Kick Boxing

တလောက ဆရာဝန် သွားပြပါတယ်။
ဆရာဝန်က ထုံးစံအတိုင်း လိုအပ်တာတွေ မေးမြန်းရင်း နောက်ဆုံး ဘူတာဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီး ဆီးချိုကို ထိန်းဖို့ ပြောတယ်။ အဲဒီတော့ ကိုယ်ကလဲ အားကျမခံ ကိုယ် လေ့ကျင့်ခန်းလုပ်နေပြီ ဖြစ်ကြောင်း ပြောပြလိုက်တာပေါ့။

ဆရာဝန်မျက်နှာက ၀င်းပသွားတာ အတော် သိသာတာပါ။ လေ့ကျင့်ခန်းလုပ်ဖို့ ပြောတိုင်း အမြဲ ဟိုကွေ့ ဒီရှောင် လုပ်နေရာက အခုတော့ ကျောက်ခဲ ရေ ပေါ်ပြီဆိုပြီး ၀မ်းသာအားရ ဖြစ်သွားတာ ဖုံးမရဘူး။ ဒါနဲ့ ပြုံးရင်း တပတ်ကို ဘယ်နှစ်နာရီ လုပ်သလဲ တဲ့။ ကိုယ်ကလဲ တက်တက်ကြွကြွပဲ ဖြေလိုက်တယ်။ ၁ နာရီ လို့။

ဒေါက်တာလဲ အပေါ်ကိုရောက်ပြီးမှ အောက်ပြန်ပြုတ်ကျသလိုပဲ။ မျက်နှာမပျက်အောင် အတော် ထိန်းထားလိုက်ရပုံပါ။ တကယ်က သူကြားချင်တာ တနေ့ကို တနာရီ ဖြစ်မှာပေါ့။ ကိုယ်က တပတ် တနာရီဆိုတော့ စားကောင်းသောက်ကောင်းရုံ လုပ်တာလို ဖြစ်နေတာ။

ဟိုးတခါက Zumba သွားသင်တာ ကိုယ် ရေးဖူးပါတယ်။ Zumba ဆိုတာ ပေါ့ပေါ့ပါးပါး သီချင်းလေးနဲ့ က သလို လေ့ကျင့်ခန်း လုပ်တာမျိုးပါ။ အစ ပထမမှာတော့ ကိုယ်လဲ စိတ်ညစ်ညစ်နဲ့ ကြိုးစားလုပ်ရတာမို့ တပတ် တနာရီလောက် သွားလုပ်ဖို့ကို အတော် စဉ်းစားရတာ။ အခုတော့ ပျော်သလိုလို ရှိပြီ။

သင်တန်းဆရာမကလဲ ကိုယ့်ကို ကောင်းကောင်း မှတ်မိနေပြီ။ ကိုယ်ကလဲ တချိန်လုံး သူ့ကို စိုက်ကြည့်ပြီး ကြိုးစားလိုက်လုပ်ပါတယ်။ ဆရာမလဲ ကိုယ့်အကြည့်ကို အတော် ရှောင်ရှာပါတယ်။ သူကြည့် ကိုယ်ကြည့် လုပ်မိရင် ကိုယ်တလွဲလုပ်နေတာတွေ တွေ့ပြီး ရီမိမှာ စိုးလို့ ထင်ပါရဲ့။

အခု နောက်ပိုင်းတော့ သူ လက်မြှောက်ရင် ကိုယ်က ခြေမြှောက်တာမျိုး၊ သူက ရှေ့ကိုပြေးရင် ကိုယ်က နောက်ကို ပြန်ပြေးနေတာမျိုး မတွေ့ရတော့လို့ တိုးတက်တယ် ဆိုနိုင်ပေမဲ့ သူထိုင်ရင် ကိုယ် ထ နေတတ်တာမျိုးတော့ မြင်နေရသေးလို့လေ။

ကိုယ်ကလဲ မိန်းကလေးချည်း လုပ်နေတာဆိုတော့ စိတ်ချပြီး အခုဆိုရင် အတော်ရဲလာပြီ ပြောရမှာပေါ့။ တခါတလေ နောက်ဆုံးမှာ လုပ်နေရာကနေ အရဲကိုးပြီး ရှေ့တွေဘာတွေ တက်လာသေးတာ။ တောသား ရဲ တော့ ဆွဲထုတ်ရသလို ဖြစ်နေမစိုးလို့ နောက်မှာ ပြန်ပြန် နေရသေးတယ်။

