ဒီနေ့ စနေနေ့။
ဒီနားရက်လေးမှာ ဘာမှ ချိန်းချက်ထားတာလဲ မရှိ၊ အရေးတကြီး လုပ်ကိုင်စရာတွေလဲ မရှိတော့ အေးအေးဆေးဆေး အိမ်မှာပဲ သားသမီးတွေနဲ့ နားနားနေနေ နေမယ်လို့ စိတ်ကူးတယ်။
မနက်မိုးလင်း မျက်လုံးနှစ်လုံးပွင့်တာနဲ့ အိပ်ယာက မြန်မြန်ထ၊ အခန်းတံခါးဖွင့်လိုက်ရင်ပဲ အခန်းဝမှာ တပြုံကြီး ကလေးတွေ စောင့်နေကြတယ်။ အဖြူလေးက တကောင်၊ အမဲက ၄ကောင်။ ကိုယ့်ကိုတွေ့တာနဲ့ သူ့ကိုပွတ်ပါ၊ ငါ့ကိုပွတ်ပါ ဆိုပြီး အတင်းတိုးဝှေ့ ခေါင်းထိုးပေးကြတာ။ အားလုံးကို ညီတူမျှတူ အကုန် သေချာ ပွတ်သပ်ပေးပြီး အစာတွေ ထည့်ကျွေး နို့တိုက် လုပ်ရပါတယ်။ ဒါက မနက်တိုင်း နိုးလာရင် လုပ်နေကျ အလုပ်။
အရင်ကလဲ သံယောဇဉ်ဆိုတဲ့ ပို့စ်မှာ ရေးဖူးပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချစ်ရတာ ခံစားရလွန်းလို့ မမွေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ကိုယ့်ခြံထဲမှာ လာမွေးလေတော့ ကျွေးမိ မွေးမိ လုပ်မိတယ်။ ဒါနဲ့ ကလေး ၄ကောင်ရယ်၊ ကြောင်အမေကြီး တကောင်ရယ် သောင်တင်နေတော့တာပေါ့။
နံမည်တွေကလဲ ပေးထားတာ စုံလို့။ အဖြူ အမလေးက အချောဆုံး။ ရုပ်က ချောပါတယ်ဆိုမှ ပဲက များလွန်းလို့ ပဲထုပ်ကလေးလို့ နံမည်ပေးထားတယ်။ ဒါပေမဲ့ သူ့အဖေက ခေါ်တာတော့ ချစ်သမီး တဲ့။ အမွှေးရှည်မျိုးလေးမို့ ဘီးဖီးပေး၊ လည်ပတ်အနီရဲရဲလေး ပတ်ပေးရတယ်။ အိမ်ကို လာတဲ့ မိတ်ဆွေတွေက သမီးလေးက အမေတူလေးပါလား၊ ကစ်ကစ်လေးနော်၊ ပေါင်တုတ်တုတ်လေးနဲ့ ချစ်စရာလေး လို့ဆိုရင် အမေလုပ်တဲ့ ကိုယ်က ပီတိတွေဖြစ်ပြီး ရှိတာတွေချကျွေးရလို့ ကုန်ပေါင်းများပြီ။
နောက်တကောင်ကတော့ ပိညှက် လေ။ မွေးစက ဒီ Fall တောင် ကျော်ပါ့မလား၊ ခံပါ့မလား ထင်ရတာ။ ပြုစုလိုက်ရတာ။ အိပ်ရင်တောင် ပွေ့ထားရတယ်။ အခုတော့ တသွေးတမွေးဖြစ်ပြီး မိဘကိုတောင် ပြန် ကလန် ချင်တယ်။ ကိုယ်တို့ အိမ်ပြန်နောက်ကျမိရင် သူက အိမ်ဝကနေပြီး အိမ်ထဲကို ကုပ်ကုပ် ကုပ်ကုပ်နဲ့ ၀င်လာတဲ့ မိဘနှစ်ပါးကို ဆီးဟောက် တတ်တယ်။ ဘယ်သွားနေတာလဲ၊ ဗိုက်ဆာလှပြီ ဘာညာနေမှာပေါ့။
