ကြောင် ဇာတ်လမ်း

ဒီနေ့ စနေနေ့။
ဒီနားရက်လေးမှာ ဘာမှ ချိန်းချက်ထားတာလဲ မရှိ၊ အရေးတကြီး လုပ်ကိုင်စရာတွေလဲ မရှိတော့ အေးအေးဆေးဆေး အိမ်မှာပဲ သားသမီးတွေနဲ့ နားနားနေနေ နေမယ်လို့ စိတ်ကူးတယ်။

မနက်မိုးလင်း မျက်လုံးနှစ်လုံးပွင့်တာနဲ့ အိပ်ယာက မြန်မြန်ထ၊ အခန်းတံခါးဖွင့်လိုက်ရင်ပဲ အခန်းဝမှာ တပြုံကြီး ကလေးတွေ စောင့်နေကြတယ်။ အဖြူလေးက တကောင်၊ အမဲက ၄ကောင်။ ကိုယ့်ကိုတွေ့တာနဲ့ သူ့ကိုပွတ်ပါ၊ ငါ့ကိုပွတ်ပါ ဆိုပြီး အတင်းတိုးဝှေ့ ခေါင်းထိုးပေးကြတာ။ အားလုံးကို ညီတူမျှတူ အကုန် သေချာ ပွတ်သပ်ပေးပြီး အစာတွေ ထည့်ကျွေး နို့တိုက် လုပ်ရပါတယ်။ ဒါက မနက်တိုင်း နိုးလာရင် လုပ်နေကျ အလုပ်။

အရင်ကလဲ သံယောဇဉ်ဆိုတဲ့ ပို့စ်မှာ ရေးဖူးပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချစ်ရတာ ခံစားရလွန်းလို့ မမွေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ကိုယ့်ခြံထဲမှာ လာမွေးလေတော့ ကျွေးမိ မွေးမိ လုပ်မိတယ်။ ဒါနဲ့ ကလေး ၄ကောင်ရယ်၊ ကြောင်အမေကြီး တကောင်ရယ် သောင်တင်နေတော့တာပေါ့။

နံမည်တွေကလဲ ပေးထားတာ စုံလို့။ အဖြူ အမလေးက အချောဆုံး။ ရုပ်က ချောပါတယ်ဆိုမှ ပဲက များလွန်းလို့ ပဲထုပ်ကလေးလို့ နံမည်ပေးထားတယ်။ ဒါပေမဲ့ သူ့အဖေက ခေါ်တာတော့ ချစ်သမီး တဲ့။ အမွှေးရှည်မျိုးလေးမို့ ဘီးဖီးပေး၊ လည်ပတ်အနီရဲရဲလေး ပတ်ပေးရတယ်။ အိမ်ကို လာတဲ့ မိတ်ဆွေတွေက သမီးလေးက အမေတူလေးပါလား၊ ကစ်ကစ်လေးနော်၊ ပေါင်တုတ်တုတ်လေးနဲ့ ချစ်စရာလေး လို့ဆိုရင် အမေလုပ်တဲ့ ကိုယ်က ပီတိတွေဖြစ်ပြီး ရှိတာတွေချကျွေးရလို့ ကုန်ပေါင်းများပြီ။

နောက်တကောင်ကတော့ ပိညှက် လေ။ မွေးစက ဒီ Fall တောင် ကျော်ပါ့မလား၊ ခံပါ့မလား ထင်ရတာ။ ပြုစုလိုက်ရတာ။ အိပ်ရင်တောင် ပွေ့ထားရတယ်။ အခုတော့ တသွေးတမွေးဖြစ်ပြီး မိဘကိုတောင် ပြန် ကလန် ချင်တယ်။ ကိုယ်တို့ အိမ်ပြန်နောက်ကျမိရင် သူက အိမ်ဝကနေပြီး အိမ်ထဲကို ကုပ်ကုပ် ကုပ်ကုပ်နဲ့ ၀င်လာတဲ့ မိဘနှစ်ပါးကို ဆီးဟောက် တတ်တယ်။ ဘယ်သွားနေတာလဲ၊ ဗိုက်ဆာလှပြီ ဘာညာနေမှာပေါ့။

ဟောက်လဲ ချစ်ရတာပါပဲ။ သားပိ လို့ ချစ်စနိုးခေါ်တယ်။ အရောင်ကတော့ မဲပြောင်လို့။ သူ့ကြောင်အမေကြီးမွေးတုန်းက ဘာမှားသွားတယ် မသိ။ အရိုးလွဲပြီး ပါးစပ်က မစိဘူး။ သူ့ပါးစပ်က နံလိုက်တာ။ ဒါနဲ့ နံတာကို အစွဲပြုပြီး သူ့အဖေက အတည်အခန့် နံမည်ပေးတယ်။ မောင်နန္ဒ တဲ့။ ရုပ်ကလေးက ချောချင်ပေမဲ့ နှာခေါင်းပိတ် ချစ်ရတော့ ခက်တယ်။ (မောင်နန္ဒ နံမည်တူများ စာလာဖတ်ခဲ့ရင် ခွင့်လွှတ်ကြပါ)

