ထာဝစဉ်

မမြင်ရလည်း
သင်က ရဲဘော်ပင်။
မကြားရလည်း
အနားက ရဲဘော်ဟာ သင်။
မတွေ့ရလည်း
မနေ့က အတိုင်းပင်။

နေ့ရက်ကြာလည်း
သစ္စာ မပျက် အောက်မေ့လျက်နှင့်
တသက်သက်ပ
လွမ်းဆွတ်တ ကာ
ဘ၀ကို မြှုပ်
အလုပ်လုပ်သည်
ဝိမုတ္တိလမ်း ထာဝစဉ်။ ။

တင်မိုး
-

ဒီကဗျာလေးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အကျဉ်းကျစဉ်ကာလတုန်းက အဖေ ရေးခဲ့တဲ့ ကဗျာလေးပါ။ ၁၉၉၅ ခုနှစ်လောက်ကလို့ ထင်ပါတယ်။

အဖေက အဲဒီကဗျာ ရေးဖြစ်တဲ့ အကြောင်းလေးကို စာပေဟောပြောပွဲတခုမှာ ပြောပြခဲ့ပါတယ်။

ဒေါ်စုကို မမြင်မတွေ့ရတာ ကြာလို့ မြင်ချင်တွေ့ချင်စိတ် အင်မတန်ပေါက်တယ် တဲ့။ ဒါပေမဲ့ သူ စိတ်ဖြေလိုက်ပါတယ် တဲ့။ မမြင်ရလည်း ကိစ္စ မရှိပါဘူး၊ မတွေ့ရလဲ ကိစ္စ မရှိပါဘူး တဲ့။ သူ့ကို သတိရ လွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ် ဆိုတဲ့ အကြောင်းပါ။ ဒီနေ့ခေတ် နဲ့ ကိုက်ညီတယ် ထင်လို့ အဖေ့ကို သတိရစိတ်နဲ့ ဖော်ပြလိုက်ပါတယ်။

5 comments:

ခင်မင်းဇော် said...

ချိုသင်းရေ..
အမလာလည်သွားတယ်။ ဒီကဗျာမှာ သစ္စာမပျက် အောက်မေ့လျက်နှင့် ဆိုတဲ့ စာကြောင်းကို ဘယ်လိုမှ ဖော်မရဖြစ် ဖြစ်နေတာ... ခုရသွားပြီပေါ့။
အမတို့ ၂ ယောက် ခွဲနေရတဲ့ ကာလတုန်းကလဲ ဒီကဗျာလေးက တောင့်ခံထားနိုင်စွမ်းကို ပေးတယ်လေ။

Harry said...

ဒီကဗျာလေးကို ကူးယူ သိမ်းဆည်းထားခွင့်ပြုပါခင်ဗျာ

sisain said...

အစအဆုံးကိုတစ်ညလုံး ဖတ်လိုက်ရပါတယ်။ အစ်မ-နာမည်ကို ဆရာ APK ကမိတ်ဆက်ပေးလို့ လာဖတ်ဖြစ်တာပါ။ ပျော်ရွှင်ပါစေ-

ဂျူနို said...

မမြင်ရလည်း ကိစ္စ မရှိပါဘူး၊
မတွေ့ရလဲ ကိစ္စ မရှိပါဘူး တဲ့။
သူ့ကို သတိရ လွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ် ဆိုတဲ့ အကြောင်းပါ။
ဒီနေ့ခေတ် နဲ့ ကိုက်ညီတယ် ထင်လို့ အဖေ့ကို သတိရစိတ်နဲ့ ဖော်ပြလိုက်ပါတယ်။
ကိုယ်ဒီကဗျာကို သတိရလို့ လာဖတ်တာ။
ဒီကဗျာလေး ပြန်တင်လိုက်ပါလားချိုင်းရဲ့ ။
မဖတ်ရသေးတဲ့သူတွေ ဖတ်ရတာပေါ့။

ဘာပြောရမှန်းမသိပါဘူး။ ကိုယ်က လွတ်မြောက်ရာလမ်း အတွက် ဘာမှ မလုပ်ပါဘူး။
ရှက်လည်းရှက်တယ်။ ဒေါသလည်း ထွက်ပါရဲ့ ။
အရင်ကလည်း ဖတ်ပြီး ဒီလိုပဲ ငိုင်နေခဲ့ရတာ။
အဲ့တုန်းက ကိုယ်က မြန်မာလို မရိုက်တတ်တော့ ချိုသင်း ဘလော့ကို လာပြီး ငူငူငိုင်ငိုင်နဲ့ ။
ဘလာ ဘလာ မလုပ်နိုင်။

ht2lwin said...

NOW WE CAN SEE OUR MOM!!! BUT I AM AFRAID THE FREEDOM TIME LASTS NO LONG!!!