ဟောက်လဲ ချစ်ရတာပါပဲ။ သားပိ လို့ ချစ်စနိုးခေါ်တယ်။ အရောင်ကတော့ မဲပြောင်လို့။ သူ့ကြောင်အမေကြီးမွေးတုန်းက ဘာမှားသွားတယ် မသိ။ အရိုးလွဲပြီး ပါးစပ်က မစိဘူး။ သူ့ပါးစပ်က နံလိုက်တာ။ ဒါနဲ့ နံတာကို အစွဲပြုပြီး သူ့အဖေက အတည်အခန့် နံမည်ပေးတယ်။ မောင်နန္ဒ တဲ့။ ရုပ်ကလေးက ချောချင်ပေမဲ့ နှာခေါင်းပိတ် ချစ်ရတော့ ခက်တယ်။ (မောင်နန္ဒ နံမည်တူများ စာလာဖတ်ခဲ့ရင် ခွင့်လွှတ်ကြပါ)
သားပိက လည်လိုက်တာလဲ မွှတ်လို့။ သူက အညှက်ဆုံးပေမဲ့ သူ့ ကြောင်အကိုတွေ အမတွေအကုန်လုံးကို အိတ်ထဲထည့်ထားတယ်။ အားလုံးက သူ့သဘော။ သူ့ကို အလိုလိုက်ကြ၊ ချစ်လိုက်ကြတာ။ လျှာတွေနဲ့ ယက်ပေးကြ၊ အတူဆော့ပေးကြ။ လည်လွန်းလို့ နည်းနည်းကြီးရင် ကိုယ်တို့နှစ်ယောက်ကို အိမ်ဝမှာ ချရောင်းစားမဲ့ပုံပေါက်တယ်။
အဲဒီ ချစ်သမီးနဲ့ သားပိကတော့ ကျန်တဲ့ကလေးတွေ အိမ်ထောင်ကျ၊ မိဘကို ပစ်သွားလဲ အိမ်မှာ ကျန်နေမဲ့ အိုးကပ်ကလေးတွေပါ။ သူတို့ကတော့ လုပ်ကျွေးမယ် မထင်၊ ကိုယ်ကပဲ အိုကြီးအိုမ အထိ သူတို့ ချီးကျူံး၊ ပြုစုရမဲ့ သားသမီးတွေပါ။
နောက်တကောင်က အိုဘားမား တဲ့။ အမဲနဲ့ အဖြူစပ်လေး။ သူက အရိုင်းဆုံး။ ဆော့လဲ အဆော့ဆုံး။ ဒါနဲ့ အထီးလေးထင်ပြီး အိုဘားမားလို့ နံမည်ပေးလိုက်တာ။ အခု ကြီးလို့ ကိုင်လို့ရတဲ့အချိန်ကျတော့ သေချာကြည့်မိတော့ အမ လေး ဖြစ်နေတာ။ ကဲ.. မတတ်နိုင်ပါဘူး။ ခေါ်လက်စ အိုဘားမားပဲ ဆက်ခေါ်ရတော့တာပဲ။ နှုတ်ကျိုးနေပြီ။ သမ္မတ အိုးဘားမားသိရင် သတ်မှာ။ ဘယ့်နှယ် ငါ့နံမည်ပေးထားတာ ကြောင်အမကြီးပါလား ဖြစ်မှာ။
နောက်တကောင်ကတော့ ကလေးတွေထဲမှာ အကြီးဆုံးထင်ပါရဲ့။ သူ့အမေ မိညောင်မကြီး နဲ့ အမြဲမှားတယ်။ အမေတူသားပေါ့ (ကြောင်အမေနဲ့ တူတာပါ၊ လူအမေကတော့ နည်းနည်းပိုချောနေလို့။) ဒါနဲ့ ဘာနံမည်ပေးရမှန်း မသိတာနဲ့ အကြီးကောင်လို့ပဲ လွယ်လွယ်ခေါ်လိုက်တယ်။ သူက စားပြီးတာနဲ့ လှဲနေ၊ ဇိမ်ယူနေတတ်တာ။ ဆော့လဲ ဆော့ပါ့။ ခေါင်းညှပ်တဲ့ ကလစ်လေးတွေ ပျောက်လို့ ကြည့်လိုက်ရင် သူ့ပါးစပ်ထဲမှာချည်း။ ယူဆော့တာပါ။ သူတို့ဆော့သမျှ လိုက်သိမ်းရတာလဲ အလုပ်တခု။
အခု သူတို့အမေ မိညောင်မကြီးက နောက်ထပ် ကလေး ၅ကောင် ထပ်မွေးလိုက်ပြန်ပြီ။ ခြံထဲက ဂိုဒေါင်အသေးလေးထဲမှာပါပဲ။ အိမ်ထဲတော့ ခေါ်မသွင်းလာသေးဘူး။ ဟိုတနေ့က ပန်းကန်ဆေးရင်း ပြူတင်းပေါက်ကနေ ခြံထဲလှမ်းကြည့်မိတော့ ခြံထဲမှာ ဆော့နေလိုက်ကြတာ။ ပန်ဒါ ၀က်ဝံအရောင် အနက်နဲ့ အဖြူကြားလေး ၂ကောင်လဲပါတယ်။ လှမှလှ။ ဒါဆို စုစုပေါင်း ၁၀ ကောင်ဖြစ်သွားပြီ။ မိဘတွေလဲ လူမွဲစာရင်းခံဖို့ အချိန်အနည်းငယ်သာ လိုတော့သည်။
