မပြယ်အချစ် အမြဲသစ်လိမ့်..

အမေ့အကြောင်း စဉ်းစားလိုက်ရင် ကိုယ်က ခပ်မွှေးမွှေး ခပ်သေးသေး စံပယ်ဖြူလေး တပွင့်ကိုပဲ သွားမြင်ယောင်တယ်။ အမေက စံပယ်ပန်းကုံးလေးကို အမြဲလိုလို ပန်တတ်တယ်။ စံပယ်ပန်းလေးတွေ ညှိုးသွားရင်လဲ ခေါင်းအုံးအောက်မှာ ထားပြီး အိပ်တတ်တယ်။ အမေ့ ခေါင်းအုံးလေးက စံပယ်နံ့လေး သင်းနေကျ။

ပန်းလေးတွေ ချစ်တတ်တဲ့ အမေက သနပ်ခါးပန်းလေးတွေလဲ ကြိုက်တယ်။ စကားဝါပန်းလေး တွေလဲ ကြိုက်တယ်။ ကံ့ကော်ပန်းလေးတွေလဲ ကြိုက်တယ်။ ညနေကျောင်းအဆင်း အိမ်ပြန်ရောက်ပြီဆိုတာနဲ့ မအေး သွေးပေးတဲ့ သနပ်ခါးလေးတွေ လိမ်းပြီး သန့်သန့်ရှင်းရှင်း နေတတ်တယ်။

အမေက ကလေးတို့ရဲ့ ဆရာမ။ အမေ့ကျောင်းပျိုးခင်းကို ပျိုးထောင်ခဲ့သူ။ အဖေ့ကို ကဗျာဆရာ ပီပီသသ ဖြစ်စေခဲ့သူ။ သားသမီးအားလုံးကို ပညာတတ် လိမ်မာယဉ်ကျေးအောင် ရင်အုပ်မကွာ ပြုစု စောင့်ရှောက်ခဲ့သူ။ အမေ့လိုအင်ဆန္ဒဆိုတာ မမှတ်မိ မသိလောက်အောင် ခင်ပွန်းနဲ့ သားသမီးတွေရဲ့ ဆန္ဒကိုပဲ ဦးစားပေးခဲ့သူ။ ကဗျာဆရာ အဖေနဲ့ အနုပညာကို နားလည်တန်ဖိုးထားတတ်တဲ့ စိတ်ကို သားသမီးတွေရဲ့ ရင်ထဲ ထည့်ပေးခဲ့တဲ့သူ။

အမေ ကိုယ်တို့နဲ့ ခွဲခွာသွားတာ နိုဝင် ၁၇ရက်ဆို ၁၈နှစ် တိတိ ပြည့်ခဲ့ပြီ။ အမေဆုံးတဲ့ ဒီနေ့မှာ အဖေက ပူဆွေးသောကများကို ခဏဘေးဖယ်ပြီး အမေ့ဘေးမှာ အမေချစ်တဲ့ ကဗျာရေးတဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ အရင်က အဖေ ကဗျာရေးပြီးတိုင်း အဦးဆုံး အမေ ဖတ်ခဲ့ပေမဲ့ ဒီတခါတော့ အတူရယ်မော မဖတ်နိုင်ရှာတော့ပါဘူး။

ဒီကဗျာလေးကို အမေ့နောက်ဆုံးခရီးမှာ ဝေတဲ့ ယပ်တောင်လေး နဲ့ လက်ကမ်းစာစောင်လေး မှာ ပုံနှိပ် ဖော်ပြခဲ့ပါတယ်။
ဒီနေ့မှာ အမေ့ကို သတိရစိတ်နဲ့ ဒီကဗျာလေးကို ပြန်ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