တနေ့တော့ ကိုယ်တို့ Zumba အခန်းထဲကို ယောကျာင်္းကြီးတယောက် လာတက်တာ တွေ့ရတယ်။ ကိုယ့်မှာ မိန်းကလေးချည်းမို့ ပျော်မယ် ကြံကာရှိသေး၊ ဒီလူကြီးကြောင့် ပျော်တဲ့စိတ်ကလေး ပြန်ငုပ်သွားရ ပြန်ပါပေါ့။ လူကြီးက အသက်ကြီးကြီး၊ ဆံပင်က ဖြူလှပါပြီ။ ဘာမှတောင် သိပ်လှုပ်နိုင်ပုံ မရပါဘူး။ ဒါတောင် မျက်မှန်အထူကြီးနဲ့ မိန်းကလေးကြား လှုပ်လီလှုပ်လဲ့ လာလုပ်နေသေးတာ။

ဘယ့်နှယ်ဟာကြီး လာတက်နေပါလိမ့်လို့ စိတ်ထဲမှာ အတော်ကသိကအောင့် ဖြစ်မိသေးတယ်။ လေ့ကျင့်ခန်း လုပ်ချင်ရင် သွားတက်ပါလား ကရာတေးတို့ ဂျူဒိုတို့။ ကူးစမ်းပါလား ရေကူးကန်ထဲမှာ မီတာ၂၀၀၀ လောက်။ လုပ်စမ်းပါလား တိုက်ကွမ်ဒို။ ဒီလောက်မှ ကျန်းမာရေး ၀ါသနာပါနေရင် သွားဂျွမ်းထိုးလိုက်အုံး။ ဘေးက ဗုံတောင် တီးပေးလိုက်အုံးမယ်။

အခုဟာက သူ့နေရာ သူမနေ၊ သူတို့ အလုပ် သူတို့မလုပ်၊ မိန်းကလေးတွေကြား ပြုံးဖြီးဖြီးနဲ့ ပုလင်းကွဲ မျက်မှန်ကြီးတပ်ပြီး နေရာတကာပါတယ်။ အခုတော့ ဆရာမကလဲ ဘာမှ ပြောနိုင်ပုံ မရဘူး။ သူ့ကို ပိုက်ဆံပေးထားတော့ ငြိမ်နေရတာ ဖြစ်မှာပေါ့။

အခုတော့ ပြေးလွှား က တဲ့အကွက်ရောက်ရင်လဲ သူက ကိုးလိုးကန့်လန့်။ အားလုံး ညီညီညာညာ ကနေချိန်မှာလဲ သူက ဟိုလျှောက်သလို ဒီလျှောက်သလိုလို။ မောလို့ပဲ မလိုက်နိုင်လို့ ရေသောက်နေရသလိုလို။ တကယ်က ဒီအဘဟာ ရိပ်သာမှာ ပုတီးစိပ်နေသင့်ပါပြီ။

တနေ့ကတော့ အဖော်ကောင်းတာနဲ့ အဲဒီဆရာမပဲ သင်တဲ့ boot camp တခုမှာ သွားစာရင်းသွင်းလိုက်တယ်။ ဆရာဝန်က လေ့ကျင့်ခန်းကို အချိန်တိုးလုပ်နိုင်ဖို့ ကြိုးစားပါဆိုတာလဲ ပါတာပေါ့။ kick boxing သင်မှာ တဲ့။ ကိုယ်လဲ အားကစား ၀ါသနာပါစ ပြုလာတာ ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်တော့ဘူး။ အဲဒီ kick boxing ကတော့ Zumba လို နုနုနယ်နယ် မဟုတ်ဘူး။ တကယ့် အကြမ်းပတမ်း။

ပထမတရက်မှာပဲ အတော်ပျာသွားတယ်။ တချိန်လုံး ခုန်နေရပြီး လက်သီးထိုးတဲ့ပုံစံ လုပ်နေရတာ။ မျက်နှာနားမှာ လက်သီး နှစ်ခု ကာပြီး ကိုယ့်ကိုယ်ကိုလဲ ကာကွယ်၊ ကိုယ်ကလဲ ပြန်ထိုးတဲ့ပုံစံမျိုး။ ကိုယ်လဲ အစ တော့ တက်တက်ကြွကြွပဲ။ နောက်တော့ ဟိုက်လာတာမို့ လက်ကို ဟန်ပါပါ မထိုးနိုင်တော့ဘူး။

