နံမည်တလုံးနဲ့ နေတာမဟုတ် :P

မနေ့ညက နံမည်မှည့်တဲ့အကြောင်း ပို့စ်တင်လိုက်တာ မနက်ရောက်လို့ အီးမေးလ် ဖွင့်ကြည့်လိုက်တော့ မာယာမဂ္ဂဇင်းက ကိုအေးဝင်းက စာတစောင်ပို့ထားပါတယ်။ သူ့စာလေး ဖတ်ကြည့်လိုက်ပါအုံး။ ဘယ်လောက် ကလိကလိ ဖြစ်ရသလဲဆိုတာ..

“ဒီတခါတော့ ကွန်မင့်ထဲ ထည့်မရေးတော့ပါဘူး။
ကျနော်ကြားဘူးတာကလေ.......
ဆရာက အိမ်မှာ တခုခုစားနေတာ၊ ကလေးလေးက အိမ်ရောက်လာတော့ ဆရာကတော်က ဆရာ့ကို "ရှင်ဘာစားနေလဲ" လှမ်းမေးလိုက်တာ စားနေရင်း ပလုပ်ပလောင်းနဲ့ "မုံ့ချိုသွင်း" ပြောလိုက်တာကို ကစားနေတဲ့ အမကြီးတွေက ကြားသွားပြီး၊ "ကောင်းတယ် ကောင်းတယ်" "နံမည်လေးကကောင်းတယ်" ဆိုပြီး ၀ဆွဲ ပျောက်ခေါ်လိုက်တာ "မိုးချိုသင်း" ဖြစ်သွားလို့တဲ့။ အဲဒါ အဟုတ်ပဲလား” တဲ့လေ..။

ကောင်းပါလေ့..။ သူတို့လိုရာဆွဲယူတဲ့နေရာမှာတော့ တော်တော်လက်စောင်းထက်နေတယ် ပြောရမှာပေါ့။ သူ့နံမည်ကျတော့ ဘာမုန့်မှလဲ မရှိ။ တရားမမျှတ တာတွေက ဒီက စ တယ် ထင်တာပဲ။

ငယ်ငယ်ကတည်းက အဲဒီမုန့်နံမည်ကို သိတဲ့သူတွေက စ တာ ခဏခဏခံရဖူးတယ်။ ကိုယ်လဲ ဒီလောက် အစားအသောက်ကြိုက်၊ အချိုကြိုက်တာ အဲဒီမုန့်ကျတော့ ဘယ်လိုရေစက် မှန်းမသိ၊ လုံးလုံး မထိဘူး။ စိတ်နာတာနေမှာ။ ဒါမှမဟုတ် ဇာတ်တူသား မစားတာလဲ ဖြစ်ချင်ဖြစ်မယ်။

ရှင်းရရင်တော့ အဖေ၊ အမေ မပေးတဲ့ နံမည်ပြောင်တွေကတော့ အများကြီးပါ။ စိတ်မဆိုးတတ်တော့လဲ စ တယ်လေ။ ဆရာမ မေငြိမ်းဖော်လိုက်လို့ မထူးဇာတ်ခင်းရရင် ၀က်ကလေး လို့လဲခေါ်ကြပါတယ်။ (ပေါ်ကုန်ပြီကွ)

ဒီနံမည်ပေးတာ သူငယ်ချင်းတွေဖြစ်တဲ့ ဒီဗီဘီက ကိုသန်းဝင်းထွဋ်တို့အုပ်စု ထင်တာပဲ။ တနေ့တော့ သူငယ်ချင်းတွေ စကားပြောကြရင်း တရုတ်နှစ် နဲ့ ဗေဒင်တွက်တာတွေ ရောက်သွားလို့ ကိုယ်မွေးတဲ့နှစ်က အကောင်ကို ကြည့်လိုက်တော့ ချက်ချင်း မျက်နှာ ရှုံ့မဲ့သွားရတယ်။ ကိုယ်က ပြောလဲ ပြောစရာပါ။ မွေးတဲ့နှစ်တောင် ပြောစရာ မလွတ်ဘူး။ ၀က် နှစ်မှာ မွေးတာ တဲ့။ ကောင်းရော။ အဲဒီတော့လဲ ကျွန်ုပ် ဘာများတတ်နိုင်ပါမည်နည်း ပေါ့။