သားပိက လည်လိုက်တာလဲ မွှတ်လို့။ သူက အညှက်ဆုံးပေမဲ့ သူ့ ကြောင်အကိုတွေ အမတွေအကုန်လုံးကို အိတ်ထဲထည့်ထားတယ်။ အားလုံးက သူ့သဘော။ သူ့ကို အလိုလိုက်ကြ၊ ချစ်လိုက်ကြတာ။ လျှာတွေနဲ့ ယက်ပေးကြ၊ အတူဆော့ပေးကြ။ လည်လွန်းလို့ နည်းနည်းကြီးရင် ကိုယ်တို့နှစ်ယောက်ကို အိမ်ဝမှာ ချရောင်းစားမဲ့ပုံပေါက်တယ်။

အဲဒီ ချစ်သမီးနဲ့ သားပိကတော့ ကျန်တဲ့ကလေးတွေ အိမ်ထောင်ကျ၊ မိဘကို ပစ်သွားလဲ အိမ်မှာ ကျန်နေမဲ့ အိုးကပ်ကလေးတွေပါ။ သူတို့ကတော့ လုပ်ကျွေးမယ် မထင်၊ ကိုယ်ကပဲ အိုကြီးအိုမ အထိ သူတို့ ချီးကျူံး၊ ပြုစုရမဲ့ သားသမီးတွေပါ။

နောက်တကောင်က အိုဘားမား တဲ့။ အမဲနဲ့ အဖြူစပ်လေး။ သူက အရိုင်းဆုံး။ ဆော့လဲ အဆော့ဆုံး။ ဒါနဲ့ အထီးလေးထင်ပြီး အိုဘားမားလို့ နံမည်ပေးလိုက်တာ။ အခု ကြီးလို့ ကိုင်လို့ရတဲ့အချိန်ကျတော့ သေချာကြည့်မိတော့ အမ လေး ဖြစ်နေတာ။ ကဲ.. မတတ်နိုင်ပါဘူး။ ခေါ်လက်စ အိုဘားမားပဲ ဆက်ခေါ်ရတော့တာပဲ။ နှုတ်ကျိုးနေပြီ။ သမ္မတ အိုးဘားမားသိရင် သတ်မှာ။ ဘယ့်နှယ် ငါ့နံမည်ပေးထားတာ ကြောင်အမကြီးပါလား ဖြစ်မှာ။

နောက်တကောင်ကတော့ ကလေးတွေထဲမှာ အကြီးဆုံးထင်ပါရဲ့။ သူ့အမေ မိညောင်မကြီး နဲ့ အမြဲမှားတယ်။ အမေတူသားပေါ့ (ကြောင်အမေနဲ့ တူတာပါ၊ လူအမေကတော့ နည်းနည်းပိုချောနေလို့။) ဒါနဲ့ ဘာနံမည်ပေးရမှန်း မသိတာနဲ့ အကြီးကောင်လို့ပဲ လွယ်လွယ်ခေါ်လိုက်တယ်။ သူက စားပြီးတာနဲ့ လှဲနေ၊ ဇိမ်ယူနေတတ်တာ။ ဆော့လဲ ဆော့ပါ့။ ခေါင်းညှပ်တဲ့ ကလစ်လေးတွေ ပျောက်လို့ ကြည့်လိုက်ရင် သူ့ပါးစပ်ထဲမှာချည်း။ ယူဆော့တာပါ။ သူတို့ဆော့သမျှ လိုက်သိမ်းရတာလဲ အလုပ်တခု။

အခု သူတို့အမေ မိညောင်မကြီးက နောက်ထပ် ကလေး ၅ကောင် ထပ်မွေးလိုက်ပြန်ပြီ။ ခြံထဲက ဂိုဒေါင်အသေးလေးထဲမှာပါပဲ။ အိမ်ထဲတော့ ခေါ်မသွင်းလာသေးဘူး။ ဟိုတနေ့က ပန်းကန်ဆေးရင်း ပြူတင်းပေါက်ကနေ ခြံထဲလှမ်းကြည့်မိတော့ ခြံထဲမှာ ဆော့နေလိုက်ကြတာ။ ပန်ဒါ ၀က်ဝံအရောင် အနက်နဲ့ အဖြူကြားလေး ၂ကောင်လဲပါတယ်။ လှမှလှ။ ဒါဆို စုစုပေါင်း ၁၀ ကောင်ဖြစ်သွားပြီ။ မိဘတွေလဲ လူမွဲစာရင်းခံဖို့ အချိန်အနည်းငယ်သာ လိုတော့သည်။

