ကိုယ်ဒီဘလော့ဂ်လေးလုပ်တာလဲ ၂၆ရက်နေ့က ၆လ ပြည့်သွားပြီ။ စာ စရေးတုန်းကတော့ အားသွန်ခွန်စိုက် ရေးလိုက်တာ၊ ညတိုင်း စာရေးဖို့ ထိုင်မိတာပဲ။ တနေ့တပုဒ် ပြုံးပြုံး ပြုံးပြုံးနဲ့ ရေးနေလို့ မိတ်ဆွေတယောက်က ဘလော့ဂ်ရေးတာ အဲဒီလို မရေးရဘူးလေ တဲ့။
ကိုယ်ကလဲ နားမလည်ပါဘူး။ ရေးချင်စိတ်ရှိတုန်းလေး ရေးနေမိတာ။ မရေးချင်တော့လဲ ကြည့်ပါလား၊ ပို့စ်တင်တဲ့ အရေအတွက်က တလထက်တလ နည်းနည်းသွားပြီး ဂရပ်ဖ်သာ ဆွဲလို့ကတော့ အောက်ကို ထိုးဆင်းနေလို့ မြေကြီးကို ဒုတ်ဒုတ်ထိနေပါပေါ့။
ကိုယ့်မှာကလဲ ရွေးချယ်စရာ ဘာမှ မရှိဘူး။ စာပဲ ရေးစရာ ရှိတယ်။ သူများတွေလို ကဗျာလဲ မစပ်တတ် (ဒါတောင် အဖေ့ ကဗျာလေးတွေ ကယ်နေပေလို့)။ ငယ်ငယ်ကစိတ်နဲ့သာ ကဗျာ စပ်လိုက်ရင် အကုန်ပြေးကုန်မှာ။ တခါတည်း မိဘမျက်နှာ အိုးမည်းသုတ်ပြီးသား ဖြစ်သွားမယ်။
ပန်းချီလဲ မဆွဲတတ်။ ဆွဲဖို့တော့ ကြိုးစားဖူးပါသေးတယ်။ ကောင်မလေးချောချော မျက်လုံးလေး ထောင့်ကပ်နေပုံပေါ့။ (ဆွဲတာ ရိုးရိုး မဆွဲဘူး။ မတတ်ရတဲ့အထဲ အတတ်က ဆန်းချင်သေးတာ၊ မျက်လုံးထောင့်ကပ်နေပုံ တဲ့။) အဲဒါ မျက်လုံးနှစ်လုံးက ဟိုတဖက် ဒီတဖက် ကပ်နေလို့ ပြောင်သလိုတောင် ဖြစ်နေသေး။ အစွယ်တပ်ပေးလိုက်ရင်တော့ ဘီလူးဖြစ်ပြီ။
ဓာတ်ပုံလဲ ရိုက်တတ်ချင်ပါတယ်။ သူများတွေ ရိုက်တာ ကြည့်ပြီးလဲ အားကျမိပါတယ်။ ဒါပေမဲ့ ရိုက်မယ်ကြံတိုင်း ကိုယ့်လက်က တုန်ချင်တယ်။ ကိုယ်ရိုက်တဲ့ပုံတွေကို ကြည့်လိုက်.. လှိုင်းလေးတွေ ဖြစ်နေတယ်။ လှုပ်နေလို့ ၀ါးနေတာ။ နောက်ပြီး ကိုယ်က မလှရင် ရိုက်လိုက် ပြန်ဖျက်လိုက် အမြဲလုပ်နေတာမို့ ဘက်ထရီ အပိုတွေ အမြဲဝယ်ထားရတယ်။ တပုံရိုက်ပြီး ၁၀ခါလောက် ပြန်ကြည့်၊ နောက်ဆုံးတော့ ဖျက်တဲ့ ဘူတာဆိုက်တာပါပဲ။
ဟင်းချက်တာကျတော့ရော..။ ဒါကတော့ ခင်တဲ့သူတိုင်း သိပြီးသားပါလေ။ သူများ ဘလော့ဂ်တွေမှာ ဟင်းချက်ပြီး တင်ရင် ကိုယ့်ကို မယောင်မလည်နဲ့ အမြဲ တွေ့ရမှာပါ။ သူတို့ ဟင်းချက်နည်းလေးတွေ ကြည့်လိုက်၊ သဘောကျလိုက်။ တခေါက်ပြန်သွားကြည့်လိုက်၊ သွားရည်ကျလိုက်။ မချက်တတ်တော့ ခေါင်းငိုက်စိုက်ချပြီး ပြန်လာလိုက်။