နောက်တခုကတော့ ဘူမိ အုပ်စုက ပေးတဲ့ နံမည်ပါ။ ကိုယ်ကလဲ မိဘမျိုးရိုးတော့ ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်တော့ကာ သူတို့ကလဲ ကိုယ့် ပုံပန်းသဏ္ဍန်နဲ့ လိုက်ဖက်မဲ့ နံမည်ကို ရွေးချယ်လိုက်ပုံရပါတယ်။ လုံးလုံး တဲ့။ (ပေါ်ပြန်ပြီ တခု)

ဘူမိကွင်းဆင်းရင် ပညာရပ်သဘောအရ တောင်တွေကို တက်ရပါတယ်။ တောင်ထိပ်ကို ရောက်သွားတဲ့အခါကျရင် ကိုယ်က ခက်ခက်ခဲခဲ ကုတ်ကတ်တက်ထားရတော့ မာန်တက်ပြီး ခါးတွေဘာတွေထောက်ပြီး ငါကွ ဆိုတဲ့သဘောနဲ့ တောင်အောက်ကို ငုံ့ကြည့်မိတယ်။ အဲဒီအချိန်များဆို အကိုတွေလို ခင်နေတဲ့ သူငယ်ချင်းတွေက “ညီမလေး လှိမ့်သာချလိုက်၊ ကြည့်မနေနဲ့ လှိမ့်သာချလိုက်”လို့ အားပေးကြပါတယ်။ ကိုယ်ကလဲ သူတို့ပေးတဲ့ နံမည်နဲ့လိုက်အောင် လုံးလုံးလေးဖြစ်နေတယ်ဆိုတော့လေ။ ကိုယ်ပင်ပန်းမှာ စိုးရိမ်ကြပုံရတယ်လို့သာ တွေးယူရတာပါပဲ။

နောက် ကျမ အမျိုးသား ကိုကျော်ဝဏ္ဏနဲ့ ချစ်သူတွေဖြစ်တုန်းကတော့ မကြည်ကြည်ခင် (အခု ဘလော့ဂ်ဂါ မခင်မင်းဇော်) တို့အုပ်စု က နံမည်ပေးကြပြန်ပါတယ်။ ဒီတခါတော့ သက်သက်ညှာညှာ ပေးလိုက်ပုံရပါတယ်။ ချိုဝဏ္ဏ တဲ့။ (ဟင်း…တော်သေးတာပေါ့)

အဲဒီနံမည်လေးကိုတော့ ကိုယ်က မြတ်နိုးတာမို့ ကိုယ့် အီးမေးလ် လိပ်စာတွေမှာ အဲဒီနံမည်တွေနဲ့ ဖြစ်နေတတ်ပါတယ်။ အဲဒါကို တချို့မိတ်ဆွေများက ယောကျာင်္းရဲ့ last name ကိုယူလိုက်တာထင်ပြီး ချိုသင်းတို့တော့ အင်မတန် ဘိုဆန်သွားပြီ ထင်ကြပါသေးတယ်။ အဲဒီအခါကျတော့လဲ ကျမက အီးမေးလ်တခုတည်း နှစ်ယောက်သုံးတာမို့ နံမည်နှစ်ခုပေါင်းထားတာပါ လို့ ရှင်းပြရတာပေါ့။ နံမည်အားလုံးကတော့ ဇာတ်လမ်းလေးတွေ နဲ့ပါလေ။

တချို့မိတ်ဆွေတွေကတော့ ကိုယ်မသိအောင် နံမည်ကြိတ်ပေးထားပုံရပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မင်္ဂလာဆောင်မယ်ဆိုတော့ ဖိတ်စာကို အဖေ့ကဗျာလေး ရယ် နောက် သူ့လက်ရာတွေကို ကိုယ်တို့နှစ်ယောက်စလုံးက အရမ်းနှစ်သက်ပြီး အကိုလို ခင်မင်ရတဲ့ ကာတွန်း ကိုအော်ပီကျယ်ရယ်ကို ဖိတ်စာပုံ ဆွဲခိုင်းပါတယ်။