ကလေးတွေအားလုံး အဖေကပ်ကြတယ်။ ကပ်မယ်ဆိုလဲ ကပ်ချင်စရာလေ..။ သူက ကြောင်စားဖို့ snack တွေ ၀ယ်ထားပြီး သူချည်း ကျွေးတာ။ အဲဒီတော့ သူ့ဆိုရင် တွေ့တာနဲ့ ပြာသလူးကို ခပ်နေတာ။ မျက်စိကို နောက် ရော။ တကယ်က သူတို့ ချီး ကျူံးနေတာက ကိုယ်။ အနံ့စုပ်တဲ့ scoopable sand နဲ့မို့ တော်သေးတာပေါ့။ ကိုယ်များ ချီမယ်ဆိုရင် အမြီးတန်းနေအောင် ပြေးပြီ။ လာပါဟဲ့ ငါချစ်လွန်းလို့ပါဟဲ့ ပြောရတယ်။

ကိုယ်တို့နှစ်ယောက်လဲ ကလေးတွေ၊ တိရိစ္ဆာန်တွေဆို သိပ်ချစ်တာပါ။ ဒီလိုလူမျိုးမှပဲ သားသမီးရဖို့ ကံက မပေးဘူး။ အိမ်နားက မက္ကဆီကန်တွေများ ကလေးတွေ ဟော တယောက် ဟော တယောက်မွေးပြီး အစိုးရဆီမှာ ကလေးစားရိတ်တောင်းကြတယ်။ အသားဖြူဖြူ မျက်လုံးနက်နက် ဆံပင်ကောက်ကောက်လေးတွေမို့ ကလေးတိုင်း လှတယ်။ ဒါကြောင့် ကလေးတယောက်များ အိမ်ရှေ့လာပစ်ထားရင် အိမ်ထဲသွင်းထားလိုက်မှာ။ ပြန်မရတော့ဘူး မှတ်။

ကိုယ်ငယ်ငယ်ကတည်းက ကြောင်လေးတွေကို သိပ်ချစ်တတ်သူမို့ ကြောင် ဇာတ်လမ်းတွေ ရှိခဲ့ပါတယ်။ သတိရလို့ ငယ်ငယ်ကအကြောင်းလေး ပြောပြအုံးမယ်။ ကိုယ်ငယ်ငယ်က ကြောင်နဲ့ အိပ်တယ်၊ တချိန်လုံး ကြောင်ချည်း ပွေ့နေတယ်။ ကြောင်စကားတောင် နားလည်သလောက် ဖြစ်နေပြီ။ ကြောင်သန်းဆိုရင် စပယ်ရှယ်လစ်။

တနေ့တော့ ကိုယ်တို့အိမ်နားမှာနေတဲ့ အံကယ်ကြီးက သူ့အိမ်က ကြောင်လေး သန်းတွေ များလွန်းလို့၊ ကူပါအုံး တဲ့။ ကိုယ့်မောင်လေးကတဆင့် အကူအညီတောင်းလာတယ်။ ဒါနဲ့ ကြောင်စပယ်ရှယ်လစ်ကြီး လိုက်သွားပြီး တနေ့လုံး ကြောင်လေးကိုယ်က သန်းတွေ သွားတုပ် ပေးတာ။ ကြောင်လေးကို သနားလိုက်တာ။ သန်းတွေ များလွန်းလို့ ချိနေတာ။ ကိုယ်က သနားတော့ ငိုရင်း သန်းတွေ တုပ်။ ဖင်ပြန် ခေါင်းပြန် သန်းတွေ ရှာ။ တနေ့လုံးပဲ။ ဇတ်ကြောတွေတောင် တက်လို့။

အံကယ်ကြီးကလဲ ကိုယ့်ဘေးမှာ ကော်ဖီနဲ့ မုန့်တွေ ထားပေးထားတာ။ ကျေးဇူးတင်လွန်းလို့။ ကိုယ်လဲ မုန့်တောင် မစားနိုင်ပါဘူး။ ကလေးပဲရှိသေးတာဆိုတော့ စကပ်လေးထဲ ကြောင်လေးကို ထားပြီး သန်းတွေ ငုံ့ရှာ နေတော့တာပဲ။ ညနေစောင်းတော့ သန်းတွေလဲ မရှိသလောက် ကုန်ပြီ။ ဒါနဲ့ အညောင်းဆန့်ပြီး အိမ်ပြန်ခဲ့တယ်။ ကုသမှု အစီအစဉ် ပြီးဆုံး အောင်မြင်ပြီ ပေါ့။

နောက် ၃ရက်လောက်နေတော့ အံကယ်ကြီးနဲ့ လမ်းမှာ တွေ့တယ်။ ကိုယ်လဲ ကိုယ့်လူနာကို မေးမိတာပေါ့။ အံကယ်ကြီး၊ ကြောင်လေး သက်သာပြီလား၊ သန်းတွေ ပြောင်သွားပြီ မဟုတ်လား ပေါ့။ အံကယ်ကြီးကလဲ စိတ်မသက်မသာနဲ့ ပြန်ပြောရှာတယ်။ သန်းတွေတော့ သမီး တုပ်ပေးလို့ ကုန်ပါပြီ တဲ့၊ ဒါပေမဲ့ ကြောင်လေးက ငယ်သေးတော့ သမီးတနေ့လုံး ကိုင်လိုက်တာ လက်ပူကြပ်ပြီး သေသွားရှာပြီ သမီးရေ॥တဲ့။ ကိုယ်လဲ ဟိုက် ၊ သေကုန်ပဟ ဆိုပြီး တလလောက် အံကယ်ကြီးကို ရှောင်နေလိုက်ရတယ်။

