အဖိုး နဲ့ အဖွား

ကိုယ့်ဘ၀မှာ ကိုယ်မွေးကတည်းက နှစ်ဖက်မိဘရဲ့ မိဘ၊ ကိုယ့်အတွက် အဖိုးအဖွားတွေဆိုတာ မရှိခဲ့ဘူး။ နှစ်ဖက်စလုံး ကိုယ်မွေးချိန်မှာ ဆုံးပါး ကွယ်လွန် ကုန်ကြပြီ။ ဒါကြောင့်လား မသိဘူး။ ကိုယ်က သက်ကြီး ၀ါကြီး လူကြီးအဆုံးအမ မခံခဲ့ရတော့ ဗိုင်းကောင်းကျောက်ဖိ မဖြစ်ခဲ့ဘူး ထင်ပါရဲ့။

ဒါပေမဲ့ အဖိုးအဖွား အရွယ်တွေဆို ချစ်ခင် မိနေတာတော့ အမှန်ပဲ။ ငယ်ငယ်ကဆိုရင် ဘဘ လူထု ဦးလှ (အဖေ့အခေါ် ဦးလေးလှ) ဆီ အဖေက အမြဲတမ်း စာတွေ ရေးခိုင်းတယ်။ လူကို အပြင်မှာ တခါမှ မမြင်ဖူးပေမဲ့ စိတ်ထဲမှာ ရင်းနှီးပြီးနေတယ်။ ပုံပြင်စာအုပ်လေးတွေ ပို့ပေးရင် သဘောကျလိုက်တာ။ ကိုယ့်ကို အရေးတယူ လုပ်တယ်ဆိုပြီးတော့လေ။

ဒါကြောင့် ဆွေမျိုး မတော်စပ်ပေမဲ့ ကိုယ့်မိဘက အလေးအနက်ထားတဲ့ လူကြီးတွေဆို ကိုယ့်အဖိုးအဖွားတွေလို စိတ်ထဲမှာ ဖြစ်နေမိတာပေါ့။ ဘဘမင်းသုဝဏ်၊ ဘဘဇော်ဂျီ၊ ဘဘဦးခင်မောင်လတ်၊ ဘဘဦးသုခ စသဖြင့်ပေါ့။ အဖွားအရွယ်ဆို အမေလူထု ဒေါ်အမာ ပေါ့။ အဖိုးအဖွားအရင်းမှ မတွေ့ဖူးလိုက်ဘဲကိုး။ သူတို့ကိုဆို မြင်တာနဲ့ ဘယ်လိုနေနေ စိတ်ထဲမှာ ရင်းနှီး ချစ်ခင်နေတယ်။

အဖေကတော့ ကိုယ့်ကို အဖေ့ဖက်က အဖွားနဲ့တူတယ် လို့ တခါတရံ ပြောတတ်တယ်။ အဖွားလို ခပ်အေးအေးနဲ့ လုပ်စရာရှိတာ ငြိမ်ငြိမ်သက်သက် လုပ်မှန်းမသိရအောင် လုပ်နေတတ်လို့ တဲ့။ အဲဒီလို ပြောပြီးကတည်းက ကိုယ်လဲ အရင်က အေးအေးဆေးဆေး လုပ်တတ်သလောက် တခါတည်း ပြောင်းပြန် ဖြစ်သွားတော့တာပဲလေ။

ဘာဖြစ်သွားတယ် မသိဘူး။ လုပ်စရာရှိရင် တယောက်တည်း ဆူညံ ပွက်လောကို ရိုက်လို့။ လောလော လောလောနဲ့ အဖေ့ရှေ့မှာ ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက် လုပ်နေလို့ အဖေလဲ ငါပြောမိတာ မှားပြီလို့ ထင်ပြီး ဘာမှကို ထပ်မပြောတော့ဘူး။ ဆေးလိပ်ချည်း ဖိသောက်နေတော့တာ။ ငါ့သမီးနှယ် ဘယ့်နှယ် ဖြစ်သွားပါလိမ့် ထင်မှာပဲ။

