေ့ရတယ်။ အဲဒါနဲ့ တယောက်က ကျန်တယောက်ကို ပြောတယ်။

“ဟေ့ကောင်၊ ဒီနေရာမှာ ငါးပေါတယ်။ နောက်တနေ့ ဒီကို ထပ်လာကြရအောင်။ နေရာကို အသေအချာ မှတ်ခဲ့ကွ” လို့ ပြောသတဲ့။

ဟိုတယောက်ကလည်း အဲဒါနဲ့ပဲ လှေနံကို ဓါးကလေးနဲ့ အသာထစ်ပြီး နေရာကို မှတ်သားထားလိုက်သတဲ့။

လှေဆိပ်ကို ပြန်ရောက်တော့ မှတ်ခိုင်းတဲ့ သူငယ်ချင်းက
“ဟေ့ကောင်၊ မင်း ငါးပေါတဲ့နေရာကို သေသေချာချာ မှတ်ခဲ့တယ်နော်” လို့ သေချာအောင် ထပ်မေးပြန်သတဲ့။

ဟိုကောင်ကလည်း ...“အေးပါကွာ....ငါ.. လှေနံမှာ ဓါးနဲ့ထစ်ပြီး သေသေချာချာ မှတ်ခဲ့ပါတယ်ကွ” လို့ ပြန်ဖြေသတဲ့။

အဲဒီစကားကို ကြားရတဲ့အခါ မေးတဲ့ သူငယ်ချင်းက သူ့သူငယ်ချင်းကို ဆူသတဲ့။
“မင်းနှယ်ကွာ.....အ လိုက်တာ လွန်ပါရော။ နောက်နေ့ အဲဒီလှေ ငှားလို့မရရင် ဘယ့်နှယ့်လုပ်မလဲကွ” တဲ့။

ဒီတော့ လှေနံဓါးထစ်မှတ်တယ်ဆိုတာ တခုခုကို အစွန်းရောက်တဲ့အထိ လွဲမှားစွာ မှတ်တာမျိုးကို ဆိုလိုချင်တာလို့ နားလည်မိပါတယ်။ ဥပမာ.... ကျွေးတိုင်းလည်း မစားနဲ့ လို့ လူကြီးတွေက ဆုံးမလိုက်တာကို စွဲစွဲမြဲမြဲမှတ်သားထားပြီး ကုမ္ပဏီက နှစ်ပတ်လည် ဒင်နာကျွေးတော့လည်း မစားဘူး။ အလှူမှာကျွေးတော့လည်း မစားဘူး။ အဲသလို အကုန်လုံး ကျွေးသမျှကို ငြင်းလွှတ်နေလောက်အောင် မှတ်သားထားတာမျိုးကို လှေနံဓါးထစ်မှတ်တယ်လို့ ခေါ်ဆိုချင်ဟန်တူပါရဲ့။

မမိုးချိုသင်းပြောချင်တဲ့ အကျင့်စရိုက်က “ဘူးဆိုရင် ဖရုံမသီးချင်တာလား” ဒါမှမဟုတ် “ဗလောင်းဗလဲ လုပ်တာကို မနှစ်သက်တာလား” “ထွက်ပြီးသား တံတွေးကို ပြန်မမျိုချင်တာလား” ဘာဖြစ်နိုင်သလဲ လာရောက် ခေါင်းစားသွားကြောင်းပါ။

လှေနံဓါးထစ်ဆိုတဲ့ စကားအဓိပ္ပါယ်အမှန်နဲ့ သုံးစွဲပုံကို ရှင်းပြပေးမယ့်လူရှိရင် ကျေးဇူးတင်မှာပါ။

ကလူသစ် said...

အခြေအနေအရ မရောက်ဖြစ်တာကြာတော့ လာလည်ရင်း မကောင်းဘူးထင်ပေမဲ့ ကိုယ့်အတွက်တော့ ကောင်းနေတာလေးတွေဖတ်သွားပါကြောင်း

kay said...

မချိုသင်းရေ့- ဘာလို့မုန်းစရာကောင်းမှာလဲ..ဒါတွေက..လူတော်တော်များများ..ရဲ့..အားနဲချက်တွေပဲ။ အစားမရှောင်တာတော့..ဖျေက်မှ ထင်တယ်။ ကျန်းမာ ရွှင်လန်းပါစေ။း)

PAUK said...

မချိုသင်းအကြွေးကျေသွားပြီ..
ကောင်းလိုက်တာ..
မချိုသင်း..မတည့်တာတွေမစားပါနဲ့ဗျိုးး

ယောနသံစင်ရော် said...

မမိုးချို... စာကြွေးကျန်နေတာတွေ အကုန်ဖတ်သွားတယ်။ အားနာတတ်တာတော့ တူတယ်အမရေ...
ခု... စာကြွေးကျန်တယ်ပြောရတာတောင် အားနာနေတယ် အမရေ... ။။

ATN said...

ဖတ်သွားတယ်... ဘာတွေတူလည်းတော့ မပြောတော့ဘူး...း)

မီယာ said...

အင်တာဗျူးတွေမှာ မေးနေကြမေးခွန်းထဲကတစ်ခုက သင့်အားနည်းချက်ကဘာလဲတဲ့။ ပြောနေကြ အားနည်း ချက်တွေထဲမှာ အမရဲ့ ၁၀ချက်ထဲကတချို့ပါတယ်။

မေငြိမ်း said...