စန်းအတွက် အလွမ်းကဗျာ

သူမြတ်နိုးသည့်
ပုထိုးစေတီ မြန်မာပြည်ကိုလည်းကောင်း -

သူချစ်သည့် ပန်း
သူလွမ်းသည့် ငှက်
သူနှစ်သက်သည့် စမ်းရေ
သဘာဝ အလှမြေကိုလည်းကောင်း -

သူ့သွေး ရင်နှစ်
သားချစ် သမီးချစ်တို့ကိုလည်းကောင်း -

အချစ်ဘ၀၊ စိတ်အလှဖြင့်
နှမမြတ်နိုး၊ ဥယျာဉ်ပျိုး၍
ရိုးသားမြင့်မြတ်၊ အနေမြတ်ခဲ့။

မြတ်သောချစ်သူ၊ ဖြူစင်သူ၏
မွှေးကြူဂုဏ်နံ့၊ သင်းထုံပျံ့ ခဲ့။

သင်းပျံ့ စပယ်၊ နှမငယ်ကို
မပြယ်အချစ်၊ အမြဲသစ်လိမ့်
လွမ်းရစ်ခဲ့ပြီ သင့်ဂုဏ်ရည်။ ။


(ချစ်ဇနီး စန်း သို့ -)
တင်မိုး

၁၇၊ ၁၁၊ ၁၉၉၀

နိုဝင်ဘာ ၁၇ရက်မှာ အမေ ကိုယ်တို့နဲ့ ခွဲခွာခဲ့ပြီး နိုဝင်ဘာ ၁၉ရက် အဖေ့မွေးနေ့မှာ အမေ့ကို ဂူသွင်းသဂြိုဟ် ခဲ့ပါတယ်။ အမေ့ အုတ်ဂူလေးမှာ ဒီကဗျာလေးရဲ့ နောက်ဆုံးအပိုဒ်ကို ကျောက်ပြားပေါ်မှာ ရေးထွင်း စေခဲ့ပါတယ်။

ကျန်ရစ်သူ မိသားစုမှာ အလွမ်းတွေသိပ်သည်းနေလျက်ပါ အမေ။


မိုးချိုသင်း

(ဒီကဗျာလေးကို အမှတ်တရ ပို့ပေးတဲ့ ကျော်စွာထွန်းကို ကျေးဇူးတင်ပါတယ်။)

41 comments:

ဇနိ said...

အမချိုသင်းမေမေက ချစ်စရာသိပ်ကောင်းမှာပဲနော်။ အမဖေဖေရော မေမေရောကို မြင်ဖူးသွားပြီ။ ကဗျာလေးတွေမြတ်နိုးသူကို ကဗျာလေးတွေဖန်ဆင်းပေးတာ ကြည်နူးစရာကောင်းလိုက်တာ။
ရင်ထဲမှာ လှိုက်လှဲကြည်နူးမိပါတယ်။
မဇနိ

နိုင်းနိုင်းစနေ said...

အစ်မ အဖေနဲ့အမေက အရမ်း ရိုမန်တစ်ဖြစ်တယ်နော်
ပို့စ်ဖတ်ပြီး စိတ်ထဲ ကြည်ကြည်နူးနူးဖြစ်မိတယ်။
ဟို ဆုံးတဲ့အထိ ချစ်သူလို နေသွားကြတယ်

PAUK said...

မချိုသင်း..
ဆရာဦးတင်မိုးကိုအခုမှမြင်ဖူးတယ်..
မချိုသင်းမေမေကို..တော်တော်ချစ်တာပဲနော်..

Kay said...

မျက်ရည် အချိန်ကာလ တို့နဲ့ ဝေးရာမှာ အမြဲသစ်နေတဲ့ အချစ်များနဲ့ အမြဲ ရှိနေကြပြီ လို့ ယုံကြည်ပါတယ်။

အောင်သာငယ် said...

ကိုယ်တိုင်လည်း မိခင်ကို ဆုံးရှုံးခဲ့ရဖူးတဲ့သူဆိုတော့ ထပ်တူထပ်မျှ ခံစားရပါတယ် ညီမရေ...

အကို့အဖေလည်း ဆရာ့လိုပဲ ကဗျာလေး တပုဒ် အမေ့အတွက် ရေးခဲ့တယ်လေ...

နင်ဟာ ... ငါ
ငါဟာလည်း နင်ပဲ ....

တလမ်းတည်း
ခရီးကြမ်းကို အတူပွေ့ဖက်
နေ့ရက်တွေနဲ့အပြိုင်
အရှုံးအနိုင်
မှတ်တိုင်တွေ စိုက်ခဲ့....