သူငယ်ချင်းတွေမှာ အဖိုးအဖွားရှိရင်လဲ သဘောကျတယ်။ သူငယ်ချင်း အိမ်တွေ သွားလည်ရင် ဒါက ငါတို့ အဖိုးပေါ့၊ ဒါက ငါတို့ အဖွားပေါ့ ဆိုရင် ကိုယ်က ကိုယ့်အဖိုးအဖွားတွေ့ရသလို ကျေနပ်လို့။ ပြန်ပြီဆိုရင် တကူးတက နှုတ်ဆက်ပြီးမှ ပြန်ရတာ။ လူကြီးခမျာ နားချင်လို့ အိပ်ခန်းထဲ ၀င်အိပ်နေလဲ အလိုက်ကန်းဆိုးမသိ ၀င်နှုတ်ဆက်တတ်သေးတာ။

ဒီလိုနဲ့ ကိုယ်အိမ်ထောင်ကျပြီး စင်ကာပူလိုက်သွားတော့ ကိုယ်တို့ဆီကို ရုပ်ရှင် ဒါရိုက်တာကြီး ဘဘဦးသုခ နဲ့ ကြီးကြီး ဒေါ်ကြင်မေတို့ လာနေလို့ ၄လ ကျော် အတူနေခဲ့ရတယ်။ ကြီးကြီးက အဖွားအရွယ်လောက် မကြီးသေးလို့ ကိုယ်က ကြီးကြီးလို့ပဲ ခေါ်တယ်။

ကြီးကြီးက ဟင်းချက်ကောင်းတယ်။ ဘဘကို ပြုစုတာ တကယ့် အိမ်ထောင်ရှင်မကောင်း ပီသရှာတယ်။ ဘဘကို ချက်ကျွေးတာများ ဟင်းတွေဆိုတာ စုံလို့၊ အမြဲ အရိပ်ကြည့် နေတတ်တာ။ ဘဘကတော့ မျက်စိ သိပ်မမြင်ပေမဲ့ တနေ့လုံး တီဗီကြည့်တာပဲ။ သိပ် ၀ါသနာကြီးတယ်။ တီဗီနဲ့ တပေလောက်ပဲ ခွာပြီး ထိုင်ခုံရှေ့တိုးပြီး တနေ့လုံး တကားပြီး တကားကြည့်တော့တာပဲ။

ကိုယ်ကတော့ လူကြီးတွေနဲ့ နေရပြီဆိုပြီး ပျော်နေတာ။ ကြီးကြီးက အရမ်းခင်ဖို့ ကောင်းတာ။ ပျော်ပျော်နေတတ်တာ ကိုယ်နဲ့ အကိုက်ပဲ။ ကိုယ်တို့ မီးဖိုချောင်မှာ ဟင်းချက်နေပြီဆိုရင် တ၀ါးဝါးတဟားဟားပဲ။ ကြီးကြီးက ဟာသဥာဏ်ရွှင်တာကိုး။ ဘဘက အတည်ပေါက်လုပ်သမျှ ကြီးကြီးက ရီစရာလုပ်ပစ်တော့ ကိုယ်တို့လဲ တချိန်လုံး ရီနေရတာပေါ့။

ညနေဆိုရင် လမ်းလျှောက်၊ ပြန်လာလို့ ထမင်းစားပြီးရင် ရုပ်ရှင်ကြည့်ကြတယ်။ အဲဒီအချိန်ဆို ကိုယ်က ရုပ်ရှင်တွေကို ဘာသာပြန်ပြီး ဘဘတို့ ကြီးကြီးတို့ကို ပြောပြနေတာ။ တကယ်က တတ်လို့ မဟုတ်ဘူး။ ကိုယ်ကိုယ်က အဲဒီလိုပြောရတာ ၀ါသနာပါနေလို့။ ဘဘတို့လဲ နားလည်တာပါပဲ။ ဒါပေမဲ့ ကိုယ်က ရုပ်ရှင်မှာ ဇာတ်ကောင်က ပြောတာက နည်းနည်း ကိုယ်ဖြည့်ပြောတာက များများ။