အဲဒါကို ဆရာမက ငါးမျှားတံ ပစ်သလို ပျော့ပျော့လေး လက်ကို ကွေးလိုက် ဆန့်လိုက် လုပ်မနေနဲ့ တဲ့။ ထိုးစမ်းပါ အားရပါးရ။ ပင့် လက်သီး၊ ၀ိုက် လက်သီး၊ ဒါက ဖြောင့် လက်သီး တဲ့။ ဒါနဲ့ ကိုယ်လဲ စိတ်ကိုသွင်းပြီး ထိုးလိုက်တာ အဲဒီနေ့ ပြန်လာကတည်းက တပတ်လုံး လက်တွေ အောင့်ပြီး နာနေတာ ဘာမှကို မလုပ်နိုင်တော့ဘူး ဖြစ်သွားတယ်။

ကိုယ်က အပီအပြင်လုပ်မယ်ဆိုပြီး အားရပါးရ ထိုးနေတာ ပစ်မှတ်က ဟိုအဘမျက်နှာ မြင်ယောင်ပြီးတော့လေ။

အင်းးး အတော်စိတ်ပေါ့သွားတာတော့ အမှန်ပဲ။ နောက်နေ့လဲ သွားအုံးမှာ..။


မိုးချိုသင်း

50 comments:

Su said...

Bravo, a ma. Keep it up

မေဇင် said...

အိုး...ကောင်းလိုက်တဲ့ ပစ်မှတ်...။ အစ်မရေ..သေချာပြီ .. အစ်မ...တော့ ပစ်မှတ်ကောင်းတစ်ခု ရထားပြီ..။

kay said...

မချိုသင်းကလဲ..ဘဘကြီးကို သူ့ဖာသူ ကစားပါစေ.. သနားပါဒယ်..း)
ကျမလဲ..လက်ဝှေ့ ထိုးတာ လုပ်ချင်တယ်..လူချင်းမဟုတ်လေ.. အထုပ်ကို ထိုးချင်တာ.. တကယ့် ကို စိတ်ကိုပါ..သရပီ လုပ်သလိုဖြစ်လိမ့်မယ်ထင်တယ်။

မမသီရိ said...

ညီမလေး..
နဲနဲတော့ အလိုက်သင့်နေပေးလိုက်ပါကွာ..း)
သူ့ခမျာ အသက်ရှည်ဆေးလေး ဘာလေး လာရှာသလားမှ မသိတာ..း)

ပြီးတော့.. ဒီခေတ်ကြီးမှာ ယောင်္ကျား မိန်းမ
ခွဲခြားတာတွေ လျှော့တော့လေ..း)

ညီမတောင် Boxing သွားတက်သေးတာ ..း)

ZT said...

ဟိုက်ရှားပါး။ အစ်မတောင် ကစ်ဘောက်ဆင်တွေ ဘာတွေ ချနေပြီပဲ။ နောက်တစ်ခါ အင်းစိန်မှာ ကြုံကြိုက်ရင် ကယ်လီဖိုးနီးယားချိုသင်း ဆိုပြီး ကရင်နှစ်သစ်ကူးပွဲ တွေဘာတွေ တက်ထိုးပစ်။ ကျွန်တော် လာအားပေးမယ်။ :D

မီယာ said...

အမ ကတာ တွေ့ချင်လိုက်တာ။ သီချင်းလေးနဲ့ဆိုတော့ ပျော်စရာ ကောင်းမှာပါ။ ကြိုးစားပြီး လုပ်ပါအမရယ်။ ကျန်းမာရေး ကျန်းမာရေးလို့ ရွတ်ပြီးလေ။ အမက အဘ မျက်နှာ မြင်ပြီး စိတ်ရှိတိုင်း ချနေတာကိုး။ သူ့ဘာသာသူ မဟန်တဲ့အခါကျ သွားမှာပါ မယုံ စောင့်ကြည့်...

kiki said...