အကိုက ကာတွန်းတွေသာဆွဲလာတာ တခါမှ မင်္ဂလာဖိတ်စာကို မဆွဲဖူးတာမို့ ကိုယ့်ကို တချိန်လုံး ဆူပွဆူပွ လုပ်ပြီး သူ့ထုံးစံအတိုင်း အချိန်ဆွဲပါတော့တယ်။ ကိုယ်ကလဲ ဂျစ်ပဲ။ ဒါမျိုးတွေ ထုံးစံမရှိဘူးတွေဘာတွေပြောလဲ နားကို မထောင်ဘူး။ ဆွဲပေးရမယ်ပဲ။

ကိုယ့်ယောက္ခမတွေကလဲ ဖိတ်စာကိုကာတွန်းဆွဲမယ် ပြောတော့ ကြားကြားချင်း မျက်လုံးတော့ ပြူးသွားတာပေါ့။ ‘ဟေ! ॥ အေး၊ အေး’ ပေါ့။ ဒါပေမဲ့ အင်မတန် သဘောကောင်းတဲ့ မိဘများမို့ ပြုံးပြုံး ပြုံးပြုံး နဲ့ သမီးသဘော တဲ့။

နောက်တော့ ကိုအော်ပီကျယ် က ကိုယ့်ကို မြင်တဲ့အတိုင်း ဆွဲပေးလိုက်မယ်ဆိုပြီး ၀လုံးလေးတွေ ဆွဲပေးလိုက်ပါတော့တယ် (သူက ဘာလို့ ၀လုံးလို့ မြင်ရတာပါလိမ့်နော်)။ ပုံကို ကိုအော်ပီကျယ်က ဆွဲပြီး၊ ဒီဇိုင်းကို အရမ်းခင်ရတဲ့ ဒီဇိုင်နာ ကိုစိုးဝင်းငြိမ်းက လုပ်ပါတယ်။ ဖိတ်စာနောက်ကျောမှာတော့ အဖေ့ကဗျာနဲ့ပါ။ အမှတ်တရ ပြန်ဖော်ပြလိုက်ပါတယ်။

ပြဿနာက ဖိတ်စာဝေတဲ့အခါမှာပါ။ တချို့က ဖိတ်စာရတော့ နားလည်လို့ သဘောကျပြီး ပြုံးကြပါတယ်။ တချို့ကတော့ နားမလည်ပါဘူး။ အဲဒီအခါ ကိုယ်က ရှင်းပြရပါတော့တယ်။ “ပထမအကွက်ကို ကြည့်လိုက်လေ၊ ၀လုံးအပိန်လေးက သူ ပေါ့ဟာ၊ ၀လုံး ၀ိုင်းဝိုင်းပုပုကတော့ ငါပေါ့။ ပထမတော့ မသိကြသေးဘူးပေါ့။ နောက်တော့ တွေ့ရော၊ ခင်သွားတော့ ပြုံးသွားတာပေါ့။ နောက်တော့ အဲလိုအသည်းပုံလေး ဖြစ်သွားရော။ ပုံက တကွက်ပြီး တကွက် ဘယ်ဘက်ကို ဆက်ကြည့်ရသွားတယ်” အမလေး မောလိုက်တာ မပြောပါနဲ့တော့။

နောက်တော့ လက်ပမ်းကျပြီး သူငယ်ချင်းတွေကို ပေးဝေခိုင်းတဲ့အခါ သူတို့ကလဲ လက်ဆင့်ကမ်းပြီး ပါးစပ်အမြုပ်ထွက်အောင် ပြောပြီး ဝေကြပါတယ်။ တချို့က သိပါပြီဆိုလဲ မရ၊ ပြောချင်ကြတော့ကာ အဲဒါလေးရဲ့ အဓိပ္ပါယ်ကိုသိလားဟင် ဆိုပြီး စက်သေနတ်ပစ်ကြတော့တာပါပဲ။