ကလေးတွေအားလုံး အဖေကပ်ကြတယ်။ ကပ်မယ်ဆိုလဲ ကပ်ချင်စရာလေ..။ သူက ကြောင်စားဖို့ snack တွေ ၀ယ်ထားပြီး သူချည်း ကျွေးတာ။ အဲဒီတော့ သူ့ဆိုရင် တွေ့တာနဲ့ ပြာသလူးကို ခပ်နေတာ။ မျက်စိကို နောက် ရော။ တကယ်က သူတို့ ချီး ကျူံးနေတာက ကိုယ်။ အနံ့စုပ်တဲ့ scoopable sand နဲ့မို့ တော်သေးတာပေါ့။ ကိုယ်များ ချီမယ်ဆိုရင် အမြီးတန်းနေအောင် ပြေးပြီ။ လာပါဟဲ့ ငါချစ်လွန်းလို့ပါဟဲ့ ပြောရတယ်။
ကိုယ်တို့နှစ်ယောက်လဲ ကလေးတွေ၊ တိရိစ္ဆာန်တွေဆို သိပ်ချစ်တာပါ။ ဒီလိုလူမျိုးမှပဲ သားသမီးရဖို့ ကံက မပေးဘူး။ အိမ်နားက မက္ကဆီကန်တွေများ ကလေးတွေ ဟော တယောက် ဟော တယောက်မွေးပြီး အစိုးရဆီမှာ ကလေးစားရိတ်တောင်းကြတယ်။ အသားဖြူဖြူ မျက်လုံးနက်နက် ဆံပင်ကောက်ကောက်လေးတွေမို့ ကလေးတိုင်း လှတယ်။ ဒါကြောင့် ကလေးတယောက်များ အိမ်ရှေ့လာပစ်ထားရင် အိမ်ထဲသွင်းထားလိုက်မှာ။ ပြန်မရတော့ဘူး မှတ်။
ကိုယ်ငယ်ငယ်ကတည်းက ကြောင်လေးတွေကို သိပ်ချစ်တတ်သူမို့ ကြောင် ဇာတ်လမ်းတွေ ရှိခဲ့ပါတယ်။ သတိရလို့ ငယ်ငယ်ကအကြောင်းလေး ပြောပြအုံးမယ်။ ကိုယ်ငယ်ငယ်က ကြောင်နဲ့ အိပ်တယ်၊ တချိန်လုံး ကြောင်ချည်း ပွေ့နေတယ်။ ကြောင်စကားတောင် နားလည်သလောက် ဖြစ်နေပြီ။ ကြောင်သန်းဆိုရင် စပယ်ရှယ်လစ်။
တနေ့တော့ ကိုယ်တို့အိမ်နားမှာနေတဲ့ အံကယ်ကြီးက သူ့အိမ်က ကြောင်လေး သန်းတွေ များလွန်းလို့၊ ကူပါအုံး တဲ့။ ကိုယ့်မောင်လေးကတဆင့် အကူအညီတောင်းလာတယ်။ ဒါနဲ့ ကြောင်စပယ်ရှယ်လစ်ကြီး လိုက်သွားပြီး တနေ့လုံး ကြောင်လေးကိုယ်က သန်းတွေ သွားတုပ် ပေးတာ။ ကြောင်လေးကို သနားလိုက်တာ။ သန်းတွေ များလွန်းလို့ ချိနေတာ။ ကိုယ်က သနားတော့ ငိုရင်း သန်းတွေ တုပ်။ ဖင်ပြန် ခေါင်းပြန် သန်းတွေ ရှာ။ တနေ့လုံးပဲ။ ဇတ်ကြောတွေတောင် တက်လို့။
အံကယ်ကြီးကလဲ ကိုယ့်ဘေးမှာ ကော်ဖီနဲ့ မုန့်တွေ ထားပေးထားတာ။ ကျေးဇူးတင်လွန်းလို့။ ကိုယ်လဲ မုန့်တောင် မစားနိုင်ပါဘူး။ ကလေးပဲရှိသေးတာဆိုတော့ စကပ်လေးထဲ ကြောင်လေးကို ထားပြီး သန်းတွေ ငုံ့ရှာ နေတော့တာပဲ။ ညနေစောင်းတော့ သန်းတွေလဲ မရှိသလောက် ကုန်ပြီ။ ဒါနဲ့ အညောင်းဆန့်ပြီး အိမ်ပြန်ခဲ့တယ်။ ကုသမှု အစီအစဉ် ပြီးဆုံး အောင်မြင်ပြီ ပေါ့။