မချိုသင်း ကလည်း...
ရောမချ နဲ့ လေ ။
ပစ်မှတ် က ..ဟို အဘ ဆို တာကြီးက
သေချာ ရှင်းအောင် ပြော မှပေါ့ လို့  ..
ရှင်းရှင်း ပြော ပါလား
ရှင်းရှင်း ပြော ပါလား
ဘယ်အဘ မျက်ခွက်ကြီး လည်း
kick boxing -- အားရပါးရသာ ထိုးပစ် ။
ဘယ်ဝှိုက် ညာဝှိုက် ပင့်ထိုး မြှောက်ထိုး ကော်ထိုး
ပစ်မှတ်ကြီး ကို မှန်အောင်ထိုး ။

မောရင် ခဏ နား ။ ပြီးတော့ ဆက်ထိုး ။
ကိုယ့်ကျန်းမာရေး ။ အားလုံး ချမ်းသာရေး ။

ခွိခွိ..
တလွဲမတွေး ကြနဲ့နော် .. ပစ်မှတ် ..မျက်ခွက်က
ဖြူဖြု မဟုတ် ၊ မဲမဲ ကြီး ...

မေငြိမ်း said...

ဒီတပုဒ်က link မှာ လာမပေါ်လို့ သူများဆီမှာတွေ့မှ အသစ်တက်မှန်းသိတယ်.. ဘာဖြစ်ပါလိမ့်..။ Kick boxing တော့ ကိုယ်တောင် ထိုးချင်လာပြီ။ ကျန်းမာရေးလည်းကောင်း အားသာလည်းပြေ.. မိုက်တယ်..။

ရွက်လွင့်ခြင်း said...

အခုမှ လက်သီးထိုးပဲ ရှိသေးတယ်
ခြေကန်လျက်တွေ ကျန်သေးတယ်
တောင့်ထား ငါ့အမရေ.....D)

ရွက်လွင့်ခြင်း said...

ဆောရီး ခြေကန်ချက်

ပန်းခရမ်းပြာ said...

မချိုသင်း ကစ်ဘောက်ဆင် ထိုးနေတာကို စိတ်ကူးနဲ့ ပုံဖော်ကြည့်မိတယ်။ ဓာတ်ပုံလေး တင်ပါလား။ သူများတွေ အားကစားလုပ်တာ အားကျတယ်။ ကိုယ်တိုင်ကတော့ မလုပ်ဖြစ်ဘူး။

Ko Boyz said...

အစ်မက ဘာလို့ အဖိုးကြီးကို မျက်မုန်းကျိုးရတာလဲ။
သူ့ကို မရှိဘူးလို့ စိတ်ထဲထားလိုက်ရင် အစ်မ ဘာလုပ်လုပ် အဆင်ပြေမှာပါ။ ကစ်ဘောက်ဆင်က ဘူနဲ့ ရန်ဖြစ်ရင် ချဖို့ သင်တာလဲဟင်...။
လန့်ထှာ...။

tz said...

အစ်မချိုသင်း Zumba ကို ဆက်ကစားဖြစ်တယ်ဆိုလို့ ဝမ်းသာပါတယ်။ ဟိုအဘမျက်နာကို အားရပါးရထိုးနေတဲ့ပုံကို မြင်ယောင်မိတယ်။ ဖုန်း ဒိုင်း ခွပ် :)

လင်းဒီပ said...

ဒီလေ့ကျင်ခန်းက လိုအပ်ရင် အိမ်မှာလည်း အသုံးတည့်နိုင်တယ်.. :P

mgphonemyint said...

ဟို ..အဘ မျက်နှာဟုတ်လို့လား..
အိမ်ကမျက်နှာကြီးကို စိတ်မှန်းနဲ့ ကီးသွင်းထိုးနေတာ ထင်တယ် .......

အိမ်က အကိုရေ သတိတော့ထားဗျာ.....
သူက ကျိတ်ပုန်း လက်နက်တပ်ဆင်နေပြီ ...။

MANORHARY said...

အင်း ဘဘကြီးဆိုတော့လည်း ငြိုငြင်ကြတာပေါ့လေ
ငယ်ငယ်လေးဆိုရင်တော့ တစ်ညိုးပေါ့နော့်း)း)
မကြာခင် ချိုသင်းကို လှလှသွယ်သွယ်လေး
မြင်ရတော့မယ်ထင်ပါတယ်

tin min htet said...