အခုတော့
နင်မရှိတဲ့ ကမ္ဘာထဲ
ငါတယောက်တည်း
ကျဲရဦးမယ်။

သွားနှင့်ကွယ်
ခရီးတနေရာမှာ
တွေ့ကြမယ်။ ။

pandora said...

နူးနူးညံ့ညံ့ ချစ်တတ်ကြတဲ့ ဆရာကြီးတို့ မောင်နှံရဲ့ ပျော်စရာ အချိန်ကလေးတွေဟာ လွမ်းစရာ အမြဲဖြစ်နေမှာပါ။

မီယာ said...

အားကျအတုယူစရာပါအမရေ။ အေးချမ်းတဲ့ချစ်ခြင်းမေတ္တာတွေလွှမ်းနေတယ်။

ဂျစ်တူး - gyit_tu said...

ဖတ်ပီး ထပ်တူထပ်မျှ ခံစားလျက်ပါ အမ ။

ရွှေပြည်သူ said...

အစ်မရဲ့မိခင်ဆုံးတဲ့ နေ့မှာပဲ ရေးခဲ့တဲ့ ကဗျာလေးမှန်းသိရတော့ ဖတ်နေတဲ့အချိန်မှာ တကယ်ခံစားရပါတယ်။ ဒီလိုအဖေ ဒီလိုအမေမျိုးကြောင့်ပဲ အစ်မလို သမီးကောင်းတစ်ယောက် ပေါ်ထွက်လာခဲ့တာလို့ မြင်မိပါတယ်။

masumon said...

အစ်မကြီး.
ကဗျာလေးကို ဖတ်ပြီး ဘဘကို သတိရမိတယ်..
ချင်းမိုင်ရောက်တုန်းက ဆိုင်ကယ်မှောက်တော့ ဒဏ်ရာတွေကို ကြည့်ပြီး
ဒဏ်ရာပွန်းတဲ့ စနာမွန်းဆိုပြီး စာချိုးလေး စပ်ပေးသွားတာ
ညီမလေးမှာ ဘဘဆိုပြသွားတဲ့ ကလေးကဗျာလေးတွေ အခွေလိုက်ရှိသေးတယ် ဘ၀မှာ ပထမဆုံး ရေဒီယိုအတွက် အင်တာဗျုး လုပ်ခွင့်ရတဲ့ အင်တာဗျုးလေးလေ..

အစ်မ အားရင် မုန့်လာစားပါဦးနော်

ကေဇီလင်း said...

အားကျစရာသိပ်ကောင်းပါတယ်အမရေ။ ဘဘဦးတင်မိုးကိုလူချင်းတွေ့ဖူးပေမယ့် အမမေမေကိုတော့ ခုမှတွှေဖူးပါတယ်။ ပို့စ်လေးဖတ်ရင်းနဲ့ ကိုယ်ကိုယ်တိုင်နဲ့ မိခင်ဆုံးရှုံးခဲ့ကြတဲ့သူတွေအတွက် စိတ်မကောင်းပါဘူး။ ခင်မင်လျက်...

sin dan lar said...

ဆရာမရေ....
ဆရာမရဲ့အမေကို အပြင်မှာမမြင်ဖူးပဲ စာဖတ်ပြီး မျက်စိထဲ မြင်ယောင်လိုက်တာ..သနပ်ခါးနံ့၊ ပန်နံ့တသင်းသင်းနဲ့လေ.. အေးချမ်းလိုက်တဲ့ ဇနီးမောင်နှံပဲနော်

s0wha1 said...

မမိုးချို... ကဗျာလေး ဖတ်ပြီး စိတ်မကောင်း။

ကိုအောင်သာငယ့် အဖေရဲ့ ကဗျာလေးလည်း တူတူပဲ။

တနေ့တော့ ဒါတွေက ကြုံရမှာပါပဲလေ။

eain said...

အစ်မရေ.....