နည်းနည်းကြီးလို့ အင်းစိန် ပြောင်းလာတော့ တစခန်း ထ ပြန်ပါရော။ ကြောင်လေးတွေ နေမကောင်းဖြစ်တော့ ကိုယ်တိုင် မကုရဲတော့ဘူး။ လက်တည့်စမ်းတာမှာ လွန်တာတွေလဲ ရှိခဲ့ဖူးတော့ ငြိမ်နေရတာပေါ့။ ဒါနဲ့ တိရိစ္ဆာန်ဆေးကုဆရာဝန် ခေါ်ရတယ်။ ဆရာဝန်လုပ်သူက အိမ်နားလဲ နီးနေတော့ ညနေဆို ကြောင် လာ လာ ကြည့်တယ်။

ကြောင်ချည်း လာကြည့်တာဆို အရေးမကြီးဘူး။ အခုဟာက ဆရာဝန်က ကြောင်ကို ကြည့်ရင်း ကိုယ့်အမ မအေးကိုပါ ရော ရော ပြီး ကြည့်နေတာ။ တကယ်က မအေးက ကြောင် ချစ်တတ်တာ မဟုတ်ဘူး။ စကားရော ဖောရော နဲ့ အဖေတို့ အမေတို့နဲ့တောင် ခင်နေပြီ။ နောက်တော့ ကြောင်နေကောင်း မပျောက်အောင်တောင် ဆွဲကုနေသလား မှတ်ရတယ်။ သေတဲ့ကောင်တောင် သေ။

ကိုယ့်အမ မအေးက တအိမ်လုံးမှာ အချောဆုံးပါ။ သူ့ကို ချစ်သူ ကြိုက်သူဆိုတာ တပုံကြီး။ လူကလဲ ရိုးရိုးအေးအေးဆိုတော့ ဘယ်သူမှ အိမ်ကို ၀င်ထွက်ခွင့်ရတာ မဟုတ်ဘူး။ အဲဒီ ကြောင်ဆရာဝန်ကတော့ ကိုယ့်ဆီက ကြောင်ပါမစ်ရထားတော့ ဟန်ကျနေတာပေါ့။ ကိုယ်လဲ အတော်ခရီး ရောက်မှ ကိုယ့်အမကို ကြိုက်နေပါလားဆိုတာ ရိပ်မိသလိုလို ရှိတယ်။

ဒါပေမဲ့လဲ ကိုယ်က ငယ်သေးတော့ ကလေးအတွေးနဲ့ နောင်ဆို ကြောင်ကလေးတွေ ဖျားနာရင် ဆေးကုခ သက်သာပြီဆိုပြီးနေတာ။ ငါ့ကြောင်လေးတွေ ကျန်းမာရေး စိတ်အေးပြီလို့ ထင်မိတာ။ ဒါနဲ့ အမတယောက် ပေးလိုက်ရတာပါပဲ။ အခု ကိုယ့်တူမလေးတွေ ဖြစ်တဲ့ မိုးပွင့်တို့ မိုးဥတို့ အဖေ ဖြစ်လာတဲ့သူပေါ့။

အခု သူတို့လင်မယား စကားများတယ်ကြားရင် ကိုယ့်မှာ ကြားထဲကနေ “ငါ့ကြောင့်ပါ၊ ငါ စ တဲ့ မီးပါ” လို့ ကြိတ် ရေရွတ်နေရတယ်လေ။


မိုးချိုသင်း

35 comments:

ရွှေဂျမ်း said...

အမ ကြောင်လေးတွေက ချစ်စရာလေးတွေဆိုတာ မှန်းကြည့်လို့ရတယ်။ ပုံလေးတွေပါ တင်ပါလား အမ။ ဂျမ်းလည်း ကြောင်ချစ်တယ်။ ဒါပေမယ့် ဟိုးတုန်းက ရန်ကုန်အိမ်မှာ မွေးခဲ့တဲ့ကြောင်လေး သေသွားပြီးကတည်းက အဲဒီသံယောဇဉ်ကို နည်းနည်းကြောက်သွားပြီ။ ခုတော့ မွေးစား သားသမီးတွေကိုပဲ ခဏငှားငှားချစ်နေလိုက်တယ်။း)

P.Ti said...

အမချိုသင်းရေးတာနဲ့ ကြောင်လေးတွေကို တော်တော်ချစ်ဖို့ကောင်းတယ်လို့ မြင်လာတယ်။ ကျွန်တော်က ဘယ်အိမ်မွေးတိရိစ္ဆာန်ကိုမှ သိပ်မချစ်တတ်ဘူးလေ...