တခါတလေ ပြောပြရင်း ကိုယ်က မျက်ရည်တွေကျပြီး ငိုလို့။ အဲဒီလို တဲ့-ဘဘရဲ့ ဆိုပြီး နှပ်တွေဘာတွေ ညှစ်လိုက်သေးတာ။ ဘဘက ခေါင်းတညိတ်ညိတ်နဲ့။ သူက ကိုယ့်ထက်တောင် အရှည်အဝေးကြီး တွေးပြီး ခံစားပစ်လိုက်တာ။ ဇာတ်ကားကောင်းပြီဆို တနုံ့နုံ့နဲ့ စမြုံ့ ပြန်လို့ မပြီးဘူး။

အက်ရှင်ကားဆိုရင် ကိုယ်ကလဲ ဘေးကနေ တကယ့် အက်ရှင်။ ဒုက္ခပါပဲ ဘဘရေ၊ ဟိုမှာ လူဆိုးတွေ လာကုန်ပြီ၊ မိတော့မယ် မိတော့မယ် နဲ့ လူကြီး စိတ်လှုပ်ရှားအောင် လုပ်သေးတယ်။ ဘဘကလဲ အသည်းယားပြီး တီဗီရှေ့ တိုးရင်းတိုးရင်း နဲ့ တီဗီထဲတောင် ၀င်တော့မှာ။ ကိုယ်လုပ်ပုံကလေ။

ဘဘကတော့ ရုပ်ရှင် ရိုက်ပြီဆိုရင် မျက်စိမမြင်တော့ အသံကို နားထောင်ပြီး သရုပ်ဆောင်တာကို ရိုက်တယ် တဲ့။ အသံမကြိုက်မချင်း အထပ်ထပ် ပြန်လုပ်ခိုင်းတာ တဲ့။ ကိုယ်ကလဲ ဘယ်မင်းသား၊ မင်းသမီးကို ရိုက်ရတာ သဘောအကျဆုံးလဲ မေးတာပေါ့။ ရဟန်းစားသော ဆွမ်းတနပ် ရိုက်ဖြစ်တဲ့ အကြောင်း ရောပေါ့။ ကိုယ်က စကားက ခပ်များများ ဆိုတော့လေ။ ဒါက ကိုယ်နဲ့ အတူနေလိုက်ဖူးတဲ့ အဖိုးအကြောင်းပဲ ဆိုပါတော့။

ကိုယ့်အမျိုးသားကတော့ ကံကောင်းတယ်။ သူက သူကြီးတဲ့အချိန်ထိ နှစ်ဖက် အဖိုးအဖွား ရှိသေးတယ်။ ကိုယ်နဲ့တော့ မဆုံဖူးလိုက်ပါဘူး။ ကိုယ်နဲ့ ချစ်သူဖြစ်တော့ နှစ်ကူးမှာ သူက သူ့အဖိုးကို “အဖိုး၊ ကျနော့်မှာ ချစ်သူ ရှိနေပြီ”လို့ ပြောလိုက်လို့ ကိုယ့်အတွက် အန်ပေါင်း ၇၅ ကျပ် ပေးလိုက်တာ ရဖူးတယ်။ သူ့မြေးလေးရဲ့ ချစ်သူဆိုတာကို မမြင်ဖူးသေးပေမဲ့ အသိအမှတ်ပြုမှုလေး တခုလို့ ဆိုရမှာပေါ့။ အဲဒီခေတ်က ၇၅ကျပ်ဆိုတာ တော်တော်များတာ။

