တောင်ခြစ် မြောက်ခြစ်

ဒီနေ့တော့ တနင်္ဂနွေနေ့လေး အားတော့ ကိုယ်တို့ နှစ်ယောက်သား တနေ့လုံး အိမ်တွေ ရှင်း၊ အ၀တ်လျှော် လုပ်နေတာ။ အိမ် အလုပ်တွေလဲ တော်တော်ပြီးသွားတယ်။ ညနေကျတော့ ဈေးလေးထွက်ဝယ်၊ အပြန် သူငယ်ချင်းတွေနဲ့ မြီးရှည် သွားစားကြတယ်။

မြီးရှည်က မြန်မာဆိုင်က မဟုတ်ပါဘူး။ ယူနန်တရုတ်ဆိုင်ပါ။ မြန်မာမြီးရှည်နဲ့ တော်တော်တူတယ်။ အဲဒီဆိုင်မှာ မြန်မာမြီးရှည်နဲ့တူတာ ရတယ်ဆိုလို့ ပထမဆုံးအကြိမ် ကိုယ်သွားစားတုန်းက မီနူးမှာ တရုတ်လိုချည်း ရေးထားတာပါ။ ကိုယ့်ကို ပြောလိုက်တဲ့ အံတီကလဲ မီနူးမှာ နံပါတ် ၂၁ ကိုသာ မှာလိုက်၊ အဲဒါ မြီးရှည် ပဲ တဲ့။

ကိုယ်ကလဲ ဘာမှာမလဲ တရုတ်လို လာမေးတဲ့ အမျိုးသမီးကို ဘာမှ ရှည်ရှည်ဝေးဝေး ပြောမနေပါဘူး (သူပြောတာ ကိုယ်မသိ ကိုယ်ပြောတာ သူနားမလည် မို့ပါ) ။ တွမ်တီဝမ်းလို့ ခပ်တည်တည် မှာလိုက်တာ။ သူလဲ ခပ်တည်တည်ပဲ လာချပါတယ်။ မြီးရှည်ပါပဲ။ ကံကောင်းလို့ အပေါက်အလမ်းတည့်သွားတယ် ဆိုပါတော့။

ဒါနဲ့ သဘောကျပြီး ၃၊ ၄ ခေါက် သွားစားဖြစ်တယ်။ သွားစားတိုင်း တွမ်တီဝမ်း လိုက်တာပါ။ ကိုယ်လဲ တရုတ်လို မဖတ်တတ်၊ မပြောတတ်၊ သူတို့လဲ အမေရိကားကြီးမှာ ဆိုင်လာဖွင့်ပြီး တရုတ်စကားသာ ရေရေလည်လည် သိတာမျိုးပါ။ တခါတော့ မီနူးက အသစ်ဖြစ်သွား ပါလေရော။ ကိုယ်မှာနေကျ တွမ်တီဝမ်းက ဘယ်ရောက်သွားမှန်း မသိလို့ မျက်လုံး အတော်ပြူးသွားရသေးတာ။

ကိုယ့်အမျိုးသားက တရုတ်စပ်တာမို့ သူ့ကိုလဲ တရုတ်လို အတော်လာပြောကြတာပါ။ သူကလဲ ဝေါ်အိုက်နီ လောက်သာ သိတဲ့ ဘုရားစူး တရုတ်ပါလေ။ ဟိုက ကွိကွိကွကွ လာပြောရင် ခပ်တည်တည်နဲ့ နားထောင်နေတာပါ။ လုံးစေ့ပတ်စေ့ပဲ သိနေသလိုလိုပေါ့။ ပြီးတော့မှ သူပြောနေတာ နားလည်သလား မေးကြည့်၊ မသိဘူးလေ တဲ့။

ဒါနဲ့ သူငယ်ချင်းတယောက်က ကိုယ့်အားကိုယ်ကိုးမှ စားရမှာမို့ မြီးရှည်လဲ မစားချင်လို့ ဆိုင်မှာ လမ်းသလားပြီး သူများ စားပွဲတွေ လိုက်ကြည့်ပါတယ်။ ပြီးမှ သူလိုချင်တာတွေ့ရင် စားပွဲထိုးခေါ်ပြီး လက်ညှိုးထိုး ပြရတယ်။ အင်တာနေရှင်နယ် ဘာသာစကားပေါ့။ စားပွဲထိုး အမျိုးသမီးကလဲ သူထိုးတဲ့ပွဲမှန်သမျှ လက်မထောင်ပြီး ဗဲရီးဂွတ်ဒ် တဲ့။ ဒီတလုံးတော့ ရပါတယ်။