ဟုတ်ပါ့.. ကြောင်လေးတွေ ဓာတ်ပုံတင်ပါ့လား...

khin oo may said...

:P
excellent..

ဇနိ said...

ကြောင်တွေကို ချစ်တတ်ပါပေ့ အမရယ်။
ကျနော်က ကြောင်တွေကို ချစ်ပေမယ့် သူ့တို့ အမွှေးတွေကို ကြောက်တာ... ငယ်ငယ်တုန်းက ကြောင်မွှေးတွေ ပါးစပ်ထဲဝင်ရင် လည်ပင်းကြီးရောဂါ ဖြစ်တတ်တယ်ဆိုလားပဲ အဲသလို ကြားဖူးတာနဲ့ ကြောင်ကို ကိုင်ရမှာ ကြောက်နေတာ..
ကိုဇနိ

kay said...

မချိုသင်းရေ- ဖတ်ကောင်း။ ဖတ်ပီးမှ..ပါးစပ်ပြန်ပိတ်ရတော့တယ်။း)

Anonymous said...

အင်းမုန့်ဘယ်လိုညာစားရမလဲ သိသွားပြီ။ ဒါပေမယ့် လာမလည်နိုင်တော့ နည်းကို အသုံးချလို့မရဘူး :(

ဇနိ said...

အမရေ ကြောင်ဝတုတ်လေးက အမကို တူသလား။
အစားပုပ်တာရော တူလား။
ကြောင်သန်းလည်းရှာတတ်သတဲ့။
ချစ်မှချစ်တတ်ပလေနော်။
အမကြီးပါသွားတာတော့ ကြောင်ဇာတ်လမ်းက မိုက်သဗျ။
ကိုဇနိတို့အိမ်မှာလည်း ကြောင်း ၄ ကောင်ရှိတယ်။
သူတို့မောင်နှမ ၄ ယောက်နဲ့ တူလို့ သူတို့ နာမည်တွေပေးထားတာတဲ့။ ကြောင်မလေးက သူ့ညီမလေးတဲ့။ ညီအစ်ကို ၃ ယောက်က ကြောင်ထီးလေး ၃ ကောင်ဆိုတော့ တိုက်ဆိုင်နေတာဆိုလား။
သူတို့အဖေနဲ့အမေမှာ သားသမီးတွေနဲ့ဝေးနေရတော့ အဲဒီကြောင်လေးတွေကို ကလေးတွေနာမည်ပေးပြီး ချစ်နေကြတာတဲ့။
အခုကြောင်လေးတွေတိုးပွားနေတော့ အမပျော်နေမယ်ထင်တယ်။ တပြုံတမကြီးနဲ့လေ။
နိနိ

Ko Boyz said...

ကြောင်အကြောင်း ပြောချင်တာလား...။
ကြောင်ကျန်းမာရေးကြောင့် အစ်မတစ်ယောက် ပေးလိုက်ရတာကို မကျေနပ်လို့ ကြောင်ဋီကာ ဖွင့်တာလား မသိ...။ :D

ThuHninSee said...

10ကောင်တောင်.ဘုရားဘုရား။
နောက်ထပ် ထပ်မွေးရင်ရော.. ၁၅ကောင်ဖြစ်ရော
နောက်တစ်ခါ..ထပ်မွေး.စုစုပေါင်း၂၀ :P

:P said...

အစ်မရယ်.. ကြောင်ချစ်တတ်လိုက်တာ.....။ နောက်ကြောင်လေး ၅ ကောင်ကတော့ အမည်ပေး ကင်ပွန်းတပ် မလုပ်ရသေးဘူးပေါ့...။
အထက်တန်းတုံးကအစ်မလောက်နီးနီးကြောင်ချစ်တတ
်တဲ့ သူငယ်ချင်းမောင်နှမ ၂ ယောက်ရှိတယ်....
အသစ်မွေးတဲ့ ကြောင်လေးတွေကို သူငယ်ချင်းတွေ နာမည်ပေးထားလို့လေ....သူတို့အိမ်သွားရင် ကိုယ်တွေနာမည်ခေါ်ခေါ်ပြီး ကြောင်ကို အစာကျွေး၊ ဆူပူ၊ ဆုံးမတာတွေအောင့်သက်သက်နဲ့ ခံနေရတယ်..။သူတို့ကတော့ "နင်တို့ကိုတော်ရုံခင်မင်မှုနဲ့ ငါတို့အသည်းလေးတွေနာမည်မပေးဘူး"တဲ့.. အသည်းလေးဆိုတာ ကြောင်တွေကိုပြောနေတာ..။

PAUK said...