အဲဒါကို ကိုယ်ကတော့ ကာတွန်းဆရာအကိုက ကာတွန်းဆွဲပြီး နံမည်ပြောင်ပေးလိုက်တာပဲလို့ တွေးလိုက်မိပါတယ်။ တကယ်တော့ ကိုယ်နဲ့ သူတို့နံမည်ပြောင်တွေနဲ့က ပုံပန်းသဏ္ဍာန်ချင်း တခြားစီပါ။ လားလားမှ မဆိုင်ပါ။ မယုံရင် ပုံပြင်မှတ်ပါ။


ဘာပဲပြောပြော ကိုယ်ကတော့ တချို့တွေ ကြုံးဝါးသလို "နံမည်တလုံးနဲ့ နေတာကွ" လို့ မပြောနိုင်တာ အမှန်ပါပဲ။ :P


မိုးချိုသင်း

15 comments:

moemaka said...

the best wedding invitation letter i have ever seen!
ZarnyWin

yannaing said...

အင်း...အဲဂလိုလား.....ဇတ်ရည်တော့လည်လာပြီ..

Naing said...

ချိုသင်းရေ...

ချောချော (ကိုသီဟ) ရဲ့ ယောင်းယောင်းပါ..။
မှတ်မိလိမ့်မယ်လို့  ထင်ပါတယ်။
ဘလော့ဂ်စာမျက်နှာပေါ်မှာ အခုလို စာတွေပြန်ရေးတာ တွေ့ ရတာ အရမ်းဝမ်းသာပါတယ်။
အမြဲရောက်ဖြစ်နေမှာပါ..။
အငယ်ဆုံးလေး ပပကိုလဲ သတင်းပို့ ထားပါတယ်..။

ချစ်ခင်စွာဖြင့်..
Ma TLNaing.

လင်း said...

မင်္ဂလာဆောင်ဖိတ်စာလေးက မိုက်တယ်။ ဒါပေမဲ့ အချစ်ဇတ်လမ်းကို အရင်မရေးဘဲ မင်္ဂလာဆောင်ကို ကျော်ချလိုက်တာတော့ မကောင်းပါဘူး။ ရင်ခုန်သံဇတ်လမ်းလေးလဲ ဖတ်ချင်ပါသေးတယ် အမရေ။

ငြိမ်းဝေ said...

ဆရာမ ...
ကျနော်ပါ။
ဆရာ့ကဗျာပေါင်းချုပ် (၁၉၉၉) ကို ပြင်ဆင်ပေးခဲ့ဖူးတဲ့သူက ကျနော်ပါ။ ဆရာမနဲ့ ဖုန်းထဲမှာ စကားတခါပြောခဲ့ဖူးတယ်။
ဆရာ့ကဗျာစာအုပ်ကို ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ခဲ့လို့
ဖုန်းထဲမှာ စကားပြောခဲ့ကြတာ ကျနော် မမေ့ပါဘူး။
ဆရာမက စာရေးသိပ်ကောင်းတာပဲ။
အရမ်း အားကျမိတယ်။ ကျနော် နေ့တိုင်းလာလည်စရာ နေရာတနေရာ အသေအချာ တိုးသွားပြီပေါ့။
လေးစားလျက်ဖြင့်
ငြိမ်းဝေ

အောင်သာငယ် said...

ဘူမိကဆိုတော့ ခင်မင်စရာတွေ ဖြစ်လာပြန်ပြီ။ ကျနော်က ၈၅ မှာ ဘူမိနဲ့ ကျောင်းပီးခဲ့တာ။ ညီတွေ ညီမတွေ အားလုံးကို ခင်တယ်။ Field Trip တွေ အကြောင်း ရေးပါဦး။ ခင်မင်လျက်။ (ဆရာနဲ့ ကျနော့် ဖခင်က သူငယ်ချင်းတွေပါ)

Chit Lay Pyay said...