ဒါနဲ့ ညစာ စားပြီး အိမ်ကို ပြန်ရောက်တော့ သီချင်းဆိုကြတယ်။ ကာရာအိုကေ ပေါ့။ ကိုယ်လဲ သီချင်းတော့ အတော်ကြိုက်တယ်။ ဘယ်လောက် နားထောင်ရ နားထောင်ရ နားညည်းတယ်လို့ မရှိဘူး။

ကိုယ်ကတော့ ဆိုခဲပါတယ်။ ဆိုရင်လဲ အဆိုတော်အသံကို ပိတ်ပြီး မဆိုချင်ဘူး။ ကိုယ် ကီး တလွဲတွေ ချ နေမှန်း သူများ သိကုန် မစိုးလို့။ သီချင်း အရသာလေး ပျက်သွားမစိုးလို့။ အဆိုတော်အသံလေးတိုင်း မှေးလိုက်ဆိုနေတာ။ သူ့အသံလိုလို ကိုယ့်အသံ လိုလို။ ကိုယ့်အသံချည်း ထွက်မနေတော့ အလှလေး ပျက်မသွားဘူးပေါ့။

တခါတလေကျတော့လဲ ကိုယ်သိပ်ကြိုက်တဲ့ သီချင်းမျိုးဆို လိုက်မဆိုဘဲ နားပဲထောင် လိုက်တယ်။ ၀ိုင်ဝိုင်းရဲ့ အိမ်လွမ်းသူ သီချင်းဆို နားထောင်ရင်း မျက်ရည်တွေ ဘာတွေ ကျလို့။

အများအားဖြင့် ကိုယ်က နားထောင်သမား။ အခု သူတို့တွေ ဆိုကြတာ ဂျေမောင်မောင်လဲပါ၊ လွှမ်းမိုးလဲ ပါ၊ တူးတူးလဲ ပါရဲ့။ ဒါနဲ့ တခေတ်တခါက အင်မတန် နံမည်ကြီးပြီး ကိုယ်တို့ မိန်းကလေးတွေ အသည်းစွဲ ဖြစ်ခဲ့တဲ့ တူးတူးသီချင်းတွေကို သတိရမိတာပေါ့။

တူးတူး နံမည်ကြီးတဲ့အချိန်တုန်းက ကိုယ်တို့က ၈တန်း ၉တန်းပေါ့။ ကျူရှင် အသွားလမ်းတွေမှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ တူးတူး သီချင်းတွေချည်း။ အဲဒီတုန်းက မိဆိုး သီချင်း ပေါ်ကာစ။ သီချင်းစာသားမှာ “ရည်ရွယ်ထားတဲ့ ချောနှမ အကြောင်းကို.. ”လို့ ဆိုထားတော့ ကိုယ့် အချစ်ဆုံး သူငယ်ချင်း မိချော က အဲဒါ သူ့ကို ဆိုတာတဲ့။

ကိုယ်ကလဲ ယုံတယ်လေ။ သူ့နံမည်တောင် ထည့်ဆိုထားတာ ဟုတ်မှာပါပဲပေါ့။ အထင်တွေကြီးလို့။ ငါ့သူငယ်ချင်းလေးအကြောင်း ဆိုထားတာဆိုပြီး ဆိုရတာတောင် ပိုအရသာ ရှိသလိုပဲ။ အတော်ကြီး ကြီးမှ သူ နောက်မှန်း သိတာ။ သိတဲ့အချိန်ကျတော့ တက္ကသိုလ် တတိယနှစ်လောက် ရောက်နေပြီထင်တာပဲ။

မိချောက ပြောသေးတယ်။ နင်ကလဲ ငါ စတာများ တကယ်ယုံရတယ်လို့ တဲ့။ ကိုယ့်မှာ စိတ်ကူးလေးတောင် ပျက်လို့။ ဒါဆို အဲဒီသီချင်းက နင့်အကြောင်း မဟုတ်ဘူးပေါ့ လို့ ရင်နာနာနဲ့တောင် ပြန်မေးရသေးတာ။ နင် ငါ့ကို မပြောပြရင် ကောင်းမှာ တဲ့။ ငယ်ငယ်တုန်းကဆိုတော့ စိတ်ကူးတွေကလဲ အတောင်ပေါက်တယ်။ ခုတော့ ပြုံးစရာ။