မချိုသင်း..
ကျနော်ကတော့ ``ကြိုက်မကြောင်´နော်
ပြောထားပြီးသား..
ဒါမယ့်..ရီနေရတယ်..(အမရေးထားတာက..)
ချန်းချန်းကိုပေးလိုက်ရမလား...
ကလေးချစ်တယ်ဆိုလို့..
(သူက အစားတော့ပုတ်တယ်နော်..
အာလူးလဲများတယ်..)

khin oo may said...

Moe Cho Thinn said...

Vedio clip လေးကို ကြည့်ပြီး ချစ်လိုက်တာ မပန်းနွယ်ရေ..
အကောင်အကြီးလေးက အထီးလေး ထင်ပါရဲ့၊ အမလေးကို ခွဲသွားရမှာ စိုးပုံရတယ်။ သူကပဲ လာတွဲ ထားရှာတယ်။ အမြီးနဲ့ယပ်ပြီးလဲ ရွေ့နေ မျောနေအောင် လုပ်တယ်။ အကောင်သေးလေးကတော့ အမ ထင်ပါရဲ့။ ဇိမ်ယူနေပုံပဲ။ ကွဲသွားလဲ ကိစ္စမရှိ၊ အေးဆေးပဲ။
ကြည့်ပြီး ချစ်လိုက်၊ ကြည်နူးလိုက်တာ။

January 10, 2009 9:12 AM
Blogger khin oo may said...

ကြည့်စရာမလို. မိုးချိုသင်းသရုပ်ဖော်သွားသည်။

January 10, 2009 9:55 PM
Delete

khin oo may said...

11 Jan 09, 12:34 PM
kom: MCT သားတွေ သမီးတွေ အကြောင်းလဲ ရယ်ပြီးပြါီ့ပီ. လက်စသပ်တော့ TM သာမီး က ဟာသ စာရေးဆရာဖြစ်သွားတာကိုး။

11 Jan 09, 12:36 PM
mm: မမလှထုံကို ချီးကျူးတယ်။ မွန်ကြောင်မချစ်ဘူး

kom: လာရင် ဂုတ်ကနေ ဆွဲပြီး လွတ်ပစ်လိုက်မယ် တုတ်နဲ့ ခြောက်တာ မပြေးလို့ရှိရင်။ ကြောင်တွေ ကို..

11 Jan 09, 12:44 PM
Boyz: ရှမ်းအမျိုးသားများရဲ့ တုပ်ဆူး ပွဲ အတွက် လိုအပ်တာ သွားမှာစားလိုက်ပါဦးမယ်....။

11 Jan 09, 12:43 PM
sin dan lar: ဟိ

11 Jan 09, 12:43 PM
11 Jan 09, 12:43 PM
sin dan lar: မမွန်... မောနင်း

11 Jan 09, 12:42 PM
sin dan lar: မမချိုသင်း ကြာင်နှိပ်စက်ခန်းဖတ်ပြီး မျက်ရည်စက်လက်နဲ့ ပြန်သွားပြီထင်တယ်

11 Jan 09, 12:42 PM
mm: စင်စင်..မောနင်း

11 Jan 09, 12:42 PM
sin dan lar: ငယ်ငယ်က ကြောင်လာရင် ဂုတ်ကကိုင်ပြီးလွှင့်ပစ်တာ။ ကြီးမှ မလုပ်တော့တာ...အကြင်နာကြီးပုံ

11 Jan 09, 12:41 PM
sin dan lar: pkw
11 Jan 09, 12:41 PM
mm: ကြောင်ဆိုရင်.. ရိုက်ချင်တယ် ဟိဟိ အကြင်နာကြီးတာ

11 Jan 09, 12:40 PM
mm: ကြောင်ချီးလဲရွှံတယ်.စင်ကာပူမှာတုန်းက အဒေါ်ကကြောင်ချစ်တယ်... တစ်ခါတစ်လေ ရေချိုးခန်းထဲပါထားတယ် မုန်းလိုက

11 Jan 09, 12:40 PM
kom: အစ်မတို့ပြောနေကြတာ MCT မသိပါစေနဲ့ အသည်းကွဲသွားရှာမယ်။ သူ့အချစ်တုံးတွေ ကို။ အီးတုံးတွေ သူကျုံးနေကျ။

11 Jan 09, 12:39 PM
sin dan lar: slip

11 Jan 09, 12:39 PM
kom: မမြင့်ကွယ်ရာမှ လဲ နေတယ်။ တူလိုက်တာ။ အစာမကျွေးဘူး လာမှာ စိုးလို့ တုတ် ကို ဘေးကို ရိုက်ပြီးမောင်းထုတ်တ

11 Jan 09, 12:38 PM
mm: ကြောင်သန်းတုပ်ဖို့နေနေသာသာ... ယားလိုက်တာမှ.. ဝေးဝေးနေရတယ်

11 Jan 09, 12:37 PM
kom: ကြောင်ကိုကြောက်။
11 Jan 09, 12:37 PM
kom: အစ်မက ကြောက်ပါ ကြောက်သေးတယ်။ ကိုင် တောင် မကိုင်ရဲဘူး။ လာရင် ကုလားထိုင်ပေါ် တက်ပြေးတာ။ ဘာမှ မကြောက်.

khin oo may said...