သူကလဲ သူ့အဖေဖက်က အဖွားက ကိုယ်နဲ့ တော်တော်တူတယ် လို့ ဆိုပြန်တယ်။ ကိုယ်ကလဲ ဘာများတူပါလိမ့်ဆိုပြီး ပြုံးနားထောင်တာပေါ့။ ဆိုးတာ တူတာ တဲ့။ လာပဟ လို့ စိတ်ထဲက ဖြစ်မိသေး။ သူ့အဖိုးကို အဖွားက တော်တော်ဆိုးတာ တဲ့။ (စောင်းချိတ်ပြီးတော့ တော့ ပြောနေပါပြီလေ) ဒါနဲ့ ဥပမာ ပြောစမ်းပါအုံး ဆိုတော့ သူက အဖြစ်အပျက်တခုကို ပြောပါတယ်။

တခါက သူနဲ့ သူ့အဖိုးနဲ့ နှစ်ယောက်သား ကျိုက်ထီးရိုး တက်ကြတာ တဲ့။ အဖိုးက အသက် ၇၀ကျော်ပေမဲ့ သန်သန်စွမ်းစွမ်း ပိန်ပိန်ပါးပါး၊ သဘောကောင်းကောင်း တဲ့။ ဒါနဲ့ ကျိုက်ထီးရိုး တောင်ခြေမှာ တောင်ဝှေး ၀ယ်မယ် ထင်တာ အဖိုးက မ၀ယ်ဘဲ ဒီအတိုင်း လက်ချည်း တောင်ပေါ်တက်တယ်။ သူကလဲ အဖိုးတောင် တောင်ဝှေး နဲ့ မတက်တာ သူလဲ ဘာလို့ ၀ယ်မလဲ ဆိုပြီး မ၀ယ်ဘဲ တက်ကြတယ် တဲ့။

ဒါနဲ့ ဘုရားဖူးပြီးလို့ တောင်အောက် ဆင်းတော့မှ အဖိုးက တောင်ဝှေးဝယ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဖွားက မှာလိုက်လို့။ အတက် ကတည်းက ၀ယ်သွားရင် ထောက်ပြီးတက်တော့ တောင်ဝှေးပွန်းပြီး မလှမှာစိုးလို့။ ပြီးတော့ မုဒုံ ခဏ၀င်ပြီး ဘတ်စ်ကားနဲ့ ရန်ကုန်ပြန်လာကြတာ အဖိုးက တောင်ဝှေးကို တချိန်လုံး ဂရုတစိုက်နဲ့ပေါ့။ ဒတ်ဆန်းကားရဲ့ အမိုးပေါ်မှာ ထားထားရတာ၊ လူထိုးမိမှာစိုးလို့။

ရန်ကုန်ရောက်တော့ ဆင်းရမဲ့နေရာမှာ ကားကမရပ်ဘဲ ကျော်ပြီး ရပ်မိတာမို့ စပယ်ယာက မြန်မြန်ဆင်းခိုင်းတော့ တောင်ဝှေး မပါဘဲ ဆင်းမိရော။ ကားထွက်မှ သတိရတော့ ကားက သွားပြီ။ အဖိုးလဲ မျက်နှာညှိုးပြီး နေတာ၊ စိတ်ဆင်းရဲလွန်းလို့ တဲ့။

အိမ်ရောက်တော့ တောင်ဝှေးမပါလာတာ သိတော့ အဖွားက မကြည်ဘူး။ အဖိုးကို စိတ်ကောက်ပြီး စကား မပြောဘူး။ အဖိုးက ချော့တယ်၊ ရှင်းပြတယ်။ အဖွားက ဘာစကားမှ ပြန်မပြောဘူး တဲ့။ ဒါနဲ့ အဖိုးလဲ အကြံထုတ်ပြီး စဉ်းစားရှာတာ နောက်ဆုံးတော့ သူ မုဒုံက အဖွားအတွက် ၀ယ်လာတဲ့ ရောင်စုံ ကြယ်သီးလေးတွေ သွားသတိရတယ်။