ဘာရယ်မဟုတ်ဘူး။ ဒီနေ့လေးက အိမ်အလုပ်တွေလဲ ပြီးတယ်၊ သူငယ်ချင်းတွေနဲ့လဲ အေးအေးဆေးဆေး နေရတယ်။ အိမ်စာပြီးတဲ့ကလေးလို စိတ်ကလဲ ရွှင်တာမို့ မရေးဖြစ်တာ ကြာတဲ့ ဘလော့ဂ်လေးဖက်လှည့်ပြီး ဟိုဟိုဒီဒီ လျှောက်ခြစ်လိုက်တာပါ။ တောင်ရောက် မြောက်ရောက်ပေါ့။

မိုးချိုသင်း

30 comments:

ZT said...

မြီးရှည်စားချင်စိတ်တော့ ပေါက်သွားပြီ။ အခုတလော တို့ဟူးနွေးချည်းပဲ စားရတာ များနေတယ်။

Anonymous said...

တောင်ခြစ်မြောက်ခြစ်လေးလဲ ချစ်စရာကောင်းတာပဲရော

လင်း said...

မြီးရှည်ပုံလေးပါ ပုံပုံရိုက်လာတာမဟုတ်ဘူး။

tututha said...

အစ်မတို့ကတော့ တောင်ရောက်မြောက်ရောက်လည်း တောင်ရောက်မြောက်ရောက်မို့ ကောင်းနေပြန်ရော ..။ မြီးရှည်စားချင်းလိုက်တာ .. သွားရည်တောင်ကျတယ်။

ဇနိ said...

မမချိုသင်း နိနိက သီချင်းလည်း သိပ်မဆိုတတ်သလို နားလည်း သိပ်မထောင်ဖြစ်ဘူး... ဒါနဲ့ “မိမိုးကို ချစ်လိုက်တာလေ” သီချင်းလေးက အမချိုသင်းဖို့ ဆိုထားတာ လား မသိဘူးနော်..

ATN said...

တော်သေးသပေါ့ကွယ် ဝေါ်အိုင်းနီ တော့ သိသေးလို့..း)

RePublic said...

အစ်မ MCT ရေ .. တွမ်တီဝမ်း ၃ပွဲပေးပါ ၊၊ တစ်ခါတည်းစားမယ် ၊၊ ရရင်၊၊ ရှဲရှဲ ပါ ၊၊

Nay Nay Naing said...

အစ်မ ..
နောက်ဆို မြီးရှည်ကို ဖုန်းတဲ့ ဓတ်ပုံရိုက်ထားလိုက်လေ။ အခုဆို ဖုန်းတိုင်းနီးပါးမှာ Camera ပါတာပဲ။

ဟိုနေ့ က တရုတ်ဆိုင်မှာ သွားစားတာ သူတို့ ပြောတဲ့ တရုတ်စကား တတ်တဲ့ သူငယ်ချင်းက မပါဘူး။ ပုံနဲ့  မီနူးကလည်း အဲဒီနေ့ မှ မရှိဘူးတဲ့ ။ ဒါနဲ့  အရင်တခါ မှာစားတုန်းက ဖုန်းနဲ့  ဓာတ်ပုံရိုက်ထားတာတွေ ပြန်ပြပြီး မှာလိုက်တာ အဆင်ပြေသွားတယ်။ ဒီက တရုတ်ဆိုင်တွေမှာ မှာတတ်ရင် သူတို့ ပြထားတဲ့ မီနူးမှာ မပါတာတွေပါ မှာလို့ ရတယ်။

အခုနောက်ပိုင်း တရုတ်ဆိုင်မှာ သွားစားရင် စလုံး သူငယ်ချင်းတွေကပါ မစားခင် ဓာတ်ပုံရိုက်ထားဆိုပြီး တိုက်တွန်းနေတယ်.. :">

Anonymous said...

စာလာဖတ်ပါတယ်၊ ဘာပဲဖတ်ရဖတ်ရ ကောင်းနေတာပဲ၊ ချစ်စရာကောင်းတဲ့ အရေးအသားကို တွေ့ရတယ်၊ အပြုံးပန်းမှာတော့ အိမ်အလုပ်ကို ပြီးအောင်မလုပ်ပဲ စာရေးဖို့ပဲ စဉ်းစားနေလို့ တစ်ပတ်တစ်ပတ် အိမ်စာမပြီးပဲ ကျောင်းသွားတက် နေရတဲ့ ကျောင်းသားလို ဖြစ်ဖြစ်နေတယ်။ :)

Rita said...