အမ မမိုးချိုသင်းရေ

အမရဲ့ စာတွေ ဖတ်ပြီး အမကို အရမ်း ချစ်လိုက်တာ။ စာရေးလဲ အရမ်းကောင်းတယ်၊ အမရဲ့ ကိုယ်ရေးကိုယ်တာ မိသားစု အကြောင်းတွေ စိတ်ဝင်စားပါတယ်။ အမြဲစောင့် ဖတ်ပြီး အားပေးနေပါတယ်၊

ခင်မင်းဇော် said...

အဲဒီမင်္ဂလာဆောင်က ထောပတ်ထမင်းလဲ သတိရသွားတယ် ...

Mg Chan said...

ချိုသင်း
နာမည်ဆို လို့  “မိုးချို..မိုးချို ကနေ..တဖြေးဖြေးရွေ့ လျောပြီး မိုးချုပ်” လို့ ခေါ်တာလဲကြားဖူးသလားလို့  ဟီး…
စာတွေပြန်ရေးနေတာမြင်ရတော့ ၀မ်းသာတယ်။
အမြဲလာဖတ်မယ်..
walk on…!

cmt

cohtet said...

မင်္ဂလာဆောင် ဖိတ်စာအကြောင်းကျော်ရေးသွားတယ် ..
အင်းလျားကန်ဘောင်မှာ ကိုကျော်ဝဏ္ဏ က နင်စိတ်ကောက်နေလို့ ယပ်ထိုင်ခတ်ပေးတဲ့ အကြောင်းလေးများ ရေးပါဦး :P

ငထက်

myatnoe said...

အမစာတွေ ကျန်သေးတာတွေ လာဖတ်သွားတယ်
ဟီး
ဘယ်သူနဲ့မှမတူတဲ့ ဖိတ်စာကို ဖတ်ပီး ကိုယ့်ဘာသာ အဓိပ္ပါယ်ဖော်ကြည့်တာ မှန်သား...

အရမ်းအတွေးကောင်းတယ်နော်..

အမ စီဘောက်စ်မထားသေးတာလားဟင်...

ပုံရိပ် / Pon Yate said...

မမိုးချိုသင်း…ဖိတ်စာလေးက ချစ်စရာကောင်းလိုက်တာ။ ဆရာ အော်ပီကျယ်က အကြံကောင်းတယ်။ ဆရာကြီး တင်မိုးရဲ့ ကဗျာကြောင့် ပိုပြီး ကြည်နူးစရာ။

ပီတိ said...

ရေးထားတာလေးက ကြည်နှုးစရာလေး။ နာမည်တလုံးမကတော့ ပိုကောင်းတာပေါ့… နာမည်များတဲ့လူလေ…

အမ သူငယ်ချင်းတွေကလည်း ချစ်စရာကောင်းတယ်… အင်မတန်ဖွတယ်နော်… :D

aye said...

Hi Cho Thin!!!

I've already read what you've written. It's really great, good and touchy. Keep up with the good work! I belive that next novel which you will write will be as good as this one. I really love this one too!!!. I am looking forward the next novel.

Love,
Mar Mar


(10.8.08) 1:00 a.m.

Kreator said...

ဟီး ..
အဖေ ပြောပြတာ မှတ်မိသေးတယ်။ ဘဘဂျမ်းက အဲဒီကဗျာလေး စပ်ပေးလို့တဲ့ သူ့သူငယ်ချင်း ကဗျာဆရာ တစ်ယောက်က `ကဗျာနှင့်အတူ သမီးလှူသည်၊ နတ်လူသာဓုခေါ်စေသော်ဝ်´ လို့ ကဗျာလေး စပ်ပေးတယ် တဲ့။ ဘဘဂျမ်းရဲ့ အဲဒီကဗျာလေးနဲ့ ဖိတ်စာလေးကို ကြိုက်လွန်းလို့ အလွတ်ရပါတယ်။ ကဗျာနာမည်သာ မမှတ်မိတာ။