ဒါနဲ့ အဖိုးက “စိတ်မဆိုးပါနဲ့ကွယ်၊ မင်းအတွက် မင်းသဘောကျမဲ့ ရောင်စုံ ကြယ်သီးလေးတွေ ပါလာပါတယ်” ဆိုပြီး အဖွားကို ပေးလိုက်တယ် တဲ့။ အဖွားလဲ ကြယ်သီးလေးတွေဆိုတော့ သဘောကျတယ်လေ၊ ဒါနဲ့ ဘယ်လိုဟာလေးလဲ ဆိုပြီး မျက်လုံးစွေပြီး ကြည့်လိုက်တာ တခါတည်း မထိန်းနိုင်ဘဲ ရီမိပါလေရော။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီကြယ်သီးက သူတို့ တအိမ်ကျော်က လုပ်တဲ့ ကြယ်သီးလေးတွေ..။ အဖိုးက မသိဘဲ မုဒုံကနေ သွားပြီး ၀ယ်လာရတာဆိုတော့ ရီမိတာတဲ့။ ဒါနဲ့ အဖွားလဲ စိတ်ဆိုးပြေသွားတယ် တဲ့လေ။

နောက်ထပ် အဖွားဆိုးတာလေးတွေ ပြောသေးတယ်။ ဒါပေမဲ့ ကိုယ်နဲ့တူတယ်လို့ စကားခံထားလေတော့ ပြောပြရင် ယှဉ် ယှဉ်ပြီး ကြည့်ကြမှာစိုးလို့ သိပ်မပြောပြရင် ကောင်းမယ် ထင်ပါရဲ့လေ။

လူဆိုတာကလဲ တယ်ခက်တာပဲ။ လိမ်မာတာကျတော့ မမြင်တတ်ဘဲကိုး။

မိုးချိုသင်း

30 comments:

khin oo may said...

တို့ နံပါတ် ၁ ကွ။

khin oo may said...

မဖတ်ရသေးဘူး :P

khin oo may said...

တိုလဲ kmsl ကို အရိပ်ကြည့်နေတယ်။

khin oo may said...

ဟုတ်ပါ့ ဟုတ့်ပါ. သင်သည် အမတ်ကြီးဦးပေါ်ဦး ဆိုလျင် သိပါလိမ့်မည်

Ko Paw said...

ငါ့အရင် လေးယောက်တောင် ကွန်မင့်သွားပြီဆိုပြီး အားငယ်နေတာ။ အခုတော့…. မခင်ဦးမေ လေးကိုယ်ခွဲကိုး။

ဦးသုခအကြောင်းဖတ်ရတာ မတွေ့ဘူးပေမယ့်လွမ်းပြီး ရဟန်းစားရသောဆွမ်းတနပ်တို့။ တပါးသီလတို့ကို ပြန်ကြည့်ချင်စိတ် ပေါက်မိတယ်။ ရွှေခြည်ငွေခြည်သန်းပါလို့ ကလည်း ဘဘဘဲရိုက်တာဘဲမို့လား။ အရမ်းကောင်းတယ်လေ။

ရှင်မင်းညို said...

ရှင်မင်းဘဝမှာ စကားပြောဘူးချင်တဲ့ လူတော်လူကောင်းထဲမှာ ဘဘဦးသုခပါပါတယ်...
မမ အရမ်းကံကောင်းပါတယ်

sin dan lar said...

ဆရာမရေ..ပြောပြပါဦး..ဆရာမနဲ့ တူတဲ့ အဖွားအကြောင်းတွေ...

တန်ခူး said...

ချိုသင်းရေ… ဘဘဦးသုခနဲ့ အတူနေခွင့်ရလိုက်တာ သိပ်ကံကောင်းတာပဲနော်…
အဲဒီတုန်းကသိရင် ချိုသင်းတို့ အိမ် လာလည်ပါတယ်…
တို့ က နှစ်ဘက် အဖိုးအဖွားတွေ အပြင် အဘိုးအဖေထိမှီလိုက်တယ်… ခုတော့ ဖေဖေ့အဖေ တယောက်ထဲ ရှိတော့တာ…
ချိုသင်း အမျိုးသားက ဘမျိုးဘိုးတူပေါ့… မိန်းမကို ချစ်တတ်တာလေ…
ချိုသင်းနဲ့  ဒီတခါလဲ တိုက်ဆိုင်ပြန်ပြီ… တို့ အမျိုးသားကလဲ တို့ ကို သူ့ အဖွားနဲ့ တူတယ်တဲ့…
ကြောက်တတ်တာ စိုးရိမ်ပူပန်တတ်တာ ပြီးတော့… ကြိုက်တာတခုဆို သဲသဲမဲမဲ စားတတ်တာ… သူ့ အဖွားတော့ မမြင်ဖူးလိုက်ဘူး… ကောင်းတာ တခုမှ မပါဘူးနော်…

MANORHARY said...