အစ်မရေ
စာလာဖတ်သွားတယ်ဆိုလို့ ကျေးဇူးလဲတင် ၀မ်းလဲသာရပါတယ်.. blog ကို ဖွင့်မိတော့ ရုံးမှာ..ဒါတောင် ကိုယ့် cbox မှာ ကိုယ် မနေနိုင် မထိုင်နိုင် ပြန်ရေးမိသေးတယ်.. အစ်မကိုရော အစ်မ blog ကိုရော.. blog မရေးခင်က စာရေးဆရာ အစ်မကိုရော..ကောင်းကောင်းသိပါတယ်..
ဆရာ(ဦး)တင်မိုး နဲ့ တွဲပြီးတော့လဲ သိပါတယ်..
အစ်မရေ..ဆရာ ဦးတင်မိုးက ရေစကြိုက မဟုတ်ဘူးလားရှင်..ဒါမှမဟုတ် ရေစကြို အထက က မြန်မာစာ ဂုဏ်ထူးနဲ့ အောင်တာကို ကျွန်မ အမှတ်မှားနေတာလား.. (၉၇/၉၈) လောက်က "သင့်ဘ၀ မဂ္ဂဇင်း" မှာ ဆရာ့ အကြောင်း ဆောင်းပါး ဖတ်ခဲ့မိတယ် ထင်ပါတယ်

လင်းဒီပ said...

ကိုယ့်အသံချည်း ထွက်မနေတော့ အလှလေး ပျက်မသွားဘူးပေါ့။

ကောင်းလိုက်တာ အစ်မအတွေးလေးက..

:P said...

ဝေါ်အိုက်နီ၊ သွေ့ပုချိ၊ နိဟောင်မား....
ငှဲငှဲ.. ၃ လုံးတောင်မှ တတ်တယ်။

kay said...

မချော နောက်တာတောင် ယုံ တယ်ဆိုတော့..မချိုသင်းကို ကျမ ကောင်းကောင်း ကျပ်လို့ ရပီ.. အဟဲ.. အနေအထားကို မှန်းမိသွားပြီ။

ThuHninSee said...
This comment has been removed by the author.
khin oo may said...

တူးတူးမင်္ဂလာဆောင် ဖိတ်စာကို သိမိးထားတဲ့သူတောင် တို့သူငယ်ချင်း ရှိသေးတယ်။ (သူ့လဲ မဖိတ်ဘဲနဲ့ ရှာဖွေပြီ.)

tg.nwai said...

ချိုသင်းရေ...ရေးလိုက်တိုင်း ဖတ်လို့ ကောင်းနေတာပဲနော်... မြီးရှည်ကို အခုခေါ်တတ်သွားပြီလားပဲ... ကာရာအိုကေ သီချင်းဆိုပုံဆိုနည်းကတော့ ချိုသင်းနဲ့ တူပါတယ်..ဒါပေမယ့် ၀ါးချလို့မရအောင်ကို ကွဲနေတာတော့ ကွာတယ်..ဟဲဟဲ

မီယာ said...

တူးတူးကြိုက်တယ်ဆို...တူပြန်ပြီ။ အသည်းရက်စက်တယ် သီချင်းကို မကြားနိုင်လို့ မဆိုပါနဲ့ လို့ စာရေးပြောတာကို သူ့အကြိုက်ဆုံး သီချင်းပါလို့ မဂ္ဂဇင်းမှာ ပြောလာတယ်လေ။ အများကြီးပဲ..ပြောရရင်တော့
အမနဲ့ မွေးလပါ တူနေလားမသိ။

MANORHARY said...

ချောကသိပ်ယုံရတာမဟုတ်ဘူး။ဟုတ်ချင်ဟုတ်နေမှာ။
သူကစွံတယ်လေ...း)ချစ်စရာကောင်တာကိုး..

ပုံရိပ် / Pon Yate said...

မချိုသင်း ပြောတာကို သဘောကျနေတာ။ အိမ်စာပြီးတဲ့ ကလေးတွေလိုတဲ့။ ပုံရိပ်တစ်ယောက်တော့ အိမ်စာ မပြီးပေမယ့်လဲ ဘလောက်က ဖတ်ချင်နေတာပါပဲ။ မြီးရှည်လည်း စားချင်တယ်။

မမသီရိ said...