ရင်ထဲမှာ...နင့်သွားတာပဲ...
ကဗျာဆရာ..ဆိုတာ..
သူတို့နှလုံးသားထဲက..အရာရာကို..
မှတ်တမ်း..တင်နိုင်ကြသူတွေ..ပေါ့...။
ကြေကွဲစရာပေမယ့်..ကြည်နူးစရာလဲကောင်းလိုက်တာ..နော်..။

ချစ်ခင်လေးစားတဲ့

အိန္ဒြာ

khin oo may said...

ပုံကို ကြည့်ရတာ ကြက်သီးထအောင် ကြည်နူးမိတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးကြတာ ပေါ်လွင်နေတယ်။

ကျနော် ကို said...

လွမ်းသွားတယ် အမရေ။

JulyDream said...

ရင်ထဲကို ထိုးထွင်း လှမ်းမြင်စေတဲ့ စာသားတွေပါပဲ။

tututha said...

အစ်မရေ ... တူးအမေရဲ့မွေးနေ့က နိုဝင်ဘာ ၁၈ ရက်။ တူးကတော့ အသက်ရှင်ရက်ခွဲခဲ့ရတဲ့ အမေ့ကိုလွမ်းတဲ့ ပို့စ်လေးတခု တင်ရဦးတော့မှာ။ ထပ်တူထပ်မျှပါအစ်မ။

မေငြိမ်း said...

ဘ၀မှာ အဲလောက်အရှည်အကြာ ချစ်တဲ့ ဇနှီးမောင်နံဖြစ်ဖို့ဆိုတာ ကံကြီးလွန်းလို့သာပဲ..။
ဆရာမရဲ့ အမေ့ကျောင်း ရွှေဘုံသာလမ်းထိပ် ကုန်သည်လမ်းပေါ်လာဖွင့်တုန်းက အိမ်နောက်ဘေးချင်းကပ်မို့ ဆရာမကို မှတ်မိနေဆဲ.. မြင်ယောင်နေဆဲ..။ အမြဲ အပြုံးအေးအေးနဲ့...။ သနပ်ခါးမွှေးမွှေးနဲ့ ......

နှင်းပွင့်ဖြူလေး said...

အစ်မဘလော့ကို ဖတ်ဖြစ်တယ်.. ခြေရာတော့ မချန်ဖြစ်ခဲ့ဘူး.....
ခုမှ ပဲ ရေးဖြစ်တော့တယ်.........
အစ်မဖေဖေနဲ့မေမေက တော်တော်လိုက်ဖက်တဲ့ စုံတွဲပဲနော်...
အားကျစရာ....

nu-san said...

ဆရာကြီးကို မြင်ဖူးပေမယ့် ဆရာမကြီးကိုတော့ မမြင်ဖူးဘူး။ ဓာတ်ပုံလေးနဲ့ ကဗျာလေးကို ဖတ်ရင်း ကြည်နူးမိသလို ၀မ်းလည်းနည်းတယ်။ အမနဲ့ ထပ်တူခံစားရပါတယ် အမရယ်။

ပုံရိပ် / Pon Yate said...

အစ်မတို့ အဖေနဲ့ အမေဆက်ဆံရေးက ချစ်စရာ ကောင်းလိုက်တာ။

Summer Field said...

ကျနော်ကတော့ မနှစ်ကမှ အမေကို ဆုံးရှုံးခဲ့ရသူဆိုတော့၊ မချိုသင်း ခံစားသလို ထပ်တူ စာနာခံစားမိပါတယ်..။
ခင်မောင်အေး

Heartmuseum said...

မချိုသင်းရေ.... ဆရာကြီးရဲ့ ကဗျာက ရင်ဘတ်ထဲကို တည့်တည့် ၀င်သွားတယ်ဗျာ။ ကြိုက်တယ်။

Nu Thwe said...

ကိုယ်လည်း မေမေ့ကို အရမ်း ပိုလွမ်းသွားတယ်။ ချိုသင်း အမေကို အမှတ်တရ ပြုတဲ့ ပြုမယ့် ကုသိုလ်တွေကို မှန်းပြီး သာဓု ခေါ်သွားပါတယ်။

Ko Paw said...

ရုပ်ချင်းလည်း နည်းနည်းဆင်သလိုဘဲ။ ဇနီးမောင်နှံတွေ ရုပ်ဆင်တတ်တယ်ဆိုတာ ဒီလိုမျိုးထင်ပါရဲ့။

mthida said...