ကစ်ဘောက်ဆင် သင်တန်းခန်း ထဲမှာတော့ ဟိုငေးဒီငေး လုပ်မနေနဲ့၊ တော်ကြာ သဲအိတ်နဲ့ မှားသွားရင် .. :P

ငယ်ငယ်ကတော့ ရိုးရိုး ဘောက်ဆင်တော့ နွေရာသီ သွားသင် ဖူးသေးတယ်။ လေ့ကျင့်တာက ဒီလောက် မဟုတ်သေးဘူး။ လူချင်း ထိုးခိုင်းရင် ၂ မိနစ်ကို ၂ နှစ်လောက် ထင်ရတာ ..

Life is for Success said...

ma gyi moe,
happy to hear that u are doing 2 type of excercise. If your husband want to join you, it is bette. Because you 2 can share the experience and also help each other....

:P said...

ပြောမှားဆိုမှား ရှိခဲ့တာတွေ ခွင့်လွှတ်ပါ မမချိုသင်း....။

:P said...

ကစ်ဘောက်ဆင်တောင်သင်နေပြီဆိုလို့ ... ဘုရား...
ထပ်တောင်းပန်သွားပါတယ်...။

Sein Lyan Tun said...

ဆက်လုပ် ပါမကြီးရေ.....

ကျမ်းမာရေးဂရုစိုက်ပါဗျာ

အဘကိုလဲ ထိုးပြီးပြီးပဲ

အားရပါရး ထိုးပြီးသွားရင်တော့ နားလိုက်ပါ

အမပင်ပန်းပါတယ်..း)

ကိုယ့်အမကြီး အမြဲကျမ်းမာပျော်ရွှင်ပါစေလို့ဆုတောင်းပေးနေပါတယ်

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Unknown said...

အရင်တုန်းက ရှိဖူးတဲ့ ပြောမှားဆိုမှားလေးတွေကို ခွင့်လွှတ်ပါနော်။
ဘုရားဘုရား။

mae said...

ဆက်လုပ်ပါ မမ။ ရယ်လိုက်ရတာ၊

kickboxing ရယ် body combat ရယ် လနဲ့ချီ လုပ်ဖူးတယ်၊ ယောက်ျားတစ်ယောက်တော့ အမြဲ ကိုးလိုးကန့်လန့်ပါတာပဲ၊ ခု ဘောလုံးကန်တော့ မိန်းကလေးချည်းလေ၊ ဟိ..

Myo Win Zaw said...

ကစ်ဘောက်ဆာက လက်သီးထက်ခြေကန်ချက် များတယ် လို့ သိဘူးတယ် ခြေကန်တာတွေ သင်လို့က တော့ ရွာကအဘကို နာနာမှတ်ပြီး ကန်ပါ အမရေ

Rita said...

မမ
အပေါ်မှာရေးတဲ့ အဘနဲ့ အောက်မှာရေးတဲ့ အဘ မတူဘူးမို့လား
:)))

Anonymous said...

မမချိုသင်းရေ ... မမအကသင်တန်းဆက်သွားတယ်ဆိုလို့ ၀မ်းသာမိပါတယ် ..မမနဲ့အတူ kick boxing တက်ချင်လိုက်တာ

Kaung Kin Ko said...

်လက်ခုပ်တီးအားပေးနေတယ် အစ်မ။ ထိုးထားး)

မြစ်ကျိုးအင်း said...

အခုရော အဆင့်ဘယ်လောက်ရောက်သွားပြီလဲ
ရှေ့လထဲ ဂျပန်မြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲ
ရှိတယ်...။
အဘိုးကြီးခင်မျာလဲ အသက်ရှည်စေလေးများ လာမှီဝဲ တာလားမှမသိတာ ခွင့်လွှတ်လိုက်ပါနော်... :)

မီးမီးချစ် said...

ခုလောက် ဆို မချိုသင်း လက်စွမ်း ပြလို ကိုဝဏ္ဏ လဲ မှောက်နေလောက် ပြီပေါ့း)..
အိုးတင် မက ဘူး လူပါ ကိုင်ပေါက် ပစ်လိုက် မမ...

မယ့်ကိုး said...

မ ရေ...အားကျတယ်.. ကျွန်မလည်း အဲဒီလို လက်ဝှေ့ ထိုးကြည့်ချင်လိုက်တာ။

PAUK said...

စိတ်တိုရင်တော့...ကစ်ဘောက်ဆင်ကစားချင်တယ်..
ဒေါသတွေ အပြည့်အ၀သုံးချင်လို့..
မလှထုံကို..အားကျတယ်..

Eaindra said...

ဟား......

နောက်တစ်ခါ လာလည်ရင်..