ညီမ ..ချိုသင်း.. အပျိုကြီးတွေ အားကျအောင်..
နှစ်ယောက် တစ်ဘ၀...ကြည်နူးစရာလေးတွေ..ဝေငှနေတာလား...း)....
ကာရာအို ကေ...ဒသနလေး က တယ်မိုက်....။
အစ်မ ကတော့..ကာရာအိုကေ ဆိုရင်.. မူရင်း ဆိုတော် အသံ ပျောက် မှ ကျေနပ်တာ....း)...
ကောင်းကောင်း မကောင်းကောင်း..... ကိုယ် ဆိုပါတယ် ဆိုနေမှ.............း)........။

ပန်းခရမ်းပြာ said...

မြီးရှည် နံပါတ် ၂၁ လာစားသွားတယ်။

pandora said...

တောင်ခြစ် မြောက်ခြစ်ကလေးတွေကို လာဖတ်သွားတယ်။
ခုတလော တောင်လုပ် မြောက်လုပ်နဲ့ မအားမလပ်ဖြစ်နေတာ။

MrDBA said...

စိတ်အေးလက်အေး ကောင်းလိုက်တာ အမရေ။ ကျွန်တော်ဖြင့် တောင်ခြစ် မြောက်ခြစ်တောင် မခြစ်နိုင်ပါဘူးခင်ဗျာ။

TZA said...

လူ့ဘဝကြီးက ဒီလိုပဲဖြစ်နေရမယ် နော် အစ်မ၊ အမြဲတမ်း ပျော်ရွှင်ပါစေဗျာ။

nu-san said...

အမရဲ့ တောင်ခြစ်မြောက်ခြစ်ကို ဖတ်ရတာ ပျော်စရာကြီးနော်.. မြီးရှည်လည်း စား၊ ကာရာအိုကေလည်းဆို၊ ဇိမ်ပဲ..

တူးတူးသီချင်းတွေတော့ ကြိုက်တယ် အမရေ.. :) အခု သူ့သီချင်းတွေ ပြန်နားထောင်ချင်လို့ ရှာတာတောင် သိပ်မတွေ့ရဘူး..

တန်ခူး said...

“ကိုယ့်အမျိုးသားက တရုတ်စပ်တာမို့ သူ့ကိုလဲ တရုတ်လို အတော်လာပြောကြတာပါ။ သူကလဲ ဝေါ်အိုက်နီ လောက်သာ သိတဲ့ ဘုရားစူး တရုတ်ပါလေ။ ဟိုက ကွိကွိကွကွ လာပြောရင် ခပ်တည်တည်နဲ့ နားထောင်နေတာပါ။ လုံးစေ့ပတ်စေ့ပဲ သိနေသလိုလိုပေါ့။ ပြီးတော့မှ သူပြောနေတာ နားလည်သလား မေးကြည့်၊ မသိဘူးလေ တဲ့။”

ချိုသင်းရေ… မွေးရက်တူလို့ လား မသိ အတော်တုတာပဲ… အပေါ်ကအတိုင်း တထပ်ထဲပဲ… တို့ အမျိုးသားလဲ တရုတ်စပ်တယ်လေ… ကြောင်ချစ်တာလဲ တူ… ရုပ်တောင် ဆင်နေမလား မသိဘူး..

ကာရာအိုကေ ကီးတွေလွဲချက်ကတော့ တို့ အမျိုးသားက မဆိုပါနဲ့ လို့ တောင်းပန်ရတဲ့ အထိ… တူးတူးက တို့ ခေတ်ကိုး ချိုသင်းရေ… ခုထိနားထောင်ဖြစ်တုန်း…

thwe thwe said...

မမကပြောတော့ သမီးမဖတ်နိုင်သေးခင် ဘာမှ မရေးဘူးဆို အခုတော့ စာတွေလဲ အများကြီး မုန့်တွေလဲ ၀ယ်စားထားတယ် ဟီးဟီးဟီး::((( ပြန်ကျွေးအုံး မရဘူး--ဟီးဟီး အခုပဲ ပြန်ကျွေး--:((



:p a la kar sa tar par nit kuu mar a naut a shat kin tawt pyaw tar pop naw. a nyunt lar mal tha ti htar. :)))

khin oo may said...

လာလည်ဖတ်တယ်။

သက်ဝေ said...

ချောချောက အဲဒီလိုပြောသလား...
ဒါဆိုရင် ကိုသီဟ ကို သွားဖွမယ်...
အဟဲဟဲ...

Unknown said...

အိမ်စာ နေ့တိုင်းပြီးစေချင်တယ် အစ်မရေ..နေ့တိုင်း အသစ်တွေဖတ်ချင်လို့