အမ အမေ ဆုံးသွားပြီးနောက် ဘဘဦးတင်မိုးကို ဒီလောက် ကြာကြာ အသက်ရှည်အောင် ထားနိုင်တဲ့ အမတို့ကို လေးစားမိပါတယ်။ နည်းလမ်းလေးတွေ ရှိရင် ပြောပြပေးပါလား။ ညီမ အမေနဲ့အဖေကလဲ အရမ်း ချစ်ကြတယ်။ အခု အမေ ဆုံးသွားတော့ အဖေ စိတ်ကျပြီး ကျန်းမာရေး ချို့ယွင်းလာတယ်။ အဖေ့ကိုပါ ဆုံးရှူံးရမှာ အရမ်းကြောက်နေမိတယ်။ အဖေ့ကို ဘယ်လို စောင့်ရှောက်ရမလဲ နည်းရှိရင် ပြောပြပေးပါနော်။

MANORHARY said...

ခုလောက်ဆို သူတို့နှစ်ယောက် အေးငြိမ်းချမ်းမြေ့တဲ့နေ
ရာတစ်ခုမှာ ဖြူစင်အေးမြတဲ့ချစ်ခြင်းတွေနဲ့ အတူရှိနေနိုင်
တာပဲနော်.... RIP ...

myatnoe said...

အမ သေသောသူကြာရင်မေ့ဆိုပေမဲ့
ကိုယ့်မိဘကျတော့ မမေ့နိုင်ကြဘူးနော်..။

ဘာပဲဖြစ်ဖြစ် အမတို့အမေ ကံကောင်းခဲ့ပါတယ်။ သူချစ်တဲ့ကဗျာတွေရယ် သူချစ်တဲ့ သားသမီးတွေရယ် သူချစ်တဲ့ခင်ပွန်းသည်ကို သေသည်အထိ အတူတူနေခဲ့ရတာပဲ။

Shweaung said...

အစ်မချိုသင်းရေ..
အစ်မဖေဖေနဲ့မေမေကိုကြည့်ရတာကြည်နူးလိုက်တာ..
ဆုံးသွားတဲ့အချိန်မှာတောင်ကဗျာလေးရေးပြီးအမှတ်တရကဗျည်းထိုးပေးခဲ့တယ်နော်..

တန်ခူး said...

ချိုသင်းရေ… ရင်ထဲမှာ အလွမ်းတွေ ထပ်တူမျှဝေသိပ်သည်းလျက်ပါ... ချိုသင်းဖေဖေရေးတဲ့ ကဗျာလေးဖတ်ပြီး ချိုသင်းမေမေရဲု့ဖြူစင်ရိုးသားတဲ့ဇနီးကောင်းမိခင်ကောင်း နှလုံးသားလေးကို မြင်လိုက်ရတယ်… မြန်မာဆန်တဲ့အလှနဲ့ ချိုသင်းမေမေပါ…

သက်ဝေ said...

ချိုသင်းရေ...
ကြည်နူးဖွယ်ရာ မေတ္တာတွေ ထုံလွှမ်းနေတဲ့ ကဗျာလေးအတွက် ကျေးဇူးပါ။

rose said...

မမရေ

သမီးလည်း မေမေနဲ့ ခွဲနေရတာပါပဲ။ ထီးဆိုင် ဆိုတဲ့ သီချင်းလို "သေတာနဲ့ ရှင်တာနဲ့ပဲ" ကွဲတာပါ။

mthida ရေ မချိုသင်းဆီမှာ တကယ်ပဲ နည်းလမ်းကောင်းရှိတယ် သူတို့ မေမေဆုံးတော့ သူတို့ ဖေဖေကို အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးခဲ့တဲ့ သူတွေလေ။ ရအောင်တောင်းလိုက် သိလား။

Wunna said...