11 Jan 09, 02:11 PM
ပေါက်: ဟီးး..ကျနော်လည်း ခွေးနဲ့ကြောင်ဆိုအသေကြောက်တာ

Anonymous said...

အတော် ကြာကြာ ပျောက် နေလို့ စိတ်ပူနေတာ..
.........
ကြောင် ချစ်ပုံ က အတော် တူ.....း)..
မမ ရော ပဲ... ကြောင် ချစ် တာ... အဲ..
သားတွေ.. က ပို ချစ် တယ်...
ကြောင် ဇာတ်လမ်း လေး.. မိုက် တယ် ဟေ့..
အစ်မ ပါ..ပါသွား သတဲ့.....း)..
............

မမသီရိ said...

i like it very much

RePublic said...

ကျနော် ကတော့ ကြောင်ပိစီ ဘုစုခရုလေးတွေ ကိုကြိုက်တယ်၊ ကြောင်ကြီးကြီးတွေ ကိုတော့ ကုတ်မှာကြောက်တော့ မကြိုက်ဝူး အစ်မ MCT

khin oo may said...

Moe Cho Thinn said...
မမရဲ့ ကားလေးကို စိတ်နဲ့မှန်းပြီး ချစ်သွားတယ်။ သန္ဓေကောင်းတဲ့ ကားလေးနော်။ မလဲပါနဲ့ မမရယ်။

ချိုသင်းလဲ မမလိုပဲ။ သူတို့ကို သက်ရှိလို တခါတလေ သဘောထားမိနေတာ ခက်တယ်။ လမ်းသွားရင်း ဘေးက ကားလှလှလေးတွေ့ရင် လှလိုက်တာနော်၊ စီးရရင်ကောင်းမှာပဲ လို့ ပြောမိပြီး သူ့ကားပေါ်ကနေ ဟိုဖက်ကားကို လိုချင်မိတာမို့ စိတ်မဆိုးပါနဲ့ဟယ် ဆိုပြီး ကား dashboard လေးကို ပွတ်ပေးလိုက်ရသေးတာ။ အင်း..သံယောဇဉ် ဆိုတာကလဲ မလွယ်ပါလား။ :)

10 January 2009 16:05

MANORHARY said...

လောကမှာခပ်တည်တည်နဲ့ကြောင်အမကိုအထီးနာမည်
ပေးတာကိုယ်တစ်ယောက်တည်းရှိတယ်ထင်တာ...
ဘယ်ဟုတ်မလဲ..ကိုယ့်လိုပါရမီရှင်ကရှိသေးတာကိုး..
း)

မီယာ said...

ကြောင်ရောခွေးရော ကြောက်ပေမယ့် အမရဲ့ ကြောင်ဇာတ်လမ်းဖတ်ပြီး ချစ်တတ်ပါပေတယ်လို့ ချီးကျူးမိတယ်။ အမတို့ကတော့ စံပဲ အိမ်မွေး တိရိစ္ဆာန်ကိုတောင် ဒီလောက်ယုယနေတာ ကိုယ်ပိုင် သားသမီးဆို ဘယ်ထားရမှန်းသိမှာ မဟုတ်ဘူးနော်။ ဆုတောင်းပေးရမလား အမ?

လင်း said...

လင်းက ကြောင်မချစ်ပါ။ခွေးပဲချစ်ပါသည်.
မိညောင်မကြီးကို ရှင်မွေးလွန်းလို့ သာ နာမည်ပြောင်း ပေးလိုက်ပါတော့

D Soe said...

အမရေ ဖတ်လို့အင်မတန်ကောင်းပါတယ်။ အားပေးလျက်ပါ။
အိုဘားမားက ကျွန်မတို့အိမ်ကကြောင် မိဖြူလိုပေါ့။ မိဖြူ အဖြစ်ကငိုရအခက်ရီရအခက်။
ပြောရင်းသတိတောင်ရလာပြီ။ =)

ATN said...

ဟားဟား... စာတောင် မရိုက်နိုင်တော့ဘူး... ပါးစပ် မပိတ်နိုင်လို့...း)

nu-san said...

အမရေ.. စာဖတ်ပြီး ရီရလွန်းလို့ တံတွေးတောင် သီးတယ်.. :D အမကြောင်ချစ်တတ်လိုက်တာ.. ကျနော်လည်း ကြောင်ချစ်တယ်.. ဒါပေမယ့် အခု ဒီမှာတော့ ကြောင် မမွေးဖြစ်တော့ပါဘူး အမရယ်.. ဘေးအိမ်က ကြောင်တစ်ကောင်ကတော့ အမြဲတမ်း အစာလာချောင်းတယ်.. သူလာရင် ချုသံကြားရတယ်... :)

အိန္ဒြာ said...

အစ်မ...