ချိုသင်းရေ..အဖိုးနဲ့အဖွား လာဖတ်တယ်
စိတ်ချမ်းသာစရာကောင်းလိုက်တာ...
ဘဘဦးသုခကိုတစ်ခါမှ အပြင်မှာ မဆုံခဲ့ဖူးဘူး

လင်း said...

လင်းကတော့ ၂ဖက်လုံးကိုမှီလိုက်တယ်။
ဘဘဦးသုခကို အပြင်မှာ တခါမြင်ဖူးတယ်။ သူငယ်ချင်း အမေ သီတင်းကျွတ်သွားကန်တော့တာ လိုက်ပို့ ပေးရင်း နဲ့ ရောကန်တော့ရင်း ဆုံးမစကားလေးတွေပါ နားထောင်ခဲ့ရဖူးတယ်။

pandora said...

တောင်ဝှေးလေး ပါမလာတဲ့ အဘိုးကို သနားသွားတယ်။
အဘိုးအဘွားတွေနဲ့ အတူတူနေခွင့် ဆုံခွင့်ရတာ တကယ်ကို တန်ဖိုးရှိပါတယ်။
အဘိုးအဘွားတွေ ပြောပြတဲ့ ပုံပြင်တွေ အကြောင်းအရာတွေက အဖေအမေ ပြောတာနဲ့တောင် မတူဘူး။


အနော်လည်း လူကြီးတွေကို ချစ်တယ်။ ဘလော့ထဲမှာတောင်မှ ကိုယ့်ထက်ကြီးတဲ့ အကိုအမတွေကို ပိုလည်ဖြစ်တာ ကြည့်.. ဟိ။

ဇနိ said...

အမရေ ကျနော်က အဖေ့ဘက်က အဖွားတစ်ယောက်ပဲ မှီခဲ့တာပါ.. ကျနော် တတိယနှစ်လောက်ရောက်မှ ဆုံးသွားရှာတယ်...
အဖွားကလည်း မြေးတွေကိုချစ် မြေးတွေကလည်း အဖွားဆို ချစ်... အဖွားဆိုတာကိုက နတ်ပြည်ကလွှတ်လိုက်တဲ့ ကလေးတွေချစ်တဲ့ နတ်သမီးအကြီးကြီးလား မသိဘူး...တမျိုးလုံး ဝိုင်းချစ်လိုက်ရတာ...
- မဇနိလည်း ကျနော့်အဖွားနဲ့ တူတော့မယ် ဟ ဟ
း)

ရွာသားလေးဝိုင်တီယူ said...

အမဆိုးတာလေးတွေလည်း သိချင်သားဗျာ

myatnoe said...

အမ..
လာဖတ်၏.. အမနဲ့တူတဲ့ အဖွားအကြောင်းပဲရေးလေ
အမအကြောင်းမပြောနဲ့ပေါ့..း)

ဇနိ said...

အမ မုန့်ချွဲသင်း အဲဟုတ် ပေါင် အမချိုသင်း အချွဲလေးလို့ ပြောတာပါ။ ဇာတ်လမ်းတွေလည်း အဲလိုတွေပြောပြတယ်ပေါ့လေ။ အဖိုး အဖွားတွေနဲ့ နိနိလည်း မနေခဲ့ရဘူး။ သေချာတာကတော့ ကိုကြီးကျော်က အမချွဲတာကို ချစ်နေတာပါလေ။
မဇနိ

PAUK said...