အစ်မရေ
ကျွန်တော်လည်း အမေချစ်သားပဲ။
ကြိုးစားသမျှ အရာအားလုံးဟာ အမေစိတ်ချမ်းသာဖို့။ အမေ့မျက်လုံးတွေမှာ သားအတွက်ဂုဏ်ယူစိတ်နဲ့ အရောင်လက်စေဖို့ပါ။ ဒါပေမယ့် အမေက ကျွန်တော်အဝေးရောက်နေတုန်း ကျွန်တော်ကိုမစောင့်ပဲ ထွက်ခွာသွားတယ်။ နောက်ဆုံးခရီးကိုတောင် မမြင်ခဲ့ရလို့ အခုထိမယုံနိုင်သေးပါဘူး အစ်မရေ။ ငါဘာတွေကို ဘယ်သူ့အတွက်ကြိုးစားနေတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိတယ်။
အဖေကိုလည်း ကျွန်တော့်ကိုစောင့်ဖို့ တောင်းပန်ထားပါတယ်။ ဒါပေမယ့် ဘယ်သူကသိနိုင်မှာလဲနော်။

Ko Kyaw said...

ကိုကျော်ပါ၊ ဖတ်ပြီး ကလေးဘ၀က ကျနော်နဲ့ အမေကို သတိရသွားတယ်။ အမေအားလုံး ကျန်းမာပါစေ။

လင်း said...

အမရေ ဖတ်လို့ ပြီးတဲ့ အချိန်မှာ ရင်ထဲမှာ ဆို့ နစ်နစ်ကြီးနဲ့ လွမ်းလို့ ကျန်ရစ်ခဲ့တယ်။

ဂျူနို said...

ဒီလိုမိဘကိုရတာ နည်းတဲ့ကုသိုလ်မဟုတ်ဘူး ချိုသင်းရေ။
လူတိုင်းက ကိုယ့်မိဘကိုချစ်ခင်လေးစားတယ်။ ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲ။
ခဏလေးပဲ ရလိုက်တယ်ဆိုအုန်း ဒီလိုမိဘရဲ့ မေတ္တာကတော့ သံသရာတခုလုံးအတွက်လုံစေပါတယ်။
အမှတ်တရတွေစုပြီး စာအုပ်တစ်အုပ်ရေးပါလားချိုသင်းရဲ့ ။ စုစုစည်းစည်းသိမ်းထားရတာပေါ့။ နောက်လူတွေလည်းဖတ်ရတာပေါ့။
အင်တာနက်မလုံလောက်တဲ့ ကိုယ့်တိုင်းပြည်ကဆရာကြီးပရိတ်သတ်လည်း ဖတ်ရတာပေါ့။
အယ်ဇီ

ခွန်မြလှိုင် said...

အမချိုသင်းရေ

အမရဲ့ မေမေကို အားကျ သွားပါတယ်။ ဇနီး တစ်ယောက်ရဲ့ ဘ၀မှာ ကိုယ့်ခင်ပွန်းရဲ့ ကိုယ့်အပေါ် ထားတဲ့ ဒီလို မပြယ် အချစ်နဲ့သစ္စာဟာ ဘာနဲ့မှ မလဲနိုင်တဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာ အဆောင်အယောင် ပါပဲ။

thorn musem said...

မမိုး....
မမိုးတို့ မိဘနှစ်ပါးလုံးရဲ့ ချစ်ခြင်းကိုလဲ လေးစားမိတယ်...
ကဗျာလေးဖတ်ပြီးတော့ တစ်ကယ်ကို စိတ်ထဲမကောင်းဘူး ဖြစ်သွားမိတယ်...။
ဆရာနဲ့ ဆရာမ အေးချမ်းသော ဘုံမှာ အတူပျော်ရွှင်ကြပါစေလို့  ၇င်ထဲက ဆုတောင်းပေးလိုက်ပါတယ်ဗျာ...။

khin oo may said...

မိုးချိုသင်းရေ.အေးချမ်းပါစေ

Zephyr said...

သွားနှင့်သူတွေကို ကျန်ရစ်သူတွေက လွမ်းနေမိဦးမှာပါပဲ အစ်မရေ .... ။
မြင့်ရာမြတ်ရာ ဘုံအဆင့်ဆင့်ကို ...
စိတ်ကောင်းရှိတဲ့ ..
အစ်မရဲ့ မိဘတွေ ရောက်နေနှင့်ရောပေါ့ ....။