စိတ်နှလုံးနူးညံ့တာ..။ ကြင်နာတတ်တာလေးတွေကို...
စာလေးတွေကတဆင့်..ခံစားနေရပါတယ်..

ချစ်ခင်လေးစားစွာ

အိန္ဒြာ

ပုံရိပ် / Pon Yate said...

မချိုသင်းက ကြောင်တွေ တော်တော် ချစ်တတ်တာပဲ။ အစ်မတို့ စုံတွဲက ညီတယ်နော်။ ပျော်စရာကြီးပဲ။

တန်ခူး said...

ချိုသင်းရေ… ကြောင်မေမေကြီး စာရေးကောင်းတာနဲ့  ကြောင်လေးတွေက ပိုချစ်ဖို့ ကောင်းလာသလိုပဲ…
ကြောင်လေး ၁၀ ကောင်ပုံကို တင်ပေးပါလား…
ပြန်သွားတော့ အိမ်နောက်ဖေးအိမ်က မွေးထားပြီး မေမေကျွေးထားတဲ့ ကြောင်လေး ၅ ကောင် တွေ့ တော့ ချိုသင်းကို သတိရမိသေးတယ်…
အမတယောက်လုံးပေးပြီးကြောင်ချစ်ပုံက စံပါပဲလား…
ချိုသင်းရေ… ခုခေတ်ဆေးတွေက အတော်တိုးတက်လာတယ်…
စိတ်မညစ်ပါနဲ့ … ဆက်tryပါ… ချိုသင်းထက်ကြီးတဲ့ တို့ သူငယ်ချင်းတွေတောင် ဒီနှစ်ထဲ ထီပေါက်ကြတာ… ရတနာ ထီလေ…
ငြိမ်းချမ်းပျော်ရွင်သော နှစ်သစ်ဖြစ်ပါစေ…

M.Y. said...

မိုးချိုရေ..
အချစ်၊ အလွမ်း၊ အသော၊ ဂရုဏ၊ တွေနဲ့ အတူ လူသားဆန်ခြင်းဆိုတဲ့ သံယောဇဉ် အဖွဲ့ တွေ တနင့်တပိုးပါပဲ။

ဖတ်နေရင်းနဲ့ အလယ်တန်းဖတ်စာထဲက ထင်တယ် မိဖြူ ဆိုတဲ့စကားပြေလေးကိုတောင်သွားအမှတ်ရမိသေးတယ်။ သူကဒီလောက်တော့၊ရသမစုံဘူး..

May Moe said...

အမရေ သာမီးတို့လဲ ကြောင် ကောခွေးကောချစ်တတ်တယ် ဒါပေမဲ့ အမလောက်စိတ်မရှည်နိုင်ဘူးထင်တယ် ။ အခုတော့အိမ်မှာ ဟန်စတာနဲ့ ဂျင်နီပစ် မွေးထားတယ် ငါးထပ်မွေးမလားစဉ်းစားနေတာ ။ အမရေ လည်လည်လာတာနဲ့ ManU ချင်းတူနေတာ အရမ်းဝမ်းသာပါတယ်

pandora said...

အနော်က ကြောင်ပေါက်စလေးတွေကို ပိုချစ်တယ် ဆော့လို့။

စူး said...

အမ ဓာတ်ပုံတင်ပါလား

သစ်နက်ဆူး said...

မမိုး...
စိတ်ရှည်လက်ရှည်နဲ့ ပြုစု စောင့်ရှောက်၊
ကျွေးမွေးသုတ်သင်၊ ယုယ...အောင်မယ်လေးးးးးး
ပြောချင်တာက ကြင်နာတတ်တာကို ချီးကျူးပါတယ်လို့ 
ပါ...။
လူတစ်ယောက်က....
တိရိစ္ဆာန်လေးတွေကို ချစ်ခင်တတ်တယ်ဆိုရင်တော့..
သူ့ နှလုံးသားတစ်စိတ်တစ်ဒေသကို မြင်နိုင်ပါတယ်...။
နောက်ဆိုရင်....
ကြောင်မျက်ရှင်စိန်စိန်လို့  ခေါ်ရမလား...
မိုက်တယ်နော်..ဒီနာမည်...။

Mr.Pu said...

ကြောင်လေးတွေကို ချစ်တယ်ဆိုတော့ “ပူး” လေးဆို
ရင်ကော??

nyimuyar said...

ကြောင်ချစ်တဲ့ သူချင်းမို့  ရေးထားတာတွေကို ခံစားလို့ တော်တော်ရပါတယ်ဗျာ၊ အမရေ ကြောင်လေးတွေ အကြောင်းထပ်ရေးပါဦးဗျာ

ဂျူနို said...

်ကြောင်ဆရာဝန်နဲ့ စောစောက သိခဲ့ရင် မအယ်လည်း နည်းလေး ဘာလေးရမှာ။
သူက ကြောင်ကု တာလား။ ဆိုလိုတာက သူ ကုတာ ကြောင်လား။