ကျနော်ကျတော့ အမေဖက်က အဖိုးအဖွားနဲ့မှီလိုက်သေးတယ်..
မြေးဦးဆိုတော့..အဖွားကတအားချစ်တာခံရတယ်
အဖိုးကတော့ဆုံးတာ ဒီနေ့..၂နှစ်တင်းတင်းပြည့်တာပဲ..
နိုဝင်ဘာ၁၄လေ..
အဖိုးဆုံးတာ၂နှစ်ပြည့်တဲ့နေ့ မချိုသင်းက အဖိုးအဖွားအကြောင်း ပြောလာတော့..
အမှတ်တယဖြစ်သွားတာပေါ့..
အိမ်ပြန်တိုင်း အဖိုးက ငိုတယ်..ခွင့်စေ့လို့ ပြန်လာရတိုင်းလည်း အဖိုးငိုတယ်..
.....................
..............

ThuHninSee said...

အဖွားနဲ့တူတာရှိတယ်. အသားမဲတာတဲ့။

nu-san said...

အခုထိ အမေ့ရဲ့ အမေ အဘွားရှိသေးတယ် အမရေ.. အမ အဖွားနဲ့ တူတာလေးတွေလည်း ပြောပြပါဦး... ကျနော့် အဘွားကတော့ အသက် ၈၀ ကျော်ပြီ။ ဖုန်းဆက်ရင် သူ့အတွက် ဂျပန်ချောချောလေး တစ်ယောက် ပါဆယ်ပို့ပေးစမ်းတဲ့.. အဟီး.. အဲဒီလို နောက်တာ..

phyophyo said...

Ma Gyi Moe Cho,

Please write some more on your naughty things. Very nice to read......

မီယာ said...

ဘဘဦးသုခလို legend တွေနဲ့ရင်းနှီးခွင့်ရခဲ့တာ
ဘ၀မှာအမြဲအမှတ်ရစရာဖြစ်နေမှာပဲနော်။
အကို့ကိုတော့ဟေမာနေ၀င်းသီချင်းဆိုပြလိုက်ပေါ့အမရယ်
ရင်ခုန်သံတွေအေးစက်သွားမှာစိုးလို့...သီချင်းမရရင်
link ပေးလိုက် :)

http://uk.youtube.com/watch?v=iP33EYEl_68

ဆောင်း said...

ချိုသင်းက ချစ်မွှေးပါပြီးသား လူပေါင်းစုံက ချိုသင်းကို ချစ်ကြ ခင်ကြတာဘဲမဟုတ်လား။ အမေ့ဘက်က အဖိုးဘဲ မှီပါတယ်။ အဖိုးက အသက် ၁၀၀ နေသွားရတယ်။

Heartmuseum said...

နှစ်ဖက် အဖိုး၊အဖွားကို ကောင်းကောင်းမှီတယ်ဗျ။ အမေဖက်က အဖိုးကို ပိုချစ်တယ်။ အရမ်းအလိုလိုက်လို့...P
ဘဘ ဦးသုခကိုတော့ ရုပ်ရှင်ရိုက်တာကော၊ စာရေးတာပါ အရမ်းကြိုက်တာဗျ။ အပြင်မှာ မမြင်ဘူးလိုက်ဘူးဗျာ။

ယောနသံစင်ရော် said...

မမိုးချိုရေ .. စာဖတ်ပြီး ငိုချင်လိုက်တာ.. ဖိုးဖိုး နဲ့ ဖွားဖွား တို့ကို သတိရလို့။

အပြုံးပန်း said...

ရေးထားတာတွေကို ဖတ်ရင်း စာရေးသူရဲ့နှလုံးသားကို မြင်နေရတယ်။
ကျေးဇူးပြု၍ ကိုယ့်အိမ်ကိုလည်း လာလည်ဝေဖန်စေချင်ပါတယ်။

thorn musem said...

တခါတလေ ပြောပြရင်း ကိုယ်က မျက်ရည်တွေကျပြီး ငိုလို့။ အဲဒီလို တဲ့-ဘဘရဲ့ ဆိုပြီး နှပ်တွေဘာတွေ ညှစ်လိုက်သေးတာ။ ............