ကိုပေါရေ.. ကျမသိသလောက်တော့ လှေနံဓားထစ်ဆိုတာကို တလွဲဖြစ်နေတာကြီးကို ဆုပ်ကိုင်ထားတာမျိုး။ အင်း.. ကိုပေါပြောာတနဲ့တော့ နည်းနည်း ဆင်တယ်။ ချိုသင်းပြောတာကလည်း သူသတ်မှတ်ထားတာ လွဲနေရင်တောင်မှ မပြင်နိုင်ဘဲ ဒါကိုသာ ယုံနေတာမျိုး ထင်တာပဲ။ ဆိုတော့ ခပ်ဆင်ဆင်ရယ်။ တကယ်တော့ လှေနံဓားထစ်.. က မှတ်လိုက်တဲ့သူကို ညံ့တယ်လို့ သတ်မှတ်တဲ့ စကားပုံ ထင်တယ်နော်။

khin oo may said...

လင်း: မမိုးချို မမိုးချို မခင်ဦးမေ စီဗုံးမှာ သတင်းပို့ ပါရန်

တစ်ရက်မတွေ့ တသက်ထင်တယ်ခင်။

RePublic said...

တစ်ချို့အချက်တွေတူ(ကိုက်ညီ)နေတယ်ဗျ (မ)MCT :)

ယောနသံစင်ရော် said...

အမရေ.. စီဗုံးမရှိလို့ ဒီမှာပဲပြောလိုက်တော့မယ်။ ဆရာစွမ်းရဲ့ တင်မိုးအိပ်ရာ ဆိုတဲ့ ကဗျာလေး မိုးမခမှာ ဖတ်ပြီးတော့ စိတ်မကောင်းလိုက်တာ အမရယ်။ ဆရာစွမ်းလည်း ဆရာကြီးတင်မိုးကို လွမ်းရှာတယ်နော်။ အမ အဆင်ပြေမယ်ဆိုရင် သူတို့သူငယ်ချင်းနှစ်ယောက် အကြောင်းလေးဖတ်ချင်ပါတယ်။ ကာယကံရှင်တွေ မဟုတ်ပဲ အပြင်က လူတွေမြင်တဲ့ သူတို့နှစ်ယောက် အကြောင်းပေါ့ အမရယ်။

strike said...

မမုန်းပါဘူး ဆရာမရယ်။

nyohtetnyo said...

လှေနံဓားထစ် က စကားပုံရဲ့ ဆိုလိုချက်ကတစ်မျိုး၊ ကျွန်တော်တို့ သုံးစွဲနေတဲ့အနက်က တစ်မျိုး ဖြစ်နေတယ် လို့ ထင်မိပါတယ်။ ကိုပေါ ခိုင်းနှိုင်းသွားတဲ့ ပုံလေးအတိုင်း အဓိပ္ပာယ်ဖွင့်ကြည့်လိုက်တော့ လုံးလုံးကြီး လွဲနေတဲ့သဘောကို ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ စကားပြောရာမှာ သုံးစွဲနေတဲ့ အဓိပ္ပာယ်ကတော့ ကိုပေါ ပြောသွားတဲ့အတိုင်း ကွက်တိပါပဲ။ အရာတစ်ခုဟာ ယေဘုယျအားဖြင့်တော့ မှန်တယ်။ ဒါပေမဲ့ အဲဒါကိုပဲ တရားသေကြီး ဆုပ်ကိုင်ပြီး လိုက်မလုပ်ဖို့...ပြောဆိုတဲ့ နေရာမှာ အဲဒီစကားလေးကို သုံးပါတယ်။ ဥပမာ “မင်းတို့ အရာရာကို လှေနံဓားထစ် ကြီးတော့ မမှတ်ထားနဲ့ကွာ။ အခြေအနေ အချိန်အခါလဲ ကြည့်ပြီးလုပ်ကြဦး“ ဆိုတဲ့စကားမျိုးပါ။ ဒီစကားကတော့ နေရာတော်၂များ၂ မှာ ကြားဖူးကြမှာဖြစ်တဲ့ ယေဘုယျကျတဲ့စကားမျိုးပါပဲ။

ကလိုစေးထူး said...

အမ...
နေကောင်းတယ်နော်။ ဒီထဲမှာပဲ နှုတ်ဆက်ရတယ်။ :) အခု အမရေးတဲ့ အားနည်းချက်တွေ အကုန်လုံးက အားနည်းချက်တွေနဲ့ မတူဘဲ ခင်စရာ ကောင်းတဲ့ အချက်တွေ ဖြစ်နေတယ်ဗျ။

ThuHninSee said...

May be the beauty or the beast
May be the famine or the feast
May turn each day into a heaven or a hell
She may not be what she may seem
Inside her shell
:)

Anonymous said...

sometimes ၀ုန်းဒိုင်းဆိုတာကို ခိုက်တယ်ဂျို့..
သားသားနဲ့တူလွန်းလို့.. :P

သက်ဝေ said...

ဘာတွေပြောပြော မမုန်းနိုင်ပါ ချိုသင်းရေ...
ကျန်တာတွေကိုတော့ မပြောလိုပါ။ အစားအသောက်တော့ ဆင်ခြင်စေချင်ပါတယ်...။
ချစ်ခင်စွာဖြင့်...
သက်ဝေ

Libra said...

အစ်မ
ိခုမှ ဖတ်ဖူးတာ။ Blog ဆိုတာကို။ ခုမှလဲ Sg ကိုရောက်တာလေ။ ဘာဖြစ်လို.ခုမှဖတ်ဖူးတာလဲလို.မေးရင်တော.အဖြေကတစ်ခုပဲရှိတာ ဟဲဟဲ ကိုယ်ကဗမာကိုး
အစ်မ အကျင်.တွေအားလုံးက သမီးနဲ.တူနေတော. အဖော်ရှိပြီ
ထူးဆန်းစွာနဲ.တကယ်ကိုပဲတူနေတာ
စာရေးကောင်းတဲ.အစ်မကိုလေးစားတယ်
အမြဲအားပေးနေမယ်နော် အစ်မ