အရှောင်အတိမ်းကွက်တွေ သင်လာမှပဲ...

စိတ်ညစ်နေတာတွေ..
ပျောက်သွား..ပျော်သွားပါတယ်..မမရယ်..။

အိန္ဒြာ

ဂျူနို said...

ဟိုက်
လန့် တောင်လန့် တယ်။
သေချာတယ်။ ချိုသင်းပိန်တော့မယ်။
ဝမ်းသာတယ်။
မအယ်လည်း သင်ချင်တယ်။
ဒေါသထွက်တိုင်းထိုးလို့ ကတော့ မအယ်တော့ ပြားချပ်ချပ်ဖြစ်မှာ သေချာတယ်။

tg.nwai said...

ရီလိုက်ရတာ ချိုသင်းရယ်..။ ပိန်တာ မပိန်တာထက် ကျန်းမာဖို့အရေးကြီးပါတယ်လေ..။ ကစ်ဘောက်ဆင် သင်နေပြီဆိုတော့ တယောက်ထဲ လမ်းလျှောက်ပြန်ရင်လည်း ဟိုတခါကလို လန့်နေစရာမလိုတော့ဘူးပေါ့.. ။

ဟိုအဘလည်း ချိုသင်းရဲ့ လေထဲက ထိုးချက်တွေနဲ့တင် နာကျင်နေလောက်ပါပြီ..ဟဲဟဲ

ကိုလူထွေး said...

အဲဒါကြောင့် မျက်ရိုးတွေကိုက် ခေါင်းတွေမူးတယ် အောက်မေ့တာ...

ဗိုလ်ချုပ်လူထွေးမျက်နှာကို မမိုးချိုသင်း ဘောက်ဆင်ထိုးသွားတာကိုး...

းဝ)

သစ်နက်ဆူး said...

လက်သီးဆို အဘအခွက်
တံတောင်မှာ မောင်အေး
ဒူးတိုက် သိန်းစိန်
လက်ဖျံ ဥာဏ်ဝင်း
ပါတ်တံတောင် ကျော်ဆန်း
အ၀ိုက် ဂမ်ဘာရီ
ခြေဖျား မယ်ကြိုင်
ပေါက်ဖနောင့်ဘန်ကီမွန်း
ခေါင်းတိုက် ၀က်မ
ချိုစောင်း ရွှေမန်း
စိတ်ကမှန်းလို့ 
ထိုးစမ်းပ အလီလီ
ဘာမထီ မိုးချိုသင်းရေ...
အမယ်မင်းးးး ခလေးမ
ယူလကွယ်...
ဟောဒီမှာ အထက်ဆင့်..အဲ
ခါးပါတ်နက်.....။

Su Nandar Nge said...

အောင်မြတ်လေး kick boxing တဲ့ ကိုကြီးကျော် အတွက်စိုးရိမ်စရာပဲ။ ကိုကြီးကျော်လဲ အားကျမခံ ကိုယ်...ခံ.....ပညာ.လေးဘာလေး သွားတက်ပါလား။

khin oo may said...

တို့လဲ မြန်မာအက သင်ဘူးပါတယ။် လက်ချိုးပြလိုက်တာ ဆရာမ စိတ်ငြစ်ပြီး ပြန်ခိုင်းလိုက်တယ်။

ဇာထို့းပန်းထိုးသင်တော့ ဆရာမက ညည်းရှာတယ်။ သူသင်တဲ့ တပည့်ထဲမှာ ဒီတစ်ယောက်ဘဲ မတတ်တာ မြင်ဘူးသေးသတဲ့။

စာသင်ပြန်တော့ကိုယ့်ဆရာမ ကငါသင်တဲ့အထဲမှာ မအောင်တာ နင်တစ်ယောက်ဘဲ ရှိသတဲ့ကွယ်။

အင်း.. ရှိသေးတယ်
သီချင်းဆိုတော့ အိမ်က ကန့်ကွက်တယ။်

ဆောင်းယွန်းလ said...

ဖတ်ပြီးတော့ရယ်မိတယ်မချိုသင်းရေ..
လက်သီးပြင်းမယ့်ပုံပါလား..
စိတ်ထဲမှာရှိတဲ့အပြင်းစားတွေကို Kick Boxingထဲမှာ ပေါက်ကွဲပစ်လိုက်ပေါ့ဗျာ...

Khinnandar said...