အဖေ့ ၂နှစ်ပြည့် ဆွမ်းကျွေးလုပ်မယ်ဆိုတော့ အိမ်မှာ မိတ်ဆွေအနည်းအကျဉ်း ဖိတ်ပြီး ဆွမ်းကျွေးဖို့ စီစဉ်မိတယ်။ ဘုန်းဘုန်းက ဘာစီစဉ်ထားလဲ တဲ့။ ပွဲမလုပ်ခင် မေးပါတယ်။ လူတွေအတွက်ကတော့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်တဲ့ ဖြူဖြူ နဲ့ Mam က ဒံပေါက် ချက်ပေးမယ်၊ ဘုန်းဘုန်းတို့အတွက်တော့ တပည့်တော် ကိုယ်တိုင် ဆွမ်းဟင်းချက် ကပ်မယ် ဘုရား လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ လျှောက်လိုက်တယ်။ ဘုန်းဘုန်း မျက်နှာမကောင်းဘူး။ ဘုန်းတော်ကြီး ဆိုတော့လဲ ဘာပြောကောင်းမှာလဲ၊ ကိုယ့်လက်ကို သိနေတော့လဲ ခက်တယ်။
မိတ်ဆွေတွေကလဲ မလုပ်ခင် ဖုန်းဆက်မေးကြတယ်။ ဘာချက်မယ် စဉ်းစားသလဲ ချိုသင်း တဲ့။ ကိုယ်ကလဲ ပြန်ပြောတယ်။ ၀က်သားရယ်..၊ ၀က်သားရယ်..၊ အင်း..၀က်သားရယ်..။ တကယ်က ကိုယ်ဘာချက်ရမယ်မှန်း မသိလို့ စိတ်တွေများပြီး မေ့ကုန်တာ။ ၀က်သားကနေ ရှေ့ဆက် မတက်တော့ဘူး။ ကဲ ကဲ နေပါ၊ အမလဲ ကူချက်ပါတော့မယ် တဲ့။
ကိုယ်ကိုယ်တိုင် လက်စွမ်းပြ တော့မယ် ဆိုတော့ ၀ိုင်းကြ ၀န်းကြရတာပေါ့။ ဒါနဲ့ ဆိတ်သားနှပ်မဲ့သူ၊ ငါးနုသန်း ချက်တဲ့သူ၊ ငပိချက် ချက်တဲ့သူ၊ အမဲသားနှပ် နဲ့ မုန်လာဥချဉ်သုတ် တဲ့၊ ပဲစောင်းခါးသီးသုတ် နဲ့ ငပိရည် တို့စရာ တဲ့။ ငပိကြော် ကြော်လာကြ၊ ချဉ်ရည်လေး လုပ်ပါအုံးဟေ့။ ကြက်အသည်းအမြစ်လေးလဲ လုပ်အုံးမှ။ ဒါနဲ့ ကိုယ်ချက်စရာ မကျန်ဘဲ တစားပွဲလုံး ပြည့်ပါလေရော။
ကိုယ်ကလဲ မနေပါဘူး။ ဒီလောက် အတင်းတားတဲ့ကြားက ၀က်သားနှပ်နဲ့ ပုဇွန်တော့ ၀င်ကိုင်လိုက်သေးတာပါ။ အားလုံးစားပြီးသောက်ပြီးမှာ နောက်တနေ့အတွက် ဟင်းတွေပိုလို့ ကျန်နေတာ အဲဒီနှစ်မျိုးတည်းပါ။ ကိုယ်လဲ ကိုယ့်ဟင်း သူများမစားလို့ ကျန်နေတယ် မဖြစ်အောင် ဖိစားတာပါပဲ။ ဒါလဲ ကျန်တာပါပဲ။
အခုတော့ ကိုယ့်ဘလော့ဂ်မှာ ပို့စ် အသစ် မတက်လဲ နားလည်ယူကြပါတော့။ ကိုယ်ရေးတဲ့ ကဗျာကြီး တက်မလာတာ၊ ကိုယ်ဆွဲတဲ့ ပန်းချီပုံကြီး ထွက်မလာရင်ဘဲ ဒီနေ့အဖို့ သင့် ရာသီဥတု သာယာနေလောက်ပါပြီ။ အကြံကုန်လို့ ကိုယ်လက်စွမ်းပြထားတဲ့ ဟင်း ချက်ပြီး ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး တင်ပြီဆိုရင်တော့ ကွန်ပျူတာ ပိတ်ပြီးသာ ပြေးပေတော့။ ။