နောက် ၃ရက်လောက်နေတော့ အံကယ်ကြီးနဲ့ လမ်းမှာ တွေ့တယ်။ ကိုယ်လဲ ကိုယ့်လူနာကို မေးမိတာပေါ့။ အံကယ်ကြီး၊ ကြောင်လေး သက်သာပြီလား၊ သန်းတွေ ပြောင်သွားပြီ မဟုတ်လား ပေါ့။ အံကယ်ကြီးကလဲ စိတ်မသက်မသာနဲ့ ပြန်ပြောရှာတယ်။ သန်းတွေတော့ သမီး တုပ်ပေးလို့ ကုန်ပါပြီ တဲ့၊ ဒါပေမဲ့ ကြောင်လေးက ငယ်သေးတော့ သမီးတနေ့လုံး ကိုင်လိုက်တာ လက်ပူကြပ်ပြီး သေသွားရှာပြီ သမီးရေ॥တဲ့။ ကိုယ်လဲ ဟိုက် ၊ သေကုန်ပဟ ဆိုပြီး တလလောက် အံကယ်ကြီးကို ရှောင်နေလိုက်ရတယ်။
နည်းနည်းကြီးလို့ အင်းစိန် ပြောင်းလာတော့ တစခန်း ထ ပြန်ပါရော။ ကြောင်လေးတွေ နေမကောင်းဖြစ်တော့ ကိုယ်တိုင် မကုရဲတော့ဘူး။ လက်တည့်စမ်းတာမှာ လွန်တာတွေလဲ ရှိခဲ့ဖူးတော့ ငြိမ်နေရတာပေါ့။ ဒါနဲ့ တိရိစ္ဆာန်ဆေးကုဆရာဝန် ခေါ်ရတယ်။ ဆရာဝန်လုပ်သူက အိမ်နားလဲ နီးနေတော့ ညနေဆို ကြောင် လာ လာ ကြည့်တယ်။
ကြောင်ချည်း လာကြည့်တာဆို အရေးမကြီးဘူး။ အခုဟာက ဆရာဝန်က ကြောင်ကို ကြည့်ရင်း ကိုယ့်အမ မအေးကိုပါ ရော ရော ပြီး ကြည့်နေတာ။ တကယ်က မအေးက ကြောင် ချစ်တတ်တာ မဟုတ်ဘူး။ စကားရော ဖောရော နဲ့ အဖေတို့ အမေတို့နဲ့တောင် ခင်နေပြီ။ နောက်တော့ ကြောင်နေကောင်း မပျောက်အောင်တောင် ဆွဲကုနေသလား မှတ်ရတယ်။ သေတဲ့ကောင်တောင် သေ။
ကိုယ့်အမ မအေးက တအိမ်လုံးမှာ အချောဆုံးပါ။ သူ့ကို ချစ်သူ ကြိုက်သူဆိုတာ တပုံကြီး။ လူကလဲ ရိုးရိုးအေးအေးဆိုတော့ ဘယ်သူမှ အိမ်ကို ၀င်ထွက်ခွင့်ရတာ မဟုတ်ဘူး။ အဲဒီ ကြောင်ဆရာဝန်ကတော့ ကိုယ့်ဆီက ကြောင်ပါမစ်ရထားတော့ ဟန်ကျနေတာပေါ့။ ကိုယ်လဲ အတော်ခရီး ရောက်မှ ကိုယ့်အမကို ကြိုက်နေပါလားဆိုတာ ရိပ်မိသလိုလို ရှိတယ်။
ဒါပေမဲ့လဲ ကိုယ်က ငယ်သေးတော့ ကလေးအတွေးနဲ့ နောင်ဆို ကြောင်ကလေးတွေ ဖျားနာရင် ဆေးကုခ သက်သာပြီဆိုပြီးနေတာ။ ငါ့ကြောင်လေးတွေ ကျန်းမာရေး စိတ်အေးပြီလို့ ထင်မိတာ။ ဒါနဲ့ အမတယောက် ပေးလိုက်ရတာပါပဲ။ အခု ကိုယ့်တူမလေးတွေ ဖြစ်တဲ့ မိုးပွင့်တို့ မိုးဥတို့ အဖေ ဖြစ်လာတဲ့သူပေါ့။
အခု သူတို့လင်မယား စကားများတယ်ကြားရင် ကိုယ့်မှာ ကြားထဲကနေ “ငါ့ကြောင့်ပါ၊ ငါ စ တဲ့ မီးပါ” လို့ ကြိတ် ရေရွတ်နေရတယ်လေ။
မိုးချိုသင်း