Ma Cho Thin,
Keeping going on your exercise, Please!
I am a crazy person about your blog. I am always waiting your new post. So so nice.
I am also learning about dancing in club. Also joggling in weekend.
My mom died of heart attack at the age of 50. I am very scared of heart attack. Now I am studying about cardiovascular medicine especially focus on oxidative stress and effect of blood flow on heart disease. According to literature, research, clinical data and all my professors thinking, exercise is the best and the most effective preventive measurement for heart attack. We can not predict when heart attack happens. Somehow exercise is a kind of good medicine and treatment.
Most of my boss do running exercise early morning before coming to job everyday.

Mama, please do exercise everyday for those people who love you.

JulyDream said...

မချိုသင်းရေ...
အစ်မ အားရှိအောင်နေ.. အားရှိအောင် စား...
လက်ဝှေ့ထိုးတဲ့အခါ မြင်ယောင်ရမယ့် မျက်နှာတွေက တန်းစီနေတာပဲ။ ဒါကြောင့် အားမပျက်ရအောင် အားရှိအောင် လုပ်ခိုင်းနေတာပါ။ အဟီး...

tune said...

kick boxing ကို စမ်းမယ် စမ်းမယ်နဲ့ အခုထက်ထိ သွားမတက်ရသေးဘူး။
အားကစားက စိတ်ကိုပါ ပျော်စေတာမို့ အရမ်းကောင်းပါတယ်။
ကျန်းမာပျော်ရွှင်ပါစေလို့။

ခင်မင်းဇော် said...

အတူလာသင်တန်းတက်ချင်သားးးးး
ဒီမှာ ဘာမှမလုပ်ဖြစ်ဖူးဟာ။ အဖော်ရှိလို့ကတော့ လာထားပဲ။

Steve Evergreen said...

ဒီမှာတော့ ပြေးတာနဲ့ စက်ဘီးစီးကြတာတွေ့တယ်။ သန်ရာသန်ရာ အားကစားလဲ လုပ်ကြတယ်.

ဆယ်ကျော်သက်လေးတွေကတော့ သူတို့အခေါ် sexacise တဲ့

တချို့အိုးပြီးနာနေတဲ့လူတွေလဲ နဲနဲသက်သာပုံရတဲ့ ထိုင်ချိ နောက်လိုက်ကြတာတွေ့ရတယ်။ ထိုင်ရင်း ပိုချိသွားလားတော့မသိ။

zumba တော့ဘဝမှာ အခုမှကြားဘူးတော့တာဘဲ

သီဟသစ် said...

အစ်မချိုသင်း

boxing ထိုးတဲ့ဓါတ်ပုံတင်ပါ။ ပစ်မှတ်ကတော့ မိုက်ပါ့

ခင်မင်စွာဖြင့်
သီဟသစ်

luminnkhaung said...

KICK BOXING

တကယ်ထိုးတော့ မှာ လား ဗျာ



ဥပသကာ

Nge Naing said...

ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ ပို့စ်တွေ Public Health in Myanmar မှာ အများကြီးရှိပါတယ်။ မမိုးချိုသင်းကို လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။

Unknown said...

ပိန်အောင် လက်ဝှေ့ထိုး လေ့ကျင့်။ လေ့ကျင့်တော့ မော တယ်၊ ပင်ပန်းတယ်။ ပင်ပန်းတော့ ဟိုနဲနဲ သည်နဲနဲ စားမိ
တယ်။ နဲနဲတွေများလာတော့ များများတွေဖြစ်လာတယ်။ များများလာတော့ မပိန်တော့ဘူး ...

Nge Naing said...

မမိုးချိုသင်း
C-Box မရှိလို့ ဒီမှာပဲ ရေးလိုက်တယ်။ ပြီးခဲ့တဲ့ ၁၂ ရက်က စပြီး ကျွန်မဘလော့ဂ်တခု ဖွင့်ထားတာ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

. said...

အစ်မချိုသင်း - Kickboxing က Whole Body Workout ပါ။ တစ်နာရီ ကစားရင် Calorie တွေ အများကြီး burn သလို၊ Muscle Tone လဲ ဖြစ်တယ် ပြောတယ်။ အစ်မ စွဲလုပ်ပြီး အဆင်ပြေရင် ပြေသလို ဘာတွေလုပ်ရတယ်ဆိုတာ ရေးပေးပါနော်။
ခင်မင်စွာဖြင့် -