ကျနော်တို့ ဆီ လာလည်ပါလားဗျာ ..မမိုးချိုလာမှ တိုက်တန်းနစ် ဇာတ်ကားပြန်ကြည့်မယ်....
ပြီးရင် အားမနာတမ်း...တူတူ ငိုကြတာပေါ့....။
ဘာသာပြန်ကောင်းတယ်....


ဘဘ ဦးသုခနဲ့ တွေ့ ၇တာ ကံကောင်းတယ်...
ဘဘလိုရုပ်ရှင်ပညာရှင်ကြီးကို TV ထဲ ၀င်မတတ် ဘာသာပြန်ပြီးဆွဲဆောင်နိုင်တာ....
တော်တာပေါ့...မမိုးရဲ့ ..။

khin oo may said...

မိုးချိုသင်း သူများတွေ ဘလော့မှာတောင် live ပြနေကြပြီ.
ရိုးရိုးကြီး ဖြစ်နေပြီ။ အစ်မဖြင့်ရှက်လိုက်တာ။ :P
http://heartstations.blogspot.com/2008/11/monkey-and-mango-bambuser.html

ရဲရဲနှိပ်ပါ virus မပါပါဘူး ။

tututha said...

အသက်ကြီးတဲ့ အဘိုးအဘွားတွေနဲ့ စကားပြောရတာ မင်္ဂလာတပါးပါ အစ်မရေ ...။ အဲဒီထဲကမှ ပညာဥာဏ်ရင့်သန်တဲ့ အဘိုးအဘွားတွေကို ကြုံခွင့်ရတာ ပိုပြီးမင်္ဂလာရှိတာပေါ့ နော်။

Ko Boyz said...

ဟာဗျာ.. ဖိုးဖိုးနဲ့ ဖွားဖွားဇာတ်လမ်းများရဲ့ နောက်ဆုံးလှည့်ကွက် ကြယ်သီးကို ခုမှ သိမိတယ်...။
ရသများကို ပေးစွမ်းနိုင်တဲ့ ဘလော့ဂ်မို့ သတိထားမိပါတယ်...။ အထူးသဖြင့် ကျွန်တော်တို့နဲ့ အကျွမ်းဝင်ခဲ့တဲ့ ဘဘ ဦးတင်မိုးရဲ့ ရင်နစ်သည်းချာမို့ ပိုဂရုဝိုက်မိပါတယ်..။
သို့သော်လဲပေါလေ့... ဘလော့ဂ်ပိုင်ရှင်က ခွင့်ယူနေတာများ... ကိုယ်လာကြည့်တိုင်း အိမ်လေးက လူမရှိပဲ သော့လေးနဲ့ ဟောင်းလောင်း ဖြစ်နေခဲ့တာဆိုတာတော့ နောက်များ လမ်းကြုံမှပဲ အိမ်ပြန်ရောက်မရောက် လာကြည့်မယ်ဆိုပြီး တေးထားတာ...။
ခုမှ ရောက်ဖြစ်တယ်ဗျား...။
ဆက်လက် ချီတက်ပါ...။ ရသစာပေများနဲ့ ငတ်နေတာ အတော်ကြာရော့...။
ကျေးဇူးတင်ပါ၏။

အိမ်လွမ်းသူ said...

အဖိုးနဲ့အဖွားကိုဖတ်ပြီး အဖိုးအဖွားတွေကို လွမ်းသွားပါတယ်ရှင်...

သက်ဝေ said...

မြေးရဲ့  ချစ်သူကို အန်ပေါင်းပေးတဲ့ အဖိုးလေး...
တောင်ဝှေးကျန်ခဲ့လို့  စိတ်ထိခိုက်နေတဲ့ အဖိုးလေး...
ကြယ်သီးလေးတွေနဲ့  အဖွားကိုချော့တဲ့ အဖိုးလေး...
ချစ်စရာကောင်းလိုက်တာနော်...